Pages

Thursday, January 26, 2012

ဟုတ်မှ ဟုတ်ရဲ့လား

ဒီနေ့ မနက် အရုဏ်ဆွမ်း ဘုဉ်းပေးကြွခဲ့တယ်။ အဲဒီနေရာက ရွာသေးသေးလေး။ ရွာသေးသေးလေး
ဆိုတော့ မရှိတဲ့သူက များပါတယ်။ မရှိတာက ပစ္စည်းဥစ္စာ တွေကို ဆိုလိုတာပါ။
သဒ္ဓါတရားကျတော့ ရှိသားပဲ။ ကျောင်းရှိသံဃာ အားလုံးကိုတောင် အရုဏ်ဆွမ်း ဆက်ကပ်နိုင်ပါတယ်။
ပစ္စည်းဥစ္စာ မရှိပါဘူး ဆိုပါမှ - နူရာဝဲစွဲ လဲရာ သူခိုးထောင်လို့ 
ဖြစ်နေပြန်ပါရော့လား။ ဒီနေ့  မိုးက အစွမ်းကုန် အထိမ်းကွပ်မရှိ ရွာချလိုက်တာ။ ကန်တွေ ဆည်တွေတောင် ရေတွေ မောက်တက်လို့ ။ ရေတွေ ပြန်အန်ထုတ်ရတဲ့ အခြေနေထိ ရောက်သွားတယ်။ မထင်မှတ်ဘဲ ဆိုသလို အဲဒီ ရွာလေးကချောင်း အနီး မှာ တည်ရှိတယ်။ နှစ်ပေါင်း များစွာက မကြုံဘူးတဲ့
အဖြစ်ပျက်နဲ့  သူတို့  ရွာ ထိပ်တိုက် လာတွေ့ ကြုံရတယ်။ အဲဒီလို ကြုံရတော့ ညဥ့်နက်သန်းခေါင် လူတွေက မှောင်မှောင်မည်းမည်း ဂျောက်ထဲကျသူကျ မှောက်ရပ်လဲသူကလဲရင်းနဲ့  ရေလွတ်ရာ ပြေးကြပါတယ်။
အဲသလိုမျိုး အဖြစ်ကြုံတော့ ကောင်းလိုက်တဲ့ ရွှေမြန်မာတို့  စေတနာ ။ သဒ္ဓါ
တွေ မိုးထက်တောင် များပါသေးတယ်။ အခက်ခဲကြုံလို့  ကူညီပြီး ရွာပြန်သွားတဲ့အထိတောင်
ပိုငွေများ ရှိသည်အထိ ရရှိကြတယ်။ ရေဘေးအတွင်းလည်း အဆင်ပြေစွာ နေထိုင်ခဲ့ကြရတယ်။ ဘယ်လောက်ထိ ပိုသလဲ ဆိုရင် သိန်း ၅၀ ကျော်ကျော်လို့  သိရတယ်။
အဲဒီငွေကို ဒီအတိုင်း ခွဲဝေပစ်ရင်တော့ ကုန်တော့မှာပဲ။ နောက် ဒီလို အန္တရာယ်မျိုး မကြုံရအောင်
တံတားဆောက်မယ်။ ရေပြွန်လုပ်မယ် ဦးဆောင် ညွှန်ကြားသူတွေက ပြောကြ ဆိုကြတယ်။
ဟုတ်တာပေါ့။ ခွဲဝေပစ်လိုက်ရင် ဘယ်နှစ်ရက် စားသောက်ကြရမလဲ။ တံတားဆောက်မယ်။
ရေဘေးကာကွယ်မည့် နည်းလမ်းလုပ်မယ်ဆိုရင် နောက် ဒါမျိုး မကြုံရဘူးပေါ့။ အဲဒီစကားကို
ကြားလိုက်ရတော့ ၀မ်းသာဘိ ဖြစ်ချင်း။ သတင်းကလည်းကောင်း။ အကြံကလည်း ကောင်းသမို့ 
အချိုပေါ် သကာဆင့် လို့  ဆိုလေရမလားပဲ။
နောက် ၅ လခန့် ကြာသော်။ ရရှိထားတဲ့ ငွေနဲ့ ။ ပထမ လမ်းဖေါက်ပေးကြတယ်။ အော်
ကောင်းလိုက် တာ။ လမ်းဆိုတော့လည်း သွားလို့  ရတာပေါ့။ ကားလည်း သွားလို့ ရ။ ဆိုင်ကယ် ၊
စက်ဘီး လူသွားလမ်း အားလုံး အဆင်ပြေတာပေါ့။
လူတွေကို လမ်းကောင်းကြောင်း ကိုယ်က ချီးမွမ်းစကား ဆိုလိုက်တဲ့ အခါ။ သူ
တို့  ပါးစပ်မှ ထွက်လာပုံက အဲဒီ ကျောက်နဲနဲ မြေကြမ်းလမ်းက သိန်း ၈၀ ကုန်သတဲ့ဘုရား။ တကယ်တမ်း
အဲလောက်မကုန်လောက်ပါဘူး။ ကျောက်ခင်းတာမှ မဟုတ်တာ ကိုဘုရာ့။

