Pages

Sunday, February 28, 2010

ဂျာမဏီမြေပေါ်က ခြေလှမ်းများ- ၁၁

မာဃ ပူဇာ
အပိုင်း( က )

ဖေဖ၀ါရီ ( ၂၈ ) တပေါင်းလပြည့်ကျော် ( ၁) ရက် နေ့ မှာ မာဃ ပူဇာ ဆိုပြီး ပွဲတော် အသေးစား ကျင်းပ ခဲ့ပါတယ်။ ကြေငြာထားတဲ့ အစီစဉ်တိုင်းပါပဲ။

မနက် (၁၀) မှာ လူများက ကျောင်းကို လာကြပါတယ်။၁၀ နာရီခွဲ မှာ ဘုရား ၀တ်ပြု သြ၀ါဒ ပါတိ မောက် ၃ ဂါထာကို (၃)ခေါက်ရွတ် ဖတ် ပူဇော်ပါတယ်။ ပါဠိလို သုံးခေါက်၊ ဂျာမန်လို သုံးခေါက်ပါ။ ၁၁နာရီ၂၀ မှာ သံဃဒါန ဆွမ်းကပ် လှူကြပါတယ်။ ၁၂နာရီမှာ လူများ စားခန်း သောက်ခန်း ပြုလုပ်ကြပါတယ်။

နေ့ လည် ၁ နာရီ မှာ သံဃာ နဲ့ ဆိုင်ရာ သိသင့်တဲ့ အချက်များ ကို ကိုယ်က ပြောဟောခဲ့ပါတယ်။

၂နာရီ မှာတော့ မြစ်ဘေး တောအုပ်ထဲ လမ်းလျှောက်သွားခဲ့ကြတယ်။ ဒီအစီစဉ်ကတော့ အဝေးက လာတဲ့ လူဒကာဒကာမများနဲ့  အတူ ကိုယ်နဲ့ အရှင်ဌိတဓမ္မ သွားခဲ့တယ်။ အရှင်ဂဝေသကော မှာ ကျောင်းမှာ ကျန်နေတဲ့ သူတွေကို ဧည့်ခံ ဓမ္မစကား ပြောကြားနေခဲ့တယ်။ ညနေ ၄နာရီခွဲ မှာ ထိုင်း ဒကာဒကာမတို့  စုပေါင်းဒါန ပြုလုပ်ကြပါတယ်။

ညနေ ၅ နာရီမှာ အရှင်ဂဝေသကော က သူဓာတ် ပုံ ရိုက် မှတ်တမ်းထားတဲ့ ထိုင်း နဲ့  မလေးရှား ဓာတ်ပုံများကို ရှင်းလင်းပြောကြားတယ်။ ည ၇ နာ ရီ မှ ၈ နာရီ ၄၅ မိနစ်ထိ ဘုရားဝတ်ပြု တရားထိုင် ပါတယ်။ ည ၉ နာရီမှာ ပါရိသုဒ္ဓိ ဥပုသ်ပြုပါတယ်။
အစီစဉ်ကို မသိသေးသူတို့ အတွက် ထပ်မံ ဖေါ် ပြပေးလိုက်တာပါ။

အကျယ်ကား ဒီလိုပါဗျာ-

မာဃ ပူဇာ ဆိုတာ မြန်မာမှာ တပိုတွဲ လပြည့်နေ့  သတ်မှတ်ထားတဲ့ သြ၀ါဒ ပါတိမောက်နေ့ ပါ။ မာဃ=တပို့တွဲ လ ပါ။ ဒါပေမယ့် မြန်မာတို့  အသိများတာက အစားသောက်ဖြစ်တဲ့ တပိုတွဲ ထမင်းနဲ ပွဲ ဆိုတာ ထင်ရှားတာပါ။ တိုက်တိုက်ဆိုင်ဆိုင် မြန်မာဒကာမပေါ့။ တပိုတွဲ လပြည့်နေ့ က ထမင်းနဲ ဘုဉ်းပေးရပြီ လို့  ကိုယ်က ထင်ခဲ့တာ။ လာပို့ မယ် ပြောပြီးမှ ထမင်းနဲက အုန်းသီးမရှိလို့ တဲ့။( တွတ်ပီ - ဖြစ်သွားတယ်။)အဲဒီလပြည့်နေ့  ရိုးရိုးဆွမ်းပဲ လာပို့တယ်။

ကဲ ကြည့်အုံး။ ဖြစ်ပုံက- တပေါင်းလပြည့်မှ ထမင်းနဲ ယူလာတယ်။ လာလှူတယ်ပေါ့။ ခု - သူလာလှူတာက မြန်မာလို တပေါင်းလပြည့်နေ့ မှာ လှူတယ်ပေါ့။ တော်သေးတယ် အုန်းသီး ရသွား လို့ ။ မြန်မာ အလွမ်းပြေပေါ့လေဆိုပြီး ပြောပြောဆို လာကပ် လှူရှာတယ်။(သာဓုပါဗျာ။)

ဒီမှာတော့ မာဃ ပူဇာ ကျင်းပတာ မြန်မာလို တပေါင်းလပြည့်ကျော်(၁)ရက်နေ့ ပါ။

မနက်ခင်းမှာ ဘုရားဝတ်ပြုပြီး ခဏမှာ ကျောင်းအနီးဝန်းကျင် လမ်းအတိုင်း ကျောင်းကို လက်ယာရစ် သုံးခေါက်ပတ်လျှောက်ပြီး ဘုရားဂုဏ်တော် တစ်ပါတ်၊တရားဂုဏ်တစ်ပါတ်၊ သံဃာ့ဂုဏ်တော် တစ်ပတ် စီ အဆက်မပြတ် ရွတ်ဖတ်ပါတယ်။ လက်ထဲမှာ တော့ နံ့ သာ အမွှေးတိုင်၊ ပန်းစီး၊ ဖယောင်း တိုင် ဘုန်းကြီးများက ရှေ့ က ဦးဆောင်လျက် လူများနောက်ကလိုက်ပြီး အသံထွက် ဂုဏ်တော် ပွါးဖြစ်ခဲ့ကြတယ်။

လာရောက်ကြတဲ့ လူတွေကတော့ မြူးနစ်မြို့  ကိုယ်တရားဟောသွားတဲ့ အသင်းက ဂျာမန် အသင်း သူ အသင်း သားများ၊ ပြီးတော့ ထိုင်း လူမျိုးများပေါ့။ ထိုင်းလူမျိုးက များပါတယ် ။

အဲဒီ နောက် အရှင်ဂဝေသကော က ထိုင်း ကျောင်းသား ကျောင်းသူ လေးများကို ၅ ပါးသီလ ပေး တယ်။ ဒီပူဇာနဲ့  ပါတ်သက်ပြီး ပဉ္စ၀ဂ္ဂီ (၅)ပါး ပါတဲ့ ဗုဒ္ဓရုပ်ပုံ ကားချပ် ကိုင်ပြီး ရှင်းပြတယ်။ ပြီးတော့ ဆွမ်း ကပ် ၊ ဆွမ်းဘုဉ်းပေးတယ်ပေါ့။ ဘုန်းကြီးများ ဘုဉ်းပေးပြီး လူတွေ တစ်ခါတည်း စားကြတယ်။

ပြီးမှ သံဃ အကြောင်းရာကို ပါဠိတော်များ နဲ့ အတူ ကိုယ်ဖြတ်သန်းခဲ့တဲ့ အတွေ့ ကြုံတွေကို ကိုယ်က ရှင်းပြခဲ့တယ်။ ပြောပြခဲ့တယ်။

( အဲဒါကိုအပိုင်း(ခ) ဖေါ်ပြပါမယ်။ အပ္ပမာဒ မဂ္ဂဇင်းမှာ ဆောင်းပါးများစွာ ရေးတဲ့ သူငယ်ချင်းက ကိုယ့်ကို သတိပေးပါတယ် ။ တစ်ခါတည်း ဆောင်းပါးရှည်ဆို စာဖတ်သူတို့  ညီးငွေ့ မယ် ၊ အပိုင်းခွဲ သင့်ကြောင်း အကြံကောင်းများ ပြုထားတာမို့ ပါ။)

ကိုယ် သံဃအကြောင်းရာ ရှင်းပြီးတဲ့နောက် မြူးနစ် အသင်းက လူများနဲ့ အညောင်းပြေဖျောက် လမ်းလျှောက်ဖြစ်ခဲ့တယ် ။ တရား ရေးရာလည်း လမ်းလျှောက်ရင်း မေးတာနဲ့  ပြောဖြစ်တယ်ပေါ့။
အပြန်မှာ ထိုင်းဒကာတို့  အလှူမပြုလုပ်ခင် ကိုယ်က သီလပေးပြီး၊ အရှင်ဂဝေသကော က ရေစက် ချပေါ့။

ပြီးမှ အရှင်ဂသေကော က သူ့ ရဲ့  အစီစဉ် အတိုင်း လက်ပတော့ နဲ့  သူမှတ်တမ်းတင် ရိုက်ခဲ့တဲ့ ဓာတ်ပုံ တွေ ကိုရှင်းလင်းပြတယ်။
ဟို လွန်ခဲ့တဲ့ ၁၆နှစ်ဆီက ရုပ်ရှင် (၇၅) နှစ် စိန်ရတုကိုတောင် အမှတ်ရသွား စေခဲ့တယ်။ ရုပ်ရှင်ပေါ်ကာစ ဆိုင်း မပါ စကားပြော အသံမပါ၊ အောက်ကနေ ဆိုင်းတီးပြီး ပိတ်ကားပေါ်က ဖြူမဲ ကို သရုပ်ဆောင်တာ ကြည့်ပြီး ရှင်းပြနေသလိုပါလား ပေါ့။

ခုဟာက တီးလုံးမပါဘဲ သက်သက် ဗလာချည်း ရှင်းပြနေတယ်။ သူရှင်းပြတာကတော့ သံဃာနဲ့  ဆိုင်တဲ့တရားအားထုတ်တဲ့ နေရာတွေ၊ အနောက်က ရဟန်းတော်များ အကြောင်း၊ မလေးရှား သံဃာ တွေအကြောင်း၊ကျောင်းတည်နေပုံ စင်္ကြံလမ်းနဲ့  ။ ထိုင်းကလူတွေ၊ မလေးရှားက တရုပ်တွေ တရား ထိုင်ကြတာကို ဒီက လူတွေ အားကျလာအောင် ပြောတာ ထင်လေရဲ့ ။

( ပွင့်လင်းစွာ ၀န်ခံရသော် ဂျာမန်လို ရှင်းပြသည့်အတွက် အားလုံးနားမလည်။ နားလည်သလောက် ပြောလိုက်တာပါ။ဒါ့ထက် ဘာတွေ ပြောသေးတယ်ဆိုတာတော့ မသိတော့ပါ။)

ဒီလိုနဲ့  တစ်နေကုန်သွားတာပါပဲ။ လူတွေလည်း ပင်ပန်းကြရောပေါ့။ လူကလည်း များသလားမမေးနဲ့ ကျောင်း နဲ့  အပြည့်လျှံပါပဲ။ ကျောင်းက ဆန့် တာလည်း လူ ၃၀ ညပ်ညပ်စာသာ။ လာကြတာတော့ လူ ၇၀ ခန့်  လောက်ထိ လာပါတယ်။ မနက်ခင်း ပူဇာ အပြီး ကျောင်းသားနဲ့  အဖွဲ့ များ ပြန်သွားလို့  နေသာ ထိုင်သာပါ။ နေ့ လည်မှာ တစ်ချို့ ကတော့ မိုးတိုး မတ်တပ် ရပ်လျက် နေရတာကလည်း ရှိပါ သေး တယ်။

တစ်နေတာ ပြီးသွားတာမို့  လူတွေ လည်း ပြန်သွားကြလေပြီ။ ည ဘုရားဝတ်ပြုချိန် တရားထိုင်ချိန်မှ အချို့  ပြန်လာကြတယ်။ကျန်တဲ့ အပိုင်းကိုတော့-

မာဃ ပူဇာ အပိုင်း (ခ) ကို စောင့်စား ရှုစားပါလေကုန်။


မှတ်သားလိုသူတို့ အတွက်
တစ်ဆယ့်နှစ်လ အမည် ပါဠိ-
စိတ္တ မာသ- တန်ခူးလ ။ ဝေသာခ မာသ- ကဆုန်လ။ ဇေဋ္ဌ မာသ- နယုန်လ ။ အာသာဠှ မာသ- ၀ါဆိုလ။ သာဝန မာသ- ၀ါခေါင်လ ။ ပေါဋ္ဌပါဒ မာသ- တော်သလင်းလ။ အဿယုဇ မာသ- သီတင်းကျွတ်လ။ကတ္တိက မာသ- တန်ဆောင်မုန်းလ။ မာဂသိရ မာသ- နတ္တော်လ ။ ဖုဿ မာသ- ပြာသိုလ် လ။ မာဃ မာသ- တပိုတွဲလ ။ ဖဂ္ဂုန မာသ- တပေါင်းလ။

မြတ်ရောင်နီ
(၂၈၊၀၂၊၂၀၁၀)

Saturday, February 27, 2010

မာဃ ပူဇာ အစီစဉ်



မာဃ ပူဇာ ခေါ် သြ၀ါဒ ပါတိမောက္ခ နေ့  အစီစဉ်မှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။
မြန်မာလအားဖြင့် တပိုတွဲ လပြည့်နေ့ တည်း။

Programm
Sonntag, 28. Februar 2553 (2010)

.
10:00 Zusammenkunft im Kloster
10:30 Rezitation von Dhamma-Versen durch die Mönche und Gedanken zum Ovāda-Pātimokkha
11:20 Essenspende an die Mönche
12:00 Mittagessen für alle Teilnehmer
13:00 Dhammavortrag von Ashin Tejobhasa – Thema: Die Bedeutung des Sangha
14:00 Winterwanderung mit Dhamma-Gespräch in den Freisinger Wäldern mit Bhante Gavesako und Thitadhammo
17:00 “Wanderungen zu Waldklöstern in Thailand und Malaysien” Bericht von Bhante Gavesako über seine Studienreise (noch bis 11. Februar)
20:00 Andacht und Meditation (bis 21:00)
Program

Sunday 28 Februar 2553 (2010)

.

10:00 meeting in the Monastery

10:30 Dhamma recitation of verses by the monks and thoughts on Ovada-Patimokkha

11:20 Food Donation to the monks

12:00 Lunch for all participants

13:00 Dhammavortrag of Ashin Tejobhasa - Theme: The importance of the Sangha

14:00 winter walk with Dhamma talk in the woods with Bhante Freisinger Gavesako and Thitadhammo

17:00 "walks on forest monasteries in Thailand and Malaysia," Bhante Gavesako report on its study tour yet (until 11 February)

Prayer and meditation 20:00 (until 21:00)




မြတ်ရောင်နီ
(၂၆၊၀၂၊၂၀၁၀)

Thursday, February 25, 2010

ဇန်န၀ါရီလ နေ့ ဆွမ်း မှတ်တမ်း

၂၀၁၀ခုနှစ်၊ ဇန်န၀ါရီလ

နေ့ ဆွမ်း မှတ်တမ်း


၁။မွေးနေ့ ရှင် ဒေါ်မယ်လိဝံ (ထိုင်း) ရွှေရတု မွေးနေ့ 
၂။ဒေါ်ရလီကယ် ( ဂျာမန်)
၃။နေ့ ဆွမ်း (အထူးမရှိတာနဲ့ ) ထိုင်းစားသောက်ဆိုင် (ဆွမ်းခံ)
၎။မြူးနစ်မြို့ မှ ( မြန်မာ ) မိသားစု ဆွမ်းကပ် လွတ်လပ်ရေးနေ့  အမှတ်တရ
၅။ဒေါ်မယ်လိဝံ (ထိုင်း) ကျောင်းဆွမ်းပို့ ၊
၆။စုပေါင်း ဒါန နဲ့  ဒေါ်စုံကြိုင်း ( ဆွမ်းခံ )
၇။ မြန်မာ ဆမ် မိသားစု ( ဆွမ်းခံ )။ဦးယမဒ (ဂျပန်)
၈။ သီးသန့် မရှိ အရင်နေ့  လက်ကျန်ကို မနက်ခင်းက ပြန်လည်ကပ်နွေးဘုဉ်း
၉။ လုယာမော ထိုင်း စားသောက်ဆိုင် ( ဆွမ်းခံ )
၁၀။ဒေါ်နိလာမိ (သီရိလင်္ကာ) ဆွမ်းကပ်
၁၁။ Metzgerei ခေါ် စားသောက်ဆိုင်ပုံစံမျိုးဆိုင်မှ ကူပွန်ဖြင့်သွားအလှူခံခဲ့၊ဦးတိုဘိယ (ဂျာမန်)
၁၂။ဒေါ်မယ်လိဝံ (ထိုင်း)ကျောင်းဆွမ်းပို့ ၊
၁၃။ Metzgerei ခေါ် စားသောက်ဆိုင်ပုံစံမျိုးဆိုင်မှ ကူပွန်ဖြင့်သွားအလှူခံခဲ့
၁၄။ မြန်မာ ဆမ် မိသားစု ကျောင်းဆွမ်းလာပို့ ၊ ဦးယမဒ ( ဂျပန်)
၁၅။ ဒေါ်စုံကြိုင်း မိသားစု( ဆွမ်းခံ )ဦးယမဒ ဂျပန်၊ ဦးတိုဘိယ (ဂျာမန်)
၁၆။လုယာမော ထိုင်း စားသောက်ဆိုင် ( ဆွမ်းခံ )
၁၇။ ထိုင်းဒကာမ တစ်ဦး မွေးနေ့  အလှူ
၁၈။သီးသန့် မရှိ အရင်နေ့  လက်ကျန်ကို မနက်ခင်းက ပြန်လည်ကပ်နွေးဘုဉ်း၊ ဦးတိုဘိယ(ဂျာမန်)
၁၉။ဒေါ်မယ်လိဝံ (ထိုင်း)ကျောင်းဆွမ်းပို့ ၊
၂၀။ Metzgerei ခေါ် စားသောက်ဆိုင်ပုံစံမျိုးဆိုင်မှ ကူပွန်ဖြင့်သွားအလှူခံခဲ့
၂၁။ မြန်မာ ဆမ် မိသားစု ( ဆွမ်းခံ )။ ဦးယမဒ (ဂျပန်)
၂၂။ဒေါ်စုံကြိုင်း မိသားစု( ဆွမ်းခံ )
၂၃။လုယာမော ထိုင်း စားသောက်ဆိုင် ( ဆွမ်းခံ )
၂၄။မြူးနစ်မြို့  မြန်မာ မိသားစု နေ့ ဆွမ်းကပ်
၂၅။သီးသန့် မရှိ အရင်နေ့  လက်ကျန်ကို မနက်ခင်းက ပြန်လည်ကပ်နွေးဘုဉ်း။
ဦးတိုဘိယ ( ဂျာမန် ) ပေါင်မုန့် ဆွမ်း
၂၆။ဒေါ်မယ်လိဝံ (ထိုင်း)ကျောင်းဆွမ်းလာပို့ 
၂၇။ဦးသရဏ (ထိုင်း) ကျောင်းဆွမ်းလာပို့ 
၂၈။မြန်မာ ဆမ် မိသားစု (ဆွမ်းခံ)။ဦးယမဒ (ဂျပန်)
၂၉။ဒေါ်စုံကြိုင်း (ထိုင်း)။ ဦးဆေးဇား (ဂျာမန်)
၃၀။လုယာမော ထိုင်း စားသောက်ဆိုင် ( ဆွမ်းခံ )
၃၁။ဒေါ်နိလာမိ (သီရိလင်္ကာ) ဆွမ်းကပ်


