Pages

Thursday, September 30, 2010

ဒုက္ခ များစွာထဲက ဒုက္ခတစ်ခု

ဒုက္ခ များစွာထဲက ဒုက္ခတစ်ခု




ဒုက္ခ ဒုက္ခ



♫ dukkha dukkha.=သုခ သုခ
dukkha dukkha =ဒုက္ခ ဒုက္ခ
ဘာကိုဆိုလိုတာလဲဘရာ့..နားမလည် လိုက်မမှီကြောင်းပါ...
တပည့်တော်..
မီးမီး..

ဒုက္ခ ဆိုမှတော့ ဒုက္ခပဲပေါ့။
သုခမှ မရှိဘဲကိုး။
ဘ၀ ရှိသရွေ့  ဒုက္ခဝေ့နေမည်သာ။

ပစ္စည်း ချမ်းသာတဲ့ ဘ၀ ဆိုသော်ငြား

မသိသေးသူတို့  သုခ အမှားပို ထင်တတ်သည်။

ဆင်းရဲ သူတို့ က ဒုက္ခပေါ် ဒုက္ခ ဆင့်ကာ

ထင်လွယ် မြင်လွယ်နိုင်ပါသည်။

ဒုက္ခကိုဒုက္ခမှန်း သိအောင်လုပ်ပါလေ။

ဘုန်းဘုန်း


ဒုက္ခ များစွာထဲက ဒုက္ခတစ်ခု

မကြာသေးသော ဟိုတစ်နေ့ လေးကပေါ့။
status message မှာ ဒုက္ခဒုက္ခ ဆိုပြီး ကျောက်တုံးနဲ့ လုပ်
ထားတဲ့
ငိုင်နေတဲ့ပုံလေးကို တင်ထားလိုက်ပါတယ်။ တင်ထားခြင်း အကြောင်းက
လည်း ကိုယ်က လည်း ကိုယ့်အလိုကျ မဖြစ်တဲ့နေ့ တစ်ခုနဲ့  ကြုံမိလို့ 
ဆုံမိလို့ ဆိုပါတော့။


ကိုယ်စဉ်းစားမိတာက သာမန်ကာ လျှံကာလေးပါ။ ကိုယ့်အလိုမကျတာလောက်နဲ့  ဒုက္ခ ဒုက္ခလို့  ပြောဖြစ် ရေးဖြစ်တာပါ။ ခုပြောမှာက ဘုရား ဟောဖေါ်ညွှန်ပြတဲ့ မဟာသတိပဋ္ဌာန်သုတ်ထဲက ဒုက္ခများစွာထဲက ဒုက္ခ တစ်ခုကိုပေါ့။ ယံ ပိစ္ဆံ န လဘတိ တမ္ပိ ဒုက္ခံ ပါဠိ အဖွင့်ပါ။ ဆိုလိုတာက လိုတာ မရ ဒုက္ခ ပေါ့။

ဘုရားရှင် ဟောဖေါ်ညွန်ပြထားတဲ့ လိုတာမရ ဒုက္ခ- က ကိုယ့် စိတ်တိုင်းမကြတိုင်း ဒုက္ခလို့ ညီးတွား တတ်ကြ တဲ့ ဒုက္ခလောက်ကိုသာ ရည်ညွှန်းဟောထားတာ မဟုတ်ပါလား။ ပါဠိတော် ကို ပြန်ပြီး ချဲ့ ပြောထားတာကို ပြန်ကြည့်လိုက်တော့ ကိုယ်ညီးတွားတာဟာ မဆိုစလောက် ဒုက္ခသေးသေးပါ။

ပါဠိတော်က ဆိုလိုတဲ့ လိုတာမရ ဒုက္ခ ဆိုထားတာဟာ-
၁။ဇာတိဆိုတဲ့ သတ္တ၀ါတစ်ခု ဖြစ်လာတယ် ဆိုတာကို အင်မတန်ဆင်းရဲပါလား ၊ ဒုက္ခလို့  မြင်လာပြီး ၊ အဲဒီ ဒုက္ခကို နောက်ထပ် မဖြစ်ရရင် ကောင်းမှာပဲလို့  စိတ်ထဲက လိုချင်တောင့်တ ပြောဆိုရုံနဲ့ မရ။ အဲဒီလို ဒုက္ခကို ဒုက္ခလို့  သိလျက်သားနဲ့  မြင်လျက်သားနဲ့  ဇာတိဆိုတဲ့ ဒုက္ခ၊ ဒုက္ခဆိုတဲ့ ဇာတိ ပြန်ထပ် ရလာတာဟာလည်း လိုတာမရ ဒုက္ခ- တဲ့။

၂။ ဇာတိရလာတော့ မလွဲမသွေ အိုရပါတယ်။ မအိုချင်လို့ ကို မရတဲ့ ဓမ္မတာ ဖြစ်နေတာမို့  အိုရတာပါ။ ပျိုမြစ်ခြင်းရဲ့  လမ်းဆုံးဟာ အိုဖို့ ပါပဲ။ အလှလည်းအို ၊ ဗလလည်းအို ၊ မျက်စိလည်းအို ၊ နားလည်းအို အားလုံး တစ်ကိုယ်လုံး ညီတူညာတူ အိုရတာပါပဲလေ။ အိုတဲ့ ယိုယွင်းတဲ့ အရာကို ဘယ်သူကမှ မလိုချင်တာတော့ သဘာဝပေပဲ။ သို့ သော် အိုရမည့်သဘောကို ငါ ဒီအအိုမရချင်ဘူး၊ ဟိုအအိုကို မရချင်ဘူး၊ နောက်ပိတ်ဆုံး ဘယ်အအိုမှ မရချင်ဘူးရယ်လို့  စိတ်ထဲကတောင့်တောင့်တတ နေရုံနဲ့  အအိုက မလွတ်ပါလား။ အဲလို အအိုမှ လွတ်ချင်လိုက်တာလို့  ပြောမရတာကိုက လိုတာမရ ဒုက္ခပါ။

၃။ဇာတိ ရလာလို့  ပြောပြော၊ ဇရာ ထောင်းထောင်းလို့  ဆိုဆို ဗျာဓိ ဆိုတဲ့ တရားကလည်း မနေ ပေါင်။ လူငယ် လူကြီး မရွေး နာမှု ဖျားမှုက မရှောင် ၊ သူ့ အလုပ်ကို သူ့ လုပ်ဆောင်သွားတာပဲ။ သူလုပ်တဲ့ အလုပ်က မျက်နှာကြီးငယ်ကို မလိုက်ပါလား။

ငါ့နှယ် ငါက ငယ်ငယ် ရွယ်ရွယ် ရောဂါ ထူလိုက်တာ၊ ကြီးမှ ဖြစ်ပါတော့လား၊ ကြီးတဲ့သူကလည်း ငါ ကျန်းမာရေး ဂရုစိုက်ရဲ့ သားနဲ့ ကို ငါ့ ရောဂါ ရလာတယ် လို့ ။ ဘာကြောင့်များပါလိမ့် ဆိုပြီး လူငယ် လူကြီး အသီးသီးဟာ သဘောတရားကို မျက်နှာလွဲပြီး စဉ်းစားရင်တော့ သိပ်ပင်ပန်းလှပါ တယ်။

ရောဂါဆိုတာ ဘယ်သူမှ မဖြစ်ချင်တဲ့ အရာပါ။ သေသာသေလိုက်ချင်တယ်။ ဒီရောဂါကို မခံစားချင်
တော့ဘူးလို့ တောင် ပြောကြဆိုကြသေးတယ်။ တကယ်တော့ သေချင်လို့ မဟုတ်ပါဘူး။ ရောဂါက ပျောက်ကင်းလိုတာဘဲ ဖြစ်ပါတယ်။ ဒါပေမယ့် ရောဂါကလည်း ဒီအတိုင်း ငါ့ ရောဂါမရှိရပါလို၏ လို့  စိတ်ထဲ တောင့်တရုံနဲ့  မရနိုင်တဲ့ လိုတာ မရ ဒုက္ခပါပဲ။

၎။မရဏဆိုတဲ့ သေခြင်းတရားကလည်း ဇာတိ ဖြစ်လို့  မရဏ ပျက်ရတယ် ဆိုတာကတော့ ရှင်းပါ တယ်။ ဗုဒ္ဓကျမ်းဂန် အတော်များများမှာလည်း ယံ ကိဉ္စိ သမုဒယဓမ္မံ ၊ သဗ္ဗံ တံ နိရောဓမ္မံ - ဆိုတာ တွေ့ ရပါတယ်။ ဆိုလိုတာက ဖြစ်သမျှ အားလုံး ၊ ချုပ်ပျက်ဆုံး ၏ လို့  ပြောတာပါ။

သေတာတောင်မှ ငယ်ငယ်ရွယ်ရွယ်သေလျင် ယူကြုံးမရဖြစ်ကြတယ်။ အသက်ကြီးလို့ သေရင်တော့ သေပျော်ပါပြီ။ သက်တမ်းစေ့ပြီပဲ။ သိပ်ဝမ်းနည်းစရာ မလိုပါဘူးလေ- လို့  ဖြေသိမ့်တွေးကြတယ်။

တကယ်တမ်း သေရမည့်ပုဂ္ဂိုလ်က ကိုယ့်အလုပ်တွေ ကျေနပ်အောင်လုပ်ပြီး သေပျော်ပါပြီ လို့  ပြောချင်ပြောကြပါမယ်။ သို့ သော် အဲဒီ သေရမှာကိုတော့ တရားကို တကယ် အဆင့်မြင့်မြင့် မသိသေးရင် တကယ် သေပျော်ပြီ ဆိုသော်ငြား တကယ် အစစ်ပျော်နိုင်တယ်လို့  မထင်မိပါ။

ဓမ္မပဒ ဒေသနာတော်မှာ သဗ္ဗေ ဘာယန္တိ မစ္စုနော- ပါတဲ့။ ဆင်အာဇာနီ ၊ မြင်းအာဇာနီ ၊ နွားလား ဥသဘ နှုင့် ရဟန္တာ အဆင့်မှ တစ်ပါး သေခြင်းတရားကို အားလုံး ကြောက်ကြပါသတဲ့။

ကြောက်တယ်လို့  ယူဆမှတော့ အဲဒီ သေရမှာကို ဘယ်သူမှ လိုချင်မှာ မဟုတ်တာတော့ သေချာပါ တယ်။ သေရမှာကြောက်လို့  သေရမှာကိုလည်း လွတ်ချင်ကြမှာပေါ့။ သေရမှာကိုလည်း စိတ်ထဲက လွတ်ရစေဆိုပြီး ပြောရုံ ဆိုရုံကတော့ မရနိုင်ပါ။ အဲလို မရတာဟာလည်း လိုတာ မရ ဒုက္ခပါပဲ။

၅။လူတိုင်းဆိုသလို စိုးရိမ်စရာ သောက၊ ငိုကျွေးရခြင်း ပရိဒေ၀ ၊
ကိုယ်ဆင်းရဲခြင်း ၊ ပင်ပန်းခြင်း ဒုက္ခ၊
စိတ်ဆင်းရဲခြင်း ဒေါမနဿ ၊
ပြင်းပြင်းထန်ထန်ကို ၀မ်းနဲပက်လက်ဖြစ်ရခြင်း ဥပါယာသ ဆိုတာကို

တစ်ခုမဟုတ် တစ်ခု တွေ့ ရနေတာပါပဲ။

ဘယ်သူမှ စိုးရိမ်မှုတွေ မရှိချင်၊ မငိုချင်၊ ကိုယ်မဆင်းရဲချင် ၊ မပင်ပန်းချင်၊ စိတ်မဆင်းရဲ မပင်ပန်းချင်၊ ၀မ်းနဲ ပက်လက်မဖြစ်ချင်ကြပါဘူး။မလွဲသာ မရှောင်သာ မတိမ်းသာ မယိမ်းသာ ဆိုသလို တွေ့ ကို တွေ့ နေရတာ လူတိုင်းဆိုသလိုပါပဲ။ စီးပွါးရေး ၊ လူမှုရေး၊ ဘာသာရေး ကြောင့်ဖြစ်ဖြစ်၊ ချစ်သူနဲ့ ခွဲခွါရလို့ ဖြစ်ဖြစ်၊ မချစ်တဲ့သူနဲ့ တွဲခါ နေရလို့ ဖြစ်ဖြစ် ၊ တစ်ခုခုသော လိုအပ်ချက်တွေကြောင့် သောက စတာတွေ ဖြစ်လာရတာပါ။

ကောင်းကွက် တစ်ချက်မှ မရှိတဲ့ သောက စတဲ့ အရာတွေကို လူတိုင်းပဲ အလိုမရှိ၊ မတွေ့ ကြုံလိုကြ ပါဘူး။ မဆုံလိုကြပါဘူး ။ အလိုမရှိ ၊ မတွေ့ ကြုံ ၊ မဆုံလိုသော်လည်း တွေ့ ကြရ ဆုံကြရ နေပြန်ပါ တယ်။ အဖြောင့် တိုက်ရိုက် ပြောရရင် အဲဒါတွေက လွတ်မြောက်လိုတယ်ပေါ့။ စိတ်ထဲကနေပြီး ဒီလို သောက ပရိဒေ၀ စတာ တွေကနေပြီး လွတ်မြောက်ရရင် ကောင်းမှာပဲလို့  လိုတာကို ဆုတောင်းရုံနဲ့  တောင်းရုံနဲ့ တော့ မရနိုင်ပါ။ အဲလို ကိုယ်စိတ်ကြံတိုင်း ကိုယ့်အလို မရတာကလည်း လိုတာမရ ဒုက္ခပါပဲ။

ပါဠိတော်မှာ မြတ်စွာဘုရားရှင် ဟောကြားထားတာက တကယ့်ကို နက်ရှိုင်းလှတဲ့ ဒုက္ခ အစစ်ပါ။ ကိုယ်တင် ထားတဲ့ ဒုက္ခ ဒုက္ခ ဆိုတဲ့ အဓိပ္ပါယ်က ကိုယ့်အလိုမကျတဲ့ ဒုက္ခ မွှားမွှားသေးပါလား။

ခုတော့ ဘုရားရှင်ဟောထားတဲ့ အတိုင်း ဒုက္ခများစွာထဲက ဒုက္ခ တစ်ခု
ကို ပြန်လည် သုံးသပ် ကြည့်ရှု
ပြီးတော့ လူအများ သိစေချင်တာနဲ့  ဒုက္ခ
များစွာထဲက ဒုက္ခ တစ်ခု ဆိုပြီး ကိုယ်နားလည်သလို ပြန်ချရေး လိုက်ပါတော့ တယ်။







မှတ်ချက်။ ။ ဒကာမ ဒေါ်မီးမီး ဆိုသူက
ဒုက္ခဆိုထားတာကို နားမလည် ၊ လိုက်မမီကြောင်း

ပြောထားသည်မို့  ကိုယ်ကလည်း စာရေးဖို့ 
အကြောင်းရှာကာ ရေးလိုက်ခြင်းဖြစ်ပါသည်။




ကျမ်းကိုး- ဒီဃနိကာယ်၊ မဇ္ဈိမနိကာယ် မဟာသတိပဋ္ဌာန်သုတ် ၊ ဒုက္ခသစ္စနိဒ္ဒေသ ဓမ္မပဒ အဋ္ဌကထာ ၊ ဒဏ္ဍ၀ဂ် ၊ ဆဗ္ဗဂ္ဂိယ ၀တ္ထု နှင့် ထိုထိုကျမ်းလာ ကျမ်းဂန်များစွာ

မြတ်ရောင်နီ
( ၃၀ ၊ ၀၉ ၊ ၂၀၁၀ )





.

