Pages

Thursday, November 10, 2011

မနာနိုင်သေးဘူး

<!--[if gte mso 9]> Normal 0 false false false EN-US X-NONE X-NONE MicrosoftInternetExplorer4

ခု ကိုယ့်ကိုယ်ကို စဉ်းစား စဉ်းစားရင်း ဇဝေဇ၀ါ လမ်းမကြီးပေါ် မသဲမကွဲ မှုန်ဝါးဝါး ခြေထောက်နဲ့  လမ်းလျှောက်ခဲ့တာလည်း ကြာညောင်းပြီဖြစ်ကြောင်း သိလိုက်ရပါပြီ။ သို့ပေမယ့် ခုထက်ထိ တကယ်တမ်း မနာနိုင်သေး။
ဟိုးဟိုးကာလတွေကို မပြောချင်ပါဘူး။ ခု တစ်ခြောက်လုံး ( ၁၁ . ၁၁ .၁၁ ) မှာ နှစ်တွေအထိတောင် အတော်လေးကို မနာမိသေးဘူး။ မခံချင် အနိုင်ကျင့်နေမှန်းသိခဲ့တာ ကြာပါပြီ။ ကိုယ့်ဖာသာလေးပဲ အသာလေးနေခဲ့တာပါ။ အသာလေးနေတာနဲ့ လည်း အသာနေတာမဟုတ်ပြန်ဘူး။
လူတစ်ယောက်ကို စော်ကားမော်ကား လုပ်ခဲ့လို့  နာကျင်ရင် အဲဒီလူကို ဘယ်လိုဆက်ဆံရမလဲ။ ပြန်လည်ကာ ဆော်လိုက်မလား၊ သို့ မဟုတ် အဲဒီလိုလူမျိုးကို ရှောင်ကွင်းမလား ။ တစ်ခုမဟုတ် တစ်ခုတော့ ရွေးချယ်ရပါမယ်။ ဒီအတိုင်းလေးပဲ ဟိုလိုလို ဒီလိုလိုနေရင် ဘယ်တော့မှ အဲဒီလိုလူမျိုးကြောင့်ဖြစ်လာတဲ့ ဒုက္ခ တစ်ထွေးတစ်ပိုက်ကြီး ကိုယ်ပဲ ခံနေရဦးမယ်။
တကယ်တမ်းကျတော့ နာမှန်းသိရင် နာတာကို လွတ်အောင် လုပ်ဖို့  လိုတယ်ပေါ့။ တကယ့်ကို မနာသေးသလားလို့ တောင်ကိုယ့်ကိုယ်ကို မေးမိရဲ့ ။ ဟုတ်လည်း ဟုတ်မယ် ထင်ပါတယ်။ တစ်ခါတစ်လေ ရုန်းသလိုလိုလေး လှုပ်ရှားကြည့်ရဲ့ ။ ချည်နှောင်မှုတွေကများသား။ ဟိုကြည့်ရ ဒီကြည့်ရ သံယောဇဉ်ကြိုတန်းများ ရှုပ်ထွေးပွေလီနေပြန်တယ်။
လူတစ်ယောက်ကို နာကျင်မုန်းတီး မမြင်ချင်သလောက်ဖြစ်သလိုမျိုး ဘ၀ကို ထဲထဲဝင်ဝင် နာသည်ဆိုပါမှ ဆင်းရဲတဲ့ ဘ၀ကလည်းလွတ်မြောက်ချင်ပါလိမ့်မယ်။ ဘ၀က နာတတ်မှလည်း တိုးတက်ချင်စိတ်ရှိမယ်။ တိုးတက်အောင်လည်း လုပ်မယ်လေ။
ကိုင်း အမှတ်တရ အဖြစ်အနေနဲ့  ရေးခြင်းပါ။ ဘ၀နာတတ်ဖို့ ပါပဲ။ ဘ၀နာမှ တိုးတက်အောင် ကြိုးစားပါလိမ့်မယ်။ တိုးတက်လာပါလိမ့်မယ်။ ပါဠိ အလို ပြောရရင် ဘ၀ ကို ဒုက္ခ မြင်ပါမှ တိုးတက်ပွါးများခြင်း ဘာဝနာ အလုပ် လုပ်ဖြစ်မယ်လို့  ဆိုလိုခြင်းဖြစ်ပါတော့တယ်။
ခုတော့ မြတ်ရောင်နီ အရှင်ကား မနာနိုင်သေး ဖြစ်ရော့ချေ။

