Pages

Wednesday, August 4, 2010

လေးပတ် လေးပတ် တဲ့

လေးပတ် လေးပတ် တဲ့

ဆောင်းပါး ခေါင်းစဉ်က ဖတ်မိလိုက်တာနဲ့  နှစ်လုံး ထီဝါသနာ ပါသူက ၀၄၊ ၄၀၊ ၁၄၊၄၁၊၂၄၊၄၂ ...၉၄၊ ၄၉စသဖြင့် ပတ်ပြီးလောက်ပြီ။ အစ အဆုံး စာကို သူက ဖတ်မှာ မဟုတ်ဘူး။ ဂဏန်း ဆိုရင် ပြီးတာပဲ။ ကြားတာ နဲ့ ပဲ လိုက်ထိုး တော့တာ။ ၀ါသနာကိုး။ ၀ါသနာဆိုတော့ အခက်သား။

ပြီးတော့- ကား သူရှေ့ က ဖြတ်သွားရင်လဲ ကားနံပါတ်ကြည့်လိုက်တယ်။ ကောက်ထိုးတာပဲ။ ရွာမှာ ဆိုရင်ပေါ့ လေ။ ကားက နဲနဲ ပါးပါး ရှိတာကို။

အဲ အိပ်မက်မက်လည်း ဘာက ဘယ်လို ဆိုပြီး ဂဏန်းထဲ ၀င်အောင် အတိတ် ကောက်လိုက်တယ်။ ပေါက်တာ မပေါက်တာ အသာထား ၊ သူ့ စိတ်ထင်တာ လုပ်တော့တာပါပဲ။ ငှက်တွေ တိရ စ္ဆာန်တွက စပြီး လှုပ်ရှားတာတွေကို ကြည့်ပြီးလည်း အတိတ်ကောက်တော့တာပဲ။

အဲလိုဘဲ အယူက စွဲမိရင် မှားတာ မှန်တာ မဝေဘန်နိုင်တော့ဘူး၊ ဆင်းရဲတာကို လွတ်မြာက်ဖို့ လုပ်ကျ တာလည်း တစ်ပိုင်းပေါ့။ ပုံမှန်လေးဆိုရင် ကြီးပွါးမှာမဟုတ်ဘူး နှစ်လုံးလေးက ဆူလွယ် နပ်လွယ် ဆိုဘဲ။ ၀ါသနာပါသူ စကားပေါ့။ ကုန်လွယ် ပြောင်လွယ်တော့ သူတို့ က မပြောကြဘူးဗျ။

အဲဒီလူတွေကို လိမ်တဲ့သူတွေက အကြိုက်တွေ့ တာပေါ့၊ တစ်နေရာမှာ ဂဏန်းပေးတယ်ကြားပြီး လူအများကြီးလာတဲ့ အခါ လူအမျိုးမျိုး ကို ဂဏန်းအမျိုးမျိုးပေးတော့ ပေါက်တဲ့သူက ဟုတ်တယ် ဟေ့၊ မှန်တယ် ဟေ့ လုပ်သွားတာလေ။

လိမ်တဲ့သူကလည်း လိမ်ချင်လို့ မဟုတ်လောက်ပါဘူး၊ လိမ်လို့ ရလို့ ၊ ပိုက်ဆံရလို့ ၊ စီးပွါးဖြစ်လို့ နေမှာ ပေါ့။ တစ်ချို့  အကြီးကျယ် မဟုတ်က ဟုတ်က ကိုယ်အင်္ဂါဖေါ်ပြပြီး လိမ်တာတောင် ရှိသတဲ့။ အဲဒါ ဘာဂဏန်းဘဲ ဆိုပီး လူတွေက အတိတ်ကောက်ကြလေသတဲ့။ တကယ့်အဖြစ်ပျက်ပါ။ ယုံကြတဲ့ သူတွေက အဲလို အသိကို မရှိပဲ ယုံကြတာ။ ဆိုးပါ့။ ခုတော့ အဲဒီသူ အလိမ်ပေါ်သွားလို့  ဆက်လိမ် မရတော့ပါဘူး။

နောက်ပိုင်း ဘယ်သူတွေ နိုင်သလဲ ဆိုတော့ ထိုးသား မဟုတ်တဲ့ ဒိုင်မဟုတ်တဲ့ သူတွေက နိုင်သွား တယ်။ ငွေရတာပေါ့လေ။ အကောက်ရတဲ့ သဘောပေါ့။ ကဲရှိစေတော့။

သူများ အကြောင်း ပြောချင်လို့  မဟုတ်ပါဘူး ၊ အဲလိုမျိုး ဂျာမဏီ ဂဏန်းတဲ့ ဟေ့ ဆိုပြီး နာမည်ကြီး မှာ စိုးလို့ ပါ။ ပေါက်ရင်တော်ရဲ့ ၊ ကိုယ်ကအချောင် နာမည်ရမယ်။ မပေါက်ရင် ပေါက်လိမ့်မယ်။ ဂဲနဲ့ ။ အဲ .. စာနဲ့ ။ ( အဟီး) ။