Tuesday, September 28, 2010

သရဏဂမန ကထာ


သရဏဂမန ကထာ

ဘုန်းဘုန်းဘုရား

၁။တပည့်တော် ဘုန်းဘုန်းဆိုက်ကိုလဲ နေ့စဉ်ရောက်ရှိ ဖတ်ရှု့လေ့လာ နှလုံးသွင်းပါတယ်။ ဘုန်းဘုန်း မေးလ်နဲ့ ပို့တဲ့ စာကိုလဲ ဖတ်ရတာ အလွန်ဝမ်းသာ ကောင်းမွန်ပါတယ်(သာဓု၊သာဓု၊သာဓု)ပါ ဘုရား၊

၂။တပည့်တော် မသိတာ၊ နားမလည်တာလေးတွေလဲ ရှိလို့ မေးခွင့်ပြုပါဘုရား ၊ တပည့်တော် နေ့စဉ် ဘုရားရှိခိုးရင်း ဗုဒ္ဓံ သရဏံ ဂစ ၦာမိ၊ ဓမၼံ သရဏံ ဂစ ၦာမိ၊ သံဃံ သရဏံ ဂစၦာမိ။ အနန္တ ငါးပါးကို ဦးချ ရှိခိုးပါတယ်၊ တစ်ခြားဘုရားစကားများ၊ ဂုဏ်တော်များလဲ ရွတ်ဆိုဖြစ်ပါတယ်၊ သို့ပေမယ့် အကျိုး ကျေးဇူးကိုမသိ၊ လိုလားမှုဖြင့်လည်း မဟုတ်ပါ ။ ရင်ထဲမှ ဘုရား၊ တရား၊ သံဃာ နှင့် မိဘများကို ရိုသေပူဇော်စိတ်ဖြင့်သာ ရှိခိုးခြင်းဖြစ်ပါတယ်။

၃။တပည့်တော် သိလိုတာက သရဏဂုမ် ရတယ်(တည်ဆောက၊် ထိန်းသိမ်းတယ်) ဆိုတာ ဘာကို ပြောတာပါလဲ ဘုရား... တပည့်တော်ကို ရှင်းလင်း၊ဟောကြားပေးပါရန် ဦးခိုက် လျှောက်တင် ပါတယ် ဘုရာ့...

ရိုသေစွာရှိခိုးလျှက်
ဒကာမလေး မစု
......................................................................

ဟုတ်ပြီ။ ဒကာမလေး မစု ရေ

၁။ပြောသေးတာပေါ့ကွယ်။ ဘုန်းဘုန်း ဆိုက်ကို လာရောက် ဖတ်ရှု နှလုံးသွင်းတယ် ဆိုလို့  ၀မ်းသာ ပါတယ်။ ( အဲလိုလေး... များများ ပြောပေး။ ရေးအားတွေ ရှိသကွယ့်။)

၂။ အင်း...။ ကောင်းတယ်ကွယ့်။ နေ့ စဉ် အလုပ် ရတနာသုံးပါး မိဘ ဆရာ သမားတွေကို ရိုသေ စိတ်ဖြင့် ရှိခိုးဦးချတာဟာ ကိုယ့် ဘ၀အတွက် လုံခြုံစိတ်ချအောင် လုပ်တဲ့ အလုပ်တစ်ခုပေပဲ။

လိုလားမှုရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ အကျိုးကျေးဇူး သိသည်ဖြစ်စေ မသိသည်ဖြစ်စေ ကိုယ်လုပ် တဲ့ အကျိုးကတော့ အကျိုးပေးနေမှာပဲ။ အကျိုးကျေးဇူးနားလည် ထားရင်တော့ ပိုပြီးတော့ အမြတ် တနိုး ၊ အားကိုးအားထား ရှိတယ်ပေါ့နော။


၃။သရဏဂုမ်ရတယ် ဆိုတာကတော့
သရဏဂုမ်ကို ယူလိုက်တာ ပေါ့ကွယ်။
ရှင်းရဲ့ လား။
ကိုယ်ယူ တဲ့အရာဟာ ကိုယ်ရတာပဲလေ။

ဆိုပါစို့ - ဈေးဆိုင် သွားရင် ကိုယ်ဝယ်မည့် ပစ္စည်း ယူလိုက်ရင် ရတာပဲ။ မယူရင် မရဘူးပေါ့။ သရဏဂုမ်လည်း ဒီအတိုင်းပဲ စိတ်ပါလက်ပါနဲ့ ပါးစပ်က ဆိုလိုက်လေ ၊ ဆိုလိုက်တာနဲ့  ရတာပဲ။


အဲ... တစ်ခုတော့ ရှိတယ်။ ပစ္စည်းတွေလိုပဲပေါ့ ။ ယူတော့ယူပြီး ဘယ်နေရာမှာ ထားမှန်းမသိ ကျပျောက်သွားရင်လည်း မရပြန်ဘူး။ နောက်ပြီး ယူပြီးသားဟာ ပျက်စီး သွားရင်လည်း မရပြန်ဘူး။

ဆိုလိုတာကတော့ဗျာ- သရဏဂုမ်တော့ ယူထားတယ်။
ဘုရား တရား သံဃာနဲ့  ဝေးနေရင်၊ မမှတ်မိ
တော့သည်အထိ
ဘာမှကို ဘုရား တရား သံဃာဆိုင်ရာ
မလုပ်တော့ရင် ကျပျောက်သွားတာပါပဲ။


ပြီးတော့ - ဥပမာပေါ့လေ။
ပစ္စည်းက ကိုယ့်လက်ထဲတော့ ရောက်ပြီးသား။
သို့ သော် သူများ အဖျက်ဆီးခံလိုက်ရရင်။ သို့ မဟုတ်

ကွဲတတ်တဲ့ ပစ္စည်းမို့  ကျကွဲ သွားပြန်ရင်လည်း မရပြန်ဘူး။

ထပ်ရှင်းလိုတာက - ကိုယ်ကတော့ ဗုဒ္ဓဘာသာ ဆိုပြီး
ကိုယ့်ကိုယ်ကို သိနေပြီးသား။ သရဏဂုမ်ကို
ယူပြီးသား ၊
ရပြီးသား။ ဒါပေမယ့် အခြား ဘုရား တရား သံဃာ
မဟုတ်တဲ့ နတ်ကိုးကွယ်တာမျိုး၊
အခြား ဘာသာတွေကို
ယုံကြည်ပြီး၊ ဒါလည်း ငါကိုးကွယ်တာပဲ ဆိုပြီး။
အခြားဘုရားဂေါ့ဒ် တွေကို
ကိုယ့်ဆရာအဖြစ်
ညွှန်ပြနေတာဟာလည်း၊ အားကိုးနေတာဟာလည်း
ကိုယ့်လက်ထဲ ရောက်ပြီး သား ပစ္စည်း ကို
သူများ ဖျက်ဆီးသလိုမျိုးပေါ့။


ရှိပြီးသား ပစ္စည်းတစ်ခုဟာ
မပျောက် မပျက်စီးနိုင်တဲ့အရာနဲ့  တူတာကတော့
အရိယာတွေ ယုံကြည် တဲ့ သရဏဂုမ်မျိုးကို ခေါ်ပါတယ်။


ဘုရားလက်ထက်ပေါ့ဗျာ။
သုပ္ပဗုဒ္ဓဆိုတဲ့ ကိုယ်ရေပြား ရောဂါစွဲနေသူ တစ်ယောက် ၊
ပရိသတ် အစွန်
အဖျားက တရားနာပါတယ်။
သူ တရားတော်နာပြီး တကယ့်ကို တရား သဘောပေါက်
နားလည်တဲ့
ပထမ အရိယာ အဆင့်ထိ ရသွားပါတယ်။
သူရသွားတဲ့ အဆင့်ကိုလည်း ဘုရားရှင်အား
လျှောက်လိုက်ချင်သေးတယ်။
သို့ သော် လူကြားထဲ မသွားဝံ့။ သူက ရောဂါနဲ့ ကိုး။


သူလည်း ဒီလိုနဲ့ ကျောင်းကို ဖြေးဖြေးချင်း လမ်းလျောက်
မယ်ဆိုပြီး ကျောင်းအရောက်သွားခဲ့ပါတယ်။

လမ်း
ခုလတ်မှာ ဖိုးသိကြားမင်းက
သုပ္ပဗုဒ္ဓရဲ့ အကြောင်း သုပ္ပဗုဒ္ဓကိုယ်တိုင်
သူများ သိစေချင်နေတယ် ဆိုတာ သဘော ပေါက်တယ်။
ပြီးတော့လည်း စုံစမ်းလိုတာနဲ့ ပဲ-


သိကြားမင်း- ဟလို သုပ္ပဗုဒ္ဓ၊ မင်းကြည့်ရတာ စုတ်ပြတ်နှုံချာ
ရွှေမရှိ ငွေမရှိ၊ သနားစရာ ကောင်းလိုက် ပါဘိ။
မင်းကို ငါ အတိုင်းတာမရှိ လိုချင်သလောက်
ရွှေငွေ တိုက်တာ ပေးမယ်ကွာ။ မင်း ငါပြောခိုင်း

သလို လိုက်ပြောရမယ်။ အဲလို ပြောရင်တော့
ငါ တကယ်ပေးမယ်။ ကတိပေးတယ်။


သုပ္ပဗုဒ္ဓ- ဟလို ။ ဟုတ်ကဲ့။ ခင်ဗျား ပြောသလို
တကယ် မရှိတာတော့ တကယ့်ကို မရှိတာ အမှန်ပဲ
ဗျာ။
ဘာများ ပြောရမယ်။ ပြောဖြစ်တဲ့ စကားကို ဆိုရင် ပြောပါ့မယ်။
ပြောကြည့်လေ။ဘယ်လိုလဲ။


သိကြားမင်း- ဘုရားဆိုတာ တကယ် ဘုရား မဟုတ်ဘူးကွ။
တရားဆိုတာလည်းကွာ တကယ့် တရား
မဟုတ်ဘူးကွ။
သံဃာ ဆိုတာလည်း ဒီတိုင်းပဲ တကယ့် သံဃာ မဟုတ်ဘူး။


သုပ္ပဗုဒ္ဓ- ဗျာ... ဗျာ။ ခင်ဗျား ဘယ်သူလဲ ပြော။
( ပထမ အရိယာ အဆင့်တန်းသာ ရှိသေးတော့
ပေါက်ကွဲသံစဉ်လေးတောင် ရိုက်ခတ်တီးလောက်တယ်။
တွေးကြည့်တာပါ။)


သိကြားမင်း- မင်းတို့ လူတွေ ( ဘုရား သိကြား-မ-လို့  ဆိုတဲ့ )
အများ တတ နေကြတဲ့ ၊ ငါ ဖိုးသိကြား ပေပဲ။


သုပ္ပဗုဒ္ဓ- ငမိုက်သား၊ နတ်ဗာလ။ ဘာမှ မသိတဲ့သိကြားစုတ်။
ခင်ဗျားနဲ့  စကားပြောရတာ သိပ်-ဟန်
မကျဘူး။
မပြောတာကောင်းတယ်။ အရှက်ကိုမရှိဘူး။
ကျွန်ုပ်လို လူကိုများ ခင်ဗျားက ရွှေမရှိ ငွေမရှိ
ဆိုပြီး
လူဆင်းရဲလို့  ထင်နေတာပေါ့လေ။ ပြောတာပေါ့လေ။
ကျွန်ပ်က ခင်ဗျား ထင်သလို မဆင်းရဲ
ဘူး။
( ခင်ဗျား လွဲနေတယ် ၊ ပစ္စည်းရှိတာက ပြည့်စုံတာ၊
ပစ္စည်းရှိတိုင်း ချမ်းသာတာ မဟုတ်ဘူးလေ ဗျ။ )
ကျွန်ုပ်မှာ ခင်ဗျားပြောတဲ့ ဗဟိဒ္ဓပစ္စည်းမရှိပေမယ့် ကျွန်ုပ် မဆင်းရဲဘူး။


ကျွန်ပ်က တကယ် ဘော့စ် အစစ်ဖြစ်ပြီ။
ပစ္စည်း ဥစ္စာတွေမှ များပါ့။ ပေါမှပေါ။
မယုံရင် ကြည့်-

သဒ္ဓါဓနံ သီလဓနံ ၊ ဟိရိ သြတ္တပ္ပိယံ ဓနံ၊
သုတဓနဉ္စ စာဂေါစ ၊ ပညာ ဝေ သတ္တမံ ဓနံ။

ယဿ ဧတေ ဓနာ အတ္ထိ ၊ ဣတ္ထိယာ ပုရိသဿဝါ၊

အဒလိဒ္ဒေါတိ တံ အာဟု၊ အမောဃံ တဿ ဇီဝိတံ။

( အင်္ဂုတ္တရနိကာယ ၊ သတ္တကနိပါတ၊ ဓနသုတ်)


၁။ ရတနာသုံးပါးနှင့် ပါတ်သက်လို့  ယုံကြည်မှု အပြည့်ရှိတယ်။
၂။ သီလကို ဘယ်တော့မှ မကျိုးပျက်ဘူး။
၃။မကောင်းတာ လုပ်ရမှာ အင်မတန် ရှက်တယ်။ မလုပ်ဘူး။
၎။မကောင်းတာ လုပ်ရမှာ အင်မတန်ကြောက်တယ်။ မလုပ်ဘူး။
၅။တရားဆိုင်ရာ ဗဟုသုတ ရှိတယ်။
၆။ မရှိဘူးဆိုပေမယ့် တတ်နိုင်တဲ့ဟာကို လွတ်လွတ်ကျွတ်ကျွတ်စွန့် ကျဲ လှူဒါန်းတယ်။
၇။တရားအသိတွေ ခန္ဓာ အတွင်း စိတ်အတွင်းမှာ ရှင်းရှင်းလင်းလင်း သိနေတယ်။

အဲဒါတွေက ရတနာတွေ ဥစ္စာတွေ ပေပဲ။


ဘုရားရှင်က ဒီပစ္စည်း (၇)မျိုးသာ ရှိတဲ့
အမျိုးသမီး အမျိုးသားဟာ ဆင်းရဲ မွဲတေသူလို့  ပြောမရဘူး
လို့ 
ပြောထားပါတယ်ဗျ။ ကျွန်ုပ်မှာ ဒါတွေ ရှိထားတယ်ဗျာ။

ကဲ ... ဇာတ်လမ်းကို အကုန်မသွားတော့ဘူးနော်။
အရိယာ သူတော်ကောင်းတွေက ငွေကို ပေးပေး၊

ရွှေကို ပေးပေး၊ မြေကို ပေးပေး၊ တိုက်ပါပါ ၊
ကားပါပါ ထည့်မတွက်ဘူး။
ဘယ်တော့မှ သရဏဂုမ် အပျက် မခံတာကို သိစေချင်တာပါ။
ဒါကို မပျက်စီးနိုင်တဲ့ သရဏဂုမ် ရတယ်လို့  မှတ်ပါလေ။


အင်း ... စကားလုံးကတော့ အမျိုးမျိုးပေါ့။
တည်ဆောက်တယ် ဆိုရင်တော့ တည်အောင် အစပျိုးပါ၊
ပြီးတော့ အကောင်ထည်ဖေါ် ခိုင်မြဲအောင် ဆောက်လုပ်- လို့  ဆိုလေမလား၊


ထိန်းသိမ်းတယ် ဆိုတာလည်း ဒီအတိုင်းပဲပေါ့ဗျာ။
ပစ္စည်းတွေကို အမြတ်တနိုး ထိန်းသိမ်းသလို

ရတနာ သုံးပါးကို ထိန်းသိမ်းတာ လို့  ဆိုလေမလား- ပဲ။

ဘာပဲ ဖြစ်ဖြစ်ပေါ့နော်။ သရဏဂုမ်ရတယ်၊ ထိန်းသိမ်းတယ်။
ဆောက်တည် တယ် လို့  မြန်မာစကား

ကြွယ်ဝ ချမ်းသာမှုလို့ ပဲ မှတ်လိုက်ပေတော့ဗျိုး...။

ကဲ ... ဒီလောက်ဆိုရင်တော့ ရေးရေးလေး ရှင်းပြီနော်။
နားလည်သလို ရေးပေးလိုက်တာ။
နားမလည်ရင် နှစ်ခေါက်ဖတ်ပါ- ဒကာမလေး မစု ရေ။




ကျမ်းကိုး-
ဓမ္မပဒ အဋ္ဌကထာ၊
အဂုၤတၱရနိကာယ
မူလပရိယာယ၀ဂ်၊ မဇ္ဈိမပဏ္ဏာသအဋ္ဌကထာ

မှတ်ချက်။ ။ ဘာသာပြန်ရာဝယ်
အဖြေသိလိုသည့် ဒကာမလေးသာမက
အားလုံး ဖတ်ရှုပြီး ၊ နားလည်စေရန်
ဖြည့်စွက် ဘာသာ ပြန်ထားပါသည်။




မြတ်ရောင်နီ

( ၂၈ ၊ ၀၉ ၊ ၂၀၁၀ )




.