ဘ၀မှာ တိုးတက်ကြပါစေ
ဘာဝနာ ပွါးများနိုင်ကြပါစေ

မြတ်ရောင်နီ

တစ်ခြောက်လုံး အမှတ်တရာ

( ၁၁ ၊ ၁၁ ၊ ၁၁ )

Monday, October 31, 2011

မိုးလေ၀သ မကြေငြာ တော့

မိုးလေ၀သ သတင်း မကြေငြာတော့ ။ သူ တစ်ကောင်တည်း တွေးနေတယ်။ သူ့အမျိုးတွေကိုလည်း ပြောထားတယ်။ တွေးမည်ဆိုလည်း တွေးရတော့မည်သာ။ ဆွေးမည်ဆိုရင်လည်း ဆွေးရမည်သာ ။ ဘာလို့ လဲ ဆိုတော့....။
ခုတစ်လော သတင်း စာစောင်တွေ ရောင်းကောင်းလာတယ်။ ရေးထားတဲ့ စာတွေကလည်း ခါတိုင်း အရေးသားတွေနဲ့မတူ။ လွတ်လပ်စွာ ရေးလို့ရပြီတဲ့။ ဆောင်းပါး စာရေးဆရာတွေကလည်း ဆောင်းပါးထဲမှာ အနည်းအကျဉ်းမှ အစ များများ စားစား အထိ လွတ်လပ်စွာ ရေးလာကြတယ်။ ကာတွန်းရေး တွေးကြတဲ့ ရုပ်ပြောင်တွေတောင်မှ အခြား ဟာသမျိုးတွေ မရေးခြစ်ဖြစ်ကြတော့။ ဒီအတိုင်းဆက်လျှောက် ရဲရဲ လျှောက် ဆိုတာမျိုး ကြိုးတန်းပေါ် လမ်းလျှောက်နေတဲ့ လူတစ်ယောက်ပေါ့။
သူသည် စာမဖတ်တတ်။ မိုးလေ ၀သတော့ ဟိုတုန်းက ကြေငြာလေ့ရှိတယ်။ မိုးလေ၀သ ကြေငြာနည်းကိုလည်း သားစဉ်မြေးဆက်လက်ကမ်း ဆင့်ကာ သင်ကြားပေးတတ်တယ်။ ခု သူ သာ စာဖတ်တတ်ရင်တော့လား....
ခုတစ်လော စားရတဲ့ အစားသောက်တွေ သိပ်ကောင်းလာတယ်။ ဘာရယ်မသိ။ စားကောင်းလို့များ ဖီးလင်တတ်လို့ တော့ မဖြစ်သေးဘူးလို့တစ်ကောင်နဲ့ တစ်ကောင်နဲ့ ကြည့်တော့လဲ ပါးစပ်ထဲမှာ ပလုပ်လောင်း မရှာပဲတောင် ပါးစပ်ထဲ အတင်းခွင့်ခံရသလို စားနေရတယ်။ ဒါပေမယ့် သူတို့ခမျာ မလွတ်လပ်သည်ကား သူတို့ သူတို့  အချင်းချင်း သိနေကြပါတယ်။
ခါးတိုင်းဆို လွတ်လွတ်လပ်လပ်ကလေး ၊ ကိုယ်ကာယအား ဥာဏအားတွေ အသုံးပြုပြီး စားလာခဲ့တာပါ။ ဘယ်သူကိုမှ ထည့်မတွက်ရဘူး။ ခု တွေးနေရတယ်။ ဒီလူတွေ ရိုးမှ ရိုးသားကြရဲ့ လား။ ငါ မယုံဘူး။ သေချာကို ကျွေးနေပြီ။