တပည့်တော်တို့က မယုံတာနဲ့ မြေလမ်းလုပ်ပေးတဲ့ သူတွေကို မေးကြည့်ပါတယ်။ ဘယ်လောက်ပေးသလဲပေါ့ ဆိုတော့။
ဆိုင်ရာသူတွေက ၁၁ သိန်း ထုတ်ပေးတယ်တဲ့။ အဲဒါနဲ့  လောက်အောင် လုပ်တဲ့။
အလှူခံလို့  ရရှိထားတဲ ငွေက သိန်း ၅၀ ။ ကုန်ကျသွားတာက သိန်း ၈၀ ဆိုတော့။
လမ်းလုပ်ပေးသူတွေက သိန်းသုံးဆယ်တောင် စိုက်လုပ်သွားကြပါ့လား။
ကောင်းလိုက်တာ ။ ဟုတ်မှ ဟုတ်ရဲ့ လား။ ဟုတ်မှ ဟုတ်ရဲ့ လား။ သာဓုပါ။

တစ်ဖက်က ကြည့်ပြန်သော် မြေလမ်းကို လုပ်ပေးသူ လမ်းစက်သမားပြောတာက ၁၁
သိန်း။ လူကြီးတွေ တိုးတိုး တိတ်တိတ် ရှင်းတမ်း ထုတ်သွားတာက သိန်း ၈၀။
ဆိုးလိုက်တာ ။ ဟုတ်မှ ဟုတ်ရဲ့ လား။ ဟုတ်ရဲ့ လား။

အကောင်းဖက်မှာ
မအံ့သြနိုင်လောက်အောင်
ဟုတ်မှ ဟုတ်ပါလေရဲ့ လား
ပြောနိုင်ကြပါစေ ဟုသာ ...

မြတ်ရောင်နီ
( ၂၆ ၊ ၀၁ ၊ ၂၀၁၂ )

