Pages

Monday, November 15, 2010

အားလုံး ကျေးဇူးပါပဲ


အားလုံး ကျေးဇူးပါပဲ



မြတ်ရောင်နီ ဘလော့ကို ၂၀၁၀ ခုနှစ်
ဇန်န၀ါရီလဆန်း၁ရက်မှာ စတင်ရေးသားပါတယ်။
နိုင်ငံအသီးသီးမှ စာဖတ်ကြသူ ရဟန်းရှင်လူများက
အားပေးကြလို့ မို့ 
ခုလို အားသွန်ခွန်စိုက် နှစ်ခြိုက်ကာ အားပါးတရပဲ
ကိုယ်သိတဲ့ အတွေ့ ကြုံလေး မျှဝေခွင့် ရခဲ့ပါတယ်။

အားပေးဖတ်ရှုသူသာ မရှိခဲ့ရင် ရေးဖို့ အားရှိမှာ မဟုတ်လှ။
အားပေးဖတ်ရှုရုံသာမက ကိုမန့် ပေးခြင်း
စီဘောက်စ်မှာ ပျော်စရာရေးကြသလို
လိုအပ်ချက်ကို ထောက်ပြကြတာလေးတွေ တွေ့ ရပါတယ်။

လူတစ်ချို့ လည်း တကယ့်ကို ကိုယ်ရေးတဲ့ စာကြောင့်
သဘောပေါက်ကြောင်း ပြောလာရင် ရေးဖို့ 
ရေးအားကလည်း
ပိုရှိလာပါတယ်။
ရေးအားအတွက် ဆေးကျွေးသလို ခံစားမိပါတယ်။


ခုလို ရေးလို့  ရအောင် ဘလော့ဂ်ကို ဖန်တီပေးတဲ့ သူငယ်ချင်းများ၊
ဘလော့ကို ပြင်ပေးတဲ့ သူငယ်ချင်းများ၊ ဒကာများ
စိတ်ပါလက်ပါပဲ ကျေးဇူးတင်မိပါတယ်။

ခု နိုဝင်ဘာလ ၁၅ ရက်အထိ ၂၇၇ ထိ
ဘလော့စာမျက်နှာမှ တင်ပြီးသွားပါပြီ။
ဓာတ်ပုံရော ဆောင်းပါးရောပါ
ကိုယ်တွေ့ သမျှ နီးပါး တင်လိုက်တာပါ။

ယနေ့ ည မြန်မာပြည် ပြည်လည်ကာ ကြွရောက်ပါမယ်။
မြန်မာပြည်မှာ ဘလော့ တင်ဖို့  ဆိုတာ
အကြောင်းညီညွတ်မှ ဖြစ်ပါမယ်။

အကြောင်းဆိုတာက-
၁။မိမိအချိန်
၂။အင်တာနက်ရဲ့  ကော်နက်ရှင် သွက်လက်မှု
၃။အင်တာနက်ကို လိမ်မာပါးနပ်စွာ ကျော်ခွ အသုံးပြုတတ်မှု
စတာတွေ လိုအပ်ပါမယ်။

အကြောင်းညီညွတ်ရင် နီးစပ်သူရဲ့  အကူညီဖြင့်
ဆက်လက် ရေးသား ပို့ စ် တင်သွားပါဦးမယ်။

( အဆိုတော် ..ခင်ဝမ်း စကားနဲ့  ပြောရရင်
နှုတ်ဆက်ခဲ့ပါတယ်....)

အားလုံး ကျေးဇူးပါပဲနော်

ဤကဲ့သို့  ရေးသား ပြုစုခဲ့ရသော ကုသိုလ်ထူးမှန်သမျှကို
မိဘ ၊ ဆရာသမား၊ သံဃာတော်များ
ရဟန်းဒါယကာ ဒါယိကာမများ
ပစ္စည်းလေးပါး လှူဒါန်းကြသူများ
မြင်ဖူးသူ မမြင်ဖူးသေးသူများ
အားလုံး အားလုံးတို့ ကို
အမျှ ပေးဝေပါ၏
သာဓုခေါ်ဆိုနိုင်ကြပါစေ။


မှတ်ချက်။ ။ ခုမှ လာလည်သူများအား အဟောင်းများကိုလည်း
အသစ်အနေ ဖတ်စေလိုပါသည်။
ထိုက်တန်သော အကျိုး လိုသလိုလည်းရနိုင်မည်ဟုထင်ပါသည်။
ကိုယ်နဲ့ သင့်တော်ရာ ဖတ်ရှုကြလေကုန်....



မြတ်ရောင်နီ
( ၁၅ ၊ ၁၁ ၊ ၂၀၁၀ )


.

ဖြေဆည်နိုင်ကြပါစေ

ဖြေဆည်နိုင်ကြပါစေ

ဘ၀ဖြစ်လာရတာလည်း ဆင်းရဲ ပါပဲ၊
အိုမင်းရွတ်တွ ကိုယ့်အလိုမစွမ်းနိုင်တာလည်း ဆင်းရဲပါပဲ။
နေမကောင်း မကျန်းမာဖြစ်ရတာလည်း ဆင်းရဲပဲ။
သေရတာလည်း ဆင်းရဲ ပဲ။

ပြီးတော့ ဆင်းရဲအမျိုးမျိုး အဖုံဖုံ
စတာတွေကိုလည်း တွေ့ ကြုံရအုံးမယ်။


နောက်ဆုံး ခန္ဓာရှိနေသရွေ့ 
ဆင်းရဲတွေ့ ကြရအုံးမှာဆိုတာကို
အကျဉ်းချုပ် ဗုဒ္ဓက ဟောကြားထားတော်မူပါတယ်။

တစ်နေ့ မှာတော့ ဘုန်းဘုန်း အားကိုးတကြီးနဲ့  ဆိုသလို
ဒကာမ ဖြစ်သူက အီးမေးလ်ကနေ ရင်ဖွင့် လျှောက်ထားပါတယ်။

ဒကာမ: ဘုန်းဘုန်း.တပည့်တော်ရဲ့ အကိုငယ် ဆေးရုံမှာ အသဲအသန်ဖြစ်နေတယ်တဲ့။
.အဆုတ်ရောဂါ အဆင့် ၃ ဆိုတော့ဆေးလည်း မတိုးတော့ဘူးဆိုပြီးအမကပြောနေလို့ ။
ဒီနေ့တော့ ၀မ်းနဲတာတွေရောဝမ်းသာစရာတွေ ရောပါဘဲ။
လူဆိုတာတနေ့သေဆုံးခြင်းနဲ့အဆုံးသတ်ရမှာသိပေမယ့်
ဖြေမဆည်ဘူး
Reply

Forward

ဒကာမ is not available to chat

Reply
|
ဘုန်းဘုန်းဘိုတေ
to ဒကာမ

show details 10:17 pm (2 days ago)

ဒကာမ

ဒီလိုပဲပေါ့ကွယ်။
တစ်ခါတစ်လေတော့လည်း...

လူတိုင်းတွေ့ ရမှာက
ဖြစ်ချင်တာ မဖြစ်ဘဲ
မဖြစ်ချင်တာလည်း
ဖြစ်ရပြန်သေးတယ်။

ကိုယ့်ကိုယ်ကိုတောင် မပိုင်ဘူး မဟုတ်လား။
ကိုယ့်ကိုယ်ကို ပိုင်ခဲ့ရင်
ခုလို တွေ့ ရတဲ့ အဖြစ်ပျက်မျိုးကို
ဝမ်းနည်းစရာ ရှိပါအုံးပါတော့မလား။

မပိုင်လို့ ကို ၀မ်းနည်းနေရတာပေါ့။
ပိုင်ခဲ့ရင် ၀မ်းနည်းစရာ ဘယ်သူမှ မလိုဘူးနော်။
ပျော်စရာလေးတွေပဲ ဖြစ်ချင်မှာပေါ့။
ဖြစ်မှာပေါ့ဗျာ။

အဲဒါလေးတွေကို
သေချာဖတ်
သေချာစဉ်းစားကြည့်နော်။

ကိုယ့်ကံလေး
ကိုယ့်အထုပ်ကိုယ်စီနဲ့ 
လာကြတာပါနော်..။


ဖြေဆည်နိုင်ပါစေဗျာ..


မေတ္တာဖြင့်
ဘုန်းဘုန်း

ဒီလိုလေး သူ့ ဆီကို အီးမေးလ်ဖြင့် စာပြန်ရေးလိုက်ပါတယ်။
ခုတော့ သူလိုပဲ တစ်ခုခု တွေ့ ကြုံရခဲ့သော် ...
ဖြေဆည်နိုင်ဖို့  ရေးသားလိုက်ပါတော့တယ်။


သတိထားဖွယ် ။ ။ အားလုံးသော စာဖတ်ကြသူ သူတော်အပေါင်းတို့ 
တရား သင်ခန်းစာ ယူကြပါကုန်လော။
ကိုယ့်အလှည့်လည်း ရောက်လာပေအုံးမည်။



မြတ်ရောင်နီ
( ၁၅ ၊ ၁၁ ၊ ၂၀၁၀ )


Sunday, November 14, 2010

ကျောင်းကထိန် အလှူတော်မင်္ဂလာ



ကျောင်းကထိန် အလှူတော်မင်္ဂလာ






ကထိန်ဆိုင်းဘုတ်ကို
ဂျာမန်၊ မြန်မာ ၊ ထိုင်း
ဘာသာ သုံးခုဖြင့် ရေးထားပါတယ်





အခန်းနားကျင်းပရာမှာတော့
မဂ္ဂင်
ရှစ်ပါးကိုယ်စားပြု သာသနာ့အလံတော်ကို
နံရံမှာ ချိတ်ပေးထားပါတယ်






မြန်မာမိသားစုများကလည်း
နယ်ဝေး အသီးသီးမှ လာရောက်ကြပြီး
မိသားစု စုပေါင်း ကထိန်
ဆိုင်းဘုတ်ကို ရေးကာ ယူလာခဲ့ကြပါတယ်။





ကျောင်းရှေ့ နံရံမှာတော့ ကားအကြိုပို့  လုပ်ပေးဖို့ 
ဆိုင်းဘုတ်ကိုလည်း ဘာသာသုံးမျိုး နဲ့ 
ချိတ်ထားပေးပါတယ်။
သို့ ပေမယ့် အခန်းနားစတင်ချိန် အဆက်သွယ် လုပ်မရလို့ 
အဆင်မပြေတဲ့သူလည်း အဆင်ပြေအောင် လာခဲ့ကြပါတယ်။






အခန်းနားမှာ ကြွရောက်သံဃာတော်များမှာ
မြန်မာ ၂ ၊ ဂျာမန် ၂ ၊ ထိုင်း ၂
အသီးသီး ၂ ပါးစီ






တရားနာပရိသတ်ကလည်း စုံစွာ
မြန်မာ၊ ထိုင်း ၊ တရုတ် ၊ အိန္ဒိယ ၊ သီရိလင်္ကာ ၊ ပီရူး ၊ ဂျာမန်






သံဃာတော်များ ဆွမ်းခံရာဝယ်

ကိုယ်က အကြီးဆုံး ဘုန်းကြီးကြီးဖြစ်နေပါတယ်
ဂျာမန်လူမျိုးတို့ ကလည်း လောင်းကြ လှူကြ






သံဃာတော်များ တန်းစီကြွ ဆွမ်းအလှူခံကြပုံ






ဆွမ်းမဘုဉ်းမီ ပစ္စဝေက္ခဏာ ဆင်ခြင်ကြပုံ





မြန်မာ ဘုန်းဘုန်း နှစ်ပါးနှင့်
မြန်မာ မိသားစုများ

( တစ်ဖွဲ့ က ဓာတ်ပုံ မရိုက်ဖြစ်ခဲ့ )။



မှတ်ချက် ။ ။ ဓာတ်ပုံ အစုံလင် မရိုက်လိုက်ရသည့်အတွက်
ရှိသလောက်လေးကို ကြည့်ရှုဖို့ ရန်
ဘလော့ပေါ်မှာ တင်လိုက်ပါတယ်။

အားလုံးကိုယ်တိုင်လာရောက် ကုသိုလ်ပြုကြသူနှင့်
တစ်ဆင့်လူကြုံဖြင့် ကုသိုလ် ပြုသူအပေါင်း

အကြောင်းကြောင့် စိတ်ထဲမှာရှိပြီး
မလာနိုင်သူအပေါင်း

အားလုံးအားလုံးတို့ ကို
သာဓုခေါ်ပါ၏
လိုရာဆန္ဒ ပြည့်ဝ ကြပါစေ။





မြတ်ရောင်နီ
( ၁၄ ၊ ၁၁ ၊ ၂၀၁၀ )


