Pages

Friday, May 27, 2011

အချစ် မပျက်စေလို



အချစ် မပျက်စေလို




တစ်ခါတစ်လေ တွေးကြည့်မိတာက အချစ်ဆိုတဲ့ စကားလုံး။

လူတိုင်းက ချစ်တာကို သဘောကျကြတာ များပါတယ်။

အချစ်ပျက်သွားမှာကိုတော့ ကြောက်ကြပါတယ်။

လူတိုင်းဆိုသလို ဘုန်းကြီးလည်း ချစ်တာသဘောကျသလို
အချစ်ပျက်မှာလည်း ကြောက်ကြပါတယ်။

အဲ... အချစ်ဆိုတဲ့ စကားလုံးက ဘုန်းကြီးမဆိုင်တော့ မဟုတ်။
အချစ်ဆိုတာလည်း အမျိုးမျိုး ရှိပေတာကိုး။

သာမန်လူတွေ ချစ်တဲ့ အချစ်ကို အဓိပ္ပါယ် မဖွင့်ဆိုလိုတော့ပါ။
ဘုန်းကြီးတွေ ချစ်တဲ့ အချစ်ကို ပြောပြချင်သေးတယ်။

စာထဲမှာလည်း မျက်စိတောင် ပိယစက္ခု ချစ်တဲ့မျက်စိနဲ့ 
အချင်းချင်း ကြည့်ရှု နေထိုင်ကြရင် ပြောဆိုကြရင်အဆင်ပြေပါသတဲ့။
အချစ်ရှိတော့ အရာရာ ဆိုသလို ခွင့်လွတ်တတ်ကြပါတယ်။

အရှင်အနုရုဒ္ဓါ အရှင်နန္ဒိယ အရှင်ကိမိလ တို့  နေတဲ့ပုံစံပေါ့။
တစ်ဦးပေါ် တစ်ဦး အပြစ်မယူကြဘူး။
တစ်ဖက်သား လုပ်သမျှ
လိုက်လျောကြတယ်။

ကိုယ်နဲ့ စိတ် သုံးပါးဖြစ်ပေမယ့်
စိတ်တွေက တစ်ထပ်တည်းကျတယ်။


ရှေ့ မှာရော ကွယ်ရာမှာရော
အချင်းချင်း ချစ်တဲ့ စိတ်အတိုင်း
ချစ်တဲ့ စကားနဲ့  ချစ်တဲ့ လုပ်ဆောင်ချက်

တစ်ထပ်တည်း ကျနေတယ်။

အချင်းချင်း ဟာမိုနီ ဖြစ်အောင် နေကြပါတယ်။
စာကပြောတာက နို့ နဲ့ ရေ ရောထားသလိုမျိုးတဲ့။

ဒါ ချစ်ခြင်းသင်္ကေတ တစ်ရပ်ပေါ့။


အချစ်မပျက်စေချင်ရင်
ဒါကြည့်သောအားဖြင့် မထေရ်ကြီးများလို

နေရမယ် ဆိုတာ သဘောပေါက်လာတယ်။

ပြီးတော့ လူများရဲ့  အကြည်ညိုခံပြီး လှူဒါန်းသမျှ
သင်္ကန်း ဆွမ်း ကျောင်း ဆေး
သုံးစွဲနေရတဲ့
ဘုန်းကြီး ဘ၀ဟာလည်း
အချစ်မပျက်စေဖို့  သတိ
ထားရပြန်တယ်။
သတိထားရမည့် ဘ၀ဖြစ်ပါတယ်။


စာထဲမှာတော့ တောင်းလွန်းရင် အချစ်ပျက်ပါသတဲ့။ ကြားဘူးတဲ့
ပုံပြင်က ရဋ္ဌပါလ မထေရ်ဟာ ဖခမည်းတော်တောင် မတောင်းပါဘူးတဲ့။
ဖိတ်မံထားတာတောင်မှ မတောင်းလေတော့ ဖခမည်းတော်ရဲ့ 
စိတ်က အတောင်းခံချင်လာတယ်လေ။

( လူတွေရဲ့  သဘောလေလား။
အရက် မကြိုက်ပါဘူးဆို အတင်း ပေးတိုက်တယ်။

သောက်တတ်လာရင် ပေးမတိုက်တော့ဘူး။ )

