Pages

Thursday, April 28, 2011

မွေးနေ့ 


မွေးနေ့ 

ဒီနေ့  မြတ်ရောင်နီ ရဲ့  မွေးနေ့ တူ မင်္ဂလာ အခါ ရက်မြတ်ပါ။


မွေးနေ့ ဆိုတာ


မွေးနေ့ ဆိုတာ
ဟိုဘက်ဘ၀ကနေပြီး
ဒီဘက်ဘ၀ထဲမှာ
စတင်သည့်နေ့ ။


မွေးနေ့ ဆိုတာ
မှောင်မည်း ကျဉ်းမြောင်း
အမိဝမ်းခေါင်းမှ
ကျွတ်လွတ်သည့်နေ့ ။

မွေးနေ့ ဆိုတာ
အစဆုံး ငိုခဲ့ရသည့်နေ့ ။

မွေးနေ့ ဆိုတာ
မွေးနေ့ ရှင် မငိုခဲ့ရင်
ငိုအောင် အဆိတ်ခံခဲ့ရသည့်နေ့ ။

မွေးနေ့ ဆိုတာ
မိဘ ဆွေမျိုး သဟာ
ပျော်ရွှင်သည့်နေ့ ။

မွေးနေ့ ဆိုတာ
မိဘများက အစဦးစွာ
အစောင့်ရှောက်ခံရသည့်နေ့ ။

မွေးနေ့ ဆိုတာ
မိဘ များအတွက်
စပြီး အလုပ်ရှုပ်သည့်နေ့ ။

မွေးနေ့ ဆိုတာ
သံသရာက သံယောဇဉ်အိုများ
ဆက်လက် နုပျို လန်းဆန်းသည့်နေ့ ။

မွေးနေ့ ဆိုတာ
သေဖို့ ရာ ဦးတည်ပြီး
စတင်ထွက်လာသည့်နေ့ ။

မွေးနေ့ ဆိုတာ
မွေးလည်း မွေး
သေလည်းသေသည့် နေ့ ။

မွေးနေ့ ဆိုတာ
ဆင်းရဲဒုက္ခ များစွာထဲက
အစဦးဆုံး ဒုက္ခအနေနဲ့ 
အဟောခံထားရသည့်နေ့ ။

မွေးနေ့ ဆိုတာ
............................
............................နေ့ ။


ဝန်ခံချက်။ ။ဟုတ်သယောင် အမြင်မှောင်နဲ့ 
ကဗျာလိုလို ဘာလိုလို ရေးစပ်ထားသည်။

အရှင်တေဇောဘာသ ( မြင်းခြံ )

( ၂၉ ၊ ၀၄ ၊ ၂၀၁၁)



၂၀၁၀ခုနှစ်က ရေးသားထာကိုလည်း ပြန်ဖတ်ကြပါဦးနော်။

မွေးနေ့ ဆိုတာ တကယ်တော့ တစ်ရက်တည်းပါ။

ဒါပေမယ့် အများအနေနဲ့ တော့ နှစ်စဉ်မွေးနေ့ ဆိုပြီး ပြုလုပ်ကြ၊ ပြောကြပါတယ်။
မွေးနေ့ ကို ပါဠိလို့  ၀ိဇာတ လို့  ဆိုပါတယ်။ အမိဝမ်းက ကျွတ်လွတ်ခြင်းပေါ့။

သို့ သော် အဘိဓမ္မာ အလို အရ ဇာတိ စဖြစ်တယ် ဆိုတာကလည်း မွေးနေ့ ပါပဲ။
ဝိနည်းစည်းမျဉ်း ဥပဒေ အရ ဇာတိ ကို
အမိဝမ်းမှာ ကိုယ်ဝန်သန္ဓေ တည်စ မှ စပြီး ရေတွက်ပါတယ်။


ဒါကြောင့်လည်း ရဟန်းတော်များ ရဟန်းဖြစ်ခွင့်ကို
အသက် ၂၀ပြည့်မှ ပြုခွင့်ရှိသော်လည်း အမိ ၀မ်းတွင်းကာလက စပြီး
ရေတွက်တယ်။
ဒါကြောင့်မို့  ၁၉နှစ်နဲ့ သုံးလဆိုရင် အသက် ၂၀ အဖြစ် အသိမှတ်ပြုထားတာဖြစ်ပါတယ်။


(ဆိုလိုတာက- အမိဝမ်းတွင်း ကိုးလလွယ် ဆယ်လဖွား +
အပြင်အသက် ၁၉နှစ် သုံးလ ပေါင်းပြီး အသက် ၂၀ဖြစ်သွားတယ်။)


ဒီလိုဆိုတော့ မွေးနေ့  ဆိုတာ အများ ပြောတဲ့ မြတ်ရာင်နီ ရဲ့ 
ဝိဇာတ ၀မ်းက ကျွတ်လွတ်စွာ မွေးဖွားတဲ့နေ့ ပေါ့။

ဒီနေ့  ၀ိဇာတ ဆိုတာက အများပြောတဲ့ ဝေါဟာရအတိုင်း
သုတ္တန်နည်းအလိုပေါ့ မွေးနေ့ ပေါ့။


ခါတိုင်းနှစ်လို အထူး သံဃာ့ဒါန အလှူကိုတော့ ကိုယ်တိုင် မလုပ်နိုင်ဘူး။
ကိုယ်မလုပ်နိုင်ပေမယ့် ကိုယ်ရဲ့  မွေးနေ့ ကို

ဒကာ ဒကာမများက သံဃာ့ ဒါန အလှူများ ကုသိုလ်လုပ်ပေးကြတယ်။


အထူးတလည် ဆိုပြီး ဘာမှလည်း မလုပ်ဖြစ်ဘူး။
နေ့ စဉ်အလုပ်ကိုတော့ ပုံမှန် လုပ်ဖြစ်အောင် လုပ်တယ်။

ကုသိုလ်ကောင်းမှု ဆိုတာ မွေးနေ့ မှ အထူးလုပ်ရမှာ မဟုတ်ဘူး။
နေ့ စဉ်ကို လုပ်နေရမှာပါ။


ဘာလို့ လဲ...
ရှင်းပါတယ်။ စဉ်းစားကြည့်ပေါ့။
မွေးနေ့ ဆိုတာ တစ်ခါတည်း မွေးဖွားခဲ့တာပဲကိုး။
မွေးတဲ့ နေ့ နဲ့ တူတဲ့ နေမို့ သာ

မွေးနေ့ ဆိုပြီး လုပ်နေကြတာ။

ဒါ့ထက်ပို စဉ်းစားကြည့်ပါက မွေးနေ့  ဆိုတာ နေ့ တိုင်းမွေးနေ့ ပါ။
နေ့ တိုင်းမွေးနေတာ။ နေတိုင်း သေနေတာပေါ့။

စာကတော့ နေ့ တိုင်းမွေး နေ့ တိုင်းသေကို ဖြစ်ပျက် လို့  ပြောပါတယ်။
ပါဠိလို ဥဒယဗ္ဗယ ပေါ့။


ဒါကို ဆင်ခြင်မိရင် မွေးနေ့ မှ ကုသိုလ်လုပ်ရမယ်။ ပုတီးစိပ်မယ်။
ဘယ်နှစ်ခေါက် ဘယ်သုတ်ကို ရွတ်မယ် ဆိုတာတွေ

နေ့ စဉ်တောင် လုပ်ဖြစ်မယ်။

ဗုဒ္ဓတရားတော် အလိုအရ ဇာတိပိ ဒုက္ခာ- သန္ဓေတည်နေခြင်း၊
မွေးဖွားရခြင်းတို့ ဟာ ဆင်းရဲ ကြောင်း
ဟောတော်မူထားပါတယ်။
ဟုတ်ပါတယ်။ အမိဝမ်းတွင်း နေရတဲ့ ပုံကို စိတ်ကူးကြည့်ပါ။
နောက်ပြီး
ကလေး ဘ၀က စပြီး ငိုပွဲနဲ့  စကျင်းပခဲ့ရပါတယ်။

တစ်ချို့ ကလေးမငိုရင်တောင် ငိုအောင် ပြုလုပ်ပေးရတယ်တဲ့။
ခုတော့ သား သမီး ဖွားလာတာကို ဒုက္ခလို့  ဘယ်သူမှ
မမြင်ပါဘူး။
ပျော်ပျော်ပါးပါး သားလေး သမီးလေး ရပြီ ဆိုပြီး ပျော်တော့တာပါပဲ။


အဲဒီ ကတည်းက ဒုက္ခကို စခဲ့တာ..
ဒုက္ခမှန်း မသိလေတော့ Happy birth to you! လုပ်ကြပြီပေါ့။

မမှားပါဘူး။ ဘ၀မှ ရလာပြီ ဆိုမှတော့ ဒုက္ခ မှ လွတ်အောင် ပျော်ရွှင်နိုင်စေအောင်
ဆုတောင်း ပေးကြတာပေါ့လေ။

အပျော်အစစ်ကြီး ပျော်ရွှင်နိုင်ကြပါစေ...
( ၂၉ ၊ ၀၄၊ ၂၀၁၀ )

မှတ်ချက်။
မွေးနေ့ အကြောင်း အထူးတလည် ရေးသားချိန်မရှိတာနဲ့ 
အပေါ်က ကဗျာလိုလို အသစ်ရယ် ၊
မနှစ်က ရေးထားတာကို ပြန်လည်ကာ ပို့ စ်တင်လိုက်ပါတယ်။

မွေးနေ့ ရှင် အသက်ကား -
ဗေဒင်ဇာတာ ထဲကအတိုင်း ပြောရရင်

သုံးပုံ တစ်ပုံ ပြည့်လုခါနီး တစ်နှစ်အလို။



မြတ်ရောင်နီ

( ၂၉၊၀၄၊၂၀၁၀)



ဒီနေရာလေးမှာ ရေးပါ..

Wednesday, April 27, 2011

သွားပါများ ခရီးရောက်



သွားပါများ ခရီးရောက်

သွားပါများ ခရီးရောက်တဲ့။ ဟုတ်ပါတယ်။ သွားတဲ့နေရာမှာ ရောက်ပါတယ်။
ရောက်မှာပါ။ မသွားပဲ ရပ်နေလို့ ကတော့ ဘယ်ခရီးမှ ရောက်မှာ မဟုတ်ပါ။


ခုတလော ခရီးသွားလိုက်တာ မရောက်ဖူးသေးတဲ့ နေရာတွေ
ရောက်သွားပါတယ်။ ပြီးတော့ အမြင့်ဆုံးနေရာတဲ့။

ပြောလည်း ပြောလောက်ပါရဲ့ ။ ပာုတ်လာက်ပါပေရဲ့ ။
လှေခါး အထစ်ပေါင်း ၇၆၈ ထစ်။ မီတာ အလို ၁၆၁.၆၃ မီတာတဲ့။
မွန်းစတားလို့ ခေါ်ပါတယ်။ ဂျာမဏီနိုင်ငံ ဦးလ်မ်မြို့ မှာ တည်ရှိတဲ့
အမြင့်ဆုံး ချက်ကျောင်းကြီးဖြစ် ပါတယ်။


အိမ်မှ မိသားစုများကလည်း ဘာသာ မတူသော်ငြား ဖေါ်ရွှေပါတယ်။
နောက်တစ်ခါ ကြုံတဲအခါ ပြန်ကြွခဲ့ဦးပေါ့ ဆိုတဲ့ စကားလေးနဲ့  ကမ်းလှမ်းပါတယ်။
အဓိက ပင့်ဖိတ်သူကတော့ သားငယ်ဖြစ်သူ ကိုယ့်ရဲ့  တပည့် ဟောင်း။
ကျောင်းမှာ နှစ်ပတ်လာပြီး ဗုဒ္ဓဘာသာ အကြောင်းကို
မနက်ခင်း ၆နာရီမှ ည ၉ နာရီထိုးသည်အထိ လေ့လာဖူးသူ ။
အရွယ်က ၁၇ နှစ်အရွယ်။ အတန်းက ၁၁တန်း။
ကျမ်းငယ်သဖွယ် ပြုစုရေးသားထားတာက ရတနာသုံးပါးအကြောင်း။
ဓာတ်ပုံတွေထည့်
ထားတော့လည်း မြန်မာ ဘုန်းကြီး နှစ်ပါးပုံ။
တစ်ပါးက သူ့ ကို တရား ပြနေဟန်။ တစ်ပါးက မြစ်ကမ်းနဘေး