Sunday, January 15, 2012

တကယ်ဆိုရင်စိတ်ပဲလိုတယ်

ခုတစ်လော အလုပ်က စာချ အလုပ်ကို ခဏ ရပ်ထားကာ နယ်လှည့် ဓမ္မကထိက အလုပ်ကို လုပ်နေပါတယ်။ တရားတော်ကို ဟောလို့ပြောလို့သာ ဓမ္မကထိက လို့ ကိုယ့်ဖာသာနာမည်တပ်ခြင်းဖြစ်တယ်။ တကယ်တမ်း တရားမဟောမီ ကြေငြာ ဗီနိုင်း ဓာတ်ပုံမှာတော့ တိုက်အုပ်စာချ ဆိုပြီး နာမည်ကိုပဲ သုံးခဲ့ပါတယ်။ ဓမ္မကထိက မဟာဓမ္မကထိက ရယ်လို့နာမည်တပ်နိုင်ဖို့မမြင်သေး။
တရားဟောတယ် ဆိုတော့ လေသံက အစ တရားဟောသံ အသံနေ အသံထားပါမှ ကြိုက်သူက ကြိုက်ကြတယ်။ တရားဟောလေသံ မပါရင် လူတွေက တရားကို ဟောနေပေမယ့် တရားဟောတာကလည်း စကားပြောနေသလို စာချ နေသလိုပဲ ဆိုတဲ့ လေသံလေးတွေက ပဲ့တင်သံလေးတွေကြားရရဲ့ တကယ်တမ်း တရားဟောမှပဲ တရားဟော အလုပ်ဆိုတာ မြန်မာပြည်မှာက ပိုခက်ပါ့လားလို့ တွေးကြည့်မိတယ်။ နိုင်ငံခြားမှာက တရားဟောခဲ့ဖူးတာ စကားပြောသလိုရှင်းပြတာပဲ။
တရားအကြောင်းရာ ပါရင် ၊ ဘုရားရှင်ရဲ့ဒေသနာပါရင် ဓမ္မကထိကလို့  နိုင်ငံခြားတရားနာသူတွေက ပြောကြတယ်။ မြင်ကြတယ်။ ခုတော့ကား အဲသလို မဟုတ်ပါ့လားနော်။
အဲသလိုလေးတွေကို ကြည့်ပြီး ခုခေတ် နာမည်ကြီး Top Ten တော့ပ်တန်း ၀င် ဆရာတော်တွေ ဟောပုံ နာမည်ကြီးကြပုံလေးတွေကို ကြည့်ပြီး ကိုယ်လည်း ဓမ္မကထိက ထုံးစံ နာမည်ကို နာမည်ကြီး သီချင်းစာသွားလေးလို ပေးမိကြည့်တယ်။ အဲ ... မဆိုးဘူး။ တရား နာမည် ကြားလိုက်တာနဲ့ ခပ်ရွယ်ရွယ် လူတွေက ပြုံးစိစိ ။ တရားနာမည်ကို ကြိုက်တာလား၊သို့ မဟုတ် လှောင်ပြုံးလေလား မသိ။ ကြိုက်လို့  ပြုံးတာ ရှိမှာပါ ဆိုပီး တရားဟော ဆက်ခဲ့တယ်။
တရားကိုဟောခဲ့တာကဒီလိုပါ ဒေသနာတော် စခဲ့တာက သာဝတ္ထိပြည်မွန် ဇေတ၀န်ကျောင်း ဘုရားရှင် သီတင်း သုံးတော်မူခဲ့တယ်။ အဲဒီ ဒေသနာ ဖြစ်ပေါ်လာတဲ့ အကြောင်းက ကိုယ်တော်အပျင်းလေးကြောင့် ဟောခဲ့တာ။
ကိုယ်တော်အပျင်းလေး ဆိုပေမယ့် အဲဒီ ကိုယ်တော်လေး က သဒ္ဓါ ပဗ္ဗဇိတ ကိုယ်တော်လေး။ သူက သူဌေးသားလေ။ သူဟာ ချမ်းသာပေမယ့် လူ့ချမ်းသာကို ချမ်းသာတယ် မထင်။
ချမ်းသာတယ် မမြင်။ သူ့ ပါရမီလို့ ပဲ ပြောရမှာပေါ့။ သူရဲ့  ဘုန်းကြီး ဖြစ်ဖို့  ကံကြမ္မာ ဖန်လာတာက ရွာထဲ အမျိုးအိမ်မို့ အလည်သွားခဲ့တဲ့ ကိုယ်တော်လေးကြောင့်ပါ။အမျိုးအိမ်မို့  ကိုယ်တော်လေးက အလည်သွားချိန်မှာ သူဌေးသားလေးကလည်း လူ့ ချမ်းသာကို ချမ်းသာ မမြင် ဆင်းရဲ ထင်နေတာမို့ဆင်းရဲ လွတ်ကြောင်း နည်းလမ်းကောင်းကိုဟောပေးဖို့ကိုယ်တော်လေးကိုတိုက်တွန်းလျှောက်ထားခဲ့ပါတယ်။အိမ်မှာ ရောက်သွားလေတဲ့ ကိုယ်တော်လေးဟာ ဆင်းရဲ လွတ်ဖို့  နည်းလမ်းကောင်း ပေးခဲ့ပါတယ်။