Friday, November 12, 2010

မေတ္တာပေါ့နော်

မေတ္တာပေါ့နော်


ဟော လုပ်ပြန်ပြီ ။ ဒီနေ့  ညနေခင်း ဘုရားဝတ်ပြု ၊ တရားထိုင်ပြီးချိန်။ သံဃာတွေကို ဖျော်ရည်ကပ်ဖို့  ပြောလိုက်တော့နားလည် ပါးလည်စွာ သင်ထားတဲ့ အတိုင်း သေချာကပ်ပါတယ်။ ဘုန်းကြီးဆိုတော့ လည်း ကိုယ့်အတွက် ထည့်ပြီးချိန်မှာ သူများကိုလည်း ကိုယ်ချင်းစာ ဗိုက်ချင်း စာနာပြီး သူ ပင်ပန်း နေတာ လိုအပ်လေမလား အထင်နဲ့  သောက်ပါဦး လား မေးမိပါတယ်။ ဖျော်ရည်အတွက် လောဘ မရှိတော့ဘူးတဲ့။
အောင်မာ... သူက လုပ်ချလိုက်ပီ။
ဖျော်ရည်အတွက် လောဘ မရှိပါဆိုပါလား...
နောက်သလို ပြောင်သလိုနဲ့  ရယ်ပြီးပြောပါတယ်။
မြတ်ရောင်နီ ( ၀၈ ၊ ၁၁ ၊ ၂၀၁၀ )

အဲဒီလိုလေး ရေးခဲ့ပြီးသည့်နောက် ယနေ့  သူ့ ကို ဘုန်းကြီးတစ်ပါးက သောက်ဖို့  တိုက်တွန်းပြန် ပါတယ် ။ ဒီနေ့ တော့ သူမငြင်းတော့ ၊ မငြင်းသည့်အပြင် မုန့် ကိုတောင် စားပါသေးတယ်။ ကိုယ်က လည်း ရယ်သလို မောသလို သူပြောထားတဲ့ စကား ပြန်သတိရအောင် အစဖေါ်ပြောလိုက်တာပါ။

ဟေ... မင်းပြောတော့ ဖျော်ရည်အတွက် လောဘ မရှိတော့ဘူးဆို။ ခု ဘယ်လိုလည်းကွ။ မင်း သောက် နေပ့ါလား။ လောဘ ပြန်ဖြစ်တဲ့ သဘောလား။ အဲဒီလိုပြောလိုက်တော့ သူက- စိတ် အညစ် ကြေး ရေးချိုးပြီးကာစ ရွင်ရွှင်ပျပျ မျက်နှာနဲ့ လောဘ ဖြစ်တာ မဟုတ်ဘူး။ ဒေါသမဖြစ်တာတဲ့။ ဒီ ဘုန်းကြီးက သောက်ပါဆိုလို့  လေ။ မသောက်ရင် သူ က ပျော်မှာ မဟုတ်ဘူး တဲ့။ မသောက်ရင် စိတ်မကောင်းဖြစ်နေမယ် တဲ့။ (ပြောတတ်လိုက်တာကွယ်။)


အော်... သူ ပြောတာကို ကိုယ်ကလည်း စဉ်းစားကြည့်တယ်၊ အော် ဟုတ်ပေသားပဲပေါ့။ ဒို့ မြန်မာ သာမန်လူဆိုရင်တော့ အားနာလို့  သောက်လိုက်တဲ့ သဘောလို့  ပြောချင် ပြောမှာ။ သို့ သော် ဂျာမန် ယောဂီ လေးဆိုတော့ ယောဂီသံ ပါပါနဲ့ ဒေါသမဖြစ်အောင်၊ သူများပျော်အောင်တဲ့ လေ။ ကိုယ်က သူ့ ကို ကြည့်ပြီး တစ်ခု ကောက်ချက်ချမိတာက တရားရှိလာရင် တရားသံပါလာတယ် ပြောရမယ်နဲ့  တူတယ်။

ကိုယ်ကလည်း ပြောလိုက်ပါတယ်။ အေးကွာ ။ ဒီလိုဆို မင်းကို ဟေတု ပစ္စည်းတုန်းက ရှင်းပြထား ခဲ့သလိုပေါ့။ ဒေါသမဟုတ်တဲ့ အဒေါသ ပေါ့ကွာ။ အဲဒါ မေတ္တာပေါ့နော်။ မေတ္တာပေါ့။



မှတ်ချက်။ ။ ဒီနေ့  ဘလော့ဖွင့် ဒိုင်ယာယီမှတ်တမ်း ရေးလိုက်ပါတယ်။

ကျောင်းကထိန်အတွက် အလုပ်များ ရှုပ်နေသည်မို့  ။



မြတ်ရောင်နီ
( ၁၂ ၊ ၁၀ ၊ ၂၀၁၀ )


.

Thursday, November 11, 2010

မင်္ဂလာ ဘုရားရှိခိုး

မင်္ဂလာ ဘုရားရှိခိုး

မင်္ဂလဂ္ဂေါ မင်္ဂလညူ ၊ မင်္ဂလတ္ထပဒါယကော၊
မင်္ဂလပန္ထဒဿာဝီ ၊ဗုဒ္ဓံ တံ ပဏမာမျဟံ။
( ဗုဒ္ဓဂုဏဂါထာဝလီ)


၁။မင်္ဂလာရှိလတ် ၊ မြတ်ထက်မြတ် ၊ ဦးထက် ရှိခိုးပါ၏ ဘုရား။
၂။မင်္ဂလာ သိငြား ၊ မြတ်ဘုရား ၊ ဦးတွား ရှိခိုးပါ၏ ဘုရား။
၃။မင်္ဂလာနက်၊ ကျိုးပေးမြတ် ၊ ဦးညွတ် ရှိခိုးပါ၏ ဘုရား။
၎။မင်္ဂလာလမ်းကြောင်း ၊ ဖေါ်ထုတ်ရှောင်း ၊ ဦးသျှောင်း ရှိခိုးပါ၏ ဘုရား။

ဘာသာပြန် ဘုန်းဘုန်းဘိုတေ

ဖွင့်ဆိုချက် အနည်းငယ်

၁။မင်္ဂလာ ပါဠိ သည် ကြီးပွါးခြင်း အနက်အဓိပ္ပါယ်၊
မကောင်းတာ မဖြစ် ၊ ကောင်းတာဖြစ်သည် အဓိပ္ပါယ်ပါဝင်သည်။

၁။ ဘုရားရှင်သည် ကြီးပွါးသူ ၊ မကောင်းတာမလုပ် ၊
ကောင်းသည့်လုပ်ငန်းကိုသာ လုပ်ဆောင်တော်မူပေသည်။
မင်္ဂလာရှိသည့် ပုဂ္ဂိုလ်များစွာတွင် ဘုရားရှင်သည်
အမြတ်ဆုံးသော မင်္ဂလာရှိသူ ဗုဒ္ဓတစ်ဆူဖြစ်ပေသည်။
ထိုမြတ်စွာဘုရားကို ဘုရားတပည့်တော် ရှိခိုးပါ၏ ဘုရား။

၂။ မင်္ဂလာဆိုသည့် စကား မင်္ဂလာသတင်း ကြားသာကြားရပြီး မင်္ဂလာ အကြောင်း မသိကြလေသော နတ်ဗြဟ္မာ လူများစွာမှာ ဝေ့လည် ဝေ့လည် ဖြစ်ခဲ့သည်မှာ တစ်ဆယ့်နှစ်နှစ်ဟု မင်္ဂလသုတ် နိဒါန်းမှာ လာပါသည်။ ဘုရားရှင် ပေါ်ထွန်းလာမှ မင်္ဂလာတရားတော်ကို ကောင်းစွာ နားလည်ခဲ့ရပေသည်။ ထိုသို့  နားလည်အောင် ရှင်ပြပေးမှသာ နားလည်ရလေသောကြောင့် မင်္ဂလာတရားကို စတင်ကာ သိတော်မူသော မြတ်စွာဘုရားရှင်ကို ရှိခိုးပါ၏ ဘုရား။

၃။ မင်္ဂလာတရားတော်၏ အနက် အဓိပ္ပါယ်ကို
နက်နက်နဲနဲ ရှင်းပြပေးသနားတော်မူခဲ့တော်မူသော
မြတ်စွာဘုရားရှင်ကို ရှိခိုးပါ၏ ဘုရား။

၎။မင်္ဂလာ နှင့် အမင်္ဂလာ ကို ရှင်းရှင်းလင်းလင်း
လမ်းပြပေးတော်မူသည့် မြတ်စွာဘုရားရှင်ကို ရှိခိုးပါ၏ ဘုရား။


မှတ်ချက်။ ။ ဗုဒ္ဓဂုဏဂါထာဝလီ - ဘုရားရှင်၏ ဂုဏ်တော်များကို

ဂါထာများစွာဖြင့် သီကုံးထားပါ သည်။
မင်္ဂလာပါသော ဂါထာများစွာ ရှိပါသည်။
သို့ သော် အချိန်လောက်ငှမှ ဆက်ရေးသားပါဦးမည်။



မြတ်ရောင်နီ

( ၁၁ ၊ ၁၁ ၊ ၂၀၁၀ )

.

Wednesday, November 10, 2010

ကထိန် ဖိတ်ကြားလွှာ



ကထိန် ဖိတ်ကြားလွှာ

သာသနာနှစ် ၂၅၅၄ခုနှစ်၊ မြန်မာနှစ် ၁၃၇၂ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ( ၈ ) ရက်၊ ခရစ်နှစ် ၂၀၁၀ခုနှစ်၊ နိုဝင်ဘာလ ( ၁၄ )ရက်၊ တနင်္ဂနွေနေ့ ၌ ဂျာမဏီနိုင်ငံ ၊ ဖရိုက်ဇင်းမြို့ ၊ ဗောဓိဝိဟာရ ဗုဒ္ဓဘာသာကျောင်း သီတင်း သုံးနေထိုင်ကာ ပုရိမ၀ါမှ ထတော်မူကုန်သော ဘုရားသားတော် သံဃာတော် အရှင်မြတ်တို့ အား ကထိန် သင်္ကန်းလျာနှင့် အခြံရံ ပရိက္ခရာ လှူဖွယ် ပစ္စည်း ၀တ္ထု အဖြာဖြာတို့ ကို တတ်စွမ်းသမျှ ထောက်ပံ့လှူဒါန်းခြင်း၊ ဆရာတော် သံဃာတော် တို့  ဟောကြား အပ်သော ပရိတ်တရားတော် နှင့်၊ကထိန် အနုမောဒနာ တရားတော်တို့ ကို အတူတကွ နာယူလိုပါ သောကြောင့် ကျွန်ုပ်တို့ နှင့် ညီတူ ညီမျှ ကုသိုလ်ထူးကို ရယူကြစေရန် မေတ္တာရှေ့ ထား လေးစား သောအားဖြင့် ဖိတ်ကြား လိုက်ပါသည်။

ကထိန် အလှူခံ သံဃာတော်များ
ဗောဓိဝိဟာရ ဗုဒ္ဓဘာသာကျောင်း

အရှင်တေဇောဘာသ ( မြန်မာ )

အရှင်လာဘသာမိ ( မြန်မာ )
အရှင်ဌိတဓမ္မ ( ဂျာမဏီ )

နှင့် အခြားပင့်သံဃာ သုံးပါး ဖြစ်ပါသည်။

အကျိုးတော်ဆောင်
ဗောဓိဝိဟာရကော်မတီ
ဗောဓိဝိဟာရ ဗုဒ္ဓဘာသာကျောင်း
ဖရိုက်ဇင်းမြို့ ၊ ဂျာမဏီနိုင်ငံ


အစီအစဉ်
၈နာရီ မှ ၉ နာရီ ထိ
မနက်စာ Buffet စနစ်ဖြင့် သုံးဆောင်ကြပါမည်။

၉ နာရီမှ ၁၀ နာရီ ထိ
(Morgenandacht) ဘုရားရှိခိုး၊ တရားထိုင်ခြင်း

၁၀- ၁၀ : ၃၀ အစီအစဉ် စတင်ခြင်း နှင့်
နှုတ်ခွန်းဆက် စကားပြောကြားခြင်း
( ကထိန်ပွဲတော် အကြောင်း ပြောကြားခြင်း)

