Pages

Wednesday, March 31, 2010

သတိ... ဂျာမဏီမြေပေါ်က ခြေလှမ်းများ- ၁၅ (ခ)


သတိကို သတိပြု

အပိုင်း ( ခ )


ဗုဒ္ဓဘာသာလို့ ခံယူထားပေမယ့် ဗုဒ္ဓါနုဿတိ ဘယ်လို ပွါးများမသိလေတော့ ကိုယ့်အထင်နဲ့
ကိုယ် ပွါးနေကြပါပုံကြည့်ဦး ။ ဗုဒ္ဓါနုဿတိ ၊ဗုဒ္ဓါနုဿတိ လို့ ထပ်ခါထပ်ခါ ပါးစပ်ကဆိုပြီး ပွါးများ နေ ကြ တယ်တဲ့။ မေတ္တာ ကမ္မဋ္ဌာန်း စီးဖြန်းလေတဲ့ အသိ တစ်ယောက်ကလည်း မေတ္တာ မေတ္တာလို့ ပွါးများ ပါ သတဲ့။

( အပိုင်း က- အဆုံးသတ်မှာ ဒီလိုရေးခဲ့ပါတယ်။)

အင်း... ဖြစ်မှ ဖြစ်ရပလေ ဗုဒ္ဓဘာသာ လေးတို့ ရေ လို့ ပဲ ပြောလိုက်ချင်ရဲ့ ။ ပြောချင်ပေမယ့် မပြောတော့ပါဘူးလေ။ သိအောင် ပြောရမည့် တာဝန်က ကိုယ်တို့  တာဝန်ပေပဲ။ တကယ့်ကို ဘာမှ မသိသေးသူအတွက်ပေါ့။

နဲနဲလေး အမြည်းလောက်တော့ ပြောပြလိုက်ချင်သေးရဲ့ ။ ဗုဒ္ဓါနုဿတိ ပွါးများတော့မယ် ဆိုရင် ကိုယ်သဘောကျတဲ့ ဂုဏ်တော်ကို ပွါးများပါ။ ဂုဏ်တော် (၉)ပါး ဣတိ ပိ သော ဘဂ၀ါ အရဟံ မှ စ ဘဂ၀ါ အဆုံး ကြိုက်တာပေါ့နော။

ဂုဏ်တော်ရဲ့  အဓိပ္ပါယ်ကိုတော့ လေ့လာသင့်ထားတယ်ပေါ့။ စာအုပ်များစွာ ရှိပါတယ်။ ဒီနေရာ မှာ ပွါးများပုံကို ပဲ ပြောပါ့မယ်။ အရဟံ ဂုဏ်ပွါးမယ် ဆိုရင် အရဟံ အရဟံ လို့  စိတ်ထဲမှာ ဆိုပြီး ပွါး များပါ။ ပွါးများ ဆိုတာက ခဏ ခဏ မပျက်မပျက် များအောင် စိတ်မှာရွတ်တာကို ဒါမှ မဟုတ် စိတ် ထဲ မှတ်နေတာကို ပွါးများ တာလို့  ခေါ်ပါတယ်။

ဒါ့ထက် အသေး စိပ် ပွါးများ ချင်ရင်တော့ အာနာပါန နဲ့ တွဲ ကာ ပွါးများပါ။ ၀င်လေ အရဟံ ၊ ဒါမှမဟုတ် ထွက်လေ အရဟံ တစ်ခုခုပေါ့။ ၀င်လေ ထွက်လေ နှစ်ခုစလုံး အရဟံ မှတ်မယ်ဆိုရင် အစ သမား အတွက် မလွယ်သေးပါဘူး။

နောက်တစ်မျိုး ထပ်ပြီး အသေးစိပ်ချင်သေးရင် ၀င်လေ အရဟံ ၁ ၊ ၀င်လေ အရဟံ ၂ ဆိုပြီး
(၈)ထိ ရောက်အောင် သွားပါ။ (၈)ထိ ရောက်သွားတာနဲ့  လက်တစ်ချောင်းချိုးပြီး မှတ်သား နိုင်ပါ တယ်။ ဒါက ကန္နီနည်းမှ ပွါးများပုံ ဖြစ်ပါတယ်။ ၀ိသုဒ္ဓိမဂ် က လာတဲ့ ဂဏနာနည်းကို အခြေခံ ထား ပွါးများတာပါ။

ဘုရားရှင်ရဲ့  သပ္ပါယ်တော်မူပုံ စိတ်မှာ ထင်အောင် ပွါးများနေရင်လည်း ဗုဒ္ဓါနုဿတိ ဖြစ်နိုင်ပါတယ်။ အဓိက ပွါးများဖြစ်ဖို့ ပါ။ ဘယ်နည်းနဲ့ ဖြစ်ဖြစ်ပေါ့။ ထိုင်း နာမည်ကြီး အာရှန်ချန်း ဆရာတော် က ၀င်လေကို ဗုဓ် ၊ ထွက်လေကို ဓေါ - ဆိုပြီး ဗုဒ္ဓေါ ကို နှစ်မျိုး ခွဲမှတ်ပါသတတ်။ ဘာပဲ ဖြစ်ဖြစ် ဘုရားကို အာရုံ ပြုမှတ်ဖို့ ပါပဲ။ မှတ်ပြီးတာနဲ့  စိတ်ကြည်လင်မှု၊ စိတ်အေးချမ်းမှု ရသွားဖို့  အဓိကပါပဲ။

ဒီအတိုင်း ပဲ တရား ဂုဏ်တော် ၊ သံဃာ့ဂုဏ်တော်တွေကို ပွါးများနိုင်ပါတယ်။ အဲဒါကိုပဲ
၁။ဗုဒ္ဓါနုဿတိ ၂။ဓမ္မာနုဿတိ၊ ၃။သံဃာနုဿတိ ခေါ်တာပါ။
ှ
ဗုဒ္ဓါနုဿတိ ကို အထူးတလည် ပွါးများသင့်ပါတယ်။ တောင်မြို့  ဆရာတော်ကလည်း ဗုဒ္ဓါနုဿတိ ဘာဝနာ ဆိုပြီး သီးသန့်  စာအုပ်ရေးသွားပါတယ်။ ဒါကို ထောက်ဆပြီး အရေးကြီးတယ်လို့ မှတ် ယူတာပါ။

ဘုရားရှင်ကို သတိရပါများမှ ဘုရားရှင်ရဲ့ သာသနာကိုမြတ်နိုးမယ်၊ မပျောက်ပျက်အောင်လည်း စောင့်ရှောက်ချင်စိတ်တွေ ပေါ်လာမယ် ဆိုထားပါတယ်။
ဆောင်ပုဒ်- ဗုဒ္ဓါနုဿတိ၊ ဘာဝနာ ရှိမှ မိမိဘာသာ၊ သာသနာကို ၊ ကောင်းစွာ သိမြင်၊ စောင့်ရှောက် ချင်လိမ့်- တဲ့။ ဆိုပြီး လင်္ကာ စပ်ဆိုထားပါတယ်။

ရတနာ့ဂုဏ်ရည် စာအုပ်မှာတော့ တရား၊ သံဃာ အကြောင်းတွေလည်း ပါပါတယ်။ အဲဒီ စာအုပ်တွေ ကို ရှာဖတ်ပါ။ ပြီးတော့ ဆရာ ဦးရွှေအောင်ရဲ့ အနှိုင်းမဲ့ ဗုဒ္ဓ ဆိုတဲ့ စာအုပ်ကိုလည်း ဖတ် သင့် ပါတယ်။ ကိုယ်ဖတ်ဖူး မှတ်ဖူးတဲ့ စာအုပ်ကို ညွှန်းလိုက်တာပါ။ အခြားအခြား စာအုပ်တွေလည်း များစွာ ရှိပါ တယ်။

၎။သီလာနုဿတိ ဆိုတာကတော့ ကိုယ့်ရဲ့  ကိုယ်ကျင့်သီလ ကောင်းမွန်တာ ပြန်စဉ်းစာပြီး ဒီ သီလလေးဟာ မဂ် ဖိုလ် နိဗ္ဗာန် ထိ ပို့ ဆောင်နိုင်တယ် ဆိုပြီး ကြည်နူး အမှတ်ရတာမျိုးကို ခေါ်ပါ တယ်။

၅။စာဂါနုဿတိ ဆိုတာကတော့ ကိုယ့်ရဲ့  လှူဒါန်းတာ၊ ဒုက္ခရောက်တဲ့သူများကို ကူညီတာခဲ့တာ
တွေကို သတိရပြီး အော် ငါ သုံးချင်တိုင်း မသုံးဘဲ ဒီလို လှူဒါန်းရတာ ထောက်ပံ့လိုက်ရတာ ပျော်စရာ ပဲ လို့  စိတ်မှ ခဏခဏ တွေးထင်နေတာမျိုးကို ခေါ်ပါတယ်။

၆။ဒေ၀တာနုဿတိ တဲ့။ နတ်ကို ပူဇော်ဖို့  အမှတ်ရမည့် သဘောကို ပြောတာမဟုတ်ပါဘူး၊
နတ်တွေ ဗြဟ္မာတွေ ဆိုတာ သဒ္ဓါ သီလ စာဂ စတဲ့ တရားတွေ ရှိလို့  သူတို့  ချမ်းသာတဲ့ နေရာမှာ ဖြစ်ကြတာ။ ငါ့လည်း သဒ္ဓါ သီလ စတာတွေ ရှိသားပဲ ဆိုပြီး စိတ်ထဲမှာပျော်နေ တာကိုပင် နတ်တွေ အကြောင်း ပြု အမှတ်ရတာမိုလို့  ဒေ၀တာနုဿတိလို့  ခေါ်တာပါ။

နတ်ပူဇော်ချင်တဲ့သူ၊ အုန်းငှက်ပျောနဲ့  ပူဇော်စရာ မလို။ ကိုယ်လုပ်တဲ့ ကုသိုလ်ကောင်းမှုတွေ
သူတို့ လည်း ရပါစေ ဆိုတဲ့ အမျှ ပေးဝေလိုက်ပါ။ အဲဒီနည်း နဲ့ ဆိုရင် နတ်တွေကို ပူဇော်ရာ ရောက်ပါ တယ်။ ( ၀ါသနာပါရင် ကလို့  ရတယ်။ အဲ ...ဒီနည်းနဲ့ ပဲ ပူဇော် လိုက်ပါ။)

၇။ဥပသမာနုဿတိ တဲ့။ နိဗ္ဗာန် ရဲ့  ချမ်းသာအေးမြ သုခရှိပုံ အမှတ်ရတာ ပါ။ အင်း... ကိုယ် လည်း နိဗ္ဗာန်မှ မရသေးတာ ရှင်းပြ ရ ခက်ပါ့။ ဒါပေမယ့် စာထဲ လာတာကတော့ နိဗ္ဗာန် ဆိုတာက တဏှာ က္ခယ – အလိုတဏှာကုန်တာ နိဗ္ဗာန်ပဲ။

ကိုယ်လိုတာ မရတဲ့ အချိန် ဘယ်လောက် ဆင်းရဲလိုက်သလဲ။ ရသွားပြီ ဆိုဦးတော့။ ရပြီး ပျောက် သွားပြန်တော့ ဘယ်လောက် ပြန်ဆင်းရဲ ရသလဲ။ နိဗ္ဗာန်က လိုတာလည်း မရှိ၊ ရပြီး ပျောက် သွား တာလည်း မရှိပါဘူး။

ဘာပဲ ဖြစ်ဖြစ် တရားထိုင်ကြည့်လိုက်ပါ။ စိတ်အေးချမ်းမှုရနေတဲ့ အချိန် နိဗ္ဗာန် ရဲ့  အရသာ ဆိုတာ ဒါပဲပေါ့လို့  မှန်းကာ အမြည်းလောက် သိမယ်။ အဲဒီ အေးချမ်းမှုမျိုးကိုပဲ အာရုံ ပြုရုံလို့  မှတ်ပါတယ်။ အပြီး အပိုင် မရသေးခင်ပေါ့။ ကိုယ် မရသေးတာကို စာအသိလေးနဲ့  စာကြည့် ရှင်းပြတာ များသွားပြီ။

ဒါ့ထက် သိချင်ရင်တော့ နိဗ္ဗာန် အကြောင်း ရေးထားတဲ့ စာအုပ်တွေကို ရှာဖတ်ပါ လို့ ပဲ တိုက်တွန်းချင် ပါတယ်။ ဒီနေရာ အကျဉ်းမျှ သိထားနှင့် ရုံလေးပါ။

အဲဒါတွေ အကုန်လုံး တရားနာ လာကြတဲ့ ဂျာမန် ပရိသတ်ကို မပြောဟောခဲ့ ပါဘူး။
ခု စာရေးမှ ပေါ်လာတာနဲ့  ထပ်ပြီး ဖြည့်စွက်ပြီး သိစေချင်တာနဲ့ ချဲ့ ရေးလိုက်တာပါ။


ကျန် ရှိသေးတဲ့ အနုဿတိ များ အပိုင်း ( ဂ ) ဆက်ပါဦးမယ်။

မှတ်ချက်။ ။ ပါဠိတော် ကျမ်းဂန်များနဲ့ သဂြိုဟ်ဘာသာဋီကာ တို့ ကို မှီးပြီး
ကိုယ့် နားလည်သလို ပြန်လည် ရေးသား ထားခြင်း ဖြစ်ပါတယ်။

မြတ်ရောင်နီ
( ၃၁၊၀၃၊၂၀၁၀)

Tuesday, March 30, 2010

အကြွားကျယ်ကို ပယ်ရမည်

အကြွားကျယ်ကို ပယ်ရမည်

အကြွားကျယ်ကိုလည်း ပယ်ရမယ် ဆိုပါမှ ကိုယ့်အနေနဲ့  ကြွားသလိုလို ဖြစ်တော့မယ်။ အမှန်တိုင်းကိုတော့ ပြောသင့်ရင် ပြောရတော့မယ်။ တစ်ချို့  အကြောင်း အရာမှာမပြောလို့ ကို မဖြစ် တာ တွေ့  ကြုံလာပြန်ရော။

ကြွားတယ် ဆိုတာကတော့ အပိုတွေကို ပြောတာ။ ကိုယ့်မရှိဘဲ အရှိလုပ်ပြောတာ လို့  စိတ် ထဲ မှတ်ယူမိတယ်။ ကိုယ့်အနေနဲ့ သူများက အရှိ အရှိတိုင်း ပြောတာ ကြွားတာကိုလည်း ရေးရင် လည်း ဖတ်ရဲ့ ၊ ပြောရင်လည်း နားထောင်ရဲ့ ။ (မလွဲသာ မရှောင်သာပေါ့လေ။) (အဟဲ..ဟဲ)
မဟုတ်ဘဲ အ ကြွားသန်သူကိုတော့ ဗျာ...။ တကယ် တကယ် သနားစရာလို့  အောက်မေ့မိရဲ့ ။