၁။ ဒါန အမျိုးမျိုး လုပ်ပါတဲ့။ ဥပမာ - စာရေးတံဆွမ်း၊ ဆယ့်ငါးရက်တစ်ကြိမ်ဆွမ်း
ကထိန်သင်္ကန်း ၊ ၀ါဆိုသင်္ကန်း စသဖြင့် လုပ်ပေါ့တဲ့။ တကယ် ဆင်းရဲ လွတ်ချင်တဲ့ သူဌေးသားဟာလည်း ကိုယ်တော် ပြောသမျှ နားထောင်ကာ လုပ်ပါတယ်။ သူလိုချင်တဲ့ ဆင်းရဲ လွတ်သည်အထိတော့ မဖြစ်သေးဘူး လို့ထင်ရဲ့။ ဒါနဲ့ ပဲ ဒါ့ပြင် ဘာလုပ်ရမလဲ လျှောက်ကြားပါတယ်။
ဆင်းရဲ လွတ်လိုလျင် ၂။ သရဏဂုမ် ၃ပါးနဲ့  ၅ပါး သီလ ဆောက်တည်ပါတဲ့။ ဒီနေရာမှာ စကားညှပ် ဝေဖန်ရသော် သူဌေးသားလေးဟာ ဗုဒ္ဓဘာသာ မဖြစ်သေးဖူးလို့  ယူဆပါတယ်။ဒါကြောင့်ပဲ သရဏဂုမ် တည်စေတာပေါ့နော်။ ဟုတ်ပါတယ်။ သရဏဂုမ်ဆိုတာ ဆင်းရဲ လွတ်သတဲ့။ ဧတံ သရဏ မာဂမ္မ သဗ္ဗဒုက္ခာ ပမုစ္စ္စတ- လို့  ဟောထားပါတယ်။ သရဏဂုမ်ကို အကြောင်းပြုလို့  ဆင်းရဲ အပေါင်း လွတ်တယ် လို့  ဆိုလိုပါတယ်။
အဲဒီ့နောက်မှာ ၈ ပါးသီလ ၁၀ သီလကို ဆောက်တည်ခိုင်းပါတယ်။ အထူး မှတ်သားသင့်တာက သီလသည် ဆင်းရဲ မှ လွတ်နိုင်တယ် ပေါ့။ သီလမလုံရင်တော့ ဘယ်တော့မှ ဆင်းရဲ လွတ်မှာ မဟုတ်ဘူးလို့ လည်း ပြောင်းပြန်သိနိုင်ပါတယ်။
သူဌေးသားလေးက ၁၀ ပါးသီလ အပီပြင် စောင့်ထိန်းနိုင်တာကိုလည်း မကျေနပ်နိုင်သေးဘူး။ ဒါထက် ကြိုးစားချင်သေးတယ်။ ဆင်းရဲ အမြန်လွတ်ချင်တာကိုး။ အဲဒါကြောင့် ဒါ့ပြင် ဘယ်လို ဆက်လက် ဆောင်ရွက်ရမှာလည်း မေးပါတယ်။ အိမ်လည်တဲ့ ကိုယ်တော်လေးက ပြောပါတယ် ။ တတ်နိုင်ရင် ဘုန်းကြီး ၀တ်ပါတဲ့။ ဟုတ်ပါတယ်။ ဘုန်းကြီးက အကျဉ်း သီလက ၂၂၇ သွယ် ဥပဒေစည်းကမ်း ကျင့်ဝတ်ရှိတာကိုး။ အကျယ်အား ကုဋေကိုးထောင်ကျော်ဆိုပါ့လား ။ဒါကြည့်သောအားဖြင့် ဘုန်းကြိးဝတ်ပြီး သီလကို အကြီးကျယ် ထိန်းနိုင်လေ ဆင်းရဲမှ အမြန်လွတ်မြောက်နိုင်လေလို့  လည်း သိထားရပါမယ်။ သူဌေးသားလေး ဘုန်းကြီး ၀တ်သွားတယ်။ ဘုန်းကြီးဝတ်တော့ ဒီအတိုင်း အလကား နေလို့  မရ။ ၀ိနည်းဥပဒေ သိမှ စောင့်ထိန်းရမှာမို့  ၀ိနည်းကို ၀ိနည်းဆရာက သင်ပြပေးတယ်။ တရားအားထုတ်ရာတွင် အသုံးဝင်တဲ့ အဘိဓမ္မာကိုလည်း အဘိဓမ္မာ ဆရာက စိတ်ပါလက်ပါ ဂရုစိုက် သင်ပြပေးကြတယ်။
သူဌေးသားလေး ပျားတုတ်ပြီ။ အဲ...ပြဿနာတော့ ဖြစ်ပြီ။ သူက ဆင်းရဲ လွတ်လိုလို့ဘုန်းကြီး ၀တ်လာတာ။ ဘုန်းကြီးစာတွေ သင်မှ စာတွေက ခက်လို့ ဆင်းရဲရပြီ။ ၀ိနည်းဆရာက ၀ိနည်းအကြောင်းရာ သေချာသင်ပေးတယ်။ ဒါက ဘုန်းကြီးနဲ့  မသင့်တော် ရှောင်ကြဉ်ရမည့်အလုပ်။ ဒါက ဘုန်းကြီးတွေ ပြုကျင့်ရမည့် ၀တ္တရား။ ရှောင်ရင် ဆောင်ရန်တွေ မှတ်သားရတာကလည်း များလိုက်တာလို့  သူ့ စိတ်မှာ တွေးမိသွားတယ်။