၁၀:၃၀ - ၁၀:၄၅ ကထိန်သင်္ကန်းကပ်လှူခြင်း
၁၀:၄၅ - ၁၁:၀၀ ပရိတ်တရားတော်ရွတ်ဖတ်ခြင်း၊
ဆုတောင်း။ အမျှဝေ ခြင်း
၁၁:၀၀ - ၁၁:၃၀ သံဃာများအားဆွမ်းလောင်းခြင်း။
၁၁:၃၀ - ၁၂:၃၀ သီရိလင်္ကာ၊ မြန်မာ၊ ထိုင်း၊ တရုတ်၊
ဂျာမနီ နိုင်ငံတို့ မှ ရိုးရာယဉ်ကျေးမှု အစီအစဉ်
၁၂:၃၀ - ၁၄:၀၀ နေ့ လည်စာ Buffet

၁၄:၀၀ - ၁၅:၀၀ တရားတော် ဟောကြားသွားပါမည်။
၁၅:၀၀ - ၁၆:၀၀ တရားဆွေးနွေးပွဲ ( တရား အမေး ၊ အဖြေ )
၁၆:၀၀ - ၁၆:၃၀ ညနေပိုင်းဘုရားရှိခိုးခြင်း၊

Veranstalter(စီစဉ်သူ):
Buddhistische Gemeinde des Kloster Bodhi Vihara,
Domberg 10, 85354 Freising
Telefon: ,8161 8627310
Fax: 08161-8627312
Webseite: www.bodhi-vihara.org

Ort: (နေရာ)NIFO -
Thailändische Spezialitätenrestaurant
Bajuwarenstraße 5
85375 Neufahrn bei Freising
+49 8165 9759860

Anfahrt:(လမ်းညွှန်)

Bajuwarenstraße
လမ်းနာမည်က အသစ်ဖြစ်သောကြောင့်
Navigationssystem မှာရှိမှာမဟုတ်သေးပါ။
အနီးဆုံးလမ်းကတော့ အရင်ကတည်းက ရှိသည့်
Römerstraße. ဖြစ်ပါသည်။ Römerstraße.
ဆိုရင်တော့ သိကြပါမည်။
Bodhi Vihara ကျောင်းနဲ့  NIFO က
ု ကြိုပို့ ပေးမည့်ကားများ စီစဉ်ထားပါသည်။


မှတ်ချက်။ ။ ( ၀၈ ၊ ၁၀ ၊ ၂၀၁၀ ) မြတ်ရောင်နီ ဘလော့ဂ်မှာ
ကြေငြာပြီးသားကို ကိုးကားပါသည်။

ကျောင်းနေ သံဃာသုံးပါး ဟုသာ ပထမ ကြေငြာထားသော်လည်း
ယခု ပင့်သံဃာ သုံးပါးလည်း ထပ်တိုးကြောင်း
အသိပေး ပြောကြားလိုက်ပါသည်။






မြတ်ရောင်နီ
( ၁၀ ၊ ၁၁ ၊ ၂၀၁၀ )



.

Tuesday, November 9, 2010

မြို့ ကျောင်းကထိန် အမှတ်တရ


မြို့ ကျောင်းကထိန် အမှတ်တရ




ဘူတာမှာ မြို့ နာမ




သန္တိဝရံရာမ ကျောင်းတိုက်
ကျောင်းရောက်ပြီဆိုတာနဲ့  ဘုရားရှိခိုးကြတယ်။
ထို့ နောက် သံဃာအချင်းချင်း
ငယ်သူက ကြီးသူကို ရှိခိုး ဦးချ
အရိုသေပေးကြရတယ်





အဲဒီနောက် ကထိန်ကျင်းပရာ
ဓမ္မသာလာသံဃာစဉ်မှာနေရာယူကာ
ကျောင်းထိုင်ဘုန်းကြီးက သီလပေးပြီး
အားလုံးက ဂါထာများရွတ်ဖတ်ကာ
ဆွမ်းအနုမောဒနာပြုကြရတယ်




ဟော လုပ်ပြီ ပုံစံ တစ်မျိုးပါ့လား။
သံဃာတွေမပါဘဲ
သပိတ်ထဲမှာ ဆွမ်းလောင်းနေကြပုံ




အချိန်က သိပ်မလုံလောက်တာနဲ့ ပဲ
ခေါင်းမဖေါ်ပဲ
ခပ်မြန်မြန်လေးဆိုသလို ဘုဉ်းလိုက်ရတယ်၊
ရေနွေးပွဲတောင် လျစ်လျုရှုခဲ့ရပါတယ်။




ဆွမ်းစားပြီးနောက် ပဒေသာပင်
လှည့်လည်ကြပါတယ်။
ရှေ့ က သာသနာ့ အလံ ကိုင်ဦးဆောင်တယ်ပေါ့။




ဗုံနှစ်လုံး အပီပြင်တီးပြီ
ဗုံတီးဆရာမများ





လက်ခုပ်လည်း ၀ိုင်းတီးကာ
ကိုယ်တိုင်ဆိုသလို
များစွာ ၀င်ကကြပြန်ပါရောလား




ရွှေပဒေသာပင်မှာ
ယူရိုအနားကွပ်လျက်




ငွေပဒေသာပင်ကို ကိုင်ကာစွဲလျက်
လှည့်လည်ပျော်နေကြပုံ




ကထိန်မှာ ကထိန်သင်္ကန်းနှင့် အတူ
လှူဖွယ်ရာ အဖြာဖြာကပ်လှူဒါန်းကြပြီ။
သူတို့  သူတို့  တစ်တွေ
ကိုယ်ပိုင် ပစ္စည်းကို ထုတ်ကြလေပြီ။



မှတ်ချက်။ ။ အိမ်တွေ ကျောင်းတွေမှာ ဓာတ်ပုံချိတ်သလို ၊ အဲလဘမ်ပြသလို
ဘလော့ဂ်မှာလည်း
ဓာတ်ပုံချိတ် ၊ အဲလဘမ်သဘောမျိုးလို ဧည့်ခံလိုက်ပါတယ်။


မြတ်ရောင်နီ

( ၀၉ ၊ ၁၁ ၊ ၂၀၁၀ )


.

Monday, November 8, 2010

သူ ပေါက်သွားသည်


သူ ပေါက်သွားသည်


သူ ပေါက်သွားသည်လို့  ပြောလိုက်ရင် အဓိပ္ပါယ်က နှစ်မျိုးပေါက်သွားတယ်။ ဟိုလို ပေါက်သွား တာရယ်၊ ဒီလို ပေါက်သွားတာရယ်။ အဲ... ဒီလိုပြောလိုက်တော့လည်း ပိုမရှင်း ဖြစ်သွားလိမ့်ဦးမယ် နဲ့ တူတယ်။ ရှင်းအောင် ပြောရရင် အရူးစိတ်ပေါက်တာမျိုးရယ်၊ တကယ် တရားဘောကို သာမန် သဘောပေါက်တာနဲ့  တရားထူးပေါက်တာရယ်လို့  နှစ်မျိုးပေါ့။


၁၇ နှစ်သား ဂျာမန် ကောင်လေးက ကျောင်းလာပြီး ဗုဒ္ဓဘာသာ အကြောင်းလေ့လာဖို့  နှစ်ပတ် အချိန်ပေးပါတယ်။ နှစ်ပတ်မပြည့်သေးခင် ဟိုကထိန်သွားလည်း သူက နောက်က ကပ္ပိယ အနေနဲ့  လိုက်။ ဒီကထိန်သွားလည်း သူကလည်း လိုက်ပေါ့လေ။ ကထိန် မသွားခင်က သူတရားထိုင်တာ မညောင်းတော့ဘူး၊ တစ်ခါမှ မပျော်ဖူးတဲ့ အရသာမျိုး ခံစားရတယ်တဲ့။ ဘယ်လိုခံစားရသလဲဆိုတော့ သူပြောတာကိုလည်း ပါးစပ်က တအားကြီး မဖေါ်ပြတတ်။ သို့ သော် မျက်နှာကတော့ ပင်ပန်းတဲ့ အရိပ်ရောင် မရှိလေသလော လို့ တောင် ထင်မိရဲ့ ။ လူငယ်၊ သွေးနုသားနု ခွန်အားပြည့်ချိန်လည်း ဖြစ်မှာပေါ့လေ။

အော်... စီးပွါးရေး ၊ ပညာရေး ၊ အချစ်ရေး ၊ ဓမ္မရေး ။ အရေးမှန်သမျှ လောကီ လောကုတ်ဟာ အရွယ် ငယ်တုန်းက ကိုယ်ထင်သလို လုပ်ရင် လုပ်သလိုမျိုးကို ဖြစ်ပါ့လားဆိုတာ သူ့ ကို ကြည့်ပြီးလည်း သဘောပေါက်နိုင်ပါတယ်။

တကယ် မပျင်းမရိနဲ့  နံနက် ၆နာရီထိုးမှ ည ၉ နာရီထိ သူ့ မှာ တကယ့်ကို အားတက်သရော ရှိပုံများ။ ပြောစကားကိုလည်း နားကလည်းထောင် ၊ စိတ်ကလည်းမှတ် ၊ မေ့လည်း မမေ့ပစ်ပါ့လားလို့ တောင် ထင်မိရဲ့ ။ ( မတော်မရှိ ငါ့တပည့်ကွ၊ တော်ရင်ကိုယ့်ဟာ ၊ မတော်ရင် သူ များဟာ..)။

ကိုယ်က အနည်းငယ် ပြောလိုက်တာနဲ့  ပေါက်လွယ်ပါ့လား။ တစ်နေ့ သားမှာတော့ ကထိန်တစ်ခုကို သွားပါတယ်။ ဘုန်းကြီး တစ်ပါးက သူ့ ကို မေးတယ်။ မင်း ဒီပွဲမှာ ကြည့်ရတာ ပျော်ရဲ့ လားပေါ့။ သိပ်မပျော်လှဘူးတဲ့။ ပလစ် ပလစ် ပလစ် ၊ ပလာ ပလာ ပလာနဲ့  ညံပွက်နေတာပဲတဲ့။ ဘာတွေမှန်းကို မသိဘူးတဲ့။

ဟော.. သူက ဒီလို ပြောတော့ ဘာသာရေးနဲ့  ပျော်ရွှင်တာဟာ ရောသွားတာပါကွာ။ ဒါက လူတွေက ဒီလို ပျော်တာကို ပြောနေကြတာကို သဘောကျတာကွ။ မင်းသိတဲ့ အတိုင်းပဲလေကွာ ၊ ဒါက လူ့ ထုံးစံပဲ ။ ဘာသာရေးနဲ့ တော့ မဆိုင်ဘူး။ ဘာသာတိုင်းမှာ ရှိတယ်ကွ။ လို့  တစ်ပါးက ထပ်ရှင်း လိုက် တော့လည်း အင်း... သူလည်း လက်ခံသွား ပါတယ်။

နောက်တစ်ခု သူမရှင်းတာ တစ်ခုကိုလည်း ပြောပါတယ်။ ပရိတ်ရွတ်ပြီးတော့ ရေကို ပက်ဖြန်းတာ တစ်မျိုးကြီးလို ဖြစ်နေတယ် တဲ့၊ အခြားဘာသာမှာလည်း ဟိုးလီးဝါးတား နဲ့  သွားတူတယ်တဲ့။ သူကိုယ်တိုင်က ဒီ ရေမျိုးလောက်ပဲ နားလည်သွားပါတယ်။ ပရိတ်ရွတ်တာ ဖတ်တာကိုတော့ သူ လက်ခံတဲ့ သဘောကို ပြောပါတယ်။ သို့ သော် လူတွေကို ဖြန်းပေးတဲ့ ပုံစံမျိုး သူမကြိုက်သယောင် ပြောပါတယ်။


ဟော လုပ်ပြန်ပြီ ။ ဒီနေ့  ညနေခင်း ဘုရားဝတ်ပြု ၊ တရားထိုင်ပြီးချိန်။ သံဃာတွေကို ဖျော်ရည်ကပ်ဖို့  ပြောလိုက်တော့နားလည် ပါးလည်စွာ သင်ထားတဲ့ အတိုင်း သေချာကပ်ပါတယ်။ ဘုန်းကြီးဆိုတော့ လည်း ကိုယ့်အတွက် ထည့်ပြီးချိန်မှာ သူများကိုလည်း ကိုယ်ချင်းစာ ဗိုက်ချင်း စာနာပြီး သူ ပင်ပန်း နေတာ လိုအပ်လေမလား အထင်နဲ့  သောက်ပါဦးလား မေးမိပါတယ်။ ဖျော်ရည်အတွက် လောဘ မရှိတော့ဘူးတဲ့။
အောင်မာ. သူက လုပ်ချလိုက်ပီ။
ဖျော်ရည်အတွက် လောဘ မရှိပါဆိုပါလား...