အကြွားကျယ် ဆိုတာကတော့ သာသနာနဲ့  မအပ်စပ်တဲ့ ၀ါကြွား ပလွား ထင်ယောင် ထင်မှား ဖြစ် အောင် ကိုယ့်ကိုယ်ကို အထင်ကြီးဖို့  ကြွားတာမျိုးပဲ ဆိုလိုပါတယ်။
ရှူး...တိုးတိုး
အပ္ပသဒ္ဒါ ဘောန္တော ဟောန္တု
အပိုင်း (ဂ)
ယခု မဟာဂန္ဓာရုံလက်ရှိ မဟာနာယကချုပ် အဂ္ဂမဟာပဏ္ဍိတ ဖြစ်တော်မူတဲ့ ဆရာတော်က တို့  ရွှေကျင် ဆရာတော်ကြီးက ကျယ် (၅)ကျယ် ပယ်ရမယ် ပြောတယ်၊ မှတ်ထားကြ။တို့ ကျောင်းတိုက် ဆရာတော်ကြီးကတော့ တစ်ကျယ်ထပ်တိုးတယ် စာအံကျယ်ကိုလည်း မလို လားဘူး - တဲ့။

ဆောင်ပုဒ်-စကားပြောကျယ်၊ အရယ်ကျယ် နှင့်၊ ခေါ်ကျယ် ၊ ချေကျယ် ၊ အသန်းကျယ် ကျယ်ငါးပါး ကို ပယ်ရမည်။ (ရွှေကျင်ဆရာတော်ကြီး) စာအံကျယ်ကိုလည်း ပယ်ရမည်။ (တောင်မြို့ ဆရာတော်)။

အင်း ...ကိုယ့်အနေနဲ့  အကြွားကျယ်ကိုလည်း ပယ်ရမည် လို့  ထည့်လိုက်ချင်သေးတယ်။ တစ်ကျယ် တိုးသွားတာပေါ့လေ။ကိုယ့်ဖာသာ သဘောတူရင် ထည့်လိုက်တာပေါ့နော။ ( မှတ်ချက်။ ။ကိုယ်ကိုယ် တိုင် စည်း မျဉ်း ချမှတ်တာဆိုတော့ ကိုယ်တိုင်ကြွားလို့ တော့ ဖြစ်လောက်တယ်နော်။) တောင်မြို့ က စည်းကမ်း မဟုတ်ဘူး။ မြတ်ရောင်နီ စည်းကမ်း ဟုမှတ်ကြလေကုန်။

ဒီလို ဆောင်းပါး ရေးပြီးတဲ့နောက်မှ ကြွားဖို့ ရန်၊ အဲ ...ပြောရမည့် အနေထား ဖြစ်လာတယ်။ အကြောင်းကို ဆိုရသော်-

(29,04,1972) မြန်မာပြည်၊ အညာဒေသ၊ ပုဂံဌာနနဲ့  မဝေး၊ မြင်းခြံမြို့ လေးရဲ့  အနီး၊ ဘုရားကြီး ဘုရားသေး ပေါများ၊ ပုဂံမြို့ အလား၊ ထနောင်းတိုင်ရွာ ဖွား ခဲ့တာကြောင့်-

ဟို.....ပြီးခဲ့တဲ့ နေ့ လေးက ညီမဖြစ်သူ တစ်ဦးက မွေးနေ့ မှာ စာအုပ်သေးသေး ထုတ်ဝေပြီး

ဓမ္မဒါန လုပ်လိုကြောင်း ပြောလာတယ်။ ပြီးတော့ ကိုယ်ရေးအကျဉ်း ရေးပေးပါ၊ အမှာစာ ထည့်ပေးပါ၊ မျက်နှာဖုံးက ဘယ်လိုရေးမယ်၊ ပြီးတော့ ဘာဘာညာညာ ပြောပါတယ်။

အဲသလို ပြောလာလေတော့ ကိုယ့် အနေနဲ့ က ဘာပြောမလဲ။ ငိုချင်လျက် လက်တို့ ၊ အဲ... ရေးချင် လျက် လက်တို့  ပြောရမလား။ မရေးချင် ရေးချင် ကိုယ်ရတဲ့ဘွဲ့ မှန်သမျှ အကုန်နီး ပါးဆို သလို ရေး ပေး ရတာပေါ့နော။ အဲလို အဲလို။ ကဲ ရေးပေးပုံလည်း အားနာပါးနာ ၊ ဒါမှ မဟုတ် ကိုယ့်လိုပဲ မလွဲသာ မရှောင်လေးပေါ့၊ ဖတ်ကြည့်ပါ့ဦးလား-


အရှင်တေဇောဘာသ ၏ ကိုယ်ရေး အကျဉ်း

၁၃၃၄ခုနှစ်၊ ကဆုန်လပြည့်ကျော် ( ၂ ) ရက် မြင်းခြံမြို့ နယ်၊

ထနောင်းတိုင်ရွာမှာ ဖွားမြင်ပြီး ၊ မိမိဇာတိ ရွာမှာပင်

၁၃၄၆ ခုနှစ် တန်ခူး လပြည့်နေ့ ရှင် ဖြစ်သည်။

၁၃၅၅ခုနှစ် တန်ခူးလပြည့်ကျော်(၂) အမရပူရမြို့ ၊

မဟာဂန္ဓာရုံကျောင်းတိုက် မှာ ရဟန်းဖြစ်သည်။

၁၃၆၀ခု နှစ်မှာ သာသနဓဇ ဓမ္မာစရိယ၊ ၀ိနယ၀ိဒူ၊ အဂုင်္တ္တရနိကာယ၀ိဒူ

၁၃၆၁ ခုနှစ်မှ ၁၃၆၇ ခုနှစ် အတွင်း ဒီဃနိကာယ၀ိဒူ၊ မဇ္ဈိမနိကာယ၀ိဒူ

(တစ်နိုင်ငံလုံး ဒုတိယ) သံယုတ္တနိကာယ၀ိဒူ (တစ်နိုင်ငံလုံး တတိယ)

အဘိဓမ္မ၀ိဒူ-ရှေ့ ပိုင်း( တစ်နိုင်ငံလုံး ဒုတိယ)၊

အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်

ဒီပလိုမာဘွဲ့  ၊ နှင့် ဘီအေ ဘွဲ့ ။ ၁၃၆၉ ခုနှစ်တွင် သီရိလင်္ကာနိုင်ငံ

အမ်အေ ဘွဲ့  တို့ ကို ရရှိသည်။

မြင်းခြံမြို့ နယ် ထနောင်းတိုင်ရွာ(ဇာတိ) ယွန်းကျောင်းတိုက်၊

အမရပူရပူရ ၊ မဟာဂန္ဓာရုံကျောင်းတိုက်၊

ရန်ကုန်တိုင်း၊ဗဟန်းမြို့ နယ်၊ မဟာဝိသုဒ္ဓါရုံ ပါဠိတက္ကသိုလ်ကျောင်းတိုက်၊

အေလာမြို့ ၊ သရက်တောပရိယတ္တိစာသင်တိုက်၊

စစ်ကိုင်းမြို့ ၊ မြစကြာ စာသင်တိုက် တို့ မှာ စာသင်ယူခဲ့သည်။

မြင်းခြံမြို့ ၊ ကျိုက်ထီးရိုးကျောင်းတိုက်၊ အေလာမြို့ ၊ သရက်တော ပရိယတ္တိစာသင်

တိုက်၊ ရန်ကုန်တိုင်း၊သာကေတမြို့ နယ်၊ တိပိဋကာ လင်္ကာရ စာသင်တိုက်၊

သာကေတမြို့ နယ်၊ ဆုထူးပန်စာသင်တိုက်တို့ မှာ စာပေပို့ ချခဲ့သည်။

တရားပွဲ များကိုလည်း ကြုံသည့် အခါတိုင်း ဟောပြောခဲ့သည်။

၂၀၀၅ ခုနှစ်၊ စက်တင်ဘာလ အတွဲ(၆) အမှတ်(၉)
ကောဇာသက္ကရာဇ် ၁၃၆၇ ခုနှစ် ၊ တော်သလင်းလ အပ္ပမာဒ မဂ္ဂဇင်း

စတင် စာရေးကာ စာရေးသည့် နယ်ပယ် ထဲ ၀င်ရောက်ခဲ့သည်။

၁၃၇၀ ခုနှစ် မှစ ယခု အခါ လိုအပ်သော စာပေများကို လေ့လာရင်း ဂျာမဏီနိုင်ငံ၊

မြူးနစ်မြို့  မှာ သာသနာပြု လုပ်ငန်းဆောင်ရွက်လျက်ရှိပါသည်။

ညီမလေး အမှာစာ ဆိုလို့ ၊ ထည့်ချင်သေးတယ် ဆိုရင် ဒီလိုလေး ထည့်လိုက်လေ။

အမှာစာ
ယခု ဆောင်းပါးလေးကို စာအုပ်သေးသေး စီစဉ်ပြီး
(ဓမ္မဒါန) အမြတ်ဆုံး အလှူပြုလုပ်လိုတယ် လို့ 
ဓမ္မအားဖြင့် ညီမတော်စပ်သူ လျှောက်ထားတာနဲ့ 
သဘောတူကာ ထုတ်ဝေခွင့် ပေးလိုက်တာပါ။

ပါပသ္မိံ ရမတိ မနော-ဆိုတဲ့အတိုင်း စိတ်ဟာ (လွှတ်ထားရင်၊
လွတ်နေရင်) မကောင်းတာဘဲ ပျော်တတ်ပါတယ်။ (ဓမ္မပဒ)

မကောင်းတဲ့ စိတ်တွေရဲ့ ညစ်ပေတတ်မှုကို ဖြူစင်စေချင်တာနဲ့ 
အစဦးဆုံး မိတ်ဆက် အနေနဲ့  ထုတ်ဝေလိုက်ခြင်း ဖြစ်ပါတယ်။

နောက်ထပ်ပြီးလည်း အလျဉ်းသင့်သလို တရားတော်များ
ဆက်လက် ဖြန့် ပေးပါဦးမယ်။

စာထဲက စာ၊ မိမိ ကိုယ်ပိုင် အစာ ဖြစ် ကြပါစေ။
သုဒ္ဓံ အတ္တာနံ ပရိဟရ န္တု
အရှင်တေဇောဘာသ(မြင်းခြံ)



စာအုပ် မျက်နှာဖုံးမှာ-

ဘ၀ စင်ကြယ်စွာ နေထိုင်နည်း

အရှင်တေဇောဘာသ(မြင်းခြံ)

စာအုပ် မျက်နှာဖုံး အောက်အခြေနားမှာ

စိတ်ကောင်းလေးက ကိုယ့်ရဲ့  မိတ်ဆွေ အစစ်ပါ။

စာအုပ်အဖုံး နောက်ကျော အလယ်လောက်မှာ

အပ္ပမာဒေန သမ္ပာဒေထ

(သတိကို သတိပြုကြကုန်)


ဒီလို ရေးပြီး ညီမဖြစ်သူ ကို စာပို့ ပေးခဲ့ပါတယ်။ သူလည်း စိတ်ချမ်းသာရောပေါ့။ သူသိချင်တာ ကို ရေးပေးတာပဲ။ ခုတော့ အများလည်း သိစေချင်တာနဲ့  ရေးလိုက်ခြင်းဖြစ်ပါတယ်။ အများလည်း စိတ်ချမ်းသာကြမယ်လို့  မျှော်လင့်မိရဲ့ ။ အားလုံးပဲ အကြွားကျယ်ကို ပယ်နိုင်ကြပါစေ။


မှတ်စရာ။ ။ မြတ်ရောင်နီ ကြွားပါဦး ၊ ကြွားတာ ကြားချင်လို့  ပြောတဲ့ သူငယ်ချင်း ရှိသော်လည်း

ကြွားဖို့ လမ်းစ အကြောင်းမရှိတာနဲ့  မကြွားဖြစ်ခဲ့ပါ။ ယခုသော်ကား အကြွားကျယ်ကို ပယ်ရမည်။
ဆောင်းပါး ခေါင်းစဉ်နဲ့  ညီစွာ။



မှတ်ချက်။ ။တကယ်တမ်း စာလိုက်ခဲ့တဲ့ ကျောင်းတိုက်တွေရဲ့ ဆရာများကို ရေးထားတာပါ။
ဆရာအနေနဲ့ ကတော့ ဆရာများစွာ ။
မန္တလေး ရန်ကုန် ပဲခူး တောင်ငူ ပြည် တောင်တွင်းကြီး ပခုက္ကူ မြင်းခြံ စတဲ့
မြန်မာပြည် တလွှား စာအုပ်ရေးတဲ့ ကျမ်းတတ် ဆရာတော်များ

မှ အစ သုတရသ ပေးကြတဲ့ စာရေးဆရာများ အပါဝင် ဆရာ တော်စပ်သူတွေ များပါတယ်။
ဆရာတော်များကို ဦးတင်၊ သုတရသ ဆရာများကို လေးစားလျက်

မြတ်ရောင်နီ

(၃၀၊၀၃၊၂၀၁၀)



Monday, March 29, 2010

မသွားနဲ့  ဆိုမှ




ကျောင်းသားကျောင်းသူလေးတွေ ပါ။ ဆရာမ တစ်ဦး ဦးဆောင်ပြီး ကျောင်းရောက်လာကြတယ်။
ကျောင်းကို မသွားဖို့  ဆန့် ကျင်သူ တစ်ဦးက ခဏ ခဏ တားပါကြောင်း ဆရာမ ကိုယ်တိုင်
ပြောသွားတယ်။ အတွင်း စိတ်ဓာတ်ကို ထိမ်းချုပ်လို့  မရလေတော့ သူတို့ လေးတွေ
စူးစမ်း မေးမြန်းဖို့  ရောက်ရှိ လာကြတာပေါ့။
ကဲ ...ဘာတတ်နိုင်သေးလဲ မအ၀ှါ ရေ..။

ဓာတုရူပ၀ါဟကာစရိယ
မြတ်ရောင်နီ
(၂၉၊၀၃၊၂၀၁၀)

စည်းဝေး မှတ်တမ်း ဓာတ်ပုံ




ပကာသန မပါ ၊ သဘာဝ သာ ၊ ကျောင်း ၀ိဟာမှာ
စည်းဝေးခြင်း အမှတ်တရ။

ဓာတုရူပ၀ါဟကာစရိယ
မြတ်ရောင်နီ
(၂၉၊၀၃၊၂၀၁၀)

Sunday, March 28, 2010

အပြုံး လမ်းမပေါ် ငထင်တစ်ယောက် မှောက် ချော်လဲ


အပြုံး လမ်းမပေါ် ငထင်တစ်ယောက်

မှောက် ချော်လဲ


ဒီလူပြုံးနေပြီ။ လိမ်တော့မယ် သတိထား-တဲ့။ အဲ ဒီစကားက မြန်မာပြည်မှာ ရေပန်းစားတယ်။ အပြုံးကို ဘယ်လို သိအောင် လုပ်ရပါ့မလဲ။ ( လှေနံ ဓားထစ် တစ်သတ်မှတ်တည်း မှတ်လို့ တော့ မဖြစ်။ တကယ့် သမားရိုးကျ အပြုံးတွေလည်း ရှိပြန်သေးတာကိုး။ )

ကိုယ်လည်း တစ်ခါတလေ ရောယောင် ပြုံးတတ်တဲ့ အထဲမှာ ပါနေတာပဲ။ ကိုယ့်အပြုံးကရော လိမ်တော့ မှာပဲလား။ (အဟီး)။ (ဒါလည်း လှေနံ.....ကိုး။ )၂
စာဖတ်သူတို့ လည်း ပြုံးကြမှာပါဘဲ......။သဘောတူလား၊(အဟီး)ပဲပေါ့နော်။(ဒါလည်း...ကိုး။)၂