Sunday, September 26, 2010

အပြိုင်အဆိုင် အတွေးများ

အပြိုင်အဆိုင် အတွေးများ

ဟိုတစ်လောလေးက သူငယ်ချင်း တစ်ပါး ၊ နိုင်ငံခြား အထက်တန်း ပညာရပ်များ ဆည်းပူးဖို့  ပညာ တော်သင် ထွက်လာပါတယ်။ သူနဲ့  မြန်မာပြည်မှာ အတူတူ နေခဲ့ပေမယ့် သူမြန်မာပြည်ရှိစဉ်က အင်တာနက်မှာတော့ တွေ့ ရခဲပါဘိ။ တွေ့ ရရင်လည်း အင်တာနက် ချက်တင်းမှာ ကိုယ်က စာရိုက် ပြောသော်လည်း သူ့ ရဲ့  ပြန်အပြောကို စောင့်နေရတာက အမောပဲ။ တရေးအိပ်ရမလိုလို။ စကားပြော ဖို့ တော့ ဝေးစွာ့။ ကော်နက်ရှင်း မကောင်းဘူး ကိုယ်တော်ရေက စပြီး ပြောတော့တာပဲ။

သဘာဝပဲပေါ့နော။ အော်...အထက်က ဂြိုလ်ထု မကောင်းတာကိုး။ ဒါမှမဟုတ်- စက်က ညံ့လို့ ရှိမှာ ပေါ့လေ စသဖြင့် တွေးမိပါတယ်။

ဒီလိုနဲ့  နိုင်ငံခြားမှာ ရောက်ပါပြီ ဆိုတာနဲ့  သူနဲ့ တွေ့ တဲ့အခါ သူ့ အမြင် ကိုယ့်အမြင်၊ သူ့ အတွေး ကိုယ့်အတွေးလေးတွေ ဟိုရေး ဒီရေး တွေ ပြောင်းပြောင်းပြီး status message လေးတွေ တင်ထား တယ်။ တစ်ပါး တင်ထားတာကိုလည်း တစ်ပါးက ချီးမွမ်းသလို ၊ အပြန်အလှန် စကားနိုင်လုပြီးလည်း တစ်ခါ တစ်ခါ ပြောဖြစ်ကြတယ်ပေါ့။

၁။သူ= ဘ၀င်မြင့်တာမဟုတ်၊
ဘ၀ မြင့်ချင်တာပါ။


သူက ဒီလိုရေးလိုက်တော့ ကိုယ်ကလည်း-

၁။ကိုယ်= ဘ၀မြင့်ချင်ရင် ဘ၀င်မြှင့်လိုက်ပါ။

( ဘ၀င်ဟူသည် စိတ်ပါတည်း။)

နောက်တစ်ခါ သူကလည်း လုပ်ပြန်ရော-

၂။သူ=အပြုံးဖြင့် အမုန်းကို ဖြေရှင်းပါ။


ကိုယ်ကလည်း အပြိုင်ဆိုင်တွေးပြီး-

၂။ကိုယ်= အမုန်းဖြင့် အတုန်းကို ဖြေရှင်းပါ။

(ဘ၀ကို မုန်းခြင်းဖြင့် ဘ၀ကို တုန်းစေသည်။)

ဒါကတော့ နမူနာပေါ့လေ။ သူလည်း သူ့ အဓိပ္ပါယ်နဲ့ သူ ဆိုလိုတာပါပဲ။ ၁။ သူကလည်း ဘ၀င် မမြင့် ပါနဲ့ လို့  အပြောခံထားတာ ဖြစ်ချင်လည်း ဖြစ်မယ်ပေါ့။ ဒါကြောင့်လည်း သူက သူ့ ဖြေရှင်းချက် သူ့ ဖာသာ ထုတ်ပြီး၊ ခံစားချက် အတိုင်းရေးတာ ဖြစ်လောက်ပါရဲ့ ။

၁။ကိုယ်ကလည်း ဘ၀မြင့်ဖို့ အတွက် ဘ၀င်မနော ဆိုတဲ့ စိတ်ထားကို မြှင့်ရမယ် လို့ ပြန်ပြောလိုက် တာ ပေါ့လေ။ ဟုတ်ပါတယ်။ ဘ၀မြင့်ဖို့  စိတ်ထားမြင့်မြတ်အောင် မြှင့်ဖို့ လိုတယ်ပေါ့နော။

၂။အပြုံးဖြင့် အမုန်းကို ဖြေရှင်းပါတဲ့ ။ မုန်းနေတဲ့ လူတွေကြားမှာ အပြုံး ပြုံးနိုင်တာဟာလည်း ဖြေရှင်း ခြင်း တစ်မျိုးပဲ။ တကယ် အပြုံးအစစ် မဟုတ်တောင်မှ ကိုယ့်မုန်းနေရင် အပြုံးက သူတစ်ဖက်သား စိတ်နှလုံးကို ထိစေပါတယ်။ အမုန်းလည်း ကင်းစေနိုင်တယ်ပေါ့။ သူကတော့ သူ့  အမြင်နဲ့  ကာရံနဲ့ ကိုက်အောင် အပြုံးဖြင့် အမုန်းကို ဖြေရှင်းပါလို့  ဆိုလိုတာ ရှိမှာပေါ့လေ။

၂။ကိုယ်ကလည်း ကာရံကိုက်အောင် ဆိုပြီး ပြောလေ့ ပြောထ မရှိကြပေမယ့် သူ့ကာရံလိုမျိုး ပြော လိုက် ပြန်ပါရောလား။ အမုန်းဖြင့် အတုန်းကို ဖြေရှင်းပါလို့ ။ ဘုရားရှင် ပြောဟောထားတာဟာလည်း တဏှာ ဇနေတိ ပုရိသော- အချစ်တွေက ဘ၀တွေကို မွေးဖွားနေ တယ်လို့  ဆိုလိုတာမဟုတ်ပါလား။ မမုန်းသရွေ့  အတုန်းက ရွေ့ မှာ မဟုတ်ဘူး။ ဘ၀တွေ ဆက်ဦးမည်သာ။

အဲလိုအဲလိုလေးတွေ တွေးမိတာကိုပဲ တိုတိုလေး မက်ဆေ့မှာ ရေးထားတယ်။ ခုတော့ ကိုယ်တွေးမိ သလိုလေးတွေ အကျယ် ပြန်ချ ရေးမိပြန်ပါတယ်။ အများ ဖတ်ကြစေရောပေါ့။

တကယ်တော့ ဘယ်သူရေးတဲ့ စာပဲ ဖြစ်ဖြစ် စာတစ်လုံး ဘုရားတစ်ဆူ မြန်မာ စကားအဆိုရ စာတစ်လုံးက ကိုယ့်ရဲ့  အသိကို တိုးသွားမယ်ဆိုရင် ၊ ကုသိုလ်စိတ် ဖြစ်မယ်ဆိုရင် ၊ ဘုရားရှင် ဆိုဆုံးမတော်မူတဲ့ နည်းလမ်းအတိုင်း စိတ်ကိုငြိမ်းစေမယ်ဆိုရင်ပေါ့လေ၊ ဘုရားတစ်ဆူလို ရိုသေ လေးစားသင့်ပါတယ်။ မှတ်သား လိုက်နာ သင့်ပါတယ်လို့  ယူဆမိပါတယ်။

အပြိုင်အဆိုင်တွေးများကို ဖတ်မိသူအပေါင်းလည်း
အပြိုင်ဆိုင် တွေးနိုင်ကြပြီး
အပြိုင်အဆိုင် ကျင့်ကြံနိုင်ကြပါစေဟုသာ။




မြတ်ရောင်နီ

( ၂၆ ၊ ၀၉ ၊ ၂၀၁၀ )

.

Friday, September 24, 2010

ပျင်းစရာ

ပျင်းစရာ




စာတွေကိုပဲ ဘလော့ဂ်မှာ ရေးတင်ထားတာ များနေတယ်။
ဓာတ်ပုံမပါတော့ ပျင်းစရာ။
ဓာတ်ပုံကြည့်ကြရပြီဆိုတော့လည်း...
အဟဲ ...
မင်းသားမှ မဟုတ်ဘဲနော်။







မြစ်ဘေးမှာ နှစ်ပါး အတူ လမ်းလျှောက်သွားရင်း
အရှင်မြတ်တစ်ပါးက
ရှုခင်းကောင်းတယ် ဒီမှာ ရပ်ဆိုပြီး ရပ်ခိုင်းလို့ 
ဝါသနာ မပါဘူး ပြောနေ...
တကယ့် အရှင်ပဲ...။




ဖရိုက်ဇင်းမြို့ ရဲ့  ပွဲတော် တစ်ခုမှာ
ငေးတာကို အမိ အရ
ဓာတ်ပုံ ရိုက်လိုက်တဲ့သေးတယ်။




ငေးလည်း ငေးလောက်ပါရဲ့ ။
ရဟတ်စီးသလို မဟုတ်ဘဲ။
ဇော်ထိုးကြီးတွေ ဖြစ်အောင် လုပ်ထားတာ
မမြင်ဖူးပေါင်






ပွဲတော် ချားလိုဟာမျိုးကလည်း
ကလေးတွေပဲ စီးတာလို့  သိထားတာ။
ခုတော့ လူကြီးတွေလည်း စီးတာ မြင်တော့
အံ့သြသယောင်ယောင်




ကိုယ်တော်ရေ
သူတို့ တစ်တွေလည်း ဓာတ်ပုံရိုက်နေကြတာပဲ။
ပွဲတော်လည်တာ အမှတ်တရ ဖြစ်သွားအောင်
ဓာတ်ပုံ သီးသန့်  ရိုက်ပေးပါဦး...




ရေကမ္ဘာတဲ့။
ကိုယ့်နိုင်ငံ တိရ စ္ဆာန်ဥယျာဉ်မှာတော့ မြင်ဖူးပါတယ်။
ယာယီ ပွဲတော်မျိုးမှာလုပ်ထားတာကတော့
ခုမှဘဲ တွေ့ ဖူးတော့တယ်။



ပျင်းစရာ

ဓာတ်ပုံများ သက်သက် တင်လိုက်တာပါ။ ပျင်းစရာဆိုလည်း ပျင်းစရာလို့  တစ်ရာနဲ့  ဖြေပါ။ အဲ... (ဟုတ်ပေါင်) တရားနဲ့  ဖြေပါ။ တကယ်တော့ ဖြတ်သွားဖြတ်လာ သွားနေကျဖြစ်တဲ့ လမ်းပေါ်မှာ။ ခု ကြုံလို့  တမင်သွားပြီး ၊ အမှတ်တရ အနေနဲ့ ရိုက်ခဲ့တာပါ။

ပြီးတော့ ပွဲတော် ဆိုတာ နဂိုရ်ကလေးဘ၀၊ ကိုရင်ဘ၀က သွားရတာ ခုံခုံမင်မင် ပျော်ပျော်ရွှင်ရွှင်နဲ့ ကို သွားခဲ့ပါတယ်။ ပျော်လည်းပျော် စားစရာ သောက်စရာလည်း စားသောက်။ စာအုပ်သေးသေးတွေ လည်း ၀ယ်။( ဘုရားရှိခိုး စာအုပ်တော့ မဟုတ်ဘူးနဲ့ တူတယ်။)

ခု သွားတာက စိတ်တအားကြီး ပါနေလို့  သွားတာမဟုတ်။ ဆိုလိုတာက ပျော်ရွှင်ချင်လို့ သွားတာ မဟုတ်တော့။ ပွဲတော်ရှိမှန်းလည်း သိပါတယ်။ ပွဲတော်ဆိုတာ ဆူညံတဲ့ နေရာပါပဲ။ ဆူညံတာ ကြိုက်ရင်တော့ ပျော်စရာပေါ့။ မကြိုက်ရင်တော့ ပျင်းစရာပါ။

နယ်ခံ ကိုယ်တော်က ပွဲတော်ရောက်ပြီးပြီလား။
သွားကြည့်ပါဦးတဲ့။

သူ့ ကို ပြောလိုက်ပါတယ်။ မထူးပါဘူးကွာ။
ကလေးတုန်းက
ဝအောင် ကြည့်ခဲ့ပြီးပြီပေါ့။
အခြား မြန်မာကိုယ်တော်ကလည်း
ရှက်တယ် မသွားချင်ဘူးတဲ့။


အင်း ... ကိုယ်တော်ရေ ဒီအရွယ်ကတော့ ရှက်စရာပေါ့ဗျာ။ တပည့်တော်လည်း ပျော်ပွဲရွှင်ပွဲ ၀ါသနာ ပါတယ် ဆိုသော်ငြား မသွားချင်ဘူးဗျ။ ကျနော်လေ ထိုနည်းလည်းကောင်း ထိုနည်းလည်းကောင်း ပါဗျ။ ( မြန်မာအချင်းချင်း မြန်မာလို ဒီလိုလေးတွေ ပြောကြ။)

ဒါပေမယ့် ကိုယ်တော် ကြားရဲ့ မဟုတ်လား။ သူတို့ ရဲ့  ရိုးရာ သိအောင် သွားသင့်ကြောင်း နယ်ခံ ကိုယ်တော်က တိုက်တိုက်တွန်းတွန်း ပြောနေတယ်လေ။ ပြီးတော့ဗျာ နယ်ခံလူတွေလည်း ဘုန်းကြီး တွေကို မြင်ဖူးသွားတာပေါ့ဗျာ။ ဟုတ်ဘူးလား- လို့  ချော့ချော့မော့မော့ နဲ့ နှစ်ပါး သတ္တိမွေးပြီး သွား ခဲ့ပါတယ်။

တကယ်လည်း ပျော်စရာတော့ မဟုတ်တော့ ။ စိတ်ဝင်တစား လိုက်လံကြည့်ရှုခဲ့တဲ့ သဘောမျှသာ ပါပဲလေ။ အဲ...တကယ်တမ်းကတော့ ပျင်းစရာ ဆိုရင်လည်း ပျင်းစရာပေါ့ဗျာ။ ပျင်းစရာ။



မြတ်ရောင်နီ

( ၂၄ ၊ ၀၉ ၊ ၂၀၁၀ )

.