နောက်သလို ပြောင်သလိုနဲ့  ရယ်ပြီးပြောပါတယ်။

အဲဒါနဲ့  သူ သဘောပေါက်အောင် တစ်ပါးက သောက်တယ် သောက်တယ် လို့ မှတ်သောက်ရင် ဒါတရားမှတ်ခြင်းပဲပေါ့။ နောက်တစ်ပါးကလည်း အေးကွ။ ဒါက လောဘ ဖြစ်မယ်ဆို ဖြစ်စရာ ၊ မင်းကတော့ လောဘမဖြစ်ဘူး။ တို့ ကတော့ သောက်ချင်လို့  မဟုတ်ဘူး၊ ဗိုက်ကို ပေးတာ ၊ ဒါန လုပ်တာကွ လို့  ။ သူ့ ကိုပြန်ပြီး ရယ်သလိုလို တကယ်ပြောလိုက်ပါတယ်။

သူပေါက်သွားသည်။
သူပေါက်သွားသည်။


မှတ်ချက်။ ။ ဒိုင်ယာရီစာအုပ်မှာ မဆန့် လို့ 
ဘလော့ပေါ်မှာ ရေးတင်လိုက်ပါသည်။
အတွေ့ ကြုံမျှဝေခြင်းလည်း ပါဝင်ပါသည်။



မြတ်ရောင်နီ
( ၀၈ ၊ ၁၁ ၊ ၂၀၁၀ )


.

Sunday, November 7, 2010

အစဉ်လိုက် စကားတော်


အစဉ်လိုက် စကားတော်

တစ်ခါတစ်လေတော့လည်း ဗုဒ္ဓဘာသာ အကြောင်းပြောပါဆိုရင် သစ္စာလေးပါး တရား ကို ဦးစားပေး ပြောဖြစ်ပါတယ်။ ပြောဖြစ်တာကလည်း ဒီသစ္စာလေးပါး တရားဆိုတာ အခြား ဘာသာ မှာမှ အပီပြင် မရှိတာ။ သစ္စာကတော့ ရှိပါတယ်။ သစ္စာမှန်းမသိကြတာပါ။ သစ္စာ ဖေါ်ထုတ်နိုင်တာက ဘုရားရှင် ကိုယ်တော်တိုင် ဖေါ်ထုတ်ထားတာကိုး ။ အဲလိုပဲ ခံယူထားတော့ ဒါလေးပြောတာကိုပဲ အရသာ ရှိလှတယ်။

ခုတော့ ဗုဒ္ဓဘာသာ အကြောင်းကို စလေ့လာသူတဲ့ သူကိုတော့ ဒီသစ္စာလေးပါး အကြောင်းက စပြီး ပြောလို့ တော့မဖြစ်ဘူး ဆိုတာလည်း သဘောပေါက်တယ်။ ဘုရားအကြောင်း တရားအကြောင်း သံဃာ အကြောင်း စပြောရမယ်။ စပြောရတယ်။ ဒါကို သရဏဂုမ် ခေါ်ကြောင်းကိုလည်း ရှင်းပြရ တယ်။ ဘာလို့  သရဏဂုမ်ခေါ်တယ်ဆိုတာလည်း ရှင်းပြရတယ်။ ဟိုတုန်းက လူတွေ တော တောင် နဲ့  သစ်ပင်ကို ဘေးမြင်လို့  ဘေးတွေ့ လို့  ကိုးကွယ်ခဲ့သည်မှ အစ ရတနာသုံးပါး အပေါ်ကိုးကွယ် လာသည့်အထိ ကိုယ်သိထားလေးတွေ ရှင်းပြရတယ်။ ပြီးတော့မှ သီလ အကြောင်း ရှင်းပြရတယ်။ သီလယူခိုင်းရတယ်။ တရားမှတ်ပုံ သင်ပေးရ တယ်။

တကယ်တမ်းကတော့ ဘုရားဖြစ်ကာစ အခြေနေကို ပြန်လည်ကြည့်ပြန်တော့လည်း ဘုရားရှင်က ယသသတို့ သား၊ သူ့ သဟာယ်ချင်း လေးယောက် ၊ ပြီးတော့ နောက်ထပ် သဟာယ်ချင်း ငါးဆယ့်ငါး ယောက်စတဲ့သူတွေကို အစဉ်လိုက် စကားတော်ကို ဟောထားတာ တွေ့ ရတယ်။ ပါဠိလို ဆိုရင်တော့ အနုပုဗ္ဗိ ကထာ တဲ့။ အဲဒါကြည့်လိုက်ရင် ရှင်းတယ်။ ဘုရားရှင် ဘယ်လို ဟောသလဲ ဆိုတာပေါ့။

ဘဂ၀ါ အနုပုဗ္ဗိကထံ ကထေသိ၊ သေယျထိဒံ ၊ ဒါနကထံ ၊ သီလကထံ ၊ သဂ္ဂကထံ ၊ ကာမာနံ အာဒီန၀ံ သြကာရံ သံကိလေသံ နေက္ခမ္မေ အာနိသံသံ ပကာသေသိ၊ ယဒါ ဘဂ၀ါ အညာသိ ( ယသံ ကုလပုတ္တံ ) ကလ္လစိတ္တံ ၊ မုဒုစိတ္တံ ၊ ၀ိနီဝရဏစိတ္တံ ၊ ဥဒဂ္ဂစိတ္တံ ပသန္နစိတ္တံ ၊ အထ ယာ ဗုဒ္ဓါနံ သာမုက္ကံသိကာ ဓမ္မဒေသနာ ၊ တံ ပကာသေသိ ၊ ဒုက္ခံ ၊ သမုဒယံ ၊ နိရောဓံ ၊ မဂ္ဂံ။
( ၀ိနည်းမဟာဝါ၊ စာ ၂၂ )

လိုရင်း ဘာသာပြန်ရရင်တော့-

မြတ်စွာဘုရားရှင်ဟာ

အစဉ်လိုက် စကားတော်ကို ဟောတော်မူပါတယ်။
ဟောတော်မူပုံကား-
၁။ ဒါနအကြောင်း ၊ ၂။ သီလအကြောင်း ၊ ၃။ နတ်ပြည်အကြောင်း၊ ။ ၄။ ကာမဂုဏ်တို့ ရဲ့ အပြစ် ယုတ်ညံ့ပုံ ဆိုးသွမ်းပုံ ၅။ ကာမဂုဏ်မှ ထွက်မြောက်ခြင်းရဲ့ အကျိုးရလာဒ် တို့ ကို သေချာ ရှင်းလင်း အောင် ဟောတော်မူတယ်။

တရားနာပရိသတ်က ( ဒီနေရာမှာတော့ ယသလုလင်ငယ်က ) ကြံ့ခိုင်သောစိတ်ဓာတ် ၊ နူးညံ့သော စိတ် ဓာတ် ၊ အရှုပ်ထွေးကင်း သောစိတ်ဓာတ် ၊ တက်တက်ကြွကြွစိတ်ဓာတ် ၊ ကြည်လင်ပြတ်သားသည့် စိတ်ဓာတ်ရှိပြီလို့ ဘုရားရှင်က သိမြင်ပြီးမှ ကိုယ်တိုင် ရှာဖွေထုတ်ဖေါ်ထားတဲ့ ဘယ်လိုနည်းနဲ့ မျှ မဖေါက်ပြန် မပြောင်းလွဲနိုင်သော တရားဓမ္မကို ဟောတော်မူပါတယ်။ အဲဒီ တရားဓမ္မက သစ္စာလေးပါး ဖြစ်တဲ့ ဒုက္ခ ၊ သမုဒယ ၊ နိရောဓ ၊ မဂ္ဂ တို့ ဖြစ်ပါတယ်။

ကဲ ဒီလို ဆိုတော့ ဘုရားရှင်သော်မှ အမြဲတမ်း သစ္စာလေးပါး အကြောင်းကို စပြီး လူတိုင်း တရားနာ ပရိသတ်တိုင်းကို ဟောတော်မမူပါ။ ဝေနေယျ လို့ ခေါ်တဲ့ တရားတော်ကို နာယူနိုင်စွမ်း ကျင့်နိုင်စွမ်း သိနိုင်စွမ်းရှိတဲ့ သူမှသာ သစ္စာလေးပါးကို ဟောတာတွေ့ ပါတယ်။

ဒါလေးတွေကိုကြည့်ရင် အခြေခံဖြစ်တဲ့ ဒါန ဘာကြောင့် ပြုရတယ်။ ဒါန ဘယ်လိုပြုရမယ်၊ ဘယ်လို အကျိုးရတယ် ဆိုတဲ့ ဒါနအကြောင်းအရာ ၊ အဲဒီလိုပဲ သီလ အကြောင်းရာ ၊ နတ်ပြည်နဲ့ ဆိုင်ရာ အကြောင်းရာ စတဲ့ အရာတွေကိုလည်း သေချာ လေ့လာသင့်တယ် လို့  ထင်မြင်မိတယ်။ တစ်ခြား ဘာသာခြားဖြစ်တဲ့သူကိုလည်း ပြောပြသင့်ပါတယ်။

ဒါမှလည်း ဘုရားရှင်ရဲ့ 
အစဉ်လိုက် စကားတော် အတိုင်းဖြစ်မှာပေါ့လေ။

ခုတော့ အပေါ်က ပြောခဲ့သလို ဗုဒ္ဓဘာသာ အကြောင်းကို စလေ့လာသူတဲ့ သူကိုတော့ ဒီသစ္စာ လေးပါး အကြောင်းက စပြီး ပြောလို့ တော့မဖြစ်ဘူး ဆိုတာလည်း သဘောပေါက်လာပြီ ၊ ဘုရား အကြောင်း တရားအကြောင်း သံဃာအကြောင်း စပြောရပါတယ်။ ဒါကို သရဏဂုမ် ခေါ်ကြောင်းကို လည်း ရှင်းပြရတယ်။ ဘာလို့  သရဏဂုမ်ခေါ်တယ်ဆိုတာလည်း ရှင်းပြရတယ်။ ဟိုတုန်းက လူတွေ တော တောင် နဲ့  သစ်ပင်ကို ဘေးမြင်လို့  ဘေးတွေ့ လို့  ကိုးကွယ်ခဲ့သည်မှ အစ ရတနာသုံးပါး အပေါ်ကိုးကွယ်လာသည့်အထိကိုယ်သိထားလေးတွေ ရှင်းပြရတယ်။ ပြီးတော့မှ သီလ အကြောင်း ရှင်းပြရတယ်။ သီလယူခိုင်းရတယ်။ တရားမှတ်ပုံ သင်ပေးရ တယ်။

ဒါကလည်း လူအပေါ်မူတည်ပြီး ပြောရဆိုရတာပေါ့လေ။ အစဉ်လိုက် စကားတော်ကိုတော့ အမြဲ သတိထားသင့်တယ်ပေါ့။ ကိုယ့်အနေနဲ့ လည်း သတိရမိရဲ့ ။


အစဉ်လိုက် စကားတော် ၊

အစဉ်လိုက် စကားတော်။






မှတ်ချက်။ ။ လက်တွေ့  ကိုယ်တွေ့ ကြုံနေသည့်အတိုင်း

တင်ပြခြင်း သက်သက်မျှသာ။

ဤနည်းသည် အမြဲတမ်း

ပုံသေ လှေနံ ဓားထစ်တော့ မဟုတ်ပါ။

မလေ့လာဖူးသေးသော

ပရိသတ်များအတွက် ရည်ရွယ်ပါသည်။


မြတ်ရောင်နီ

( ၀၇ ၊ ၁၁ ၊ ၂၀၁၀ )











.

