၁၂ ရက်နေ့  ညနေက နေသာသာမို့  လမ်းလျှောက်ထွက်ခဲ့ပါတယ်။
လမ်းလျှောက်သွားတယ် ဆိုပေမယ့် ဘုရားဝတ်ပြု၊ တရားထိုင်ချိန်
ကိုတော့ အမီ ပြန်လာရပါတယ်။ ဒါမှလည်း လာနေကျ သို့ မဟုတ်
အသစ်လေ့လာကစ လူတွေ အဖို့  အဆင်ပြေမှာ ဖြစ်ပါတယ်။
အပြန် ၂ မိနစ်လောက် နောက်ကျနေတာနဲ့  ကိုယ့်ရဲ့ အဖေါ် ဂျာမန်
ဥူးဇင်းက ပြောပါတယ်။ တုံးခေါက်တာ အသံကြားလားပေါ့။
အေး ကြားရတယ်။ ဘယ်နားကထိ ကြားရသလဲတဲ့။ လုပ်ပြန်ပေါ့။
ဟောဟို လမ်းထိပ်ထိ ကြားရပါ့ဗျာ လို့  ပြောလိုက်တယ်။
ပြီးမှ သူက ပြောတယ်။ ဘုရားခန်းထဲမှာ လူအသစ် ဒီနေ့  ရောက်လာတယ်။
သူက အိန္ဒိယက ။ ခု ရောက်တာ ဒီမှာ ၂ နှစ်ရှိပြီတဲ့။ ဒါပေမယ့် သူက ဂျာမန်လို
ပြောတတ်တယ်တဲ့။ အေး အေး ဟုတ်ပြီ။ ငါ ဘုရားဝတ်ပြုလိုက်အုံးမယ်
ဆိုပြီး သူက အပြင်ထွက်သွားတယ်။
ကိုယ်ကလည်း ဘုရားခန်းထဲမှာ အသင့်ထိုင်နေလေတဲ့ ဒကာမကို မေးလိုက်တယ်။
ဂျာမန်ဘာသာစကားနဲ့ ဂျာမန်လို ပြောတတ်သလားလို့ ။ ဒကာမက ခပ်ပြုံးပြုံးလေး
ဟုတ်ပေါ့ ဆိုပြီး ပြောပါတယ်။
ကိုယ်ကလည်း သူက အိန္ဒိယ ကလာတာ၊ ဒီမှာ ၂နှစ်ဆိုတော့ ကိုယ်က ဂျာမန်လို
တရားပြောလိုက်ရင် ကိုယ်ရဲ့ ဂျာမန်ကမကောင်း သူကလည်း နိုင်ငံခြားသားဆိုတော့
နားမှ လည်ပါ့မလားလို့  တွေးပြီး အင်္ဂလိပ်လို ပြောဟောခဲ့ပါတယ်။
ပထမ ဘုရားဝတ်ပြုကြစို့ ပေါ့။ ပါဠိလို ရွတ်ဆိုကာ ပြုကြတာပေါ့။ ပြီးမှ တရားထိုင်မယ်။
ဒီလိုနဲ့  စပြီး ဘုရားဝတ်ပြုခဲ့ပါတယ်။ ပါဠိလိုလည်း ရွတ်တတ်ပေသား။ ငါးပါးသီလ
ပေးတော့လည်း နောက်က လိုက်ဆိုတတ်ပါ့လား။ တွေးကြည့်မိတာက သူက
တကယ်ပဲ အိန္ဒိယသူဆိုတော့ ရွတ်တတ်တာပေါ့လေ လို့  စိတ်ထဲထားခဲ့ပါတယ်။
ဘုရားဝတ်ပြု၊ သီလပေးသီလယူပြီးနောက် တရားထိုင်နည်းကိုလည်း အင်္ဂလိပ်လိုပဲ
ပြောကြည့်ပါတယ်။ နားလည်ရဲ့ နော် မေးကြည့်တော့လည်း နားလည်ပါတယ်လို့ 
ပြောပါတယ်။
အားလုံး တရားထိုင်ပြီး သွားတော့ စပ်မိစပ်ရာ မေးတာပေါ့လေ။ ဘယ်ကလာတာလဲ။
( ပြုံးကာ ) ဂျာမဏီကပါ။ ဘယ်မှာနေတာလဲ။ ဖရိုက်ဇင်းမှာပါ။ ဖရိုက်ဇင်းသူပါတဲ့။
( ထင်တော့ ထင်သား၊ အသားလည်း မမည်း။ စကားလည်း မ၀ဲ။
ခုမှ...ခုမှ ... သူပြောပြိးကာမှ။ တော်လိုက်တဲ့ ငါ ...)