ကြွက်တစ်ကောင် တစ်ရာ။ အကောင်ပေါက်သေးသေး။ ရှာကျွေးနေကြတာတဲ့ ။ ဆင်းရဲတဲ့ ကလေးတွေက ကြွက်မိသားစု အငြိမ်မနေရ။ ကြွက်မီးဖွားတာတောင် ခါတိုင်းမျိုးလို မဟုတ် ။ ခိုးကြောင် ခိုးဝက် မွေးရရှာပြန်တယ်။ ကြွက်မကြီး တစ်ခါ အစာရှာသွားခိုက် သားသမီးတွေပျောက်ပျောက်သွားလို့ဝမ်းနည်း ပက်လက် ကြွက်မိဘများ မျက်ရည်ကျတာကလည်း ခဏခဏ။
ခု ပလုပ်ပလောင်း စားနေရတာက ကြွက်မိဘများရဲ့  မျက်ရည် အလိမ့်လိမ့်။ စားချင်ရယ်လို့  မဟုတ်။
လူဆိုတဲ့ သတ္တ၀ါတွေက အတင်းကြပ်ဆိုသလို လှောင်ချိုင့်ထဲထား။ တစ်ခါတစ်ခါ ခြေထောက်ထိပ်တုံခတ်ပြီး ကျွေးကြ မွေးကြတာလေ။
နောက်တော့ သဘောပေါက်သွားတယ်။ ဒီ လူတွေရဲ့ အကြောင်း။ ငါတို့ ကို စေတနာ ရှိလို့  မဟုတ်တာ သေချာပြီ။ ဟိုတစ်နေ့ က အ၀ ဆုံး ကောင် ပျောက်သွားပြီ။ ( နိုင်ငံခြား ပါသွားသတဲ့ အဲလိုများတွေးလေမလား)။
ဟိုတုံးက နွေရာသီမှာ ပူပြင်းလွန်းလို့  မိုးလား လေလား အခေါင်းအပြင် ထွက်ကြည့်ပြီး အော်ကာ အော်ကာ ညီးခဲ့တယ်။ ဒါကို ရွာထဲက ကလေး လူကြီးက မိုးလေ၀သ ပညာရှိ ဆိုပြီး။ သူတို့ ဖာသာ မိုးလား လေလား ဆိုပြီး ပါးစပ်က အော်ကြတယ်။
ခု လူတွေက ဖြစ်ပုံ။ နေမပူသေးဘူး။ မီးပူနဲ့  အခေါင်းထဲမှာ မိသားစု အားလုံး မနေနိုင်အောင် မီးမြိုက်ကြတယ်။
ပူလွန်းတော့ ဆောင်းမှာတောင် အတွင်း မနေရ။ အပြင် ထွက်လာခဲ့တယ်။ အခြေနေက မကောင်းတော့
သူတို့နောက် ပါသွားပါလေရော။ ဒီလိုနဲ့ မိုးလေ၀သပညာရှင်ဆိုသော သူတို့စာမဖတ်တတ်ပေမယ့် မကြေငြာနိုင်ပြီ။
တစ်ကောင်ကို သိန်း၂၀ ၊ တဲ့။ အကောင်ကြီးရင် နှစ်ချို့ ဆိုရင် ပိုလို့ တောင်ရသတဲ့။ ဟုတ်ပါ့ ဟုတ်ပါရဲ့ လားကွာ လို့တောင် ၇ွာက ဒကာ ဖြစ်သူကို မေးမိတယ်။ အထက်ပါ အကြောင်းရာမှာ ကြွက်ကလေးများကိုလည်း သနားမိပါတယ်။ မိုးလေ၀သ ကြေငြာသူတွေကိုလည်း သနားမိပါတယ်။ သူတို့ လည်း ခု ဂျာနယ် သတင်းတွေသာ ဖတ်တတ်ရင်တော့လား ဟိုတုန်း မလွတ်ခင်တုန်းက လွတ်လပ်တယ်။ လွတ်လပ်မည့် အရိပ်ရောင် မြင်တော့ မလွတ်လပ်ပါလားလို့  တွေးမိမယ်လို့  ထင်မြင်မိပါတယ်။