မှတ်တမ်းအနေနဲ့  တင်ပြလိုက်ခြင်းပါ။ ဘာမှ အထူးရယ်တော့ မဟုတ်ပါဘူး ။
ခုခေတ် ရဟန်းတို့  ထုံးစံအတိုင်း အလှူရှင် စာရင်းကို ကျောင်းနံရံတွေမှာ မကပ်ဘဲ
ဘလော့မှာ လာပြီး ကပ်တဲ့ သဘောပေါ့။ ပုံမှန် ဆွမ်းအလှူရှင် ရှိသည့်နေ့ မှတစ်ပါး
နေ့ တစ်ဓူဝ အတွက် သမုဒ္ဒရာ ၀မ်းတစ်ထွာလို့ ခေါ်ဆိုရတဲ့ ရေပြင်ကျယ်ကြီးမှာ
ကြုံသလို လှော်ခတ်နေရကြောင်း သိစေလို့ တဲ့ သဘောလောက်ပါပဲ။
ဝမ်းမြောက်နုမော် သာဓုခေါ်နိုင်ကြပါစေ။

မှတ်ချက်။ ။တစ်လတစ်ကြိမ် အလှူရှင် စာရင်းများ ရေးမှတ်တင်ပြသွားပါမယ်။

မြတ်ရောင်နီ
(၂၅၊၀၂၊၂၀၁၀)

Wednesday, February 24, 2010

အငိုမျက်လုံး အပြုံး စိတ်မှာ

အငိုမျက်လုံး အပြုံး စိတ်မှာ

မြင့်မြတ်တဲ့ ဘုရားရှင် သာသနာရဲ့ သွန်သင်ချက်ထဲမှာ ရဟန်းတော်များအတွက် သီချင်း ဆိုမှုဟာ ငိုခြင်းပါ၊ကခုန် ဒန့် စ် ( Dance ) တာဟာ ရူးတာပါ။ အချိန်အကြာချည်း ခွက်ထိုးခွက်လှန် သွား သုံး ဆယ့်နှစ်ချောင်း ပေါ်အောင် ရယ်တာဟာ ကလေးတို့  အပြုမူပါတဲ့။ ဒါကြောင့် ဘုရားရှင်က ရဟန်း တော်များ အတွက် မငိုကြဖို့ ၊ အရူးမထဖို့ နဲ့  တရားနဲ့ စပ်လို့  ပြုံးခဲ့ရင်တောင်မှ သွားပေါ်ရုံလေးမျှ ပြုံးဖို့ က အစ ဆုံးမတော် မူခဲ့ပါတယ်။
(အဂုၤတၱရနိကာယ ၊ တိကနိပါတ ၊ ၅။ရုဏၰသုတၱ)

ဒီလိုဆိုတော့ ရဟန်းတော်များ သီချင်းဆိုရင် ငိုတာပေါ့၊ အော်ဆိုရင် အော်ငိုတာပေါ့။ တိုးတိုး လေးဆို ရင် တိုးတိုးလေး ကြိတ်ငိုတာပေါ့ လို့  ငိုတာနဲ့  ပါတ်သက်လို့  တွေးမိတယ်။ ကခြင်း (Dance ) ဒန့် စ် လုပ်ရင်လည်း နဲနဲ လည်း လှုပ်ရုံလေးဆိုရင် ယဉ်ယဉ်လေးရူးပေါ့၊ အတော်လေး အပီပြင် ကပြီးဆိုရင် အရူးကြီးတာပဲ။ နေမြင့်လာလေ အရူးရင့်လေ ဆိုသလိုပေါ့။ ဟာသတွေ ပြောပြီး တဟားဟား တဟီး ဟီး ခွက်ထိုး ခွက်လှန် ရယ်ပြီဆိုရင်တော့ မရင့်ကျက်သေးတာပါပဲ။ ငယ်ရွယ်တဲ့ အချိန်မှာ အဲလို ကလေး ဆန်ဆန်ပဲ ရယ်တတ်ကြပါတယ်။ ကြီးလာလို့  ဆရာတော်ကြီးများကြတော့ သူတော်စိတ် ဓာတ် ကိန်းသွားလေတော့ ပြုံးရုံလေပေါ့။

ခု ကိုယ်လည်း အဲ ဒီထဲ မသိမသာ မဟုတ် ၊ သိသိသာသာ လို့  ပြောရမယ်၊ ခု သီချင်းလေး တစ်ပုဒ် နားထောင်မိတယ်၊ ကြိုက်တယ်၊ များသောအားဖြင့် သီချင်းကတော့ အချစ် ပါတဲ့ သီချင်းများပါတယ်။ အချစ်စကားလုံး လွတ်တာက ခပ်ရှားရှား။ အောင်ခြင်းရှစ်ပါး၊ ဘ၀သံသရာ၊ မေတ္တာပို့ ၊ အမေ ဂုဏ်ပြု သီချင်းတွေ လောက် ရှိမယ် ထင်ရဲ့ ။

အော်.. လောကီ လူသားပေကိုး ။ အချစ် ဆိုတဲ့ စကားလုံး ပါမှ အရသာ ရှိတာ ဖြစ်လိမ့်မယ် ထင်ရဲ့ ။ အချစ်စကားလုံး မပါရင် သတ်သက်လွတ်စားရသလို များ ဖြစ်လိမ့်မယ် ဟု ထင်ပါတယ် လေ။ ဘုရား ရှင်တောင် ပိယ- အချစ်နဲ့  ပါတ်သက်လို့  လူတွေနားရေ၀ ကြားချင်ကြ စကားလုံးကို အသုံးပြု ခဲ့ပါ သေးတယ်။ သံင်္ဂါယနာ မထေရ်တို့  က အဲဒီစကားတွေကို ပေါင်းစုပြီး တစ်နေရာတည်း စုစည်းပြ ထား တာ ရှိတယ် ။ဓမ္မပဒ မှာပေါ့။ ပိယ၀ဂ္ဂ တဲ့။ ပိယ- အချစ်၊ ၀ဂ္ဂ-စုစည်းမှု ။ အချစ်စုစည်းမှုပေါ့။အချစ်နဲ့ ဆိုင်တာတွေ စုစည်းထားတာပေါ့။အစမ်း တစ်ပုဒ်လောက် နမူနာ မြည်းကြည့်စမ်းပါ့။

အချစ်ကြောင့် သောကဖြစ်၊ အချစ်ကြောင့် ဘေးတွေတွေ့ ၊
အချစ်မှ လွတ်ကင်းရင် ဒုက္ခ ဆိုတာ ဘယ်လို လုပ်ပြီး ဖြစ်ဦးမှာလဲ -တဲ့။
စသဖြင့် ဟောထားတာ။

ဦးတည်ချက် မှန်ဖို့  လိုပါတယ်။ အချစ် ဆိုတဲ့ စကားလုံးကို သုံးပြီ အချစ် မရှိတဲ့ နိဗ္ဗာန်
ကို ပို့  သွားတော်မူခဲ့တာပါပဲ။နိဗ္ဗာန် ဟူသည် အချစ်မရှိရာတည်း။ ( နိ + ၀ါန= နိဗ္ဗာန ) နိ- မရှိ။ ၀ါန- အချစ် တဲ့။

ကဲ ... ဒီလို ဆိုတော့ အငို မျက်လုံး အပြုံးစိတ်မှာ ဆိုတဲ့ အတိုင်း ကိုယ်က ဘုန်းကြီး ဖြစ်နေတော့ သီချင်း အကြောင်း ရေးလို့  ကိုယ့်အတွက် အငို ပေါ့နော်။ ( ရှက်တာက မျက်နှာ ဆိုပြီး ဗန်းမော် ဆရာ တော်လို မျက်နှာကို သပိတ်နဲ့  ဖုံးအုပ်ပြီး ပြောရရင် ) ကိုယ်က အငိုဝါသနာ ကြီးသူမို့  ။ စိတ်မှာတော့ ပြုံး လျက် ပါ၊ စာဖတ်သူတို့  သိစေချင်တာကိုး။

စာဖတ် သူ လူများ အတွက် အပြုံးမျက်နှာလေးများနဲ့  စိတ်မှာ အပြုံးတပ်ဆင်ပြီး စာသား အဓိပ္ပါယ် ကို ဖတ်ပါ၊ တွေးပါ။ လိုက်နာပါ၊ ကျင့်သုံးပါ သီချင်းစားသားက ဒီလိုပါတဲ့-


မဟာဝီရ အို... ဗုဒ္ဓ
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ ၊ သံဃံ သရဏံ ဂစ္ဆာမိ။
သရဏတ္တယံ အဟံ ပူဇေမိ။
( ကမ္ဘာမြေပြင် အမှောင်အတိ နေ့ ရက်များ ကယ်တင်မရှိသော အခိုက်ကာလ
ဉာဏ်ပညာ အလင်းနဲ့  လမ်းမှန်ပြ ဗုဒ္ဓ........
အမှန်ကို မမြင်နိုင်ခြင်း အ၀ိဇ္ဇာတရား အရာရာကို တွယ်တာသည့်တဏှာ....
သံသရာဝန်းကို ချိုးဖျက်သွား ဗုဒ္ဓ.....
ကျင်လည်ရာ လေးဖြာသြဃ....စုန်ဆန်ကာ အကြိမ်ကြိမ် ပြန်ကျက်စား...
အဖန်ဖန်သေခြင်းသည် ဆင်းရဲ လေစွာ့ အို ...အဖ။
ဒေသနာတော် သစ္စာလေးပါး မမြင်နိုင်သူ အကျွန်ုပ်သည် လူ့ အန္ဓ...
ရွှေဉာဏ်ရှင် သဗ္ဗညုအား ပူဇော်ညွတ်တွား........အို.. မဟာဝီရ ဗုဒ္ဓ )
ဒုက္ခ၏ အကြောင်းသမုဒယ......
အကြောင်းအကျိုးတို့  ချုပ်ခြင်း နိရောဓ...
မှန်ကန်သည့် လွတ်မြောက်လမ်းသည်ကား မဂ္ဂ.......။
(စကားပြော)
ယေ ဓမ္မာ ဟေတုပ္ပဘ၀ါ ၊ တေသံ ဟေတုံ တထာဂတော အာဟ၊
တေသဉ္စ ယော နိရောဓော ၊ ဧ၀ံဝါဒီ မဟာသမဏော။
အကြင်တရားတို့ သည် အကြောင်းကြောင့် ဖြစ်ကုန်၏၊
ထိုဖြစ်ရာ အကြောင်းကိုလည်းကောင်း၊
ထိုအကြောင်း အကျိုးတို့ ၏ ချိုငြိမ်းရာနှင့် ချုပ်ငြိမ်းကြောင်းကိုလည်းကောင်း
တထာဂတ ဟောတော်မူအပ်ပြီ။
မြတ်သောရဟန်းသည် ဤသို့  အယူရှိ၏။

တေးရေး- မောင်မောင်ဇော်လတ်။ တေးဆို -ထူးအိမ်သင်

ကြည့်လိုက်စမ်းပါ့၊ မဟာဝီရ အို ဗုဒ္ဓ တဲ့ ခေါင်းစဉ်က၊ မဟာဝီရ အို ဗုဒ္ဓ ဆိုတာ ကြီးမားသော ရဲရင့်တော်မူသော အို- မြတ်စွာဘုရား။

သီချင်း အစမှာ ၊ သရဏဂုဏ် သုံးပါးနဲ့  စပါတယ်၊ပြီးတော့ သရဏတ္တယံ သရဏဂုဏ်သုံးပါး စလုံး ကို ပူဇော်ပါ၏ တဲ့။

အန္ဓီဘူတော အယံ လောကော လို့  စာမှာ ရှိပါတယ်။ ဟောဒီ လောကမှာ ရှိတဲ့ သူတွေ အမှောင် သဖွယ် ဖြစ်နေတယ်တဲ့၊ သီချင်းမှာလည်း အမှောင်တိ နေ့ ရက်များတဲ့လေ။

ကယ်တင်မရှိဘူးဆိုထားတာ တွေ့ တယ် မဟုတ်လား။ မြတ်စွာဘုရား ကိုယ်တော်တိုင် သတိပေး စကားရှိပါတယ်။ တုမှေဟိ ကိစ္စံ ကာတဗ္ဗံ ၊ အက္ခာတာရော တထာဂတာ- ငါက လမ်းပြသူ၊ လမ်း လျှောက်နည်းသင်တာ၊ မင်းတို့  ကိုယ့်ဖာသာ လျှောက်ပါ ဆိုတဲ့ စကားပေါ့။

အတ္တာဟိ အတ္တနော နာထော ၊ ကော ဟိ နာထော ပရော သိယာ-တဲ့။ ကိုယ့်ကိုယ်ဘဲ အားကိုး၊ မှန်တယ်၊ အခြားသူက ကိုယ့်ကယ်မယ် ဆိုတာဘယ်လို လုပ်ဖြစ်မှာလဲတဲ့။ အဲလို လမ်းမှန်ပြ တော်မူခဲ့ တာ။

ဒါပေမယ့် မသိလို့  ထင်ရာစိုင်းနေတဲ့ သူတွေမှာ သစ္စာလေးကို မြင်နိုင်တဲ့ အသိ ၀ိဇ္ဇာက မရှိတော့ ဆန့် ကျင်ဘက် အ၀ိဇ္ဇာက မှောင်အောင် ပိတ်ဆို့ တော့တာပေါ့။ သူတင်မဟုတ်ဘူး။ ဘ၀တိုင်းကို ဖြစ်စေတဲ့ တဏှာက ကလည်း ဘ၀ရဲ့  ပေါက်ဖေါ်ကြီးပေါ့။

ဘုရားရှင်က ဒါကို သိတော်မူတယ် ၊ မြင်တော်မူတယ်။ သိတော်မူလို့ မြင်တော်မူလို့  ဘ၀ရေစုန်မျော စေတဲ့ ကာမောဃ ဘဝေါဃ ဒိဋ္ဌောဃ အ၀ိဇ္ဇောဃ ဆိုတဲ့ သြဃလေးဖြာ သံသရာကို ကျော် လွှား နိဗ္ဗာန် ဆိုတဲ့ ကုန်းပေါ်သို့  အရောက်ကြွလှမ်း တော်မူခဲ့တယ်။

သီချင်းစာသား ရေးသူအနေနဲ့ ကတော့ စုန်တစ်ချည် ဆန်တလှည့်နေရတာ ဆင်းရဲ လေစွာ့ လို့  သံဝေဂဉာဏ် ရှေ့ ထား သီကုံးထားတာ တွေ့ ရတယ်။ သူ့ ကိုယ်သူ လည်း သစ္စာ လေးပါး မမြင် သေး သူမို့  လူ့ အန္ဓ ဆိုတာကို ရဲရဲတင်းတင်း လူသိရှင်ကြားပြောသွားတာပဲ။ အန္ဓ ဆိုတာ စာအလို အ ကန်း ( blind ) တရားမသိသေးသူပေါ့။ ဉာဏ်မျက်စိ အလင်းမရသူကို ဆိုလိုတာပါ။

အော် - မိုက်လျင် မိုက်မှန်းသိက လူတော် ဖြစ်နိုင်ပါတယ်။ မိုက်မှန်းသိလျက် လိမ္မာသယောင် ထင်နေက မိုက်တွင်းနက်သထက် နက်လှပါတယ်။

အဲဒီနောက် တေးရေး ဆရာက ဘုရားကို အားကိုတကြီးနဲ့  အို အဖ ပါတဲ့။ ပြီးတော့ သဗ္ဗညု ရွှေဉာဏ် တော်ကိုလည်း တရိုတသေ ရှိခိုးထားသေးတယ်။

အဲဒီ အထိ ဒုက္ခ သစ္စာနဲ့  သူ အားကိုး မှီခိုအားထားကြောင်း ပြောသွားတယ်။ ပြီးတော့မှ ဒုက္ခရဲ့ ဖြစ် ပေါ် စေတဲ့ အကြောင်း သမုဒယ တဲ့။
သမုဒယ ဆိုတာ လောဘ ၊( တဏှာ) ကာမတဏှာ ဘ၀တဏှာ ၀ိဘ၀တဏှာ တွေပေါ့။

အကြောင်းအကျိုး ချုပ်ရင် နိရောဓတဲ့။ တဏှာ မရှိရာသည် နိရောဓ သစ္စာ – နိဗ္ဗာန် လို့  ဆိုလို တာပါ။

ဒုက္ခလွတ်လမ်းကတော့ မဂ္ဂင် ရှစ်ပါးပါပဲ။ သူပြောထားတာ မှန်ကန် သည့်လမ်းတဲ့။ ဟုတ်ပါတယ်။ လမ်းက မှားတဲ့လမ်း မိစ္ဆာ။ မှန်တဲ့ သမ္မာ လို့  ရှိတာကိုး။

လမ်းရှစ်သွယ်ပေါ့။ သမ္မာဒိဋ္ဌိ-မှန်ကန်သော အမြင်၊ သမ္မာသင်္ကပ္ပ- မှန်ကန်သော အတွေး။ သမ္မာဝါစာ- မှန်ကန်သော အပြော၊ သမ္မာကမ္မန္တ-မှန်ကန်သော ကာယကံအမှု၊ သမ္မာအာဇီဝေါ-မှန်ကန်သော အသက်မွေးမှု၊ သမ္မာဝါယာမော- မှန်ကန်သော အားထုတ်မှု၊ သမ္မာသတိ- မှန်ကန်သော သတိ၊ သမ္မာသမာဓိ-မှန်ကန်သော တည်ကြည်မှု၊ စူးစိုက်မှု။ လူတော်တော်များ ဒီစကားကို ဓမ္မစကြာ လေ့လာဖူး သူတိုင်း သိကြလေရဲ့ ။