တကယ်တမ်း ခုဘ၀ ဒိဋ္ဌဓမ္မ မှာ ကြီးပွါးလိုလို့ 
လေးပတ်ချင်သူကတော့ -


၁။မှန်မှန်ကန်ကန် ထထကြွကြွ လုပ်ကိုင်ကြရမယ်လေး။
၂။ရရှိတဲ့ ပစ္စည်းဥစ္စာကို သေချာစွာ စုဆောင်းထားရမယ်လေး။
၃။မိတ်ကောင်းဆွေကောင်း ထားရမယ်လေး။
၎။အ၀င်အထွက်မျှတအောင် သုံးတတ်ရမယ်လေး။

( ပြောတဲ့အတိုင်း လုပ်ကြည့်ပါလေး။
ချမ်းသာကြမယ်လေး။)

အော်- နောက်ပြီး သမ္ပရာယိက ချမ်းသာအစစ်ကို
လိုချင်လို့  လေးပတ်ချင်ရင်တော့-

၁။ရတနာ့သုံးပါး၊ ကံ၊ကံ၏အကျိုးကို
ယုံကြည်ရမယ်လေး။
၂။သီလရှိကြရမယ်လေး။
၃။စွန့်ကြဲပေးကမ်းလှူဒါန်းမှုပြုပါလေး။
၎။သာမန်အသိမှ ၀ိပဿနာ၊
အရိယာ ဉာဏ်ရရှိအောင် လုပ်ပါလေး။


ခုဘ၀ နောက်ဘ၀ ၄ချက်စီသာရှိပါတယ်။

လေး- လို့  အဆုံးသတ်ထားတာက
တိုက်တွန်းခြင်း လေးပင် ဖြစ်ပါတယ်။
( အ႒က အဂုၤတၱရနိကာယ၊ စာ-၁၄၀၊၁၊၂)။

ဒီနေ့  ကိုယ့်ကိုပြောလိုက်တဲ့ လေးပတ်ဆိုသည်ကား-

ထိုင်း ဆွမ်းဒကာမလေး ဒေါ်စုံကြိုင်းရဲ့  လေးပတ်တည်း။ ဒေါ်စုံကြိုင်းဆိုတာက ဗုဒ္ဓဟူး နေ့ စဉ် သံဃာ ရှိသလောက် အလုံအလောက် ဆွမ်းနဲ့ ခဲဖွယ်ဘောဇဉ်တွေကို လောင်းလှူနေကြ၊ ပြုံးပြုံးပျော်ပျော်နဲ့  သဒ္ဓါကောင်းတဲ့ ဒကာမလေးပါ။
အရင်တစ်ပါတ်က ဒေါ်စုံကြိုင်း နောက်အပတ် နားတဲ့ ဒကာမပေါ့။

ခုလည်း လုံဖိ နောက်လေးပတ် ဘုရားတဲ့။ ဆွမ်းလောင်းတာ နားမယ်လို လျှောက်တာပါ။ တစ်လလို့  ဒီမှာ မပြော တတ်ကြတာလား မသိဘူး၊ မြန်မာတွေကလည်း လေးပတ်လို့  သုံးသုံးသွားတာ တွေ့ ရ တယ်။

ထိုင်းကို ပြန်လည်ပါဦးမယ်တဲ့။ ပြန်လာရင် ဖုန်းဆက်မယ်တဲ့လေ၊ စက်တင်ဘာ ၄ ရက်ထိဆိုပဲ။ ပြီးတော့ အားလုံး လျှောက်တာကို ရှင်းလား လုံဖိ တဲ့။

( စိတ်ထဲမှာတော့ မြန်မာတွေ ပြောနေကျစကားလို အ၀ှါ ရေချိုးတာထက်တောင် ရှင်းသေးလို့ ၊ ပြောလိုက်ချင်သေးတေယ်။ အဟီး။
)


ဟုတ်ပါပီ။ ရှင်းပါတယ်ဗျာ။ အားလုံး ပြောတာ နားလည်ပါတယ်ပေါ့။ အဲဒါနဲ့  သူက စူပါ လုံဖိတဲ့။ အော်... သူပြောမှဘဲ စူပါ လုံဖိ ဖြစ်တော့တယ်။

( စိတ်ထဲမှာ ကိုယ့်ချီးမွမ်းတာကို သိသိသာသာ သဘောကျမိရဲ့  ၊ ကောင်းတာပြောတာ ကြိုက်သ လောက်ပြော၊ အားမနာ တမ်းပြော)။

ကိုယ်လည်း သူ ခရီးသွားမှာဆိုတော့ ကောင်းသော ခရီး ဖြစ်ပါစေဗျာ ( ခရီးချောမွေ့ ပါစေ ) လို့  နှုတ် ဆက် ပြီး အလှူခံကာ ပြန်လာခဲ့ပါတယ်။

ကဲ အားလုံး ရှင်းကြပြီနော်၊ မြန်မာပြည်ကို အဆက်သွယ်ရှိလို့ များ လေးပတ် ကကောင်းတယ် လို့ စကား လေး သွားမပြောလိုက်နဲ့ ။

