Pages

Saturday, January 2, 2010

" စိတ် "

စိတ်

အပါယ်လေးပါး
စိတ်ကသွားသည်။

နိဗ္ဗာန်ရောက်မှု
စိတ်ကပြုသည်။

စိတ်ကိုလွတ်ထား
ဆင်းရဲပွါးမည်။

စိတ်ကိုထိန်း
အေးငြိမ်းချမ်းသာမည်။

ရွှေတောင်ဦး တောရ
ဆရာတော် (ကန့် ဘလူ )

မြတ်ရောင်နီ
(၀၂၊၀၁၊၂၀၁၀)

ဂျာမဏီမြေပေါ်က ခြေလှမ်းများ(၁)

ခြေလှမ်းတို့ ဟာ ရပ်မနေခဲ့။ တရွေ့ ရွေ့ နဲ့  နှစ်တွေပြောင်းသွားသလိုမျိုး ပြောင်းသွားနေစမြဲပါ။ ရပ်နေရင်လည်း ဘယ်မှကို ရောက်မှာ မဟုတ်တော့။ ကိုယ့်ဘ၀အတွက် စဉ်းစားရပြီ၊
သီရိလင်္ကာ MA ကေလနိယတက္ကသိုလ်ဘွဲ့ ကိုလည်း ယူပြီးနေပြီ၊ ငါဘာဆက်လုပ် ရမလဲ ?
ကိုယ့်ဖာသာ အမြဲ တွေးနေခဲ့ရတယ်။ ရွှေနိုင်ငံဘက်ဆီ ပြန်လှည့်ရမလား?

ပြန်လှည့်ပြီးတော့ငါ ဘာမလုပ် မလဲ၊ နိုင်ငံခြားဘွဲ့ တွေယူပြီး ရွာကျောင်းထိုင်မလား၊
မြို့ တစ်ခုခုမှာ နေရာယူပြီး စာသင်တိုက်ထောင်မလာ? မိတ်ဆွေ ရဟန်းတော် တွေတော့
MA ပြီးရင် ဒေါက်တာဘွဲ့ အတွက် သူတို့  ဦးတည်ရာသို့  ဆက်လက်ပြီး သွားနေကြတာ
တစ်ပြုံကြီး၊ MA ဘွဲ့ ယူပြီးပါပြီ ဆိုကတည်းက ဒေါက်တာဘွဲ့ အတွက် စာဖတ်အား
လိုသေးတယ်၊ စာဖတ်သင့်သေးတယ်၊ ငါမလုပ်ချင်သေးပါဘူးလေ ဆိုပြီး ကိုယ့်ကို
အားယူ လိုက်၊ အိုး...သူများလုပ်သလို ငါလည်း ကြိုးစားလုပ်မယ်ဆိုရင် ဖြစ်နိုင်တာပဲ။
စာဖတ်ရင်း ဒေါက်တာဘွဲ့ လုပ်တာကောင်းမလား...အတွေးခြေလှမ်းများ ခလုတ်တိုက်စဉ်-

ဒေါက်တာဘွဲ့ အတွက်သွားကြမယ် လုပ်ကြမယ် ခေါ်ကြသူ၊ ရဟန်း ဒါယိကာမကြီးရဲ့ 
ဥူးဇင်း ပြန်လာရင် တပည့်တော် မိဘများထားခဲ့တဲ့ အမွေနှစ် ကုသိုလ်ဖြစ်အောင် စာသင်တိုက်ထောင်၊ ကျောင်းဆောက်လှူမည့်ဆိုတဲ့စကား၊ အေလာဆရာတော်ကလဲ
မင်းအတွက် ငါကျောင်းလျှောက်ထားတယ် နေပြည်တော်ဘက်
ခုလောလောဆယ် ရမည့်ဟန်။