သို့ သော်- မိစ္ဆာဒိဋ္ဌိ၊ မိစ္ဆာသင်္ကပ္ပေါ၊ မိစ္ဆာဝါစာ စတဲ့ ရှစ်ပါးကိုတော့ နှုတ်က မရသလို ပါဠိကိုလည်း အကျွမ်းမ၀င် ဘူးလို့  ထင်ပါတယ်။ အမှန် (၈) ပါး ရှိသလို အမှား လည်း ရှစ်ပါးလည်း ရှိတယ်လို့  ဗဟုသုတ မှတ်စေချင်ပါတယ်။

သူတို့  လမ်း နှစ်သွယ်က ရထားတစ်လမ်း သံတစ်လမ်းပါ။ သုံးနဲ့ လေး ( ၃/၄ ) ပေါ့။ မျက်နှာမူရာ ချင်း မတူညီကျဘူး။ ကောင်းတဲ့ မှန်ကန်တဲ့လမ်းက သံသရာမှာ လွတ်ရာလမ်း ကျွတ်ရာလမ်း။ မှားတဲ့ လမ်းက သံသရာမှာ မလွတ်ရာ စွတ်ရာ လမ်းပေါ့။

အဲဒီနောက် - စကားပြော ခန်းထည့်ထားတာက ဂါထာ နဲ့ ဘာသာပြန်ပါ။ ဒီဂါထာကို ပေါ့သေး သေး မတွက်လိုက်နဲ့ ။ အနက်အဓိပ္ပါယ်က သစ္စာ လေးပါးကို တစ်ထိုင်တည်း မြင်သွားနိုင်တဲ့ ဂါထာပါ။

ဒီဂါထာလေးရဲ့ ဇာတ်ကြောင်းက ဒီလိုပါ -
ပဉ္စ၀ဂ္ဂီ ၅ဦးထဲက အရှင်အဿဇိ မထေရ်ဟာသပ္ပါယ် ကြည်ညိုဖွယ်ရာ ဣနြေ္ဒနဲ ဆွမ်းခံလှည့် လည် စဉ်မှာ လက်ယာတော်ရံ အဂ္ဂသာဝကကြီး ဖြစ်မည့် သာရိပုတ္တရာ ပရဗိုဇ်နဲ့  တွေ့ ပါတယ်။တရားစစ် တရားမှန်ကို ရှာနေတော့ မနေနိုင် မထိုင်နိုင် ကြည်ညိုစိတ်ညိုစိတ်တွေ တဖွားဖွား ဖြစ်ပါတယ်။

တရားရှိသူ တို့ ရဲ့  မျက်နှာဟာ လှပကြည်လင် အေးမြပါတယ်။ သာရိပုတ္တရာ ပရဗိုဇ်က စဉ်းစား ဆုံးဖြတ်လိုက်တယ်၊ ဒီ ဆရာတော်က သာမန်တော့ မဟုတ်ဘူး။ လောကမှာ ရဟန္တာ ဆိုတာ ရှိတယ်။ သူက ရဟန္တာတစ်ပါးအပါဝင် ဖြစ်မှာပဲ၊ ငါ သွားပြီး တရား မေးရရင် ကောင်းမှာပဲ ဆိုပြီး ဒီလို စဉ်းစား ပါတယ်။

"အရှင်ဘုရား အရှင်ဘုရားက ဘယ်သူ့ ကို ဆရာထားပြီး ရဟန်းပြုခဲ့တာလဲ၊ အရှင်ဘုရား ဆရာဘယ် သူလဲ၊ အရှင်ဘုရားက ဘယ်သူရဲ့ တရားကို သဘောကျတာလဲ-"ပေါ့ တဲ့။ ဒါပေမယ့် သူ ပြန်စဉ်း စား တယ် မေးလို့  မတော်သေးပါဘူးလေ၊သူ ၀မ်းရေးအတွက် အစာရှာတာ အနှောက်ယှက် ဖြစ်နေ ပါ့ မယ်။ ဒီလိုနဲ့  နောက်က တကောက်ကောက်လိုက်ခဲ့တယ်။

ဆွမ်းခံပြီးတာနဲ့  သာရိပုတ္တရာ ပရဗိုဇ်နဲ့  အရှင်အဿဇိ မထေရ်တို့  ၀မ်းမြောက်ဝမ်းသာစကားတွေ ပြောကြ၊ ပြန်စဉ်းစားရင် အမှတ်ရစရာကောင်းတွေနဲ့  ပြောဆိုကြပြီး။ အဲ ဒီလိုပြီးမှာ အပေါ်က စဉ်းစား ခဲ့သလို မေးလျှောက်ပါတယ်။

အရှင်အဿဇိမထေရ်က ပြောပါတယ်။ သာကီဝင်မင်းသားဖြစ်တဲ့ သာကီမင်းမျိုးမင်းနွယ်က ရဟန်းပြုခဲ့တဲ့ ရဟန်းမြတ် ဆိုတာရှိတယ်။ အဲဒါ ငါရဲ့ ဆရာဖြစ်တဲ့ ဘုရား ဘဂ၀ါ ပဲ။ သူရဲ့  ဓမ္မကို နှစ်သက် သဘောကျတယ်။

ဒါဆိုရင် အဲဒီ အရှင့် ဆရာက ဘယ်လို အယူဝါဒရှိပြီး ဘာတွေ ဟောပါသလဲ-တဲ့။ အရှင်အဿဇိ မထေရ်က အေး- ငါက ရဟန်းဝတ်တာ သိပ်မကြာသေးဘူး၊ ဓမ္မကို အကျယ်တော့ မဟောနိုင်ဘူး၊ ဒါပေမယ့် အကျဉ်းအနေနဲ့  အဓိပ္ပါယ် ပြောပြမယ် ပေါ့။

သာရိပုတ္တရာ ပရဗိုဇ်ကလည်း ရပါတယ် အရှင်ဘုရားရယ်၊ နဲသည်ဖြစ်စေ များသည် ဖြစ်စေ ဟောစမ်းပါ၊ အဓိပ္ပါယ်ကို ဟောပါ ၊ အဓိပ္ပါယ် ကိုပဲ တပည့်တော် လိုပါတယ်၊ ဂရမ်မာတွေ သဒ္ဒါတွေ ကတော့ ထားလိုက်ပါ ဘုရား။တဲ့။

အဲဒီ အပေါ်က ဂါထာကို ရွတ်လိုက်ပါတယ်။ အဲဒီနောက် သာရိပုတ္တရာ ပရဗိုဇ် သစ္စာ အလင်း ရှင်းခနဲ ဖြစ်သွားပါတယ်။ သောတာပန် ဖြစ်သွားပါတယ်။

ဒီနေရာမှာ စဉ်းစားစရာ ၊ တွေးတောစရာ ၊ တစ်ဂါထာလေး ရွတ်တာနဲ့  သောတာပန်ဖြစ်နိုင် ပါ့မလား ဆိုတဲ့ မယုံတဲ့ဘက်က အတွေးတွေ ဖြစ်စရာပေါ့။ ခု သံဃာတော်တွေ တစ်ဂါထာ မဟုတ်ဘူး၊ ဂါထာ ပေါင်း များစွာ အလွတ်ရထားတယ်။ ပြီးတော့ လူတွေလည်း ဂါထာတွေရတာပဲ။ အဓိပ္ပါယ်လည်း သိ တာ ပဲ။ ဘာမှ မဖြစ်ဘူးဆိုတာမျိုး။

ဟုတ်ပါတယ်။ ဘုရားလက်ထက်ကလည်း ပိဋကတ်သုံးပုံဆောင် မထေရ်တောင် တရားမကျင့်လို့  တုစ္ဆပေါဋ္ဌိလ- အချည်းနီးပေါဋ္ဌိလ လို့  အပြောခံရပါသေးတယ်။သူလည်း တရားမကျင့်ခင်က တရား မရခဲ့ပါဘူး။တရားအားထုတ်မှ တရားရတာပါ။

ခု သာရိပုတ္တရာ ပရဗိုဇ် တရားထူးရတယ် ဆိုတာ ပါရမီ ဖြည့်ထားတဲ့ ဘ၀တွေက များလှပြီ။ တရားအသိ စုဆောင်းထားတွေပေါ့။ ပွင့်ချိန်မတန်သေးလို့  စောင့်နေရတဲ့ ပန်းပမာလို တွေးကြည့်မိ ပါတယ်။ ရေစင်သန့်သန့်လေး တစ်စက်ကျလည်း ပွင့်သွားနိုင်ခဲ့တာပဲ လို့  နားလည်ပါတယ်။

ကိုယ်နဲ့  ကိုယ်လိုလူ အများစု ကတော့ ရေပုန်းကြီးနဲ့  လောင်းလည်း ဒီအချိန်မှာ ပွင့်နိုင်မယ် မထင်မိသေး။ တစ်ခါတစ်လေ ပန်းမှ စိုက်မိရဲ့ လားတောင် မသိဘူးလေ။

နောက်တစ်မျိုးနဲ့  တွေးကြည့်ရင်တော့ ကျက်ပြီးသား ညက်ပြီးသားစာ တစ်ခေါက်လောက် အာရုံပြု လိုက်တာ လေးနဲ့  ရသွားတာပဲ ဆိုတာမျိုးလို ပါပဲ ။ အခု ပရဗိုဇ်ဟာ ဘ၀ပေါင်းများစွာက တရား အလုပ် တွေကို ကျေပြီးသား ညက်ပြီးသားလို့  လည်း နားလည်ယူရင် ရပါမယ်။

ကိုယ်နဲ့  ကိုယ်လိုလူတွေကတော့ တရားအလုပ် ကျေပြီးသား ညက်ပြီးသား မပြောနဲ့ ။ စဖို့ တောင် အတော်လေး လည်နင်နေသေးတယ်။ စမိဖို့ လိုတယ်ပေါ့။

သာရိပုတ္တရာ ပရဗိုဇ် သောတာပန် တည်ပြီးတော့ သူငယ်ချင်း မောဂ္ဂလ္လာန ပရဗိုဇ်နဲ့  တရားထူး အရင်ရရှိ သူက ပြောကြေး ဟောကြေးဟေ့ လို့  ကတိက၀တ် ရှိတာကြောင့် မောဂ္ဂလ္လာန ဆီသွား ခဲ့ ပါတယ်။သူငယ်ချင်းကောင်းပီသပါပေစွာ့။

မောဂ္ဂလ္လာနကလည်း ရိပ်မိတယ်။ ဟာ- ကိုယ့်လူ ဒီနေ့  မျက်နှာတွေ ရွှင်ပြပြ ထူးခြားလှတယ်။ တရားထူးရလာခဲ့တာလား။ အေး ဟုတ်တယ်။ ဇာတ်ကြောင်း အကုန်စဉ်ပြောပြပြီး ဒီဂါထာလေးကိုပဲ ရွတ်ပြီး ဟောခဲ့ပါတယ်။ မောဂ္ဂလ္လာန လည်း သောတာပန် ဖြစ်သွားပါတယ်။
ဖြစ်သမျှ အလုံးစုံ ချုပ်သမျှနဲ့  ဆုံ ရမယ်-ယံကိဉ္စိ သမုဒယဓမ္မံ သဗ္ဗံ တံ နိရောဓဓမ္မံ။
ဆိုတဲ့ အသိ လင်းသွားပါတယ်။

အဲဒီနောက် မြတ်စွာဘုရားထံသွားပြီး ရဟန်းပြုခဲ့ကြပါတယ်။ နောင်သောအခါ အရှင်သာရိပုတ္တရာ မထေရ်မြတ်ဟာ မြတ်စွာဘုရားရှင်ရဲ့ လက်ယာတော်ရံ အဂ္ဂသာဝက အမြတ်ဆုံးတပည့်၊ အရှင်မောဂ္ဂ လ္လာန် မထေရ်မြတ်ဟာ လက်ဝဲတော်ရံ အဂ္ဂသာဝက အမြတ်ဆုံးတပည့် ဆိုပြီး နေရာအသီးသီး တာဝန် ယူကာ သာသနာရဲ့  လွတ်မြောက်ရေး လမ်းစဉ်ကို စံပြ ပြုလုပ် ဆောင်ရွက် တော်မူ ခဲ့ကြပါတယ်။ အဂ္ဂသာဝ ရာထူး မှာ ၂ပါးတည်းသာ ရှိပါတယ်။

အဂ္ဂသာဝကကြီးတွေ တရားထူးခွင် စ၀င်တဲ့ တရားကို တေးရေး ဆရာက ရေး ၊ တေးဆို ဆရာ ကလည်း ဆိုပြီး ဂုဏ်ပြုတာဟာ သူတို့ ရဲ ရည်ရွယ်ချက် အမှန်က လူတို့ ထံသိစေ ဖို့ ပါပဲ။ သို့ သော် အချစ် စကားလုံး မရှိလို့  သီချင်းရဲ့  အသက်ရှင်မှုဟာ နွမ်းလျလျ ဖြစ်ခဲ့ရတာပါ။ စာသား များ က လက်ဆတ်ဆဲပါ။

ခုတော့ သီချင်းလေးကို နားထောင်ရင်း ၊ တိုးတိတ်စွာ ငိုကာ ၊ ကိုယ့်စိတ်ထဲမှာ ပြုံးရင်း စာဖတ် ပရိသတ် စိတ်မှာ ပြုံးစေဖို့ ရာ ရေးသားလိုက်ပါတော့တယ်။




အပြုံးကိုယ်စီနဲ့  ရုန်းထွက်နိုင်ကြပါစေ။
မြတ်ရောင်နီ
(၂၄၊၀၂၊၂၀၁၀)

Monday, February 22, 2010

ဆွမ်း ( သဗ္ဗေ သတ္တာ အာဟာရဋ္ဌိတိကာ )

ဆွမ်းဒါယကာ ၊ ဒါယိကာမများ

အရုဏ်ဆွမ်း

တနင်္လာ- မောင်ချိန၀က် (ထိုင်း)
အင်္ဂါ- ကိုဆေးဇား (ဂျာမန်)
ဗုဒ္ဓဟူး- ကိုဆဗန်း၊ မနောနိ( ဂျာမန်+ထိုင်း)
ကြာသပတေး-ဒေါ်ဥရလီကယ် ( ဂျာမန် )
သောကြာ- ဦးချရတ် ( ထိုင်း )
စနေ - ဦးမီရှားအဲလ် ( ဂျာမန်)
တနင်္ဂနွေ- မုန့် ဆိုင်- (ငွေပေးလှူထား )
ဒေါ်အိမ်ဒီရာ (အိန္ဒိယ)
နှင့်
ဒေါ်နာတကံ ( ထိုင်း)



နေ့ ဆွမ်းခံအိမ်များ ပိဏ္ဍပါတ၀တ်


တနင်္လာ- ကိုတိုဘီယ ( ဂျာမန်) ပေါင်မုန့် + ပန်းသီး

အင်္ဂါ-
ဗုဒ္ဓဟူး-
ကြာသပတေး- မြန်မာ - စံ မိသားစု ( ဆွမ်း ) နှင့်
ဦးယမဒ ( ဂျပန် ) ပေါင်မုန့် + ငှက်ပျောသီး
သောကြာ- မစုံကြိုင်း ( ထိုင်း )မိသားစု ( ဆွမ်း )
စနေ - ထိုင်း လုယာမော စားသောက်ဆိုင် ( ဆွမ်း )
တနင်္ဂနွေ-

မှတ်ချက်။ ။ နေ့ ဆွမ်းခံ မရှိသည့် နေ့ များမှာ ထိုင်း- ဒေါ်နာတကံ၊ ကိုသရဏ က ဆွမ်းလာပို့ တာများ သည်။ တစ်ခါတလေ ထိုင်း ဒေါ်မယ်လိဝမ် ဆွမ်းပို့ သည် ။ သူတို့ မလာရင် ထိုင်း စားသောက်ဆိုင်ကိုပဲ သွားရသည့်အခါ လည်းရှိသည်။ ကူပွန် ကိုလည်း သုံးရ တဲ့ အခါလည်းရှိသည်။
တနင်္ဂနွေနေ့ များ ပုံမှန်မရှိပါ။ သီရိလင်္ကာ နှင့် ထိုင်း - ဒါယကာ ဒါယိကာမတို့ က ကျောင်းဆွမ်း လာကပ် တတ်ကြတာ များပါသည်။
တစ်ခါတရံမှာတော့ အရင်နေ့ က အပိုအလျှံများ သိမ်းထားပြီး၊ မနက် ဆွမ်းလာကပ် သည့်သူကို ပြန်ကပ်ခိုင်းကာ နွေးပြီး ဆွမ်းပေါင်းများ ဘုဉ်းရသည်။ ထို့ ပြင် မြန်မာဒကာမတို့ က အိမ်မှာ ဆွမ်းစား တရားနာ ပင့်သည့်အခါ လည်း ရှိသည်။ နေ့ ဆွမ်းမဘုဉ်းပေးရသည့် နေ့ မရှိပါ။ သူ့ ဟာနဲ့  သူ အဆင် ပြေသွားပါသည်။

မြတ်ရောင်နီ
(၂၂၊၀၂၊၂၀၁၀)

Saturday, February 20, 2010

လွယ်ကူသောအကျင့် လျင်သော အသိဉာဏ်

သုခါ ပဋိပဒါ ခိပ္ပါဘိညာ
လွယ်ကူသောအကျင့် လျင်သောအသိဉာဏ်

ဒီစကားလေးကို မြန်မာဗုဒ္ဓဘာသာဝင် နားတိုင်းမှာ ကြားနေကြ နားရေ၀ စကားလေး ပေါ့။ ဘာသာ ရေး အခန်းနားတွေမှာ ဘုန်းတော်ကြီးများက လူများရဲ့  သြကာသ ကန်တော့ချိုး ဖြင့် ကန်တော့ ပြီး တဲ့ အခါတိုင်း လွယ်သောအကျင့်လျင်သော အသိဉာဏ်ဖြင့် နိဗ္ဗာန် မဂ်ဖိုလ်ကို မျက်မှောက် ပြုလွယ်နိုင်ကြသည် ဖြစ်စေ- တဲ့။