အဘိဓမ္မာဆရာကလည်း အဘိဓမ္မာအကြောင်း ဆွေးနွေး ပြောကြားမေးမြန်းနဲ့ အဘိဓမ္မာကိုလည်းစိတ်ကမမှတ်သားနိုင်ဖြစ်နေရှာတယ်။အော်....လှချင်လို့ ဆေးမှင်ကြောင်ထိုးခါမှ ဆေးမှင်ကြောင်ကြောင့် ပိုရုပ်ဆိုးနေတဲ့ ငါ့အဖြစ်ပျက်ပါ့လားဆိုတာ ဖြစ်နေပြီ။ ဒီလိုနည်းနဲ့ တော့ ဆင်းရဲ မှ မလွတ်တဲ့ အပြင် ပို ဆင်းရဲ နေပါ့လားနော်လို့  တွေးပြီး ပွါးများနေကြဒွတ္တိံသကမ္မဋ္ဌာန်းတောင်မပွါးများဖြစ်တော့ဘူး။ စာလည်း ဆက်မသင် ၊ တရားကလည်း အားမထုတ်တော့ ဘုန်းကြီးဘ၀ဟာ ခြောက်ခမ်းတဲ့ ဘ၀ကြီးပါ့လား မြင်လာတယ်။ ပျင်းရိလာတယ်။ ဘယ်လောက်ပျင်းရိသလဲဆိုတော့ ဆွမ်းလည်း မဘုဉ်း ၊ ရေကလည်း မချိုး တော့ဘူး။ ရေမချိုးတာမှလေ ၀ဲခြောက်ပေါက်တဲ့အထိကို မချိုးပဲ နေလာတာ။ အခြားသီတင်းသုံးဖေါ်တွေကတောင် မေးမြန်းလာရတယ်။
ကိုယ်တော် အစက သာသနာမှာ ထက်ထက်သန်သန်နဲ့  ဆင်းရဲ လွတ်လို လို့  ဆို။ ခု ကိုယ်တော် ဘာဖြစ်ရတာလဲဘုရားပေါ့။ သူရဲ့ ဖြစ်ကြောင်းကုန်စဉ်ကို ပြောပြပါတယ်။ပြောပြတော့မှ ဒီလိုဆို မဖြစ်တော့ဘူး ကိုယ်တော့်ဆရာကို ဒီအကြောင်း ပြောပြမယ်ဆိုပြီး သူရဲ့  ဆရာ နှစ်ပါးကို လျှောက်ကြားကြပါတယ်။ အဲဒီတော့မှ ဆရာနှစ်ပါးကလည်း သူတို့ က သင်တာဟာ အပြစ်မှ မရှိတာကို။ စာသင်ယူသူ စာခံယူသူက စိတ်ထဲမှာ အပြစ်အနေနဲ့  မြင်နေတာကို။ ဆင်းရဲ လွတ်ကြောင်း လမ်းစတွေ ဆိုတာမှ သဘောမပေါက်တာ။ အဲဒါကြောင့်လည်း သူ ဒီလို ဖြစ်တာ ရှိမှာပဲ ဆိုပြီး ဘုရားရှင်ထံ တပည့်ငယ်ငပျင်းကိုယ်တော်လေးနဲ့အတူသွားခဲ့ကြပါတယ်။
ဘုရားရှင်နဲ့ တွေ့ တော့ နှုတ်ဆက်စကား သာရဏီယ စကားများ ပြောတော်မူပြီး သူတို့  ဖြစ်ရပ်ကို လျှောက်တင်ကြတယ်။ ဘုရားရှင်က ငပျင်း ကိုယ်တော်လေးကို သင့်တော်တဲ့ စကားနဲ့  ပြောလိုက်ပါတယ်။ ငါ့ရှင်ဟာ တစ်ခုတည်း ပြည့်စုံရမယ် ဆိုလျင် ဖြည့်နိုင်ပါ့မလားပေါ့။ မှန်ပါ့ ဘုရား။ တစ်ခုတည်းသာဆိုရင်တော့တပည့်တော်အနေဖြည့်နိုင်ပါတယ်ဘုရား။ ဘုရားရှင်က တကယ်ဆိုရင် စိတ်ပဲ လိုတယ်။ မိမိ စိတ်ကိုသာလျှင် ထိန်းပါ။ စိတ်ကိုထိန်းနိုင်ရင် ဆင်းရဲ အပေါင်းမှ လွတ်မြောက်နိုင်ပါတယ်- တဲ့။
အဲဒီနောက် တရားဟော ဆရာတော် တိုက်အုပ်စာချ မြတ်ရောင်နီက ထပ်မံ၍ စိတ်အကြောင်း ထပ်ရှင်းခဲ့ပါတယ်။ စိတ်ဆိုတာ အာရမဏံ စိန္တေတီတိ စိတ္တံ။ ဆိုတဲ့ အတိုင်း အာရုံကို သိတတ်တာကို စိတ်လို့  ခေါ်တယ်။ စိတ်ဆိုတာ သိသဘောပါပဲ ပေါ့။ စိတ်က အင်မတန် အရေးကြီးပါတယ်။ စိတ်သာရှင်စော ဘုရားဟော ဆိုထားတာ မဟုတ်ပါလား။ ဒါကြောင့် အပါယ်လေးပါးကိုလည်း စိတ်ကြောင့် သွားရသလိုနိဗ္ဗာန်ကိုလည်းစိတ်ကြောင့်သွားရကြောင်း...