ဒါနဲ့ ပဲ ခမည်းတော်က သားရဟန်းကို မေးပါလေရော၊
ဘာလို့  မတောင်းတာလဲ
ဆိုတာကိုပေါ့ ။

ဒီလိုပါ ။ ရဋ္ဌပါလ မထေရ်ခမျာ လူရဲ့  သဘော မနော သိပြီးသားမို့ 
အချစ်မပျက်စေလိုတာကြောင့် မတောင်းခဲ့ကို သေချာရှင်းပြတယ်။

၁။တောင်းလို့  ရရင် တော်ရဲ့ ၊
ကိုယ်တောင်းတာ မရခဲ့ရင်
မပေးတဲ့ သူကို အချစ်ပျက်လာမယ်။

အချစ်ပျက်လာနိုင်စရာ ဖြစ်တယ်။

၂။ တောင်းလို့  ပေးရတာများလာခဲ့ရင်
ပေးနေရတဲ့သူကလည်း

တောင်းတဲ့ သူကိုအချစ်ပျက်လာမယ်။
အချစ်ပျက်လာနိုင်စရာ ဖြစ်တယ်။


အဲလို အချစ်မပျက်စေလိုတာမို့ လို့ 
ရှင်းတော့မှ ခမည်းတော်လင်းသွားတယ်။

ဒါတင်မကသေးဘူး။ ဟိုတုန်းက ရဟန်းတွေက မနိုင်မနင်း
ကျောင်းကြီးတွေ ဆောက်၊ ကျောင်းဒကာက သီးသန့် မရှိ။
နောက်မှ လူမြင်တိုင်း လုပ်အားပေးခေါ် လုပ်ကြ။
လိုအပ်ရာရာ အလှူခံကြ လုပ်ကြပါသတဲ့။

နောက်တောင်းပါများလာတော့
လူတွေက သင်္ကန်းရောင်နဲ့  တူတဲ့
နွားမြင်တာတောင်မှ ရဟန်း ထင်ပြီး အိမ်ထဲ ပုန်းရတဲ့
အဖြစ်ပျက်က ရှေးကာလ ဖြစ်ခဲ့ပါတယ်။
ဒါလည်း အချစ်ပျက်သွားတဲ့ ပုံပြင်တစ်ပုဒ်။


( စကားညှပ်- ယခုခေတ် မြို့ များမှာ
အလှူခံ မလာရ ဆိုင်းဘုတ်နဲ့ ခပ်ဆင်ဆင်။)


ဟုတ်ပါတယ်။ တောင်းတာက လူကို မဆိုထားနဲ့  တိရစ္ဆာန်တောင်
မကြိုက်ဘူးလေ။ တစ်ခါတော့ ရဟန်းတစ်ပါးက တောထဲမှာ
တရားအားထုတ်တယ်။ ငှက်တွေ က ကျွိတီ ကျွိတီ ဆူဆူညံညံ
လုပ်တယ်။ ကြာလာတော့ တရားမရ။ နားကြားပြင်းကပ်လာတယ်။
နောက် အဖေါ်တစ်ပါးက အကြံပေးတာနဲ့  ငှက်တွေကို မင်းတို့ 
အတောင်တွေ ငါ့ပေး ၊ ငါ့ပေး အော်လို့  နောက် မလာတော့ဘူးတဲ့။
အချစ်ပျက်သွားတယ်ပေါ့။

ပြီးတော့ နဂါးတစ်ကောင်ကလည်း အဲလိုပဲ ရဟန်းတရားအားထုတ်နေတာမို့ 
ဝေ့လည် ဝေ့လည် နဲ့  နေပါတယ်။ အန္တရာယ်ပေးတာတော့ မဟုတ်ပါဘူး။
သို့ ပေမယ့် ရဟန်းက သိပ်ကြောက်တတ်တာမို့  အကို ဖြစ်သူကို
အကြံဥာဏ်တောင်းပါသတဲ့။

အကိုက မင်း နဂါးကို မြင်တော့ ဘာထူးထူးခြားခြား
မြင်သလဲပေါ့။ ညီရဟန်းက လည်ပင်းမှာ ပတ္တမြားတွေ့ ပါတယ်။
အဲဒါဆို အဲဒါတောင်းကွာ။ တောင်းရင် အချစ်ပျက်မှာကို သိလေတဲ့
အကိုရဲ့  အကြံပေးမှုနဲ့ အတူ ညီငယ်က တောင်းပါသတဲ့။
နဂါးလည်း ညီငယ်နား မဝေ့လည်တော့ပဲ အချစ်ပျက်သွားပါတယ်။

ဒါကြောင့် လူပဲ ဖြစ်ဖြစ် ဘုန်းကြီးပဲ ဖြစ်ဖြစ်
သူများဆီက ပစ္စည်းကိုဖြစ်ဖြစ် အကူညီကို ဖြစ်ဖြစ်
တောင်းရင် ၊ တောင်းပါများရင် အချစ်ပျက်တာလည်း
သိထားသင့်ပါတယ်။ သိပြီးရင်တော့ အချစ်မပျက်စေကြနဲ့ ပေါ့။

အချစ်မပျက်စေလို....