ကိုယ်ကလည်း ဘာလေးဖြစ်ဖြစ် စိတ်က မြန်မာဆီကိုပဲ ပြန်ရောက်သွားမိတယ်။ သံယောဇဉ်က တကယ် ကြီး တယ် ကိုး။ သံယောဇဉ် ဆိုတာထက် ကျေးဇူး တရားကို အမှတ်ရတာလည်း ပါရဲ့ ။

ဒီအကြောင်း ခုရေးဖြစ်တာ လည်း ဒီနေ့  ဖေဖ၀ါရီလ (၂၀) ရက်နေ့ မှာ ကိုယ့်ရဲ့  သင်တန်း ပို့ ချမှု အစီစဉ် စပါ တယ်။ မနှစ်ကတော့ ဓမ္မပဒ အဋ္ဌကထာကို မူတည်ပြီး စပ်မိစပ်ရာ ပါဠိတော်တွေကို ပို့ ချခဲ့ပါတယ်။ ဒီနှစ်မှာ ပါဠိ တော်ကိုမူတည်ပြီး အဋ္ဌကထာ ဋီကာ ဆိုင်ရာကို အသုံးပြု ပို့ ချပါတယ်။

နိကာယ် ( ၅) ရပ်ရှိပါတယ်။ ခုဒ္ဒကနိကာယ်၊ ဒီဃနိကာယ်၊ မဇ္ဈိမနိကာယ်၊ အင်္ဂုတ္တရနိကာယ်၊ သံယုတ္တနိကာယ်။ အဲ ဒီ အထဲ က- ဒီနေ့  ပို့ ချခဲ့တာက မဇ္ဈိမနိကာယ် မဇ္ဈိမပဏ္ဏာသပါ။ သိစေ ချင် တာက နိကာယ် ငါးရပ်ထဲကအုပ်စု တစ်ခု။ ပဏ္ဏာသ ဆိုတာက နံပါတ် ၅၀။ သုတ်ပေါင်း ၅၀ဆယ် ပေါ့။ ၁။မူလပဏ္ဏာသ ၅၀၊ ၂။မဇ္ဈိမပဏ္ဏာသ ၅၀၊ ၃။ဥပရိပဏ္ဏာသ ၅၂ သုတ် ရှိပါတယ်။ အဲ ကျန်နှစ်ခုက သုတ်၅၀ စီရှိတာမို့  များရာလိုက်ပြီး ပဏ္ဏာသ ခေါ်လိုက်တာပါ။စာအုပ်အနေနဲ့ သုံးအုပ်ခွဲ ထား ပါတယ်။သုံးအုပ်ရှိပါတယ်။

စပြီး ပို့ ချတဲ့ သုတ်နာမည်က ၅သုတ်မြောက် ဗောဓိရာဇ ကုမာရသုတ်၊ ရာဇ၀ဂ် မှာ လာပါတယ်။ အဲဒီ သုတ် ထဲမှာမြတ်စွာဘုရား ဖြစ်ပြီးချိန် ဘုရားမဖြစ်ခင်က အကြောင်းကို ဗောဓိမင်းသားအား ပြန်လည် မိန့် တော်မူခဲ့ ပါ တယ်။

ဘုရားရှင်ဟာ ဘုရား မဖြစ်မီ အာဠာရ နှင့် ဥဒက ရသေ့တို့ ထံ တရားရှာဖွေခဲ့စဉ်က ဆရာ ပြောလိုက်တာလေးနဲ့ အသိဉာဏ်ဟာ သိပ်မကြာမီ အဲဒီဆရာရသေ့သိသလို သိသွားခဲ့တယ် ဆိုတာ ပြန်လည် မိန့် တော်မူခြင်းပါ။
ပါဠိလို- သော ခေါ ဟံ ရာဇကုမာရ န စိရေဿဝ ခိပ္ပမေ၀ တံ ဓမ္မံ ပရိယာပုဏိံ-တဲ့။

ပါဠိထဲမှာ ခိပ္ပမေ၀ – လျင်လျင်မြန်မြန်သာလျင် ဆိုတဲ့ စကားလေးကို ကြည့်ပြီး ကိုယ်သင်ဖူးခဲ့တဲ့ သုခါ ပဋိပဒါ ခိပ္ပါဘိညာ စကားကို အမှတ်ရသွားတယ်။ အဲဒီနောက် မြန်မာ ဘုန်းတော်ကြီးများရဲ့  လွယ်ကူသောအကျင့် လျင် သော အသိဉာဏ် ဆိုတဲ့ ဆုပေးကို သတိဆက်ရသွားစေခဲ့တယ်။

အဲဒါနဲ့  ပါတ်သက်လို့  -အဂုင်္တ္တရ နိကာယ် စတုက္ကနိပါတ် မှာလာပါတယ်။ ပုဂ္ဂိုလ် လေးမျိုးပါ။
၁။ဒုက္ခာ ပဋိပဒါ ဒန္ဓာဘိညာ (ခက်သောအကျင့် နှေးသောအသိဉာဏ်) ရှိသည့်ပုဂ္ဂိုလ်
၂။ဒုက္ခာ ပဋိပဒါ ခိပ္ပါဘိညာ ( ခက်သောအကျင့် လျင်သောအသိဉာဏ်) ရှိသည့်ပုဂ္ဂိုလ်
၃။သုခါ ပဋိပဒါ ဒန္ဓာဘိညာ ( လွယ်ကူသောအကျင့် နှေးသောအသိဉာဏ် )ရှိသည့်ပုဂ္ဂိုလ်
၎။သုခါ ပဋိပဒါ ခိပ္ပါဘိညာ ( လွယ်ကူသောအကျင့် လျင်သောအသိဉာဏ်)ရှိသည့်ပုဂ္ဂိုလ်

ဒီတိုင်းလေး ကြည့်တော့ ဒီလောက်ပဲသိမယ်။ စာထဲမှာ ရှင်းပြထားတာလည်း ဆက်ကြည့် ကြရအောင်။

နံပါတ် ( ၁ ) ပုဂ္ဂိုလ်ဟာ သူရဲ့  ပင်ကိုယ်အနေနဲ့ ရာဂပြင်းထန်တယ်၊ အဲဒီ ရာဂကြောင့်ဖြစ်လာတဲ့ ကိုယ်ဆင်းရဲမှု တွေ စိတ်ဆင်းရဲမှုတွေနဲ့ လုံးချာရိုက်နေတယ်။ ဒေါသ ၊ မောဟ နဲ့  ဒီတိုင်းပဲပေါ့။ အဲဒီလိုမျိုး ဖြစ်လေ့ရှိသူကို ဒုက္ခာ ပဋိပဒါ။ သူရဲ့  သဒ္ဓါ ၊ ၀ီရိယ ၊ သတိ ၊ သမာဓိ ၊ ပညာ ဆိုတဲ့ ဣနြေ္ဒ ၅ပါး အားနည်းက ဒန္ဓာဘိညာ။


နံပါတ် ( ၂ ) ပုဂ္ဂိုလ်ဟာ သူရဲ့  ပင်ကိုယ်အနေနဲ့ ရာဂပြင်းထန်တယ်၊ အဲဒီ ရာဂကြောင့်ဖြစ်လာတဲ့ ကိုယ်ဆင်းရဲမှု တွေ စိတ်ဆင်းရဲမှုတွေနဲ့ လုံးချာရိုက်နေတယ်။ ဒေါသ ၊ မောဟ နဲ့  ဒီတိုင်းပဲပေါ့။ အဲဒီလိုမျိုး ဖြစ်လေ့ရှိသူကို ဒုက္ခာ ပဋိပဒါ။ သူရဲ့  သဒ္ဓါ ၊ ၀ီရိယ ၊ သတိ ၊ သမာဓိ ၊ ပညာ ဆိုတဲ့ ဣနြေ္ဒ ၅ပါး ထက်သန်က ခိပ္ပါဘိညာ။

နံပါတ် ( ၃ ) ပုဂ္ဂိုလ်ဟာ သူရဲ့  ပင်ကိုယ်အနေနဲ့ ရာဂမ ပြင်းထန်ဘူး၊ အဲဒီ ရာဂကြောင့်ဖြစ်လာတဲ့ ကိုယ်ဆင်းရဲ မှုတွေ စိတ်ဆင်းရဲမှုတွေနဲ့ လုံးချာရိုက်မနေဘူး။ ဒေါသ ၊ မောဟ နဲ့  ဒီတိုင်းပဲပေါ့။ အဲဒီလိုမျိုး ဖြစ်လေ့ရှိသူကို သုခါ ပဋိပဒါ။ သူရဲ့  သဒ္ဓါ ၊ ၀ီရိယ ၊ သတိ ၊ သမာဓိ ၊ ပညာ ဆိုတဲ့ ဣနြေ္ဒ ၅ပါး အားနည်းက ဒန္ဓာဘိညာ။

နံပါတ် ( ၄ ) ပုဂ္ဂိုလ်ဟာ သူရဲ့  ပင်ကိုယ်အနေနဲ့ ရာဂမ ပြင်းထန်ဘူး၊ အဲဒီ ရာဂကြောင့်ဖြစ်လာတဲ့ ကိုယ်ဆင်းရဲ မှုတွေ စိတ်ဆင်းရဲမှုတွေနဲ့ လုံးချာရိုက်မနေဘူး။ ဒေါသ ၊ မောဟ နဲ့  ဒီတိုင်းပဲပေါ့။ အဲဒီလိုမျိုး ဖြစ်လေ့ရှိသူကို သုခါ ပဋိပဒါ။ သူရဲ့  သဒ္ဓါ ၊ ၀ီရိယ ၊ သတိ ၊ သမာဓိ ၊ ပညာ ဆိုတဲ့ ဣနြေ္ဒ ၅ပါး ထက်သန်က ခိပ္ပါဘိညာ။လို့  ဖွင့်ဆို ပါ တယ်။

ဒါကိုပဲ သမ္ပသာဒနီသုတ္တန်မှာ ၁၊ ၂ ၊ ၃ ပုဂ္ဂိုလ် တို့  လိုအပ်ချက် ရှိသည့်အတွက် ဟီန- ယုတ်လျော့ ကြောင်း ၊ မကောင်းကြောင်း ပြဆိုထား ပါတယ်။ ( လိုအပ်ချက်ကို ကိုယ့်ဖာသာ ရှာကြည့်လိုက်နော်)။ နံပါတ် ၄ ပုဂ္ဂိုလ်က အပြစ် ပြောစရာမရှိ ပဏီတ အတိ မွန်မြတ်ဘိ ။ သုခ နဲ့  ခိပ္ပ ဆိုတော့ ကောင်းမှ ကောင်းပေါ့။

ဒီ-လေးမျိုးကို ပဲ ပေဋကောဒေသပါဠိ ၊သုတ္တ၀ိဘင်္ဂ မှာတော့ တစ်မျိုး ပြပြန်တယ်။ အကျဉ်းမှတ်ကြည့်ပါ။

၁။၂။ တဏှာစရိတ – အလိုအာသာ ၊ တပ်မက်မှု စရိုက်ရှိတဲ့ ပုဂ္ဂိုလ်ဟာ - ဒုက္ခာ ပဋိပဒါ။ ဣနြေ္ဒ ၅ပါး အားနည်း လျင် ဒန္ဓာဘိညာ ၊ဣနြေ္ဒ ၅ပါး ထက်သန်က ခိပ္ပါဘိညာ။


၃။၎။ဒိဋ္ဌိစရိတ - ပညာရှိရှိတဲ့ ပုဂ္ဂိုလ်ဟာ သုခါ ပဋိပဒါ ။ ဣနြေ္ဒ ၅ပါး အားနည်းလျင် ဒန္ဓာဘိညာ ၊ ဣနြေ္ဒ ၅ပါး ထက်သန်က ခိပ္ပါဘိညာ။ ( ဒိဋ္ဌိ ဆိုတာ တစ်ခါတရံ မှားယွင်းတဲ့ အမြင် ရှိသူကို ဒိဋ္ဌိ ဆိုကြပေမယ့်၊ ဒီနေရာမှာ ဒိဋ္ဌိသမ္ပန္နော - ဉာဏ်အမြင်နှင့်ပြည့်စုံ မှု လို့ လည်း ယူရပါမယ်။ ယူဆပါတယ် ။)

နေတ္တိပကရဏ ပါဠိ မှာ ပထမ ပုဂ္ဂိုလ်ဟာ သမထ နဲ့  နီးစပ်တဲ့ အကြောင်းတရား။
စတုတ္ထ ပုဂ္ဂိုလ်ဟာ ၀ိပဿနာ နဲ့  နီး စပ်တဲ့ အကြောင်းတရား။ လို့  ဆိုပါတယ်။
ဒုက္ခာ ပဋိပဒါ ဒန္ဓာဘိညာသမထဿ ပဒဋ္ဌာနံ။ သုခါ ပဋိပဒါ ခိပ္ပါဘိညာ ၀ိပဿနာယ ပဒဋ္ဌာနံ။

အဲဒီစကားကို ကိုယ် နားလည်လိုက်တာကတော့ ပထမ ပုဂ္ဂိုလ်မျိုးက သာမန် ကျင့်ရုံနဲ့  မရ။ အားစိုက်ခွန်စိုက် သမာဓိ ရအောင်ကို ပထမ လုပ်သင့်တယ်။ စတုတ္ထပုဂ္ဂိုလ်မျိုးက ဉာဏ်ကလည်း သွက်လက် ဣနြေ္ဒ ၅ပါးထက် မြက် နေတာမို့ ဝိပဿနာကို အားထုတ်ရမှာ ဖြစ်တယ် လို့  သဘောပေါက်မိတယ်။ (တွေးခေါ်ကြံဆ လေ ကုန်)။

ကဲ... ဒီလိုဆိုတော့ ပုဂ္ဂိုလ်လေးမျိုး သိသွားပြီ။ ဆရာတော် ဘုရား ပေးတဲ့ ဆုနဲ့  ပြည့်ရပါလို၏။ လို့  ဆိုရုံတင် ရပါ့မလား၊ စဉ်းစား ကြည့်ကြဖို့ ပါပဲ။

လွယ်ကူသော အကျင့်ဆိုတာကို လူတိုင်း သဘော ပေါက်သင့်တာက မိမိကိုယ် ကို ရာဂ ဒေါသ မောဟ တွေ မပြင်းထန်အောင် လျှော့ရမယ်။ ရာဂ ဒေါသ မောဟ အဖြစ်နည်းအောင် ပြုကျင့်ဖို့ ပါပဲ။ ပုထုဇဉ် ဆိုတဲ့ စကားကို အားအား ရှိတိုင်း မသုံးကြစေရန်ပေါ့။


နောက်ပြီး-သူတို့ ကြောင့်ဖြစ်လာတဲ့ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲတာတွေလည်း စိတ်ထဲမှာ သိမ်းမထားနိုင်အောင် ကျင့်နိုင်မယ် ဆိုရင် သုခါ ပဋိပဒါ - လွယ်ကူသော အကျင့် ဖြစ်ပါမယ်။

ပြီးတော့ လျင်သော အသိဉာဏ်ဆိုတာက သဒ္ဓါ ၊ ၀ီရိယ ၊ သတိ ၊ သမာဓိ ၊ ပညာ ဆိုတဲ့ ဣနြေ္ဒ ၅ပါး ထက်သန်ရပါမယ်။ ကြိုးစားရမယ်ပေါ့။ဒီ ၅ ပါးကို ဗိုလ် ၅ပါးလို့ လည်း ခေါ်ပါတယ်။ ဗိုလ်ရှိရင် ဘာမဆို ဖြစ်နိုင်တယ် ဆောင်းပါးမယ် ၅ ပါးစလုံး အဓိပ္ပါယ်ကို ရေးခဲ့ပြီးပါပြီ။ ပြန်ဖတ် ကြည့်ပါ။ ဒီ ၅ ပါးသာရှိလျင် လျင်သော အသိဉာဏ် ရှိလာပါမယ်။

ဒါကြောင့် ထိုင် နေလို့ တော့ ဘာမှ ဖြစ်မလာဘူး - ဆိုသလို ပြည့်စုံရပါလို၏ လို့  ဆုတောင်းရုံနဲ့  ပြည့်ရိုးထုံးစံမရှိပါ။ လွယ်ကူသော အကျင့် ( သုခါ ပဋိပဒါ ) လျင်သော အသိဉာဏ် ( ခိပ္ပါဘိညာ ) များ အသီးအသီး အသက အသက ရှိကြစေဖို့ နဲ့ ၊ နားလည် သဘောပေါက် ကြတဲ့အတိုင်း ကြိုးစား အားထုတ်ရန် ရည်ရွယ်ပြီး ရေးလိုက်ပါတယ်။ ဒီလို ဆိုတော့ ဆုမပေးတော့ပါ။ ကိုယ်တိုင် အားထုတ်ဖို့ သာ။

သို့ မှသာ ဘုရားရှင်က ဗောဓိမင်းသားကို န စိရေဿဝ ခိပ္ပမေ၀ တံ ပရိယာပုဏိံ- စကား မိန့် တော်မူဘိသကဲ့သို့  နိဗ္ဗာန် မဂ်ဖိုလ်ကို ရက်တိုတိုဖြင့် လျင်လျင်မြန်မြန် ရောက်ရပါလို၏ ဆုတောင်းနဲ့  နီးမည် ဖြစ်ကြောင်း ရေးသား လိုက်ပါတော့တယ်။


စာဖတ်ပရိသတ် လူဒကာ ဒကာမ တို့  အတွက် အလွယ်တကူ သိစေရန်-
ဒုက္ခ- ခက်ခဲမှု၊ခက်ခဲသော။ (အများ သိထားသည်မှာ ဆင်းရဲ မျှသာ)။ သုခ- လွယ်ကူမှု၊ လွယ်ကူသော။ ( အများ သိထားသည်မှာ ချမ်းသာမျှသာ )။ ပဋိပဒါ- အကျင့် ၊ စရိုက် ။ ဒန္ဓ- နှေးကွေး။လေးလံမှု။ ခိပ္ပ-လျင်လျင်မြန်မြန်။ ခပ်သွက်သွက်။
အဘိညာ- အသိဉာဏ်၊ ထူးထူးခြားခြားသိမှု။ ( အများ သိထားသည်မှာ အဘိဉာဉ် )။ ထို့ သို့  ဖြစ်လေသောကြောင့် သုခါ ပဋိပဒါ- လွယ်ကူသော အကျင့်၊ စရိုက်။ ခိပ္ပါဘိညာ- လျင်လျင်မြန်မြန်သိမှု ဟု ဆိုလိုပါသည်။