သူများက ပြုံးပြလို့  ပြန်ပြုံး မပြ ပြန်ရင်လည်း ပိုက်ဆံမကုန်တဲ့ အပြုံးကို သမြောရာကျပြန်ရော။ ခက်လှ ချည်သေးရဲ့ နော။ ဟိုကောင်လေး စိုင်းစိုင်း ပြောသလို အားလုံးကို ရှုပ်နေတာပဲ-တဲ့။

အပြုံးထဲမှာတော့ မိုနာလီဇာ အပြုံးက ဖေးမက်စ် အဖြစ်ဆုံးပဲ-တဲ့။ မိုနာလီဇာ အပြုံးကိုတော့
ဓာတ်ပုံ ထဲမှာသာ မြင်ဖူးရဲ့ ။ ရှင်းရှင်း ပြောရရင် ရှက်ဖို့ ကောင်းလိုက်တာ ၊ ကိုယ့်အနေနဲ့  သူမရဲ့ အပြုံး လှ မလှ မခွဲတတ်။

ကိုယ်သိတဲ့ အပြုံးက ၊ ကိုယ်သဘောကျတဲ့ အပြုံးကတော့ သီဟိုဠ်လူတွေရဲ့ အပြုံးပါပဲ။ ကိုယ်ထင် တာ ပြောတာနော။ ငထင် ချော်လဲ သွားသလားတော့ မပြောတတ်။

သီဟိုဠ်က တကယ် ပြုံးတတ်ကြတယ်။ မယုံရင် သီဟိုဠ်က ကိုယ်တော်များကို မေးကြည့်ပါ။
(ကိုယ် မေးလိုက်မယ်၊ မေးလိုက်ပြီ။ ဟုတ်တယ်တဲ့။အဟဲ)။

တစ်ခါတစ်လေ ပြုံးပြတာက နဂိုရ်က သိဖူးသလိုလို ခံစားရသွား တဲ့ အထိ ဖြစ်သွားတယ်။ ကလေးလေးကို အပြုံးသင်နေတဲ့ အမေ ဖြစ်သူကိုလည်း တွေ့ ဖူးရဲ့ ။ သတိထားမိရဲ့ ။အပြုံးကလည်း ငယ်ငယ်ကလေးကတည်းက သင်ပေးဖို့  ပညာ တစ်ရပ်လို့  ခံစားမိပြန်ရော။

ကိုယ်ငယ်ငယ်က မပြုံးတတ်လို့ ၊ မျက်နှာက ဆူပုတ်ပုတ်၊ မလှတဲ့ ရုပ် ၊ ပိုဆိုးသွားတယ်။ အဲ...ကိုယ်ပြုံးတတ်လာပြီဆိုတာနဲ့ မလှတဲ့ ရုပ်က အလှတွေ ပေါ်သွား လေသလား ပဲ။ တကယ် တကယ်။ ကိုယ့်ကိုယ့်ကို မပြောတတ် ၊ ဓာတ်ပုံ ပြန် ကြည့်ကြဗျား။


အပြုံးတတ်ရင် ဘီလူးမတောင် အလှ ကွန်း( Queen ) ဖြစ်ပါသတတ်။ ကိုယ့်အဆို(အဟဲ)။ ပြုံးတတ်ပါစေ။

ကိုယ်ကလည်း ပြုံးပြောတတ်သူဆိုရင် သဘောကျတယ်။ စိတ်ချမ်းသာတယ်။ ဟုတ်တာ မဟုတ်တာ အသာထား။ ခဏတစ်ဖြုတ် ၊ ဟုတ်သလိုလို ရှိတာကတော့ တကယ်ကြီးပါပဲ။

ပြုံးတတ်မှ တကယ် လှတာနော်။ အသက်ပါတယ်။ မပြုံးတတ်ဘဲ ပြုံးပြန်ရင်လည်း စပ်ဖြဲဖြဲ
တဲ့။ သမာဓိကို မရှိဘူး။ ဣနြေ္ဒ မရှိလိုက်တာ ။ တည်တည် တန့် တန့်  မရှိဘူး ဆိုကြပြန်ရော။ကဲ … တည်ရမလား။ ပြုံးရမလား။ ကြည့်လုပ်ကြဦး။

ဂျာမဏီ ကို ရောက်ခါက စ အဲ ..ဒီ အပြုံးကို မခွဲတတ်လို့  ငထင်တစ်ယောက် မှောက် ချော်လဲ သွားတာ တကယ့်ဖြစ်ရပ်ပါဗျာ။ ဆက်ဖတ်ကြည့် ပါဦးလေ...ဒီလိုတဲ့ဗျာ။

သွားနေတာက လမ်းမပေါ် မှာ၊ ဆွမ်းအတွက် သွားရှာခိုက်ပေါ့။ ကားလေး တစ်စင်း ကိုယ့်တို့  အနီး နား ရုတ်တရက် ရပ်တန့် သွားတယ်။

ကားရပ်သွားရင်လည်း သတိထားရတယ်။ ကားပေါ်က ဘာများလောင်းမလဲ။ ရှားရှားပါးပါး ဆွမ်း ဒကာလေးတွေ ဆိုတော့ တွေးရ ထင်ရ သပေါ့။ ငထင် ခမျာ ငေးတေးတေး တွေးမိ တွေးရာ။ တရား များ မေးမလား၊ ဘာလုပ်ကြတာလဲ၊ လို့ များ မေးလေးမလားပေါ့။

မေးမည့်၊ ပြောမည့်စကားလား၊ တစ်ခုခု လောင်းမှာလား ဆိုတာ မရေရာတာနဲ့ ပဲ ကား ရပ်တာ နဲ့  ရောယောင် ရပ်လိုက်တယ်။ ရောက်ခါစဆိုတော့ ဂျာမန်စကားကလည်း ဘာသိသေးလိမ့်မလဲ။
( Ja, Nein ) ယ၊ နိုင်း , ဟုတ်တယ်၊ မဟုတ်ဘူးလောက်ပဲ သိသေးတာကိုး။

ကားရပ်တဲ့ အချိန်မှာ နှစ်ပါးဆိုတော့ သူ့ ကိုဘဲ ဦးတည်ပြီး စကား ပြောနေလိုက်တာ၊ နိုင်ငံခြား သားဖြစ်တဲ့ ကိုယ့်ကို မပြောဘူး။ ပြောနေတာကလည်း အားရပါးရ ရှိလိုက်ပါဘိသနဲ့ ။ မျက်နှာက လည်း ခပ်ပြုံးပြုံး အနေထားနဲ့ ။ လေလေးကလည်း ချိုချိုလေး။

တစ်ချက်တစ်ချက် အလစ်မှာ ကိုယ်က ပြုံးနေတဲ့  ဒကာမကြီးကို ကြည့်ပြီး။ ကိုယ့်ဘက်ကို ဆွဲ တွေး မိတာတွေ များပုံကတော့ ကွမ်းကို တစ်ယာပြီး တစ်ယာ ဆက်တိုက် ၀ါးနေသလိုပဲ။ အဲ ဒီဒကာမ ကြီး က တော့ သေချာပြီ။ တို့  ဘာသာကို စိတ်ဝင်စားလို့ လေလား။ ဒါမှမဟုတ် ဘာများမေးပါလိမ့်။ အမှန်တရား တော့ ပြောပြခွင့်ရတော့မယ်။ တစ်ဦးတော့ တိုးပြီ။ သေချာပြီ။ ကိုယ့်မှတ်တမ်းထဲ ထည့် ရေးရမယ် ပေါ့။

အတော်လေး ကြာတဲ့ အထိ ပြောပြီးသွားပြီ၊ ဆွမ်းခံနောက်ကျမှာ စိုးတာနဲ့  ကိုယ်က အနီးမှာ ရှိတဲ့ ကိုယ်တော်ကို မျက်ရိပ်မျက်ကဲလေးနဲ့ လှန်းစောင်းကြည့်လိုက်တယ်။ သူကလည်း အလိုက်တသိ နဲ့ ဘဲ ဒကာမကို နှုတ်ဆက်ကာ ကဲ ကဲ... ဆွမ်းခံ ရှေ့ ဆက် သွားမယ် ဆိုပြီး ကိုယ့်ကို ပြောပါတယ်။

ကားကလည်း ကိုယ်နဲ့  ဆန့် ကျင်ရာ လမ်းကို မောင်နှင်းသွားပါတယ်။ ကားနဲ့  ဝေးသွားပြီ ဆိုတာနဲ့  ကိုယ်ကလည်း သိချင်ဇောနဲ့  ငထင် ရဲ့  အပြုံးလမ်းမပေါ် လျှောက်တာ ဟုတ် မဟုတ်၊ စတိုင် ကျ မကျ၊ ချက်ကင် လုပ်ကြည့်တာပေါ့။

အဲဒီ ဒကာမက ဘာပြောသွား သလဲ ကိုယ်တော်။ အဲဒီကိုယ်တော်က- အင်းးးးးးးး.(သက်ပြင်းသံ) ( ၀- သိလိုက်ပါပီလေ၊ ခုမှ )။ သူက ပြောသွားတယ် နောက် တို့ ဘာသာထဲကို ဘယ်တော့မှ ပြန်မလာ နှင့် ဟူသတည်း။
အဲဒီ လိုနဲ့ အပြုံးလမ်းမပေါ် ငထင် တစ်ယောက် မှောက် ချော်လဲ ခြင်း ဖြစ်ပါတော့တယ်။
ပြီးပါပြီ။


ပြောလိုက် ပါရစေ။ ။ တကယ့် အဖြစ်ပျက်လေးပါ။ ကိုယ်လည်း ရေးတာတွေက တရားတွေ အကြောင်းများနေတော့ ဖတ်ရတဲ့ နေရာမှာ ဆီများများပါတဲ့ အသားဟင်း စားရသလို အအီ အနောက် တွေ ဖြစ်စရာပါ။ အဲဒါတွေ ပြေစေဖို့  အချဉ်ဟင်းသဖွယ် ယခု သောက်စရာကို
ပွဲတော် အဖြစ် တည်ခင်း လိုက်ခြင်း ဖြစ်ပါတယ်။

အပြုံးလမ်းမပေါ် ငထင် စမတ်ကျ ကြပါစေ။


မြတ်ရောင်နီ
(၂၈၊၀၃၊၂၀၁၀)

Saturday, March 27, 2010

သတိ... ဂျာမဏီမြေပေါ်က ခြေလှမ်းများ- ၁၅


သတိ

သတိပြု


အပိုင်း (က)

သတိရှိစေဖို့ ဆိုတာကိုပဲ အများစုက သတိ ပေးထားတတ်ကြပါတယ်။ မီး သတိပြု၊ တာဝန်မှ အပ မ၀င်ရ ၊သတိ အန္တရာယ်ရှိသည် ၊ ဆေးလိပ်မသောက်ရ၊ ကွမ်းတံတွေးမထွေးရ - စတာတွေပေါ့။ သတိ ဆိုတာ မလုပ်သင့်တာ၊ မလုပ်ရတာ တွေ ကို တားမြစ်ချက်တစ်ရပ်နဲ့  သတိပေးတာ။ နောက်ပြီး တိုးတက်ရာ တိုးတက်ဖို့ အတွက်သတိပေးတာ ဖြစ်တယ် လို့ သဘော ပေါက်သင့်တယ်။

သတိပြု ဆိုတဲ့ အရာကို သတိ မပြုမိခဲ့ရင်တော့ မှားတော့တာပါပဲ။ ထိုက်သင့်တဲ့ အပြစ်ရတော့ တာပေါ့။ သတိထားလိုက် ပြီးနေလိုက်တာနဲ့  အေးဆေးစွာ နေနိုင်တဲ့ အကျိုးကလည်း ရပြန်ရော။

ခု.. နွေရာသီ ရောက်ပြီဆိုတာနဲ့ ကိုယ့်ရွာမှာ ဖွင့်နေကြ အဆိုတော် ဦးထွန်းရွှေ ရဲ့  မီးဘေးရှောင်
လို့  မ လောင်ခင် တားကြပါ၊ ရန်သူ ထိုမီးကို..
. စတဲ့ သီချင်းကိုလည်း ပြန်လည်ကြား ယောင် နေမိတယ်။ မီး ရေး မီးကင်း ကိစ္စ အရေးကြီးတာမို့  သတိပေးနေတဲ့ သီချင်းလေးပါပဲ။ကောင်းပါ့။


သူ ဆိုတဲ့ သီချင်း ထဲမှာ ရန်သူ ငါးပါးထဲမှာ အင်မတန် ဆိုးဝါးလှတာ သူခိုး ဓားပြတဲ့ ဆိုးတဲ့ ရန်သူပါ- တဲ့။ သြကာသ ကန်တော့ချိုးမှာ ပါတဲ့ ရန်သူ ငါးပါးဆိုတာ ၁။ ရေ ၂။ မီး ၃။သူခိုး။ ၄။အမွေခံ သား သမီး ဆိုး ၅။မင်းဆိုး များဖြစ်ပါတယ်။

အတိုချုပ်မှတ်တတ်ဖို့ ရတနာ့ဂုဏ်ရည် စာမျက်နှာ (၁၇၆)မှာ ဆောင်ပုဒ် စပ်ထားပါတယ်။
ဆောင်ပုဒ်- ရေ မီး သူခိုး၊ မွေခံဆိုးနှင့်၊ မင်းဆိုး အပြား ၊ ရန်မျိုး ငါး၊ မှတ်သားလေကွယ့်၊အမှန်တဲ့။

တောင်မြို့ ဆရာတော်ကတော့ ရန်သူမျိုး ငါးမျိုးကို မှတ်သားလေကွယ့် ၊ အမှန်ရန်သူ-ပါတဲ့။ ဘယ်ဟာ က ပိုဆိုး သလဲလို့ ဆိုတာတော့ မပါဘူး။ သီချင်းထဲမှာတော့ မီးက အတော်လေး ဆိုးဝါးဆုံး ရယ်လို့  တင်စား တာ ရှိမှာပေါ့။ ကိုယ့်အထင်ပေါ့လေ။

တကယ်တမ်း အဆိုးဝါးဆုံး ဟုတ်၊ မဟုတ် စဉ်းစားကြည့်ပေါ့။ ဥပမာ-ဆူနာမီ လို ရေတွေ ကြီး လို့ ပျက်ဆီးကြတာနဲ့  မီးလောင်လို့  ပျက်ဆီးကြတာ ဘယ်ကပို ဆိုးသလဲ။ ဆူနာမီလောက် ရွာ အတော် တော် များများ ပျက်ဆီး ခံရသလို နေရာတကာမှာ မီးလောင်ဘူးပါသလား။ ဒါ့ပြင် ဒါ့ပြင်... ရန်သူတွေနဲ့ လည်း နှိုင်းစာကြည့်ပေါ့။

သူ့ အနေနဲ့ ကတော့ ရန်သူ ငါးပါးထဲမှာ မီး အဆိုးဆုံး လို့  ဖေါ်ကျူးချင်တာနဲ့ ပဲ သီကုံးထားတာလို့ မှတ်ပါတယ်။ တကယ်တမ်းတော့ အဆိုတော်ကြီး ကျန်ရန်သူတွေ ဆိုးဝါးတာကို မတွေ့ ကြုံက်ဘူးလို့ လေလားဘဲ။