ဆောင်းပါးက ကောင်းရင် ဆောင်းပါးလို့ ထည့်ပြောပါနော်။ ( အဟမ်း။ ) စကား အစအနလေး ကြားလို့  အတိတ်ကောက်ပြီး နှစ်လုံး ထီတွေထိုးပြီး နှလုံးရောဂါဖြစ်သွားမယ်။ ( ရှုံးလို့  ရှုံးလို့ )။

တကယ်တမ်း လေးပတ်စေချင်ရင်တော့ ချမ်းသာစေဖို့ ရာ ဘုရားနည်းလမ်းအတိုင်း လေးချက်ကို ပတ်မိ အောင် လုပ်ဖြစ်အောင် ပြောလိုက်ကြပါလေ။



ကိုယ့်ရဲ့ လေးပတ်ကတော့
ဗုဒ္ဓဟူးနေ့  ဆွမ်းခံ မသွားရခြင်းပါပဲ။



ဒေါ်စုံကြိုင်းရဲ့ 
လေးပတ်... လေးပတ်...

မေ့မှာစိုးလို့ - အရကျက်ထားရပေဦးမည်။

ကစား လေးပတ်ရှောင်၍
တရား လေးပတ်ဆောင် နိုင်ကြပါစေ။


မှတ်ချက်။ ။ ဆွမ်းခံ လေးပတ် ပိတ်ခြင်း
အမှတ်တရ ဆောင်းပါးပေါ့လေ။
လုံဖိ ဆိုတာက ဥူးဇင်း လို့ ထိုင်းလို သုံးနှုန်းတာပါ။

မြတ်ရောင်နီ

( ၀၅၊ ၀၈၊ ၂၀၁၀)




.

Tuesday, August 3, 2010

ဘ၀ဆိုတာ ဒီလိုပါပဲ


ဘ၀ဆိုတာ ဒီလိုပါပဲ

ဒကာမ တစ်ယောက်က သူရဲ့  ခင်ပွန်း မတော်တဆ ချော်လဲတာနဲ့ ဆေးခန်းသွားပြရတယ်။ ဆေးခန်း သွားပြခဲ့ပေမယ့် ဆေးခန်းက ကလည်း ငွေသာ ယူလိုက်တာ ဟိုဟာအကြောင်းပြ ဒီဟာ အကြောင်း ပြနဲ့  အဆင် မပြေဘဲ ပြန်လာရတယ်။လက်ကတော့ မသက်သာသေး။

ငွေကတော့ ဘာဆေးမှ မပေး၊ ပတ်တီးလည်း မစည်းပဲနဲ့ ကို ကုန်သွားတာကလည်း မနည်းပါလား။ ဈေးက ခေါင်ခိုက်နေတယ်။ လူတိုင်းကတော့ ဖြစ်လာတဲ့ ရောဂါကို အမြန်ပျောက်ချင်တာပေါ့လေ။

ကိုယ်ကလည်း ဒီအကြောင်းကို သိတာနဲ့  လူနာ မေးလိုက်တာ။ ဘယ်လိုလဲ ဒကာ သက်သာရဲ့ လားပေါ့ ။

အဲလို မေးလိုက်တာနဲ့ ပဲ သူက ကိစ္စများမြောင် လူတို့ ဘောင် ၊ တအား စိတ်ပင်ပန်း ဆင်း၇ဲ လိုက်တာ။ သူလည်း တော်တော် စိတ်ပင်ပန်းနေတယ်၊ ဘ၀လေ..ဒါဘဲပေါ့... စသဖြင့်ရေးပြီး လျှောက် ထားလာပါတယ်။ ( စာကတော့ ရှည်နေတာမို့  မဖေါ်ပြတော့ပါ)။

ဘုန်းကြီးဆိုတာ အပြင်ပဖြစ်တဲ့ ရောဂါကို ဆေးကုလို့  မရပါဘူး၊ မအပ်စပ်ပါဘူး ၊ အတွင်းက နာနေ တဲ့ စိတ်ကိုတော့ ဘုရားသားတော် ပီပီ ကုပေးလို့ ရပါတယ်။ ဆေးကုကောင်းပါတယ်။


မြတ်စွာဘုရားကိုယ်တော်တိုင်ကပင် ဘဂ၀ါ အမည်ရ ဆေးဆရာ မည်တော်မူပါပေတယ်။ ဘဂ၀ါ ဟာ ဘုန်းရှိတော်မူသော လို့  ဘာသာပြန်နိုင်သလို ဆေးဆရာမည်တော်မူသော လို့  ဘာသာပြန်လိုက ပြန်နိုင်ပါတယ်။ ( ဂရမ်မာဆရာတို့  ကြံဆသည့် နည်းပါ။)

သောက ဖြစ်နေသူကို သောက မဖြစ်အောင်၊ ငိုကြွေးနေရသူ မငိုကြွေးရအောင် ၊ စိတ်ဆင်းရဲသူ စိတ် မဆင်းရဲအောင် တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေးတော်မူခဲ့သည် မဟုတ်ပါလား။