တရားထိုင်နေဟန်နဲ့  နှင်းတောထဲမှာ နှင်းတွေကို ထူးထူးဆန်းဆန်း ကြည့်နေဟန်။

ပြောဖြစ်တဲ့စကားများကလည်း သင့်တော်သလို ပြောရပါတယ်။
မိဘများကိုတော့ ဗုဒ္ဓဘာသာ အကြောင်း
ဆိုင်ရာတွေပေါ့။
ဥပမာ= ဘာသာဆိုတာဟာ နာမည်သက်သက်ပါ။
ကိုယ်ကောင်းမှ ကောင်းမှာ။ ကိုယ်မကောင်း
ရင် မကောင်းပါဘူး။
ဘယ်ဘာသာတရားမှာ နေနေပေါ့။

ဗုဒ္ဓဘာသာနာမည်ခံပြီး မကောင်းတာလုပ်ရင်
လည်း ထိုက်တန်တဲ့ အပြစ်ရမှာ။
အခြားဘာသာတွေလည်း ဒီအတိုင်းပဲပေါ့။အတူတူပါပဲ။


ဘုရားရှင်သက်တော် ထင်ရှားရှိစဉ်ကဆိုရင် အမျိုးဇာတ်တွေ ခွဲကြတယ်။
ဘယ်အမျိုးက မြတ်တယ်။
ဘယ်အမျိုးက မမြတ်ဘူးဆိုတာ။
ခုထက်ထိလည်း ရှိသေးတယ် လို့  သိရပါတယ်ပေါ့။
ဘုရားက အမျိုးမခွဲ
ခြားဖို့  လူသားချင်းတူကြောင်းနဲ့ 
ကိုယ်ပိုင်ကံ အဓိက ဟောကြောင်း ပြောဖြစ်တယ်ပေါ့။


သပိတ်နဲ့  ပါတ်သက်လို့ လည်း ပြောရ ရှင်းပြရသေးတယ်။
မင်းမျိုးမင်းနွယ်က လာတဲ့ ဘုရား အသုံးပြုသွား
ခဲ့တာ။
သင်္ကန်းနဲ့  ပါတ်သက်လို့  ကတော့ အရောင်ဘဲ ကွာတာ။
ထေရ၀ါဒနိုင်ငံက အတူတူပါပဲလို့ ။


အဓိက တရားက အာနပါန လုပ်ဖို့ ပါပဲ။ အာနပါနက ဒီလိုလုပ်ရတာဆိုပြီး
လက်တွေ့ ကလည်း ပြရသေးတယ်။ တရားကတော့ အများကြီးရှိပါတယ်ပေါ့။
အဲသလိုနဲ့ ပဲ မိဘများကိုတော့ ပြောခဲ့ရပါတယ်။


တပည့်ဟောင်း ဖြစ်သူ ကျောင်းသားလေးကတော့
သူ့ အိမ်မှာ လိုအပ်ရာ ပြောဖို့  ဖိတ်မံထားတယ်။

ကိုယ်နေရတဲ့ အထပ်က အပေါ် အမြင့်ဆုံး ကြပ်ခိုးထပ်။
ထရင် မလွတ်တဲ့ အထပ်မှာ ကြိန်းစက်ရတယ်။


သူက တရားဟောပေးပါဦးလို့  ဖိတ်မံလို့  တရားဟောခဲ့ရသေးတယ်။
တရားမဟောမီ ဘုရားရှင်ကို ဖယောင်းတိုင်မီးနဲ့  ပူဇော်တယ်။
ပြီးတော့ သူ့ ကို သရဏဂုဏ်သုံးပါး သုံးကြိမ် ရွတ်ခိုင်းတယ်။
(သဝေမပါ ကိုးဂါထာ ဆိုတာပေါ့လေ။ )
အထူးတရားတော့ မဟုတ်ပါဘူး။


အောင်လက်မှတ်လေး တစ်ခုတွေ့ တယ်။
အသင့်တင့် ၊ ဂွတ် ၊ ဗဲရီးဂွတ်၊ ဆိုတာလေးတွေ ရေးထားတာ
ပါတယ်။
ဒါနဲ့ ပဲ ငါ မင်းဟောဖို့  အကြံရတာက ဒီလိုကွ...။


ဘုရားလက်ထက်ကလေ လက်ယာတော်ရံ လက်ဝဲတော်ရံဆိုတာ ရှိတယ်။
အဲဒါကို အဂ္ဂသာဝကလို့ 
ခေါ်တယ်။ ညာဘက်က အရှင်သာရိပုတ္တရာ ၊
ဘယ်ဘက်က အရှင်မဟာမောဂ္ဂလ္လာန်လို့ ခေါ်တယ်။

အခြားထင်ရှားတဲ့ တပည့်ကြီးတွေကိုတော့ မဟာသာဝကပေါ့ကွာ။
အရှင် အာနန္ဒာလိုမျိုးပေါ့။


ခု ငါပြောချင်တာက လူဆိုတာ အားလုံး မတော်ဘူး။ သူ့ နေရာနဲ့ သူပဲ။
ပညာ အရာမှာ ဘုရားရှင်ပြီးရင် အရှင်သာရိပုတ္တရာကို ဘယ်သူမှ မမီဘူး။
အရှင်မဟာမောဂ္ဂလ္လာန် ကတော့ တန်ခိုး အရာမှာ သူကထိပ်တန်းပေါ့။

အရှင်အာနန္ဒာကလည်း ဆာဗစ်စ် လုပ်တဲ့ နေရာမှာ သူက အတော်ဆုံးပဲ။

ဘာလို့ အဲလို ပြောတာဆိုတော့ အခြား မေဃိယမထေရ် ၊
နာဂသမာလ မထေရ် စတာတွေ ရှိဖူးတယ်။

ဘုရားပြောစကားအတိုင်း နားမထောင်ဘူး။
မေဃိယ မထေရ်ဆိုရင်ကွာ ဘုရားနဲ့  ခရီးအတူကြွတာပဲ ။

ဥယျာဉ် တစ်ခုမှာ တရားအားထုတ်ဖို့  နေခဲ့ချင်တာ။
ဘုရားရှင်က သူ့ ရဲ့ အတိတ် အကြောင်းသိတာမို့  မနေနဲ့ 

မသင့်တော်ပေဘူး မိန့် တော်မူတယ်။ သူက ဇွတ်ဆိုမှ ဇွတ်ပဲ နေခဲ့တာ။
ဘုရား ကိုယ့်သပိတ် ကိုယ့်သင်္ကန်း
အပိုကို ကိုယ်တိုင်ပဲ သယ်ခဲ့ရတာ။

ဟုတ်တယ်ကွ။ မေဃိယ မထေရ် နောက်တော့လည်း သဘောပေါက်တယ်။
တရား အားထုတ်တာ အတိတ်ကဟာတွေ အရိပ်လို လာထင်နေတယ်။
အရင်က နန်းတော်နေရာ ဖြစ်နေတယ်။ သူကလည်း ဘုရင်ဖြစ်ခဲ့ဘူးသတဲ့ ဆိုပဲ။
ဒါကြောင့် အရှင်အာနန္ဒာကို အတော်ဆုံး ဆာဗစ်လို့  ပြောတာကွယ့်။


အဲဒါတွေ ကြည့်စမ်း။ ကိုယ်ဖြစ်ချင်ရာ ဆုတောင်း။
ကိုယ်ဖြစ်ချင်ရာ ပါရမီ ဖြည့်ခဲ့ကြတာ။
တရားအားထုတ်ပုံ
ချင်းလည်း မတူတော့
ပုံစံအမျိုးမျိုး ဖြစ်တာပေါ့။


တရားနည်းလမ်း အကျဉ်းချုပ်က သမထ နဲ့  ၀ိပဿနာ လို့ မှတ်ထား။
သမထ က လေးဆယ်တောင် ရှိတာ။
နည်းတွေက အများကြီးနော။
ဝိပဿနာက မြင်တာ ကြားတာ အနံ့ အရသာ အတွေ့ တွေပေါ့။
အဲဒီအပေါ်မှာ
လောဘ ဒေါသတွေ မဖြစ်ပဲ
ဖြစ်တဲ့အတိုင်း သတိရှိနေမယ် အသိရှိနေမယ်ဆိုရင် ၀ိပဿနာပဲ။
(လက်ကတော့
အမူရာနဲ့  သူ့ ကို ရှင်းပြပါတယ်။ )

ဒီနေရာမှာ စကားဖြတ်ပြောပါဦးမယ်။
စာဖတ်သူများ တွေးမိကောင်း တွေးမိလိမ့်မယ်။ အဲသလောက် သူနားလည်ပါ့မလား။

ပြောတဲ့သူကရော အဲသလောက်ကြီး ပြောတတ်ပါသလားပေါ့။ အဖြေကား ရှင်းပါတယ်။
နှလုံးသားချင်း နီးရင် နားလည်နိုင်ပါတယ်။ နှလုံးဆိုတာ ဒီနေရာမှာ စိတ်လို့  မှတ်ပါ။
သူ့ စိတ်မှာ ဘုရား အကြောင်း ၊ တရား အကြောင်း ပြောလိုက်ရင်
ပုံမှန်စကားထက်တောင် နားလည်သလိုလို သိပ်ပြီး ရှင်းစရာ မလိုတာကို
သတိထားမိတယ်။ နှလုံးသားဝယ် ဘုရားတည် ဆိုတာ ဒါပြောတာပေါ့။

ဒီစကားတွေ နဲနဲ
တရားနဲ့  ဝေးသူ၊ လုံးဝ အလှမ်းကွာသူ ပြောကြည့်ပါ့လား။
ပျင်းစရာကောင်းသလို နားလည်နိုင်စရာ အကြောင်း
မရှိ။
မြန်မာဘုန်းကြီးတရားကို နားမလည်တဲ့ နှလုံးသားချင်း ဝေးနေသူလိုပါပဲ။


သူ့  ကို ပြီးတော့မှ ပြောလိုက်တယ်။ အေးကွာ ပညာ အရာမှာ အရှင်သာရိပုတ္တရာတောင်
ရွှေပန်းတိမ်သူဌေး
သားလေးကို ကမ္မဋ္ဌာန်း အပေးမှာလို့  တရားထူး မရရှာဘူး။
( မထေရ်မြတ်ကို ပစ်မှားခြင်းမျိုးမဟုတ်၊ ဘုရားရှင်သာ ဝေနေယျ အလို သိစေခလို )။
ဘုရားကိုယ်တော်တိုင်ပေးမှ မှန်ကန်သွားတယ်။


ငါလည်း မင်း ဘာတရား ဟောရမှန်း မသိဘူး။

ကိုင်း..လောလောဆယ်တော့ အာနပါန လုပ်ကြမယ်။
စိတ်မလွင့်စေနဲ့ ။ စိတ်လွင့်သွားလည်း သတိနဲ့  ပြန်ပြီး
ရှုမှတ်။
ဝင်လေ ထွက်လေ နှာခေါင်းဝမှာ ထိသွားတာ သိအောင်လုပ်။
ထိတာသိရင် မိလာပါလိမ့်ကွာ။
လေအသွားလာ
အရှည် အတိုကိုလည်း တိုရင် တိုတယ်မှတ်။ ရှည်ရင် ရှည်တယ်မှတ်။