မြတ်ရောင်နီ
( ၂၁၊၀၂၊၂၀၁၀)

Friday, February 19, 2010

လ ထက် သာ တဲ့ လ




သီတဂူ ဆရာတော် ရဲ့ သက်တော် ( ၇၃ ) နှစ်ပြည့် ၊ တပေါင်းလပြည့်နေ့ ၊ မွေးနေ့  ပူဇာ အဖြစ် လရောင်ကို နမ်းရှိုက်သူများ ကဗျာစာစဉ် (၃) ကို သူငယ်ချင်းဖြစ်သူ လင်းထက် (မြင်းခြံ ) က စုစည်းတာဖြစ်ပါတယ်။ သူ့ ရဲ ဖိတ်ခေါ်မှုကြောင့် ကိုယ်လည်း ဆရာတော် ရဲ့  မွေးနေ့ မှာ ကျေးဇူး ဆပ်ခွင့် ရတယ်ပေါ့။ ဆရာတော်ရဲ့ ကျေးဇူးကြီးမား ပုံ ပြောမကုန်တာကို ကိုယ့်ရဲ့ နားလည်တဲ့ စကားများနဲ့ အကျဉ်းမျှ ရေးလိုက်ပါတယ်။ သီတဂူ ဆိုတာ လ အဓိပ္ပါယ်ရတော့ ကောင်းကင်က လ နဲ့  မြေပြင်က လ ကို နှိုင်းယှဉ် ပူဇော်လိုက်ပါတယ်။ ကဗျာ ဆရာ တရားဝင် မဟုတ်ပေမယ့် တောင် ခြစ် မြောက်ခြစ် ၀ါသနာ ဓာတ်ခံလေးနဲ့  ကြိုးစား ရေးလိုက်ခြင်းပါ။ ကဗျာကို တစ်စိမ့်စိမ့် ခံစားပြီး ဆရာတော့်ဂုဏ် ကြည်ညိုကြလေကုန်။


လထက်သာတဲ့လ


+ ဖိုးရွှေလကို လူတိုင်းတ

ညညအခါ သူ့ ဘ၀။

+ ဖိုးရွှေလ ဟာ သူ့ နေ့ ည
တစ်ခါတစ်ခါ သူလင်းရ
သူ့ ရဲ့ သဘာဝ။

+ လရောင်မွေးဖွား သူ့ ရဲ့ ည
လူတိုင်းရင်မှာ တဖွဖွ
စိတ်မှာအေးချမ်း တစ်ခဏ။

+ သီတဂူလ လူတိုင်းတ
နေ့ ညအခါ သူ့ ဘ၀၊
နတ်ဒေ၀ါလည်း ပါဝင်ကြ။

+ သီတဂူလ သာတိုင်းလှ
ချိန်ခါ မရွေး သူ လင်းပြ
သူ့ ရဲ့  သဘာဝ။

+ ဓမ္မရောင် မွေးဖွား သူ့ နေ့ ည
လူနတ်ရင်မှာ အေးမြမြ
ငြိမ်းချမ်းခွင်မှာ ထာဝရ။

ရှင်ဒဿန ( မြင်းခြံ )


မှတ်ချက်။ ။ မှတ်ချက်လေး တို့ လိုက်အုံးမှ။
အဲလို မတို့ လိုက်ရင် အရှင်တေဇောဘာသ ( မြင်းခြံ ) နဲ့  ရှင်ဒဿန( မြင်းခြံ )တစ်ပါးစီ ထင်နေလိမ့်မယ်။ အတူတူ ဖြစ်ပါတယ် ။ ကလောင်နာမည် နောက်တစ်မျိုး ဖြစ်တယ် ဆိုတာကို ပြောလိုပါတယ်။

မြတ်ရောင်နီ
(၁၉၊၀၂၊၂၀၁၀)

Thursday, February 18, 2010

မြန်မာသပိတ် နဲ့  ဂျာမဏီ အာဟာရ





ဂျာမဏီ နေ့ ဆွမ်း မဘုဉ်းပေးမီ ဆွမ်းပြင်ထားတဲ့ ပုံ။
ပရပဋိဗဒ္ဓါ မေ ဇီဝိကာ-
လို့  ဆိုထားတဲ့ အတိုင်း လူတို့ ရဲ့ သဒ္ဓါကို မှီပြီး အသက်
ရှင်တဲ့ ဘ၀မှာ ရတာလေးနဲ့  ပဲ တင်းတိမ်နိုင်ရတာပါပဲ။
ဘာအစား ကို ဘုဉ်းချင်တယ်၊ ဘုဉ်းရမယ် လို့ 
ဂျီးများမရတဲ့ ဘ၀ပါတကား။

( မြတ်ရောင်နီ )
(၁၈၊၀၂၊ ၂၀၁၀)

Wednesday, February 17, 2010

ဂျာမဏီမြေပေါ်က ခြေလှမ်းများ- ၁၀

စားဝတ်နေရေး ကျန်းမာရေး
ဆွမ်း (အစား)

ခြေလှမ်းများ (၇)မှာ သင်္ကန်း အ၀တ်နဲ့  ပတ်သက်လို့  ဖေါ်ပြပြီးပါပြီ။ အဲဒီတုန်းက ကလေးတုန်းက ကျက်ခဲ့ဘူးတဲ့ သင်္ကန်း ဆွမ်း ကျောင်းဆေး အစဉ်ရှိတာမို့  သင်္ကန်းကို အစဆုံး ရေးခဲ့ကြောင်း ပြောခဲ့ ပါတယ်။ တကယ်တမ်းတော့ လူတွေရဲ့  ပါးစပ်ဖျားမှာ ပြောသလို စား ၀တ် နေရေး ကျန်းမာရေး ဆိုလည်း မမှားပါဘူး။

ဝိနည်း မဟာဝါ ပါဠိတော်မှာ အများပြောသလို ရဟန်းဖြစ်စ ဥူးဇင်းသစ်လေးကို ဆရာဥပဇ္ဈာယ် တို့ က စာလာအတိုင်း ပြောဆို ဆုံးမတဲ့အခါ အစားကို ပထမဦးစွာ သိမ်က မထွက်မီ အစားသောက်နဲ့ ပါတ်သက်လို့ ဖြေးရှင်းတတ်ဖို့  အတွက် သွန်သင် ပေးလိုက် ပါတယ်။

သွန်သင်ပုံက -
ပိဏ္ဍိယာလောပဘောဇနံ နိဿာယ ပဗ္ဗဇ္ဇာ၊ တတ္ထ တေ ယာဝဇီဝံ ဥဿာဟော ကရဏီယော။
အတိရေကလာဘော သံဃဘတ္တံ ဥဒ္ဒေသဘတ္တံ နိမနန္တနံ သလာကဘတ္တံ ပက္ခိကံ ဥပေါသထိကံ ပါဋိပဒိကံ။
(၀ိနယပါဠိ၊မဟာဝဂ္ဂ ။ စာမျက်နှာ ၁၃၃)

နားလည်လွယ်အောင် ပြောရရင် ကိုယ်ခြေထောက် နှစ်ချောင်းကို အမှီပြုပြီး ဆွမ်းခံစားပါတဲ့။ ဒါကို တစ်သက်လုံး အားတက်သရောနဲ့  ပြုလုပ်ပါ။ ပြီးတော့ ထပ်ပြောတာက တကယ်လို့ များ သံဃာ့ဒါန လုပ်တာ၊ သီးခြားပင့်ကပ်တာ၊ အများနဲ့ ရောပင့်တာ၊ စာရေးတန်မဲဆွမ်း လှူတာ။ ဆယ့်ငါးရက် တစ်ကြိမ် လှူဒါန်းတာ၊ ဥပုသ်နေ့ကုသိုလ်လုပ်တာ၊ ဥပုသ်လွန်တစ်ရက်မှ ကုသိုလ်လုပ်သူရှိရင်လည်း ဘုဉ်းပေးလို့ ရတယ်။ (ဆွမ်းခံသွားစရာ မလိုရင် မသွားနဲ့ လို့  ဆိုလိုတဲ့ သဘောပေါ့။)

ဒါကို ကြည့်သောအားဖြင့် ဆွမ်းခံကို အတတ်နိုင်ဆုံး ဆွမ်းခံဘုဉ်းပေးပါ။ အဲဒါကြောင့်လည်း ရွှေဟင်္သာဆရာတော်ကြီး၊ မစိုးရိမ်ဆရာတော်ကြီးတို့  စတဲ့ဆရာတော်ကြီးများဟာ သူတို့ ရဲ့ ရဟန်း ဘ၀ တစ်သက်လုံး ဆိုသလို ဆွမ်းခံကြွခဲ့ ကြတာပေါ့။သို့ ပေမယ့် ဆွမ်းခံမကြွလည်း အပြစ် မရှိပါ ဘူး။ နောက်ဆက်တွဲစကား ရှိပြီးသားပဲ။

ကိုယ့်ကျောင်းလာလှုတဲ့ သူရှိရင် ဖြစ်ဖြစ် ပင့်ဖိတ်လို့ ပဲ ဖြစ်ဖြစ် ဘယ်လိုဖြစ်ဖြစ် ဘုန်းကံ အလျောက်ဖြစ်ပေါ်လာတဲ့ ဆွမ်းကို ဘုဉ်းပေးလို့ ရတာပါပဲ။ ကျောင်းအသီးသီး မှာလည်း စာသင်တိုက် ဆရာ တော် ကြီးများ ဖြစ်ဖြစ် ရိပ်သာဆရာတော်ကြီးများဖြစ် သူတို့  အလုပ်တွေက မအားလပ်အောင် အလုပ် လုပ်နေ ကြရတာဆိုတော့ ကျောင်းမှာပဲ နေကြရတာပေါ့လေ။

မြတ်စွာဘုရား လက်ထက်ကလည်း ဒီလိုပါပဲ တစ်ပါးဆွမ်းခံထွက်၂ပါးက တရားအားထုတ်ပြီးကျောင်း ကျန်နေခဲ့တာတွေ။ တစ်ပါး ဆွမ်းခံတာကို ခွဲဝေ ဘုဉ်းပေးတဲ့ နေရာတွေ အများအပြားပါ။ခုပြော ချင်တာကဆွမ်းခံထွက်ခြင်း မထွက်ခြင်းကို အဓိက မပြောလိုပါ။ပြောစရာလည်း အထူး မလိုပါ။

ကိုယ့်ရဲ့  ဥရောပမှာ ဆွမ်းနဲ့  ပါတ်သက်လို့  တွေ့ ကြုံနေရတာကို ပြောပြချင်လို့  ရေးလိုက်ခြင်း သက် သက် ပါ။ ရောက်ခါစနေ့ ကပေါ့ ၊ နေ့ ဆွမ်းမှာ ဥရောပ အစားအစာ နဲ့ စတင်ပြီး ကိုယ့်ရဲ့  ၀မ်းကို မိတ် ဆက်ပေးခဲ့ရတယ်။ဆွမ်းဒကာမကတော့ အနီးနေ သူငယ်ချင်းဥူးဇင်း ညီမပါ။ ဟော နောက်နဲ့  မနက် အရုဏ်ဆွမ်းမှာလည်း ဆွမ်းမဟုတ်ပြန်။ ဆွမ်းလို့  ပြောရမည့် ဂျုံကွေကာ အုတ်ဖျော် ဘုဉ်းပေးခဲ့ ရတယ်။

နေ့ ဆွမ်း ဝေဆက်ဒေး ဆိုတဲ့ ကဆုန်လပြည့်နေ့ မှာ ထိုင်းဒါယကာ ဒါယကာမတွေက ကပ်လှူလို့ ဆွမ်းအစစ် ဘုဉ်းပေးခဲ့ရတယ်။ အဲ ဒီလို တစ်ခုချင်ပြောပြရင်တော့ တစ်နှစ်နီးပါးဖြတ်သန်းတာ ပြီးမှာ မဟုတ်တော့ ဘူး။ ဒါကြောင့်မို့ ဆွမ်းနဲ့ ဆိုင်ရာ ဖြေရှင်းခဲ့ရပုံကို လိုရင်းပြောပါတော့မယ်။

ရောက်ကာစ ဆွမ်းခံအိမ်က မယ်မယ်ရရ ၄ ရက်စာအတွက် ရှိတယ်။ ၄ရက်စာ ဆိုတာ တစ်ပတ် တစ်ရက် ဆွမ်းလောင်းတာပေါ့။ ဆွမ်းလောင်းတယ် ဆိုတာ ဆွမ်းကို လောင်းတာမဟုတ်ဘူး။ ခေါက်ဆွဲရတဲ့ အခါရလိုက်။ အားလူး ပြုတ်လုံးထားတာ လှူလိုက်။ မုံလာရွက်၊ သခွါးသီး၊ မုံလာဥနီ စတာတွေရော ထားတာလှူလိုက်။ တစ်ခါတစ်ခါ အသား တစ်ကြီးကြီးတွေ ရလိုက်နဲ့ ။ အဲ မြန်မာ အိမ်နဲ့  စားသောက်ဆိုင်ကတော့ ဆွမ်းလောင်းလို့  တစ်ပတ် ၂ရက် တစ်ခါတစ်ခါ ၃ရက်လောက် ဆွမ်းစား ရတယ်။

တစ်လ နှစ်လ အကြာမှာ ဂျာမန်ဆွမ်းဒကာ ၂ ဦးက အလုပ်ရှုပ်နေတဲ့သူက တစ်ဦး၊ တစ်ဦး အလုပ် ရှာပြီး အလုပ်လုပ်အုံးဆိုတာက တစ်ဦး ဆိုပြီး ဆွမ်းခံ နားသွားတယ်။ အော်...ဘယ်လို ဖြေရှင်းကြမလဲ လို့  စောင့်နေစဉ်မှာပဲ ထိုင်းလူမျိုးတို့  နေ့ တစ်ဓူဝ ဆိုသလို တိုးတိုးလာတယ်။

အဲဒီထဲမှာတော့ ထိုင်းဒကာမကြီး တစ်ယောက်က အတော်လေး ကြောင့်ကြစိုက်ပါတယ်။ ကျောင်းမှာ ရှိတဲ့ ဘုရား ဆိုတာကိုလည်း သူက အလှူလုပ်ထားတာ။ မြန်မာလို ဆိုရင်တော့ ဆွမ်းအမ ၊ ဘုရား အမကြီးပေါ့။ ကိုယ့် အတွက် အ၀တ်လှူတာ လည်း သူပါတယ်။ ကျောင်းလိုအပ်တာ သေးသေး မွှား မွှား တွေလည်း လှူသူပါ။ သူက မကြာမကြာ ဆွမ်းပို့ တယ်။ အဲဒီ ရောက်စအချိန်မှာတော့ သူက တနင်္ဂနွေရက်ဆိုပြီး ယူထားလိုက်တယ်။

အခြားသူ ဆွမ်းကပ်သူ ရှိရင်တော့ အခြားနေ့  ပြောင်းကပ်ပါတယ်။ နောက်ပြီး အရေးပေါ်ဋ္ဌာန ဆွမ်းခံ အိမ်ကတော့ ထိုင်းစားသောက်ဆိုင်ပါဘဲ။ သူကတော့ စနေနေ့  အမြဲတာဝန်ယူပါ တယ်။ မြန်မာ ဒါယ ကာ အိမ် ကတော့ ကြာသပတေးနေ့ ။ အဲလိုနဲ့  သုံးရက် ရှိထဲ ရှိတာနဲ့ ။ နေ့ စဉ်ဆိုသလို ရလိုရငြား မြို့ ထဲ အနှံ့  ပတ်သွားတယ်။

လမ်းမှာ ဆွမ်းခံတယ်လို့ သိသူကတော့ သူတို့ လက်ထဲပါတဲ့ အသီးအနှံလေး တစ်ခါတစ်ခါလှူတယ်။
ဆွမ်းရပ်တယ် ဆိုတာကလည်း မြန်မာနိုင်ငံလို အိမ်ရှေ့  ရပ်လိုကမရ။ တံခါးတွေက အကုန်ပိတ် ထား တာ ဆိုတော့ ။ မုံ့ ဆိုင် ရှေ့ မှာ ရပ်ရတယ်။

ဘုန်းကြီးလုပ်ပြီး ရှက်လိုက်တာ မပြောပါနဲ့ ။ မြန်မာနိုင်ငံမှာဆို မုန့်ဆိုင်ရှေ့ ရပ်ရမယ်လို့ သိမထား ဘူး။ ဒီမှာက မုန့်ဆိုင်မှ မရပ်ရင် ရပ်ရမည့်နေရာ မရှိတော့ဘူး။ ကိုယ်ကရောက်ခါစ လမ်းက မသိ ဆို တော့ သူငယ်ချင်းကိုရှေ့ က သွားစေပြီး ကိုယ်က နောက်ကလိုက်ရတယ်။

အားကလည်း တင်းထားရသေးတယ်။ အိုးကွာ...သူ့ နိုင်ငံ ၊သူ့ မြို့ မှာ သူတောင် ရှေ့ ကရပ်သေးတာ ကိုယ်က ဘာလို့ မရပ်ရဲရမှာလဲပေါ့။ ကိုယ့်ကို သိတဲ့ လူ ဘယ်သူမှ မရှိတာကိုး။ ပြီးတော့ဆွမ်းခံတာပဲ ဘုန်းကြီး အလုပ်ကွ။ အံကိုကြိတ်ထားရတယ်။

ဆွမ်းခံအိမ်က မလုံလောက်တော့ ရောက်ခါစ ရှိသေးတယ်။ တို့ နေရာ ဖြန့် ကျမယ်တဲ့။
အရှင်ဘုရားက ဒီလမ်းသွား တပည့်တော် ဒီလမ်းသွားမယ်ပေါ့။ ကိုယ်က ပြောရတယ်။ နေဦး ။ ခုစောသေးတယ်။ နောက်ဖြေးဖြေးချင်း ဖြန့် တာပေါ့။ ဒကာတွေက မရင်းနီးသေးဘူး၊ ရင်းနီးတဲ့ အခါ ကိုယ်တော်က အိမ်အသစ်ရအောင်ရှာ၊ ကိုယ်က အိမ်ဟောင်းတွေမှာ သွားမယ်ပေါ့။