ဒကာမရဲ့  စိတ်ဆင်းရဲနေတဲ့ စိတ်ကို နဲနဲလေးမှ သက်သာ သက်သာဆိုပြီး စာလေးနဲ့ အတူ ကိုယ်ချင်း စာပြီး စိတ်ကို ဒီလိုလေး ကုသခဲ့ပါတယ်။ သက်သာစေရောပေါ့။

ဒကာမ ရေ

ဘ၀ဆိုတာ ဒီလိုပါပဲ။

ကိစ္စများများမြောင် လူတို့ ဘောင် ဆိုဆို
ဒုက္ခများမြောင် လူတို့ ဘောင်ဆိုဆို ဆိုရပါမယ်။

လူရော ဘုန်းကြီးပါ အတူတူပါပဲ။
ဒုက္ခနယ်ပယ်မှာ ဒုက္ခက ရှိတတ်စမြဲပါ။

သဗ္ဗေ သင်္ခါရာ - အားလုံးဟာ သင်္ခါရ ချည်းပါပဲ။
သင်္ခါရ ဆိုတဲ့ဟာက အမြဲ ပြောင်းလဲနေတာကိုး။

လူရယ်လို့  ဖြစ်လာရင် ကြုံတွေ့ ရစတတ်မြဲပါ။
တစ်ခု မဟုတ် တစ်ခုကိုပေါ့။
အကောင်းတွေ့ လိုက် အဆိုးတွေ့ လိုက် တွေ့ မှာပါပဲ။

အကောင်းတွေ့ တွေ့  အဆိုးတွေ့ တွေ့ 
ခံနိုင်ရည်ရှိအောင် ကြိုးစားရပါမယ်။

အကောင်းတွေ့ တိုင်းလည်း တအား ၀မ်းသာစရာ မလိုသလို
အဆိုးကြုံတော့လည်း တအား ၀မ်းနည်းစရာ စိတ်ညစ်စရာ မလိုပါဘူး။

ဒီိလိုဆိုတော့ သင်္ခါရ ဆိုတာ ပြောင်းလဲ နေတာမို့ 
ပြုပြင်လို့ ရတဲ့ သင်္ခါရ ကို ပြုပြင် ပြောင်းလဲလို့ ရနိုင်ပါတယ်။

ခု လက်ကျိုးသလား မကျိုးသလား မသိသေးပေမယ့်
ဆရာဝန်ကောင်းကို တွေ့ အောင်ရှာပြီး ကုရင် ဖြစ်နိုင်ပါတယ်။

သင်္ခါရ ပေပဲကိုး။ ပြုပြင်လိုက်ပေါ့။ ကောင်းသွားမှာပါ။
မြန်မြန်ကောင်းပါစေလို့ လည်း မေတ္တာပို့ သပါတယ်။

ငွေဆိုတာကတော့ သုံးနိုင်ဖို့  ရှာထားတာဆိုတော့
လိုအပ်တဲ့နေရာ သုံးကြရမှာပဲလေ။
ဖြုန်းတာမှ မဟုတ်ဘဲ။ ရဲရဲကြီး သုံးလိုက်ပါ။

ကျားကြီး ခြေရာကြီးတဲ့။
နိုင်ငံတွေက ကြီးတော့ ကုန်ကျစရိတ်ကလည်း
ဘယ်သေးပါ့မလဲ။ ကျားက ကြီးတာကိုးဗျ။

စိတ်ညစ် မနေနဲ့ နော်။
စိတ်ညစ်တာက လူကိုပါ ထိခိုက်စေပါတယ်။
စိတ်ညစ်မှုက ကိုယ့်ကို ညှင်းဆဲတာပါ။
စိတ်ညစ်ရင် နှစ်ခါနာတာပေါ့။
ကိုယ်ရော စိတ်ရော နာတယ်။

စိတ်ကို အေးအေးဆေးဆေးလေး
ထားနိုင်အောင် နဲနဲလေး ညိမ်အောင်လုပ်ပေးပါ။
ညိမ်ဖို့ ကတော့ တရားထိုင်ပေါ့နော်။
ဒါဆို စိတ်ချမ်းသာမယ်။ ဖြေရှင်းမှုကို အေးဆေးစွာ
ကောင်းကောင်းကြီး ရသွားပါလိမ့်မယ်။


အားလုံး အစစအရာရာ
အဆင်ပြေပါစေဗျာ
မေတ္တာဖြင့်
ဘုန်းဘုန်း


မှတ်ချက်။ ။ ခုလောလောဆယ် ဂျာမန် သင်တန်း မရှိသေးပါ။ သင်တန်း နေ့ စဉ် အပြေးလွှား သွား နေတုန်းက အတော်လေး ဆောင်းပါးကို သီးသန့် ရေးဖြစ်သေးတယ်။ ခု ဆောင်းပါး သီးသန့်  ရေးဖို့  စိတ်က မလာသေးလို့  စိတ်လာတဲ့ ပြန်စာလေးတွေကို ဆောင်းပါးအနေ ရေးတင်လိုက်ပါတယ်။