သူတို့ လည်း လွတ်လပ်စွာ နေနိုင်ကြပါစေ.........


တစ်ငါးလုံး နေ့ မှ စပြီး
လွတ်လပ်ငြိမ်းချမ်းစွာ
ငါးပါးသီလ လုံခြုံနိုင်ကြပါစေ


မြတ်ရောင်နီ

တစ်ငါးလုံး
( ၁ ၊ ၁၁ ၊ ၁၁ )

Sunday, October 30, 2011

မမုန်း နိုင်ပြီ

ခေါင်းစဉ် ကြားလိုက်တာနဲ့ များ လန့် သွားမလားဘဲ။ တကယ်တော့ ဘုန်းကြီးတစ်ပါးအနေနဲ့  လှိုင်းမထသော ခေါင်းစဉ်များနဲ့ ရေးသင့်သည်ကိုလည်း နားက လည်သယောင်။.

သို့ သော်ငြား စာဖတ်ပရိသတ်များ လန်းပါစေကြောင်း စိတ်စေတနာ အကောင်းများဖြင့် မမုန်းနိုင်ပြီ ခေါင်းစဉ်ဖြင့် ဖတ်ကြည့်စေချင်သည်။ ဖြစ်ပုံက ဒီလို...

၁။ လဆန်း ၁ ရက် တောရ
၂။ မြို့ သစ်
၃။ ဂိုဏ်းထောက်
၎။ ရွာသစ်
၅။ မကျည်းတော ကျောင်းတိုက်
၆။ အုန်းတော စာသင်တိုက်
စသဖြင့် နေ့ တိုင်းဆိုသလို ၀ိုက်ဘုတ်ပေါ်မှာ တန်းစီကာ ရေးမှတ်ထားသော စာတမ်းများ သေချာ ငေးမော ဖတ်မိကာ တွေးမိခဲ့သည်။

လူတိုင်းဆိုသလို ပါးစပ်ဖျားခါက သိနေကြပြီ။ ဒီအကြောင်းကိုပေါ့။ သို့ သော် ဒီအကြောင်းသိပေမယ့် ဒီအကြောင်းကို ဦးစားပေးနေရင်တော့ ကိုယ့်ပန်းတိုင်ကျတော့လည်း ဝေးကွာသထက် ဝေးကွာပေဦးမည်။

ပါးစပ်ဖျားက ပြောနေတာက။ ဘုန်းကြီး ဆူတုန်း တန်ဆောင်မုန်း - တဲ့လေ။ ဆူ ဆိုတာက သိတော်မူတဲ့အတိုင်းပါပဲ။ လူ တစ်ယောက် ၀၀ တုတ်တုတ်ကြီး ဖြစ်နေရင် ဆူလို့ ဖြိုးလို့ ဆိုတာမျိုး။ ပုဉ်းကံများ ထပြီး လာဘ်လာဘတွေ ပေါများနေတဲ့ လ မို့  ဘုန်းကြီး ဆူတုန်း တန်ဆောင်မုန်းပါတဲ့။

ဘုန်းကြီးတိုင်း မုန်းချင်ကြလိမ့်မယ်။ ပုထုဇဉ်ပီသသော ဘုန်းကြီးများပေါ့။ အဲ... ပြောစရာရှိတာက ပုထုဇဉ်ပီသပေမယ့် အသိကို ခေါင်းပေါ် ရွက်တင်ထားတဲ့ ပုထုဇဉ် ဘုန်းဘုန်းတို့ ကတော့ မုန်းမုန်း မမုန်းမုန်း ရသမျှ နဲ့  အချစ်ဖျက်နိုင်ကြတယ်။

အဲဒီအထဲမှာ မမုန်းနိုင်သေးသည်ကား ဘုန်းကြီး မဖြစ်တဖြစ် မြတ်ရောင်နီ ကိုယ်တော်ကြီးလေး။
မြတ်ရောင်နီကိုယ်တော်ကြီးလေး ဆိုသည်ကား ကြီးတော့ ကြီးလေပြီ။ ဘုန်းကြီး အစစ်။ တစ်နည်းဆိုရသော် ကျောင်းထိုင် ဘုန်းကြီး အဆင့် ဖြစ်တဲ့ ဘုန်းကြီး တော့ ယခုထက်ထိမဖြစ်သေး။ ဟောဒီ ရာသီမျိုးမှာ ပုထုဇဉ် ပီပီ နဲ့  ၀ိုက်ဘုတ်ထဲ စာတွေကို ကိုယ်နဲ့  သက်ဆိုင်လိုက်ချင်ရဲ့ ။ သို့ သော် ကိုယ်ကမှ ........။
ဒီလိုနဲ့  တန်ဆောင်မုန်း လသည် တစ်ဖြေးဖြေး ရွေ့ လျားချိန်။

ဟလို ...အသံ ကြားလိုက်ရပါတယ်။
ဟုတ် ... ဥူးဇင်းပါ။
ဥူးဇင်း ဘုရား ။
ဟုတ်။ ( တစ်ဖက်က ဘာမှ မပြောသေး မပင့်တဲ့ ဘုန်းကြီး က ကြွချင်နေပြီ )။
တပည့်တော် တို့  ကထိန် လဆန်း ( ၁၁ ) ရက် မှာ ခင်းမှာ ဘုရား။ အဲဒါ ဥူးဇင်း အချိန် အားပါသလား ဘုရား တဲ့။

