Pages

Monday, June 28, 2010

အလှူတော် မင်္ဂလာ ဖိတ်ကြား လွှာ



မြတ်စွာဘုရားရှင်က သားတော် ရာဟုလာအား
ဓမ္မ အမွေနှစ် ပေးတော်မူခဲ့သည့်
ပုံရိပ်လွှာ






အလှူတော် မင်္ဂလာ ဖိတ်ကြား လွှာ



သာသနာတော်နှစ် ၂၅၅၄ ခုနှစ်။
မြန်မာနှစ် ၁၃၇၂ ခုနှစ်။ ပထမ ၀ါဆိုလပြည့်ကျော်( ၈ )ရက်။
ခရစ်နှစ် ၂၀၁၀ ခုနှစ်။ ဇူလိုင်လ ၄ ရက်၊ တနင်္ဂနွေနေ့ 
မင်္ဂလာ ရက်မြတ်၌

ဒိန်းမတ်နိုင်ငံနေ မြန်မာမိသားစုများ ဖြစ်ကြသော
အလှူဒါယကာ ဦးသက်ဦး+ အလှူ့ ဒါယိကာမ ဒေါ်ချိုချိုလွင်
တို့  ၏ အတိဇာတ သြရသ ၊ သားမြတ်ရတနာဖြစ်သော
မောင် ရဲဇာနီလွင်ဦး ကို

အာမိသ အမွေ ၊ ဓမ္မ အမွေ နှစ်ရပ်မှ ဓမ္မ အမွေကို ခံယူစေလိုသောကြောင့်
ကြုံခဲလှစွာ သာသနာမြတ်ကြီး၌
ရှင်ပြုခြင်း ပဗ္ဗဇ္ဇ မင်္ဂလာ
ပြုလုပ်မည် ဖြစ်ပါသည်။

ထိုသို့ ပြုလုပ်ရာတွင် အလှူဒါယကာ ၊ ဒါယိကာမ တို့ နှင့် အတူ
ရှင်ပြု တရားတော်နာ ကြွရောက်ကြပါရန်
( အလှူ့ ဒါယကာ ၊ ဒါယိကာမ တို့ ၏ ကိုယ်စား )
လေးစားစွာ အသိပေး ဖိတ်ကြား လိုက်ပါသည်။

အလှူတော် မင်္ဂလာ အစီစဉ်


နေ့ ဆွမ်း- ၁၁ နာရီမှာ သံဃာတော်များအား ဆွမ်းကပ်ပါမည်။

ညနေ - ၅း ၃၀ မှာ Luk Yaamo ထိုင်းစားသောက်ဆိုင်မှာ စုမှာဖြစ်ပြီး
ညနေ - ၆း၀၀ နာရီ မှာ စားသောက်ဆိုင်မှ ကျောင်းအထိ ရှင်လောင်းလှည့်လည်ပါမည်။
ညနေ - ၆း၃၀ မှာ ရှင်းလောင်း ခေါင်းရိတ်ဆံချ ပြုလုပ်ပါမည်။
ည- ၇း၀၀ နာရီမှ ၈း၀၀ နာရီအထိ ရှင်ပြုခြင်း၊ တရားဟောခြင်း၊ တရားနာခြင်း
ပြုလုပ်သွားမည်ဖြစ်ပါသည်။

တည်နေရာ= 85354 Freising, Domberg10,




မှတ်ချက်။ ။ ဖိတ်စာ အလိုသာ တရားတော်နာ ကြွရောက်ကြပါရန်လို့  ဖိတ်လိုက်တာပါ။
ဂျာမနီနိုင်ငံအတွင်း နှင့် အိမ်နီးနားချင်း နိုင်ငံမှာရှိကြတဲ့ မြန်မာ ဒါယကာ ဒါယိကာမများ
ရှင်ပြုခြင်း အခန်းနားတွင် အစမှ အဆုံး ထိ လာရောက် ပါဝင်စေချင်ပါတယ်။