မြတ်ရောင်နီ

( ၀၄၊ ၀၈ ၊ ၂၀၁၀ )



Monday, August 2, 2010

အီးမေးလ် အနုမောဒနာ တရား


အီးမေးလ် အနုမောဒနာ တရား
( က )

ခေတ်ကလည်း တိုးတက်တယ် ဆိုတာ တကယ်ပါပဲ။ ဟိုတုန်းက လောက်စပီကာ ၊ ဆောင်းဘောက်စ် မရှိခင်က ရဟန်းတော်တွေ တရားကို မိုက်စ်အလွတ် အသံကုန်ဟစ်ပြီး တရားဟောကျရတယ်။ ခုခေတ်မီ တိုးတက်တဲ့ ခေတ်မှာတော့ အဲသလို အော်စရာ မလိုတော့ပါဘူး၊ တောတော မြို့ မြို့  ဆောင်းဘောက်စ်ရော လောက်စပီကာ နှစ်မျိုးလုံးကို သုံးနိုင်တာ ဆိုတော့ ဓမ္မကထိကများ သက်သာသွားတာပေါ့။

ဒါ့ထက် ခေတ်မီတာကတော့ လက်ပတော့လေးနဲ့  ၊ သို့ မဟုတ် ပရော်ဂျက်တာလေး သုံးပြီး ဘုန်းကြီး ပုံကိုပါ မြင်အောင်ထိလည်း တိုးတက်လာတာ တွေ့ ရတယ်။ ဒါက မြန်မာပြည် အနေထားပေါ့လေ။

ဒါ့ထက် ဒါ့ထက် တိုးတက်တာကတော့ နိုင်ငံတကာမှာ အွန်လိုင်း တရားပွဲပါတဲ့ ၊ ခေတ် အထူးမီတဲ့ နိုင်ငံ တိုင်း တရားနာလို့  ရသွားပါပြီ။ (ချွင်းချက်နိုင်ငံများ မပါ)။

ဘုန်းကြီးက တစ်နိုင်ငံကဟောရင် ကျန်တဲ့ နိုင်ငံကို အင်တာနက်က တိုက်ရိုက် လွှင့်ပေးတဲ့ အစီစဉ်နဲ့ ဆိုတော့ တော်တော်လေးကို ကျေနပ်စရာ ကောင်းလှပါတယ်။

ခု ကိုယ့် အဖို့ တော့ ဟိုတစ်နေ့ က အီးမေးလ် အနုမောဒနာ ဆိုပြီး ထပ်ပြီး ခေတ်မီ ကြည့်လိုက်တယ်။ မီသ လား မမီသလားတော့ မသိဘူးပေါ့လေ။

ပြီးခဲ့တဲ့ ၃၁ရက်နေ့  စနေနေ့ က မငယ် ဆိုတဲ့ ဒကာမလေး ကျောင်းကို သူနေတဲ့ အခြားမြို့ က ကား နှစ်နာရီမောင်းပြီး ရောက်အောင် လာခဲ့ပါတယ်။ သူလာချင်နေတာတော့ ကြာပါပြီ။ သူလည်း ကိုယ် နေတဲ့ နေရာနဲ့ ဝေးနေတာရယ်၊ သူ့ ရဲ့  ဘာသာစကား သင်တန်း တက်နေတာမို့  ပင်ပန်းတာနဲ့ ပဲ မရောက်ဖြစ်ခဲ့ပါဘူး။

အဲ သင်တန်းပြီးပြီ ဆိုတာနဲ့  သူက တကယ့်ကို ရောက်လာပါတယ်။ သူပေါ့ ။ စီဘောက်စ်ကနေ ခဏ ခဏ မေးတာ၊ မေးပါများတော့ စိတ်မရှိပါနဲ့  တကယ် မသိလို့ ပါဘုရားတဲ့။

ကိုယ့်အနေနဲ့ လည်း သူမေးသမျှ စိတ်ပါလက်ပါ ဖြေပေးတာပါပဲ။ မေးတာက ကောင်းတဲ့ အကျိုးရှိတဲ့ မေးခွန်းတွေပဲကိုး။ ဆွမ်းကပ်ချင်တယ်၊ ဘယ်လိုကပ်ရမလဲပေါ့။ ၂ နာရီလောက် ကားမောင်းရတော့ နေ့ စဉ်လာလို့  မဖြစ်ဘူး၊ အဲဒါ ဘယ်လို ကပ်မရလဲ။ ဆန်ဝယ် ပေးထားရမလား၊ အခြောက်အခြမ်း လုပ်ပေးထားရမလား စသဖြင့်ပေါ့။သင့်တော်အောင် ဖြေပေးခဲ့ပါတယ်။


ကျောင်းရောက်လာတဲ့နေ့ ကတော့ သူပါလာတဲ့ မုန့် ၊ ဖျော်ရည် များ ကပ်ပြီး တပည့်တော် ဘာလှူ ရမှန်း မသိလို့  ဘုရား ဆိုတာကို လျှောက်တယ်။ တကယ်တော့ သူ ပါလာတဲ့ဟာကိုက လှူတယ်လို့  အားမရသည့် နှယ်။