ကဲပါလေ.. မီးဆိုလည်း မီးပေါ့လေ။ ဒီနေရာ မီးလို့ ဘဲ ဆိုကြစို့ ရဲ့ ။ ဒါမှ ကိုယ်ပြောမည့် ရေးမှာ တွေနဲ့  အံဝင် ဂွင်ကျမှာ။

သတိထားရမှာက သာသနာလည်း ဒီလို ပါပဲ။ မီးမလောင်ဖို့  သတိပြု နေရတာ။ အမြဲ သတိပြုဖို့  ဆိုနေကြတာ။ သူရဲ့  သီချင်းက နွေရာသီ ရောက်မှ ကြားရတဲ့ သီချင်းတစ်ပုဒ်။ သာသနာမှာ လူတိုင်း ကို မီးမလောင်စေဖို့  ဆိုနေကြတာက အဆိုတော်များစွာ။ ရာသီမရွေး။ သီချင်းစာသား အမျိုးမျိုးနဲ့  ဆိုနေတဲ့ သီချင်းပုဒ်ပေါင်းများစွာ။ ဦးတည်ချက် စာသား အတူတူ။ဒီ သီချင်းကို သီကုံးရေးသားချိန်က လေးသင်္ချေနဲ့  ကမ္ဘာ တစ်သိန်း။ တင်စားကြည့်တာ။ (ကန်တော့၊ ကန်တော့) ။ အဲ... ရှူပ်သွားမယ်။

ရှင်းအောင် ပြောပါ့မယ်။ သာသနာမှာ မီး သတိပြု ဖို့  မီးမလောင် အောင် ရှာဖွေ ခဲ့တဲ့ တရား ဓမ္မ ရှိပါတယ်။ အဲဒီ ဓမ္မတွေကို ဘုရားရှင်လေးသင်္ချေနဲ့  ကမ္ဘာတစ်သိန်း ပါရမီ ဖြည့်ကျင့်ခဲ့ရပါတယ်။

ပါရမီ က အကျဉ်း (၁၀) ပါး - ဒါန၊ သီလ၊ နေက္ခမ္မ၊ ပညာ၊ ၀ီရိယ၊ ခန္တီ၊ သစ္စ၊ အဓိဋ္ဌာန၊ မေတ္တာ၊ ဥပေက္ခာ ပါရမီတို့ ဖြစ်ပါတယ်။ အပြားသုံးဆယ် ဆိုတဲ့ အတိုင်း ဒီ ဆယ်ပါးကို ဘဲ ရိုးရိုးပါရမီ၊ ဂွတ် ပါရမီ၊ ဂွတ်ရှယ်ပါရမီ ဆိုတာအနေနဲ့ လည်း ဖြည့်ကျင့် ခဲ့ရပါတယ်။ စာအလို ပါရမီ၊ ဥပပါရမီ၊ ပရမတ္ထပါရမီ သုံးမျိုးပေါ့ ။

အပြား သုံးဆယ် ဆိုတာ မူလ ဆယ်ပါးကိုတည်၊ ဒီ သုံးမျိုးသုံးစားနဲ့ မြှောက်လိုက်ပါက သုံးဆယ် ဖြစ်သွား ပါလေရော။ ဥပမာ- ဒါန တစ်ခုကို ဆိုပါစို့ - ဒါနပါရမီ၊ ဒါန ဥပပါရမီ၊ ဒါန ပရမတ္ထပါရမီ လို့ သုံးပါစီပြားကာ ၊ ကျန် ပါရမီ များ ဒီလို မျိုးဘဲ တွက်ပါက သုံးဆယ် ဖြစ်လာပါ့မယ်။
မသိသေးတဲ့ လူများအတွက် ရည်ရွယ်ကာ ရှင်းစေလိုတာနဲ့ အသေးစိပ် ပြောလိုက်တာပါ။


မီးဆိုတာက အများသိနေတဲ့အတိုင်း ရာဂ၊ ဒေါသ၊ မောဟ၊ ဇာတိ၊ ဇရာ၊ မရဏ၊ သောက၊ ပရိဒေ၀၊ ဒုက္ခ၊ ဒေါမနဿ၊ ဥပါယာသ တဲ့။

နတ္ထိ ရာဂ သမော အဂ္ဂိ။ There is no fire like lust. လိုချင်တဲ့ မီးထက် ဆိုးတဲ့ မီး မရှိပါဘူး။ ( ဓမ္မပဒ) မှာ ဗုဒ္ဓ ဟောတော်မူထားတာ တွေ့ ရပါတယ်။

လိုချင် မှုများလေ မီးလောင်တာ များလေ။ လိုချင်မှု တွေ ကြောင့် မလုပ်သင့်တာ မှန်သမျှ တွေလုပ်နေကြတယ်။ ဒေါသ ဖြစ်တယ် ဆိုတာလည်း ကိုယ်ဖြစ်ချင်တာ မဖြစ်ရလို့ ၊ ကိုယ့် အလို အတိုင်း မကျလို့ ၊ မကျေနပ်လို့ ပါ။
လောဘ နဲ့  ဒေါသ ဆိုတာ အလိုရချင်တာနဲ့  အလိုမကျတာလို့  သဘောပေါက်ပါတယ်။

ဒီအလိုတွေပဲ လိုနေတာ။ အလို ရပ်ရင် ပွဲပြီး မီးသေပဲ။ အလို နဲ့  မီး က အတူတူပါပဲ၊ အလို မရှိတာ၊ မီးမရှိ တာ ကို နိဗ္ဗာန်လို့ ဆိုတယ်။ နိဗ္ဗာန် ဆိုတာ ၀ါန- အလို၊ နိ- မရှိရာ။ (မီးမရှိရာ)


အလို ဆိုမှတော့ မပြည့်တာ သေချာတယ်။ ရိုးရိး ရှင်းရှင်းလေး ပဲ စဉ်းစားကြည့်ပါ။ မောဟ ဆိုတာ ဘာမှ မခွဲခြမ်းတတ်တာ။ ဇဝေဇ၀ါ။ လိုချင်တဲ့ထဲလည်း ရော၊ အလိုမကျတာနဲ့ လည်း ပေါင်း သူ့ အလုပ်ကိုက ကိုယ်ပိုင် ဆုံးဖြတ်ချ မချတတ်တဲ့ အလုပ်ပါ။ ကျန်တဲ့ ဇာတိ စတဲ့ မီးတွေက သူတို့ ရဲ့  နောက်လိုက် မီးတွေ ၊ ဆင့်ပွါးမီးတွေလို့  ဆိုရပါ့မယ်။

အဲဒီမီးတွေကို မလောင်အောင် သတိပြုစေချင်တာနဲ့  ဟိုတစ်လော(၀၈၊၀၃၊၂၀၁၀)နေ့ က ကိုယ်နားလည် သဘောပေါက်တဲ့ အတိုင်း ပြန်လည်ကာ မြူးနစ်မြို့ မှာ ရှိတဲ့ ဂျာမန် ဗုဒ္ဓဘာသာ အသင်း သူအသင်းသာ များကို သတိပြုတတ်ဖို့  သတိဗိုလ် အကြောင်း တရား ဟောခဲ့ပါတယ်။များ သောအားဖြင့် သတိ ဆိုလိုက်ရင် သတိပဋ္ဌာန်သုတ် ကို နားလည်ထားကြပြီး၊ ၀ိပဿနာတရား ဟော ကြပါတယ်။

ကိုယ်ကတော့ သတိပဋ္ဌာန်သုတ်ကို မိတ်ဆက်သဘောပြောလိုက်ပြီး အနုဿတိ ( ၁၀ )
ပါးနဲ့  စပ်ရာ စပ်ရာတွေ ဟောပြောပြခဲ့ပါတယ်။

သတိ ဆိုတာကို က အမှတ်ရတာကို သတိ ခေါ်တာပါ။ သူ့ ကို သတိရလိုက်တာ ဘာညာ ဘာညာ လည်း သတိ ပါပဲ ။ အနုဿတိ (၁၀)ပါးက လာတဲ့ သတိ နဲ့  ဆိုင်ရာ ဆိုင်ရာများကို သတိရမှုတွေနဲ့  ကတော့ မတူဘူးပေါ့။

ဆိုင်ရာလေးတွေကို သတိရတာက သတိရရင်း ရရင်းက လွမ်းစိတ်တွေ ပေါ်လာတယ်။
တစ်ခါတစ်ခါ ငိုချင်စိတ်ပေါ်လာတတ်တယ်။ မထိန်းနိုင်ရင် ငိုတဲ့ အထိ ရောက်သွားတယ်။ ဒါ့ထက် မထိန်း နိုင်ရင် စိတ်ထဲ ကြိတ်ခံစားကာ ပူလောင် ဆွေးမြေ့တဲ့ အဆင့်ထိ ရောက်သွားပါတယ်။

အဲဒါပါပဲဗျာ၊ သူ သူ ဆိုတာလေးကို သတိရတယ် ဆိုတာ မီးလောင်တာ ကို လောင်မှန်းမသိ ဖြစ်သွားတာပါ။

အနုဿတိ ( ၁၀ ) ပါးမှာ ပါတဲ့ သတိ ကလည်း အမှတ်ရတာပါပဲ။ ဆယ်ပါးထဲက ကိုယ့်ကြိုက် တဲ့ အနုဿတိကို အမှတ်ရ နေတာဟာ မီး ငြိမ်းနေတာ။ ငြှိမ်းနေတာပါ။


အနုဿတိ ( ၁၀) ပါးက ဗုဒ္ဓါနုဿတိ၊ ဓမ္မာနုဿတိ၊ သံဃာနုဿတိ၊ သီလာနုဿတိ၊
စာဂါနုဿတိ၊ ဒေ၀တာနုဿတိ၊ ဥပသမာနုဿတိ၊ မရဏဿတိ၊ ကာယဂတာသတိ၊ အာနပါန ဿတိ-တို့  ဖြစ်ပါတယ်။

အနုဿတိ (၁၀) ပါး နာမည် သိရုံနဲ့  ဗုဒ္ဓဘာသာ နဲ့  မရင်းနီးသေးသူများ အဖို့  အကျယ် ပြောရပါတယ်။ ပြောဖို့ လည်း လိုပါတယ်။ အခြေခံမရှိရင်၊ အခြေခံမကောင်းရင် ပြိုလဲသွားရတဲ့ အိမ်ပ မာ၊ တိုက်ပမာ ဗုဒ္ဓဘာသာ ကောင်းတစ်ယောက်ဖြစ်ဖို့  အခြေခံ လေးများ ကောင်းကောင်း လိုအပ် ပါ တယ်။

ဗုဒ္ဓဘာသာလို့ ခံယူထားပေမယ့် ဗုဒ္ဓါနုဿတိ ဘယ်လို ပွါးများမသိလေတော့ ကိုယ့်အထင်နဲ့
ကိုယ် ပွါးနေကြပါပုံကြည့်ဦး ။ ဗုဒ္ဓါနုဿတိ ၊ဗုဒ္ဓါနုဿတိ လို့ ထပ်ခါထပ်ခါ ပါးစပ်ကဆိုပြီး ပွါးများ နေကြ တယ်တဲ့။ မေတ္တာ ကမ္မဋ္ဌာန်း စီးဖြန်းလေတဲ့ အသိတစ်ယောက်ကလည်း မေတ္တာ မေတ္တာ လို့  ပွါးများ ပါ သတဲ့။

အဲဒီအကြောင်းကို ထည့်ဟောတော့ ဂျာမန် တရားနာ ပရိသတ်များ ရယ်ကြလေတော့တယ်။
မယုံမရှိနဲ့  ကိုယ့်တွေ့  ဖြစ်သည်။.....


အခြေခံ အားပျော့သူများကို ရည်ရွယ်ကာ အပိုင်းလေးများ ဆက်လက် ကြိုးစားရေးသားပါဦးမည်။

မြတ်ရောင်နီ

(၂၇၊၀၃၊၂၀၁၀)

Friday, March 26, 2010

သူ့ ကို အမှတ်ရတာများပါ မှ

သူ့ ကို အ မှတ် ရ တာ များ ပါ မှ


၁။ ညဥ့်နေ့  တစ်နေ့  ထက်ဝက်နေ့ တည်း။ တစ်ကြိမ် ရွှေ့ စား၊ ထက်ဝက် စား နှင့်။

လေး ငါး လုတ် သွင်း ၊ မသေလျင်းမူ၊ ခြောက်ယောက်သူကို ၊ မေ့သူ ဟောထား။
တစ်လုတ်စားတွင်း ၊ ရှုရှိုက်တွင်းမှာ မသေပါမူ၊ မြတ်စွာ ဘုရား ၊ ဟောတရားကို၊
အားထုတ်အံ့ဟု၊ နှစ်ယောက်သူသာ၊ အပူထက်စွာ ပွါးသတည်း။

၂။ မြွေကင်း ကိုက်ခဲ၊ ခြေချော်လဲ နှင့်၊ ဆွမ်းခဲ မကြေ၊ ပိတ္တေပျက်ပြား၊
လေဖျက်သွားလည်း၊ လူများသတ်မှန်၊ ဘီးလူရန်ကြောင့်၊ သေပြန်ရသေး၊
ဖန်ဖန်တွေးသည်၊ သေရေး သတိ ပွါးပုံတည်း။

(ယမက၀ဂ်၊ မရဏဿတိ ပထမ၊ ဒုတိယ သုတ်၊ အဂုင်္တ္တရနိကာယ)



ဟို...လွန်ခဲ့တဲ့ တစ်ဆယ့်ခုနှစ်ကျော်ကျော်က ကိုရင်ဘ၀မှာ ကျက်ခဲ့တဲ့ ဆောင်ပုဒ်လေး။

တန်ဖိုးရှိ၊ ဘ၀ အတွက် တာသွားတဲ့ ဆောင်ပုဒ်လေး။ တစ်နေ့ ကမှ တိုက်ဆိုင်မှုကြောင့် ပေါ်လာတာနဲ့  ပြန်မျှဝေချင်တာနဲ့  ရေးတင်လိုက်တာပါ။
အဓိပ္ပါယ်ကို
ရေးဖြစ်ရင် ဆောင်းပါး ရေးမယ် မှန်းထားပါတယ်။ လောလောဆယ် ကျေပွန်စွာ ဖတ်ထားပါလေဦး။


မြတ်ရောင်နီ
(၂၆၊၀၃၊၂၀၁၀)

Wednesday, March 24, 2010

အဒုတိယော ( အဖေါ်မဲ့ )



စာကြည့်တိုက် အတွင်းမှာ မျက်တွေ့ ဘ၀ သင်တန်း ဆင်းနေတဲ့
အဒုတိယော (အဖေါ်မဲ့) တစ်ပါးတည်း သမား ပါ ဂလား။

အမှတ်တရ ဓာတ်ပုံ

မြတ်ရောင်နီ
(၂၄၊၀၃၊၂၀၁၀)

လမ်းလည်း မရှောင်



စာကြည့်တိုက် အသွားမှာ လမ်းလည်း မရှောင်
ဆရာမကြီးက ကြော်ငြာတာတွေ့ တော့ ရှင်းပြလိုက်သေးတယ်။
လက်တွေ့  သိပ်သိပ်ပြီး ဆန်တာပေါ့နော်။
သင်တန်း သားတွေကလည်း စူးစူးစိုက်စိုက် အကြည့်မိုက်မိုက်နဲ့ 
ရှုစား နေကြဟန်က သရုပ်ပါလှ သမို့ ...။