ကိုင်းလိုက်ဆို...
ဆောင်ပုဒ်...

အပါယ်လေးပါး၊စိတ်ကြောင့်သွားသည်။
နိဗ္ဗာန်ရောက်မှု ၊ စိတ်က ပြုသည်။

လူနှင့် သီလရှင်ပရိသတ်တို့  သုံးခေါက် ဆိုပြီးနောက်...စိတ်ကိုလွှတ်ထားရင် ဆင်းရဲတွေပွါးပြီး ၊ စိတ်ကိုထိန်းမှချမ်းသာပါမည့်အကြောင်းရှင်းပြကာ..
ကိုင်းလိုက်ဆို...
ဆောင်ပုဒ်...စိတ်ကိုလွှတ်ထား၊ဆင်းရဲပွါးမည်။
စိတ်ကိုထိန်း၊အေးငြိမ်းချမ်းသာမည်။

ပရိသတ်များသုံးခေါက်ဆိုဖို့တိုက်တွန်းကာဆိုစေခဲ့တယ်။
အဲဒီနောက် စိတ်ကို ဘယ်လို ထိန်းမလဲ ဆိုတာကို မဟာသတိပဋ္ဌာန် သုတ်လာ အတိုင်း ရာဂ ဖြစ်ရင်ဖြစ်မှန်းသိပါ။ရာဂကင်းရင်လည်းကင်းတယ်လို့သိပေးပါ။သိလိုက်တာနဲ့တစ်ခဏချင်းရပ်သွားပါမယ်။ အဲဒီနောက် သိပြီးရင် ရာဂစိတ်ဟာလည်း ဖြစ်ပီဆိုမှတော့ ပျက်သွားတယ်။ သိရုံနဲ့  မပြီးတော့ ရာဂစိတ် ဖြစ်မှန်း သိသိ နေပြီးရင် အဲဒီဖြစ်တဲ့ စိတ်တွေဟာပျက်သွားပါ့လား သိသည်အထိ ကြိုးစားရမှာ ဖြစ်ကြောင်းနဲ့  ဒေါသ မောဟလည်း အဲသလိုမျိုး ဖြစ်ကြောင်းကို ပြောဟောပြီး တရားပွဲ သိမ်းကာ ထိုနည်းအတိုင်း တရားထိုင်ခဲ့ပါတော့သတည်း။။
အဲဒီနောက်ရေစက်ချအမျှဝေကာတကယ်ဆိုရင်စိတ်ပဲလိုတယ်ဆိုတဲ့တရားပွဲလည်းပြီးသွားပါတော့တယ်။


မှတ်ချက်။ ။ ပဲခူးတိုင်း ၊ ပန်းတောင်းမြို့ နယ်။ ဥသျှစ်ပင်မြို့ တွင် ဟောကြားသော တရားမှတ်တမ်း ဖြစ်ပါသည်။

မြတ်ရောင်နီ
( ၀၂ ၊၀၁၊၂၀၁၂)