လေ၀င်လေထွက်
အစ အလယ် အဆုံးကိုလည်း မှတ်လို့ ရတယ်။
ဒါပေမယ့် မင်းသိထားရမှာက ၀င်လေ အစ နဲ့  အဆုံးကြားဟာ

အလယ်လို့  မှတ်ပါ။ စမ်းကြည့်ပါ။ အဓိက လေ၀င်လေထွက် ထိတာ သိနေဖို့ ပဲ။
လေနောက်မလိုက်နဲ့ ။


ကိုင်း စကြမယ် ဆိုပြီး ဟော တာ ပြောတာရော ၊
တရားမှတ်တာ တစ်နာရီ ကြာသွားပါတယ်။


အဲ တရားတွေချည်းတော့ ပြောနေဟောနေတာမဟုတ်ဘူး။
ထွေရာလေးပါး ဆိုသလို ရောက်တက်ရာရာ

မွန်းစတားပေါ်မှာ ပြောတဲ့စကားကလည်း အမှတ်တရရယ်ပါ။
ခပ်ငယ်ငယ် အတွဲတွေ တွေ့ တော့ ဘယ်လိုလဲ
ဆိုတာ
မသိလို့  သူ့ ကို အခြေနေ မေးကြည့်ခဲ့တယ်။


အမျိုးသမီးလေးတွေ ဒီလိုသွားတော့ သိပ်လွတ်လပ်တာပဲနော်။
ညလည်း အချိန်မရွေး သွားလို့ ရတာပဲလား၊

သူက ပြောတယ် အမျိုးသမီး မှ မဟုတ်ဘူး တဲ့၊
လူတိုင်း အချိန်တိုင်း သွားလို့ ရတယ် ၁၈ နှစ်ရွယ် ပြည့်ပြီးရင်ပေါ့။
အသက်က ၁၅နှစ်အတွင်းဆိုရင် ည၁၀ နာရီ၊
၁၆ နှစ်နဲ့  ၁၇ ဆိုရင် ည ၁၂ နာရီထိ သွားခွင့်ရှိတယ်။
အချိန်မတော်
အသက်ကန့် သတ်ချက်အတွင်း သွားရင် ရဲနဲ့  တွေ့ မယ်ပေါ့။
ဒါက အစိုးရရဲ့  ဥပဒေတဲ့။ ဒါက ကိုယ့်အတွက်
တော့ မှတ်တမ်းစာအုပ်ထဲ
ရောက်သွားတယ်ပေါ့။
အော် လွတ်လပ်တယ်ဆိုတာ ဥပဒေနဲ့  လွတ်လပ်တာပါလား။


သူကတော့ နေရာတကာဆိုသလို လိုက်လံပြသပါတယ်။
သစ်ပင် ပန်းပင် တွေကိုလည်း ပြစရာ အဖြစ်
အသိမှတ်ပြုထားတယ်။
ပြီးတော့ ပန်းခြံထဲမှာ ကစားကြတဲ့သူတွေကလည်း ကလေးတင် မဟုတ်ဘူး၊

လူကြီးလည်း ကစားကြတယ်။ လွတ်လပ်စွာ ပျော်ကြတယ်။

မွန်းစတား အောက်ထပ်မှာ ရှိတဲ့ သူတို့  ဘာသာရေး အကြောင်းကိုလည်း
ရှင်းပြတဲ့ နေရာမှာ
သူ နားလည်ထား ဒေ၀တာ အိန်ဂျယ်
ဗောဓိသတွ ဘုရားလောင်း စတဲ့ ဝေါဟာရများနဲ့  ရှင်းပြတယ်။

သူတို့  ဘာသာအကြောင်း မရေးသားတော့ပါ။ ချန်လှပ်ခဲ့ပါတော့မယ်။

အီလာတီဆန်မြို့ က မြန်မာဆွမ်းဒကာမလေးကလည်း
မြို့ ချင်း နီးနေသမို့ ကြွခဲ့ပါဦးဘုရား ၊ ပင့်ဖိတ်တာနဲ့ ပဲ နေ့ ဆွမ်းစားကြွခဲ့တယ်။
သူကလည်း ထမင်းပေါင်း ခေါ် ဆွမ်းပေါင်းဖြင့် ဆက်ကပ်လှူဒါန်းတယ်။
အဲဒါမှ တကယ့် ထမင်းပေါင်းအစစ်။
(ကိုယ်ခါတိုင်းကျောင်းမှာ ပေါင်းတာက အေးနေလို့ 
ပြန်ပေါင်းထားတာမို့ ထမင်းပေါင်း ဆွမ်းပေါင်း)။
သူ့ အတွက် နှစ်သစ်ကူး ဓမ္မလက်ဆောင်ကား ပရိတ်တရားနဲ့ 
မကောင်းတာလေးတွေ မဖြစ်ပါစေနဲ့  ၊
ကောင်းတာလေးတွေ ဖြစ်ပါစေ ဆိုပြီး ချီးမြောက်ခဲ့ပါတယ်။
သူလည်း ကျေနပ်ဝမ်းမြောက်ရောပေါ့။


ပြန်လာမည့်နေ့ မှာ နောက်ထပ် တစ်ယောက်နဲ့ တွေ့ တယ်။
ဗုဒ္ဓဘာသာကို နှစ်ပေါင်းများစွာက လေ့လာခဲ့သူ ။
အဲဒီ ဒကာ တစ်ယောက်က
စာအုပ်တွေ လှူဖို့  သယ်ယူလာတယ်။
ကိုယ့်ပါလာတဲ့ ပစ္စည်းကြည့်ပြီးတော့ သူစာတိုက်က ပို့ ပါတော့မယ်
တဲ့။
မေတ္တာထားပုံများ။ မေတ္တာပေါ့လေ။

ဘာလို့  မေတ္တာလည်းလို့  ပြောတာလဲ ဆိုတော့ သူ့ မျက်နှာမှာ
လှတာထက် ကြည်လင်
နေတာ တွေ့ ရပါတယ်။

ဒါနဲ့ ပဲ သူ က ကိုယ့်ဘာသာရေး စိတ်ဝင်စားသူမို့ 
အအေးဆိုင် တစ်ဆိုင်မှာ အချိန်ယူကာ စကားပြောဖြစ်ခဲ့ပါတယ်။


သူဟာ ဘာသာရေး စိတ်ဝင်စားကာစက သူ့ မိဘတွေနဲ့ 
အတိုက်ခံလေး နဲနဲ ရှိတယ်တယ်။ နောက်တော့
သူ့ မိဘတွေ
နားလည်လာပါတယ်တဲ့။ ဘယ်နဲ့ လည်း မင်းမိဘတွေကရော အခက်ခဲ ရှိသလား
ကိုယ့်ကျောင်းသား
ဘက် လှည့်မေးပါတယ်။ ကျောင်းသားလေးကလည်း
အခက်ခဲမရှိပါပြောပါတယ်။

နောက်ပြီးမှ သူ့ စကားဆက်ပြန်တယ်။ ဂျပန်မှာ ဂျပန်ဘုန်းကြီးလုပ်ဖူးတယ်။
သို့ သော် လုံးဝကြီး သူထင်သလောက် မနှစ်သက်ခဲ့။

ဒါကြောင့် စာတွေ အများကြီးဖတ်ပြီး လေ့လာထားတာ။
ပြီးတော့ သိတဲ့အတိုင်း တရားအားထုတ်ခဲ့တယ်တဲ့။


ဒီလိုဆိုတော့ သူ့ ထံမှာ ကိုယ်ကလည်း မေးလို့ ရမလား ဆိုပြီး
ခွင့်တောင်းကာ မေးလိုက်ပါတယ်။ ဘယ်လို အားထုတ်သလဲပေါ့။
မေတ္တာပွါးတယ်။ ရွတ်တယ် ဖတ်တယ်။
ခု ဒီ သမီးလေး ၃ နှစ်တောင်မှ ဘာမှန်းမသိဘဲ
ဘာဘာ ဘာဘာ ဆိုပီး လိုက်ဆိုသတတ်။


ကိုယ်ကလည်း ထောက်ခံလိုက်ပါတယ်။ ဟုတ်တာပေါ့ဗျာ။
ကလေးဆိုတာ မိဘအပေါ်မှာ မူတည်တယ်ဗျ။

မြန်မာစကားရှိတယ်။ သားသမီးမကောင်း မိဘခေါင်း( ဂေါင်း )။
ကောင်းတာလည်း မိဘ မကောင်းတာလည်း
မိဘ လို့  ပြောကြတယ်။
လေကြောက ဆက်လိုက်သေးတယ်။
တပည့်မကောင်းရင် ဆရာ့ခေါင်း ( ဂေါင်း )လို့ ။


မြတ်စွာဘုရားက ဟောထားတာ ရှိတယ်။
မိဘတွေဟာ ဗြဟ္မာလို့ ခေါ်လို့ ရတယ်။
အကြောင်းက ဗြဟ္မစိုရ်တရားနဲ့ အညီ သားသမီးအပေါ်မှာ စိတ်ထားနိုင်လို့  ။
လက်ဦးဆရာနဲ့ လည်း တူတယ်ပေါ့။

သူလည်း နှလုံးသားချင်း နီးသမို့  လွယ်ကူစွာ သိတယ်။

ဒီလိုနဲ့  ဘာသာရေးဆိုင်ရာ ကောင်းနိုးရာရာတွေလည်း ပြောဖြစ်ခဲ့တယ်။
ကိုယ်မသိတဲ့အရာတွေကိုလည်း
မေးခဲ့တယ်။ ကိုယ်သိတာကိုလည်း ရှင်းပြခဲ့ပါတယ်။

လူတိုင်း ဆိုသလိုပဲ မနားတဲ့ ခရီးမျိုးကို သွားနေကြပါတယ်။
ဘယ်လိုပုံမျိုးနဲ့  ခရီးမျိုး သွားကြမလဲ ။
ကိုယ့်ကိုယ်ကိုသာ
မေးကြည့်ကြပါစို့ လား။

သွားပါများ ခရီးရောက်

သွားပါများ ခရီးရောက်
..................................


မှတ်ချက်။ ။ ခရီးသွား အမှတ်တရ။
ULM မြို့  ၁၉ ရက်မှ ၂၁ ရက်ထိ
ခရီး အတွေ့ ကြုံ တင်ပြခြင်းသာ။



မြတ်ရောင်နီ
( ၂၇ ၊ ၀၄ ၊ ၂၀၁၁ )








ဒီနေရာကလေးမှာ ရေးပါ..