Saturday, November 6, 2010

တောရကျောင်း အမှတ်တရ


တောရကျောင်း အမှတ်တရ




တောရကျောင်းဝိုင်းအတွင်း
( ဤနိုင်ငံမှာ စေတီတည်ခွင့် မရှိသေးတာနဲ့ )
မြေကြီးတွေ ခပ်မြင့်မြင့် စုပုံပြီး
အပေါ်မှာ ဘုရားရုပ်ပွါး တည်ထားပုံ






ကျောင်းအတွင်း မှာ
မဂ္ဂင် ရှစ်ပါး ကိုယ်စားပြု
အလှဆင်ထားသည့် နံရံ တစ်ခု




သိမ်ကံဆောင် သံဃာများ
မိုးရွာကြီးထဲမှာ ကံဆောင်နေကြသည်





ကံဆောင် အပြီးမှာ ကျောင်းနေသံဃာများက
ဘုရား ရုပ်တုတော်များကို
လူပရိသတ်မျာအား
ဝေငှ စွန့် ကြဲလှူဒါန်းကြပုံ





တောရကျောင်း နာမည်က

မုတ္တောဒယ ကျောင်း

(တိုးတက်လွတ်မြောက်ရေးကျောင်းတော်ပေါ့)




တောအုပ်ကြားမှာ တစ်ပါးနေ
ကမ္မဋ္ဌာန်းကျောင်းလေးကလည်း
စိတ်ဝင်စားစရာ




စင်္ကြန်သွားရင်း တရားမှတ်ဖို့ 
လမ်းလေးကလည်း တမင်္ဂလာပဲ
သန့် သန့် ရှင်းရှင်း လုပ်ထားတယ်





ကျောင်းဝိုင်းအတွင်း သပိတ်ကိုယ်စီနဲ့ 
ဆွမ်းလောင်ပွဲ
ဦးသူတော်မှ သပိတ်ဆွမ်းပြည့်သည့်အခါ
ဆွမ်းများကို လှယ်ပေးနေသည့်ပုံ




သိမ်နယ်နိမိတ်သတ်မှတ်သည့်
ပါသာဏနိမိတ္တ ကျောင်းလုံးကို
ရွှေပြားများဖြင့် အဓိဋ္ဌာန် လှူ ကြသည့်
ထိုင်းမိသားစု အများအပြား




မှတ်ချက်။ ။ ၅ရက်နေ့  ညသွားကြိန်းစက်
၆ရက်နေ့  ပြန်လာပါသည်။
စာမရေးအားသည့်အတွက် ဓာတ်ပုံတင်လိုက်ပါသည်။
ဓာတ်ပုံကို ယောဂီတပည့်သားလေးက
ဆရာ့စိတ်ကြိုက် သူထင်သလို ရိုက်ပေးပါသည်။





မြတ်ရောင်နီ
( ၀၆ ၊ ၁၁ ၊ ၂၀၁၀ )


.

Thursday, November 4, 2010

လျှောက်တတ်ပါစေ


လျှောက်တတ်ပါစေ





လျှောက်တတ်ပါစေ ဆိုပြီး လျှောက်နည်း သင်ပေးတဲ့
ဘုန်းဘုန်းကြီး တစ်ပါး မြစ်ကမ်းနံဘေး မှာ
တပည့်ကို ကြီးကြပ်မတ်စောင့်ရှောက်ကာ ထိုင်နေပုံ





သားအရွယ် ခပ်ငယ်ငယ် တပည့်လေးကို
သေချာ ကျနစွာ နေရာရွေးပြီး
လက်တွေ့  ခြေတွေ့ 
သတိမွေ့ စေဖို့ 

တစ်နာရီ လေ့ကျင့် ခန်း ပြုလုပ်ပုံ





ဆရာ မခိုင်းပါ။
ကိုယ့်အထင် ကိုယ့်အတွေးနဲ့ 

ထူးလေမလားဆိုပြီး စမ်းသပ်သည့် တပည့်ငယ်
ခြေဖမျက်ခန့် နစ်သည့် ရေထဲဝယ် ခြေတစ်ဖက်ကျခဲ့


လျှောက်တတ်ပါစေ

လျှောက်တတ်ပါစေ ဆိုတာနဲ့  ပတ်သက်လို့
လျှောက်တာက နှစ်မျိုး ရှိပါတယ်။

၁။ ဘုန်းကြီးသံဃာမျာရဲ့ အမေး စကားကို ပြန်လည် လျှောက်တာကလည်း လျှောက်တာပဲ။ အဲဒါက တော့ မြန်မာလို - ဘူး တယ် ကိုဖျောက် ၊ ပါကိုလျှောက် ၊ လျှောက်တတ်ပါရစေ ဆိုတဲ့ အတိုင်း မြန်မာ စကားကို မဟုတ်ဘူး။ ဟုတ်တယ် - ဆိုတဲ့ စကားထဲမှာ ဘူး နဲ့  တယ် ကို ဖျောက်ပြီး ပါ ကိုထည့် ကာ ဟုတ်ပါဘုရား။ မဟုတ်ပါဘုရား၊ မှန်ပါ ဘုရား ၊ မမှန်ပါဘုရား လို့  လျှောက်တတ်ရ တယ်။ ( ရှေး )

ကိုင်း.. မြန်မာဘာသာ စကားကို ပြောတာပါ။ အခြားဘာသာ စကားကျ ဘယ်လိုလုပ်ပါ့မလဲ ၊ ဟုတ် ရင် ၊ မှန်ရင် အင်္ဂလိပ်လို Yes ၊ ဂျာမန်ဘာသာလို Ja ဒီနှစ်လုံးထဲ၊ မဟုတ်ရင် မမှန်ရင် No ၊ Nein ဖြစ်တယ်။ ဘူးလည်မပါ၊ တယ်လည်းမပါ။ ပါလည်းမထည့် ဘယ်လိုလျှောက်လျှောက် ဘုန်းကြီးနဲ့ စကားပြောရာမှာ ယဉ်ကျေးတယ် လို့  ပြောရမှာပေါ့၊ ရိုင်းတယ်လို့  ထူးပြောလို့ မရဘူး။

မြန်မာစကားကို မြန်မာယဉ်ကျေးမှုအတိုင်း ဘုန်းကြီးနဲ့  စကားပြောတဲ့အခါ လျှောက်တတ်ရင်တော့ ယဉ်ကျေးတယ်ပေါ့ ၊ အဲလို လျှောက်တတ်သူပေါ့လေ။ အဲဒါ ပါးစပ်နဲ့  လျှောက်တာပါ။

၂။ခုပြောချင်တာ တစ်ခုကလည်း လျှောက်တာပဲ၊ နောက်တစ်မျိုးဖြစ်တဲ့ ခြေဖြင့် လမ်းလျှောက်ခြင်း ပါပဲ။ လမ်းလျှောက်တာကလည်း သာမန် လမ်းလျှောက်ခြင်း ၊ တရားသတိနဲ့  လမ်းလျှောက်ခြင်း ဆိုပြီး နှစ်မျိုးပါ။ သာမန်လျှောက်တာကတော့ သာမန်မို့  မပြောတော့ပါဘူး။ တရားသတိနဲ့  လျှောက် ပုံကို ပြောပြချင်တာပါ။

အစ တရားသတိနဲ့  လျှောက်တဲ့အခါမှာတော့ ဘယ်နဲ့  ညာ လှမ်းတာကိုပဲ လှမ်းတဲ့ ခြေလှမ်းတိုင်းကို သိနေဖို့ လျှောက်ရုံပါပဲ။ အဲဒါမှ အဆင်ပြေမှု ရှိပါမယ်။ သတိနဲ့  မိတ်ဆက်ထားတာ ဖြစ်ပါတယ်။


အဲဒီနောက် နဲနဲလေး သတိ အားကောင်းလာပြီ ဆိုတာနဲ့  ညာဘက် ခြေထောက်လှမ်းချင်တယ် ဆိုရင် ပထမဆုံး ခြေကို ကြွရပါတယ်။ ခြေမကြွခင် ကြွချင်တယ် ၊ ကြွချင်တယ် လို့  စိတ်ကို သတိနဲ့ မှတ်၊ ကြွပြီဆိုရင် ကြွနေတယ် ကြွနေတယ်လို့ မှတ် ၊ လှမ်းချင်တဲ့စိတ်ကိုလည်း လှမ်းချင်တယ် ၊ လှမ်း ချင်တယ်လို့  သိရမယ်။ ပြီးတော့ လှမ်းနေတယ် လှမ်းနေတယ် ဆက်မှတ်ပါ။ အဲဒီနောက်မှာတော့ ခြေလှမ်းကို အောက်သို့ ချမယ် ဆိုရင်လည်း ခြေလှမ်းအောက်ချချင်တယ် အောက်ချချင်တယ် မှတ်ပါ။ ပြီးတော့မှာ ခြေလှမ်းအောက်ချတယ်အောက်ချတယ်လို့  ခြေတစ်လှမ်းမှာ စိတ်ခြောက်မျိုး ထိ ဖြစ်အောင် မှတ်နိုင်အောင် အသေးစိပ်မှတ်လို့  ရပါတယ်။

အဲဒီလို လမ်းလျှောက်မှတ်တဲ့ နေရာမှာ ကိုယ်သတ်မှတ်ထားတဲ့ ဧရိယာမှာ ခေါက်တုံ့ ခေါက်ပြန် မရှည်လွန်း မတိုလွန်းလမ်း လျှောက်ရပါမယ်။ လျှောက်မည့်နေရာက ခလုတ် ဆူးညောင့် ရှင်းသန့် နေဖို့  လိုပါတယ်။ လူလာ သူလာ နည်းသည့် ၊ သို့ မဟုတ် လူမရှိသည့် ၊ ရှိသော်လည်း မဆူညံသည့် နေရာမျိုးကို ရွေးချယ်သင့်ပါတယ်။ ရွေးချယ်ရင် ပိုမို ကောင်းပါတယ်။

ဒီလို အကြောင်းရာတွေကို သားအရွယ်လောက်ရှိတဲ့ တရားစိတ်စားသူလေးကို ထိုက်တန်စွာ ရှင်းပြခဲ့ပါတယ်။ သူ အသက်က ၁၇ နှစ်သားရှိသေးတယ်။ ဗုဒ္ဓဘာသာကို စိတ်ဝင်စားတဲ့ တရား သမားလေး ။ တကယ်ပြောတဲ့အတိုင်းလိုက်နာလို့  ပြောရတာ ထိုက်တန်တာပါ။

သူကျောင်းသို့  ရောက်လာပါတယ်။ သူက တကယ့်ကို ဘာသာရေးကို စိတ်ဝင်စားသူလေးပါ။ သူ့ ကို မေးကြည့်တော့ ဘယ်အချိန်ကစပြီး လေ့လာခဲ့ သလဲမေးတော့ သူ့ အသက် ၁၃ နှစ်အရွယ်မှာ စပြီး ဘာသာရေးရာကို စိတ်ဝင်စားစေခဲ့ပါသတဲ့။ အော် အံ့စွာ့။ အစ္ဆရိယံ ၀တ- ကိုယ့်မှာ ဒီအရွယ် ဒီစိတ်မျိုး မဖြစ်ဖူး ၊ သူ့ မှာ အဖြစ်ထူးလို့  အံ့ပေစွာ့။

သူက မျိုးရိုးစဉ်လာ ကိုးကွယ်ခဲ့တဲ့ ဘာသာ တစ်ခုကို ဆုပ်ကိုင် ထားတာမဟုတ်ဘူး။ နီးစပ်တဲ့ ဘာသာတရားတွေ မှန်သမျှ အကုန် လေ့လာ ဖတ်ပြီးသားပါ။ သူ့ အပြောအရ ၅ဘာသာ တတ်နိုင် သရွေ့ ဖတ်ပြီး သား ဖြစ်တယ်လို့  ဆိုပါတယ်။ လျှောက်ပါတယ်။

ခုလေ့လာနေဆဲ ဘာသာကတော့ ဗုဒ္ဓဘာသာပေါ့။ သူ့ ကို ဗုဒ္ဓဘာသာ သို့  သက်ဝင်စေခဲ့တဲ့ စာရေး ဆရာကြီးကတော့ Herman Hesse လို့  ပြောပါတယ်။ အခြား လူတော်တော်များလည်း ဒီဂျာမန် စာရေးဆရာကြီးရဲ့ ကျေးဇူးအနန္တကြောင့် ဗုဒ္ဓဘာသာ သို့  စိတ်ဝင်စား ကြတယ်လို့  သိရပါတယ်။

သူဟာ တကယ်တော့ စာသင် ကျောင်းသား တစ်ယောက်ဘဲ ရှိသေးတယ်။ ကျောင်းမှာ သူ ပြောမည့် ခေါင်းစဉ်ကဗုဒ္ဓဘာသာ အကြောင်း။ သူတကယ် လက်တွေ့ သိလိုတာနဲ့  လာခဲ့တာ ဖြစ်တယ်။ သူ့ ရဲ့  ကျောင်းက တစ်ပတ် ပိတ်ပါတယ်။ သို့ သော် သူရဲ့  ဆရာမရဲ့  ခွင့်ပြုချက်တောင်းခံပြီး အနီးနား ကပ်ခါ လေ့လာရေး အတွက် နှစ်ပတ် လေ့လာခွင့်ရပြီး ကျောင်း ဒေးယောဂီ အဖြစ် လာရောက်နေတာပါ။