ဟော- ဂျာမဏီရဟန်းတော်က သီရိလင်္ကာမှာ နေထိုင်စဉ် မြန်မာကျောင်း
အလည်ပတ်လာခိုက် သူသိချင်တာလေးတွေ မေးတာကို ဖြေရင်း ရင်းနီးသွားခဲ့၊ ရင်နီးပြီးနောက်သူကလည်း စာလိုလား၊ ကိုယ်ကလည်း စာကို ပြန်ပြောချင်နေသူ
ဖြစ်လေတော့ သူမေးသမျှလေးတွေ သူအားရကျေနပ်သွား ပုံပေါ်တယ်။
သူရဲ့  မိခင်နိုင်ငံ ဂျာမဏီရောက်သွားတော့ သူက ကျောင်းထောင်မယ်၊
ကျောင်းထောင် နေတယ်။ အရှင်ဘုရားကို ပင့်ရင် လာနိုင်ပါ့မလား၊
သာသနာလည်းပြုရင်း အရှင်ဘုရား ဆက်ဘွဲ့ ယူမယ်ဆိုရင် ဂျာမဏီမှာ
ဒေါက်တာဘွဲ့ ကို ဆက်လုပ်ပေါ့-တဲ့။

စဉ်းစားစရာတွေက ကျောင်းထိုင်ဖို့ ၊ အိန္ဒိယဒေါက်တာလုပ်ဖို့ ၊ ဂျာမဏီ
သာသနာပြုရင်း ဒေါက်တာလုပ်ဖို့  ဆိုတာ ၃-ခုဆိုရပေမယ့် ကိုယ့်အတွက်
တာဝန်မသေးလှ၊ တစ်ယောက်တည်း မစဉ်းစားတတ်တော့၊ ပထမ ဆရာသမားများ လျှောက်ထားကြည့်တယ်၊ ဒုတိယ ရင်းနှီးတဲ့ မိတ်ဆွေများနဲ့ ဆွေးနွေးတယ်၊
တတိယ ရဟန်းဒါယကာ၊ဒါယိကာများနဲ့  ပြောကြည့်တယ်။
တိကျတဲ့ အဖြေကား မရှိလှ။ ပုံစံပဲချပြကြတယ်၊ ကောင်းတယ်ထင်ရင်လုပ်ပေါ့၊

သာသနာမှာ အလုပ်လုပ်နိုင်ဖို့  လုပ်နေကြတာပဲ၊ ဘယ်နေရာ ဘယ်ဒေသ မဆို
အလုပ်လုပ် နေရင် ပြီးတာပဲ...ဆိုတာမျိုးလောက်ပဲ ကြားရ နာခံရတယ်။
ဒီအရွယ်ရောက်မှတော့ ငါခြေလှမ်း ငါပဲ ကြွရတော့မယ်။ လှမ်းခဲ့တဲ့ ကိုယ့်အသက်
ခြေလှမ်းက လည်း ဆယ်စုနှစ် ၃ခု ကို တော်တော်လေး ကျော်နေပြီ၊ ကိုယ့်ဖာသာ မတ်မတ်ရပ်ရမည့်အချိန် လည်း ရောက်နေပြီပဲ- ဆိုပြီး နောက်ဆုံးတော့
ကိုယ့်စိတ်နဲ့  ကိုယ်ဖာသာ တိုင်ပင် ဆုံးဖြတ်ချက် ချလိုက်တော့တယ်။

ဒီလိုနဲ့ ၂၀၀၉ မေလ(၇)ရက်၊ ၁၃၇၁ခု၊ ကဆုန်လဆန်း(၁၄)နေ့  ကြာသပေးနေ့  ည
သီရိလင်္ကာမြေ ပေါ်မှ ခြေလှမ်းကို ကြွပြီး ဂျာမဏီမြေပေါ်- ဖွား ပွင့် ဟော စံ ဗျာဒိတ်ခံ-
ဆိုတဲ့ နေ့ ထူး နေ့ မြတ် ကဆုန်လပြည့် နေ့ မှာ ခြေလှမ်းများ စခဲ့ပါတော့တယ်။
ဂျာမဏီနိုင်ငံပေါ်မှ ခြေလှမ်းများ
ဆက်လက်ရေးသားပါ့မယ်...