( ပင့်လျှောက်သူက ရဟန်းဒကာမကြီး။ သူက ကထိန်ရာသီ ဘုန်းကြီး ဆူတုန်း တန်ဆောင်မုန်းကို ရေရွတ်ပြီး ဒီစကားကိုများ ပြောလေသလား။
သို့ တည်းမဟုတ် ကိုယ့်ဥူးဇင်း စာချဘုန်းကြီး ဆိုတော့ စာဝါ မှ အားပါ့ အားပါ့မလား လို့  တွေးနေလေရော့သလား။
ကိုင်း သူဘယ်လိုပဲတွေးတွေးပေါ့။ ကိုယ်ကတော့ ၀ါဆိုလပြည့်ကျော် ၁ ရက်မှ ရောက်ခဲ့သည်မို့  အလည်အပတ်က မသွားရသေးတာက တစ်ကြောင်း။
ကထိန်ရာသီ ပုဂ္ဂိုလ်ရေးရာ အနေနဲ့  ပင့်တာမှ ခုလို ရှားရှားပါးပါး တွက်ကြည့်တော့ ဒီတစ်ဦးသာ။
ဘာပြောကောင်းမလဲ။ စဉ်းစားချိန်တောင် အချိန်မပေးလိုက်ရပဲ။ )

ရပါတယ် ၊ ဒကာမကြီး ဘယ်နေ့ လဲ ဆိုတာ ပြောပါ။ မှတ်ထားလိုက်ပါ့မယ်။ ဥူးဇင်းလဲ ရွာကြွရင်း ကြွလာခဲ့မယ်ပေါ့။

ကိုယ့်မှာတော့ ဘုန်းကြီး စူ တုန်းလို့  ပြောရမလား။ ဘုန်းကြီး ဆူတုန်း တန်ဆောင်မုန်းလမှာ ခပ်ပါးပါး ဆူတာကိုများ လောဘကြီးတွေ စူ စူ ထွက်လာလို့ ။

ဘုန်းကြီး ဘ၀ ဆိုတာကတော့ တကယ်တမ်း ဖြစ်သင့်ပြီး သိထားရမှာ ဆင်ခြင်ထားရမှာ က - အညာ ဟိ လာဘူပနိသာ ၊ အညာ နိဗ္ဗာနဂါမိနီ။ ဆိုတဲ့ စာတမ်းပါပဲ။
မြန်မာလိုက လာဘ်ပေါများအောင် လုပ်နေတဲ့ နည်းလမ်းဟာ နိဗ်ဗာန်စခန်းဝင်ဖို့  လုပ်နေတဲ့ နည်းလမ်းနဲ့  ဖြောင့်ဖြောင့် ဆန့် ကျင်ဘက် လို့  ဓမ္မပဒ မှာ မြတ်ဘုရားဟောကြားထားတာ ဖြစ်တယ်။

ဖြစ်ရမှာက ကျောင်းထိုင်ဘုန်းကြီးဆိုတဲ့ အဖြစ်နဲ့  တန်ဆောင်မုန်းလည်း မုန်းနိုင်ရင် မဆိုးလှပြီ။ လာဘ်အပေါ်မှာ ချစ်တဲ့အချစ်ကိုလည်း မုန်းနိုင်ရင် အလွန်တော်လှသည်။

ခုတော့ ဘုန်းကြီး ဆူတုန်း တန်ဆောင်မုန်း ဆိုထားသည်မှာလည်း ကျောင်းထိုင် ဘုန်းကြီးများအတွက်သာ၊ ဒါကြောင့်မို့ ကိုယ့်အနေနဲ့  တန်ဆောင်မုန်း ဆိုတဲ့ မုန်းဟာ ကိုယ့်အတွက် မမုန်း နိုင်ပြီ။ ပြီးတော့ လာဘ်အပေါ်မှာ ချစ်တဲ့ အချစ်ကိုလည်း ဖျက်ရမည့် ဘုန်းကြီး ဘ၀မှာ ရှားရှားပါးပါး ပင့်ဖိတ်တဲ့ လာဘ်လေးကို တွေးပြီးတော့လည်း မမုန်းနိုင်ပြီ။