Thursday, September 23, 2010

အချိန် အချိန် အချိန်


အချိန် အချိန် အချိန်

အချိန်နဲ့  ဒီရေသည် လူကို မစောင့်-တဲ့။ အချိန်ဟာ တန်ဖိုးကြီးမားကြောင်း ရေးထားကြတဲ့ အနောက် တိုင်း စာရေးဆရာများရဲ့ စကားလို့ ထင်ပါတယ်။ ဘုရားရှင်ကတော့ မောဃကာလံ န ခေပယေ- တဲ့။ အလဟဿ အချိန်တွေ မကုန်စေနဲ့ တဲ့။ အဲဒီ့ အချိန်ကို တကယ် အသုံးဝင်အောင် အသုံးပြုနိုင်ရင် တော့ လူဟာ ကိုယ့်ကိုယ်ကို ကျေနပ်စရာ ကောင်းတယ်ပေါ့။

မနေ့ ကပေါ့။ ( ၂၂ ၊ ၀၉ ၊ ၂၀၁၀ ) ဒကာမလေးတစ်ဦးရဲ့  ၃၂ နှစ်ပြည့်မြောက်မွေးနေ့ မှာ ရတဲ့ အချိန် လေးကို ရသလို အသုံးချပြီး ပဋ္ဌာန်း ပစ္စယနိဒ္ဒေသကို အကျဉ်း ရှင်းလင်း ပြခဲ့ပါတယ်။

ကိုယ်ကလည်း ပဋ္ဌာန်း အကြောင်း ပြောရ ပြောရ ၊ ရွတ်ရ ရွတ်ရ ၊ဘာပဲ ဖြစ်ဖြစ် သဘောကျမိတယ် ။ ဘုရားရှင် ပူဇော်ရတာကို လည်း အထူးကြိုက်လေတော့ တစ်ခါတစ်လေ ဆွမ်းစား ပင့်ဖိတ်တဲ့ အခါ များဆိုရင် ပရိတ် ဆွမ်းတရားဟော မဟုတ်တော့ပဲ ၊ ပဋ္ဌာန်း ဆွမ်းတရားဟော ဖြစ်သွားခဲ့ပါတယ်။

မနေ့ ကဆိုရင် ပြောစရာတွေက များနေတော့ မွေးနေ့  ဆွမ်းတရားတောင် ဟုတ်တိပတ်တိ မဟောခဲ့ ရပါဘူး။ နှစ်မိနစ်ခန့် တရားပေါ့။ မနေ့ က အချိန်မှ မရဘဲကိုး။ ပစ္စယနိဒ္ဒေသ ရှင်းပြလိုက်တာကြာသွား တာမို့ ။ အချိန် အချိန် အချိန်...။

လှူတဲ့သူကျေနပ် ၀မ်းမြောက်အောင် ဟောဖို့ တော့ လိုသေးတယ်ပေါ့။ လှူတဲ့သူက မဟောရင်လည်း ကျေနပ် ၀မ်းမြောက်ပြီးသားနေမှာပါ။ သို့ ပေမယ့် ကိုယ့်ဘက်က လိုလေသေး မရှိအောင် အီးမေးလ်နဲ့  ဒီလို ဟောခဲ့ပါသေးတယ်။



ဟလို ဒကာမလေး - ရေ

အလှူဒါန ပြုကြ သူငါ ဆိုတဲ့အတိုင်း

၃၂ နှစ်ပြည့်မြောက် မွေးနေ့ 
အမှတ်တရ အလှူကြီးဟာ
အောင်မြင်ခြင်း အမှတ်တရ ဓာတ်ပုံများနဲ့ 
ရေစက်ချခြင်းကုသိုလ်တို့ က
သက်သေထူလို့ သွားပါပြီ။

၁။အလှူခံပုဂ္ဂိုလ်ရယ်
၂။လှူချင်တာရယ်
၃။လှူနိုင်တာရယ်
ဆိုတဲ့ အကြောင်းချက်တွေက ညီညွတ်လေတော့
ကိုယ်ရည်မှန်းတဲ့ အတိုင်း ..
အလှူကြိး အောင်မြင်သွားတာပါဗျာ။

၁။မလှူခင် ကတည်းကလည်း လှူရတော့မယ်လို့ တွေးကာပျော်
၂။လှူတဲ့အခိုက်မှာလည်း ပျော်ပျော် ရွှင်ရွှင်နဲ့ ဝေယျာဝစ္စ ပြုလုပ်
၃။ဓာတ်ပုံလေးတွေ ပြန်ကြည့်လို့ ဖြစ်ဖြစ်၊
ပြန်စဉ်းစားလိုက်တဲ့အခါမှာလည်း စိတ်ပျော်ရွှင်စွာ ထားနိုင်ပြီ
ဆိုတဲ့ အချက် သုံးချက် ပြည့်စုံလိုက်တာနဲ့ 
အဲဒီ အလှူဟာ ဆိုင်းဝိုင်း၊ အသိုင်းဝိုင်း မပါပဲ
အလှူကြီး တစ်ခုကို ပိုင်ဆိုင်တဲ့ အလှူ လို့  ဆိုရပါမယ်ဗျာ။

အလှူဒါန လုပ်လိုက်ရလို့ ဘာဖြစ်ရပါလို၏လို့ 
အကျိုးတရားကို မျှော်လင့်စရာမလိုပဲ
အကြောင်းကောင်းအောင် လုပ်တဲ့ ကုသိုလ်ဟာလည်း
ပြောစရာမရှိ ကောင်းမည်လို့  ယုံကြည်လိုက်ပါ။

ကိုယ်စိုက်တဲ့ အပင်ရဲ့  အသီးကို စားသုံးရတာပဲလေ။

ဟေတု ပစ္စည်း တုန်းက
အကြောင်းတရားကြောင့် အကျိုးဖြစ်ပုံကိုလည်း
ရှင်းပြလိုက်တာကို မမေ့နဲ့ ပေါ့နော်။

လောဘ၊ ဒေါသ ၊ မောဟ ဆိုတဲ့ အကြောင်း မျိုးစေ့က
ငရဲ ၊ တိရ စ္ဆာန် ၊ ပြိတ္တာ ၊
အသုရကာယ် အကျိုး အသီး သီးတယ်။

အလောဘ( ဒါန ) ၊ အဒေါသ ( သီလ ) ၊
အမောဟ ( ဘာဝနာ ) အကြောင်းမျိုးစေ့က
လူ့ ဘုံ ၊ နတ်ဘုံ အကျိုးသီးမှစလို့ 
နိဗ္ဗာန် အကျိုးသီးထိ သီးနိုင်ပါတယ်ဗျာ။

ဒါပဲနော်...
အချိန်က ပဋ္ဌာန်းတရားကို အကျဉ်းရှင်းပြလိုက်တာနဲ့ 
တရားဟောချိန်က မရ ဖြစ်သွားလို့  အီးမေးလ်ကပဲ
မွေးနေ့  တရား ဟောပေးလိုက်ပါတယ်။

( ပဋ္ဌာန်း ပစ္စယုဒ္ဒေသ အမြဲရွတ်ဖတ်ပူဇော်သလို
ခု မွေးနေ့ ဓမ္မလက်ဆောင် ရှင်းပြလိုက်တဲ့
ပစ္စယနိဒ္ဒေသ အကျယ်ကိုလည်း
ဆက်လက် ရွတ်ဖတ်နိုင်အောင် ကြိုးစားပါလေ။ )

သာဓုခေါ်နိုင်ပါစေသောဝ်...

မေတ္တာဖြင့်
ဥုးဇင်း



မှတ်ချက်။ ။ အထူးဆောင်းပါး မဟုတ်လင့်ကစား ၊ သိထားသင့်သော တရားများကို ဖေါ်ပြလိုသော စေတနာ ၊ အများဖတ်စေချင် ၊ သိစေချင်သော စေတနာ များ ယိုဖိတ်ပေါက်ကွဲ ထွက်ကြလေသော ကြောင့် အင်တာနက် ဘလော့ဂ် စာမျက်နှာပေါ် ရေးဖေါ်လိုက်ပါသည်။




မြတ်ရောင်နီ

( ၂၃ ၊ ၀၉ ၊ ၂၀၁၀ )
.

Tuesday, September 21, 2010

သေခြင်းရဲ့  စကားများ



သေခြင်းရဲ့  စကားများ

ယနေ့ ( ၂၁ ၊ ၀၉ ၊၂၀၁၀ ) ဗုဒ္ဓဘာသာ သင်တန်းမှာ လာပြီးတတ်နေကျ ဒကာမတစ်ဦးမှ ဘိုးဘွား ရိပ်သာသို့ ဆွမ်းစား တရားနာပင့်ဖိတ်ပါတယ်။ ဘိုးဘွားရိပ်သာ ဆိုတဲ့ အတိုင်း တကယ့်ကို သံဝေဂ ရစရာ ကောင်းလောက်အောင် အိုမင်း ရွတ်တွ၊ ကိုယ့်ရဲ့ လက်ခြေကိုသော်မှ ကိုယ့်အလိုကို မလိုက် လေတော့တဲ့ ဘိုးဘွားတွေပဲ။

တစ်ချို့ ကတော့ အတော်လေး အိုမင်းလို့  ကိုယ့်လက် ကိုယ့်ခြေသာမက ကိုယ့်ရဲ့ စိတ်ကိုတောင် မထိန်းသိမ်းနိုင်ကြတဲ့သူတွေလည်း တွေ့ ခဲ့ရပါတယ်။ မြန်မာနိုင်ငံလို တောက်ဝှေးက ဒုက်တစ်ချောင်း မဟုတ်ဘဲ လေးဘီးတပ် တွန်းလှည်း၊ အဲလို တောက်ဝှေးထက် အကူညီ ပိုပေးနိုင်တဲ့ တွန်းလှည်း လေးတွေကို အသုံးပြု နေတာ တွေ့ ရပါတယ်။ ဒါ့ပြင် တစ်ချို့ က လေးဘီးတပ် တွန်းလှည်းပေါ် ထိုင်ပြီး နောက်က လူအပို တွန်းပေးနေတာလည်း တွေ့ ရပြန်သေးပါတယ်။

အဲဒိမှာ ရောက်သွားတဲ့ အချိန်မှာတော့ ၁၁ နာရီခွဲကျော်နေပြီမို့  နေ့ ခင်းစာ အတွက် သူတို့  နေရာ အသင့် ယူထားကြပါပြီ။ နေရာ အသင့် ယူထားတဲ့ နေရာ အသီးသီးကို လိုက်လံပြီး သင်တန်းသူ ဒကာမက ဒါက ဗုဒ္ဓဘာသာ ဘုန်းကြီးတွေပါ၊ ဒီမှာ ဆွမ်းဘုဉ်းကြမယ်။ ပြီးရင် နေ့ ခင်း ၃ နာရီခွဲမှာ တရားဟောမယ် ဆိုတဲ့ သတင်းကို ခပ်အော်အော်လေး မိတ်ဆက် ပြောပါတယ်။

ခပ်အော်အော် ပြောတာက သက်ကြီးရွယ်အိုတို့ မှာ ပုံမှန်လေသံဖြင့်ကား မကြားနိုင်တော့လို့ ပါပဲ။ တစ်ချို့  တစ်ခြားဘက်လှည့်နေရင် ဟိုမယ် ဗုဒ္ဓဘာသာ ဘုန်းကြီး သုံးပါး၊ ဒီမှာ ဆွမ်းဘုဉ်းကြမယ်။ နေ့ လည် ၃ နာရီခွဲ တရားဟောမယ်။ ဒါကိုပဲ ကိုးနေရာ ဆယ်နေရာ အပေါ်ထပ် အောက်ထပ် စုံအောင် လိုက်လံ ပြောကြား သံဃပရိစာရိကာ ( သံဃာ့အလုပ်ကျွေး )နှယ် မမောမပန်း ၀န်ထမ်း ဆောင်ရွက် ပါတယ်။

တစ်နေရာ အရောက်မှာတော့ အဲဒီ ဒကာမက ပြောတယ်။ ဒီနေရာက ဘိုးဘွားတွေက အချင်းချင်း မှတ်မိလိုက် မမှတ်လိုက်နဲ့  စိတ်က လွတ်လွတ်သွားတတ်တယ်-တဲ့။ အဲဒါနဲ့  ကိုယ့်ဘုန်းကြီးတွေကို ဟေ့ ကိုယ့်လူတို့  သတိထားနော်၊ သတိထား လို့ ပြောလိုက်တော့ ဒကာမက နောက်လှည့်ကာ ရယ်သွားပါတယ်။ ( ကိုယ်က တစ်ခုခုများ သူတို့ က လုပ်လိုက်ကြလေမလား တွေးမိတာကိုး။ )

အထဲ ၀င်ကြည့်မှ သူရယ်လည်း ရယ်ထိုက်ပါတယ်။ အဲဒီ သတိ လွတ်နေသူတွေက တစ်ချို့ ဆို စားဖို့  စောင့်ရင်း တွန်းလှည်းပေါ် အိပ်ပျော်လို့ ။ ကိုယ့်ဘာမှ အန္တရာယ် မလုပ်နိုင်ပါဘူး။ ဘိုးဘွားတွေက တစ်ချို့ လဲ ဟလို၊ ဟလို ကောင်းကောင်းကို နှုတ်ဆက်နိုင်ကြတယ်။ အိုရုံသက်သက်ပါပဲ။ စကားတွေ ကလည်း သူတို့  လှိုက်လှိုက်လဲ ကြိုဆိုကြောင်း။ တရားဟောမယ်ဆိုလို့  ၀မ်းသာကြောင်း ပြောကြ ပေါ့။

အဲဒီလိုနဲ့  လိုက်နှုတ်ဆက်ရင်းက တစ်ချို့ လည်း စားသောက်တဲ့ သူတွေလည်း စားသောက်ကြနဲ့ ၊ ၁၂ နာရီက ထိုးတော့မယ်။ ကိုယ့်အလှည့်က မရောက်သေး။ မနက်ကလည်း ဆွမ်းစားထားတာ မဟုတ်။ ဒီလိုနဲ့  ဗိုက်ကဆာဆာနဲ့  သံဝေဂ ယူရမလို ဗိုက်ကို နှိပ်ထားရမလို။ တော်သေးတာပေါ့။ ကိုယ့် အလှည့် သိပ်မကြာခင် ရောက်လာလို့ ။

စားပြီး သောက်ပြီး ဆိုတာနဲ့  အချိန်က လိုသေးတယ်။ ဒါနဲ့  ဘိုဘွားရိပ်သာ အပြင်ဘက်က ခုံလေး တွေပေါ်ထိုင်ခဲ့ပါတယ်။ ထိုင်ပြီးနောက် မောင်ဂျာမန် ကိုယ်တော်က လူအိုကြီးတွေ ကြည့်ပြီး သေဖို့ စောင့်နေတာပဲလို့  သဘောပေါက်လို့ လေလားမသိဘူး။ သူတို့  ကြည့်ရတာ ဘုရား ၊ ထောင်သား တွေလိုပဲ ဘယ်မှ မသွားနိုင်ကြတော့ဘူးတဲ့။

ကိုယ်ကလည်း ပြောလိုက်ပါတယ်။ အင်း ... ဟုတ်တယ်ကွ။ သူတို့  ကြည့်ရတာ ထောင်သားတွေလို ပါပဲ။ တကယ်တော့ သူတို့ တင် မကဘူး။ ငါတို့ လည်း ဒီအတိုင်း မထူးပါဘူး။

ဥပမာကွာ- အသတ်ခံရမည့် ကြက်ခြင်းတောင်းထဲက ကြက်တွေလိုပဲ။ အသတ်ခံဖို့  စောင့်နေရတာ။ သူတို့ ကတော့ အကောင်ကြီးလို့  ပထမ သေမှာပေါ့ဗျာ လို့  ပြောလိုက်ပါတယ်။ သူလည်း ခေါင်း ညိတ်ပြီး သဘောတူတဲ့ အမူရာကို ပြပါတယ်။

တကယ်တော့ အကောင်ကြီးလို့  ပထမ သေနိုင်ပေမယ့် သိထားရမှာက စားသုံးသူက အကောင်သေး ကြိုက်လို့  စားချင်တယ် လက်ညိုး အထိုးခံရရင်လည်း အကောင်သေးက ပထမ သေမှာပဲနော် ခုမှ ပြန်တွေးမိတယ်။

ကိုယ်ကလည်း ဟိုတုန်းက ကလေးတုန်းက ကျက်ခဲ့တဲ့ မြတ်ရောင်နီ ဘလော့မှာ ကိုယ်ရေးခဲ့တဲ့ ဆောင်ပုဒ်ကို ပြန်သတိရသွားတယ်။ အဲဒီအချိန်မှာပေါ့လေ။
အဲဒီဆောင်ပုဒ်က ဒီလိုပါတဲ့...