ပြီးတော့ ဘုရားရှေ့  ဖယောင်းတိုင် အမွှေးတိုင်တွေ ကြည့်ပြီးတော့လည်း ဒါလှူလည်း ရတာပဲနော် ဆိုတာ သူ ပါးစပ်က ရေရွတ် ပြောဆိုပါတယ်။

အင်တာနက်မှာ ကူပွန်နဲ့  ဆွမ်းအတွက် ဖြေရှင်းလို့  ရတာ သိသွားတာနဲ့ ပဲ အဲဒီစနေနေ့ ကပဲ သူ ကိုယ်တိုင် လာပြီး ကူပွန်ကိုလည်း မပြန်ခင် လှူခဲ့ပါသေးတယ်။

ပြီးမှ စားသောက်ဆိုင် တစ်ခုမှာ အအေးကပ်ပြီး စကားတွေ ပြောကြဆိုကြ၊ အားရပါးရပေါ့လေ။ သို့ သော် စကားကောင်းနေတာနဲ့ ဆွမ်းအနုမောဒနာ မပြုမိလိုက်ဘူး။ ဘုန်းကြီးဆိုတာ လှူတန်း ဒါန လုပ်ရင် အလှူရှင်တို့  ၀မ်းမြောက်ဖွယ်ရာ စကားကို ပြောရမယ်လို့  ဘုရားရှင်က ၀ိနည်း စည်းကမ်း အရ ပညတ်တော် မူထားတာရှိပါတယ်။ ဒါပေမယ့်လေ အလှူရှင်က ၀မ်းမြောက်ဖွယ်ရာ ပြောစရာ မလိုပဲ ကို ၀မ်းမြောက်နေတဲ့ အနေထားရှိတော့ မပြောဖြစ်ဘူးပေါ့။

နောက်နေ့ ရောက်သော်-

ဘုန်းဘုန်းဘုရား

ဘုန်းဘုန်းကို ဖူးတွေရလို့ ၀မ်းသာမိပါတယ် ဘုရား၊
တပည့်တော် လှူချင်တာ လှူခွင့်ရလို့လဲ ၀မ်းသာမိပါတယ်။
ဘုန်းဘုန်း ဘုရား အဆင်ပြေ၊ မပြေလေးလဲ မိန့်တော်မူပါ ဘုရာ့၊
မှားတာရှိရင်လဲ ညွှန်ကြား သွန်သင်ပေးပါ ဘုရာ့..။

ရိုသေစွာရှိခိုးလျှက်
ဒကာမ မငယ်

အီးမေးလ် က သူ့ ထံမှ subject နေရာမှာ ၀မ်းသာမိကြောင်း ဆိုပြီး ရောက်ရှိလာပါတယ်။ ဒါနဲ့ ပဲ ၀မ်း မြောက်ဖွယ်ရာ အီးမေးလ် အနုမောဒနာ ပြန်ပြီး ပြုခဲ့ပါတယ်။

ဒကာမ မငယ် ရေ ၊ အဆင်ပြေပါတယ်ဗျ။ ဟုတ်ပါတယ်။
လှူချင်တာ လှူခွင့်ရတာလဲ ၀မ်းသာစရာကောင်းတာပါ့။
အလှူ တစ်ခု အောင်မြင်သွားတာပေါ့ဗျာ။
မှားတာကတွေ့ လည်း ပြောပေးတာပေါ့လေ။
အဲဒီစိတ်လေးကိုက ကောင်းနေပါပြီ။
မမှားနိုင်တော့ဘူးပေါ့ဗျာ။
အဓိက ကတော့ ဒကာမ မငယ် က
ကျန်းမာရေး သိပ်မကောင်းသေးဘူးဆိုတော့
အစာလည်း ဆေး ၊ ဆေးလည်း အစာ ဆိုသလို
အစားသောက် သတိထားစားသောက်ပါ။
ကိုယ်နဲ့ သင့်တော်တာကို စားပေါ့နော်။
ကိုယ့်ကိုယ်ကိုလည်း လူကြီး ဖြစ်နေပြီဆိုတော့
အားလုံးကို အဆင်ပြေအောင်နေပေါ့နော်။

မေတ္တာဖြင့်
ဘုန်းဘုန်း


အီးမေးလ် အနုမောဒနာ တရား
( ခ )

အဲဒီနေ့ ကပဲ စောစောစီးစီး နယ်အဝေးကြီးက လာကြတဲ့ ဒကာမ လေးယောက်ကလည်း ညအိပ်လာ ပြီး ကုသိုလ်စုံအောင် လုပ်သွားကြပါတယ်။