မြတ်ရောင်နီ
(၂၄၊၀၃၊၂၀၁၀)

တကယ့် မျက်တွေ့ 



စာကြည့်တိုက်သွားပြီး မျက်တွေ့  သင်တန်း ဆင်းရတယ်။
လက်နဲ့ သာ တွေ့ ရတာ မဟုတ်သေးဘူး။
မျက်စိ နဲ့ ပါ လက်က စာအုပ်ကို ကောက်ကိုင်ကာ ကြည့်ရတယ်။
ကဲ...မှတ်သားလိုက မှတ်သားလေတော့- မျက်တွေ့ .. မျက်တွေ့ ။
မသိတာ ရှိရင် ဆရာမ မေးကြတာပေါ့။

မြတ်ရောင်နီ
(၂၄၊၀၃၊၂၀၁၀)

လက်တွေ့  သင်တန်း



ဆရာမကြီး ဦးဆောင်ကာ စာကြည့်တိုက်သို့  သွားပြီး
လက်တွေ့  ပြသခဲ့တယ်။ အပြန် စာကြည့်တိုက် ရှေ့ မှာ
အမှတ်တရ ဓာတ်ပုံ ပါ။

မြတ်ရောင်နီ
(၂၄၊၀၃၊၂၀၁၀)

သင်တန်းသူများ အမှတ်တရ




ဥရောပမှာ ကိုယ်တစ်ပါးတည်း နေပေမယ့် တစ်နေ့ ခင်းလုံးမှာ သင်တန်းက
သူတို့ သူတို့  တစ်တွေက ခင်ခင်မင်မင် ရှိတတ်ကြတာမို့ 
ရောက်တဲ့ အရပ်မှာ ပျော်အောင် နေ၊
( ရှိတဲ့ အကျန်နဲ့  ရောင့်ရဲ စား..အဲ.. အဲ..)
တတ်သူမို့  အေးဆေးပါ။


မြတ်ရောင်နီ
(၂၄၊၀၃၊၂၀၁၀)

Tuesday, March 23, 2010

ရှူး တိုးတိုး အပိုင်း ( ဃ )



ရှူး...တိုးတိုး

အပ္ပသဒ္ဒါ ဘောန္တော ဟောန္တု


အပိုင်း ( ဃ )



ခုတော့ ပြန်စဉ်းစားခန်း ၀င်ရတယ်။သုံးသပ်ကြည့်တယ်။

စာအံကျယ်ကိုလည်း ပယ်ရမယ်တဲ့။ တောင်မြို့  မဟာဂန္ဓာရုံကျာင်းတိုက် အနေနဲ့ ပေါ့။ ရွှေကျင်စည်းကမ်း မဟုတ်ပါဘူး။ ဆရာတော်ကြီးရဲ့  စိတ်ကူးနဲ့  ဘုရားရှင်ရဲ့  အလိုတော်ကျ အခြား ဘာသာရေး ခေါင်းဆောင်တို့ အပ္ပသဒ္ဒါ ဘောန္တော ဟောန္တု-စကားကို သဘောကျလို့  ချမှတ်ခဲ့လေ သလားပေါ့။

ရွှေကျင် စည်းကမ်း မဟုတ်တာဆိုတာ သေချာပါတယ်။ တောင်မြို့  မဟာဂန္ဓာရုံကျောင်တိုက် ကနေ ဗဟန်း မဟာဝိသုဒ္ဓါရုံ ( ရွှေကျင် ) ကျောင်းတိုက် မှာ ပထမကြီး တစ်နှစ်နဲ့  ဓမ္မာစရိယတန်း တစ်နှစ် (၂) နှစ် ဆက်တိုက် နေဘူးပါတယ်။ စာအံကျောင်းတက်ခဲ့ရတယ်။ တောင်မြို့ မှာ နေတုံးက တစ်သက်လုံး မတက်ခဲ့ရတဲ့ စာအံကျောင်း၊ ခုမှ တက်ရတော့ သမာဓိရအောင်တော်တော် လေး လုပ် ယူခဲ့ရတယ်။

တောင်မြို့ က ကိုယ့်သဘောနဲ့ ကို စာကို ကျက်လို့  ရတယ်။ စာအံကျောင်းလို့  သီးသန့် မရှိ ဘူး။ ကိုယ့်ဘ၀ကို ကိုယ်ဖန်တီးရတာ။ စာတတ်ဖို့ ကိုလည်း ဒသမ နေရာမှာသာ ထားတာပါ။ စာအံ ကျောင်း မတတ်ဘဲနဲ့  ဓမ္မာစရိယ အဘိဝံသ စာမေးပွဲ၊ အလင်္ကာရ စာမေးပွဲ အားလုံး ကျော်ဖြတ် သွားကြ တာပါ။

ခုတော့ မဟာဝိသုဒ္ဓါရုံကျောင်းမှာ အလေ့ အကျင့်လေး ရသွားတော့ အများနဲ့ ကျက်တတ် ၊ မှတ်တတ်သွားတယ်။ တစ်ခါ တစ်လေ မအော်ဘဲ စိတ်ထဲကနေ ကျက်တယ်။ မှတ်တယ်။ ဟေ့ ... ကြီးကြပ်တဲ့ ဆရာတော် လာပြီဟေ့ ဆိုရင် အများက အော်ကျက်တယ်။ ကိုယ်က မျက်စိပိတ်ထားပီး ဆရာတော် လာတာကို မသိချင်ယောင်ဆောင်ပြီး စာစိတ်နဲ့ ကျက်ယောင်ဆောင်လိုက်သေးတယ်။ (အဟဲ) ပေါ်ကုန်ပြီ။ အနီး ကြီးကြပ်လာမှ ဟိုအော် ဒီအော် ဟန်ဆောင်တော့ အသံပင်ပန်းတယ်လေ။ စိတ်ထဲကနေပြီး ဟန်ဆောင်တော့ လေမကုန်ဘူးပေါ့။

စာအံတာ စာကျက်တာနဲ့  ပါတ်သက်လို့  ဟိုးရှေးခတ်ကာလက ရှင်မဟာသီလ၀ံသ ဆုံးမစာမှာ-
မပြတ်အသံ၊ တညံညံသည်၊ စာအံ စာဖတ်၊ ကြပ်ကြပ်မြဲမြဲ၊ သည် လည်း ညသတ်၊ ပြတ်ပြတ် သားသား၊ စကားဆိုထွေ ပီလှစေ- တဲ့။ စာအံတာကို တညံညံ နဲ့ အော်ကျက်ဖို့  ကို ဇောင်းပေး ဆုံးမထားတာ တွေ့ ရတယ်။

ဒါပေမယ့် တိပိဋက( ယော ) ဆရာတော်တို့ ကတော့ အသံထွက် မကျက်ဘဲ တိပိဋကကို ဆုံးခန်း ရောက် အောင်မြင်တဲ့ အထိ ပြီးတယ် လို့  ကြားဘူးပါတယ်။ အသံထွက်လည်း တိုးတိုးလေး ထွက်ရုံ ဆိုရုံ လေးပါ။

သိသိသာသာ ကြွားခွင့်ပြုဦး၊ကိုယ်ကိုယ်တိုင်က မြန်မာနိုင်ငံမှာ ရခဲ့တဲ့ (၉)ဘွဲ့ နဲ့ သီရိလင်္ကာနိုင်ငံ ကေလနိယ( MA) ဘွဲ့ တွေကိုလည်း အော်ချင်စိတ်ပေါက် အော်ပြီး အောင်မြင်အောင် လုပ်ခဲ့တယ်။ သမာဓိ အတော်လေးရလာရင်၊ စာကြည့်ကောင်းလာပြီ ဆိုရင်တော့ လုံးဝ မအော်ဘူး။ စိတ်နဲ့ဘဲ မှတ် တယ်။ အဲဒီလို မှတ်ရတာလည်း အရသာတော်တော်တွေ့ ခဲ့ဘူးတယ်။

ကိုယ်က လည်း စာအံကျောင်းကို ကြီးကြပ်စောင့်ဘူးတယ်။ အော်မကျက်တဲ့သူ ကိုလည်း အပြစ်မမြင်ဘူး။ သူတို့ စာရပြီးတာပဲ။ ယော ဆရာတော်လို စိတ်နဲ့  မှတ်လည်း စာရတယ် ဆိုတာ နားလည် ထားလေတော့ ခွင့်လွတ်တတ်ပြီပေါ့။ တစ်ချို့  အော်မှကို စာရတာတဲ့။ ကဲ ရှိပါစေတော့။ စာရဖို့ သာ အဓိကပါဘဲ။

စာကျက်သံ နားထောင်ရတဲ့ စွမ်းအားကလည်း မသေးလှဘူး။ လင်းနို့ သား ငါးရာက လှိုဏ်ဂူ အတွင်း နေတဲ့ ရဟန်းတော်များ စာကျက်သံ ကြားရပြီး ခု.ဘုရားရှင် လက်ထက်မှာ အရှင်သာရိပုတ္တ ရာ တပည့် သံဃာ ငါးရာဖြစ်ရတယ် လည်း မှတ်ခဲ့ဘူးတယ်။

သီရိလင်္ကာနိုင်ငံ စိတ္တလ တောင်ရဲ့  အရှေ့ ဘက် မှာ ကိုရင်လေးရဲ့  အရုဏ၀တိယ သုတ္တန် စာကျက်သံကို ကြားပြီး မိလက္ခတိဿ မထေရ်ဟာ ပီတိ တဖွားဖွားဖြစ်ခဲ့ပါတယ်။ စာက သူ့ စိတ်ကို တွန်းအား ပေးပြီး ဆုံးမလိုက်တာနဲ့ ဈာန် မှသည် ရဟန္တာ ဖြစ်ကြောင်း မှတ်တမ်းတင်ထားပါတယ်။ (ဧကနိပါတ်၊ အဋ္ဌကထာ၊ နီဝရဏပ္ပဟာန၀ဂ္ဂ၀ဏ္ဏနာ )

စာသားက အာရမ္ဘထ နိက္ကမထ၊ ယုဉ္ဇထ ဗုဒ္ဓသာသနေ။ စတဲ့ ဗုဒ္ဓစကားတော်။သံယုတ်ပါဠိတော် မှာလာပါတယ်။ ဘုရားသာသနာမှာ စလုပ်ဖြစ်အောင်လုပ်လိုက်ကြ၊ အပျင်းရိကိုဖျက်၊ ဆက်ပြီး ကြိုးစား ဆုံးထိသွားကြ- စသဖြင့်ပေါ့။ အသံကို ကြားပြီး အဓိပ္ပါယ် သိသိ နဲ့  လိုက်နာခဲ့လို့  တကယ့် လိုရာဖြစ်သွားတာပါ။

မြတ်စွာဘုရား သက်တော် ထင်ရှားရှိစဉ်က အဖြစ်ပျက် တစ်ခုကတော့ အရှင်ဒေ၀ဒတ်ဟာ ဘုရားကိုသတ်ပြီး ဘုရားနေရာ ယူမယ်လို့  လှုပ်ရှားနေ ကြောင်း သတင်းတွေ ဟိုလေးတကြော် ဖြစ် နေတယ်။

အဲဒီ အခါမှာ တော်တဲ့ ရဟန်းတော်တွေက ဘုရားကို ကာကွယ်ဖို့  ဆိုပြီး မြတ်စွာဘုရား သီတင်း သုံး တော်မူတဲ့ ကျောင်းအနီးဝန်းကျင်မှာ ခေါက်တုံ့  ခေါက်ပြန် စင်္ကြံတွေလျှောက်ကာ ကျယ်ကျယ် လောင်လောင် စာတွေ ကျက်ကြ၊အံကြပြီး ကင်းစောင့်နေကြတယ်။

မြတ်စွာဘုရား ကြားတော်မူတာနဲ့ အာနန္ဒာ ဒီလောက် ကျယ်ကျယ်လောင်လောင် ဒီ အနီးနား လာပြီး ဘာလို့  စာအံ စာကျက်နေကြတာလဲ လို့  မေးတော်မူပါတယ်။ အရှင်အာနန္ဒာက အကြောင်းစုံ ပြောပြလျှောက်ထားပါတယ်။


ဘုရားရှင်က အေး... ဒီလို ဆို အဲဒီ ကိုယ်တော် တွေ ငါ့ စကားအနေနဲ့  သွားပြောချေ၊ လာခဲ့ကြလို့ ။ အဲဒီနောက် အရှင်အာန္ဒာ ခေါ်ပြီး ရောက်လာကြတဲ့ အခါ ဘုရားရှင်ကမိန့်တော်မူလိုက်ပါတယ်။

အဋ္ဌာနမေတံ ဘိက္ခဝေ အန၀ကာသော၊
ယံ ပရူပက္ကမေန တထာဂတံ ဇီဝိတာ ဝေါရောပေယျ၊
အနုပက္ကမေန ဘိက္ခဝေ တထာဂတံ ပရိနိဗ္ဗာယန္တိ။

ဘုရားရှင် ဆိုတာ သူတစ်ပါး လုံ့ လ ပယောဂ ကြောင့် ပရိနိဗ္ဗာန် ပြုတယ် ဆိုတာ မဖြစ်နိုင်တဲ့ အကြောင်းရာ ပေပဲ။ သူတစ်ပါး လုံ့ လ ပယောဂ မရှိဘဲ ပရိနိဗ္ဗာန် ပြုတယ် - လို့ မိန့်တော်မူပါတယ်။
အဲဒီနောက် လောကမှာ ဆရာကြီး (၅)မျိုးရှိတယ်ဆိုတာ ရှင်းပြတော်မူတယ်။

(ဒီနေရာမှာ အသံ ကျယ်လောင်မှု မပါတ်သက်တာရယ် ရှည်မှာစိုးတာရယ်ကြောင့် ချန်ခဲ့ပါမယ်)။

ပြီးတော့မှ ကဲ ကဲ ကိုယ့်နေတဲ့ ကျောင်းကို ပြန်ကြ ပြန်ကြ။ ဘုရားရှင်ဆိုတာ စောင့်ရှောက်စရာ မလိုဘူးကွယ့်- တဲ့။( ၀ိနယ၊ စူဠ၀ဂ္ဂပါဠိ၊၃၅၄၊၅၊၆)

ဒီနေရာမှာ သုံးသပ်ကြပေါ့။ စာအံတာ မကျယ်ရဘူးလို့ လည်း ပြောတော် မမူပါဘူး။ ကျယ်လောင် တာကို တကူးတက မေးတော်မူတာ ဆိုတော့လည်း ကျယ်လောင်စွာ စာအံ တာကို သဘောမတူလို့ လေလား ကိုယ်ပိုင်ဉာဏ်တို့ နဲ့ စဉ်းစားကြပေါ့နော်။

ဘာပဲ ဖြစ်ဖြစ်ပေါ့ပေါ့လေ၊ ကိုယ်ပြောချင်သလောက် ပြောချင်တာတွေကို စုံအောင် ပြောပြီးသွားပြီ။ တစ်ရွာ တစ်ပုဒ်ဆန်း ၊တစ်ကျောင်း တစ်ဂါထာ၊ ဘုရားရှိခိုး အမျိုးမျိုး ရှိတာမို့ ...........။