သူ့ ကို အ မှတ် ရ တာ များ ပါ မှ


၁။ ညဥ့်နေ့  တစ်နေ့  ထက်ဝက်နေ့ တည်း။ တစ်ကြိမ် ရွှေ့ စား၊ ထက်ဝက် စား နှင့်။ လေး ငါး လုတ် သွင်း ၊ မသေလျင်းမူ၊ ခြောက်ယောက်သူကို ၊ မေ့သူ ဟောထား။ တစ်လုတ်စားတွင်း ၊ ရှုရှိုက်တွင်းမှာ မသေပါမူ၊ မြတ်စွာ ဘုရား ၊ ဟောတရားကို၊ အားထုတ်အံ့ဟု၊ နှစ်ယောက်သူသာ၊ အပူထက်စွာ ပွါး သတည်း။

၂။ မြွေကင်း ကိုက်ခဲ၊ ခြေချော်လဲ နှင့်၊ ဆွမ်းခဲ မကြေ၊ ပိတ္တေပျက်ပြား၊ လေဖျက်သွားလည်း၊ လူများ သတ်မှန်၊ ဘီးလူရန်ကြောင့်၊ သေပြန်ရသေး၊ ဖန်ဖန်တွေးသည်၊ သေရေး သတိ ပွါးပုံတည်း။

(ယမက၀ဂ်၊ မရဏဿတိ ပထမ၊
ဒုတိယ သုတ်၊ အဂုင်္တ္တရနိကာယ)

မြတ်ရောင်နီ
( ၂၆၊ ၀၃၊၂၀၁၀ )

အဲလို ပြောကြဆိုပြီး နေရာလေး အုပ်စုခွဲပြီး ကိုယ်ကလည်း စားပြီး သောက်ပြီး အိပ်ချင်စိတ်ပေါက် လာတယ်။ ကိုယ်ထိုင်နေတဲ့ ခုံလေးပေါ်မှာဘဲ မျောက်မှေး မှေးပြီး ငိုက်လိုက်တယ်။ အဲဒီနောက် ပစ္စယနိဒ္ဒေသ နှစ်ခေါက် အဲဒီ ဘိုးဘွားရိပ်သာ အတွင်းမှာ လမ်းလျှောက် ရွတ်ဖြစ်ခဲ့တယ်။

အချိန်ကလည်း ၃ နာရီခွဲပြီမို့  ဂျာမန် ဥူးဇင်းကလည်း တရားဟောဖို့  နေရာယူကာဟောကြားပါတော့ တယ်။ ၂ နာရီခန့်  မေးလိုက် ဖြေလိုက် ပြုလုပ်ဖြစ်ခဲ့ပါတယ်။

တရားပွဲပြီး ကျောင်းပြန်ရောက်တဲ့ အချိန်မှာတော့ ဒီနေ့  ဆောင်းပါးရေးဖို့ အတွက် သေခြင်းရဲ့  စကား များ - လို့  စိတ်ကပေါ်လာတာနဲ့ ပဲ လူအများကိုလည်း ကိုယ့်လက် ကိုယ်ခြေ ကိုယ်ကြိုက်သလို စိတ်ကြိုက် ဖန်တီးရတုန်းလေး ဒါန သီလ ဘာဝနာ ကိစ္စမှာ မမေ့လျော့စေရန် ရည်သန်ကာ ရေးသား လိုက်ပါတော့တယ်။

သတိပြုဖွယ်

မမေ့လျင် မလျော့ဘူး။

မေ့လျင် လျော့မယ်။

ကုသိုလ် ကိစ္စ၀ယ်။
ကောင်းသည့် ကိစ္စ နယ်။





မြတ်ရောင်နီ

( ၂၁၊ ၀၉ ။ ၂၀၁၀ )




.

Sunday, September 19, 2010

ဆွေမျိုးတွေပဲ


ဆွေမျိုးတွေပဲ


အဆင်ပြေဖို့ အတွက်ဆိုရင် အချင်းချင်း နားလည်ထားသင့်တာက ဆွေမျိုးတွေပဲလို့ ဆိုတာပေါ့။ ဆွေမျိုးတောင်မှ ချစ်ရတဲ့ ဆွေမျိုးဖြစ်တယ်လို့  သိထားမယ်၊ စိတ်ထားနိုင်မယ်ဆိုရင် အတော်လေး အဆင်ပြေဖွယ် ရှိပါတယ်။


၁၇ရက် စက်တင်ဘာလ ၊ ၂၀၁၀ခုနှစ်။ ခုလောလောဆယ်ကပေါ့။ ဥရောပနဲ့ တရုတ် ခရစ်စယာန် သာသနာပြုကြပုံ အစည်းဝေးကြီးမှာ ကျောင်းနား နီးနေတာနဲ့  အနီးနေ ဂျာမန်ကိုယ်တော်က သူတို့  ဘယ်လို လုပ်ကြသလဲ ဆိုတာ သိကြရမယ်။

ဗဟုသုတလည်း ရနိုင်တယ် သွားကြမယ် ဆိုပြီး
နှစ်နာရီကြာ အစည်းဝေးကို တက်ရောက်ခဲ့ကြတယ်ပေါ့။

အစည်းဝေးကြီးကလည်း လူများစွာပါ။ သူတို့  ဘုန်းကြီး ၊ သီလရှင်တွေ ၊ လူတွေရယ်။ ပြီးတော့ လူပရိသတ် က တရုတ်နဲ့  ဂျာမန် အီတလီ အိုင်ယာလန် အိမ်နီးနားချင်း ဥရောပ က လူများစွာ ပေါ့ လေ။ အစည်းဝေး စာတမ်းက ပရော်ဖက်ဆာ ဒေါက်တာ တစ်ဦးက ဖတ်ကြားပါတယ်။

အဲဒီနောက်မှာတော့ မေးခွန်းမေးကြ ဖြေပေးကြ ၊
လုပ်ကြပါတယ်။ ထားလိုက်ကြစို့  ရဲ့ ။
အစည်းဝေး အကြောင်းကို။

အဲဒီအထဲမှာ ခရစ်စယာန် ဘုန်းတော်ကြီး တစ်ပါးက တကယ့် စေတနာ ကောင်း ကောင်း ရင်းနီးစွာ စကား လက်ဆုံကြဖြစ်ပါတယ်။ လက်ဘက်ရည်လည်း ကပ်ပေါ့။ ပြီးတော့ သူနဲ့  ပြောသွားတဲ့ စကားတစ်ခွန်းက အမှတ်တရ ဖြစ်စေခဲ့ပါတယ်။ ဘာလဲ ဆိုတော့ အားလုံးက ဘုရား သခင် ဖန်ဆင်းထားတာမို့  ဆွေမျိုးတွေတဲ့။

သူပြောခဲ့တဲ့ စကားကို မငြင်းပယ်ခဲ့ပါဘူး။ ကိုယ်သဘောကျတဲ့ အပိုင်းက အားလုံးက ဆွေမျိုးတွေ ဆိုတာကိုပဲလေ။ သူပြောချင်ရာ သူပြောသလို ကိုယ်ပြောချင်ရာ အာနပါန အကြောင်း၊ အာနပါန လုပ်ရင် သမာဓိ ဖြစ်လာပုံကို လည်း သူကို့  ပြောထားပြီးပြီကို။

တကယ်တော့ အားလုံးဟာ ဆွေမျိုးစပ်တတ်ရင် ဆွေမျိုးတွေချည်းပါပဲ။ ကိုယ့်အမြင်နဲ့ ကို စပ်ကြည့် မယ် ဆိုရင်ပေါ့လေ။ ကိုယ့်မိသားစုဝင်မို့ ကိုယ်နဲ့ ဆွေမျိုးတော်တယ်။ ကိုယ့်ရပ်ကွက်ကမို့  ကိုယ့်ရွာ ကမို့  ၊ ရပ်ဆွေရပ်မျိုးတော်တယ်။ ကိုယ့်နယ်ကမို့  ကိုယ်တိုင်းကမို့ ၊ ကိုယ့်နိုင်ငံကမို့ ၊ ကိုယ့်အာစီယံ နိုင်ငံ ကမို့ ၊ ကိုယ့်အာရှကမို့  အဲဒီလို တော်စပ်ကြည့်လိုက်ပါ။

နောက်ဆုံး ကိုယ့်ကမ္ဘာပေါ်ကမို့ ၊ ကိုယ့်လူသားချင်းမို့ ၊ နောက်ထပ် အောက်ထစ်ဆုံး စကားဆိုရရင် တိရ စ္ဆာန်လေးတွေနဲ့ တောင်မှ ကိုယ်လည်း သတ္တ၀ါ ၊ တိရ စ္ဆာန်လည်း သတ္တ၀ါ ဆိုပြီး သတ္တ၀ါ အချင်းချင်းမို့ တော်စပ်လို့ ရပါတယ်။( သတ္တ ဆိုတဲ့ ပါဠိမှ သတ္တ၀ါလို့ ဆိုသည်၊ လူသည်လည်း သတ္တအထဲမှာ ပါဝင်သည်။) ဒါက ကိုယ့်အမြင် သက်သက်ပါ။ ( အတ္တနောမတိ။ အတွေး)

ဘုရားရှင် အလိုတော်က ဒီလောက် ဒီလောက်လို့  အစမထင် ဂဏန်းချမရတဲ့ သံသရာ တစ်ခွင်မှာ ဆွေမျိုး မတော်ဖူးသူမရှိဘူးတဲ့။

ဘုရားလက်ထက်က ပုဏ္ဏားကြီး လင်မယားတောင် ဘုရား တွေ့ တွေ့ ချင်း သားအမှတ်နဲ့ ချစ်စိတ်ဝင်၊ ဘုရားကို သားလို့ ပါးစပ်က ထွက်ကျလာတယ်။ ကြားရတဲ့ ရဟန်းတော်တွေများက အံ့ကိုသြလို့ ။ သားရယ် အမေ အဖေတို့  ကြီးလှပါပြီ၊ သားသမီးတွေ ဆိုတာ အရွယ်ကြီးတဲ့ အဖေအို အမေအို ပစ်မထား သင့်ဖူး မဟုတ်လား။ ခုမှ ကြွလာရတယ်လို့  လည်းပြောတယ်။ ဒါကတော့ လူပြော ပြောတာ ပေါ့လေ။ ( လူပြောဟူသည် လူအချင်းချင်း ပြောသလိုမျိုး)။

ပြီးတော့ ဟေ့ ငါ့ သားတို့  သမီးတို့  နင်တို့ ရဲ့  အကိုကြွလာတယ်။ ရှိခိုးကြတဲ့။ ပြီးတော့ သားခုချိန်က စပြီး ဘယ်မှ မသွားနဲ့ ၊ အမြဲ ဆွမ်းကပ်မယ် စသဖြင့် ပြောပြန်ရော။ ( ကြည့်ဦး၊ အတ္တကြီးပုံများ သား
ဆိုတဲ့ ဆွေမျိုး သံယောဇဉ် ကြောင့် ပြောလိုက်တာ၊ တရားမှ အတွင်း မရောက်သေးတာကိုး)။

နောက်တော့ ဘုရားရှင်က သူတို့ ကို တရားဟောပြောခဲ့ပါတယ်။ တရားထူးရကြတယ်ပေါ့။ ရဟန်း တော်တွေက မျက်စိ တွေလည်ကုန်တာပေါ့။ ဖခမည်းတော် သုဒ္ဓေါဓနမင်းတြားကြီး နဲ့  မိဖုရား မဟာ မာယာက မွေးဖွားတော်မူတဲ့ ဘုရားကိုများ သူတို့  သား သားနဲ့  တစ်သားသားတည်း ဆိုပြီး လုပ်နေ ကြတယ်၊ ဘယ်အကြောင်းကြောင့်ပါလိမ့်ဗျာ။ ဘုရားရှင်ကလည်း မဟုတ်ဘူး မပြောဘူး၊ သာသာ လေး ငြိမ်နေတော်မူလိုက်တာ။ သိချင်လိုက်တာ ဘာလို့ လဲမသိ။

ဒါနဲ့  ပဲ ဘုရားရှင်ကို ရဟန်းတော်တို့ က လျှောက်ဖြစ်ကြတယ်။ ဘုရားရှင်က ရှင်းပြလိုက်တယ်။ သူတို့ က အဖေ အမေ ဘ၀ ၅ရာ၊ အဖေလေး အမေလေး ဘ၀ ၅ရာ၊ အဖေကြီး အမေကြီးဘ၀ ၅ရာ အဲလိုကို ဆက်တိုက် ဆွေမျိုးတော်ခဲ့ဘူးတာ။ အဲဒါကြောင့် သူတို့ က သားချစ်စိတ်တွေပိုခဲ့ ယိုခဲ့တာ ပေါ့တဲ့။

ဟိုတုန်းက မမြင်ဘူးတဲ့ လူတစ်ယောက်ယောက်မှာ
စိတ်ပါဝင်စားသွားတယ်၊ စိတ်က ကြည်နူးသွား တယ် ဆိုရင်
အဲဒီ လူမှာ တကယ့်ကို အကျွမ်းဝင်တော့တာပါပဲ။ ( ဇာတက)

အဲလို ဖြစ်သွားတာဟာ-

ဟိုတုန်းက အတူ နေခဲ့ဖူး ထိုင်ခဲ့ဖူး သွားတူ လာတူ
လုပ်ခဲ့ဖူးလို့  ဖြစ်ဖြစ်၊ ခုဘ၀မှာလည်း သူ့ ကောင်း ကျိုး
ကိုယ့်ကောင်းကျိုးလေးတွေ ရှယ်ယာ အချင်းချင်း
လုပ်ကြလို့ ဖြစ်ဖြစ် အကျွမ်းဝင် ခင်မင် အချစ် စိတ်
ဖြစ်လာတတ်ပါတယ်။
ဥပမာ- ရေနဲ့  ကြာပန်းတွေ့ တဲ့ အခါ
လှလှ ပပ ပွင့်သလို မျိုးပါပဲ။
( ဇာတက)

ဒီလိုမျိုး ဘုရားရှင်က ရှင်းလင်းပြလိုက်တော့မှ ရဟန်းတော်တွေက အော် ဒီလိုကိုး ဆိုတာ ရှင်းရှင်း လင်းလင်း သိသွားကြတယ်ပေါ့။

ဒီဝတ္ထုမျိုးလိုပဲ နကုလပိတာ နဲ့  နကုလမာတာတို့ က ဘုရားကို မြင်မြင်ချင်း ချစ်စိတ်သက်ခဲ့ကြတာ။ နောက်ဆုံး မှာတော့ ဘုရားရှင်ဟာ အရင်းနီးဆုံး ပုဂ္ဂိုလ်ထဲမှာ သူတို့ က ထိပ်တန်းက ဖြစ်ကြောင်း ပရိသတ်အလယ် ဖေါ်ထုတ်ပြောကြား တော်မူခဲ့ပါတယ်။

ဒီလိုဆိုတော့ ဟို ခရစ်စယာန်ဘုန်းကြီး ပြောသလို သူတို့ ဘုရားက ဖန်ဆင်းတာမို့  ဆွေမျိုးဆိုတာကို လက်ခံရမယ် လို့  မဆိုလိုသော်လည်း ဆွေမျိုး ဆိုတာတော့ လက်ခံသင့်ပါတယ်။

သို့ မဟုတ် ကိုယ့်အမြင် ကိုယ့်အတွေးအရ တစ်နည်းနည်းနဲ့  စပ်ပြီး ကိုယ့်နိုင်ငံ ကိုယ်ကမ္ဘာ စတဲ့ ဆွေမျိုး စပ်နည်းနဲ့ လည်း စပ်လိုက စပ်နိုင်ပါတယ်။

ဘုရားရှင် အလိုတော်ကျတော့ အားလုံး သံသရာမှာ လူတိုင်းလူတိုင်း ၊ သတ္တ၀ါတိုင်း သတ္တ၀ါတိုင်း ဆွေမျိုးမတော်ဘူးသူ မရှိဘူး လို့  ဆိုထားတာမို့  ဆွေမျိုးစပ်လို့  ရနိုင်ပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် ပေါ့လေ၊ ဆွေမျိုးတွေပဲ လို့  သဘောပေါက်ရင်၊ ဆွေမျိုးတောင်မှ ချစ်ရတဲ့ ဆွေမျိုး လို့ သိထား ကြရင် ၊ သဘောထားနိုင်ကြရင် အတော်လေး အဆင်ပြေမှာ သေချာပါတယ် ။

ဆွေမျိုးတွေပဲ
ဆွေမျိုးတွေပဲ
ဆွေမျိုးတွေပဲ


အားလုံးဟာ ဆွေမျိုးတွေပဲနော်။
ဟုတ်တယ်ဟုတ်။


ကျမ်းကိုး-

ဓမ္မပဒအဋ္ဌကထာ ၊ ဗုဒ္ဓပိတု ဗြာဟ္မဏ၀တ္ထု
ဇာတကအဋ္ဌကထာ၊ နကုလပိတုဂဟပတိဝတ္ထု
အတ္တနောမတိ ၊ ပစ္စုပ္ပန္နုပ္ပတ္တိ

မြတ်ရောင်နီ

( ၂၀ ၊ ၀၉ ၊ ၂၀၁၀ )


.