မှတ်ချက်။ ။ ၀ိနည်း သုတ္တန်တို့ မှာ လာသည်ကို
နားလည်လွယ် စကားလုံးဖြင့် မှတ်သားသင့်သည်များကို
မှတ်မိသမျှ သုံးနှုန်း ရေးသားထားပါသည်။




မြတ်ရောင်နီ
( ၂၇ ၊ ၀၅ ၊ ၂၀၁၁ )









ဒီနေရာမှာ ရေးပါ..

4 comments:

  1. ရေရှည်ပေါင်းချင်ရင် ဒီကိစ္စက အလွန်အရေးကြီးပါတယ်။
    တယောက်နဲ့ တယောက်ဆက်ဆံနေကြရတော့ အပေးအယူ ကတော့
    ရှိနေတာပါပဲ။ စည်းကမ်းလေးထားပြီး အလွန်အကျူး မတောင်းမိအောင်
    သတိပေးစာလေးဖြစ်လို့  အလွန်တန်ဖိုးရှိပါတယ်။
    ကျေးဇူးတင်ပါတယ်ဘုရား။

    ReplyDelete
  2. ဆရာတော်ရဲသတိပေးမှု့လေကအရမ်းကောင်းပါတယ်ဘုရားတပည်တော်တိုရဟန်းဆိုတာအတိုင်းအရှည်ကိုသိရပါတယ်ဘုရားတချို့ရဟန်းတွေကအတိုင်အရှည်ကိုမသိကြဘူးဘုရားမသိတော့ဒကာဒကာမတွေနဲ့အချစ်တွေပျက်ရော့စာသားလေးအရမ်းကောင်းပါတယ်ဘုရား

    ReplyDelete
  3. နောက်တစ်ခါ မတောင်းတော့ပါဘူးဘုရား ကြောက်သွားပြီ အချစ်ပျက်သွားမှာ စိုးတတ်လာပြီ...ကျန်းမာပျော်ရွှင်ပါစေ...

    ReplyDelete
  4. လှူဒါန်းပေးကမ်းခြင်းသည် မြတ်သောမင်္ဂလာမည်၏ လို့တော့ တပည့်တော်မှတ်သားဖူးတာမို့၊ ဘုရားနှင့်ရဟန်းတော်များအားလှူဒါန်းရလျှင်အင်မတန်မှ မြတ်သောအလှူမြောက်သည်လို့ နားလည်ပါတယ်၊ ရဟန်းသံင်္ယာနည်းပါးသော လှူဒါန်းရမလွယ်ကူသော ဂျာမဏီကဲ့သို့သောနိုင်ငံမှာ လှူဒါန်းခွင့်ရခြင်းက ထီပေါက်ခြင်းကဲ့သို့ စိတ်နှလုံးကိုကြည်နူးပျော်ရွှင်စေ၏ လို့မြင်ပါတယ်(စိတ်ထားတတ်လျှင်ပင် နေ့စဉ်ကုသိုလ်ရနိုင်ပါတယ်)..(လူလူချင်းတော့ စည်းရှိရပါတယ်)

    ဘုန်းဘုန်းဘုရား တပည့်တော်မအားတဲ့ကြားထဲက လာလည်ပြီး နာလည်သလိုလေးလျှောက်တင်ခဲ့ပါတယ်...မှတ်သားနာယူသွားပါတယ်၊အကောင်းအဆိုး ဆုံးမသွန်သင်ပေးပါဘုရာ့...စာမေးပွဲကနီး ကျန်းမာရေးကလဲပိုပိုဆိုးနဲ့ ဒီတောင်ကိုမောင်ကျော်နိုင်အောင် ကြိုးစားကြည့်နေပါတယ်...ခရီးသွားတုံးက သင်္ကန်းတစ်စုံဝယ်လာတာ ကပ်ချင်တယ်ဘုရား..ဦးခိုက်လျှက်

    ReplyDelete