အိုးမိုင် ဘုရားရေ။ ခုနက ဂျာမဏီဘုန်းကြီးက ပြောသွားတာ။ ဒကာမက အိန္ဒိယက
လာတာ။ နှစ်နှစ်ရှိသွားပြီတဲ့။ နို့ မို့ ကြောင့် ဂျာမန်စကား ပြောတတ်သလား လို့ 
မေးတာပါ။ ဒါဆို သူပြောတာ ဘုန်းဘုန်း အကြားမှားတာ နေမှာပါ နော် လို့ 
ပြောခဲ့တယ်။ ဟုတ်ဘူး။ သူလည်း အဲလိုပဲ ကြားပါသတဲ့။ ဟင် ...ဟုတ်လား။
အဲဒါဆို ကိုယ်က မှန်တာ ။ သူက မှားကြားတာပေါ့လေ။ ဟေ...။
တကယ်တော့ တပည့်တော်မက အိန္ဒိယမှာ နှစ်နှစ်နေခဲ့တာပါ။ ပြီးတော့ ဆရာမကြီး
တစ်ယောက်ထံ မန္တရ သင်ပြီး၊ တရားထိုင်ခဲ့ပါတယ်။ ခုန ရွတ်ဖတ်ပူဇော် သွားတာက
ဆန်းစကရစ် ( သက္ကတ )လားတဲ့ လို့  မေးပါတယ်။
မဟုတ်ပါဘူး။ ပါဠိပါ။ ပါဠိနဲ့ ဆန်းစကရစ်ဆိုတာ အတူတူပဲ မဟုတ်လားတဲ့။
အတူတူတော့ မဟုတ်ဘူး ၊အတော်လေး တူပါတယ် လို့  ထင်ပါတယ်။
ဂျာမန်နိုင်ငံမှာ ဒီယာလက် စကားလိုပေါ့။ ပါဠိက ပုတ္တဆိုရင် ဆန်းစ်ကရစ်က ပုတရ။
ပါဠိက ဓမ္မဆိုရင် သက္ကတက ဓရ်မ လို့  ဆိုပါတယ်။ ဘုန်းဘုန်းလည်း သင်တော့
မသင်ဘူးပါဘူး။ နဲနဲကွာတယ်ပေါ့။ ဆန်းစကရစ်က သုံးနေတဲ့သူ ရှိပါတယ်။
ပါဠိက လက်တင်စကားလိုပေါ့။ ဘုန်းကြီးတွေပဲ လေ့လာတာများပါတယ်
စသဖြင့် ပြောခဲ့ပါတယ်။ ( ခုမှပဲ ရှင်းတော့တယ်။ ဖရိုက်ဇင်းသူ ပါ့လား)
( ဂျာမန်လို ပြောတတ်သလား ပြောမိလို့ )အန့် ထ်ရှူးလ်ဒီဂုန်။
ဆောရီးပါဗျာ။ သူကလည်း ရပါတယ်ပေါ့ လို့  ပြောပါတယ်။
အော်... ငါ့နှယ်... အဖြစ်ကလည်း
ဂျာမန်သူ ဖရိုက်ဇင်းသူကိုမှ ဂျာမန်လို ပြောတတ်သလားတဲ့ ။
မှတ်ချက်။ ။ ဒိုင်ယာယီစာအုပ်ထဲ မရေးလောက်တာနဲ့ 
အများဖတ်လို့  ရတဲ့ ဘလော့ဂ်ဒိုင်ယာယီမှာ တင်လိုက်ပါတယ်။
မြတ်ရောင်နီ
( ၁၂ ၊ ၀၇ ၊ ၂၀၁၁ )
ဒီနေရာလေးမှာ ရေးပါ..
No comments:
Post a Comment