တရားပွဲ ကြေငြာ ဖိတ်ကြားခြင်း


တရားပွဲ ကြေငြာ ဖိတ်ကြားခြင်း





အရှင်တေဇောဘာသ ( မြင်းခြံ )


ယနေ့  သာသနာ နှစ် ၂၅၅၄ခု ၊ မြန်မာ နှစ် ၁၃၇၂ခုနှစ် ၊ တော်သလင်းလဆန်း( ၁၂) ရက် ၊ ၂၀၁၀ခု၊ စက်တင်ဘာလ ၂၀ ရက် ၊ တနလာင်္နေ့  ညနေ ၇ နာရီမှ ည ၉ နာရီထိ အောက်ပါနေရာတွင် သီလနှင့်ဆိုင်ရာ တရားတော်များကို ဆက်လက်ဟောကြားသွားပါမည်။

တရားတော် နာယူနိုင်ရန် အသိပေး ကြေငြာလိုက်ပါသည်။

နေရာ- Thailändsches Restaurant Thantawan
Genovevaweg31 ( Ecke Willibaldstrße)
80689 München



မြတ်ရောင်နီ
( ၂၀ ၊ ၀၉ ၊ ၂၀၁၀)




.

Wednesday, September 15, 2010

စာ နှင့် သိက္ခာ



စာ နှင့် သိက္ခာ


ဟိုးတုန်းက....။ ကိုရင်ဘ၀ကပေါ့။ မှတ်သားခဲ့ဘူးတဲ့ ဆောင်ပုဒ် တစ်ပုဒ်ကို စဉ်းစားပြီး ဆောင်းပါး ရေးချင်စိတ်ပေါ်လာပါတယ်။ အကြောင်းရာကလည်း အများသိသင့်တဲ့ အကြောင်းရာဖြစ်တယ်လို့  ယူဆမိတာကိုး။ အဲဒီဆောင်ပုဒ်က အဓိက စာချဘုန်းကြီးများ၊ စာသင်သောတုဇန သံဃာများကို အားရှိစေတဲ့ စကားပါ။

ဆောင်ပုဒ်က ဒီလိုပါ...

စာတန်ခိုး

စာချ စာသင် အလုပ်ခွင်ဝယ် ၊
နေ့ စဉ်မွေ့ လျော် များသူတော်တို့ ၊
ရွှင်ပျော်လုံ့ လ သဒ္ဓါကြွ၍ ၊
ဉာဏစင်ဖြူ သင်ချ မူကား၊
ထိုသူ စီးပွါး သုတများသဖြင့် ၊
စဉ်းစားဉာဏ်ကြွယ် အမြင်ကျယ်၏၊

မကွယ်စေကာ ကိလေသာလည်း၊
သူငါ ယုတ်ကြမ်း ဖြစ်စတမ်းသို့ ၊
ဗရမ်းဗတာ ဖြစ်မလာဘဲ ၊
ဣဿာ မစ္ဆေရ မထကြွဘူး၊

ရာဂ ဒေါသော မာန မောတို့ ၊
အပြောကျယ်ကျယ် သေးငယ်ငယ်မှ၊
စ၍ပဟာန် တဒင်္ဂန်ဖြင့်၊
ဝိက္ခ မ္ဘန ပယ်နိုင်ကြသည်၊
သင်ချ အကျိုး စာတန်ခိုး။

( တောင်မြို့ ဆရာတော်၊
သမ္မောဟ၀ိနောဒနီအဋ္ဌကထာ)


ဆောင်ပုဒ် ဆိုလိုရင်းမှာ ရှင်းလင်းလှပါတယ်။ သို့ သော် လွယ်ကူ ချောမွေ့ စွာ အတိုချုပ်ပြောရရင်- စာချဘုန်းကြီးဖြစ်ဖြစ်၊ စာသင်သားသံဃာ ဖြစ်ဖြစ် ကိုယ့်အလုပ်ကို စေတနာသန့် သန့်  စိတ်ဝင် တစား မွေ့ လျော်ကာ ပြုလုပ်နေပါလျင် အသိတွေတိုး ဉာဏ်အမြင်ကျယ်လာပါမယ်။

စိတ်ရဲ့  အနောက်ကျုဖြစ်တဲ့ ကိလေသာ လုံးဝ မပယ်သတ်နိုင်သေးသော်မှ ကိုယ့်စာလေးကို ပျော်ပျော်ရွှင်ရွှင် သိချင်စိတ် ၊ ရချင်စိတ် ၊ ပို့ ချမှု ၊ လေ့လာသင်ယူမှု ပြုလုပ်နေတာကြောင့် အဲဒီ အချိန်မှာတော့ ဣဿာဆိုတဲ့ မနာလိုမှု ၊ မစ္ဆရိယဆိုတဲ့ နှမြောမှုတွေဟာ သူ့ အလိုလို ကင်းနေ ပါတယ်။

အဲဒီအချိန်မှာ လိုချင်တာ စိတ်တိုတာ အသိမှားတွေ ဖြစ်တာတွေ လည်း ကင်းပါတယ်။ ဘုရား တရားတော်တွေ ပို့ချနေတာကိုး။ အမြဲတမ်း မဟုတ်တဲ့ တဒင်္ဂလေး ပယ်နိုင်တာပေါ့လေ။ အဲဒီ တဒင်္ဂလေးတွေ များများ ပယ်နိုင်တာ ကြာသွားရင် ၀ိက္ခ မ္ဘန အဆင့်ထိ ရောက်သွားတယ်။ ကြာ ကြာ ကိလေသာတွေ မဖြစ်တော့ဘူးပေါ့။ ဒါပဲ၊ စာချ စာသင်ခြင်းရဲ့ ရလာဒ်က။

ဒါနဲ့  ပါတ်သက်ပြီး သိက္ခာ သုံးပါးကို အကြမ်းဖျဉ်း စဉ်းစား ဆက်စပ်ကြည့်မိပြန်ပါတယ်။ သိက္ခာ ဆိုတာ အများသိ နေတဲ့ အတိုင်း ဂုဏ်ရှိတာကို သိက္ခာကို ခေါ်ပါတယ်။

ဂုဏ်ဆိုတာ ကောင်းဂုဏ် ဆိုးဂုဏ်ရယ်လို့  ရှိပြန်တယ်။ ဂုဏ် - ဂုဏ ဆိုတာ ထူးခြားတာလေ။ ကောင်းတာ ထူးထူး၊ မကောင်းတာ ထူးထူး ဂုဏ်သတင်းကတော့ ထွက်နေတာပါပဲ။ ဒီနေရာ မှာတော့ သိက္ခာဆိုတာ ကောင်းတဲ့ ဂုဏ်တွေကို ဆိုလိုပါတယ်။

သိက္ခာ သုံးရပ် လူအများ သိအပ်တဲ့အတိုင်းပါပဲ။
သီလ သမာဓိ နဲ့ ပညာ တို့ ဖြစ်ပါတယ်။

စာကျက်နေတဲ့ အချိန် ၊ စာချနေတဲ့ အချိန်ဟာ စောင့်ထိန်းရမည့် သီလကို အလိုလို စောင့်ထိန်းပြီး ဖြစ်နေပါတယ်။ သီလ ဆိုတဲ့ ပါဠိကို အလေ့ကျင့်လို့  သာမန်လေး ဘာသာပြန်မယ် ဆိုရင်လည်း အဲဒီ လိုမျိုး စာနဲ့ ပါတ်သတ်ပြီး အလုပ် လုပ်နေတာဟာ ကောင်းတဲ့ အလေ့ကျင့် ဖြစ်တယ်ပေါ့။ ဒီလိုဆိုတော့ ကောင်းတဲ့ သီလဂုဏ် သိက္ခာ ရှိသွားပါတယ်။

ပြီးတော့ သမာဓိပါ။ သမာဓိဆိုတာလည်း အဲဒီအချိန်မှာ ကောင်းတဲ့ သမာဓိ ဂုဏ်သိက္ခာ ရှိသွားပါ တယ်။ အဲ... နားလည် ထားရမှာက သမာဓိ ဆိုတာ အလုပ်တစ်ခုကို စိတ်ဝင်တစား လုပ်နေတာကို ခေါ်တာပါ။ စာ တကယ် စိတ်ဝင်တစား လုပ်နေရင် အခြားသူရဲ့  လုပ်ရှားမှု အသံတွေတောင် မကြားတတ်ပါဘူး။

ဒီနေရာမှာ ပြောစရာရှိတာက သမာဓိ ဆိုမှတော့ မကောင်းတဲ့ သမာဓိ ရှိသေးလို့ လား လို့  စော ကြော အမေး ထူစရာ ရှိပါတယ်။ ရှိလို့ ပဲ ကောင်းတဲ့ သမာဓိလို့  ပြောလိုက်တာပါ။ တစ်ချို့  ဆိုရင် ဂိမ်းဆော့တာ ၊ ဖဲရိုက်တာ၊ ငါးမျှားတာဟာ လည်း စိတ်ဝင်တစား လုပ်ကြပါတယ် ။ ငါးမြားတံကို လည်း စောင့်ကြည့်နေရပါတယ်။ အဲဒါမျိုးလည်း သမာဓိပါ။ အဲဒီသမာဓိမျိုးကို မိစ္ဆာသမာဓိ ဆိုး သွမ်းတဲ့သမာဓိ လို့  ပြောရမှာပေါ့။

အဲဒီလို စာတွေ သင်ကြား ပို့ ချချိန်မှာ တစ်လုံးစ နှစ်လုံးစမှ မှတ်မိ မှတ်မိ လာကြတယ်။ အသိ ပညာတွေ တိုးတယ်။ ပိဋကတ်တွေလည်း ကျယ်ကျယ် ပြန့် ပြန့် သိကြတာပေါ့။ အသိပညာ တိုးတာဟာလည်း အကြမ်းဖျဉ်း ပညာ သိက္ခာပေါ့။ ၀ိပဿနာ ပညာ မဂ်ပညာ အဆင့် မဟုတ် သေးသော်မှ အဲဒီ ဉာဏ်တွေ ရဖို့  အထောက်ပံ့ပေးတဲ့ စာတွေဖြစ်နေတာကိုး။ ဒီလိုဆိုတော့ ပညာ သိက္ခာလည်း စာချစာသင် သံဃာတွေမှာ ရရှိနိုင်တာပဲပေါ့နော်။

အကျဉ်းချုပ် ပြောရရင် စာချ စာသင် သံဃာတော်များဟာ ကိုယ့်အလုပ်ကို လုပ်နေကြတာမို့ စိတ်ကို နောက်ကျိသွားတဲ့ ကိလေသာစိတ်တွေ ၊ အသိဉာဏ်ကင်းစေတဲ့ စိတ်တွေ ပါး ပါး လာပြီး သိက္ခာ သုံးပါးကိုလည်း ဖြည့်ကျင့်ရာ ရောက်နေပါလားလို့  သဘောပေါက်မိပါတယ်။

ခု ဘလော့ ရေးနေတဲ့သူ ဘလော့ လာဖတ်သူတို့  အနေနဲ့ လည်း နှိုင်းယှဉ် စဉ်းစား ကြည့်ရင် ဓမ္မဘလော့ ရေးသူက စာချသံဃာလို ၊ ဖတ်ရှုသူကလည်း စာသင်သောတုဇန သံဃာလို ရလာဒ်ကတော့ ရကြမှာပဲလို့  ထင်မိပါတော့တယ်။



ဒိုင်ယာလော့ဂ်

ဘလော့မှာ စာရေးသူ။ ။ ဟုတ်တယ်နော်?။

ဘလော့မှာ စာဖတ်သူ။ ။ ဟုတ်၊ ဟုတ်၊ ဟုတ်။

အဟမ်း... ဟမ်း ...ဟမ်း

...................................................................




မြတ်ရောင်နီ
( ၁၅၊ ၀၉ ၊ ၂၀၁၀ )





.

Monday, September 13, 2010

ဘုရား ဘုရား


ဘုရား ဘုရား

ဟိုး... ခုခေတ်တုန်းကပေါ့ကွယ်။ ( ရှေးရှေးတုန်းက မဟုတ်ဘူးနော်)။ ကိုယ်တော်လေးတစ်ပါးက ခပ်ငယ်ငယ် ခပ်ရွယ်ရွယ်။ အင်တာနက် ဆိုတာကို စူးစမ်းလိုတာနဲ့  ချက်တင်းကို ထိုင်သတဲ့။ သူ ပထမ ထိုင်စ အသုံးပြုစမှာတော့ သူရထားတဲ့ ကျက်ထားတဲ့ စာတွေအတိုင်း ငါက ကိုယ်တော်ပဲ တရား ဟောမှာပဲ ဆိုပီး တရားတွေ ပြောပါသတဲ့။

ပြောလေတိုင်း ပြောလေတိုင်း ကောင်လေး ကောင်မလေး တွေ ဒီကိုယ်တော်နဲ့  ဘာကြီးမှန်း မသိ ဘူးတဲ့ ။ အဖိုးကြီး ဖြစ်မယ်။ ပြောလေတိုင်း တရားသံတွေပါတယ်လို့ ပြင်းစရာ ကောင်းလိုက်တာ ဆိုတဲ့ ပြစ်တင်သံလေးတွေ ဆုရရှိပါ သတဲ့။

နောက်တော့ အဲဒီ ကိုယ်တော် ငယ်ငယ် လေးကို ကောင်လေး ကောင်မလေးတွေ ရှောင်ကွင်း သွားပါသတဲ့။ သူလည်း သူ့ ကိုယ်ကို ရှောင်ကွင်း ကိုယ်တော် သတ်မှတ်လိုက်သတဲ့ကွယ်။ အဲ... ရှောင်လင် ကိုယ်တော် မဟုတ်ဘူးနော်။

ဒီလိုနဲ့  သူများတွေ ပြောတာကျ အဆင်ပြေတယ်။ ငါမှာတော့ အဆင်မပြေဘူး။ ဆရာကောင်း သမားကောင်းတွေထံ လိုက်လံ ရှာဖွေ ချက်တင်း ကို နည်းခံလေသတဲ့။ သူလည်း ဘယ်သူက သူ့ ကို ပြန်ဟိုင်း လုပ်လုပ် သဘောတွေ ခွေ့ လေသတဲ့။

နောက်တော့ ရှောင်ကွင်း ကိုယ်တော်လေး လည်း အင်တာနက် အထာကို ပေါက်ကာ မြင်မြင် သူတိုင်းက ခင်မင်ချင်လာသတဲ့။ သူလည်း သူများက သူ့ ကို မပေးတဲ့ ခင်မင် ကိုယ်တော်လို့  သတ်မှတ်လိုက်ပြန်ရောတဲ့။

ဒီလိုနဲ့  သူလည်း မသိသူလည်း ချက်။ သိသူလည်းချက် လက်ကွက်တွေ သွက်ပြီး သူ့ ကိုယ်သူ သဘောကျနေရဲ့ ။ အခြားသူက ပြောလိုက်တဲ့ စကားကိုလည်း တခစ်ခစ် ဖြစ်တတ်တယ်။ နောက်တော့ သူလည်း နဲနဲလေးလောက် စကားပြောသူ အနီးမှာ မရှိဘူးဆိုတာနဲ့  ပျင်းစိတ်ဝင်တဲ့ အခါ အင်တာနက် တွေ့ ကရာလူတွေကို ပြောလေသတဲ့။

တစ်နေ့ သော်...