သူဟာ မနက်ခင်း ပဋ္ဌာန်းတရားကို ခြောက်နာရီ အမီ လာရောက်ပြီး နာယူပါတယ်။ ပြီးမှ သံဃာတော် တွေကို အရုဏ်ဆွမ်း ဆွမ်းကပ်ပြီးသည်မှစလို့  တစ်နေကုန် ကျောင်းသန့် ရှင်းခြင်း ၊ တရားစာဖတ်ခြင်း ၊ တရားထိုင်ခြင်း ၊ တရားလမ်းလျှောက်ခြင်းများ ပြုလုပ်ပါတယ်။ ည ၉နာရီမှ သူတည်းခိုရာ အိမ်သို့  ပြန်ကာ ညအိပ်စက် အနားယူခြင်းဖြစ်ပါတယ်။

ဒီလိုနဲ့  သူ့ ကို လမ်းလျှောက် တရားမှတ်နည်းနဲ့  အတူ ၊ နေရာ- ဆိုတာ ဒီလိုနေရာကို ရွေးဆိုပြီး လူ အသွား အလာ မရှိတဲ့ မြစ်ဘေးရှိ လမ်းသွယ်လေးကို ညွှန်ပြခဲ့ပါတယ်။ လက်တွေ့ လည်း ပြခဲ့ပါတယ်။ ညနေပိုင်းဆို ဆရာဘုန်းကြီး ကိုယ်တိုင် ကြီးကြပ်ကာ တစ်နာရီ တိတိ လုပ်ဖြစ်တယ်ပေါ့။

မနက်ခင်းပိုင်းမှာ တရားထိုင်ပြီးချိန်မှာတော့ သူ တစ်ယောက်ထဲ လွှတ်လိုက်ပါတယ်။ အံ့သြစရာ တစ်ခုက သူက ဘယ်လိုလုပ်ပြီး သမာဓိအား ကောင်းမလဲ ဆိုတာကို သူကိုယ်တိုင်လည်း လေ့လာ၊ မသိတဲ့အခါမှာ ဆရာကိုလည်း မေးလျှောက်ပါတယ်။

မနက်ခင်း တစ်ခုမှာတော့ ပိုပြီး သမာဓိရလေမလားလို့  ဆိုပြီး မြောင်းသေးသေးမှာ ရှိတဲ့ အသား တစ်လုံးတန်း ထားသည့်အပေါ်မှာ သမာဓိကို ထူထောင်ခဲ့ပါသတဲ့။ ပြီးတော့ သူက အောက်သို့  ချော်မကျအောင် သမာဓိက ပိုပြီး စူးစိုက်ရတယ် ။ ဒါကြောင့်မို့  တရားမှတ်တယ် ထင်ကြောင်း ပြောပါ တယ်။ ပြီးတော့ သတိလွတ်သွားတယ်တဲ့။ ဘေးက အသံနားထောင်လိုက်တာနဲ့  သူရေထဲကို ခြေထောက်တစ်ဖက် ကျသွားတယ်။ ရေကလည်း ခြေဖမျက်ရုံ သာသာလေးပါ။ ဒါနဲ့  ကျောင်း ပြန်ရောက်တော့ ရေစိုခဲ့ကြောင်း ပြောပြ လျှောက်ထားပါတယ်။ ဒါက ဆရာ မသင်ဘဲ ကိုယ့်ဖာသာ ထွင်တာကိုး။ သူလည်း မှားမှန်း သိသွားတာပေါ့လေ။

နေ့ ခင်းဘက် ရောက်တော့. ဆရာဘုန်းကြီးက မေးပါတယ် ။ မင်းဘယ်နေရာမှာ ချော်ကျခဲ့သလဲပေါ့။ သူကနေရာကိုပြပါတယ်။ အေးကွာ ၊ ထပ်လမ်းလျှောက် လိုက် ၊ အဲဒီနေရာသွားပါ ၊ ဓာတ်ပုံရိုက် မယ်။ အေး... ကောင်းပြီ ငါတပည့်။ တကယ်တော့ မင်းက အမှတ်မှားနေတယ်ကွယ့်။ အောက်ကျလိမ့်မယ် စိုးရိမ်တဲ့စိတ်နဲ့  လျှောက်နေတာကိုက မငြိမ်းချမ်းတော့ဘူး။ သမာဓိက တစ်ခြမ်းပဲ့နေပြီ။ ဘုန်းဘုန်း ပြောတဲ့ နေရာဆို ငါတပည့်လေး စိုးရိမ်စိတ် မရှိ ၊ လွတ်လပ်စွာနဲ့ ပဲ လျှောက်နိုင်တာပေါ့ကွယ်။ နားလည်တယ်နော် လို့  မေးလိုက်တော့ နားလည်ပါပြီ ဘုရားလို့  လျှောက်ပါတယ်။

အဲဒါကြောင့် ကဲကွာ ...
လျှောက်တတ်ဖို့ က လိုတယ်ကွနော်။

မောင်မင်းကြီးသားက
တရားသတိနဲ့  လျှောက်တော့ လျှောက်တာပဲ ။
အမှတ်ထဲမှာ စိုးရိမ်စိတ်ပါတာမို့ 
နေရာမမှန်တာနဲ့ ပဲ သမာဓိ မတက်ဘူးပေါ့ကွယ်။
ကဲ... နောက်ဆို သတိထား ငါတပည့်။

လျှောက်တတ်ပါစေနော်။


၁။ လျှောက်တတ်ပါစေ...
၂။ လျှောက်တတ်ပါစေ...




မြတ်ရောင်နီ

( ၀၄၊ ၁၁ ၊ ၂၀၁၀ )



.

Wednesday, November 3, 2010

ဘ၀စင် ဘ၀င်ရွှင် စကားတော်


ဘ၀စင် ဘ၀င်ရွှင် စကားတော်

လူဆိုသည်မှာ စကား ပြောချင်လာပြီဆိုရင် ကိုယ့်မှာ ပျော်လို့  ဖြစ်ဖြစ် ၊ ပြောစရာ ရှိလို့  ဖြစ်ဖြစ် ၊ လျှို့ ဝှက်စကားကို မနေနိုင်လို့  ဖြစ်ဖြစ် ၊ အမှန်ကို ဖေါ်ထုတ်လိုလို့  ဖြစ်ဖြစ် ပြောရမည့် အနေထား ရောက် လာလျင် ပြောကိုပြောတတ်ကြပါတယ်။

တစ်ချို့ က ကိုယ့်မှာ ပျော်စရာလေးတွေဖြစ်တာနဲ့  အနီးနားရှိသူ မနေရ ၊ ဒါကိုပဲ ထပ်ချည်းတလဲလဲ ပြောတော့တာပဲ။ နားထောင်တဲ့သူ နားထောင်ချင်တာ နားမထောင်ချင်တာကို သိပ်ဂရုမစိုက်ဘူး။ သူပြောဖို့  အဓိက ဖြစ်တယ်။

တစ်ချို့ က ပြောစရာရှိလို့ ကို မဖြစ်မနေကို ပြောရပါတယ်။ ပြောကို ပြောမှလည်း တစ်ခြားသူ သိမှာ ဖြစ်တယ်။ မပြောမပြီး မတီးမမြည် ပုံစံမျိုးလို၊ ပြောမှသိ ထိမှနာ လိုဖြစ်တယ်ပေါ့။

တစ်ချို့ က လျှို့ ဝှက်စကားကိုသော်လည်း မပြောပါနဲ့  ဆိုတာကိုတောင်မှ ပြောတတ်ကြသေးတာပဲ။ ဟိုတုန်းက ပုံပြင်လေး တစ်ပုဒ် ကြားဘူးတယ်။ ဘုရင်ကြီးက မဟုတ်တာ လုပ်သတဲ့။ မဟုတ်တာ ဆို လို့  တစ်မျိုးမထင်ပါနဲ့ ။ သူများမသိအောင် ဆန်ဖွဲကို စားပါသတဲ့။ ဒါကို စားတော်ဆက် အမတ်မှ တစ်ပါး ဘယ်သူမှ မသိဘူးတဲ့။ ရှင်ဘုရင်ကလည်း အဲဒီအမတ်ကို ပြောထားပါသတဲ့။ ဒီသတင်း ပြည်သူလူထုထံ ပေါက်ကြားလို့ ကတော့ လက်ပြန်ကြိုးနောက်တုပ် ၊ ဓားခုတ်သတ်မည်ပေါ့။ ဒီလိုနဲ့  စားတော်ဆက် အမတ်ကလည်း မပြောပဲကလည်း မနေနိုင်၊ ပြောပြန်ရင်လည်း ဘုရင်က အမျက် တော်ရှပြီး အသက်အန္တရာယ်ရှိတယ်။ ဒီလိုနဲ့  စားတော်အမတ်ကလည်း တောထဲ တစ်နေရာ သစ်ပင် ကြီးကို လူအမှတ်နဲ့  ဘယ်သူမှကို မပြောဘဲ မနေနိုင်တာနဲ့ ဘုရင်ကြီး ဖွဲစားတယ်၊ ဘုရင်ကြီး ဖွဲစား တယ် နေ့ စဉ်ဆိုသလို သွားပြောလေသတဲ့။ ဒါကတော့ သာဓကပေါ့လေ။

တစ်ချို့ ကြပြန်တော့ အမှန်ကို အမှန်အတိုင်း ဖေါ်ထုတ်ပြောပါသတဲ့။ အမှန်ကို ပြောပြလိုက်တာဟာ လည်း ကိုယ့်ရင်ထဲမှာ ရှိတဲ့ ခံစားချက်တွေ ပွင့်ထွက်လာတာပါပဲ။ အဒီပွင့်ထွက်မှုက တကယ်ခံစား ချက် အပြည့်ရှိတာမို့ အများအတွက်လည်း အကျိုးရှိတယ်ပေါ့။

ဥပမာ သုံးလောကရဲ့  ဥက္ကဋ္ဌ် ဖြစ်တဲ့ မြတ်စွာဘုရားဆိုရင်ပေါ့၊ ဘုရား ဖြစ်တော်မူတဲ့ နေ့ မှာ အပီပြင်ကို ပီတိက တစ်ဟုန်ထိုး စိတ်ကို နှိုးဆော်လိုက်တာမို့  ဘ၀စင် ဘ၀င်ရွှင်စကားတော် ထွက်ကျလာ တယ်ပေါ့လေ။

အဲဒီ စကားတော်ကို လေ့လာဖတ် ကြည့်ရအောင်-


၁၅၃။ အနေကဇာတိ သံသာရံ ၊ သန္ဓာဝိဿံ အနိဗ္ဗိသံ၊
ဂဟကာရံ ဂဝေသန္တော ၊ ဒုက္ခာဇာတိ ပုနပ္ပုနံ ။

၁၅၄။ ဂဟကာရက ဒိဋ္ဌောသိ ၊ ပုန ဂေဟံ န ကာဟသိ၊
သဗ္ဗာ တေ ဖာသုကာ ဘဂ္ဂါ ၊ ဂဟကူဋံ ၀ိသင်္ခတံ ၊
ဝိသင်္ခါရဂတံ စိတ္တံ ၊ တဏှာနံ ခယမဇ္ဈဂါ။
( ဥဒါန၀တ္ထု ၊ ဇရာဝဂ် ၊ ဓမ္မပဒ)

ဒါပဲ။ ပါဠိလို ဘ၀င်ရွှင်စကားတော်ပြောသွားတာက။
ပါဠိစကားလုံးက ဥဒါန၊ ဥဒါန်းလို့ လည်းခေါ်ပါတယ်။

ပါဠိဆိုလိုတာကို တိုက်ရိုက်ဘာသာပြန်မဟုတ်ဘဲ
အများနားလည်တဲ့ မြန်မာစကားနဲ့ 
ကိုယ်နားလည်သလိုလေး
လူများအတွက် ဘာသာပြန်ပေးရရင် -


၁၅၃။ ငါဟာ ဘ၀ကို ဖြစ်အောင် ဖန်တီးနေတဲ့ လက်သည် ဖေါ်ကောင်ကို ရှာရင်း အဖြေမပေါ်ခဲ့လို့  ဘ၀များစွာမှာ ဒုက္ခများစွာနဲ့  ခဏခဏပဲ ကျင်လည်ခဲ့ရတယ်။

၁၅၄။ဘ၀ကို ဖြစ်အောင် ဖန်တီးနေတဲ့ ( ဒုက္ခပေးနေတဲ့ ) လက်သည်ဖေါ်ကောင် မောင်တဏှာ၊ ဒီနေ့  အဖြေပေါ်ပြီ။ မင်းဆိုတာ ရှင်းရှင်းလင်းလင်း သဘောပေါက်ပြီ။ နောက်ထပ် မင်း ဘ၀ခန္ဓာကို ဖြစ် အောင် ဖန်တီးလို့ မရတော့။ မင်းရဲ့  ကိလေသာ တစ်သိုက် မှန်သမျှ ငါ အနိုင်ယူလိုက်ပြီ။ လုပ်ချင် ရာရာ ဖန်တီးပြုပြင်လို့ မရတဲ့ နေရာရောက်နေပြီ။ တဏှာဆိုတဲ့ မင်းနဲ့  လုံးဝ စာရင်းရှင်း ဇာတ်လမ်း ပြတ်ပြီ။