၀၂၊၀၁၊၂၀၁၀
မြတ်ရောင်နီ
အရှင်ဇောဘာသ
သုဒ္ဓံ အတ္တာနံ ပရိဟရန္တု



Friday, January 1, 2010

အဖွင့်စကား

မြတ်ရောင်နီ ဘလော့ကို ၂၀၁၀နှစ်သစ် မှာ စတင်ဖွင့်လိုက်ပါပြီ။
မြန်မာဘလော့ဂါဆရာများ အမျိုးမျိုး ရေးသားနေချိန်မှာ မြတ်ရောင်နီ အနေနဲ့  စာရေးဝါသနာ ပါသော်လည်း ဘလော့ဂ်ကို ဘယ်ကစဖွင့်ရမယ်၊ ဘယ်လို တင်ရမယ်- ဘာက စလုပ်ရမှန်းကို မသိခဲ့ ။ အခြားဘလော့ဂါ ဆရာများရဲ့  စာလေးတွေ ဖတ်ပြီး နှစ်သိမ့်နေခဲ့တယ်။ အားပေးခဲ့တယ် ။ ကောင်းခြီးသြဘာတွေ ပေးပြီး သူတို့ ရေးတာလေး ထိုင်ဖတ်နေတာကို မြတ်ရောင်နီ အတွက် လုံလောက်နေပြီ ထင်ခဲ့တယ် ။ဘလော့ဂါ ဆရာများရဲ့  ကြိုးပမ်းမှုကိုလည်း ဂုဏ်ယူမိရဲ့ ။ ခုတော့

ရေးချင်စိတ်တင်မက ကိုယ်ပိုင်ဘလော့အုန်နာလေး ဖြစ်ချင်လာတယ်။ ဒီလိုနဲ့ ပဲ ဘလော့ဂ် ဖန်တီးတတ်သူများထဲက ကူညီမှု အပြည့်ပေးတဲ့ သူငယ်ချင်းက အဝေးနေပေမယ့် အနီးမှာ ရှိနေသလို ဟိုဟာကလစ်လိုက်၊ ကတ်တ်လုပ်၊ ပေ့စ် လုပ် ဆိုပြီး ပါးစပ်ကရော လက်ကရော ပြောဆို ပြုလုပ်ပေးခဲ့လို့  ဒီလောက် အခြေနေထိရောက်လာတယ်။ သူ့ ရဲ အမွန်မြတ်ဆုံ့း နှစ်သစ်လက်ဆောင်ပဲပေါ့ ။သစ်မရခင် ၀ါးဖောင်နဲ့ ကွပ် ဆိုသလို ခုလည်း သူများဘလော့တွေ လိုတော့ ပြည့်စုံရမည့် အင်္ဂါ မရှိသေး။ ရှိသလောက်လေးနဲ့  ကိုယ့်ရဲ့  အတွေ့ ကြုံကို ပြောချင်တာနဲ့  တစ်ဆင့်မျှဝေလိုတဲ့ ဆန္ဒရယ်ပါ။ သူငယ်ချင်းများကို တိုင်ပင်တော့လည်း ရေးပါ၊ အားပေးမယ်၊ လာပြီးဖတ် မယ်ပေါ့။ စာရေးဖို့ က သူတို့ ပြောတာနဲ့ ကို အားရှိသွားပါပြီ။ ကိုယ်ရေးတဲ့ စာ အများဖတ်စေချင်တာ စာရေးဆရာများရဲ့  ထုံးစံ ပါပဲ။ ခုလည်း အတတ်နိုင်ဆုံးတော့ ကြိုးစားရေးသွားမယ် မှန်းထားပါတယ်။ စာဖတ်သူများ မျက်စိညောင်းရုံ မဟုတ်ဘဲ အကျိုးရှိအောင်ပေါ့လေ။ သင်္ခန်းစာ လိုသလို ရယူသွားရင် ကျေးနပ်ပါပြီ။
ဒီနေ့  နှစ်သစ်မင်္ဂလာမှာ အပျော်တကာတွင် ဓမ္မနဲ့ ပျော်ရွှင်ပါစေလို့ -

မြတ်ရောင်နီ
ဂျာမဏီ