ခင်မင် ကိုယ်တော်။ ။ဟလို ဒကာမလေး။
ပေါက်ကျော်မ။ ။ ဘုရား။

ခင်။ နေကောင်းလားကွယ့်။

ပေါက်။ ။ ကောင်းပါတယ်ဘုရား။
အရှင်ဘုရားရော။

ခင်။ ။ ကောင်းတယ်ကွယ့်။

အေး ပြောရဦးမယ် သိလား။
ပေါက်။ ပြောပါဘုရား။
ခင်။ မောင်ဖုန်းလေ။
တန်ဆောင်မုန်း ပြန်လာမယ်သိလား။

ပေါက်။ ဒါဆို အရှင့်ကို
အပြင် မြင်ဖူးတော့မှာပေါ့ ဘုရား။


ခင်။ အိမ်း။ ဒကာမလေး က အတွင်းရော မြင်ဖူးလို့ လား။

ပေါက်။ ဘုရား ဘုရား ။ ဘာလဲ ဘုရား။
မမြင်ပါဘူး ဘုရား။

ဘုရား ဘုရား



ခင်။ ဟဲ့.. ဒီက ပြောတာက ။ အင်တာနက်ကနေ
ဓာတ်ပုံပို့ ထားတာ ကိုပြောတာပါ။

အတွေးမမှားနဲ့ လေကွယ်။
ပေါက်။ ပေါက်ပါပြီ ဘုရား။
ခင်။ နာမည်လိုက်အောင် ပဲကွယ်။
ပေါက်မှပေါ့ကွယ့်။

ပေါက်။ တင်ပါ့ဘုရား။

ခင်။ ။ ဒါပဲနော်။ လုပ်စရာ ရှိသေးလို့  နားလိုက်ဦးမယ်။

ခဏ နားနားနေနေ အပျင်းပြေ ပြောတာကွယ့်။
ပေါက်။ အဲတော့...
သူ့ အပျင်းဖြေပေးရတဲ့
သဘောပါ့လားနော်။


ခင်။ အဲလိုလည်း မဟုတ်ပါဘူးလေကွယ်။

ပေါက်။ တင်ပ။ ဒါဆိုလည်း ဦးတင်ပါတယ်နော်... ဘုရား။
ခင်။ အိမ်း... သာဓုကွယ် သာဓု။

ပေါက်။ ဘိုင်။

ခင်။ ဘိုင်။



မှတ်ချက်။ ။ တိုက်ဆိုင်မှုရှိပါက ခွင့်လွတ်ပါကုန်။
နာမည်ကို ပြောင်းလွဲ ရေးထားပါတယ်။


မြတ်ရောင်နီ

(၁၃ ၊ ၀၉ ၊ ၂၀၁၀ )
.

Sunday, September 12, 2010

ဗောဓိပင်နှင့် ဆန်းဒေးစကူးလ်


ဗောဓိပင်နှင့် ဆန်းဒေးစကူးလ်





ဆန်းဒေးစကူး ဖွင့်ပွဲ အမှတ်တရ
ဘုရားထံ ပန်း ဆီမီး ပူဇော်ထားပုံ




သီရိလင်္ကာမိသားစုများမှ
ရွှေမဟာဗောဓိပင် လှူဒါန်းကပ်စဉ်




ဆန်းဒေးကူး ကလေးငယ်များ
သင်တန်းမစမီ
သင်တန်းဆရာတော် မှ ရှင်းပြနေစဉ်





နမော တဿ သုံးကြိမ် ရွတ်ပြီး
သရဏဂမန ( သရဏဂုမ် ) သုံးပါး
ရှင်းလင်း ပြောကြားစဉ်





ကလေးဆိုတော့လည်း စာထက်
ဘုရားပုံတော်ကြည့်နေတာကို
သဘောကျတယ်ဆိုတာ သဘာဝပါပဲ



ဗောဓိပင်

အာ- ဗော- ကာ- ယ- ဆန်- ရွှေ- ကဏ် ဆိုတာ မြန်မာလို ဘုရားရှင်နဲ့  ဖွားဖက်တော်ကို ရည်ညွှန်း ပြောဆို ထားတာပါ။ ဖွားဖက်တော်ဆိုတာ နေ့ တူ မွေးဖွားတာကို ဆိုလိုပါတယ်။

အာ- အရှင်အာနန္ဒာ။ ဗော-မဟာဗောဓိပင်။ ကာ- ကာဠုဒါယီ။ ယ- ယသော်ဓရာ။ဆန်-အရှင်ဆန္န။ ရွှေ-ရွှေအိုးကြီးလေးလုံး။ ကဏ်-တောထွက်ချိန်မှာစီးတဲ့ ကဏ္ဍက စီးတော်မြင်းတို့ ပါပဲ။

အဲဒီဖွားဖက်တော်များထဲက ဘုရားရှင် ဖွားဖက်တော်ဖြစ်တဲ့ မဟာဗောဓိပင်အောက် ရွှေပလ္လင် ထက်မှာ ဘုရားဖြစ်တော်မူပါတယ်။ ဘုရားရှင် ဘုရားဖြစ်တဲ့ ဗောဓိပင်မိုလို့  ဘုရားရှင်ကို ရိုသေ လေးစား မြတ်နိုးသောအားဖြင့် ဗောဓိပင်ရဲ့  ဗောဓိရွက်တို့  ဗုဒ္ဓဘာသာ လူမျိုးအသီးသီးတို့ က ကိုးကွယ် ဆည်းကပ်ကြပါတယ်။

အဲဒီလို ကိုးကွယ် ဆည်းကပ်သည့်အထဲတွင် သီရိလင်္ကာ ပိုပြီး လေးစားသမှုပြုကြတာတွေပါ တယ်။ ဘုန်းကြီးကျောင်းမှန်ရင် ဗောဓိပင်ရှိရမယ် လို့  စေတီ ရှိရမယ် ပုံစံမျိုး ပြောရလောက် အောင် ဘုန်းကြီးကျောင်းမှာ ရှိတာကိုတွေ့ ရပါတယ်။ ပြီးတော့ လမ်းဆုံလမ်းခွတွေမှာလည်း ဗောဓိပင်တွေ တွေ့ ရတယ်။ ဗောဓိပင်ကိုလည်း ခုတ်ခြင်း ဖြတ်ခြင်း လုပ်တာ လုံးဝကို မကြိုက်
် ခုတ်ဖြတ်လျင် သူတို့  အလွန်မတန် ၀မ်းနည်း တတ်ပါတယ်။ ငိုသည့်အထိ ၊ ပြဿနာ ဖြစ်သည် အထိ ဖြစ်တယ်လို့  သီရိလင်္ကာနေစဉ်က ကြားဖူးခဲ့ပါတယ်။

သီရိလင်္ကာ ကန္နီမြို့ ရှိ သီရိမဟာဗောဓိကိုလည်း ဘုရားရှင် အသုံးပြုတော်မူသွားခဲ့တဲ့ မူလ ဗောဓိ ပင်မှ အကိုင်းကို သင်္ဃမိတ္တ ဘိက္ခုနီ အရှင်မ သယ်ယူပင့်ဆောင်ကာ စိုက်ပျိုးထားတယ် လို့ ဆိုပါ တယ်။ ဒါကြောင့်မို့ လည်း သီရိလင်္ကာ ပြည်သူပြည်သားများဟာ ဗောဓိပင်ကို အသက်တမျှ လို့  ပြောရလောက်အောင် ဘုရားရှင်နဲ့  မခြား ကိုးကွယ်ကြပါတယ်။

ဒီနေ့ မှာလည်း မဟာဗောဓိပင်ရဲ့  ဗောဓိညောင်ရွက် တစ်ရွက်ကို ရွှေဗောဓိညောင်ပင်ကြားညှပ် ကာ ပင့်ဆောင်လာခဲ့ပြီး ကျောင်းကို လှူဒါန်းခြင်းဖြစ်ပါတယ်။

ဆန်းဒေးစကူးလ်

သီရိလင်္ကာနိုင်ငံရှိ ကလေးသူငယ်များသည် အစိုးရကျောင်းများ ၌ ၅ နှစ်အရွယ်မှ စတင်ပြီး ပညာသင်ယူရသကဲ့သို့  ဆန်းဒေးစကူးလ်ကို အစိုးရကျောင်းများနှင့် တူညီစွာပင် အတန်းများကို သူ့ အဆင့်သူခွဲခြားထားပါသည်။ အစိုးရကျောင်းများက သူငယ်တန်းဆိုလျင် ဆန်းဒေးစကူးမှာ သူငယ်တန်းပင်ဖြစ်သည်။

ဆန်းဒေးစကူးကို ... ၁။ သူငယ်တန်း ( Primary ) ၂။ ၁ တန်းမှ ၁၀ ( Grade 1 to Grade 10 )။
၃။နောက်ဆုံးအဆင့် ၁ ၊ ၂ ( Final1.2 ) ဟု အတန်းပေါင်း ၁၃ တန်း ခွဲခြားပြီး သင်ကြားပေးပါ သည်။ ပြဋ္ဌာန်းထားသည့် စာအုပ်များမှာ ငါးရာငါးဆယ်လာ ဇာတ်တော်များ၊ ဓမ္မပဒကျမ်းလာ ဘုရားလက်ထက်ကအဖြစ်ပျက်များ၊ ကဗျာများ၊ဗုဒ္ဓ၀င်အကြောင်း၊ ပရိတ်ကြီးပါဠိနှင့် အဓိပ္ပါယ် စသည်တို့  ဖြစ်သည်။

သင်ရိုးပြဋ္ဌာန်းစာအုပ်တွေကိုလည်း သာသနာရေး ၀န်ကြီး ဌာနက ရိုက်နှိပ်ထုတ်ဝေပြီး အခမဲ့ ဖြန့် ဝေ၏။ ယင်း ဆန်ဒေး စကူးလ် စာမေးပွဲကို သာသနာရေး ၀န်ကြီး ဌာနကပင် တာဝန်ယူပြီး ဒီဇင် ဘာလ ပထမပတ်မှာ ကျင်းပပေးပါသည်။
( နန္ဒစိုးမင်း- တန့် ဆည်၊ လင်္ကာတမန် မဂ္ဂဇင်း မှ)

မြန်မာနိုင်ငံမှာတော့ ဆန်းဒေးစကူးရယ်လို့  ထူးပြီး မပေါများလှသေး။ နွေရာသီ ယဉ်ကျေးမှု သင် တန်း များနဲ့ အဘိဓမ္မာသင်တန်း၊ ၀ိသုဒ္ဓိမဂ် စာမေးပွဲများလောက်သာ ရှိပါတယ်။

မြန်မာနိုင်ငံ သင်တန်းနဲ့  စာမေးပွဲများကတော့ လေ့လာဖို့  အချိန်ရသူနဲ့  စားဝတ်နေရေး ပြေလည် သူလောက်သာ တတ်နိုင်ပါတယ်။ မတတ်နိုင်သူ အဖို့ ကတော့ ကလေးလည်း ကလေးနဲ့  ထိုက် တန်တဲ့ အလုပ် လုပ်နေရတာမို့  တစ်ချို့ လည်း ကျောင်း မရောက်ပဲ ဓမ္မနဲ့  ဆိုင်ရာ ဗဟုသုတ နဲနေတာ တွေ့ ရပါတယ်။

သီရိလင်္ကာနိုင်ငံမှာတော့ မဖြစ်မနေ ဆိုသလို သင်တန်း တတ်ကို တတ်ကြရတာမို့  ဘာသာရေး အသိက အတော် လေး အဆင်ပြေလှတယ်။ အလုပ်ခွင် ၀င်တာတောင် ဆန်းဒေးစကူး လက်မှတ် ပြရတယ် လို့  ကြားဖူးတယ်။ ဆန်းဒေးစကူးလ် တက်ထားမှ အလုပ်ကောင်းတဲ့ သဘောထိ ပြောပါတယ်။

ဒါကြောင့်လည်း ဒီနေ့  ဆန်းဒေးစကူးမှာ သီရိလင်္ကာ ကလေးများက လေးယောက် ထိုင်းကလေး က တစ်ယောက် အစနေ့ မှာ စခဲ့ပါတယ်။

သင်တန်းကိုတော့ ကိုယ်ကိုယ်တိုင် စဖွင့်လှစ်ပေးခဲ့ပါတယ်။ သင်တန်းဆရာများအနေနဲ့ ဘုန်းကြီး များနဲ့  သီရိလင်္ကာ ဆရာမ၊ ထိုင်းဆရာမ ၊ ဂျာမန် ဆရာ တို့ ဖြစ်ပါတယ်။

တစ်လ တစ်ကြိမ် ကလေးများအဖို့  ဗုဒ္ဓဘာသာ နဲ့  ပတ်သက်တဲ့ သိသင့်သိထိုက်ထားတာတွေ ကိုတော့ သိသွားကြမယ်လို့  ယုံကြည်လျက် ဆန်းဒေးစကူး စတင်ကာ ဖွင့်လိုက်ပါတယ်။



မှတ်ချက် ။ ။ သင်တန်း တက်လို က
http://bodhi-vihara.org/blog/ မှာ
အသေးစိပ် ဖတ်ရှုနိုင်ပါသည်။





မြတ်ရောင်နီ

( ၁၂ ၊၀၉ ၊၂၀၁၀ )





ို


.

Friday, September 10, 2010

အတွေး ရောင်နီ ( ၁ )


အတွေး ရောင်နီ ( ၁ )


ကိုယ့်ဖာသာမေးနော်

လူရယ်လို့ ဖြစ်လာရင်
ပျော်နိုင်ဖို့  အတွက်
အပျော်လေးတွေ
ရှာနေကြတယ်။

ဘယ်လိုအပျော်မျိုးနဲ့ 
ပျော်နေကြတာလဲ။
ရှာနေကြတာလဲ။

ကာမရတိ-
သမားရိုးကျ
အပျော်လား။

ဓမ္မရတိ -
ထူးထူးဆန်းဆန်း
အပျော်လား။


သမားရိုးကျ အပျော်က
အပျော်အစစ်လား။

ထူးထူးဆန်းဆန်း အပျော်က
အပျော်အစစ်လား။

အပျော်ရဲ့  အဆုံး
ရလာဒ်ကိုကြည့်လိုက်ပါ။


( ဘယ်လိုအပျော်မျိုးနဲ့ 
ပျော်နေကြတာလဲ။
ရှာနေကြတာလဲ။ )

ကိုယ့်ဖာသာ မေးနော်။


မှတ်ချက်။ ။ ကဗျာ မဟုတ်ပါ။
အတွေး ရောင်နီ သက်သက်မျှ ဖြစ်ပါတယ်။

မြတ်ရောင်နီ

( ၁၀ ၊ ၀၉ ၊ ၂၀၁၀ )-
.