သူက စိတ်လောတယ်။ ကိုယ့်ကိုလည်း တစ်ပါးတည်း မုန့် ဆိုင်ရပ်ပါတဲ့။ ကိုယ်ကလည်း တစ်ပါးတည်းတော့ မရပ်ရဲ ဘူး၊ ငါက ရှက်တယ်။ တို့  မြန်မာနိုင်ငံမှာဆိုရင် ကိုရင်လေးတွေ၊ကြီးမှ ဘုန်းကြီးဝတ်ကြ တောထွက်တွေသာ ဒီလို ဆိုင်တွေမှာ ရပ်တာလို့  ပြောလိုက်တယ်။ ဘာ ရှက်စရာ လိုလဲတဲ့။ အေး- ရှက်စရာ မဟုတ်ပေမယ့် ငါကကို ရှက်တာလို့  အပြန်အလှန်ပြောခဲ့ရသေးတယ်။

ပြီးတော့ အကြောင်းပြစရာက တစ်ပါးတည်း မရပ်တာကလည်း ကိုယ်တော်တို့ လူမျိုးတွေကို ဂျာမန် လို ရှင်းပြမှ ရမှာကိုး၊ လူတိုင်းမှ အင်္ဂလိပ်လို မတတ်တာ စသဖြင့်ပြောရတာပေါ့လေ။ဒီလိုနဲ့  တစ်ပါး တည်းဆိုရင်တော့ ဆိုင်ရှေ့ မှာမရပ်ပါဘူး။

ဒါပေမယ့် အချို့ လူတွေရဲ့  နားလည်မှု စေတနာ ထားမှုကြောင့် တစ်ခါက ဒကာမကြီးက အလှူခံတာလားတဲ့။ ဟုတ်တယ် အလှူခံနေတာပါ။ ဒါဆို ငွေလှုမယ်ဆိုပြီး ငွေကို ထုတ်ပြတယ်၊ ငွေ အလှူခံတာမဟုတ်ဘူး၊ အစားအသောက် အလှူခံနေတာပါလို့  ပြောလိုက်တဲ့အခါ ဒီလိုဆိုဟိုနားက မုန့် ဆိုင်သွားပြီး မုန့် လောင်းမယ်ပေါ့။ ကဲ သွားသေးတာပေါ့ လို့  ပြောလိုက်တယ်။

အဲ .. စာသာ ဒီ
လိုရေးလိုက်တာ ။ သူပြောတာက ကိုယ့်ဖာသာနားလည်ယူရတာ။ သူ့ အမူယာကို အကဲခတ်ပြီး။ လိုက်ပြောပြီး လိုက်သွားတာ။ အမှန်ပြောရရင် သူပြောတဲ့စကား နားမလည်ဘူး၊ တစ်လုံးစ နှစ်လုံးစ လောက်နားလည်တာပါ။ ကိုယ့်တတ်သလောက် ဂျာမန်လေးနဲ့ တွယ်ရ ပါလေရော။

အဖွားကြီး က သူကအင်္ဂလိပ်တတ်ပုံမပေါ် မုန့် ဆိုင်က ဒကာမကို ဘာလိုလဲ မေးလိုက်ပေါ့။ ကိုယ်လိုတာ သူလှူမယ် ဆိုတဲ့ သဘောပေါ့။ ဒါလည်း နားလည် ယူရတာပဲ။ အင်္ဂလိပ် ဘာသာပြန်ပေးသူက ဘာလိုသေးသလဲ မေးမှ။ ဒါ ဒါ၊ ဟိုဟာ ဟိုဟာလို့  လက်ညိုးညွှန်ပြလိုက်တယ်။ အဲဒါနဲ့  ကဲ ယူပါပေါ့။ ရှင်းပြရတယ်။ ဒီသပိတ်ထဲကို လောင်းထည့်လိုက်ပါ။ ဘုန်းကြီးက ကိုယ့်ဖာသာ မယူရဘူးဆိုတာ သူတို့  သိသွား တာပေါ့လေ။


တစ်ခါကလည်း တစ်ပါးတည်း မီးပွိုင့်နီနေတာ ကားက အရပ်။ ဒကာမငယ်လေး တစ်ယောက်က လိမ္မော်သီး ၇လုံး ၈လုံး လောက် ချဉ်းလေးကို ကားထဲကနေ မြှောက်ပြတယ်။ လာအလှူခံပါလို့  ကိုယ်က သဘောပေါက်လိုက်တာပေါ့။ သွားပြီး အလှူခံလိုက်တယ်။ ပြီးတော့ သူတို့ စကားနဲ့  ဒန့် ကေ လို့  ကျေးဇူးတင်ကြောင်း အနုမောဒနာ ပြုရတာပေါ့။

အဲလိုနည်းနဲ့  လမ်းမှာ သိတတ်သူကတော့ စတောပဲရီယိုဗူးလေး လောင်းသွားတာတို့ ငှက်ပျောသီး လေး တို့  တော့ ရတတ်ပါတယ်။ နေ့ ဆွမ်းအတွက် နေ့ ဆွမ်းဒကာမရှိတိုင်း အရေးပေါ် ထိုင်းစား သောက် ဆိုင် ချည်း သွားရတော့ချည်းလည်းမဟုတ်ပါဘူး။ တစ်ခါတစ်ခါမှာလည်း မြန်မာနိုင်ငံ ကားများကူပွန် စီးရသလို စားသောက်ဆိုင်မှာ ကူပွန်စာရွက် လေးနဲ့  သွားကာ ဆိုင်ကလူတွေက သပိတ်ထဲ လောင်းထည့်ခိုင်း ရပါတယ်။အဲဒါကို မြူးနစ်မြို့ မှ ဒကာမကြီးတစ်ယောက်က လှူပါတယ်။

နေ့ ဆွမ်းအတွက်ကတော့ ခုတော့ ၄ရက် ပြန်ရှိသွားပြန်ပါပြီ။ ထိုင်းဒါယကာ သုံးဦး မြန်မာဒါယကာ တစ်ဦး။ခုတော့ မြူးနစ်မြို့  ၀န်းကျင်မှာ ရှိတဲ့ သီရိလင်္ကာ (သီဟိုဠ် ) ဒါယကာတွေက တစ်လ တစ်ကြိမ် နှစ်ကြိမ် ဆိုသလို တနင်္ဂနွေနေ့ မှာ လာကပ်ကြတယ်။ ခု နောက်ပိုင်းမှာတော့ မြန်မာ ဒကာမတွေ ကလည်း ဆွမ်းစားပင့်ကြ၊ ပြီးတော့ နောက်နေ့ အတွက်ပေါ့ ဆိုပြီး ထည့်ပေးသေးတယ်။ ငရုပ်သီးကြော်ပေးတာမျိုးတွေရောပေါ့။

ခုဟာကတော့ ဆွမ်းကပ်လာသူတွေကလည်း ပိုရင် ပြန်ယူမသွားကြပါဘူး။ နောက်ရက် ဘုဉ်းအောင်ရလို့ ဆိုပြီး ထားခဲ့ ကြရှာတယ်။ အဲဒါကတော့ ဘယ်သူလာကပ်ကပ် ထားခဲ့ကြပါတယ်။ အားလုံးလည်း သိနေကြပါပြီ။ ၀ိနည်း စည်းကမ်း နားလည်သူတို့  ကတော့ အဲလို ဘုဉ်းပေးလို့  ရလား ဘာလား မေးရဲ့ ။ တကယ်တော့ မရပါဘူး။ မရတာကို အပြစ်ပေါ့အောင် နောက်နေ့  ကျရင်အကပ်ခံ သူရှိရင် ပြန်ဘုဉ်းပေးလို့ ရပါတယ်ပေါ့။ အဲလိုနည်းနဲ့  ထမင်းပေါင်းများ( ပြန်လည်ပြီး နွေးပေါင်းစားခဲ့တဲ့) လည်း နေ့ ပေါင်းများစွာ။

မြန်မာဒကာမကတွေကတော့ မေးရှာပါတယ်။ ဆန်လှူထားမယ်လေ တဲ့။ ချက်စားရလို့  မရဘူး လားတဲ့။ အော်... ခုဟာက သာသနာ မကြည်ညိုသေးသူတို့  သာသနာကို သိအောင် ကြည်ညိုအောင် လုပ်နေတဲ့ အချိန်ဆိုတော့ ချက်စားလို့  မရဘူးလို့  ပဲ ပြောလိုက်ပါတယ်။တကယ်လည်းမရပါ။

တကယ်တမ်းတော့ စာသင်ဘ၀ မှာ ဆွမ်းခံထွက်တဲ့ အခါ ရှိခဲ့သလို တစ်ခါတစ်ရံ စာမေးပွဲ နီးရင် ကိုယ်တိုင်ပေါင်းအိုးသုံးပြီးလည်း ချက်ခဲ့တာပါပဲ။ ဒါ့ထက် သီရိလင်္ကာ စာသင်တုန်းကလည်း ကိုယ် တိုင် လည်း ဈေးဝယ်ခဲ့တာပါ။ စာသင်သံဃာ ဘ၀မှာ ကိုယ်တိုင် ချက်ပြုတ် ဘုဉ်းပေးကြရတာပါပဲ။ ခုအခြေနေအရ ကြည့်လှုပ်ရှားရတော့ပေါ့လေ။

အရုဏ်ဆွမ်းမှာလည်း နေ့ စဉ်ဆိုသလို လူဒကာ ဒကာမများ လာကြပါတယ်။ အများစု လာပြီး ကပ်ပေးတာကတော့ ထိုင်းတွေက လေးရက်၊ ဂျာမန်သုံးရက်။ တစ်ခါတစ်ခါ နေမကောင်းလို့ ပါ ဆိုရင် ပျက်သွားတဲ့ အခါတော့ ရှိတတ်သေးတယ်။ အဲဒီ အခါမှာ မုန့် ဆိုင် တစ်ခု မှာ အိန္ဒိယ ဒကာမကြီး တစ်ဦးက ငွေလှူထားတယ်။

အရုဏ်ဆွမ်းကပ် ဒကာ မလာလို့ ရှိရင် ကိုယ်သွားတဲ့ အခါ စာရင်းမှတ်ထားတယ်။တစ်ခါတော့ ကိုယ်က တစ်ပါးတည်း ပိုက်ဆံထည့်ထားတာ သွားအလှူခံမယ်ဆိုပြီး သွားလိုက်တာ ပြောတဲ့စကား နားမလည်လို့ လားမသိ ဘူး။ ဘာမှ မလှူဘူး ဖြစ်နေတယ်။ ဒါနဲ့ ပဲ အနီးနား အင်္ဂလိပ်လို ပြော တတ်ဆိုတတ် ဂျာမန်မလေး တစ်ယောက်က ကိုယ်ပြောတာနားလည်တာနဲ့  ကယ်သွားတယ်။ကဲ-ယူပါ၊ ဘာယူမလဲပေါ့၊ ကိုယ်ကလည်း မုန့် နှစ်ခု ယူမယ်ပေါ့။ ဒါနဲ့  သူ့ ကို မုန့် သပိတ်ထဲ ထည့်လိုက်တယ်။ ပြီးတော့ သူက အိုကေ ကောင်းပြီ၊ နှုတ်ခမ်းကို သွားလေးနဲ့ ကိုက်ပြီး ၀မ်းသာတဲ့မျက်လုံးနဲ့ မျက် လုံး မှိတ် ပြသေးတယ်။အော် ဆွမ်းအမ လှုရတာ ပျော်တဲ့ အမူရာလို့  နားလည်လိုက်ပါတယ်။

နောက်ပြီး ကိုယ်နဲ့  နေတဲ့ ကိုယ်တော်က မရှိသခိုက်၊ ကိုယ်က အရုဏ်ဆွမ်းဒကာ က မလာ၊ ဒါနဲ့  ခါတိုင်းလို ထင်လို့  ပြောတာပေါ့။ ဒီမယ် ငွေကုန်နေပြီတဲ့။ နောက်ထပ် ထပ်ဖြည့်ပါလိမ့်မယ် ပြော လည်း မရတာနဲ့  ၊ အသာလေး ပြန်လာခဲ့ရတယ်။ ကိုယ်မှ မပိုင်တာကိုး။ ဒီလိုနဲ့  ဗိုက်ဆာဆာနဲ့  စောင့် ခဲ့ရ တယ် နေဆွမ်းကိုမျှော်ပြီး။

ကံကောင်းထောက်မစွာ ကျောင်း ရှေ့ မှာ အလုပ် လာတဲ့သူ တစ်ယောက် ကိုးနာရီ လောက်ပေါက် လာတယ်။ ဒကာကို ရှင်းပြခဲ့တယ်။ ငါတို့  ဘုန်းကြီးတွေက အကပ်မခံရင် မစားကောင်းဘူး။ ဘီရို ထဲမှာ မုန့် ထဲရှိတယ်။ ကူညီနိုင်ပါသလားပေါ့။ ရပါတယ်၊ ကူညီမယ် ဆိုပြီး သူက ကပ်ပါတယ်။

နောက် သူအတွက်လည်း ဒကာလည်း စားပေါ့ ဆိုပြီး စွန့် လိုက်ပါတယ်။ ဒီလိုနဲ့ သူက နောက်နေ့ လည်း အလုပ်လုပ်တာ ဆိုတော့ ဒီနေ့  အရုဏ်ဘုဉ်းပြီးလားတဲ့။ အင်း ဘုဉ်းပြီးပါပီဗျာပေါ့။ ဂျာမန် ဒကာအလုပ်သမားပါ။ သူနဲ့  စပ်မိ စပ်ရာ စကားပြောကြည့်တော့ ဂုရုကြီး ဂိုအင်ဂါ ထံ မှာ တရားထိုင် ဖူးတယ်။ ဘုန်းကြီးအကြောင်း နားလည်သူမို့  အထူး ရှင်းစရာ မလိုခဲ့တာပါ။

ခုတော့ မြန်မာပြည်ကနေ လူကြုံရှိတယ် ဥူးဇင်း ဘာထည့်ပေးရမလဲ ဆိုပြီး ရဟန်းဒါယိကာမ ကြီးလည်း ပြောရှာတယ်။ ဒကာမကြီးရယ် စာအုပ်ပဲ လိုတယ်၊ စားစရာက ရပါတယ်။ ဒီမှာလည်း စားနေရတာပဲပေါ့။သို့ သော် လက်ဘက်ထည့်ပေးလိုက်မယ်၊ ပုန်းရည်အခြောက်ထုပ် ထည့်ပေးလိုက် မယ်တဲ့။ ထည့်ပေးပါတယ်။ ကိုယ်ကလည်း မငြင်းပါတော့ဘူး ၊ အင်း ထည့်ပေးလိုက်ပေါ့လို့ ။

ခဏအလည်လာတဲ့ မြန်မာဒကာမကလည်း ဥူးဇင်း မြန်မာအစားသောက်တွေ ဝေးနေတော့ လွမ်းနေမှာပေါ့ ဆိုပြီး ဆွမ်းလာကပ်။ ပြီးတော့ တပည့်တော် ဟောင်ကောင်ကို နေတာဘုရား စား စရာ လှမ်းပို့ လိုက်မယ်တဲ့။ ဒကာမရယ် နေပါစေ။ ဒီလို နေလာတယ် ကြာခဲ့ပါပြီပေါ့။ ဒကာမကလည်း မဟုတ်ဘူးဘုရား ၊တပည့်တော် ညီမတွေ ဆီလည်း ပို့ တာပဲဘုရား။ လွယ်တယ်ဘုရားတဲ့။ အင်း .. ဒါဆိုလည်း လုပ်လိုက်လေဗျာပေါ့။ ကိုယ်ကလည်း ဒီလို စေတနာကို သိပ်ငဲ့တတ်တာ။ အဲ ဒါနဲ့  စား စရာပို့ လိုက်ပါလေရော။

အဲလိုပဲ အနီးဝန်းကျင်မှာ ရှိတဲ့ မြန်မာဒကာမကလည်း တပည့်တော် ဆွမ်းလာကပ်တဲ့ အခါ ဘာလုပ်
်ခဲ့ရမလဲ၊ငြုပ်သီးကြော် အရင်တစ်ခါလို ကောင်းလား၊ ကောင်းတယ်ဗျ၊ မကောင်းဘူးပြော ဘယ်ဖြစ် မလဲ။ ဘုန်းကြီးပဲ။ အဲဒါဆို ငြုပ်သီးရရင် ကြော်ခဲ့ မယ်ပေါ့။အင်းပေါ့လေ။ ဘုဉ်းရသေးတာပေါ့။ အဲလို လေး တွေ ဂရုစိုက်ကြပါတယ်။

လာတဲ့လူတိုင်းကတော့ လူတိုင်းကတော့ ဘာလိုလဲ အမြဲမေးကြ၊ လိုတဲ့ အခါ ပြောပါဘုရား ဆိုတာ က တော့အားလုံးက ဖိတ်မံထားတာကြတာပါ။ ဒါပေမယ့် ရဟန်းဆိုတော့ အတောင်းအရန်း သတိ ထားရတယ်။ တစ်ချို့  ဒကာဒကာမတွေကဘာလိုတယ် ၊ ညာလိုတယ် ပြောပြီး အလှူခံတာ သဘော ကျတယ်။ တစ်ချို့ က မတောင်းလို့ ကို လှူချင်ကြတယ်။ လှူကြတယ်။

ဆွမ်းအတွက် မြန်မာနိုင်ငံလို လွယ်လင့်တကူ မရတာကတော့ သေချာတယ်။ ဆွမ်းခံပြီး ပူပူနွေးနွေး လော လော လတ်လတ်ကတော့ မြန်မာနိုင်ငံမှာပဲ ဖြစ်နိုင်တယ် ကိုယ့်အတွက်ထင်ပါတယ်။ ဒီက တော့ ပြန်နွှေး ပြန်ပေါင်းရတယ်။ရောက်ခါစကတော့ ဆွမ်းစားရတာကို ဘာဟင်းမှ မပါပါ ကျေနပ် မိတယ်။ တင်းတိမ်သွားတယ်ပေါ့။

နောက်တော့ဘာပဲ ဖြစ်ဖြစ် ကျင့်သားရပါပီ။ အရုဏ်ဖြစ်ဖြစ် နေ့ဆွမ်းဖြစ်ဖြစ် အစားအာဟာရ ဗိုက်ပြည့်ဖို့ ပဲ အဓိက ထားတော့တယ်။ အလုပ်လုပ်ဖြစ်ရင် ပြီးတာပါပဲ။ ဒါကြောင့်လည်း-
မြတ်စွာဘုရား က ဆွမ်းမစားမီ ဆင်ခြင်ကြဖို့  ရာ ပဋိသင်္ခါ ယောနိသော ပိဏ္ဍပါတံ ပဋိသေ၀ါမိ ... စသဖြင့် ပညတ်တော်မူထားတာပါ။