Monday, April 18, 2011

ဘုရား မြင်ပါစေ



ဘုရား မြင်ပါစေ






စေတီတော် အတော်များများမှာ
နဂါးရုပ်ဖြင့် ပြုလုပ်ထားတဲ့
လှေခါးများ ကိုတွေ့ ခဲ့ရပါတယ်။




တရား အားထုတ်သည့် အခါများမှာ
မလျှော့ မတင်း စောင်းကြိုးညှင်း
ဟူ၏သို့ 





အရဟံ




သမ္မာသမ္ဗုဒ္ဓေါ




ဝိဇ္ဇာစရဏ သမ္ပန္နော





သုဂတော





လောက၀ိဒူ




အနုတ္တရော ပုရိသ ဒမ္မသာရထိ






သတ္ထာ ဒေ၀မနုဿာနံ




ဗုဒ္ဓေါ




ဘဂ၀ါ




ဒသဗလော





လောကနာထော




သယမ္ဘူ



သကျမုနိ



သဗ္ဗညူ

ဘုရားမြင်ပါစေ

ဗုဒ္ဓဿ ပူဇာ မဟာတေဇ၀န္တော-
ဘုရားရှင်အား ပူဇော်ပါ၊ တန်ခိုးကြီး၏။

ဗုဒ္ဓါနုဿတိံ ဘာဝေတိ ဘာဝနာန မနုတ္တရံ။
ဣမံ သတိံ ဘာဝယိတွာ ၊ ပူရယိဿတိ မာနသံ။

ဘာဝနာတို့ တွင် အမြတ်ဆုံးဖြစ်သည့် ဗုဒ္ဓါနုဿတိ ကို ပွါးများပါ။
ပွါးများပါများလျင် မိမိ စိတ်အလိုဆန္ဒပြည့်ဝပါလိမ့်မည်။

တိဋ္ဌန္တေ နိဗ္ဗုတေ စာပိ ၊ သမေ စိတ္တေ သမံ သဖလံ။

သက်တော်ထင်ရှား မြတ်ဘုရားကို ပူဇော် သကဲ့သို့ 
ပရိနိဗ္ဗာန်ပြုပြီးသည့် မြတ်ဘုရားမှာလည်း
စိတ်ပါလက်ပါ မှန်းဆကာ ပူဇော်ပါ။
အကျိုးပေးလာသည်မှာ အတူတူပင် ဖြစ်မည်။

ဗုဒ္ဓဂုဏံ ၊ ပွါးသူမှန် ခန္ဓာ စေတီထိုက်။
( တောင်မြို့ ၊ ဘုန်းကြီးကုဏ်၊ ဟောတရားမှ)

နှလုံးသားဝယ် ၊ ဘုရားတည် ၊ တကယ်စွမ်းတဲ့ လူသားပေ။
( တိပိ- ယောဆရာတော် ဟောတရားမှ )

ဓမ္မံ ပဿန္တော ၊ မံ ပဿတိ နာမ။

တရားသိမြင် သဘောပေါက်လျင်

ငါ့ ဘုရားကို မြင်သည် မည်၏။

( တရား အားထုတ်ကြပါလို့  ဆိုလိုရင်းတည်း)


( ဓမ္မပဒ )


မှတ်ချက်။ ။ မြန်မာပြည် ဒီတစ်ခေါက်လည်ပတ်စဉ်
သီရိခေတ္တရာ မှ စေတီနှင့် ရုပ်ပွါးဆင်းတုတော်များ
ပူဇော် ဓာတ်ပုံမှတ်တမ်း ဖြစ်ပါသည်။


ကြည့်ရှုကြည်ညိုသသူ သူတော်စင်အပေါင်းတို့ 
!
ဂုဏ်တော်ကို ပုံတော် မကွယ်မိစေဖို့ ရာ
ဘုရားမြင်ပါစေ စာသားများ ဖတ်ရှုလေ့လာကာ
ဘုရားမြင်အောင် ကြိုးစားကြလေကုန်။





မြတ်ရောင်နီ

( ၁၈ ၊ ၀၄ ၊ ၂၀၁၁ )


ဒီနေရာကလေးမှာ ရေးပါ..

Saturday, April 16, 2011

နှစ်သစ် ဆုမွန်


နှစ်သစ် ဆုမွန်





Happy New Year ( 1373)

( 1373 Myanmar Era )

(17th April 2011)



ဗုဒ္ဓါနုဘာဝေန- အပူကင်းငြား မြတ်ဘုရား၏
တန်ခိုးရှိန်စော် အာနုဘော်တော်၊

ဓမ္မာနုဘာဝေန-ကောင်းစွာဟောထား မြတ်တရား၏
တန်ခိုးရှိန်စော် အာနုဘော်တော်၊

သံဃာနုဘာဝေန-ကောင်းစွာကျင့်ငြား ဘုရားသားတော်
မြတ်သံဃာတော်တို့ ၏ တန်ခိုးရှိန်စော် အာနုဘော်တော်၊

သီလတေဇေန ( သီလာနုဘာဝေန )- ကောင်းစွာ ဆောင်ထား
ကိုယ်ကျင့်တရား အသီးသီးတို့ ၏ တန်ခိုးရှိန်စော် အာနုဘော်...
အစွမ်းအသီးသီးများကြောင့်...

မြန်မာနှစ် ၁၃၇၃ခုနှစ် ၊ နှစ်သစ်မင်္ဂလာမှာ

မိမိနှင့်တကွ
မိဘဆရာ ရဟန်းရှင်လူ
သတ္တ၀ါဟူသမျှ...

ကိုယ်၏ကျန်းမာ ၊
စိတ်၏ချမ်းသာ။

အန္တရာယ်ကင်း ဘေးရှင်း။

အကောင်း မင်္ဂလာမှန်သမျှ
လိုအင်ဆန္ဒ အ၀၀ပြည့်ဝကြပြီး။

ပျော်ရွှင် ငြိမ်းချမ်းသော
ဘ၀ ပိုင်ရှင် ၊
ဘ၀ပိုင်ရှင်များ ဖြစ်ကြပါစေသတည်း။

အရှင်တေဇောဘာသ ( မြင်းခြံ )



နှစ်သစ် ဆုမွန်

နှစ်သစ်ဆုမွန်ချွေတဲ့ အခါမှာ အထက်ပါအတိုင်း မိမိနှင့်တကွ လို့ 
ဆုမွန်ချွေကာ မေတ္တာပို့ လိုက်ပါတယ်။ မြတ်စွာဘုရား ဒေသနာနဲ့  အညီ
ဖြစ်သွားတာပေါ့။ မေတ္တာပို့ တဲ့အခါ မိမိကိုယ်ကိုယ် အစဦးစွာ ပို့ ရမယ်တဲ့။

အားလုံးလည်း မေတ္တာပို့  သီချင်း ကြားဘူးကြတဲ့ အတိုင်းပါပဲ။
အဟံ အဝေရော ဟောမိ။ စသဖြင့် ဆိုပြီးမှ သဗ္ဗေ သတ္တာ လို့  ဆိုပါတယ်။
အဟံဆိုတာ မိမိကိုယ်ကို။ သဗ္ဗေ ဆိုတာ သူများ။
အဲ... ကျမ်းဂန် အကိုးကား မပြဘဲ သီချင်းအကိုးကားပြတာကတော့
များသောအားဖြင့် သီချင်းကို ရင်းနီးနေလို့  ပြောလိုက်ခြင်းဖြစ်ပါတယ်။

ပြီးတော့ မြတ်စွာဒေသနာ ကြည့်မယ်ဆိုရင် အတ္တပေမံ သမံ နတ္ထိ ၊
အတ္တာနမေ၀ ပဌမံ။ အတ္တာနံ ဥပမံ ကတွာ- စတာလေးတွေကို
ကြည့်မယ်ဆိုရင်လည်း အတ္တ ဆိုတဲ့ မိမိထက် ချစ်ရမည့်သူ
မရှိဘူးဆိုတာရယ် ၊ မိမိကိုယ်ကို ပထမဦးစွာ စတင်ဖို့ ရာ
ရည်ညွှန်း ပြန်ပါတယ်။ မိမိမှာ ကိုယ်ပိုင်မေတ္တာရှိပါမှ သူများပေးလို့ ရမယ်။
ဒါ့အပြင် မိမိက မကောင်းတာ မဖြစ်ချင် ၊ ကောင်းတာလေးတွေ ဖြစ်ချင်သလို
သူများလည်း ဒီလိုပဲ ဖြစ်ချင်မှာဆိုတာကို ပိုမို သဘောပေါက်လာ ပါမယ်။

ခုလိုမျိုး နှစ်သစ် ဆုမွန်ပေးလို့ ကော ရပါ့မလား ၊ ရကြပါ့မလား ။
စဉ်းစားစရာတော့ အကောင်းသား။ သဗ္ဗေ သတ္တာ ကမ္မဿကာ ဆိုတဲ့စကား၊
ကမ္မုနာ ၀တ္တတိ လောကော ဆိုတဲ့ မြတ်စွာဘုရား စကားကိုကြည့်ရင်တော့
လူသူအားလုံးမှာ ကိုယ့်ကံက ကိုယ်ပိုင်တာဖြစ်ပြီး ၊
ကိုယ်လှုပ်ရှားတဲ့ အလုပ်ဆိုတဲ့ ကံနဲ့ ပဲ လည်ပတ် နေကြရပါ တယ်။

ဒီလိုဆိုတော့လည်း နှစ်သစ်မင်္ဂလာမှာ အချင်းချင်း ဆုတောင်း
ပေးကြတာဟာ အလကား ဖြစ်ရောလား။ ရောထွေးတဲ့ အတွေး
ဝင်လာစရာ ရှိပါတယ်။ အဲလိုလည်း မဟုတ်ဘူးလို့  ထင်မိပါတယ်။
အနည်းဆုံး အချင်းချင်း ဒီလို စကားကို ကြားလိုက်တာနဲ့ 
ကြားရသူရင်မှာ ပျော်ရွှင်မှုရသလို ကိုယ်ကလည်း ပြန်လည်ကာ
ပြောခြင်း ၀စီကံမေတ္တာ ၊ စာရိုက်ပြီး ပြောခြင်း ကာယကံ မေတ္တာ ၊
စိတ်ပါပါပြောလျင် မနောကံ မေတ္တာတော့ ဖြစ်မယ်လို့  ယူဆမိပါတယ်။

ပြီးတော့ ဆုတောင်းတာ ဗုဒ္ဓဘာသာတို့ ရဲ့  အလုပ်မဟုတ်ဘူး၊
ဗုဒ္ဓဘာသာက ဆုတောင်းရမယ့် ဘာသာမဟုတ်ဘူးလို့  ပြောကြပါတယ်။
ကိုယ်လုပ်မှ ကိုယ်ရမှာ၊ ကိုယ်ကံအဓိကပဲ။

ဟုတ်ပါတယ်။ ဒါဆို ဆုမတောင်းရတော့ဘူးလား၊ ဆုတောင်းတိုင်း
မရဘူးလား။ ထပ်ပြီး စဉ်းစားစရာ ကောင်းပြန်ပါတယ်။
ကိုယ်လုပ်တာ ဆုတောင်းတာကရော ကံ မဟုတ်ဘူးလားပေါ့။
နည်းနည်းလေး စဉ်းစားကြည့်ရအောင်နော်...