အပိုင်း ( က ) အစပျိုး ပြောခဲ့တဲ့ စကားလေးများ ကို ပြန်လည်ကြားယောင်ကြည့်ပါ။

သုတ္တန်ထဲက သီလက္ခန္ဓ၀ဂ် ပေါဋ္ဌပါဒသုတ်
မှာ ဘုရားရှင် ခပ်လှမ်းလှမ်းက ကြွရောက်လာတာ မြင်လို့  ပေါဋ္ဌပါဒ ပရိဗိုဇ်က - ရှုး တိုးတိုး ကိုယ့်လူတို့ ၊ အသံတွေ မကျယ်ကြနဲ့ ။ ရဟန်းဂေါတမ လာ နေ တယ်။ ရဟန်း ဂေါတမ တိုးတိုး တိတ်တိတ် နေတာသဘောကျတာ၊ တိုးတိုးတိတ်တိတ် နေတာကို အထူးတလည် ချီးမွမ်းပြောဆိုတာ။ တိတ်ဆိတ်တဲ့ ပရိသတ်ကိုပဲ တတ်သိနားလည်စွာ သွားရောက် သင့်တယ် လို့  မှတ်ယူထားတာ။ ဆရာကြီး ဖြစ်သူက တပည့်တွေကို အဲသလိုမျိုး ဆုံးမပါတယ်။ သုတ်ပါထေယျ၊ ဥဒုမ္ဗရ သုတ်မှာလည်း ဒီအတိုင်းပါဘဲ။

အဲဒီ လို ဆုံးမပြီးတဲ့နောက်မှာတော့-ဧ၀ံဝုတ္တေ တေ ပရိဗ္ဗာဇကာ တုဏှီ အဟေသုံ။
တပည့်ဖြစ်တဲ့ ပရိဗိုဇ်တွေ မလှုပ်မယှက် တိတ်ဆိတ်ညိမ်သက်ကာ ဆရာ့စကား မြေ၀ယ်မကျ နားထောင်ကြလေတော့တယ်။


မှတ်ချက်။ ။သူငယ်ချင်းများနဲ့  ပြောကြဆိုကြရာမှ အတွေးလေးများတန်းစီပေါ်လာတာနဲ့ 
ရေးလိုက်တာပါ။ ဒီအကြောင်းရာနဲ့ ပါတ်သက်လို့ ပြောကြတဲ့ သူငယ်ချင်းများကိုလည်း ကျေးဇူးတင်စွာ...
မြတ်ရောင်နီ

( ၂၃၊ ၀၃၊၂၀၁၀)

Monday, March 22, 2010

ရှူး တိုးတိုး အပိုင်း ( ဂ )

ရှူး...တိုးတိုး

အပ္ပသဒ္ဒါ ဘောန္တော ဟောန္တု


အပိုင်း (ဂ)

ကိုယ့်အကျင့်ကို ထုတ်ပြောရမယ် ဆိုရင် ကျယ်ကျယ်လေး စကားပြောရုံ မဟုတ်သေး ဘူး။ အသံကျယ်ကျယ်နဲ့  စာကျက်ရ တာလည်း တစ်ခါတစ်ခါ တယ်... အရသာ တွေ့ သကိုး။ ကိုရင် ၀တ်ခါ စမှာ စာဖတ်တာကို ဘုန်းကြီး အသံ ပေါက်ချင်တာလေ၊ လောကီကျောင်းကလာတာ ဆိုတော့ ဘုန်းကြီးစာကို လူအသံနဲ့  ဖတ်တော့တာပေါ့၊ အဲဒီ အကျင့်ကြီးကို ပြောင်းချင်နေတာ။

ကိုယ့်စီနီယာ ကိုရင်တွေက အသံနေ အသံထားနဲ့ ၊ အသံနိမ့် အမြင့်လေးနဲ နားထောင်လို့ ကောင်းမှ ကောင်းပဲ။ စာကျက်ကျ စာအံတာ ကြည်နူးစရာပါ။ ကိုယ်က အဲဒီ အသံပေါက်အောင် တိုးတိုးလေး အသံကျင့်တယ်။ နှစ်တွေရလာမှ ကိုရင်စာကျက်သံ ဘုန်းကြီးလေသံ ပေါက်တော့တယ်။

ဘုန်းကြီးလေသံ ပေါက်သွားပြီ၊ အခြေပြု မူလတန်း၊ ပထမငယ်တန်းလည်း ရွာမှာပဲအောင်မြင် တယ်။ အဲဒီနောက်တော့ သင့်ရာအပ်ဖို့  ဆရာတို့ ဆိုတဲ့ အတိုင်း ကိုယ့်ရဲ့ ဆရာတော်က သူကိုယ်တိုင် တောင်မြို့ မှာ ဆရာတော်ရှိစဉ် နေခဲ့လေတော့ တောင်မြို့  ၊ မဟာဂန္ဓာရုံကျောင်းတိုက်သို့  ဆရာ ကိုယ်တိုင် အပ်နှံ လိုက်တာနဲ့ ရောက်သွားပါလေရော။

အဲဒီမှာ စတွေ့ တော့တာပဲ။ ရွာမှာ နေသလို မြို့ ရောက်တော့ လွတ်လွတ်လပ်လပ် မရှိလှ။
ရွာမှာ ကိုယ်ပြောချင်တာကို အားရပါးရ ပြောလို့ ကတော့ တိုးတိုး ပြောလို့  ဘယ်သူမှ ကိုယ့်လာ မပြောဘူး။ သူတို့ လည်း ကိုယ့်လိုဘဲကိုး။ တောသူတောင်သား အချင်းချင်း ဆိုတော့ ဒီလိုဘဲ ပြော နေကြ ဆိုနေကြ။ အေးဆေးပဲ။

စိတ် ဆိုတာက အီမိုရှင်း ဖြစ်လာရင် ထိန်းမရဘူးလေ။ ကိုယ်နဲ့ တန်းတူ ၊ တောင်မြို့ အတူစာသင်ဖို့ လာခဲ့ တဲ့ သူငယ်ချင်းနဲ့ နှစ်ပါးသား အီမိုရှင်း ကို မထိန်းနိုင်ကြတာပေါ့လေ။ တစ်နေ့ မ တော့ မန္တလေး က လေယာဉ် ပျံသန်းကာစ ခပ်နိမ့်နိမ့် မြင်လိုက်တော့ ပြိုင်တူအော် လိုက် တာပေါ့။ ဟာ....လေယာဉ် ပျံကြီး အကြီးကြီးဟေ့-လို့ ။

အခန်းအထဲမှာနေတဲ့ အုပ်ထိန်းသူ ဆရာက ဟေ့ကောင်တွေ တောသားတွေ၊ အော်ကြီး ဟစ်ကျယ် မလုပ်ရဘူး ဟဲ့ တဲ့။ (တကယ်တမ်း သူလည်း တောသားပဲ။ သူက မြို့  အရင် ရောက်နှင့်တော့ မြို့ အထာသိလို့  မအော်တာကိုများ။မသိတာကြနေတာပဲ။) ဆုံးမတာပဲ လို့  သဘောပေါက်ခဲ့ပါတယ်။

အဲဒီနောက် လေယာဉ်ပျံ မြင်လို့  အသံ ထွက်ပြီး မအော်တော့ ဘူး။ ကြည့်ရုံ ကြည့်ပြီး စိတ်ထဲလောက်သာ အော်နေတာ ဘယ်သူမှ မကြားဘူးပေါ့။ (ဟီးဟီး) ကိုယ့်အကြောင်းပြောပြီးမှ ရှက်လိုက်တာ။ အရှက်ပြေလေး ဗန်းမော်ဆရာတော်ရဲ့  သပိတ်ငှါး အုပ်မှပဲ မျက်နှာကို။

စာကျက်တော့လည်း ကိုယ်က ရွာက အကျင့် မပျောက်သေး။ ဘုန်းကြီးသံကို မရ ရအောင် မနဲကျင့်ထားရတာ။ အော်တဲ့ အကျင့် မပျောက်တာနဲ့  ကိုယ်က စာအော် ကျက်ပါတယ်။ ဓမ္မပဒ ဇာတ် လမ်းတွေ ဆိုရင် စကားပြောသလိုလို လုပ်ပြီး အော်ထည့်လိုက်တာ။

ကိုယ့်ကျောင်းဘေးမှ ဖြတ်သွားတဲ့ ကိုယ်တော်ဘုရားများက ကြည့်ကြည့်သွားတယ်။ ဘာမှတော့ မပြော။ သူတို့ ကြည့်တာ ကိစ္စမရှိဘူး။ တစ်နေ့ တော့ ကိုယ့်ရဲ့  အဆောင် အနုနာယက ဆရာတော်က ဟေ့ ဟေ့ အဲလောက် အော် မကျက်ရဘူး ကွယ့်- တဲ့။ တိုးတိုးလေး ကျက်လေ တဲ့။ မှန်ပါ့ ဘုရား လို့  လျှောက်ခဲ့တယ်။ ကိုယ်လည်းသဘောမပေါက်။ စာကျက်တာပဲ။ ဘာလို့  မအော်ရသလဲပေါ။့ စိတ်ထဲ မှာ တော့ တွေးနေတာပေါ့။

ဒီလို နဲ့  တစ်နေ့ သော မနက်ခင်း အရုဏ်ဆွမ်းစားပြီးချိန်-

တောင်မြို့  မဟာဂန္ဓာရုံကျောင်းတိုက်မှာ အရုဏ်ဆွမ်း ဘုဉ်းပြီးပြီ ဆိုတာနဲ့ ဘုရားဝတ်ပြု ရ တယ်။ စတင် တည်ထောင်မူတဲ့ ဆရာတော်ကြီးရဲ့  စည်းမျဉ်းပေါ့။ အစာမရှိခင် ဘုရား ၀တ်ပြုရင် လေနာ ထမယ် ဆိုပြီး သူ့ ရဲ့  အတွေ့ ကြုံရ ဆွမ်းစားပြီးမှ စီစဉ်ထားခဲ့တာပါ။ ဘုရားဝတ်ပြုပြီးတာနဲ့  နာယက ဆရာတော်များက သြ၀ါဒ ဆိုပြီး ပေးပါတယ်။ ဆရာတော်ကြီး လက်ထက်က စပြီး ပေးခဲ့တဲ့ နံနက်ခင်း သြ၀ါဒ အဆုံးမပေါ့။ စပ်ရာ စပ်ရာ ဆုံးမတာပါ။

ကျောင်းတိုက် စည်းမျဉ်း အကျဉ်း-
ဆောင်ပုဒ်- စိတ်-၀ိ- ကျန်းစေ၊ သန့် - ၀တ် နေ၊ ပြောလေ သွား စည်း စာ။ တဲ့

စည်းမျဉ်း အကျဉ်း -
ဤကျောင်းတိုက် ၌-

၁။ စိတ်ကောင်း ရှိဖို့ က ပထမ

၂။ဝိနည်း လေးစား ဖို့ က ဒုတိယ
၃။ကျန်းမာဖို့ က တတိယ
၎။သန့် ရှင်းဖို့ က စတုတ္ထ
၅။အ၀တ်အစားတတ်ဖို့ က ပဉ္စမ
၆။အနေအထိုင် တတ်ဖို့ က ဆဌမ
၇။အပြော အဆို တတ်ဖို့ က သတ္တမ
၈။အသွားအလာတတ်ဖို့ က အဌမ
၉။စည်းကမ်းလိုက်နာဖို့ က န၀မ
၁၀။စာတတ်ဖို့ က ဒသမ ။ တဲ့။

အဲလို သွန်သင်တဲ့ အထဲက ခုနှစ်ခုမြောက်ဖြစ်တဲ့ အပြောအဆို တတ်ဖို့ ကို ယခု လက်ရှိ မဟာနာယကချုပ် အဂ္ဂမဟာပဏ္ဍိတ ဖြစ်တော်မူတဲ့ ဆရာတော်က တို့  ရွှေကျင် ဆရာတော်ကြီးက ကျယ် (၅)ကျယ် ပယ်ရမယ် ပြောတယ်၊ မှတ်ထားကြ။

တို့ ကျောင်းတိုက် ဆရာတော်ကြီးကတော့ တစ်ကျယ်ထပ်တိုးတယ် စာအံကျယ်ကိုလည်း မလို လားဘူး - တဲ့။ စကားကိုလည်း နှစ်ကိုယ်ကြားလောက်ရုံ ပြောရမယ်။ ရယ်တဲ့ အခါလည်း ကျယ်ကျယ် လောင်လောင် မရယ်ရဘူး၊ သူတော်ကောင်းတို့ ဟာ ပြုံးရုံဘဲ ပြုံးတယ်၊ ခေါ်တဲ့ အခါလည်း လူတွေလို အော်ကြီး ဟစ်ကျယ် မခေါ်ရဘူး၊ လက်ယက်ပြီး ပြောရတယ်။ လက်ခုပ်တီးပြီးလည်း မခေါ်ရဘူး။ နှာချေတဲ့ အခါလည်း ဟက်ချီး ဆိုပြီး အကျယ်ကြီး မချေရဘူး၊ သန်းဝေရင်လည်း ၀ှါး ဆိုပြီး ကိုယ့် အပြင်းကို သူများကြားအောင် အကျယ်ကြီး မသန်းရဘူး။ ရှေ့ ကနေပြီး အဓိပ္ပါယ် ကို နားလည်အောင် ပြောပြီး လိုက်ဆိုခိုင်း ပါတယ်။ ကဲ ..လိုက်ဆို။

ဆောင်ပုဒ်-စကားပြောကျယ်၊ အရယ်ကျယ် နှင့်၊ ခေါ်ကျယ် ၊ ချေကျယ် ၊ အသန်းကျယ် ကျယ်ငါးပါးကို ပယ်ရမည်။ (ရွှေကျင်ဆရာတော်ကြီး) စာအံကျယ်ကိုလည်း ပယ်ရမည်။ (တောင်မြို့ ဆရာတော်)။

ပြီးတော့ သံဃာတွေကို မေးတယ်။ ရပြီးလား၊ ကဲ မရသေးရင် နောက်တစ်ခေါက်ဆို။ သုံး ခေါက် လောက် တိုင်ပေးပါတယ်။ ကိုယ့်ဝါသနာက စာလိုက်ရေးတတ်တဲ့ ၀ါသနာ ရှိတော့ သြ၀ါဒ မှတ်တမ်း ရေးပါ တယ်။ ဆိုလည်း လိုက်ဆိုတယ်။ရအောင်လည်း ကျက်ထားတယ်။ အသုံးလည်း ၀င်ပါတယ်။ ကိုယ်က ဆရာတစ်ပိုင်း ဖြစ်လာတော့လည်း ပြောပြစရာ အထူး ရှာစရာ မလိုဘူးပေါ့။