ဒီလိုလေးတွေကြောင့်မို့ လှိုင်းထသော ခေါင်းစဉ်အောက်မှာ လှိုင်းကြားကလှေ တစ်စင်းလို အသိလေးတွေ မှောက် မသွားအောင် ကိုယ့်ကိုကို တွေးမိရင်း စဉ်းစားမိရင်း....
မမုန်းနိုင်ပြီ ခေါင်းစဉ် ဖြစ်လာလေတော့သည်။


မြတ်ရောင်နီ
( ၃၀ ၊ ၁၀ ၊ ၂၀၁၁)


Sunday, October 16, 2011

မကျွတ်သေး

သီတင်းကျွတ်ပြီ။ ခုထက်ထိ ကျွန်ုပ်ကား မကျွတ်သေး။
မကျွတ်ဆို.. ကျွတ်..အောင် လုပ်ဖို့ ဆိုတာလည်း ..........။

ဝါဆိုလပြည့်နေ့  မြန်မာပြည်ကို ပြန်ရောက်ခဲ့ပါတယ်။
ရန်ကုန်မြို့ မှာ တစ်ညတာ ကြိန်းစက်အနားယူခဲ့ပြန်တယ်။
နောက်နေ့  အမြန်ရထားဆိုတဲ့ အထူးရထားနဲ့  နေပြည်တော်ကို
၈ နာရီကျော်ကျော် ပြန်စီးခဲ့ပြီး နေပြည်တော်အနီးရှိ မြို့ လေးသေးသေးမှာ
သီတင်းသုံးနေရာယူခဲ့ပါတယ်။
.ရောက်ခဲ့ နေခဲ့တာက စာသင်တိုက် ။ သံဃာက ရာကျော်။
ကိုယ်နေရာယူ တာဝန်ယူခဲ့ရတာက တိုက်အုပ် စာချ ဆရာအဖြစ်။
ဒါ့အပြင် အလုပ် တစ်ခုက ၀ါတွင်းကာလ ဥပုသ်နေ့  တရားဟော ဓမ္မကထိကအလုပ်။

ဂျာမဏီမှာ နေခဲ့စဉ်က မြန်မာပြည်ရောက်ရင် တစ်ပတ်တစ်ခါ ဆောင်းပါးလေး
ရေးမယ်လို့  မှန်းထားခဲ့သေး။ သို့ ပေမယ့် တွေးချက် ရေးချက်က ဝေးခဲ့။

ယူခဲ့ရတဲ့ တာဝန်နဲ့  ညီအောင် အလုပ်က တကယ့်ကို လုပ်ရပါသကော။
မနက် အိပ်ယာထ ဆိုပြီ ဆိုတာနဲ့  သံဃာများ ဘုရားဝတ်ပြု တရားထိုင်စေဖို့ 
နံနက် ၄ နာရီ ၁၅ ဆို ထ ကာ နှိုးဆော်တာက ပထမ။
ဘုရားဝတ်ပြုပြီးရင် ၀ါတွင်းကာလမို့  အရုဏ်ဆွမ်းခံ က ဦးဆောင်ကာ ကြွရသေးတယ်။
ဆွမ်းခံ ပြန်အလာ အရုဏ်ဆွမ်းဘုဉ်းပေးကြ။ ပြီးတယ်ဆိုတာနဲ့ ပဲ ကျောင်းဝေယျာဝစ္စလုပ်ကြပေါ့။
အဲဒီကနေ စလိုက်တာ တစ်နေ့  တစ်နေ့  စာဝါ ငါးကြိမ်လောက် တာဝန်ယူခဲ့ရတယ်။