Tuesday, September 7, 2010

သင်္ခါရ


သင်္ခါရ

သင်္ခါရ ဆိုတာနဲ့  လူတိုင်း သိပြီးသားဖြစ်တဲ့ သင်္ခါရဆိုတာ မမြဲတာပဲလို့  သိနေပါလိမ့်မယ်။ ဟုတ်လဲ ဟုတ်ပါတယ်။ သဗ္ဗေ သင်္ခါရာ အနိစ္စာ ဆိုထားတာကို။ ခု သိစေချင် ပြောချင်တာက လူအတော်များများ မသိသေးတဲ့ သင်္ခါရ နဲ့ ပါတ်သက်လို့  အကြောင်းရာတွေကိုပေါ့။

မြတ်စွာဘုရားရှင်ဟာ ၀ါတွင်းကာလ ခါသမယမှာ အဘိဓမ္မာ တရားတော်ကို ၀ါတွင်း သုံးလ ပတ် လုံးပဲ မယ်တော်ဖြစ်ခဲ့ဖူးတဲ့ သန္တုဿိတ အမှူးပြုတဲ့ နတ်အပေါင်းကို ဟောကြား ခဲ့ ပါတယ်။

အဘိဓမ္မာ ( ၇ )ကျမ်းဆိုတာကတော့ ဓမ္မသင်္ဂဏီကျမ်း၊ ၀ိဘင်းကျမ်း၊ ဓာတုကထာကျမ်း၊ ပုဂ္ဂလပညတ်ကျမ်း၊ ကထာဝတ္ထုကျမ်း ၊ ယမကကျမ်း နဲ့ ပဋ္ဌာန်းကျမ်းတို့  ဖြစ်ပါတယ်။

သင်္ခါရ နဲ့  ပါတ်သက်လို့  ယမကကျမ်းမှာ ဒီလို ဟောထားတာ အကျဉ်းအားဖြင့်တွေ့ ပါတယ်။

သင်္ခါရ ယမက၊ ပဏ္ဏတ္တိဝါရ ၊
ဥဒ္ဒေသ ပါဠိတော်မှာ ဖြစ်ပါတယ်။

တယော သင်္ခါရာ- ကာယသင်္ခါရော၊ ၀စီသင်္ခါရော၊ စိတ္တသင်္ခါရော။
အဿာသပဿာသာ ကာယသင်္ခါရော။
ဝိတက္က၀ိစာရာ ၀စီသင်္ခါရော။
သညာ စ ဝေဒနာ စ စိတ္တသင်္ခါရော။
ဌပေတွာ ၀ိတက္က၀ိစာရေ စိတ္တသမ္ပယုတ္တကာ ဓမ္မာ စိတ္တသင်္ခါရော။

ဆိုလိုတာက- သင်္ခါရ သုံးမျိုးရှိပါတယ်။ အဲဒါတွေက ကာယသင်္ခါရ၊ ၀စီသင်္ခါရ၊ စိတ္တသင်္ခါရ-တဲ့။

အဲဒီနောက်မှာမှ- ကာယသင်္ခါရဆိုတာ
အဿာသပဿာသဆိုတဲ့ ၀င်လေထွက်လေကိုခေါ်တယ်။

ဝစီသင်္ခါရဆိုတာ ကြံစည်တွေးတောခြင်းနဲ့ 
သုံးသပ်ခြင်းသဘောတရားကို ခေါ်တယ်။

စိတ္တသင်္ခါရ ဆိုတာက မှတ်သားမှု သညာ နဲ့ 
ခံစားမှု ဝေဒနာကို ခေါ်ပါတယ်။
ပြီးတော့ ကြံစည်တွေးတောမှု
သုံးသပ်မှုတွေကို ချန်ပြီး စိတ်နဲ့ အတူဖြစ်တဲ့
သဘောတရား တွေကိုလည်း စိတ္တသင်္ခါရ ခေါ်ပါတယ်။

ကဲ... အဲဒီလို ပါဠိကို မြန်မာလိုလေး ဘာသာပြန်လိုက်တော့ နဲနဲ ပိုနားလည်လာမယ်လို့  ထင်ပါတယ်။

ဒါ့ထက် ပိုနားလည်အောင် ကိုယ်သိသလို ပြောကြည့်ချင်ပါသေးတယ်။ ဆက်ဖတ်ကြည့်ကြ ရအောင် နော်...။

သင်္ခါရဆိုတာ အစဉ်ထာဝရ မမြဲတာတော့ မှန်တယ်။ သို့ သော် သင်္ခါရ မမြဲပေမယ့် သင်္ခါရကိုလည်း ပြုပြင်ပြီး နေသင့်တယ်ပေါ့။

ဆိုပါစို့ - ၁။ ကာယသင်္ခါရ- ကိုယ်ကို ပြုပြင်ပေးနေတယ် ဆိုတာက အဿာသပဿာသ ( အာန ပါန) ဆိုတဲ့ ၀င်လေထွက်လေ တို့ ပါပဲ။ ကိုယ့်ရဲ့  ၀င်ထွက်လေဟာ ပြောင်းလဲ နိုင်ပါတယ်။ လေအေးကိုရှုရင် ခန္ဓာကိုယ်ဟာ အေးလာပါတယ်။ လေပူကို ရှုရှိုက်ရင် ခန္ဓာကိုယ် ပူလာပါတယ်။ လေသန့် ကို ရှုရင် လူက လန်းလာပါတယ်။ မသန့် ရှင်းတဲ့ လေက လူကို ညိုးနွမ်း လာပါတယ်။ လေသန့် ကို ရှုတာဟာ ကျန်းမာရေး ရှုထောင့်က ကြည့်ရင် အဆင်ပြေပါတယ်။ မသန့် ရှင်းတဲ့လေက ကျန်းမာရေး ချို့ တဲ့နိုင်ပါတယ်။

ပြီးတော့ ၀င်လေ ထွက်လေကို လူတိုင်း ရှုရှိုက် နေပါတယ်။ ရှုရှိုက် နေကြပေမယ့် လူတိုင်းဟာ ကိုယ့် ၀င်လေ ထွက်လေကို အမှတ်တမဲ့ပဲ ရှုရှိုက်ကြပါတယ်။ လေ၀င်လေထွက်မှာ အသိ မကပ် ကြပါဘူး။ ပန်းပဲဖိုက ရှုးရှဲ ရှူးရှဲ ၀င်လေထွက်လေ မသိတဲ့ ဖားဖိုကြီးလို ဖြစ်နေ တတ်ပါ တယ်။

တကယ်လို့ များ ၀င်လေထွက်လေ လေးကို လေက ငါ့ရဲ့ နှာခေါင်းဝမှာ ၀င်သွားတာ သိနေမယ်၊ ထွက်တာလည်း သိနေမယ် ဆိုရင် ကိုယ်ခန္ဓာကို ငြိမ်းချမ်းစေပါတယ်။ သတိထားပြီး ရှုရှိုက်နေတာ မို့  သာမန် မသိသာ ရှုတာ ရှိုက်တာနဲ့  မတူတာ တွေ့ ရပြီး ခန္ဓာကိုယ်မှာ ပိုချမ်းသာအောင် ပြုပြင်လို့ ရပါလား ဆိုတာ သိလာပါမယ်။ ဒါကြောင့် ကိုယ်ရဲ့ ခန္ဓာလေး အေးချမ်းစွာ နေလိုလျင် ကိုယ်ကို ပြုပြင်ပေးတဲ့ ၀င်လေ ထွက်လေကို သတိကပ်ပြီး ရှူရှိုက်ဖို့ လိုတယ်ပေါ့။

၂။ ၀စီသင်္ခါရ- စကားကို ပြုပြင်ပေးနေတာက အတွေး နဲ့  သုံးသပ်ချက်တို့ ပါပဲ။ ငါ စကား ပြောတာ စိတ်မပါပဲ ပြောလိုက်တာ ၊ လွှတ်ခနဲ ထွက်သွားတာ ပြောပေမယ့် စကားဆိုတာက အတွေးက လာတာမို့ ပြောလို့ ရကြတာပါ။ စိတ်ထဲမှာ သုံးသပ်ပြီးမှ ထွက်ကျလာတာပါ။

လူတစ်ယောက်ကို ပြောမယ်ဆိုရင် ဒီလို ငါပြောလိုက်မယ် ဆိုပြီး ပထမစဉ်းစား သုံးသပ်ပြီးမှ ပြောတာ ဆိုတာ ဖြစ်ပါတယ်။ ဒီလိုဆိုတော့ စကားကို ပြောတဲ့ နေရာမှာ အမှား မပါအောင်လည်း ပြောတတ်ဖို့ လိုသလို အကျိုးရှိမည့် စကားကိုလည်း ပြောဖို့  တွေးသင့် သုံးသပ်ပြီးမှ ပြောသင့် ပါတယ်။ အဲဒီလိုမျိုးသာ သေချာ သုံးသပ် စဉ်းစားပြီး ပြောရင် ကိုယ်ရဲ့ စကား ၀စီသင်္ခါရ ကို ကိုယ့်စိတ်ကြိုက် ပြုပြင်လို့  ရပြီပေါ့။ အားလုံးနဲ့  နေရ ထိုင်ရ ပြောရ ဆိုရ ဆက်ဆံရတာလည်း အဆင်ပြေမယ်ပေါ့။

စကားဆိုတာ အတွေး သုံးသပ်မှုမှ ထွက်ပေါ်လာတာလို့ သိပြီးရင် အတွေးကောင်း သုံးသပ်ချက် ကောင်းအောင် ပြုပြင်ပေးဖို့  လိုတယ်ပေါ့။

၃။ စိတ္တသင်္ခါရ- စိတ်ကို ပြုပြင်ပေးနိုင်တာက မှတ်သားမှုနဲ့  ခံစားမှုတို့ ပါ။ ကိုယ်က အမှားမှတ်သား မိမယ်၊ ခံစားမှုက တလွဲခံစားနေမယ်ဆိုရင် အမှားတွေနဲ့  ရင်ဆိုင်ရမယ်။

သညာဆိုတဲ့ မှတ်သားမှုကလည်း ၀ိပလ္လာသ ဖေါက်ပြန်မှားယွင်းတဲ့ အမှားတွေကို မမှတ်မိဖို့  အရေးကြီးပါတယ်။ တကယ်တမ်းက အရှိကို အရှိတိုင်းမြင်ဖို့ ရာ သညာက အရေးကြီးတယ်ပေါ့။
အမှတ်မှားရင် ရရှိနိုင်တဲ့ အမြတ်များ ဆုံးရှုံးဖို့  ဖြစ်လာနိုင်ပါတယ်။

တရားတော် လာအတိုင်း ပြောရရင် မမြဲဘူးလို့  ဆိုတဲ့ဟာကိုကိုယ်က မြဲတယ်ထင်ရင် အနိစ္စမှာ နိစ္စသညာ ဖြစ်သွားတယ်။ ဆင်းရဲတယ်ဆိုတဲ့ဟာကို ချမ်းသာလိုက်တာ လို ကိုယ့်ကိုယ်မြင်ရင် ဒုက္ခမှာ သုခသညာ ဖြစ်သွားတယ်။ ကိုယ်မပိုင်တာကို ပိုင်တယ်ထင်ရင် အနတ္တမှာ အတ္တသညာ ဖြစ်သွားတယ်။ တကယ့်အလှတရား မရှိတာကို အလှတရား ထင်ပြန်တော့ အသုဘ ကိုယ်မှာ သုဘသညာ ဆိုပြီး အမှားတွေ ဖြစ်သွားတယ်ပေါ့။

အမှတ်မှားတာနဲ့ အမျှ ခံစားမှုကလည်း ထင်ထားသလို မဖြစ်လေတော့ ထိပ်တိုက် ရင်ဆိုင်ကြရတဲ့ အခါ ခဲသမျှ သဲရေကျဖြစ်ပြီး စိတ်တွေဟာ ၀ုန်းခနဲ လဲကျသွားတတ်ပေါ့။

စိတ်ကို ပြုပြင်ပေးတာက မှတ်သားမှုသညာ နဲ့ ခံစားမှု ဝေဒနာပါ့လား သဘောပေါက်စေချင်တယ်။
ပြီးတော့ စိတ်ကိုပြုပြင်နိုင်တာက ဒါတင်မကသေးဘူးတဲ့။ စဉ်းစားမှု ၀ိတက်နဲ့ သုံးသပ်မှု ၀ိစာရဆိုတဲ့ နှစ်ပါးကို ချန်ပြီး ကျန် စိတ်နဲ့  အတူဖြစ်ခွင့်ရှိတဲ့ တရားသဘောတွေကလည်း စိတ်ကို ပြုပြင်ပေးနိုင်ပါတယ်။ စိတ်နဲ့ အတူဖြစ်ခွင့်ရှိတဲ့ အများကြီးထဲက နှစ်မျိုးလောက်ပဲ ပြောကြည့် ပါမယ်။

ကိုယ့်ဘ၀ ကိုယ်ကျေနပ်အောင်၊ ကိုယ့်စိတ်လေးချမ်းသာအောင် ၊ ကိုယ်နဲ့ ကိုယ့်စိတ် အဆင်ပြေ အောင် ဆိုရင် အမြဲတမ်း သတိထားပြော ၊ သတိထားသွား၊ သတိထားစား ၊ သတိလေးကို အမြဲ တမ်း စိတ်နဲ့  ကပ်ထားသင့်တယ်ပေါ့။

သတိ မထားတာနဲ့ စိတ်ဆိုးစရာတွေ့ ရင် စိတ်ဆိုးလွယ်တယ်။ သတိမထားတာနဲ့  လိုချင်ရာကို မတရားလည်း လိုချင်တယ်။ စိတ်လေးကို သတိလေး ကပ်လိုက်တာ စိတ်ကိုလည်း အတော်တန် ထိန်းနိုင်တယ်။ ဒေါသ ဖြစ်နေရင်တောင်မှ ငါ့စိတ်လေး ဒေါသတွေဖြစ်နေပါ့လားလို့  သတိချွန်းနဲ့  စိတ်ဆင်ရိုင်းကို စိုက်ပြီး ဆုံးမလို့  ဖြစ်တယ်ပေါ့။ လိုချင်မှုမှာလည်း မတရားနည်းနဲ့  မလိုချင်ဘူး ပေါ့။ သမာသမတ်ကျတဲ့ လိုချင်မှုပဲ ရှိလာတယ်ပေါ့။

ပြီးတော့ ပတ်ဝန်းကျင်နဲ့  အဆင်ပြေဖို့  ဆိုရင်တော့ (အဒေါသ) စိတ်မတိုရဘူး။ တစ်နည်း ပြောရ ရင် အချစ်ရှိ၇တယ်ပေါ့။ ချစ်ရင် အပြစ်မမြင်ဘူး။ မျက်စိမှာ အချစ်တပ်ဆင်ထားရမယ်ပေါ့။ ပါဠိ လိုတော့ ပိယစက္ခူ တဲ့။ ဒီနေရာမှာ အချစ်ဆိုတာ မေတ္တာကို ဆိုလိုတာပါ။

မေတ္တာ ဆိုတာ သူများအကျိုး လိုလိုလားလားနဲ့  ပြောဆိုဆက်ဆံ၊ ပြုမူ ဆောင်ရွက် ၊ စိတ်ချမ်းသာ စေချင်တဲ့ စိတ်ဓာတ်ပါ။ အဲဒီ စိတ်ဓာတ်ရှိသူက ပတ်ဝန်းကျင်ကို သူက မထိခိုက်သလို ပတ်ဝန်း ကျင်ကလည်း သူ့ ကို မထိခိုက်တော့ဘူးပေါ့။ အဲဒါကြောင့် မေတ္တာရှိရင်လည်း ပတ်ဝန်းကျင်နဲ့  အဆင်ပြေပါတယ်။

တိပိဋက ယောဆရာတော် က -
သတိ မေတ္တာ ၊ ဤနှစ်ဖြာ ၊ လူ့ ရွာ အဆိပ်ဖြေ။တဲ့။


ကိုယ့်ကိုယ်လဲ အဆိပ်မတတ်စေဖို့  သူများကိုလည်း အဆိပ်တွေ မဝေငှမိစေဖို့  သတိ မေတ္တာ လိုတယ်ပေါ့။ အဲလိုလေး နေမယ်ဆိုရင် စိတ်ကိုလည်း ပြုပြင်ရာရောက်ပြီပေါ့။

စိတ္တသင်္ခါရ ဆိုတဲ့ စိတ်ကို ပြုပြင်ဖို့ ရာ သညာ ဝေဒနာ သတိ မေတ္တာ စတာတွေ ရှိတယ်ဆိုတာ သိရင် ပြုပြင်နိုင်ပြီပေါ့။ နေရသခိုက် ဘ၀လေးမှာ စိတ်ကို အကောင်းဆုံးဖြစ်အောင် ပြုပေးနိုင် အောင် ပြောပြလိုက်ပါတယ်။

သင်္ခါရ ဆိုတဲ့ မမြဲတဲ့လောကကြီးမှာ ပြုပြင်လို့ ရနိုင်တဲ့ သင်္ခါရကိုလည်း အကောင်းဆုံးပြုနိုင်ဖို့ ရာ ကာယ၊ ၀စီ၊ စိတ္တ သင်္ခါရ သုံးမျိုးကို ရေးသားလိုက်ပါတော့တယ်။

သင်္ခါရတရားများကို
အကောင်းဆုံးဖြစ်အောင် ပြုပြင်နိုင်ကြပါစေ...




မြတ်ရောင်နီ

( ၀၇ ၊၀၉ ၊၂၀၁၀)




.