ဘုရားလောင်း ရှင်သုမေဓာ ရသေ့ဟာ ဒီပင်္ကရာ ဘုရားရှင်ရဲ့ 
ခြေတော်ရင်းမှာ ဘုရားဖြစ်ဖို့ ဆုတောင်းခဲ့ဖူးတယ်။
ပဒုမုတ္တရာ ဘုရားရှင်လက်ထက်မှာ သာဝကများစွာဟာ
နောက်ပွင့်မည့် ဂေါတမဘုရားလက်ထက်မှာ အဂ္ဂသာဝက
မဟာသာဝက ဥပဋ္ဌာက စသဖြင့် ဆုတောင်းခဲ့ကြတာပဲ မဟုတ်လား။
နောက်တော့ သူတို့  ဆုတောင်းတဲ့အတိုင်း ပြည့်ဝ သွားကြတာပါပဲလေ။

သိရှိနားလည်ထား ၊ သတိထားသင့် စံနမူထားသင့်တာကတော့ ဆုတောင်းကြ
သူတိုင်းဟာ ဆုတောင်းရုံ သက်သက်တော့ မဟုတ်ခဲ့ကြပါဘူး။
ကိုယ်တောင်းတဲ့ ဆုနဲ့  ထိုက်တန်အောင် ပါရမီဖြည့်ကျင့်ရပါတယ်။
ထိုက်တန်တဲ့ အလုပ်လုပ်ခဲ့ပြီးလို့  ထိုက်တန်တဲ့ အကျိုးရခြင်းဖြစ်ပါတယ်။

လိုချင်လေးတွေပြည့်ဝချင်ပါက မြတ်စွာဘုရားရှင် မိန့် မှာ
ဟောထားတော်မူပါတယ်။ ဣဇ္ဈတိ ဘိက္ခဝေ သီလ၀တော
စေတောပဏိဓိ ၀ိသုဒ္ဓတ္တာ။ ဆိုလိုတာကတော့ -
သီလရှိသူမှာ လိုရာဆုတောင်းပါ၊ ပြည့်နိုင်တယ်၊
အကြောင်းမှာ သီလက ဖြူစင်နေလို့ ပါတဲ့။
ဒါဆိုရင် အခြားကုသိုလ်တွေ ဆုတောင်းပြီးလုပ်တဲ့အခါမှာ
သီလတော့ စင်ကြယ်ဖို့  အထူးလိုအပ်တယ်ပေါ့။


ဆုမွန်ချွေသူဘက်ကလည်း အမျိုးမျိုးတွေ့ ဖူးပါတယ်။ ဒီပင်္ကရာ မြတ်စွာဘုရားက
ဗျာဒိတ် - ရှေ့ ကြိုတင်ဖြစ်မှာ ကို မြင်တော်မူပြီးမှ အလိုရှိတိုင်း ဖြစ်ပါစေ၊
ဆုပေးတော်မူတယ်။ ပစ္စေက ဗုဒ္ဓါ = ဘုရားငယ်လိုဆိုတဲ့ တစ်သီး တစ်သန့် 
တစ်ပါးတည်း နေတော်မူတဲ့ ဘုရားရှင်တို့ ကတော့ အလိုရှိအပ် တောင့်တအပ်တဲ့
တောင်းဆုများ လျင်မြန်စွာ ပြည့်ဝပါစေ ...စတဲ့ ဂါထာ နှစ်ဂါထာနဲ့  အမြဲဆုပေးလေ့
ရှိတာကို တွေ့ ရပါတယ်။

ဘုရားရှင်နဲ့  ပစ္စေက ဗုဒ္ဓါတို့ လို အရိယာသူတော်ကောင်းကြီးများကလည်း
ဆုပေးကြပါတယ်။ လူအများကလည်း အလှူတစ်ခုခု လုပ်ပြီးတိုင်း လုပ်ပြီးတိုင်း
အရှင်ဘုရားတို့  သိသလိုမျိုး မျက်မှောက်ထင်ထင်ရပါလို၏လို့  ဆုတောင်းကြပါတယ်။

ဘုရားရှင်စတဲ့ အရိယာ သူတော်ကောင်းများနှလုံးမူကာ ယခုခေတ်မှာတော့
ဘုန်းကြီးသံဃာများက ဖြစ်စေ၊ အသက်ဂုဏ်ဝါ ကြီးသူ လူများက ဖြစ်စေ
ဆုမွန်ချွေပေးကြပါတယ်။ ဆုတောင်းတဲ့ သူတွေဘက်ကလည်း
ပေးကမ်းခြင်း လှူတန်းခြင်း ပူဇော်ခြင်းတွေ လုပ်ပြီးတော့ ဆုတောင်းကြပါတယ်။

ထူးခြားတာကတော့ မိမိမြန်မာနှစ်မဟုတ်တဲ့ ခရစ်နှစ်ရဲ့  နောက်ဆုံးည
ည ၁၂နာရီကျော်သွားတာနဲ့  မြို့ သူမြို့ သား အတော်များများ လူငယ်များက
ဟက်ပီး နယူးရီးယား ဆိုပြီး ပြိုင်တူအော်ဟစ်ကျပါတယ်။ ဗြောက်အိုး လည်းဖေါက် ၊
မီးရှူးမီးပန်းများလည်း ကစားကြတယ်။ ကတ္တရာလမ်းပေါ်မှာလည်း နှစ်အလိုက်
စာတမ်းများလည်း ရေးထားတာ တွေ့ ခဲ့ဖူးပါတယ်။

မြန်မာနှစ်သစ်ကူးမှာ Happy New Year ( 1373) ကိုတော့
ဘယ်သူမှ အော်သံလည်း မကြားခဲ့ဖူးပါဘူး။ လောကီကိစ္စချင်းအတူတူ
အော်မယ်ဆိုလျင် အော်သင့်ပါတယ်။ ပျော်မယ်ဆို ပျော်သင့်ပါတယ်။
သို့ သော်...

မြန်မာ့နှစ်သစ်ကူးမှာတော့ ဟက်ပီးနယူးရီးယား လို့  မအော်ကြ ပေမယ့်
တကယ့် ဟက်ပီးနယူးရီးယားလို့ မြင်ပါတယ်။

ဘာလို့ လဲ ဆိုတော့ နှစ်ဆန်းတစ်ရက်နေ့ ဆိုတာနဲ့  အဲဒီနေ့ မှာပဲ လူအများစုက
စတုဒ္ဒိသာကျွေးမွေးလှူဒါန်းခြင်း၊ ဘုရားကျောင်းသွား ဥပုသ်စောင့်ကြခြင်း၊
( အဲဒီနေ့  အရက်ဖျက်ခြင်း ၊ တစ်ရက်တိတိ ၊အချို့ လူများ)။
ခေါင်းလျှော်ရည်လှူဒါန်းခြင်း ၊ မိဘများနဲ့  လူကြီးများကို ခေါင်းလျှော်ပေးကြခြင်း ၊
ရှိခိုးကန်တော့ကြခြင်း၊ သံဃာများအား အိမ်ပင့်ဖိတ်ပြီးဖြစ်စေ ရွာမြို့  နေရာအနှံ့ 
ကမ္မ၀ါ ပရိတ်ရွတ်စေခြင်း၊ သံဃာတော်များက တရား ချီးမြောက်ပေးကြခြင်း
စတဲ့ ကောင်းတာလေးတွေကို လုပ်နေကြလို့ ပါပဲ။

ဘုရားရှင် ဒေသနာအရလည်း-
ဣဓ မောဒတိ ပေစ္စ မောဒတိ ၊ ကတပုညော ဥဘယတ္ထ မောဒတိ၊
သော မောဒတိ သော ပမောဒတိ ၊ ဒိသွာ ကမ္မ၀ိသုဒ္ဓိမတ္တနော။ ( ဓမ္မပဒ)

ဆိုလိုတာကတော့ -
ကောင်းတာလုပ်ထားတဲ့ လူသူအားလုံးဟာ ဒီဘ၀ရော နောက်ဘ၀ပါ
(ဟက်ပီးနယူးရီးယားမအော်ပေမယ့်လည်း ) ပျော်ရတယ်။
ကိုယ်လုပ်ထားတဲ့ ကောင်းတာလေးတွေ ပြန်လည်မြင်ယောင်ပြီးလည်း
ပျော်ရတယ်၊ အရမ်းကို ပျော်ရပါတယ်- တဲ့။

ဒါကြောင့် နှစ်သစ်မှာ အားလုံး ကောင်းတာလေးတွေ ကိုယ်စီလုပ်မယ်လို့ 
နားလည်သဘောပေါက်ထားတာမို့  နှစ်သစ်ဆုမွန် အတိုင်း
နေ့ စဉ်နဲ့ အမျှ ဖြစ်ကြပါစေဟုသာ...။




မြတ်ရောင်နီ

( ၁၆ ၊ ၀၄ ၊ ၂၀၁၁ )
မဟာသင်္ကြန် အတက်နေ့ 



၁၃၇၃ခုနှစ် ၊
နှစ်သစ်ကူး
အထူးလက်ဆောင်


ဒီနေရာကလေးမှာ ရေးပါ..

Thursday, April 14, 2011

မဟာသင်္ကြန် ပွဲတော်



မဟာသင်္ကြန် ပွဲတော်






မဟာသင်္ကြန် ပွဲတော် အမှတ်တရ ဓာတ်ပုံ

အ၀င် တံခါးဝမှာ လျှောက်လွှာစာရွက်အပြည့် နဲ့ 
ရွှေ ဒကာမ တစ်ဦးက မြန်မာလိုပရင့်ထုတ်ပြီး ယူလာပါတယ်။
မဟာသင်္ကြန်ပွဲတော်... တဲ့။





ဘုရားရုပ်ပွါး ဆင်းတုတော်များ
အ၀င်ဝမှာ

လူမြင်သာအောင် ပူဇော်ထားပုံ






တစ်ဆူတည်းသော မြတ်စွာဘုရားက
တစ်ဖက်မှာ ရပ်တော်မူလျက်






တကယ်တော့ .....
ရိုးရာ ဓလေ့ ထုံးစံမို့ 
အများမြင်သာအောင် ပူဇော်ပြခြင်းသာ။

ကိုယ်ကိုယ်တိုင် အေးပါတယ်ဆိုပြီး
ဝတ်ထားတာက အထပ်ထပ်။

ဘုရားကျတော့ အပြင်ဘက်။
ရေအေးကိုလည်း သပ္ပါယ်လျက်။
( တစ်ဦးကတော့ ဟာသစွက်။ )





နောက်တစ်ပါးကလည်း
ရှည်ရှည်ဝေးဝေး တွေးဟန်မတူ၊
ထုံးစံအရ ပူဇော်ပုံပေါ်ပါတယ်။

စိတ်ထားတတ်ရင်တော့
အမြတ်ကျန်ပါတယ်။




အကြည်ညိုခံ ဘ၀မှာ
ကြည်ညိုမှု တိုးအောင် ရွက်ဆောင်ခြင်းဟာလည်း
အလုပ်တစ်ခုအနေ ဖြစ်ပါတယ်။





ဆွမ်းမဘုဉ်းမီ
ရောက်လာကြတဲ့ ပရိသတ်များအတွက်
သီလယူစေခြင်း ၊ ပရိတ်တရားနာစေခြင်း
အမှတ်တရ





ဆွမ်းဘုဉ်းခါနီးဝယ်
ဒါနစွမ်းအားရှိသူတို့ ၏ ဆွမ်းကို
အကြွေးမတင်စေရန်
လက်ငင်း ဆင်ခြင်ကြပုံ




ဒီနှစ် သင်္ကြန်မှာ ထူးထူးခြားခြား
ပထမဦးစွာ အတွေ့ ကြုံသစ်ရလိုက်တယ်။
ဘုန်းကြီးကို ရေကန်တော့ကြတာပါ -တဲ့။

( ထိုင်းရိုးရာ ဓလေ့သာဖြစ်ပါတယ်။)





ဘုန်းကြီးတွေ ရေကန်တော့တဲ့အခါမှာ
အေးမှာစိုးလို့  ရေနွေးရောပါတယ်။
(အင်း.... )





ဒါဘဲ ဘုရား...
နောက်ထပ် ကျောင်းသစ် ငှါးထားတယ် ဆိုတာပေါ့ လို့ 
လိုက်လံ ရှင်းလင်းပြခဲ့ပါတယ်။




လာရောက်ကြတဲ့ ဘုန်းကြီး နှင့် လူများကို
မြန်မာနိုင်ငံမှာလို ဘုရားလိုက်ပြစရာ မရှိတော့လည်း
အနီးနားက ခရစ်ယာန်ဘုရားရှိခိုးကျောင်းကို
လိုက်လံ ကြည့်ရှုကြ လေ့လာကြရတာပေါ့လေ။



မှတ်ချက်။ ။ ထိုင်းဒကာမ တစ်ဦး အီးမေးလ်မှ
ပို့ ထားသည့် ဓာတ်ပုံများကို
ဓာတ်ပုံကို ၀ါသနာပါကလည်းကြည့်၊
ကုသိုလ်လည်း တိုးပွါးစေဖို့ ရာ
ဖေါ်ပြလိုက်ပါသည်။



မြတ်ရောင်နီ

( ၁၄ ၊ ၀၄ ၊၂၀၁၁ )


ဒီနေရာကလေးမှာ ရေးပါ..