နယ်အဝေးကြီးဆိုတာက အစုတ်အပြဲမရှိတဲ့ လမ်းကောင်းကောင်းမှာ မောင်းတာတောင် ၅နာရီ ကျော်ကျော် မောင်းနှင်ပြီး လာကြတာပါ။ သူတို့  လာတယ် ဆိုရင်ပဲ ကျောင်းသစ်ရှိတဲ့ နေရာကို လိုက် လံပြသခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ကျောင်းနဲ့  အနီးဖြစ်တဲ့ ဟိုတယ်မှာ တည်းခိုဖို့  နေရာယူကြတယ်။ ညနေ ၇ နာရီမထိုးမီ ကျောင်းကို လာကြတယ်။ အလ္လာပ သလ္လာပ အနည်းငယ် ပြောပြီး ပဋ္ဌာန်း က ၇ နာရီမှ ၈ နာရီထိ ရွတ်ဖတ်ပြီး အကျယ် ပူဇော်မယ်။

ပဋ္ဌာန်းတရားကို နားလည်သည်ဖြစ်စေ မလည် သည်ဖြစ်စေ နာယူက ကုသိုလ်ဖြစ်ကြောင်း လင်းနို့ သား ၅၀၀ တရားနာပြီး နတ်ပြည်ဖြစ်ရပုံ ဇာတ်ကြောင်းကို အကျဉ်းချုပ်ပြောပြ၊ ပြီးတော့ နွားကျောင်း တရားနာစဉ် ဖားက နွားကျောင်းသား ဒုက်နဲ့  ထောက်မိ လို့  ဖားလည်း တရားနာတာမို့  နတ်ပြည်ရောက်ကြောင်းကိုလည်း ရှင်းပြကာ သူတို့ က တရားနာ စေ ခဲ့တယ်။ နာယူခွင့်ရကြတယ်။ အဲဒါပြီးတာနဲ့  တရား မထိုင်မီ တရားထိုင်ပုံ နည်းလမ်းကို ပြောပြကာ ၉နာရီထိ တရားထိုင်ခဲ့ပါတယ်။


နောက်နေ့ တနင်္ဂနွေ မနက် ရောက်တော့ အရုဏ်ဆွမ်း ခေါက်ဆွဲဆွမ်း ပေါင်မုန့်ဆွမ်းကပ်ကြပါတယ်။ ပြီးပြီဆိုတာနဲ့ သံဃ ဝေယျာဝစ္စလုပ်ကာ တည်းခိုရာ ဟိုတယ်ပြန်ကျတယ်။ ၈ နာရီထိုးတာနဲ့ ကျောင်း ကို လာကြပြန်တယ်။ တနင်္ဂနွေ အစီစဉ်အတိုင်း ကျောင်းမှာ ၈ နာရီမှ ၉ နာရီထိုးထိ တရားထိုင်ကြပြန် ပါရော။

ပြီးမှ ဟိုတယ်ပြန်ကာ အနားယူကြတယ်။ ၁၁ နာရီ မိနစ် ၂၀ မှာတော့ နေ့ ဆွမ်းကပ်ကြပါတယ်။

ပြီး တော့ သူတို့  စားကြ သောက်ကြပေါ့။ အဲဒီနောက်မှာမှ ရေစက်ချ အမျှပေးဝေ လိုက်ပါတယ်။ နယ်ဝေးဝေး ပြန်ကြမှာမို့ အချိန်ကြောင့် တရား မဟောဖြစ်လိုက်။


သူတို့  အလှူကလည်း စုံပါတယ်။ ရောက်ရောက်ချင်း နေ့ မှာပဲ ဖျော်ရည်နဲ့ ၊ ကိုယ် ခါးနာနေမှန်း ဂျာမန်ဥူးဇင်း ပြောလိုက်တာနဲ့  ကိုယ့်အတွက် ခါးနာ သက်သာဆေးများနဲ့ ၊ ပြီးတော့ ဆွမ်းအလှူ၊ ကူပွန် အလှူ၊ အစစအရာရာ သုံးနိုင်ရန် န၀ကမ္မကို သင့်တော်ရာမှာ လှူထားပါတယ်။

သီလ ကတော့ အလှူ မလုပ်ခင် သီလ ယူသလို ၊ တရား မထိုင်ခင်လည်း သီလ ယူတာမို့ သီလ ကုသိုလ် လည်း လုပ်ဖြစ်ကြတယ်။

သူတို့ အလှူကို ပြန်လည် အမှတ်ရကြည့်တော့ ပစ္စည်းလေးပါး အလှူ စုံသလို ဒါန သီလ ဘာဝနာ ကုသိုလ်တို့ ကလည်း စုံလင်သွားတာကို တွေ့ ရတယ်။

အဲလိုလေးတွေ ပြည့်စုံလို့ ပဲ ဒကာမကြီး ၊ ဒကာမလေးများရဲ့  ကိုယ်စား ဒကာမ မကြီး ဆိုသူက ဒီလို အီးမေးလ်နဲ့  လျှောက်ထားပါတယ်။

ဥူးဇင်းဘုရား
တပည့်တော်တို့ ကောင်းမွန်စွာပြန်ရောက်ပါတယ်။
အစစ အားလုံး အတွက်ကျေးဇူးတင်ပါတယ်
ဘုရား။
ရိုသေစွာဦးတင်လျှက်
ဂျာမန်ဥူးဇင်းကိုလည်းဦးတင်ပါတယ်
ဒကာမ မကြီး