ဒါကိုပဲ ခုခေတ်မှာတော့ အနေကဇာတိ ကစလို့  တိပါဠိကိုဖြုတ်ပြီး အနေကဇာတင်လို့  ဆိုပါတယ်။ အနေက - များစွာ ၊ ဇာတိက ဘ၀။ ဒီလိုဆိုတော့ ဘ၀များစွာတင်လို့  မြန်မာ အဓိပ္ပါယ် သဘောကြီး ဖြစ်နေသလားလို့  ။ အဲဒါကြောင့် ကိုယ့်အနေနဲ့  အားလုံးခြုံငုံပြီး ဘ၀စင်သွားပြီမို့  ဘုရားရှင်ရဲ့ ဘ၀င် စိတ် တော် ရွှင်ကာ စကားတော် ထွက်ပေါ်လာတာပါ။

ဒီလိုနဲ့  ကိုယ်ကလည်း ဘ၀စင် ဘ၀င်ရွှင် စကားတော်ရယ်လို့  ခေါင်းစဉ်တပ်ကာ အိမ်သစ်တက် ၊ တိုက်သစ်တက် မင်္ဂလာတိုင်း ပြုလုပ်နေကျ ဗုဒ္ဓါဘိသေက အနေကဇာတင်တာကို သိစေချင်တာနဲ့ ပဲ ဆောင်းပါးအနေ ရေးလိုက်တာပါ။



မှတ်ချက်။ ။ ဂါထာကား ဥပမာဖြင့် တင်စားကာ ရေးထားသော်လည်း
တင်စားမှု၏ ဥပမေယျကိုသာ ယူပြီး ဘာသာပြန်ထားပါသည်။
ပညာရှိသူတော်ကောင်းများ နားလည်ပေးတော်မူကုန်။


မြတ်ရောင်နီ

( ၀၃၊ ၁၁ ၊ ၂၀၁၀ )



.

Tuesday, November 2, 2010

သာဓုခေါ်ကြပါတော့


သာဓုခေါ်ကြပါတော့



အောက်တိုဘာ နေ့ ဆွမ်း မှတ်တမ်း

၁။ လက်ကျန်လေးများ နွေး ဘုဉ်း
၂။ မသီရိဆာမ် ။ ဆာမ်မိသားစု
၃။ဒေါ်နိလာမိ သီရိလင်္ကာ
၎။သီရိလင်္ကာ ဒကာ ၊ ဒကာမများ။ ကိုတိုဘီ ဂျာမန်
၅။စု မိသားစု
၆။ထိုင်းအရာရှိလူကြီးများ
၇။ဒေါ်နာတကံ(ခ) ဒေါ်မျိုး ထိုင်း
၈။ဒေါ်နာတကံ ( ခ) ဒေါ်မျိုး ထိုင်း ၊ ကိုဆေးရှား ပီရူး
၉။လုယာမော ထိုင်းစားသောက်ဆိုင်
၁၀။ဒေါ်ရေဏုက သီရိလင်္ကာ
၁၁။ လက်ကျန်များ ပြန်နွေးဘုဉ်း
၁၂။ဒေါ်စုံကြိုင်း ထိုင်း
၁၃။ဒေါ်မျိုး ထိုင်းနှင့် အခြားဒကာမလေး ထိုင်း
၁၄။ဒေါ်မျိုး ထိုင်း
၁၅။ရှင်လေးဘလော့ဂ် မိသားစု
၁၆။http://shinlay.blogspot.com/
၁၇။ရှင်လေးဘလော့ဂ်မိသားစု
၁၈။လက်ကျန်လေးများ နွေးဘုဉ်း
၁၉။ဒေါ်မျိုး ထိုင်း
၂၀။ဒေါ်စုံကြိုင်းထိုင်း
၂၁။ဒေါ်နိလုမ် သီရိလင်္ကာ
၂၂။ကိုသရဏ ထိုင်း
၂၃။ဒေါ်စုံကြိုင်း၊ ဒေါ်ပန် ထိုင်း
၂၄။သီရိလင်္ကာမိသားစုများ ဆွစ်ဇာလန်
၂၅။သီရိလင်္ကာ ဒကာမ ဆွစ်ဇာလန်
၂၆။ကိုဆေးရှား ပီရူး
၂၇။ နော်ဖောင် ထိုင်း ဒကာမ
၂၈။ဒေါ်နေလုံ သီရိလင်္ကာ နှင့် ဒေါ်မျိုး ထိုင်း
၂၉။လက်ကျန်လေးများ နွေးဘုဉ်း
၃၀။လုယာမော ထိုင်းစားသောက်ဆိုင်
၃၁။ဒေါ်ယုအိ ထိုင်း ဆွမ်းကပ်



ဝမ်းမြောက်စွာ သာဓုခေါ်လျင်

မုဒိတာ ဗြဟ္မစိုရ် ပွါးများရာရောက်သည်။

အပြစ်ကင်းလည်းကင်း ကောင်းလည်းကောင်းမို့ 
သာဓုခေါ်ခြင်းသည် ကုသိုလ်ဖြစ်သည်။

ရဲရဲတင်းတင်းသာ သာဓုခေါ်နိုင်စေဖို့ ရာ
ကြိုးစားကာ

ဆွမ်းမှတ်တမ်းကို ရေးပေးလိုက်ပါသည်။



မြတ်ရောင်နီ
( ၀၂ ၊ ၁၁၊ ၊ ၂၀၁၀ )


.

Monday, November 1, 2010

ကိုယ်ကျင့် တရားဆိုတာ


ကိုယ်ကျင့် တရားဆိုတာ

ကိုယ်ကျင့်တရားဆိုတာ ဘာလဲ။ နားလည်သလို ပြောရရင်တော့ ကိုယ်နဲ့  ကောင်းတာကိုကျင့် ၊ နှုတ်နဲ့  ကောင်းတာကိုကျင့်တာပါပဲ။ စိတ်ကတော့ အဲဒီ ကိုယ်နဲ့  နှုတ်ကို ကောင်းတာလေးတွေ ဖြစ်စေဖို့  လမ်းပြ ပေးတာပါပဲ။ အဓိက ကတော့ စိတ်ကောင်းလေးပေါ့။ စိတ်ကောင်းမှပဲ ကိုယ်ကောင်း နှုတ်ကောင်း လေးတွေ ဖြစ်လာမှာပါ။

ခုလောလော လတ်လတ်မှာပဲ ( ၁ . ၁၁ . ၂၀၁၀ ) ဒီနေ့ မနက် ကိုယ်ကျင့်တရားရယ် လို့  အချင်းချင်း ပြောထားတာ မဟုတ်ပေမယ့် ပြောဆိုဖြစ်တာကတော့ ကိုယ်ကျင့် တရားနဲ့  ပါတ်သက်တဲ့  အကြောင်း လေးတွေကို ပြောဖြစ်ပါတယ်။ အင်တာနက်ကနေပြီး ချက်တင်း ပြုလုပ်ကြတာပါ။ မှတ်သားစရာ ကိုယ့်အမြင် သူ့ အမြင် ပြောထားတာမို့  အများဖတ်ရအောင် အနည်းငယ် ရေးပြင်ပြီး ရေးတင်လိုက်ပါတယ်။

ဘုန်းကြီးဆိုပြီး ကိုယ်ပဲ ဟောလို့  မရဘူး၊ သူတို့  သိတဲ့အသိ ၊ မြင်တဲ့ အမြင်ကိုလည်း နားထောင် ပေးရ ၊ မှတ်သားရတဲ့အခါလည်း ရှိပါသေးတယ်။ အမှန်ဝန်ခံရသော် လူ့ ပတ်ဝန်းကျင်ရဲ့  ဖြစ်ပျက် တာတွေ ကျတော့လည်း ဘုန်းကြီးတွေ အကုန်မသိနိုင်ဘူး။ ကျောင်းလာလျှောက်သူ၊ ခုလို ချက်တင်း နဲ့ လျှောက်သူတွေကြောင့် သိရတာပါ။ ဘုန်းကြီးက အကုန်မသိနိုင်ပါဘူး။

ကဲ ပြောဆိုကြပုံလေး
ဝါသနာပါရင် ကလိုက်ကြစို့ လား-

me: ဥပုသ်နေ့ က
8:31 AM အမြဲဥပုသ်စောင့်တာလား
ဝါတွင်း ၀ါပပေါ့လေ။
( ဘုန်းကြီး ဆိုတော့ ဥပုသ်စောင့်ဖြစ်လားလို့ 
သိသော်လည်း မေးလိုက်တယ်)

ဒကာမလေး: ဒီနှစ်မှ စစောင့်တာ။
me: အော်
ဒကာမလေး: ခါတိုင်းနှစ်တွေ မစောင့်ဖြစ်ဘူး
me: ကောင်းတယ်ကွယ်၊
အဲဒီမှာ အဲလိုပဲ စောင့်ကြတာလား၊
ဝါပ ၀ါကျွတ်မှာရော။
မလေး : မှန်ပါ့။
8:32 AM စောင့်တဲ့သူလည်းစောင့်ကြပါတယ်။

me: ဒကာမလေး က တော့ လူချစ် နတ်ချစ်

ပို ချစ်ခံရတော့မှာပဲ။
( လူချစ်ခင်တာ လူတိုင်းသဘောကျတတ်တယ်။
ဒါကြောင့်မို့  သဘောကျလေမလားလို့ ပြောလိုက်ပါတယ်။)

မလေး: ရိပ်သာမှာတော့ အမြဲစောင့်ကြတယ်။
မေမေ ကလည်း ကျန်းမာရေးကောင်းရင်
me: အဲ ရိပ်သာမှာတော့ သိပါတယ်။
မလေး: စောင့်တယ်
me: ကောင်းတယ်။
မလေး: နေမကောင်းရင် လပြည့် လကွယ်ပေါ့

me: ကောင်းတယ်
ငယ်ငယ်ရွယ်ရွယ်
8:33 AM ဘာရည်ရွယ်ချက်ရှိပါသလဲ မသိ။
မလေး: သီလ နည်းတော့ အသက်တိုတယ် ဆိုလို့လေ
အဟဲ ( ဒကာမလေးလည်း သူ့ ဖာသာ
ကောင်းတာပြောတာကိုပဲ
မိကျောင်းမင်း ရေခင်းပြသလို ဖြစ်လို့ လေလားမသိ
အဟဲ လုပ်လိုက်သေးတယ်။)

me: အော ...ဒါကြောင့်ကိုး
( ဘုန်းကြီးအို လေသံဖြင့်)
8:34 AM မလေး: ဒါ န နဲ့သီလ မပါရင် သေခါမှ သိဆိုလို့လေ
( လုပ်ပြီ ၊ တရားနာတာ ကျေတယ်ဟေ့။
အပီကွက် ရထားတဲ့ သူလိုပဲ)


me: လူ ချစ် နတ်ချစ် ခံချင်လို့ ထင်နေတာ

အဲလိုမဟုတ်ဘူးကိုး။
မလေး: အခြေခိုင်မှ အမြင့်တက်လို့ရမှာပေါ့။
8:35 AM me: အင်း
မလေး: အဲဒါကြောင့် အခြေခံက စပြီး သီလစောင့်တာလေ
me: ဟောပါဦး၊ ဆက်ပီး-
အဲဒါပီး ဘာလုပ်ရမယ်။
မလေး: ဘုန်းဘုန်းက လည်း
သိသလောက် ပြောပြတာက၊ို
ဘုန်းဘုန်းက ဟောပြမှပေါ့။
me: အေးလေ
မလေး: ပြည့်စုံအောင်
me:
8:36 AM သီလစောင့်ရင် လူချစ်နတ်ချစ၊်
လူကစောင့်ရှောက် နတ်ကစောင့်ရှောက်ပေါ့ကွယ်။
မလေး: မှန်ပါ့ ဘုရား
me: သီလဆိုတာ - အကာအပွေးပေါ့
8:37 AM မလေး: မှန်ပါ့
me: သမာဓိက အခေါက်ပေါ့
ပညာက အလယ်က အူတိုင် အနှစ်ပေါ့
မလေး: သမာဓိ က အခေါက်
me: ကိုင်းပြီးပြီ ၊ သာဓုခေါ်တော့။
မလေး: ပညာက အလယ်
( ဒီက အပြောမစောင့်ဘူး ၊
သူ့ လက်နှေးလို့ သာ၊
လူရွှင်တော်တွေ ပျက်သလို
ဘုန်းကြီးက အဟံ ဘန္တေဆိုရင်
သူက တိသရဏေန လုပ်သလိုမျိုး၊
ဘယ်ရမလဲ လက်ကသွက်လို့ တော်သေး။)


me: ကိုင်း ... နားလည်လည် မလည်လည်

မလေး: သာဓု (သုံးကြိမ်)
me: လူတို့ ထုံးစံအတိုင်း
8:38 AM မလေး: သတည်း ဆိုရင်
သာဓုပေါ့
me: အတည်ပြောမယ် နားထောင်-
အဓိက ကတော့ လွတ်မြောက်ဖို့ ပဲ