ဆရာတော်ကြီးများက မှတ်မိလွယ်အောင် ဆောင်ပုဒ် သီကုံးထားပါတယ်။
ဆောင်ပုဒ်- ဤသည့်စားဖွယ်၊ အမယ်မယ်ကို၊ မြူးရယ်မာန်ကြွ၊ လှပရေဆင်း၊ ပြည့်ဖြိုးခြင်းငှါ၊ မသုံးပါဘူး၊ လေးဖြာဓာတ်ဆောင် ၊ဤကိုယ်ကောင်သည်၊ ရှည်အောင်တည်လျှက်၊ အသက်မျှတမ်း ၊ မမောပန်းငြား၊ ဘုရားသာသနာ၊ကျင့်နှစ်ဖြာကို၊ ကျင့်ပါနိုင်စေ၊ ဝေဒနာဟောင်းသစ်၊ မဖြစ်စေရ၊ ယာပိုက်မျှလစ်၊ ခပ်သိမ်းပြစ်ကို၊ မဖြစ်လေအောင်၊ ချမ်းမြေ့အောင်ဟု၊ သုံးဆောင်မှီဝါပါသတည်း။

ဆိုတာလိုတာ အကျဉ်းချုပ်က စားသောက်ဖွယ်ရာ စားတာမှန်သမျှ လှပဖို့  မဟုတ်၊ ဓာတ်ကြီး လေးဖြာနဲ့  တည်ဆောက်ထားတဲ့ ကိုယ်ကြီး တည်တန့် ဖို့  ၊ ဘုရားသာသနာ ရဲ့ အလုပ်ဖြစ်တဲ့ ဂန္ထဓုရ- စာသင်စာချ၊ တရားဟော တရားပြ၊ စာရေး ခြင်းစတဲ့အလုပ်၊ ၀ိပဿနာဓုရ- တရားထိုင်ခြင်း တရား မှတ်ခြင်း အလုပ် ဆိုတဲ့ အလုပ် ကို လုပ်နိုင်ဖို့  ပါလို့  ဆင်ခြင်ရတာပါ။

ဒါကြောင့် ဒီဆောင်ပုဒ်ကို တရားစခန်းတို့ မှာ ယောဂီများလည်း ဘုရားသားတော် ရှင်ရဟန်းများနဲ့  မခြား ဆင်ခြင်နေကြပါပြီ။ ဆင်ခြင်လည်း ဆင်ခြင်သင့်တဲ့ တရားပါ။

ခုတော့ မြန်မာအစားစာ၊ ထိုင်းအစားစာ၊ ဂျာမန်အစားစာ၊ တရုတ်အစားစာ ဘာအစားစာ လာလာ တွေ့ တဲ့အစားစာနဲ့  ဗိုက်က တည့်အောင် ပေါင်းနေရှာလေရဲ့ ။ သဗ္ဗေ သတ္တာ အာဟာရဋ္ဌိတိကာ- သတ္တ၀ါတိုင်း အာဟာရမှာ တည်မှီရတယ်။ ဘယ်အစားစာလို့  မသတ်မှတ်ထားပါလား။ဒီလိုနဲ့  အစားသောက်ကို ဖြေရှင်းနေပါတော့တယ်။

မှတ်ချက်။ ။
ကိုယ်ရေးခဲ့တာဟာ တကယ့် ဖြစ်ရပ်မှန်တွေကို အများသိစေဖို့ ရာ ရေးပါတယ်။ မေးလည်း မေးကြပါတယ်၊ ဥရောပမှာ ဆွမ်းခံတော့ ရလို့ လား ဆိုတာ ၊ ခုတော့ ဒီဆောင်းပါးဖတ်လိုက်တာနဲ့ သိသင့်သလောက် သိသွားရောပေါ့ ။ ခုတော့ ဆွမ်းခံအိမ် (၅)အိမ် မြန်မာ တစ်အိမ်၊ ဂျာမန်တစ်အိမ်၊ ထိုင်းသုံးအိမ်၊ ကျန်ရက်များမှာ ပြန်ပေါင်းလေးများ၊ ကြိုးကြားကြိုးကြား ထိုင်းဒါယကာများ၊ သီရိလင်္ကာ ဒါယကာများဖြင့် နေ့ စဉ်ဆိုသလိုပဲ ဆွမ်းကိစ္စအတွက် ဖြေရှင်းသွားနိုင်ပါပြီ။ တစ်ချို့ ကိစ္စတွေမှာ အသေးစိတ်ပြောမှ သိမှာမို လို့  အသေးစိတ်ပြီး စာသားများ မျောသယောင်ဖြစ်သွားတယ်။ ဖိုးသူ တော်မျက်စိလည်လေ ဆန်ရလေ ဆိုသလို စာမျောသွားလေ ဗဟုသုတ ရလေ လို့ သာ စိတ်နှလုံး ကောင်းများဖြင့် ဖတ်ရှုကြလေကုန်။



မြတ်ရောင်နီ
(၁၈၊၀၂၊၂၀၁၀)

Tuesday, February 16, 2010

ကျောင်းအ၀င် တံခါးဝမှာ



နေပူမရှောင် မိုးရွာမရှောင် မြန်မာပြည်မှာ သံဃာတော်တွေ ဆွမ်းခံထွက်ကြရတယ်။
ဒီမှာတော့ နေပူ ပါစေ ဆုတောင်းနေရတယ်။ နေပူချင်ပါတယ် ဆိုပါမှ နေက ကိုယ့်ကို
ရှောင်သွားတယ်။ ဥရောပ အလို ပြောရရင် မိုးရွာ မရှောင် နှင်းကျ မရှောင်
နှင်းတောထဲမှာ ဆွမ်းခံ
ထွက်ရပါတယ်ပေါ့။ ဆွမ်းခံထွက်ပုံကို ရှုစားပေတော့။
ဆောင်းတွင်းရှူးနဲ့ 
၊ အတွင်းခံ အ၀တ်လေးတွေနဲ့ ။ ခေါင်းစွပ်လေးနဲ့ ။လက်အိတ်လေးနဲ့ ။
ဥရောပ ရဟန်းအသုံးဆောင် ပရိက္ခာရ များစွာ ဆင်မြန်းပြီး ဆွမ်းခံထွက်ရပါတယ်။
ပရိက္ခာရ-ပရိက္ခရာ အသုံးဆောင်များ များပါဘိသနဲ့ ။


မြတ်ရောင်နီ
(၁၆၊၀၂၊၂၀၁၀)

ဆွမ်းခံ အမှတ်တရ



ဥရောပ နေတယ် ဆိုပေမယ့် ကိုယ့် ၀မ်းစာ အတွက် ခြေသလုံးမြင်းခေါင်း
ခြေနှစ်ချောင်းနဲ့ 
သွားလာ လှည့်ပတ် ရှာရသေးတာပါပဲ။
မြတ်စွာဗုဒ္ဓက ဥတ္တိဋ္ဌေ န ပမဇ္ဇေယျ -တဲ့လေ။
ဆွမ်းခံတဲ့ အကျင့်ကို မမေ့ရဘူးတဲ့။ ကျောင်းလာလှူတဲ့သူ၊ ပင့်ဖိတ်သူရှိရင်တော့
တစ်မျိုး
တစ်ဖုံပေါ့လေ။
လူတွေ ပြောပြောနေတာကတော့ နဖူးကချွေး ခြေမကျအောင် အလုပ်
လုပ်ရတယ် ဆိုကြတာပါပဲ။
ကိုယ်တို့ များမတော့ နှာခေါင်းက နှာရည်ခြေမ
ကျအောင် လှုပ်ရှားနေရတယ် ပြောရမလားပဲ။


မြတ်ရောင်နီ
(၁၆၊၀၂၊၂၀၁၀)

Sunday, February 14, 2010

ဗိုလ် ရှိရင် ဘာမဆို ဖြစ်နိုင်တယ် တရားပွဲ ကြေငြာခြင်း




အရှင်တေဇောဘာသ (မြင်းခြံ )

တရားပွဲ ကြေငြာခြင်း
ဗောဓိပက္ခိယ ဓမ္မ (၃၇)ပါး မှ
ဗိုလ် (၅)ပါး ကို အစဉ်တိုင်း ဟောကြားသွားမည် ဖြစ်ပါသည်။



၁။သဒ္ဓါ- သဒ္ဓါ၊ ယုံကြည်ခြင်း (၁၁၊၀၁၊၂၀၁၀)(ဟောပြီး)
၂။ဝီရိယ-၀ီရိယ၊လုံလရှိခြင်း (၁၅၊၀၂၊၂၀၁၀)(ယနေ့ )
၃။သတိ- သတိ၊မမေ့လျော့ခြင်း ( ၀၈၊၀၃၊၂၀၁၀)(မျှော်)
၎။သမာဓိ-သမာဓိ၊စူးစိုက်ခြင်း (၁၂၊၀၄၊၂၀၁၀)(မျှော်)
၅။ပညာ- ပညာ၊နားလည်ခြင်း ( ၁၀၊၀၅၊၂၀၁၀)(မျှော်)

တရားပွဲ ကျင်းပရာ။ ။မြူးနစ်မြို့ ၊ D B U. တက္ကသိုလ်မှတ်တိုင်
U 3/ U 6 Universität
အချိန်။ ။ည ၁၉:၀၀ မှ ၂၁:၀၀ နာရီထိ





Thema: Bodhipakkhiyā dhammā - Die 37 zur
Erleuchtung gehörenden Dinge

I. Die fünf geistigen Kräfte (pañca balāni)
1. Vertrauen (saddhā) 11. Januar
2. Willenskraft (viriya) 15. Februar
3. Achtsamkeit (sati) 08. März
4. Sammlung (samādhi) 12. April
5. Wissen oder Einsicht (paññā) 10. Mai

Zeit: jeweils 19:00-21:00 Uhr

Dhamma-Talk der Bodhi Vihara Sangha:
Ehrwürdiger Tejobhasa aus Burma
in englischer Sprache mit deutscher Übersetzung
auf Einladung der Buddhistischen Gesellschaft München
.
Ort: München, Amalienstraße 71, Meditationsraum der DBU;
erreichbar zu Fuß von der U-Bahnhaltestelle
Universität U3/U6


မြူးနစ်မြို့ ဝန်းကျင်မှာ နေထိုင်ကြကုန်သော တရားနာယူလိုကြကုန်သော
ရွှေဓမ္မမိတ်ဆွေတို့ အား အသိပေး ဖိတ်ကြားအပ်ပါသည်။
မှတ်ချက်။ ။တရားပွဲကို အင်္ဂလိပ်ဘာသာဖြင့်ဟောကြားမည်။
ဂျာမန်ဘာသာပြန်တစ်ယောက် အင်္ဂလိပ်မှ ဂျာမန်ဘာသာသို့ 
ဘာသာပြန်ပေးပါမည်။


မေတ္တာ၊မုဒိတာဖြင့်
မြတ်ရောင်နီ
(၁၄၊၀၂၊၂၀၁၀)

Saturday, February 13, 2010

အမှား အမှန်

မှားတာက မှားတယ် ၊ မှန်တာက မှန်တယ်

မှားတာ မှန်တာ နဲ့  ပါတ်သက်လို့  အွန်လိုင်းမှာ ဓမ္မစစ်စတာ တစ်ယောက်က မေးလာတယ်။ တကယ် တော့ ကိုယ်နဲ့ သူနဲ့ ဟာ ဘာမှ ဆက်စပ်လို့ မရတဲ့ ဆက်စပ်နေတဲ့ ဓမ္မစစ်စတာပါ။ သူ့ ကို အပြင်မှာ မမြင်ဖူးသေး ပေမယ့် အပြင်မြင်ဖူးသူတွေထက်တောင် ခင်မိနေရောလားပဲ။ ၀ိဿာသာ ပရမာ ဉာတိ - လို စာက ဆိုတယ်။ ခင်ရာ ဆွေမျိုးပင် မဟုတ်ပါလား။ ဒါကြောင့်လည်း သူရဲ့ စိတ်ထဲ မှာ ပင်ပန်းပီ ဆိုတာနဲ့  အကိုဖြစ်သူကို ညည်းပြတယ်။ အကိုရဲ့  တရားစာတွေ ဖတ်ရလို့  အပန်းပြေပါတယ်-တဲ့။

တကယ်တော့ အကိုရဲ့  တရား စာမှ မဟုတ်တာ။ ဘုရားစာပဲလေ။ သွာက္ခာတတာဂုဏ်ကရှိပြီးသား။ ဘုရားတရားတော်ကိုက ကြားနာရုံလေးနဲ့  အပူစင်မယ်။ ကျင့်လျင်ချမ်းသာ မယ်။ ကျင့်ပြီးတဲ့ အခါ လည်း လွန်စွာငြိမ်းချမ်း နိဗ္ဗာန်နန်းနဲ့  စခန်းသင့်အောင် မှန်းလင့် ရည်ရော် ဟောတော် မူ ထားခဲ့ တာ ပဲလေ။သူကလည်း တရားနဲ့  ပါတ်သက်လို့ မှ မဟုတ် အခြား ဗဟုသုတလည်း ရှိတော့ သူထင်တာ မြင်တာတွေ ပြောလေ့ပြောထရှိတယ်။ များသောအားဖြင့်တော တရားနဲ့  ပါတ်သက်လို့ မေးတာများတယ်။ သူရဲ့  ခင်မင်မှုက ကိုယ့်ကိုတောင် မောင်ပဉ္စင်း ပါတဲ့ ။ အော်- ကိုယ့်အနေနဲ့ ကတော့ဘယ်သူဖြစ်ဖြစ် မောင်ပဉ္စင်း ခေါ်ခေါ် ၊ ကိုကို ပဉ္စင်းလို့ ခေါ်ခေါ် ။ ဘုန်းဘုန်းလို့ ခေါ်ခေါ်- ပေါ့လေ။ခေါ်တဲ့ သူတို့  ပါးစပ်ဘဲ။ ကိုယ့်ခေါ်သလိုပဲ ထူးရုံပဲပေါ့။

သူရဲ့ အောက်ပါ အမေးအတွက် ဖြေ ရေးပေးခဲ့ဘူးတယ်။ သူမေးတာက -
မေး။ ။အမေမှားလည်း အမေမှန်တယ် ၊ အဖေမှားလည်း အဖေမှန်တယ် -ဆိုတဲ့ စကား အမြဲမှန်နိုင်ပါ့ မလား ဆိုတာ မောင်ပဉ္ဇင်းဖြေပေးနော် ဘုရား။

မေးခွန်းမဖြေမီ ပြောချင်သေးတယ်။ သူရဲ့  မေးခွန်းကတော့ အမေတို့  အဖေတို့  ကြားမှာ ကြီးပြင်း လာပြီး၊အမေ အဖေ တွေက ငါအမေပဲ ငါအဖေ ပဲ ဆိုပြီး မိဘများမှားတဲ့ အခါ မှာ သူ့ ကို ကျေနပ်အောင် မပြောကြ လို့ ထင်မိရဲ့ ။ မကျေမချမ်းရှိလေတဲ့ လေသံပါတယ်။ ဒါမှမဟုတ် သူ့ ဝန်းကျင်မှာ ရှိတဲ့ မိဘ မဆန်တဲ့ သူနဲ့ များတွေ့ လေရောသလားပဲ။မိဘအပြစ်ကို ပြောတာမဟုတ်ဘူးနော်၊ သူပြောတဲ့ စကားကြည့်ပြီး သုံးသပ်ကြည့်တာပါ။

သူ့  မေးခွန်းက ရှင်းရှင်းလေး။ မေးစရာကို မဟုတ်ဘူး လို့  ဆိုရမယ့် မေးခွန်းမျိုး။ဒါပေမယ့် သူတကယ် လည်း မေးသင့်တဲ့ မေးခွန်းဖြစ်ပြန်တယ်။ သူလို ပဲ မိဘ နဲ့ ဘဲ ဖြစ်ဖြစ် ဆရာသမားနဲ့  ဖြစ်ဖြစ် ကိုယ့် ထက် ကြီးတဲ့ လူကြီးသူမတွေနဲ့  ဖြစ်ဖြစ် ထိပ်တိုက် ဒီလို ပြဿနာ ကြုံတွေ့ ရပါလိမ့်မယ်။ဒီလို ဖြစ်လာ တဲ့ အခါ ခုရေးတဲ့ ဆောင်းပါးထဲကလို ဖြေတွေး ဖြည့်တွေးလေး အမှန်တွေးလေးတွေ ကိုယ် သိသ လောက် လေး မျှဝေစေချင်တာနဲ့  ဒီဆောင်းပါးကိုရေးလိုက်တာပါ။ အဖြေကြည့်လိုက်ပါဦး။

အဖြေ။ ။အများစုတွေ့ နေတဲ့ အထဲက ပထမ ပြောဦးမယ်။ အမေ ဆိုပါစို့ ။ သမီးရည်းစား ဘ၀မှာ ကိုယ့်ကြိုက် တဲ့ ကောင်လေးနဲ့  ရည်းစား ဖြစ်လို့ ကောင်လေး ကို အိမ်ထောင်မကျခင် စပ်ကြား ဘ၀ကို ပုံအပ်မိ တယ်။ ကိုယ်ဝန်ရှိလာတဲ့ အခါထိ ကောင်လေးက ဟိုလို ဒီလိုလိုနဲ့  အချိန်ဆွဲနေတယ်။ သို့ သော် ကောင်လေး အခြေနေ မဟန်မှန်းသိတာနဲ့  ကိုယ်ဝန်က ဖျက်ချလိုက်ရတဲ့ အမေ။

နောက်အမေတစ်မျိုးကတော့ မွေးသည်အထိ စောင့်တယ်။ ကောင်လေးက သူ့ မိဘပေးစားတာ လက်ခံလို့  ဒါမှမဟုတ် အပျော်ကြံ၊ ကမျဉ်းကျောထလို့ ဖြစ်သွားကြတဲ့အခါ မိဘက သားသမီး သံယောဇဉ်ကြောင့် တစ်နေရာမှာ သွားမွေးဖွားတယ်။မွေးဖွားပြီး မှ စကောနဲ့  ပစ်တာတို့ ၊စာလေး ရေးပီးထားခဲ့တာတို့  အကို ရန်ကုန်နေစဉ်က ကြားဘူးတယ်၊ ကြုံဘူးတယ်။ ဒီလို အမှားကျတော့ အမေ မှားတာက မှားတာပဲ။ ဒီနေရာမှာ အဖေလုပ်တဲ့သူလည်း မှားတာလို့ လည်းဘဲ ယူဆလို့ ရ တယ်။