ဒကာမ မကြီး ပြောတဲ့ အစစ အားလုံး ဆိုတာ ဒါန သီလ ဘာဝနာ လုပ်ခွင့်ရတာ အားလုံးလို့  ကိုယ်က သဘောပေါက် မိပါတယ်။ အဲဒါနဲ့ ပဲ ပြန်လည်ပြီး အနုမောဒနာ အီးမေးလ် ပြန်လွှတ်ပြီး ဟောကြား လိုက်ပါတယ်။

ဟုတ်ပါပီဗျာ။
ကြားရတာ ၀မ်းသာပါတယ်။
ဥူးဇင်းအနေနဲ့ လည်း ဒကာ ဒကာမတွေရဲ့ သဒ္ဓါအား ပညာအား
ဝီရိယအားတွေနဲ့  နေရာဝေးပေမယ့် မဝေးတဲ့ စိတ်များနဲ့ အတူ
လာလည်ပြီး ကုသိုလ်လုပ်သွားကြတဲ့အတွက် သာဓုခေါ်နေတာပါ။
ဘုရားရှင် အလိုတော်ကျ ကုသိုလ်ပြုသွားကြတာလည်း
ဒါန သီလ ဘာဝနာစုံသွားတာမို့  ၀မ်းမြောက်စရာပေါ့နော်။
အလှူဆိုတာ -
၁။မလှူခင်၊
၂။လှူဆဲ လှူတုန်း ၊
၃။လှူပြီး ၀မ်းမြောက်ဖို့ ပါဘဲ။
ဒါဆိုရင် အလှူဟာ တင်းပြည့်ကျပ်ပြည့်
အောင်မြင်တဲ့ အလှူဖြစ်ပါတယ် ဆိုတာကို
ဝမ်းမြောက်ဖွယ်ရာ ပြောလိုက်ပါတယ်။

မေတ္တာဖြင့်
ဥူးဇင်း

သူတို့ ရဲ့  သဒ္ဓါအား ရှိရုံနဲ့  ဒီကို ရောက်လာဖို့  မလွယ်သေးဘူး၊ ဒီလောက်ဝေးတဲ့ နေရာကို ၀ီရိယ ဆို တဲ့ အားလည်း ထည့်ရပါတယ်၊ ဒါန ဆိုတာ ခုဘ၀ နောက်ဘ၀ရော သံသရာ လမ်းခရီးအတွက် အသုံး ၀င်ပါ့လား ဆိုတာကို သူတို့  အသိအားကလည်း ရှိသမို့  ရောက်လာတာပါ။

ဒါကြောင့်လည်း စာထဲမှာ သဒ္ဓါအား ၀ီရိယအား ပညာအားလို့  ဆိုတဲ့စကားလေးကို ထည့်ရေး ပေး လိုက်တာပါ။
ပြီးတော့-
ပုဗ္ဗေ၀ ဒါနာ သုမနော ၊ ဒဒံ စိတ္တံ ပသာဒယေ၊
ဒတွာ အတ္တမနော ဟောတိ၊ ဧသာ ယညဿ သမ္ပဒါ။
ပါဠိတော်လာတဲ့အတိုင်း
အလှူ မလုပ်ခင် စိတ်က ၀မ်းမြောက်ပါ၊
လှူဆဲလည်း စိတ်ကြည်လင်ပါ။
လှူပြီးလည်း နှစ်သက် ကျေနပ်နိုင်ပါစေ။
အဲဒီ သုံးချက်ပြည့်ရင် အလှူလုပ်ခြင်း ဟာ
တင်းပြည့်ကျပ်ပြည့်ရပါတယ်။
အောင်မြင်တဲ့ အလှူဖြစ်သွားတယ်ပေါ့။


ဘုရားရှင် ဟောကြားတော်မူတဲ့ အတိုင်း လေ့လာပြီး သူ့ ထံမှာ ပါဠိ မပါ မြန်မာလို အီးမေးလ် အနုမောဒနာ အဖြစ် ပို့ လိုက် ဟောလိုက်ပါတယ်။


မှတ်ချက်။ ။ နှစ်ယောက်စလုံး နာမည် အရင်း မဟုတ်ပါ။
မငယ် သည် ကိုယ့်ထက်ငယ်သောကြောင့်
မငယ် ဟုသုံးလိုက်သည်။
သူက ကိုယ့်ကို ဘုန်းဘုန်းတဲ့၊
သူက အသက် ကိုယ့်ထက်ငယ်တာကို။

မကြီးဆိုသူကလည်း ကိုယ့်ထက်
ကြီးသောကြောင့် မကြီး ဟု သုံးလိုက်သည်။
သူက ကိုယ့်ကို ဥူးဇင်းတဲ့၊
သူက အသက် ကိုယ့်ထက် ကြီးတာကို။

ကိုယ်ဆိုသူကတော့ ဘုန်းဘုန်း ဥူးဇင်း ပေါ့လေ။


မြတ်ရောင်နီ

( ၀၃၊ ၀၈ ၊ ၂၀၁၀ )
.