အားတဲ့အချိန်ဆိုတာ မရှိသလောက် ဖြစ်ခဲ့တယ်။ စာဝါချချိန် စာဝါချ။ စာဝါမချရင် စာဝါချဖို့ 
စာကို ကြိုတင်ကာ ပြန်ကြည့်ခဲ့ရသေးတယ်။ စာဝါ ချတယ်ဆိုတာကလည်း အတန်းသေးသေး
သော်မှ တောင်မြို့  မဟာဂန္ဒာရုံ ဆရာတော်က ကြိုကြည့်ရတယ် ဆိုတာကိုး။
ခုတော့ ကိုယ်ယူထားတဲ့ အတန်းတွေ ကြိုကြည့်ဖို့  မလိုတဲ့ အတန်းတွေ ရှိပေမယ့်
ဓမ္မာစရိယ တန်း စာဝါကိုတော့ ကြည့်မထားရင် ဘာကို စပြောရမှန်း အစဉ်ကျမှာ မဟုတ်။
ငယ်လတ်ကြီး အတန်းများ၊ သာမဏေကျော် အတန်းများမှာကား အထူးတလည်မကြည့်ခဲ့ရ။
ဒီအထဲမှာ ဓမ္မာစရိယ အောင်ပြီးထားတဲ့ ကိုယ်တော်တစ်ပါးကိုလည်း ကိုယ့်အနေနဲ့ 
အင်္ဂလိပ်စာက ပို့ ချပေးရသေးတယ်။ ညကျတော့လည်း လေ့ကျင့်ခန်းလုပ်အောင်
ပေးလိုက်တော့ ပြန်ပြီး ပြန်စစ်ရ။ တစ်ပတ်တစ်ခါလည်း စာမေးပွဲ ပြုလုပ်ပေးခဲ့တယ်။
ဒါက စာဝါနဲ့ ပါတ်သက်လို့ ပေါ့လေ။

နောက်တစ်ခုကတော့ တရားဟောရတဲ့ အလုပ်။ ပထမကတော့ အခြေခံ တရားများဖြစ်တဲ့
စတုရာရက္ခခေါ်တဲ့ ဘုရားဂုဏ်တော်ပွါးနည်း၊ မေတ္တာပွါးနည်း၊ အသုဘဘာဝနာ ရှုနည်း ၊
မရဏဿတိ ဘာဝနာ တွေကို တစ်ပါတ် တစ်ခါ ဟောတယ်။ နာရီဝက်ဟောပြီး နာရီဝက်
တရားထိုင်ကြဆိုတော့ စာကြည့်ဖို့  သိပ်မလိုသေး။

အခြေခံတရားဆိုတဲ့ ကမ္မဋ္ဌာန်းတိုင်းနဲ့  သင့်တော်တဲ့ တရားများကို ဟောကြားပြီး
ကွန်ပျုတာနဲ့  ကျောင်းပြီးပြီး သာသနာ့ဘောင်ဝင်ရောက်လာတဲ့ ဦးဇင်းလေးတစ်ပါးက
မှတ်တမ်းကျန်အောင် စီဒီ သွင်းမယ် ဆိုတော့ မဟာသတိပဋ္ဌာန်သုတ္တန်ကို ရှစ်ပိုင်းတောင်
ဟောဖြစ်ခဲ့တယ်။ မဟောခင်မှာ စာတွေကို အားတဲ့ အချိန် အားသလို တစ်ပတ်လုံးဆိုသလို
ကြည့်ရတယ်။ စာလည်း ကြည့်ရသလို ကိုယ်ကိုယ်တိုင်ကလည်း နှလုံးသွင်းကြည့်ရပြန်တယ်။

ဒီလိုနဲ့  ဒီနှစ်ဝါတွင်းမှာ အင်တာနက်ဆိုင်မှာ တစ်ပတ်တစ်ခါလောက် အီင်္းမေးလ် စစ်ရုံ၊
မေးလ်ပြန်ပို့ ရုံလောက်သာ ပြုလုပ်ဖြစ်ခဲ့တယ်။ စာရေးဖို့  အခြေနေက မပေးခဲ့။
( ဒိုမိန်း လှူထားတဲ့ အလှူရှုင်တွေကိုတောင် အားနာမိရဲ့ ။ ဒိုမိန်းလှူထားတော့
ကိုယ်ထင်သလို ရေးရပြီထင်ထားခဲ့တာ။ မဖွင့်တတ်လို့  စာတောင်မရေးဖြစ်။ )

ခုတော့ကား ကျောင်းလေးရက်ခန့်  စာဝါ နားသည်မို့  စာရေးချင်စိတ်ပေါက်လို့  သူငယ်ချင်း
တစ်ပါးရဲ့  အကူညီဖြင့် ဘလော့ဂ်တင်ဖြစ်ခဲ့ပါတယ်။ သူငယ်ချင်းကလည်း သူ နိုင်ငံခြားရှိနေသရွေ့ 
ကူညီပေးမယ် လို့  သိရပါတယ်။

ဒီလိုဒီလို အကြောင်းများရယ်ကြောင့် ကိုယ်ချလက်စ စာဝါများကလည်း အတန်းစဉ်အလိုက်များနေလို့ 
ဝါကျွတ်ပေမယ့် မကျွတ်သေး ဖြစ်ရတော့တယ်။


မြတ်ရောင်နီ
၁၇ ၊ ၁၀ ၊ ၂၀၁၁
.