Monday, April 11, 2011

တန်ခူးလ


တန်ခူးလ

ဟောင်းရွက်ညှာ ခါလစ်လို့ ၊ တာသစ်ကယ်တဲ့ နံ့ ကြိုင်။
သုတ်ဖြူးလေဆော်က ၊ ပန်းကံ့ကော် ၀တ်မှုံကျင်း၊
သင်းပျံ့ လှိုင်လှိုင်။
ကြယ်နှစ်ပြိုင် ၊ သွယ်ဆိုင်ပ၀င်း။
စိတြငယ်နှင့် ၊ ငွေသော်တာတို့ ၊
ယုဂန်ချာတောင်တော်စွန်းမှာ၊
ထွန်းထိန်လို့ လင်း။


စာဆိုတော် ဦးမင်း ၁၂ ရာသီဘွဲ့ 



........................................................................................


( တန်ခူးလမှ ကဗျာတစ်ပုဒ်)

ငုတမ်းချင်း


ငုနှင့် ပိတောက် နွေမှာလှိုင်၊
သင်းပျံ့ မွေးကြိုင်ကြိုင် ။
အပြိုင်အဆိုင် ယှဉ်ဘက်ကင်း၊
လှရက်ပါဘိခြင်း။.......

http://www.mrmrt.info/


ဆရာ Mr MRT

.............................................................................................


တန်ခူးလဗေဒင်

တန်ခူး သာ လှ။
...... ............
(ပေယျာလ)

မှတ်ကြောင်း
ရက်ရာဇာ
ရွေးနည်းတည်း။

( ဗေဒကျမ်းဆရာ ရွှေမြန်မာ)

..............................................................................

တန်ခူးလ
ကဗျာယောင်ယောင်



+ တာကူး

+ တံခူး
တန်ခူး

+ တကူး
တခူး

+ ဦးတန်ခူး
နှောင်းတန်ခူး။

+ ကူးချင် ကူး
ခူးချင် ခူး ။

+ ကူး ချင်ရင်
ခူး။

+ ခူး ချင်ရင်
ကူး။

+ နှစ်ဦးမှာလည်း
တန်အောင် ခူး။

+ နှစ်နှောင်းချိန်ထိလည်း
တန်အောင် ခူး။

+ ခူး ခူး ခူး
ကူး ကူး ကူး။




စာစီသူ...
ဘုန်းဘုန်းဘိုတေ



မှတ်စရာ။ ။ ဟိုးရှေးအခါက
ဘုန်းကြီးကျောင်း ၊ ဘုန်းကြီးကြောင်း ..ဟု
အရေးမှားလေသည့် ဘုန်းကြီးတစ်ပါး ကဲ့ပမာလို

ရှေးခေတ်က ဤလကို အမျိုးမျိုးရေးကြလေသည်။
ခုတော့ကား အမှတ်တရနှယ် ကဗျာယောင်ယောင်

သူများကဗျာထဲ ရောနှောကြိတ်ကာ
ကူးစေလို ခူးစေလိုသောကြောင့်....။





မြတ်ရောင်နီ
(၁၁ ၊ ၀၄ ၊ ၂၀၁၁ )



ဒီနေရာကလေးမှာရေးပါ..

Saturday, April 9, 2011

ရင့်ကျက်မှု



ရင့်ကျက်မှု


ရင့်ကျက်မှုစကားလုံးကို လူတိုင်းဆိုသလို သိလည်းသိနေကြပါတယ်။ ပြောလည်း
ပြောနေကြပါတယ်။ အသိဥာဏ် ရင့်ကျက်မှု၊ အတွေးခေါ်ရင့်ကျက်မှု ၊ အတွေ့ ကြုံ
ရင့်ကျက်မှု၊ အိနြေရင့်ကျက်မှုစသဖြင့် အမျိုးမျိုး ရှိတယ်လို့  ဆိုရမှာ ဖြစ်ပါတယ်။

အိနြေရင့်ကျက်မှုဆိုတာကလည်း ပြောသည့်နေရာမှာ အသက်အရွယ်နဲ့ 
လိုက်အောင် ပြောတတ် ဆိုတတ်မှ ရင့်ကျက်တယ် ပြောလို့ ရပါမယ်။
လူငယ် လူရွယ်စကားကို လူငယ်လူရွယ်အလိုက် ပြောရင်တော့ ဘယ်သူမှ
ပြစ်တင် ပြောဆိုဖွယ်မရှိပါ။ အသက်ကလေး ရပြီဆိုတာနဲ့ လူငယ်စကားတွေ
ပြောမိခဲ့ရင် ပြစ်တင်ဝေဖန်ကာ အပြောခံကြရပါလိမ့်မယ်။ ဒီလိုလေးပေါ့လေ...
အိနြေမရဘူး၊ ရင့်ကျက်မှုမရှိဘူးပေါ့။

တစ်ခါတရံမှာတော့ ရင့်ကျက်မှုဟာ ဟန်ဆောင်ပန်ဆောင် နေရတဲ့အခါလည်း
ရှိတတ်ပါတယ်။ ရှိလည်းရှိကြတာပဲလေ။ လူကြားသူကြားမှာသာ လူနဲ့ သူနဲ့ 
တူအောင် အိနြေရင့်ကျက်သယောင် ပြောရဆိုရပါတယ်။ ဒါမှလည်း တင့်တယ်မှာကိုး။
နှစ်ကိုယ်ကြား ခင်မင်သူ သူငယ်ချင်းများနဲ့ တွေ့ တဲ့အခါမျိုးမှာတော့ ဟန်ဆောင်မှု
ခ၀ါချပြီး ၊ ပြောချင်တဲ့စကားကို ရင့်ကျက်မှု မရှိဘူးလို့  ပြောပြော မပြောပြော ၊
အချင်းချင်း နားလည်ပြီးသားမို့  ပွင့်လင်းစွာနဲ့ ပဲ ပြောကြတာလည်း ရှိပါတယ်။
ငယ်ကျိုးငယ်နာစကား ၊ အခေါ်အဝေါ်ကစပြီး လက်ရှိအခြေနေကို မေ့ထားတဲ့အထိပါပဲ။

တစ်ခါတစ်ရံမှာ ရင့်ကျက်မှု မရင့်ကျက်မှုကို စကားက အတော်အရေးပါတယ် ဆိုတာ
တွေ့ ရတယ်။ ဆိုပါစို့ .. ဘုန်းကြီးတစ်ပါးက မြန်မာပြည်ရဲ့  နယ်စပ်မြို့ လေးမှာနေတယ်။
လမ်းခုလတ်မှာ ရင်းနီးတဲ့ ဒကာတစ်ယောက်နဲ့ တွေ့ တယ်။ အဲဒီဒကာ တစ်ယောက်က
အရှင်ဘုရား အခြေနေကောင်းလား။ လာဘ်လာဘ ပေါများလား စသဖြင့်မေးပါတယ်။
( စသဖြင့်ထဲမှာ ရဟန်းကို မမေးသင့်တာတွေ မေးတယ်လို့  မှတ်ပါ။)
ဘုန်းကြီးက မှတ်ချက်ချလိုက်တယ်။ ဒီ..ဒကာ စာမတတ်သေးဘူး။ ဆိုလိုတာက
မရင့်ကျက်သေးဘူးတဲ့။ ဘာလို့ လဲ ဆိုတော့ သာသနာရေးရာ အကြောင်းကို
လျှောက်ထားသင့်တာ။ ဘုန်းဘုန်း သံဃာဘယ်လောက်ရှိလဲ။ သံဃာတွေ
ကြိုးစားကြရဲ့ လား။ အောင်မြင်မှုရှိလားပေါ့။ ခုတော့ သူ့ စကားကြားပြီးတော့
ဘုန်းကြီးရဲ့  ကောက်ချက် အချခံလိုက်ရပါတယ်။

ကိုယ့်မှာလည်း ဒီအတိုင်းပဲ ကြုံဘူးတယ်။ လူ့ အကြိုက် လူ့ အထိုက် ပြောမိရာ
ကောက်ချက်ချခံလိုက် ရပါသကောလား။ တစ်နေ့ မှာ အသက်အရွယ်ရပြီဖြစ်တဲ့
ဒကာမကြီး တစ်ဦးက နေကောင်းကျန်းမာ မေးပြီး၊ သူပြောလိုရာပြော။
ကိုယ်ကလည်း ကိုယ်ပြောလိုရာပြော။ အွန်လိုင်းချက်တင်းမှာပေါ့လေ။
ကိုယ်ပြောတော့ သူ က အဟီးလုပ်ပြီး ရီပြတယ်။ ကိုယ်ကလည်း သူကစပြီး
ရီစရာ ပြောတယ်ဆိုပြီး အဟီး ထည့်လိုက်တာ။ ဘုန်းကြီးက အဟီး
လုပ်ရလေသလားပေါ့လေ။ ( အဟီးချင်းတောင် ကွာပါ့လားနော် )။
ထို့ နောက်ဆက်တွဲမှာတော့ မရင့်ကျက်သေးဘူးဆိုတဲ့ အတွေးပေါင်းများစွာ
ရှိမယ်လို့  ထင်ပါတယ်။ ဒကာမ အဟီးလို့  လိုက်ပြီး အဟီး လုပ်လိုက်ပါကြောင်း
ပြောပြလိုက်ပါတယ်။ တော်သေးတယ်။ နောက်တော့ သူကျေနပ်သွားပုံပေါ်တယ်။

တစ်နေ့ မှာတော့ သူ့ ရဲ့  မကောင်းလောကဓံနဲ့  တွေ့ ကြုံခံစားရတဲ့အခါ
တပည့်တော်မ ဒီလိုခံစားနေရပါတယ် ဘုရားလို့ အီးမေးလ်နဲ့ လျှောက်ထားပါတယ်။
အဲဒီတော့မှ တစ်နေ့ က အဟီး အတွက် သူ့ ကို ကိုယ်သိသမျှ သူရဲ့  သောကလေး
တစ်ခဏဖြစ်ဖြစ် ပြေအောင် ဖြေဆေးစာလေး စာပြန်ရေးလိုက်ပါတယ်။ အဲဒီတော့မှ
မရင့်ကျက် သေးဘူးထင်တဲ့ ကိုယ့်အဟီး သူ့ စိတ်မှာ လွှင့်စင်သွားပုံပေါ်ပါတယ်။
တပည့်တော် သဘောပေါက်ပါပီ ဆိုတာကိုလည်း သူပြောတယ်။ ဖြေဆေးရတဲ့အတွက် ကျေးဇူးတင်ကြောင်းကိုလည်း ပြောပါတယ်။ အော်...မှတ်သားစရာက ...
စကားကို ကြည့်ပြီး ရင့်ကျက်မှုကို ခွဲကြတာလေးတွေပါ။

( အပြောဆိုလိုပဲ အသွားအလာ အနေထိုင်မှာလည်း ဒီအတိုင်းသာဖြစ်ပါတယ်။)

ဇာတ်တော် တစ်ခုမှာ လေ့လာမှတ်သားဖူးတယ်။ ဆင်းရဲသား တစ်ယောက်ကို
ရှင်ဘုရင်က သူဌေးဖြစ်သင့်လို့ သူဌေးရာထူး ခန့် အပ်မှာမို့  ဆင့်ခေါ်လိုက်တယ်။
ဆင်းရဲသားပီပီ မြောင်းတွေ့ လည်းခုန်၊ ခပ်လွှားလွှားနဲ့  လွတ်လပ်စွာ နန်းတော်ကို
သွားခဲ့တယ်။ ရှင်ဘုရင်ကလည်း သူ့ ရဲ့ အသွားအလာ အကဲခတ်ကြည့်နေတယ်။
ရာထူးခန့် အပ်ပြီး အပြန်မှာတော့ ငါဟာ သူဌေးရာထူး ရှိပြီးပြီ။ ပုံမှန် အနေထား
အိနြေနဲ့ သွားမှ တော်လိမ့်မယ်ဆိုပြီး ကိုယ်အိနြေ ရင့်ကျက်စွာ ပြန်လာခဲ့ပါတယ်။
ဒါကို ရှင်ဘုရင် မြင်ပါတယ်။ ရှင်ဘုရင်က နောက်ထပ် လူလွတ်ကာ ခေါ်ခိုင်းပြီး
မေးတယ်။ အသွားတုန်းက လာပုံနဲ့  အပြန် ပြန်ပုံ ဘာကြောင့် ပြောင်းလဲရသလဲတဲ့။
ရာထူးကြောင့်ပါ ဆိုတာကို သံတော်ဦးတင်လိုက်ပါတယ်။ အပြန်မှာလည်း ခုန်ကာ
ပြေးကာ လွှားကာ သွားလိုက်ရင် မရင့်ကျက်ဘူး ဆိုကြပါလိမ့်မယ်။ ဒီလိုဆိုတော့
ကိုယ်အမူရာ အနေထား အရကလည်း ရင့်ကျက်မှု အိနြေလိုတယ်ပေါ့။