အဖေမှားတာ ပြောပြဦးမယ်။ ဘုရားလောင်းဘ၀ ၊ဖခင်က ရှင်ဘုရင်၊ ရှင်ဘုရင်က မိဖုရားကို သိပ် ချစ် တာ၊ မိဖုရား အချစ်ကိုလည်း သိပ်ခံချင်တာ။ ဒါကြောင့်လောကမှာ သူတစ်ယောက်ကိုသာ ချစ်စေချင်တဲ့ ဘုရင်ပေါ့။ သားလေးမွေးလာတော့ မိဖုရားက ကလေးကို ချော့မြူနေတယ်။ သားကို ဂရုစိုက်တယ်။ ရှင်ဘုရင်ကြီးက သူ့ သားမွေးလာမှ ငါ့ကို မိဖုရားက ဂရုမစိုက်ရကောင်းလား ဆိုပြီး လက်ဖျက် ခြေဖျက် အကုန်ဖျက်....(အဟဲ) ဖြေးဖြေးချင်း ညှင်းဆဲပြီးမှ အသေသတ်လိုက်တာ။မိဖုရား ရှင်း ပြသော်လည်း နားမထောင်။

(ဖြူး ဆရာတော်ရဲ့ သွေးနဲ့ ရေးတဲ့ သာသနာ) ကို နားထောင်ကြည့်ပါ။
ကဲ ကြည့်လိုက်စမ်းပါ...သားသမီး မှားချိန်တောင် မရလိုက်ပါ ကလား.....။
(သံသရာက အမှားကိုသာ လွဲချရတော့ လေမလား)

နောက်တစ်ခုက အကို ရွာနေတုံးက၊ ကလေးက ၇နှစ် ၈ နှစ်သားအရွယ် လေး၊ မိဘဆိုတော့ နားပူ နားစာ လုပ်မှာပေါ့လေ။ အဖေဖြစ်သူမှာ ကလေး အလိုကျအောင် မချော့ပဲ။ ကလေးကို ကိုင်ပေါက် ထည့်လိုက်တာ၊ ပေါင်ကျိုးသွားပါလေရော။ ဒါ ဆုံးမတာလား ဗျာ။

ပြီးတော့ အကိုနေခဲ့ဖူးတဲ့ ရွာတစ်ရွာမှာလည်း အဖေဖြစ်သူက အရက်သောက်တယ်။ ပက်ပက် စက်စက် သောက်တာ။ အလုပ်ကျတော့ တစ်စက်ကလေးမှ မလုပ်တာ။ အမေဖြစ်သူကို သူရေချိန် မကိုက်တဲ့ အထိ ငွေမပေးရင် မိန်းမကို ရိုက်ပါလေရော။ သား အကြီးဖြစ်သူက ပထမတော့ စကားနဲ့  ကြိမ်းဝါးတယ်။ အမေဖြစ်သူက တားတယ်။ ငရဲ ကြီးမယ်ပေါ့။ နေ့ စဉ်ဆိုသလို ဖြစ်လာတော့ အမေက လည်း သားကို မတားနိုင်တော့။

သားကလည်း အဖေဖြစ်သူကို ငရဲ မကလို့  ဘာပဲကျကျ ဆိုတာမျိုးလို လောလောလတ်လတ် အမေ ကို ဒီလို ညှင်းဆဲ ကောင်းရလား၊ နှိပ်စက်တာကို မမြင်ရက်တာနဲ့ ပဲ အဖေ သတ်တဲ့ အထိ ဖြစ်သွားပါ တယ်-တဲ့။ ဒါကတော့ အဖေ က လုပ်ရပ်မမှန်မှုကြောင့် သားသမီး ဆိုးဆိုးဝါးဝါး မှားသွားတဲ့ အထိ ဖြစ် ရပ်တွေပေါ့။ အမှားတွေချည်း ဖြစ်ကုန်ပါလေရော။

ကဲ ဒီလောက်ဆို အမေ၊ အဖေ မှားတာတွေ မှန်တယ်လို့  စကား အမြဲ မှန်နိုင်ပါ့မလား-မေးခွန်း ရှင်း လောက်ပါပြီ။

ဆက်စပ်လို့ ပိုရှင်းအောင် ပြောရအုံးမယ်ဆိုရင်....
ဆရာတို့  မိဘတွေက အတူတူပဲ..... အထက်ဆီးက နေသူ တွေဆိုတော့ အထက်ဆီးက ကြည့် တယ်။ အသိ အမြင်အတွေ့ ကြုံတွေ ရှိပြီးသားကို။ တကယ်သာတဲ့ သူတွေပါ။
ဆရာဆိုရင်လည်း နာနာကျင်ကျင်၊ အပြစ်မြင်တိုင်း၊ ၀မ်းတွင်းမသို၊ ဟုတ်တိုင်းဆို၍၊ ကျိုးလိုစိတ်က၊ ဆုံးမတတ်သူ၊ဆရာဟူလော-ဆိုတဲ့ အတိုင်းပဲ သူတော့ လုပ်သမျှ ပြောသမျှတွေက၊ တပည့်ကောင်းစားစေချင်လို့  ပြောတာ။ဘာညာ ဘာညာပေါ့..။

တစ်ခါတရံ သူတို့ လည်း အဆုံးဖြတ်မှားသွားတဲ့ အခါလည်း ရှိတတ်တယ်ပေါ့။ မှားတယ်ဆို ရင် တော့ မှားတာကတော့ မှန်တာ မဖြစ်နိုင်တာ အမှန်ပ။ဲ ဒါရှင်းနေတာပဲလေ...။ မိဘဆိုတာက လည်း ဒီတိုင်းပဲ....လက်ဦးဆရာ ၊မည်ထိုက်စွာသား၊မာတာပိတ၊မိနှင့်ဖတို့ ..တဲ့.။

ဒါကြောင့် ဆရာ နဲ့  ပါတ်သက်ပြီးလည်း သိထားစေချင်တဲ့ သဘောနဲ့  ပြောတာပါ။ရဟန္တာ မထေရ် မြတ်ကြီး အရှင်အဂုင်္လိမာလ ကိုပဲ ကြည့်။ ရဟန္တာဖြစ်မည့် ဘ၀တောင် ဆရာရဲ့  ဆုံးဖြတ်ချက်မှားမှု ကြောင့် လူပေါင်းများစွာကို သတ်ခဲ့ရတယ်။ လက်ညိုးတစ်ထောင် ပြည့် ဖို့ တစ်ယောက်အလို အမေ ကိုတွေ့ တော့ လည်း သူသတ်ဖို သူဖြတ်ဖို့  ကြံရွယ်ပြီးသား။ ဒါပေမယ့် ဘုရားနဲ့  အတွေ့ စောလို့ သာ။ သူ ဒီလိုဖြစ်သွားတာက သူဟာ ဆရာ့အပေါ်တကယ်လေးစားသမှုကြောင့်ရယ်၊ သူ့ ရဲ့ ဦးစား ပေးခံရ မှုကြောင့်ကနေပြီး စခဲ့တာ။ အဲလို သူ့ ကို ဆရာက ဦးစားပေးတော့ ကျောင်းနေဖက်သူငယ်ချင်းများ မနာလိုဘူးလေ။ မနာလိုတော့ ဆရာကတော်နဲ့  သမုတ်ပြီး ဆရာကို ပြောလိုက်ပါလေရော။ ဆရာက လည်း ကတော်ထိတော့ မတော်အသိတွေ ၀င်ပြီး။ မင်းကို ပညာသင်ပေးခဲ့တယ်။ ပညာသင်ခ ပေးရ မယ် ဆိုကာ လူတစ်ယောက်မှ လက်ညိုးတစ်ချောင်း ဖျက်ခိုင်းတဲ့ ဆရာ့အမှားပါပဲ။

နောက်တစ်ခု ထင်ရှားတာက အရှင်ဒေ၀တ်ကို ဆရာ အတင်မှားခဲ့လို့  သားအဇာတသတ်က ဖခင်ကို ရက်စက်စွာ သတ်ခဲ့တယ်- ဟေ့။ အဲဒါလည်း ဆရာမှားတာပဲ။နောက်မှ အရှင်ဒေ၀ဒတ်ရော အဇာတသတ် မင်းပါ နောင်တ ရသွားတယ်။

ဘုရားလို ဆရာမျိုးကျတော့ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ ဘ၀ဆင်းရဲ မှန်သမျှတွေကို လမ်းပြတော် မူ တယ်။ ဘုရားပြောတဲ့အတိုင်း လိုက်နာပါ။ ချမ်းသာကို ချမ်းသာရမယ်။ မချမ်းသာရင် လိုက်နာနည်း လွဲတာဖြစ်မယ်။ ဘုရားစကား မလွဲဘူး။ ဒါမျိုးကျ ဆရာမှန်ပေါ့-ဗျာ။သိထားရမှာက-

မြတ်စွာတရားတော်ထဲမှာ မိဘကမှားတယ်၊ ဒီလိုမိဘမျိုးကို ရှောင်ရမယ် ဆိုတာတော့ မတွေ့ ဖူး သလိုပဲ။ အမြဲတမ်း သားသမီးဆိုတာ မိဘကို ရိုသေရမယ်၊ လေးစားရမယ်။ ကျေးဇူးဆပ်လို့  မကုန် နိုင်ဘူးလို့  ဟောထားတာပဲ တွေ့ ရပါတယ်။ မိဘရဲ့ အကျိုးကျေးဇူးကြီးမားလှပုံ မတွေ့ ဖူး မမြင်ဖူးတဲ့ စာလာအတိုင်း မြင့်မိုရ်တောင် နဲ့  တောင် နှိုင်းယှဉ်ထားပါတယ်။ မိဘမေတ္တာ အကြောင်း ရေးထားတဲ့ စာအုပ်တွေကို တရားတော်တွေ ဖတ်ပါ၊ နာပါ။ နောက်ပြီး ဘုရားတရားအတိုင်း ဟောပြောညွန်ပြတဲ့ ဆရာကလည်း ဘုရားမဟုတ်ပေမယ့် ဆရာမှန်ပါပဲ။

လောကမှာ မဆိုစလောက်လေးဖြစ်ပြီး ကြီးကြီးကျယ်ကျယ် ပြဿနာလေးတွေ တက်နေတာနဲ့ ချိန် ထိုး ကြည့်ရအောင်-တစ်ခါတစ်လေ မိဘတွေက ကတိပေးထားတယ် ဆိုပါစို့ ..။ နောက်တစ်ခါဆို ပွဲ ကြည့်ခိုင်းမယ်၊ဘာလုပ်ပေးမယ်၊ဘာဝယ်ပေးမယ် ပေါ့။ ဒါပေမယ့် နောက်တစ်ခါ ရောက်လာ တော့ လည်း ဒီအတိုင်းပဲနောက်တစ်ခါဆိုရင်....ကဲ ဒီလိုဆိုတော့။ မိဘတွေက သူတို့ မဖြစ်ချင်တာကို အချိန်ဆွဲပြီးကောင်းတာဘက်ကို ဦးတည်နေမယ်။သူတို့ အတွေ့ ကြုံရပေါ့။သို့ သော်-

သားသမီး၊ တပည့်တွေ ကတော့ပြန်ပြောကြမယ်ဆိုရင် မိဘတွေက ငါက ကောင်းအောင် ပြောတာ...လို့ ပဲဖြစ်ဖြစ်..။ နောက်ထပ်အကြောင်းပြချက်ပဲ ဖြစ်ဖြစ်... ငါကမွေးထားလို့  မင်းတို့  ကြီးတာလို့ ပဲ ဖြစ်ဖြစ်...စကားတွေနဲ့ မှားနိုင်ပါတယ်....မခံရပ်နိုင်အောင် စိတ်မှာ ကလိကလိ..အမေမို့ သာ အဖေမို့ သာ ပေါ့..ဆိုတဲ့ အတွေးများနဲ့ ...ကိုယ့်ကိုယ်ကို ကိုယ်ရော စိတ်ပါ ညှင်းဆဲ နေတတ် ပါတယ်။

နားလည်ထားရမှာက စကားအမှားကိုတော့ ဘာမှ မပြောပလောက်။ သူတို့ စိတ်ထဲကို ၀င်ကြည့်သင့် တယ်။ ဒါလေးက သင်ခန်းစာ ယူသင့်တယ်လေ။ စိတ်ရှည်လက်ရှည် ဖတ်ကြည့်ဦးနော်။

တစ်ခါကပေါ့ကွယ်၊ အမေဖြစ်သူက မသွားစေချင်တဲ့ လမ်းကို သားဖြစ်သူက ဇွတ်သွားခဲ့သတဲ့။ အမေက ပါးစပ်ကနေ အော်ကြီးဟစ်ကျယ်နဲ့  လမ်း ကျွဲ ခတ် ပါစေတော်- ဒီလောက် ပြောမရတဲ့ သောက်-ကောင်လေး...။တဲ့။

ဒါနဲ့ ပဲ လမ်းရောက်တော့ ကျွဲအုပ်တွေ့ ပါသတဲ့..။ ကောင်လေးက မျက်လုံး မျက်ဆန်ပြူးနေပြီ..။ အိပ်နေတဲ့ ကျွဲက သူ့ ထဲ ခတ်ဖို့ ပြင်နေ တယ်..။ဒါနဲ့ ပဲ ကောင်လေးက ကြံရာမရတာနဲ့  စိတ်က ဒီလိုစိတ်ကူးလိုက်ပါသတဲ့။ အော်--ငါ့အမေ ပါးစပ်က ထွက်တဲ့ အတိုင်း မဖြစ်ပါစေနဲ့ ...သူ့ စိတ်ထဲက အတိုင်းဖြစ်ပါစေဗျား...ဘုရား ဘုရား..ပေါ့..။ ဒီလို သစ္စာပြု ဆုတောင်းလိုက်တယ် ဆိုရင်ပဲ ကျွဲက ခတ်မည့် ပုံစံတောင် လုံးဝ မရှိတော့ပါဘူးတဲ့...ဗျား။
ဒါက ပုံပြင်မဟုတ်ဘူး..။(အဘိဓမ္မာ အဖွင့်ကျမ်း..၀စီသစ္စာအခန်းမှာပြထားပါတယ်။)

တို့ ရွှေ ဆိုရိုးက ခက်သားဗျား...မဟုတ်မမှန်၊ခွန်းတုံ့ ပြန်၊မှန်သော်လည်း ရှူံး လူကြီးမုန်း၏-တဲ့။ သိထားဗျိုး၊ လူကြီးတွေသူမတွေနဲ့  ဆက်ဆံတဲ့အခါ အရေးကြီးတယ်။

အဲ - မေးတဲ့သူက ဘယ်လောက်ရည်ရွယ်သလဲတော့မသိ။ ဖြေတဲ့သူကတော့ အဖြစ်နိုင်ဆုံး သိထား သလို ဖြေထည့်လိုက်ပါတယ်။ နားလည်စေချင်တယ်လေ။ တိုတိုလေး ဒီလို ဖြေလိုက်ရင်- မှန်တာက မှန်တယ် ၊ မှားတာက မှားတယ် ဆိုလိုက်ရင် - စကားက မဖြေချင်သလို ဖြေချင်သလို ပုံစံမျိုး ဖြစ်နေ မယ်။ ဒါကြောင့် အကျယ် ဖြေပေးတာနော်။

ဘ၀တိုတိုလေးမှာ သူများအမှားကိုသာ ကြည့်တတ်ရင် မကောင်းသေးဘူး၊ ကိုယ့်အမှားကို အမှားလို့  အမှန်တိုင်း ကြည့်တတ် ရင် နဲနဲတော်တယ်။ ကိုယ်လည်းမမှား သူလည်းမမှား၊အမှားကို မမြင် တော့ ဘူးဆိုရင် ၊ ပြီးတော့ အမှားကို မလုပ်မိတော့ ဘူးဆိုရင် လုံးဝဥဿုံ သူတော်ကောင်း အစစ် ဖြစ်လာပါမယ်။
အမှားမြင်ပြီး၊ အမြင်မှားကို ကျော်လွှားနိုင်ပါစေလို့ ....
အကို ဥူးဇင်း



မှတ်ချက်။ ။မြတ်ရောင်နီ ဘလော့ဂ်မှာ အမေးအဖြေ အခန်း မပါပေမယ့် အများသိအောင် ရေးသား ဖေါ်ပြပါ တယ်။ လူတိုင်းဆိုသလို တွေ့ ကြုံရသမျှ အဖြစ်ပျက်တွေပါ။ အမှန်ကို အမှန်တိုင်းသိတဲ့ ယထာဘူတဖြစ်ဖို့  ကတော့ တရား အလုပ် တကယ်လုပ်မှသာ။ ပုထုဇဉ်ဆိုတဲ့ စကားအတိုင်း အမြင်မှားအိုး ကြီး မပေါက်ကွဲ ခင်တော့ မှားနေဦးမှာပဲ။ တစ်ဦးနဲ့  တစ်ဦး ခွင့်လွတ်ရင်း နားလည် မှသာ အမှား ကြီးရင် သေး၊အမှားသေးရင် ပျောက်တဲ့ အထိ ဖြစ်လာမှာပါ။ ဘယ်လိုနည်းနဲ့  ဖြစ်ဖြစ်မိဘအပေါ် ဆရာသမားအပေါ် ပြောမှား ဆိုမှား ပြုမှား အကြံမှား မှာ ရှောင်ရှားနိုင်ပါစေ။ ကျေးဇူးရှင်လို့ သာ စိတ်ထဲ မြင်စေလိုပါတယ်။မိဘ ဆရာသမား ကြီးမားပုံမှာ ပြောမကုန်နိုင်ရာ။ ဒီနေရာမှာ မိဘဆရာသမား လူကြီးသူမများ မှားတတ်တာကိုလည်း ထုတ်ပြခြင်းမျှသာပါပဲ။တစ်ချို့ 
အပြောမှာ ကရုဏာဒေါသော ဆိုပေမယ့် အထက်လူများအနေနဲ့  ဆင်ခြင်နိုင်ဖို့ ပါပဲ။အားလုံးလိုလို အဲလို နေရာမျိုး ရောက်ရဦးပါမယ်။

ဓမ္မဂင်္ဂါ ပြောသလို မိဝင်းဖတ်ဖို့  ကဗျာ မိဝင်းအတွက်မဟုတ် ပြောသလို ညီမလေး မေးတဲ့ မေးခွန်း အကို ဖြေတာ ညီမလေး တစ်ယောက်အတွက်သာ မဟုတ် အများသိပါစေဖို့  ရည်ရွယ်လိုက်ပါတယ်။


မြတ်ရောင်နီ
(၁၃၊၀၂၊၂၀၁၀)