Wednesday, July 13, 2011

ခွဲခွါချိန်


ခွဲခွါချိန်


လူတိုင်း မဖြစ်မနေ ခွဲခွါရပါမယ်။
ခွဲခွါခြင်း တစ်မျိုးမျိုးနဲ့ ပေါ့။
ရှင်ခွဲနဲ့  ၊ မရှင်တဲ့ ပြန်မဆုံနိုင်တဲ့ အခွဲပါ။

ဘယ်လိုပင် ခွဲခွဲ၊ ခွါခွါပေါ့။
ခွဲကာစ အနေကြာပြီ ဆိုတာနဲ့  အမျှ
စိတ်ခံစားမှုလေးတွေ
အနည်းနဲ့  အများဆိုသလို
ဖြစ်တတ်ကြလေရဲ့ ။

သိထားသင့်တာကတော့
လူတိုင်း ခွဲရမှာ သေချာတာကိုပါပဲ။

ခွဲခွါချိန်မှာ စိတ်ခံစားမှုဟာ ၀မ်းနည်းမနေသင့်ဘူး။
ဘာလို့ လဲ ၊ လူတိုင်းခွဲရမှာ သေချာလို့ ပဲပေါ့။

ခွဲခွါချိန် ၀မ်းနည်းခြင်း စိတ်ခံစားချက်တွေဟာ
ပုထုဇဉ် သဘာဝပေမို့  လူတိုင်းရှိကြပါတယ်။

ပုထုဇဉ် မဆိုထားနဲ့  သောတာပန် အဆင့်တောင်
ခွဲခွါချိန်မှာ ၀မ်းနည်းမှုလေးတွေ ဖြစ်လာတယ်ပေါ့။

ခွဲခွါချိန်မှာ ဘာလို့ ဒီလို ဖြစ်ကြရတာလဲ။
ခင်မင်မှုတွေကို ရင်းနှီးမြှုပ်ခဲ့လိုပေါ့။
ခင်မင်မှုတွေကလည်း ၀မ်းနည်းကို ဖြစ်စေတတ်တာကိုး။

ခွဲခွါပေမယ့် မကွဲကွာ ဖို့ တော့ အရေးကြီးပါတယ်။
အမြဲတမ်း အချင်းချင်းအပေါ် မေတ္တာတွေ
အပြန်အလှန် ရှိကြရမယ်ပေါ့။

မေတ္တာတွေ အမြဲရှိပြီးနေခဲ့ရင်
ခွဲခွါနေကြပေမယ့် မကွဲကွာကြဘူးပေါ့။

ခွဲခွါနီးရင် ပြန်တွေ့ ဆုံကြဖို့ 
မကွဲတဲ့ စကားလေးတွေ ပြောကြတယ်။
ဖြစ်သင့်တဲ့ စကားလေးတွေပဲပေါ့။

ခွဲခွါနီးရင် ပြောလိုက်သေးတာက
အရေးကြီးတဲ့စကား... သတိထားပါတဲ့။
မြန်မာလို ပြောလေ့ရှိတာက ဂရုစိုက်ပါ။

ပြီးတော့ အဆင်ပြေပါစေ။

အောင်မြင်ပါစေပေါ့။

ပြီးတော့....။

ခွဲခွဲခွါခွါ ဖြစ်ချိန်မှာ
အရေးကြီးတာ၊

ဖြစ်သင့်တာ၊
မှာသင့်တာက...


ဘယ်အရာမဆို
သတိထား

ကြိုးစား
အသိပွါး အောင်
လုပ်ကြပါ ...ဆိုတာပါပဲ။




မှတ်ချက်။။ အမှတ်တရအနေနဲ့ 
ကဗျာမဟုတ်တဲ့ စာသားများကို ရေးခြစ်မိပါတယ်။



မြတ်ရောင်နီ

( ၁၃ ၊ ၀ ၇ ၊ ၂၀၁၁ )






ဒီနေရာလေးမှာ ရေးပါ..