အော်... ဒါကြောင့် ကိုယ့်ကို အနုနာယက ဆရာတော်က စာတိုးတိုးကျက်ခိုင်းတာကိုး။ ခုမှ ပေါက် တော့တယ်။ ကျောင်းတိုက်က အဆင့်ဆင့် အုပ်ချုပ်တာဆိုတော့ အနီးကပ် ဆရာသမားက လေယာဉ် ပျံကြီး အကြီးလို့  မအော်ရဘူး ပြောလည်း နားထောင်လိုက်နာ ရ သလို၊ အဆောင် ဘုန်း ကြီး အနု နာယက စာတိုးတိုး ကျက်ပြောလည်း လိုက်နာရ ဆိုတော့ အစစ အရာရာသတိထား နေရ တော့ တာ ပေါ့။
ငယ်ရွယ်ချိန် အဲလိုလေး သွန်သင်မှုရခဲ့တာတော့ အတော်လေး တန်ဘိုး ရှိလေစွာ့။ စိတ်ထဲလည်းပိုစွဲမြဲစေခဲ့ တယ်။ ဟက်ထိတယ်ပေါ့နော။

အင်း ...ကိုယ့်အနေနဲ့  အကြွားကျယ်ကိုလည်း ပယ်ရမည် လို့  ထည့်လိုက်ချင်သေးတယ်။ တစ်ကျယ် တိုးသွားတာပေါ့လေ။ကိုယ်ဖာသာ သဘောတူရင် ထည့်လိုက်တာပေါ့နော။ ( မှတ်ချက်။ ။ကိုယ်ကိုယ် တိုင် စည်း မျဉ်း ချမှတ်တာဆိုတော့ ကိုယ်တိုင်ကြွားလို့ တော့ ဖြစ်လောက်တယ်နော်။) တောင်မြို့ က စည်းကမ်း မဟုတ်ဘူး။ မြတ်ရောင်နီ စည်းကမ်း ဟုမှတ်ကြလေကုန်။

နောက် ( ဃ ) အပိုင်းမှာ ကိုယ့်ရဲ့  အမြင်များနှင့် အတွေ့ ကြုံများ ရေးသားပါဦးမည်။
ဆက်လက်ကာ စောင့်မျှော် ဖတ်ရှုအားပေးကြပါလေဦး။

မြတ်ရောင်နီ
( ၂၂ ၊ ၀၃ ၊ ၂၀၁၀ )

Sunday, March 21, 2010

ရှူး တိုးတိုး အပိုင်း ( ခ )

ရှူး...တိုးတိုး

အပ္ပသဒ္ဒါ ဘောန္တော ဟောန္တု


အပိုင်း ( ခ )


စကားပြောတာ ဆိုရင်လည်း ကျယ်ကျယ်လောင်လောင် မပြောသင့်ဘူး၊ ဘုရားရှင်က စကားကို ပေါရီ- မြို့ ကြီးသူတို့ လို ပြောတတ်ဖို့  မိန့် တော်မူထားပါတယ်။ သဏှာ ဆိုတဲ့ ပါဠိရှိတယ်၊ (တိုးတိုး သာသာလေးနဲ့ ) ပြေပြစ်တဲ့စကား ဆိုဖို့ ပေါ့။ အဲလို ပြောတတ်ရင် ၀စီသုစရိုက်လို့ တောင် ပြောရ မယ် တဲ့။ သူ့ ရဲ့ ဆန့် ကျင့်ဘက်က ဖရုသ ၀ါစာ တဲ့။ လူတွေပြောပြောနေတာက ဖရုတ်သ ၀ါစာ တဲ့။ စကား ခပ်ကြမ်းကြမ်း ပြောတာပေါ့။

ဆရာတော်ကြီးများကလည်း တပည့်သံဃာတော်တို့ ကို ဆုံးမထားတာ ရှိပါတယ်။ စကားဆို မကြမ်းနဲ့ ၊ တရားဆို မဆန်းနဲ့ -တဲ့။ ဆန်းတဲ့ အထဲ ကိုယ်များ ပါနေရော့သလား၊ နားလည် စေချင် တာနဲ့  ရှုးတိုးတိုး လို့  ပြောလိုက်တာပါ။

အပ္ပသဒ္ဒါ ဘောန္တော ဟောန္တု- စာ အရှိတိုင်းဆိုရင် ဘောန္တော-အရှင်တို့ ၊ အပ္ပသဒ္ဒါ-တိုးသောအသံ ရှိကုန်သည်၊ ဟောန္တု- ဖြစ်ကြကုန်လော။ ပြီးတော့ ဘောန္တော သီချင်းထဲကလို ဘောန္တော- သပ္ပုရိသ အပေါင်း သူတော်ကောင်းတို့ လို့  ရေးလိုက်ရင်တော့ စာဖတ်သူတွေ အတွက် အိပ်ဆေး ကျွေးလိုက် သလို ဖြစ်မယ်လေ။

ခုတော့ ရှုးတိုးတိုး ဆိုတော့ ဘာပါလိမ့်မတုံး ဆိုပြီး မျက်စိလေး ပွင့်လာတော့ပေါ့လေ။ ( ဆန်း တယ် ဆိုရင် လည်း ကရုဏာရှေ့ သွားပြီး ခွင့်လွတ်ဖတ်ပါကုန်။)

မြို့ ကြီးသူတို့  ပြောတတ်ဖို့  သွန်သင်တော်မူတာလည်း ဟုတ်လည်း ဟုတ်လောက်ရဲ့ ။ ဟုတ်လည်း ဟုတ်ပါတယ်။ တောသူ တောင်သားတွေက ဗွင်းဗွင်း ရှင်းရှင်းဆိုပြီး အော်ကြီး ဟစ်ကျယ် ပြောတတ်တဲ့ ဓလေ့ ရှိတယ်။ မြို့ ရောက်သွားတဲ့ တောသူ တောင်သားတွေကတော့ အချိုး ပြောင်း ကာ ပြောတတ်ဆိုတတ် ရှိပါတယ်။ ခုခေတ်မီကုန်ကြပြီ။ တီဗီတွေ၊ ဗီဒိယိုတွေကြည့်ပြီး အဲဒီထဲကလို သူတို့  တတ်ကုန်ပြီ။

တောသူ တောင်သားကို အပြစ်ပြောလိုလို့  မဟုတ်ပါဘူး။ ဘုရားစကားအတိုင်း ပေါရီ ဆိုတဲ့ စကားရယ်ကြောင့်ပါ။ ပြီးတော့ ကိုယ်ကိုယ်တိုင်တောသား ဖြစ်နေတာကြောင့်ပဲ။ ဘာလို့  ပြောလိမ့် မတုံး။ တောသူတောင်သားဆိုတာ အော်ကြီး ဟစ်ကျယ် ပြောတတ်ကြပေမယ့် ဟန်ဆောင်မှု နည်း တယ်နော။ ကြားဘူးတယ် မဟုတ်လား တောသူဆိုတာ တကယ့်ကို ရိုးတယ်...(သီချင်း) လေ။ ရိုးသာဂုဏ်ကျတော့ အပြည့်နီးပါး ရှိကြပြန်ရော။

ကျယ်တာမှ စကားပြောမှာတင် မဟုတ်ဘူး၊ အသံချဲ့ စက်ပါ ကျယ်တာ။ တီဗီ၊ ဗွီဒိယို မပေါ်သေး ခင်က ဆိုရင် ရုပ်ရှင်ကလည်း ကြိုးတိုးကြဲတဲ တခါတရံမှ ရွာလာပြကြတာဆိုတော့ ကိုယ့်ရွာက အသံ ချဲ့ စက်ကိုပဲ အားကိုးနားထောင်ကြရတယ်။ ကိုယ့်ရွာ စက်ကို နားထောင်ရုံ အားမရသေး၊ ဘေးရွာက ဖွင့်တဲ့ ဇာတ်လမ်းတောင် နားထောင်လို့ ရသေး။ အဲသလို ကျယ်ကျယ်လေးဖွင့်ကြတာပေါ့။

အသံချဲ့ စက်စဖွင့်ပြီ ဆိုရင် ကြည်နူးဖွယ်ဗျော ဖွင့်တယ်၊ အဲဒီနောက် အောင်ဇေယျတု သဗ္ဗမင်္ဂ လာ - ဆိုရင် မင်္ဂလာဆောင်၊ အလှူဆိုင်းတီးတာ ဖွင့်ရင်အလှူ၊ အောင်ခြင်းရှစ်ပါးဆိုရင် ဘုရားပွဲ ၊ တရားဖွင့်ရင် အသုဘ(မသာ)၊ တရားက အသုဘ ရှိလို့ ဖွင့်ရတဲ့ သဘော ဖြစ်နေတယ်။ လူတွေက လောက်စပီကာ ဖွင့်သံကို နားစွန့်  ကြတယ်။ နားထောင်ကြတယ်။

မြို့ သေးသေးတွေမှာတော့ တောအတိုင်းပါပဲ။ အသံချဲ့ စက် ဖွင့်တယ်။ ဆောင်းဘောက်စ် သုံးတယ်။ အသံကတော့ ကျယ်ကျယ်လောင်လောင် ချည်းပါဘဲ။ အဆိုတော် ကိုလွှမ်းမိုး ပြောသလို ဓာတ်စက်ကြီးလည်း အသံကုန်ဖွင့်တယ်....ဆိုတဲ့ သီချင်းလို တကယ် ဆူညံကြတာပဲ။ အများစုက ဆူညံတာမကြိုက်သလိုလိုနဲ့  ကြိုက်နေကြတယ်။

ကိုယ်လည်း အဲဒီကြိုက်တဲ့ အထဲ ပါဝင်မိလျှက်သား ဖြစ်နေတယ်။ တောမှာ အလှူက ပွဲတွေငှါးပြီ ဆိုရင် သွားပြီး ငေးငေးမောမော လုပ်ခဲ့တာ။ အလှူတွေက လည်း ဆိုင်းမှ မပါရင် အလှူသေး၊ ဆိုင်း ပါရင် အလှူလတ်၊ ပွဲပါရင် အလှူကြီး အဲသလိုများ သူတို့  သတ်မှတ်လေသလား မသိဘူး။ အလှူရှင် မှန်း သိအောင် မဏ္ဍပ်တိုင် တက်ပြချင်လို့ လေလား။ ဘုရားအကြိုက် သတိထားဖို့ ကောင်းတာပေါ့။

( အလှူကြီး မကြီးဆိုတာ လှူတဲ့ စေတနာ ကြီး မကြီးကို ကြည့်ပြီး ပြောရမှာ ဖြစ်ပါတယ်။ ဆိုင်း ပွဲတွေက ပကာသနသက်သက်မျှသာ ဆိုတာကိုလည်း သိကြစေချင်တယ်။)

တကယ်တမ်း ဒီဆူညံသံတွေ စဉ်းစားကြည့်ရင် ဘာသာတရား အရလည်း မသင့်တော်ပေဘူး။ လူတွေအဖို့  ပျော်ပွဲ ရွှင်ပွဲ အပြစ်မရှိတာ မှန်ပါတယ်။ လွန်လွန်းကဲလွန်းရင်တော့ မကောင်းဘူးပေါ့။ ဒါပေမယ့် အဲဒီဆူညံသံတွေက ဘေးလူထိခိုက်တာမျိုးဆိုရင် မသင့်တော်ဘူး၊ မလုပ်သင့်ဘူး။ လျှော့ သင့် တယ်ပေါ့။

အသံချဲ့ စက်ကြီး အသံကုန်ဖွင့်တာဟာ ဟိုဘက်အိမ်က လူနာရှိနေရင် လူနာမှာ နားမချမ်းသာ ၊ ရွာဆိုရင်တော့ တစ်ရွာလုံး ကြားနေရတာ၊ ဟိုဘက်အိမ်တင် မဟုတ်ဘူး၊ အားလုံး ထိခိုက်စရာ ရှိနိုင် ပါတယ်။ ပြီးတော့ ကျောင်းသားကျောင်းသူများ အတွက် စာကျက်တဲ့ နေရာတွေမှာ အနှောက်ယှက် ဖြစ်ပါတယ်။ အဲဒါကြောင့် အချင်းချင်းစိတ်တွေဟာ သည်းညည်းခံရခက်တာတွေ ဖြစ်လာနိုင်တယ်။

တစ်ခါတုံးကမြောက်ဥက္ကလာပ ရွှေဥမင် တောရ ဆရာတော်ကြီး က တရားစခန်းကျင်းပနေတာ ၀န်းကျင်က အသံချက်စက်ကြီးက ကျယ်ကျယ်လောင်လောင်တဲ့။ တရားယောဂီတွေ အနှောက်ယှက် ဖြစ်တယ် ဆိုပြီး ယောဂီတစ်ယောက်က သက်ဆိုင်ရာကို ပြောပြီး စက်ပိတ်ခိုင်းဖို့ ရာ ဆရာတော် ကြီး ကို ခွင့်ပြုချက်ယူပါတယ်။

ဆရာတော်ကြီးက ခွင့်ပြုချက်မပေး၊ တရားကို မှတ်ဖို့ ရာသာ ပြောခဲ့တယ်။ အာရုံနောက် စိတ်မရောက်ဖို့ ပါဘဲ။ ဒါက တရားရှိတဲ့ ဆရာတော်မို့ သာပေါ့။ ဒါကို ကြည့်ရင် ကျယ်ကျယ် လောင် လောင် ဖြစ်လို့  ပြဿနာ တက်နိုင်တယ် ။ လူအချင်းချင်း ဆိုရင်ပေါ့။ ခုလို ဆရာတော်ကြီးက တပည့် ကို သွန်သင်ပြသမှုခဲ့လို့ သာ ပြဿနာမဖြစ်ခဲ့တာ။

( စာအုပ်တစ်အုပ်မှာ ဖတ်ဖူးတာပါ ဆိုလိုချက်လောက်သာမှတ်မိတော့တယ်။ တိကျမှု မရှိက ကိုယ့် အမှားသာ။)


ကျယ်တာနဲ့  ပတ်သက်လို့ ကတော့ ကိုယ်ကိုယ်တိုင် တောသား ပီပီသသ ဖြစ်ခဲ့လေတော့ ကျယ် သလား မမေးနဲ့  ၊(အသံ ဗလံ)။ ကျယ်ကျယ်လေး ပြောရမှ အားရပါးရ ရှိလှတယ်။ နဂိုရ်က နဂိုရ် က ။ ခုတော့ တစစ နဲ့  ပြောင်းလဲပြီး လူအခြေနေကို ကြည့်ပြီးပြောတော့တာ။ တောအငွေ့ အသက်က တော့ ကုန်မည် မထင်။

ပြောစရာများစွာ ကျန်နေသေးသည်။ သည်းခံလို့ သာ စောင့်မျှော် အားပေး ဖတ်ရှုကြပါဦးနော်...