ရင့်ကျက်မှု ဆိုတာက experience အတွေ့ ကြုံနဲ့ လည်း ဆိုင်တယ်။
အတွေ့ ကြုံရှိက ရင့်ကျက်လာတယ်။ စာမေးပွဲ အတွေ့ ကြုံရှိက
စာမေးပွဲမှာ ရင့်ကျက်လာတယ်။ စာမေးပွဲကို ဖြေရမှာ မကြောက်တော့ဘူး။
စီးပွါးရေး၊ လူမှုရေး၊ အချစ်ရေး ၊ နိုင်ငံရေး ဘယ်အရေးဖြစ်ဖြစ်ပေါ့။
အတွေ့ ကြုံရှိသူက ရင့်ကျက်တာမို့  အတွေ့ ကြုံ ရှိဖို့ လိုတယ်။
ရင့်ကျက် လာတာနဲ့ အမျှ ကိုယ်ရောက်နေတဲ့အခြေအနေ အလုပ်အကိုင်မှာ
တည်ငြိမ်မယ်။ မကြောက်ရွံ့ တော့ဘူးပေါ့။

တကယ်တမ်း ရင့်ကျက်လာပြီဆိုသူတို့ ကတော့ ကိုယ့်အလုပ်လေးမှာ
ဇောက်ချပြီး ကောင်းရာကောင်းကြောင်း လုပ်နေရင်း အိနြေအလိုလိုကိုပဲ
ရလာပါတယ်။ ကြည့်လို့ ရှုလို့ ကောင်းလာပါတယ်။

ရင့်ကျက်မှုဆိုတာဟာ တရာနယ်ပယ်မှာလည်းလိုအပ်ပါတယ်။
ရင့်ကျက်မှု မရှိသူကို မြတ်စွာဘုရားက ရင့်ကျက်တဲ့အချိန်အထိ
စောင့်တော်မူရပါတယ်။

ဟုတ်လည်း ဟုတ်ပါရဲ့ ။ ဥပမာလေးနဲ့  တွေးကြည့်ရရင် မရင့်ကျက်တာဟာ
သစ်သီးအစိမ်းသက်သက်လိုပါပဲ။ မမှည့်သေးတာဟာ မရင့်သေး ၊
မကျက်သေးတာပါ။ သစ်သီးရင့်အောင် မှည့်အောင် သာမန်လူများက
စောင့်ကြသလို ဘုရားရှင်က အသိရင့်ကျက်မှု မှည့်အောင် ရင့်အောင်
စောင့်တော်မူတဲ့သဘောပေါ့။

နောက်ဥပမာလေး တစ်ခု စဉ်းစားမိတာက အသက်မပြည့်သေးတဲ့
ကလေးငယ်ငယ်ကို မူကြိုဆရာများက စာသင်မပေး၊ လက်မခံသလို
မြတ်စွာဘုရားကလည်း ရင့်ကျက်နှစ် မပြည့်သေးတဲ့ ဥာဏ်နှုံ့ တဲ့ သူကို
နိဗာန်တန်းအတွက် လက်မခံသေးဘဲ စောင့်တော်မူပါတယ်။

တရားနယ်ပယ်မှာ ရင့်ကျက်မှုကလည်းး အိနြေတရား ၅ပါးရင့်ကျက်ဖို့ ပါပဲ။
ယုံကြည်မှု၊ ကြိုးစားမှု၊ သတိထားမှု၊ တည်ကြည်မှု၊ အသိရှိမှုဆိုတဲ့
တရား ၅ပါးဖြစ်ပါတယ်။

သာမန်လူတိုင်း ရတနာ သုံးပါး ကံတရားပေါ်မှာ ယုံတယ်၊ တရားထူးရဖို့ နဲ
့ပါတ်သက်ပြီး ကြိုးစားတယ် သတိထားတယ် တည်ကြည်မှုသမာဓိရှိတယ်
အသိဥာဏ်ရှိတယ် ဆိုတာ သာမန်လောက်ပါ။ ဘေးဘာသာတရားဆိုတဲ့လေ၊
ဆွဲဆောင်မှုဆိုတဲ့လေ တိုက်ခတ်လို့  ဖြစ်ဖြစ် အခြား အကြောင်းကြောင့်ဖြစ်ဖြစ်
ဒါတွေဟာ ပြိုလဲသွားနိုင်ပါတယ်။ ဘာလို့ လဲဆိုတော့ မရင့်ကျက်သေးလို့ ပါပဲ။

အနည်းဆုံးအဆင့်ကတော့ ကလျာဏပုထုဇဉ် ၊ သောတာပန် အဆင့်
မရောက်သေးသမျှ အားလုံးဟာ တကယ် မရင့်ကျက်သေးဘူးလို့ ပဲ
တရားနယ်ပယ် အလိုအရကတော့ ပြောရမှာ ဖြစ်ပါတယ်။

အဲဒီလိုမျိုး မဖြစ်နိုင်သေးတဲ့ အတွင်းမှာတော့ စိတ်တို့ ဟာ ပြောင်းလွဲနေသမို့ 
စိတ်ကောင်းနဲ့  ပေါင်းမိတဲ့အခါ ရင့်ကျက်မှုတို့  လှပပြီး၊
စိတ်ယုတ်နဲ့  တွဲမိတဲ့အခါ ရင့်ကျက်မှုတို့ ဟာ ပုပ်သိုး သွားပါလိမ့်ဦးမယ်။

ဒီလိုဆိုတော့ ရင့်ကျက်တယ် မရင့်ကျက်ဘူး ဆိုတာက သူ့ အဆင့်နဲ့ သူပါ။
အဆင့်တန်းမြင့်မြင့် ရင့်ကျက်တယ် ဆိုတာကတော့ ရဟန္တာဆိုတဲ့ အရိယာ အဆင့်မှပါ။
သူကတော့ အပြီးပိုင်ကို ရင့်ကျက်သွားပါပြီ။ လုံးဝ အကြောက် ကင်းစင် လို့  သွားပါပြီ။
သူ့ မှာ ရင့်ကျက်ဖို့  ဆက်လုပ်စရာလည်း မရှိတော့ပါဘူး။ ရင့်ကျက်မှုအားလုံး
ကျင့်သုံး ပြီးသွားပြီ။ နောက်ထပ် ရင့်ကျက်ရအောင် လုပ်ဆောင်ရမည့်
ဘ၀ကလည်း မရှိတော့ပါဘူး။

ရင့်ကျက်မှုမှန်သမျှ သာမန် ရင့်ကျက်မှုဟာလည်း အသုံးဝင်လှပါတယ်။
လူတောတိုးပါတယ်။ တန်းဝင်ပါတယ်။ သာမန်လူတို့ ရဲ့ အထင်မသေးမခံရပါဘူး။
ဒါ့ထက်မက အရိယာမျိုးလို ရင့်ကျက်မှု ရှိသွားပြန်ရင်တော့ ပိုမိုပြီး အသုံးဝင်ပြန်ပါတယ်။
အငြိမ်းဓာတ်တော တိုးပါတယ်။ နိဗာန်တန်းဝင်ပါတယ်။
ဘုရားစတဲ့ အရိယာတို့ အထင်သေးမခံရပါဘူး။

ရင့်ကျက်မှုဟာ သူ့ နေရာနဲ့ သူ အသုံးဝင်သမို့ ဘယ်လိုရင့်ကျက်မှုမျိုးပဲ ဖြစ်ဖြစ်
ရှိသင့်လှပါတယ်။ အဆင့်တန်း အမြင့်ဆုံး ရင့်ကျက်မှုထိ ကြိုးစားကြမယ်ဆိုရင်
အတိုင်းထက် အလွန် ၊ တံခွန်နဲ့  ကုက်ကား ဆိုသလိုပါပဲလေ။
သာမန်ရင့်ကျက်မှုမှသည် အဆင့်တန်းမြင့်မြင့် ရင့်ကျက်မှုမျိုးထိ
ကိုယ်စီရှိအောင် ကြိုးစားနိုင်ကြပါစေဟုသာ။



မှတ်ချက်။ ။ ထင်ရာ မြင်ရာ တွေးမိရာရာ
လေ့လာမှတ်သားဖူးတာ
တွေ့ ကြုံခံစားဖူးတာများ
စုပေါင်းကာ ဘလော့ပေါ်မှာ
ရေးခြစ်မိခြင်းတည်း။




မြတ်ရောင်နီ

( ၀၉ ၊ ၀၄ ၊ ၂၀၁၁ )





ရေးပါ..

Wednesday, April 6, 2011

မဟာသင်္ကြန် အစီစဉ်


မဟာသင်္ကြန် အစီစဉ်




ကုသိုလ်လုပ်ရမှာ မကြောက်ကြနဲ့ ။
ချမ်းသာရမှာ ကြောက်သလို ဖြစ်သွားမယ်။
မြတ်စွာဘုရားရှင်အား
စိတ်ထားကြည်ကြည်လင်လင်လေးနဲ့ 
ရေပူဇော်ကြမယ်နော်။





ဒီလိုလေး ရေပက်ချင်ရင်တော့ လူစုလာခဲ့ကြပါ။
လာတဲ့ လူအချင်းချင်း ရေပက်ကြပေတော့။

ဝါ၀ါပန်းတွေတော့ရှိတယ်။တွေ့ တယ်။

ပိတောက်ရွှေဝါတော့ မဟုတ်ဘူး။
( လွမ်းမိသေးတယ်၊ ပန်းရွှေဝါ )




ဟိုး ရှေး အခါက ဟောသလိုမျိုး
ယဉ်ကျေးသိမ်မွေ့ စွာ
အ၀တ်လုံခြုံစွာနဲ့ ပဲ

မြန်မာ မဟာသင်္ကြန်မှာ
ရေပက်ရေလောင်း ပြုလုပ်ကြတယ်။
( တကယ်တော့ ကိုယ်လည်း အဲဒီခေတ်ကိုမမီ။
ပုံတွင်သာ မြင်ဖူး၏)။




သင်္ကြန်ပွဲတော်ကို အောက်ပါအစီစဉ်အတိုင်း ကျင်းပ သွားပါမည်။


သင်္ကြန်ပွဲတော် အစီစဉ်


ဧပြီလ ၁၃ရက် အတွက် အထူး အစီစဉ်
မဟာသင်္ကြန် အကြိုနေ့ 

၁။ မနက် ၈ နာရီမှ ၉ နာရီ အထိ မြတ်ဘုရားကျမ်းဂန်များကို ရွတ်ဖတ်ပူဇော်ခြင်း

၂။ မနက် ၉ နာရီမှ ၁၀ နာရီခွဲ မြတ်စွာဘုရားအား ရေသပ်ပါယ် လှူဒါန်းခြင်း

၃။ မနက် ၁၀နာရီခွဲမှ ၁၁နာရီအထိ ပရိတ်တရား ရွတ်ဖတ်ခြင်းနှင့်
သင်္ကြန်အနုမောဒနာ ဟောကြားခြင်း