အချစ်ခံချင်လို့ 
သီလ စောင့်တာလည်း မဟုတ်သေး

8:39 AM အသက်ရှည်ချင်လို့ 
သီလစောင့်တာလည်း မဟန်သေး
မလေး: ဘုန်းဘုန်း ကလည်း
ဆွမ်းအကျိုး ငါးပါးထဲမှာ ရေအကျိုး
ဆယ်ပါးလည်း ပါသွားပီလေ။
ပေါင်း 15 ပါးပေါ့
( ကဲဗျာ တတ်လိုက်တာ ဒကာမလေးကို
မယ်တတ်ပါ့ လို့  အသစ်နာမည်ပေးလိုက်ရရင်... ။)


me: ဘုရားရှင် အလိုကျ ဒါန သီလ ဘာပဲပြုပြု

လွတ်မြောက်ရေး လမ်းစဉ် ဦးတည်မိဖို့ ပဲ။
8:40 AM ဖြတ်ထားတဲ့ လက်မှတ်က ပျဉ်းမနားဆိုရင်
ဘယ်လိုလုပ်ပြီးတော့ မန္တလေး ရောက်မှာလဲ
ပြောတော့ အသက်ရှည်စေဖို့ ဆို
မလေး: အခြေ မခိုင်ပဲ အမြင့်လှမ်းရင် ပြုတ်ကျမှာမို့
အခြေခံ သီလက စ နေတာပါ။
8:41 AM me: လွတ်မြောက်ဖို့ လက်မှတ်မဖြတ်ဘူးလေ
ကိုင်း...ပြောစမ်း
မလေး: အသက်ရှည်မှ ဒါန သီလ ဘာဝနာ ကျင့်နိုင်မှာလေ
ခုနေ သေသွား ဘာမှ ပါမှာ မဟုတ်
me: ဟော ရှိသလောက်အသက်လေး
အသုံးချနိုင်ဖို့ ပဲ မဟုတ်လား။
ရှည်တာ တိုတာက-
8:42 AM မလေး: မွေးလာပီး ဆုံးသွားတဲ့
ကလေးတွေ ကျတော့ရော-
( သူမေးတာ ဟုတ်သလိုလို )

me: လိုတော့လိုပါတယ်။ အသက်ရှည်လည်း
တရားမသိရင် မတရားအသက်က ပိုဆိုးတယ်
မလေး: ဘယ်အချိန် ကုသိုလ်ရှိလို့တူန်း
me: အဲဒါက သူကံက
ဒီလောက်ပဲကိုး

မလေး: အဲဒီကံကို ကိုယ်က လုပ်တာပဲ

me: လုပ်လေ၊ ဟုတ်ပါတယ်။
8:43 AM မလေး: အဲဒီလို အသက်တိုမှာစိုးလို့
me: အင်း
ဟုတ်ပါသည်
မလေး: ဒီ ဘ၀မှာ လုံးဝ လွတ်မြောက်နိုင်မှာ
မသေချာရင် နောက်ဘ၀ အတွက်လည်း
ပါရမီပါအောင်ပေါ့။
( ကောင်းလိုက်လေ၊ မှန်လိုက်လေ၊ ခုမှ ပြောရတယ်၊
ချက်တင်းတုန်းက မပြောလိုက်ရလို့ ။ )


me: သီလစောင့်တဲ့ ဦးတည်ရာ
ဦးတည်ချက်ကို ပြောပါတယ်

8:44 AM မလေး: ဦးတည်ရာကတော့
me: အသက်ရှည်မှာကို
ပဓာန ဦးမတည်ဖို့ ပြောလိုရင်းတည်း။
မလေး: လွတ်မြောက်ရာလမ်းပေါ့ ဘုန်းဘုန်းရာ
ဒါပေမယ့် အခြေခိုင်အောင် စ ကျင့်နေတာပါ။
me: အသက်ရှည်မှာကတော့ မရည်ရွယ်လည်း
အသက်ရှည်မည်သာ
မလေး: ပြုတ်ကျမှာစိုးလို့
ဒကာမလေးတို့ ဆီမှာရှိတယ်
me: ဟုတ်
8:45 AM မလေး: လုပ်လိုက်တာ
ဝိပဿနာ အလုပ်ကို သူများတွေ ထက်ပေါ့။
me: အင်း
မလေး: သူ့ကိုယ်သူပဲ သောတာပန်
ဖြစ်နေသလိုလို
me: အင်း
မလေး: နောက် မကြာပါဘူး
me: အင်း
မလေး: အရက်တွေသောက်နေပြန်ရော
me: အင်း
မလေး: အဲဒီတော့ သောက်တာပန်
ြုဖစ်သွားရော
me: အဟဲ ဟဲ ဟဲ။
8:46 AM ဟော...လုပ်ပီ
သောက်တာပန်၊ သောက်တာပန်
မလေး: အခြေခံမှ မခိုင်ပဲနဲ့
အဟဲ
me: မှတ်ထားဦးမယ်
မလေး: ဟုတ်တယ်လေ
me: ဒကာမ စကား
ဘုန်းဘုန်းက မှတ်ရပြန်ရော
မလေး: သောတာပန် မဖြစ်ပဲ
သောက်တာပန် ဖြစ်သွားတာ
သက်ငယ်စကား သက်ကြီးကြားတဲ့

me: သဘောင်္သီးခေတ်ပေကိုး၊

8:47 AM ကောသလ အိပ်မက်လိုလားမသိဘူးလေနော်
မလေး: ကောသလ အိပ်မက်တွေ မှန်တယ်နော်

ဖေဖေ ဆို သိပ်သဘောကျတာ
me: အင်း
ဘုန်းဘုန်းလည်း သဘောကျ
မလေး: အားလုံး တဖြည်းဖြည်းနဲ့ အဲလိုဖြစ်တာပဲနော်

me: ဖေဖေတင်မဟုတ်ဘူး

8:48 AM ဒီတိုင်းပဲ
ဘယ်သူတရားပျက်ပျက်
မလေး: ပညာရှိတွေ ဘေးရောက်ကုန်ပီ
me: ကိုယ်မပျက်စေနဲ့ ပေါ့ဗျာ။
မလေး: မှန်ပါဘုရား

me: ကိုယ်ပျက်ရင် ဆံပင်ညှပ်ဆိုင်က လက်ခံမှာမဟုတ်ဘူး။
မလေး: အဟား ဟား ဟား
နောက်ပီ
me: ( ကြေးမှုံ ဟာသ အမှတ်ရလို့ ကွယ့်)။
8:49 AM တကယ်တော့ ဆံပင် ညှပ်ဆိုင်မှ မဟုတ်ဘူးကွယ့်
ကိုယ်ကျင့်တရားပျက်ရင်
လူတိုင်းကကို လက်မခံချင်တော့တာလေ

မလေး: မှန်ပါ့
me: ကိုယ့်မှာ တရားမရှိတဲ့အခါပေါ့ဗျာ
ကဲ ကြည့်ပါ့လား
မလေး: ကိုယ်ကျင့် တရားဆိုတာ
ဝယ်ယူလို့ ၇တဲ့အရာမှ မဟုတ်တာနော်
me: ဟုတ်ပါ့။ ကိုယ်ကျင့်တရားဆိုတာ-
စိတ်ကို လေ့ကျင့်ပေးရတာ ပဲ အဓိကကတော့။
8:50 AM စိတ်ကောင်းမှ ကိုယ်က လိုသလို ကောင်းတာ ဖြစ်မယ်
နှုတ်ကလိုသလို ကောင်းတာဖြစ်မယ်။
မလေး: လူတွေက ပိုက်ဆံရှိတဲ့သူကို
ကိုယ်ကျင့်တရားကောင်းမယ်လို့ ထင်နေကျတာ
ပိုက်ဆံမရှိတဲ့သူကျတော့ အလိုလို မရှိခိုးနိုး
မလှ စုန်းယိုးနဲ့ ။
8:51 AM me: အင်း

မလေး: ပိုက်ဆံ ဘယ်လောက်ရှိရှိ

ကိုယ်ကျင့်တရား ပျက်နေတာတွေ ပုံလို့
သူတို့က ပိုဆိုးသေး။
me: ရွှေဘုံမှာ စံရပေမယ့် တရားမသိရင် ရင်လေးဖွယ်
တဲအိုပျက်မှာ နေရပေမယ့် တရားသိရင် ရင်အေးဖွယ်
( ကိုယ်လည်း ရထားတဲ့ ကဗျာ ရွတ်ပြပြီ၊)

8:52 AM မလေး: ဒကာမလေး လည်း စာမရေးဖြစ်တာ ကြာပီ

ရေးချင်တာတွေကတော့ ရင်ထဲမှာ။
me: နေရေး သေရေး အစဉ်တွေးတော့
မလေး: ပြည့်နေပီ
me: ရင်အေးအောင် ကြံကြစေလိုတယ်။
( ခုမှ ကဗျာက အပြီးသတ်မလို့  သူကလည်း
သူပြောချင်ရာပြော၊ ကိုယ်ကလည်း ကိုယ်ရွတ်ချင်တဲ့ဟာရွတ်
သူပြောတာကို နားမထောင်နိုင်၊ ရွတ်နေပုံများကတော့၊)

ဟုတ်ပီလေ ၊ ရေးလေကွယ်။
မလေး: မှန်ပါ့ဘု၇ား
me: ကောင်းပီ ဒကာမ
8:53 AM အချိန် ပြည့်တော့မယ်
နောက်မှ ဆက်ကြစို့ လား
မလေး: အခုရက် ဘုန်းကြီးတွေနဲ့
စကားပြောနေ၇တော့ လူတွေနဲ့ပြောရင်
စကားကို မနည်းသတိထားပြောရတယ်
( တင်ပ၊ မှန်ပါ့ တွေ ထည့်ပြောနေမိလို့  ထင်ပါရဲ့ )


me: အင်း
ပြောရင် ကုန်မှာ မဟုတ်ဘူး၊
ဘုန်းဘုန်းကလေပေါ။

မလေး: ကထိန် ပင့်စာတွေ
ဖိတ်စာတွေ ရိုက်နေ၇တယ်လေ
တင်ပါ့။
me: လုပ်လုပ်
ဒီဒကာမမလေး အလုပ်ရှိနေတာကို
8:54 AM ၀မ်းသာပါတယ်ကွယ်
ကဲကဲ...
( သူ့ အရိပ်ကဲ ကြည့်ရတာ စကား ဖျက်ချင်တော့
အလုပ်ရှိကြောင်း ဘုန်းဘုန်းကပဲ အလိုက်တသိ
ကဲကဲ လုပ်ပြီး ရပ်လိုက်ပါတော့တယ်။)



ဒီလိုနဲ့  အားတဲ့ အချိန်လေးမှာ စကားမပေါပဲ ချက်တင်းသောတာတွေ ရပ်ခဲ့ပါတော့တယ်။ ကိုယ်ကျင့် တရားဆိုတာလည်း ဥပုသ်သီလစောင့်တာ ၊ စိတ်ကို ထရိန်နင်ပေးရင်း ကိုယ်နဲ့ နှုတ်ကို မကောင်း တာတွေ မလုပ်မိစေဖို့ စောင့်ထိန်းခြင်း တစ်ခုပါပဲလားလို့  သဘောပေါက်မိပါတော့တယ်။


မှတ်ချက်။ ။ ရေးစရာ အထူးအထွေ မတွေးတောတော့ပဲ
ချက်တင်းလုပ်ထားတာလေးကို
အနည်းငယ် ပြေပြစ်အောင် ပြင်ဆင်ကာ
ရေးသားလိုက်ခြင်းဖြစ်ပါတယ်။


မြတ်ရောင်နီ
( ၀၁ ၊ ၁၁ ၊ ၂၀၁၀ )


.