မြတ်ရောင်နီ
(၂၁၊၀၃၊၂၀၁၀)

Saturday, March 20, 2010

ရှူး တိုးတိုး အပိုင်း ( က )


ရှူး တိုးတိုး

အပ္ပသဒ္ဒါ ဘောန္တော ဟောန္တု


လူ အတော်များများက ရှူးတိုးတိုး ဆိုမှ စကားက ပြောချင်စိတ်တွေ တဖွားဖွား ပေါ်တတ်တယ်။
မလုပ်ရဘူး ဆိုတဲ့ အလုပ်ကို ပိုလုပ်ချင်တတ်တယ်။ ဒါကို သဘာဝ တစ်ခု လို့  လက်ခံ ထားကြ ရော့ လေ သလား။ ကာတွန်း ပုံတစ်ပုံ မှတ်မှတ်ရရ သတိထားမိတယ်။ အမှိုက်မပစ်ရ ဆိုင်းဘုတ်အောက် မှာ အမှိုက်ပုံ ရေးဆွဲထားတယ်။ ကဲ ...ကြည့်တော့။ လုပ်ပုံများ။

အရေးကြီးတာ တိုးတိုး ပြောတတ် ဆိုတတ်ဖို့ က လိုပါတယ်။ အရေးကြီးတယ်။ ကျယ်ကျယ် လောင်လောင် ပြောတတ် ဆိုတတ်သူကို ရွာမှာ ပြောရိုးဆိုရိုး က ငါးစိမ်းသည်မ ကြနေတာပဲတဲ့။
လူအများရဲ့  အပြစ်တင်သံ တွေပေါ့။

ဒီစကားကလည်း ဘုရားရှင်က ဆူဆူညံညံ လုပ်တဲ့ သူတွေကို တိတ်တိတ်ဆိတ်ဆိတ်နေဖို့ ။ ငါးရောင်းသူတို့  လုယက် ရောင်းသလိုပဲ အာနန္ဒာ သွားပြောချေ လို့  ဆိုတဲ့ စကားနဲ့ ကိုက်ညီ နေတယ်။ ဘုရားရှင်ရဲ့  တိတ်တိတ်ဆိတ်ဆိတ် နေတဲ့ အပြုအမူကို အခြား ဂိုဏ်းဂဏ ဆရာကြီး တွေကလည်း လက်ခံတယ်။ နားလည်ပေးတယ်။

သုတ္တန်ထဲက သီလက္ခန္ဓ၀ဂ် ပေါဌပါဒသုတ်မှာ ဘုရားရှင် ခပ်လှမ်းလှမ်းက ကြွရောက်လာတာ မြင်လို့  ပေါဌပါဒ ပရိဗိုဇ်က - ရှုး တိုးတိုး ကိုယ့်လူတို့ ၊ အသံတွေ မကျယ်ကြနဲ့ ။ ရဟန်းဂေါတမ လာ နေ တယ်။ ရဟန်း ဂေါတမ တိုးတိုး တိတ်တိတ် နေတာသဘောကျတာ၊ တိုးတိုးတိတ်တိတ် နေတာကို အထူးတလည် ချီးမွမ်းပြောဆိုတာ။ တိတ်ဆိတ်တဲ့ ပရိသတ်ကိုပဲ တတ်သိနားလည်စွာ သွားရောက် သင့်တယ် လို့  မှတ်ယူထားတာ။ ဆရာကြီး ဖြစ်သူက တပည့်တွေကို အဲသလိုမျိုး ဆုံးမပါတယ်။ သုတ်ပါထေယျ၊ ဥဒုမ္ဗရ သုတ်မှာလည်း ဒီအတိုင်းပါဘဲ။

သူတို့ က ဘုရားရှင်ကိုသာ အဲလို သဘောပေါက် နားလည် ထားတာ မဟုတ်သေး။ ဘုရားရှင် ရဲ့  သားတပည့်တွေ ကိုလည်း အဲသလိုမျိုးပဲ သဘောပေါက်ထား ကြတယ်။ မဇ္ဈိမနိကာယ် သန္ဒသုတ်မှာ ဆရာကြီး သန္ဒက ပရဗိုဇ်က သူ့ ရဲ့  တပည့်တွေကို ရဟန်း အာနန္ဒာ လာနေတယ်။ မြတ်စွာဘုရားရှင် ကောသမ္ဗီမှာ နေသလောက် သူလည်း ကောသမ္ဗီနေမည့် ရဟန်း တစ်ပါးပဲ။ တိုးတိုးသက်သာ ပြော ကြ ဆိုကြ၊ တိုးတိုးသက်သာ ပြောတာဆိုတာ သဘောကျတဲ့ ရဟန်းတွေ စသဖြင့် ပြောဆို ဆုံးမထား တယ်။ သာဝက တွေအပေါ်မှာလည်း လေးစားမှု အထင်ကြီးမှု ရှိကြတာကို တွေ့ ရတယ်။

အသံ ကြောင့် ဖားသေ တဲ့။ မြတ်စွာဘုရား တရားတော် အလိုရ အသံ ကြောင့် ပထမဈာန်သေ ကြောင်း ပြထားပါတယ်။ ပဌမဿ ဈာနဿ သဒ္ဒေါ ကဏ္ဋောကဏ္ဋက သုတ်၊ ဒသကနိပါတ၊ အင်္ဂုတ္တရနိကာယ။ ပါဠိ အလိုအရကတော့ အသံသည် ပဌမဈာန်ရဲ့  ဆူးခလုတ်ဘဲ တဲ့။ လျော်အောင် နားလည် ကြည့်တာက တော့ အသံညံရင် ဈာန်မရဘူး ပေါ့၊ ဈာန်သေ တာပဲ။

သုတ္တနိပါတ၊ သေလသုတ်မှာ ကြည့်ပြန်တော့လည်း သေလ ပုဏ္ဏားက သူရဲ့ လုလင်ငယ် သုံးရာနဲ့  အတူ ဘုရားရှင်ထံ သွားတဲ့ အခိုက်မှာ မသွားခင် ထရိန်နင် ပေးထားတယ်။ သွားတဲ့ လာတဲ့ အခါ ခြေနင်း မကြမ်းဖို့ ။ နောက်က အသံဗလံ မထွက်အောင် လိုက်လာခဲ့ကြတဲ့။

( မြန်မာ မှာလည်း ရှိပါတယ်၊ ခြေနင်း မကြမ်းနဲ့ ၊ ခြေနင်းကြမ်းရင် ကြမ်းပေါက် ကျွံကျမယ်။ အဲ...အဲ.. ဆင်းရဲတတ်တယ် ဆိုတာပါလေ။ )

ဆက်ပြီး တပည့်တွေကို ပြောတာက ဘုရားရှင် ခြေလှမ်း ချတိုင်းဟာ ခြင်္သေ့ တစ်ကောင်တည်း လှည့်လည်သလိုတဲ့၊ ခြေလှမ်းတိုင်း သုသံဝုတ-စောင့်စည်းမှုရှိတယ်။ ခြေသံလုံတယ် ခြေသံ မကြား ရဘူး လို့  ဆိုလိုဟန် ချီးမွမ်းတာ ရှိမှာပေါ့လေ။ အပါဒါန ပါဠိ ဗုဒ္ဓ၀ဂ်မှာတော့ ဂါထာနဲ့  ပြထားတယ်။

နေရာတကာ ဘုရားရှင် တိတ်ဆိတ်တာကို လိုးလာတော်မူတာပါ။ ကျောင်းတိုက်တွေကို တောင် အသံဆိတ်တဲ့ နေရာ ရွေးတာကို အချက်လက် တစ်ခု အနေနဲ့  ထည့်ထားတယ်။ ၀ိနယ ၊မဟာ ၀ဂ္ဂ ပါဠိ၊ ဗိမ္ဗိသာရကထာမှာ ဝေဠုဝန် ဥယျာဉ် ဂါဒင်းကို မင်းတြားကြီး ကိုယ်တော်တိုင် အသံတိတ် ဆိတ်တဲ့ အကြောင်းတစ်ရပ်မှာပါဝင်လို့  ဘုရားအမှူးရှိတဲ့ သံဃာတော်ကို ရေစက်သွန်းချပြီး ဝေဠုဝန် ကျောင်းတော် အဖြစ် လှူလိုက်ပါသကော။

စာများရှည်နေသောကြောင့် နောက်အပိုင်း( ခ ) မှာ ရေးသားပါဦးမည်။

မြတ်ရောင်နီ
(၂၀၊၀၃၊၂၀၁၀)

Thursday, March 18, 2010

ဝေးဝေး မသွားစေချင်




အဝေးသွားနေတဲ့ စိတ်။ မိုင်ပေါင်းများစွာကို မမောတမ်း မပမ်းတမ်း မာရသွန် အပြေးသမား ပမာ သွားနေတဲ့စိတ်။ ဟော ဒီစိတ်တွေ ပြေးသွားလွန်းလို့ မှားမှန်းမသိ မှားနေတာ။ အတွေးပေါင်းကလည်း များစွာ။ ဒရစပ် ဒရစပ်။ ခဏလေး ရပ်ပြီး တစ်နေရာတည်း နေပါတော့လား၊ ပါးစပ်နဲ့  ပြောလို့ မရတဲ့ စိတ်။ ကိုယ့်စိတ်ကို ကိုယ်မထိန်းရင် ဘယ်သူထိန်းနိုင်ပါ့။ မထိန်းနိုင်လို့  လို့ ဆင်းရဲရ။ ထိန်းနိုင်တော့ ချမ်းသာပါ့။

အပူတွေ များလွန်းတယ်၊ အပူခွါချင်တယ်-ဆိုလို့  ဦးဆောင်ပြီး အဝေးသွားတဲ့ စိတ်ကို ဝေးဝေး မသွား စေချင်တဲ့ ဆန္ဒနဲ့  ကိုယ်တိုင်ဝင်ရောက် စိတ် လေ့ကျင့်ခန်း ပြုလုပ်ပေးနေပုံ

သင်တန်းမှာ ကိုယ်နှင့်အတူ စိတ်လေ့ကျင့်ခန်း ဆင်းနေကြသည့်
ဆရာမ အပါဝင်သင်တန်းသားများ အမှတ်ရ ဓာတ်ပုံ


မြတ်ရောင်နီ
(၁၈၊၀၃၊၂၀၁၀)

ခဏလေးရယ်ပါ




ဆောင်းပါးမှာ ပြောခဲ့သလို၊ သူလှူ ၊ကိုယ်လှူ ၊ အလှူများ စည်ကားနေပုံ။ ပြီးတော့ ဒီဖျော်ရည် ဆိုတာကလည်း ခဏလေးရယ်ပါ။ တစ်လီတာ ကို တစ်ရက်တည်းသောက်ထည့် လိုက်တယ်။ ဖျော် ရည် အသက် တစ်ရက်ပါလား။

ဘာက ကျန်သွားသလဲဆိုတော့ သူ တို့ ကုသိုလ်က သူတို့ စိတ်အစဉ်မှာ ကျန်သွားတယ်။ ဓာတ်သတ္တိ အနေနဲ့  ကိန်းအောင်သွားတယ်ပေါ့။ တကယ်တမ်းတော့ ဘာမှ အမြဲ မရှိတာ သေချာ တယ်။ စာဖတ်တဲ့ ခဏ တစ်ဖြုတ်လေး ဟုတ်မဟုတ် ဆင်ခြင်ကြည့်ပေါ့နော်။

ဖျော်ရည်ဘူးမှာ ရေးထားတဲ့ စာက တစ်မျိုးပဲ။ တေဇော - တန်ခိုး၊ အစွမ်း ဆိုတဲ့ အနက် အဓိပ္ပါယ် ရှိတဲ့ ကိုယ့်ဘွဲ့ ကိုများ ရေးထားကြတာက ဇေတော အတွက် တဲ့။ ဇေတော ဆိုတော့ အောင်နိုင်သူ လေး ပေါ့။ သူတို့ ရဲ့  အောင်မြင်ဖို့ ဒါန အထိမ်းမှတ်လေလား...။ကိုယ့်အတွက် အောင်မြင် စေချင်တာလား..။ တေဇော ၊ ဇေတော... ရေးချင်သလို ရေးကြဗျာ...။

( အမှား ရေးတာကို အမှန်လေး နဲ့  ဖြည့်တွေး တွေးကြည့်တာပါ )။


သူတို့ ရဲ့ အလှူကို အသိမှတ်ပြုတဲ့ ဓာတ်ပုံလေးပါ


မြတ်ရောင်နီ
(၁၈၊၀၃၊၂၀၁၀)

မသိက မေးပါ မရှက်ပါနဲ့ 




အားလပ်ချိန်မှာ ကိုယ်မသိတာလေးကို ကြီးသူက ငယ်သူကို မေးနေတာပေါ့၊ ပြီးတော့ ရှင်းပြခိုင်းတာပေါ့။ ကိုယ်မသိရင် မေးဖို့  မရှက်သင့်။ ဘုရားရှင်တောင်မှ သူ့ ထက်ကြီးသူတွေက ထွက်မြောက်ရာ အေးရာ အေးကြောင်း တရားများကို အမြဲမေးခံရလို့  ရှင်းပြသွားတော်မူခဲ့တာ သက်သေပဲ။ အသိပညာ အတတ်ပညာ ဆိုတာ ငယ်တာ ကြီးတာ အဓိက မဟုတ်ဘူးပေါ့။

ဒါလေးမှတ်ထားလိုက်ကြအောင်လား-
သိဖွယ်ဟူသမျှ၊ မမေးက၊ ဖျင်းအ ပညာဆို။
သိမြင်များအောင်၊ မေ့လေ့ဆောင်၊ ခု နောင် တတ်သိကို။
( သုဘ သုတ္တန် )။

တောင်မြို့ ၊မဟာဂန္ဓာရုံ ဆရာတော်။

ဒီလိုမေးရဲ ပြုရဲတဲ့ သတ္တိများ ရှိပြီး အသိတွေ တိုးလာစေချင်တာနဲ့ 
အမှတ်တရ ရိုက်ခဲ့တဲ့ လျှပ်တစ်ပျက် ဓာတ်ပုံလေး

မြတ်ရောင်နီ
(၁၈၊၀၃၊၂၀၁၀)

သာဓု ခေါ်စို့ နှုတ်မလေး ဖို့ 





သူများ ဒါန လုပ်ရင်၊ သာဓု ခေါ်ဖို့  နှုတ်မလေး ရဘူး။ ဟို တုန်းက ကြာဖူးတယ်၊ သာဓု ခေါ်ရင် အလှူ တစ်ဝက် ရ သတတ်။ အဲလို ရလို့ ကတော့ အလှူပွဲ ဘယ်မှာ ရှိသလဲ စုံစမ်းပြီး သာဓု ခေါ်ဖို့ ပဲ။ တစ်ဝက်ပေါင်းများရင် အများကြီး အများကြီး အော်ရီဂျင်နယ်လ် အလှူ့ ရှင်တွေထက်တောင် များသွား လိမ့်မယ်။ တကယ် တကယ် ။အဟဲ။

နှုတ်မလေးဖို့  ဆိုတာက အဲလို ရည်ရွယ်ပြောတာ မဟုတ်ဘူး။ စိတ်မထားတတ်ရင် မနာလို စိတ်တွေ၊ မဟုတ်မမှန်တဲ့ စိတ်တွေ ပွါးမိမယ်။ အဲလိုလေး မဖြစ်ရလေအောင်၊ ပြီးတော့ ပတ္တာ နုမော ဒနာ-တဲ့ ၊ သူများလုပ်တဲ့ ကုသိုလ်ကို သာဓုခေါ်ရင် ဒါန တစ်မျိုး ဖြစ်တယ် လို့  အဘိဓမ္မာ မှာ ပြဆိုပါတယ်။

မဟုတ်မှန်တဲ့စိတ်အတွေးဝေး ပြီး ဒါနလေးတွေနဲ့  ပြေးလွားကာ သာဓု ခေါ်ကြပါစို့ ။

ဤပုံကို ကြည့်ပါ၊ အဝေးက မြင်နိုင်ပါသည်။ ယနေ့  သင်တန်းမှာ အမှတ်တရ လက်အုပ်လေးချီပြီး သာဓုခေါ်နေဟန်

မြတ်ရောင်နီ
(၁၈၊၀၃၊၂၀၁၀)