၎။ မနက် ၁၁ နာရီမှ ၁၂ နာရီအထိ ဆွမ်းအလှူခံ၊ နေ့ ဆွမ်းဘုဉ်းပေးခြင်း

၅။ မနက် ၁၂နာရီမှ နေ့ လည် ၁ နာရီတွင်
လာရောက်ကြသော လူပရိသတ်များ နေ့ လည်စာ သုံးဆောင်ခြင်း

၆။ နေ့ လည် ၁ နာရီမှ ၂ နာရီအထိ သန့် ရှင်းရေး ပြုလုပ်ကြခြင်း

၇။နေ့ လည် ၂ နာရီမှ ၃ နာရီအထိ မြတ်စွာဘုရားအား ရေသပ်ပါယ် လှူဒါန်းခြင်း

၈။ည ၇နာရီခွဲမှ ၈ နာရီခွဲ အထိ မြတ်ဘုရားကျမ်းဂန်များကို ရွတ်ဖတ်ပူဇော်ခြင်း

မှတ်ချက်။ ။ နေ့ စဉ် ညစဉ် ၁၃ရက်မှ ၁၇ရက် မြန်မာနှစ်ဆန်း တစ်ရက်နေ့ အထိ
မနက် ၈နာရီ တစ်ချိန် ည ၇ နာရီခွဲ တစ်ချိန် ပုံမှန် တစ်နေ့  နှစ်နာရီနှုန်း
ပူဇော်သွားမည် ဖြစ်ပါသည်။


အသိပေး ဖိတ်ကြားလွှာ


ရပ်ဝေးရပ်နီး နိုင်ငံရပ် အသီးသီးမှ မှီတင်းနေထိုင်ကြကုန်သော
သူတော်စင် မြန်မာ မိသားစုတို့ အား တရားတော် နာယူနိုင်ရန်အတွက်
တိုက်တွန်းနှိုးဆော် အသိပေး ဖိတ်ကြားလိုက်ပါသည်။

ဗောဓိဝိဟာရကျောင်းတိုက်
ဖရိုက်ဇင်းမြို့ ၊ ဂျာမဏီနိုင်ငံ
အသင်းဂေါပက
(ကိုယ်စား)

အရှင်တေဇောဘာသ ( မြင်းခြံ)





မြတ်ရောင်နီ
( ၀၆ ၊ ၀၄ ၊ ၂၀၁၁ )







ါ..

Monday, April 4, 2011

တရား စခန်း



တရား စခန်း



တရားနှင့်

စခန်းသွား။

လူမှု ၀တ်တရား
ဗြဟ်မစိုရ် တရား
ဒါန တရား
သီလ တရား
ဘာဝနာ တရား
ကိုယ်စီထား။

တရားနှင့်
စခန်းသွား။



မှတ်ချက်။ ။အေလာ နေပြည်တော်မှာ
တရားစခန်း တရားတော် အမည်ဖြင့် တရားဟောခဲ့ပါသည်။


မြတ်ရောင်နီ

( ၀၄ ၊ ၀၄ ၊ ၂၀၁၁ )

..

Saturday, April 2, 2011

ပျော်ကြရဲ့ လား

ပျော်ကြရဲ့ လား


လူတိုင်းဆိုသလို ပျော်အောင် ဖန်တီးနေကြပါတယ်။
ပျော်အောင်ဖန်တီးရင်းက အဆင်မပြေလို့  အပျော်
ပျက်သွားကြရပါတယ်။ တစ်ခါတစ်ရံများဆိုရင်
အပျော်ကို ပတ်ဝန်းကျင် သက်ရှိသက်မဲ့ကပါ
ကူညီကာ ပျော်အောင် လုပ်ပေးကြရပါတယ်။

ဟို......ကလေးဘ၀ကတည်းက ကလေးကလည်း
သူ့ ကစားစရာ အရုပ်လေးတွေနဲ့ ပျော်နေတတ်ကြတယ်။
သူ့ အတွက် ပျော်စရာဖြစ်မည့် အရုပ်လေးတွေကို
ထပ်မြင်ပြန်ရင်လည်း ထပ်လိုပြန်တယ်။ မိဘကို ပူစာပြန်တယ် ။
လက်ရှိ အပျော်ကို ဘယ်သူမှ မတင်းတိမ်နိုင်ကြပြန်ဘူး။

နဲနဲလေး အရွယ်ရောက်လာတော့ ချစ်သူကို ရှာဖွေကြပြီး
အပျော်ရှာကြပြန်တယ်။ ချစ်သူဘ၀နဲ့ လည်း မတင်းတိမ် ၊
အိမ်ထောင်သည် ဘ၀ထိ ပျော်ချင်ပြန်တော့
အိမ်ထောင်သည်ဘ၀လေးတွေနဲ့  ပျော်ကြပြန်တယ်။

အိမ်ထောင်သည် ဘ၀မှာလည်း နှစ်ယောက်တည်း
နေရတာထက် ပိုပြီး သားလေး သမီးလေးများ ရချင်ပြီး
သားနဲ့ ပျော် သမီးနဲ့ ပျော် အပျော်ကို တိုးပြီးတိုးပြီး
လိုချင်ပြန်တယ်။ ဒီလိုနဲ့  သားသမီး မြေးမြစ်စသဖြင့်
အပျော်တွေ ဆက်လိုက်ကြတယ်။

ဘ၀ တစ်ခုမှာ အရွယ်နဲ့  လိုက်တဲ့ အပျော်တွေ
ရှာကြတာချည်းပါပဲ။ စာသင်ချိန်အရွယ် စာသင်တာလေးနဲ့ ပျော်။
ဆရာဖြစ်ချိန်မှာ စာသင်ပေးတာကိုပျော်ကြတယ်။
စီးပွါးရေး သမားကလည်း ကိုယ်လုပ်နေတဲ့
စီးပွါးရေး ထဲနှစ်မြုပ်ကာပျော်နေကြတယ်။

အဲဒီအပျော်တွေလည်း ကိုယ်ဖြစ်ချင်သလိုလေးတွေ
ဖြစ်လို့ ပဲ ဖြစ်ဖြစ် မဖြစ်ဖြစ်ပေါ့၊ အပျော်လေးတွေရဲ့ 
့ ကြားပေါက် အပျော်လေးတွေကိုလည်း ထပ်ရှာပြန်တယ်။

တီဗွီကြည့်ခြင်း ၊ ဇာတ်လမ်းကြည့်ခြင်း၊ ရုပ်ရှင် ၊ ဇာတ်ပွဲကြည့်ခြင်း၊
ရှိုးပွဲကြည့်ခြင်း ဖြင့် မျက်စိကိုပျော်အောင် အပျော်ရှာခဲ့ပြန်တယ်။

နားကလည်း မနေသေး။ မြူးဇစ်ကို အထူးချစ်သူမို့ စီဒီနဲ့  နားထောင် ၊
MP3 Mp4 ၊ ဖုန်းစတာနဲ့ နားထောင်ပြီး အပျော်ရှာကြတယ်။

နှာခေါင်းအတွက်က သနပ်ခါး မိတ်ကပ် ရေမွှေးကို
လိုအပ်သည်ထက်တောင်မှ စိတ်ကျေနပ်အောင်
ပျော်ရွှင်အောင် အပျော်ရှာကြတယ်။

လျှာကလည်း ကိုယ့်အိမ်ချက်ထားသည့်
အစားသောက်ကို မတင်းတိမ် ။ ဟိုစားသောက်ဆိုင်
ကောင်းနိုးနိုးဒီစားသောက်ဆိုင် ကောင်းနိုးနိုးနဲ့ 
လျှာအလိုလိုက် အပျော်ဆိုက်မလားလို့  ရှာကြတယ်။

ကိုယ်နဲ့  ပတ်သတ်လို့ လည်း ကိုယ့်ကြင်ယာနဲ့  မလုံလောက် ၊
ကြင်ယာကိုမေ့ထားကာ အမြှောင်ထားသူကထား
အနှိပ်ခန်းလိုလိုနဲ့ အကဲပိုပြီး အပျော်ကို ရှာကြတယ်။

မျက်စိ နား နှာ လျှာ ကိုယ် နဲ့  ပတ်သက်ပြီး
ကာမဂုဏ်ဆိုင်ရာ အပျော်တွေ ရှာကြကာ
ပြီးရင် ပင်ပန်းတဲ့ အပျော်နဲ့ ပျော်ကြတာမို့ 

ကာမရတိ- ကာမဂုဏ်နဲ့ ပျော်တဲ့ အပျော်။
ကာမအပျော်လို့  ခေါ်ပါတယ်။

လူတစ်ချို့ ကြတော့လည်း တရားစာဖတ်ရတာ ၊
တရားနာရတာ ၀ါသနာပါတယ်၊ ပျော်တယ်။
အလှူတန်း လုပ်ရတာ ပျော်တယ်။
လူမှုရေး လုပ်ရတာ ပျော်တယ်။
ဥပုသ်ကျောင်းသွားရမှာ ၀ါသနာပါတယ်။ ပျော်တယ်။
တရားစခန်းဝင် တာ ပျော်တယ်။
တရားအကြောင်းတွေ အချင်းချင်း ပြောနေရတာ ပျော်တယ်။
တရားစာတွေ ပြန်လည်ဖေါက်သည် ချတာ ပျော်တယ်။

တရားနဲ့ ပျော်ဖို့  ဆိုတာကလည်း ငယ်တာ ကြီးတာတော့ သိပ်မဆိုင်လှ။
တစ်ချို့ ဆိုရင် အတော်လေး အံ့သြစရာကောင်းတယ် ။ ငယ်ငယ်ရွယ်ရွယ်
လူကြီးဖြစ်နေတယ်။ လူကြီး အသိတွေ သိနေတယ်။

ဘုရားရှင်လက်ထက် ရှင်ရာဟုလာစတဲ့ ကိုရင်ငယ်လေးတွေမျိုးလို
လူတွေလည်း ရှိတယ်။ သူတို့ က တရားနဲ့ ပျော်ကြတယ်။

တရားနဲ့ ဆိုင်ရာ ပျော်တဲ့ အပျော်ကို ရှာကြကာ
အပြစ်မရှိ ကောင်းကျိုးပေမည့် တရားနဲ့  ပျော်တာမို့ 

ဓမ်မရတိ - တရားနဲ့ ပျော်တဲ့ အပျော်၊
တရားပျော်လို့ 
ခေါ်ပါတယ်။

နောက်ဆုံးတော့ အပျော်တကာ အပျော်ထဲမှာ
အပျော်ဆုံးထက် ပျော်စရာ အကောင်းဆုံးဟာ
တရားအပျော်ဘဲ ဖြစ်ပါတယ် ဆိုတာကို
ဘုရားရှင်က ဟောထားတော်မူတာ တွေ့ ပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် အပျော်ကို
သူ့ အရွယ်သူ ပျော်နိုင်အောင်တော့ ရှာကြရမှာပါပဲ။

အပျော်မလွန်ဖို့ သတိထားရမှာ ဖြစ်သလို
ပျော်စရာ အကောင်းဆုံး အပျော်ကို
ပျော်နိုင်သည့်အထိ ရှာနိုင်အောင်
ကြိုးစားနိုင်ဖို့ပါပဲလေ။

လူတိုင်းလူတိုင်း ကိုယ့်ဖာသာကိုပဲ မေးကြည့်ကြစို့ ရဲ့ ။
ပျော်ကြရဲ့ လား...ပျော်ကြရဲ့ လား....ပျော်ကြရဲ့ လား...။


မှတ်ချက်။ ။ ( ဘာနဲ့  ဘာနဲ့  ဘာနဲ့  )........



မြတ်ရောင်နီ

( ၀၂ ၊ ၀၄ ၊ ၂၀၁၁ )