စည်စည်ကားကားလေး ရှိဖို့ ရာ လှိုက်လှဲစွာပဲ လာရောက်ဖို့ ဖိတ်ခေါ်ပါတယ်။
ဖရိုက်ဇင်းမြို့ ရဲ့  ပထမဦးဆုံး ရှင်ပြုခြင်း အခန်းနားဖြစ်ပါတယ်။

အသေးစိတ်သိလိုပါက- ဟန်ဒီဖုန်း ၀၁၅၇၇- ၅၁၉၄၈၄၇
ကျောင်းဖုန်း-၀၀၄၉-၀၈၁၆၁ ၈၆၂၇ ၃၁၀


မြတ်ရောင်နီ
( ၂၈ ၊ ၀၆ ၊ ၂၀၁၀ )




.

Sunday, June 27, 2010

နောက်ကောက်မကျစေနဲ့ 


နောက်ကောက် မကျစေနဲ့ 





ခု မှဘဲ လက်ညိုး လက်ခလယ် ရဲရဲဝံ့ဝံ့ ပေါင်းထောင်ရဲတော့တယ်။
ကားပေါ်က လက်မဟုတ်ဘူးနော်။
အဓိပ္ပါယ်သိသွားတာနဲ့ နောက်ကောက်ကျခဲ့တဲ့ လက်နှစ်ချောင်းပုံ

နောက်ကောက် မကျစေနဲ့ 

ဒီနေ့  တနင်္ဂနွေနေ့ ဆိုတော့ သင်တန်းက မသွားရဘူး။ နေ့ စဉ်ဆိုသလို သင်တန်းက တစ်ပတ် ၅ ရက်သွားရတယ်။ စနေနေ့ တောင်မှအနားမနေရ။ ကိုယ်နားမလည်တာကို ဂျာမန် ဆရာမ ကြီး တစ်ဦးထံ ထပ်ပြီး ရှင်းပြဖို့  သွားရသေးတယ်။

ဟိုတုံးကလို တနင်္ဂနွေဆိုတာလည်း အရသာ ထူးမပေါ်လှ။ ဥပုသ်နေ့ ဆိုတာလည်း အရသာ ထူးမရှိလှ။ ကလေးတုံးက ကျောင်းပိတ်တဲ့ စနေ တနင်္ဂနွေမှာ ပျော်တယ်။ ကိုရင်ဘောင် ရောက်လာ တော့ အဖိတ် ဥပုသ်ကို မျှော်တယ်။ အတော်လေးကြီးလာတော့ စနေ တနင်္ဂနွေ မှာ ထူးမပျော်သလို ၊ အဖိတ် ဥပုသ်ကို ထူးလည်း မမျှော်ခဲ့။

ဒီနေ့ လည်း သင်ခန်းစာ လေ့ကျင့်ခန်း လုပ်ဖို့  နားမလည်တာနဲ့  ဂျာမန်ဆရာမကြီး ကို ထပ်မေး ရတယ်။ ဆရာမကြီးက စေတနာ သဘော ကောင်းကောင်းနဲ့  တနင်္ဂနွေမှာ ဖုန်းနဲ့  တစ်နာရီကျော် ကြာကြာ စာသင်ပေးပါတယ်။ အော်...ကျေးဇူးကြီးမားပါ့လားနော်။

အဲလိုနဲ့  လေ့ကျင့်ခန်းတွေ လုပ်ရပါများတော့ နားပါဦးမယ်လေဆိုပြီး အပြင်မြစ်ဘေးသွားတယ်။
လေကောင်းလေသန့် ရှူကာ ပဋ္ဌာန်းသွား ရွတ်မယ်ဆိုပြီး သွားခဲ့တာပါ။

လမ်းမှာ ကားတွေက တ၀ီဝီ နဲ့ ။ အလံက တလူလူ။ ပါးစပ်ကလဲ နှဲလိုဟာကြီး မှုတ်နေလိုက် ကြ တာ။ (အဲဒါကြီး နာမည်မခေါ်တတ် )။ ဘောလုံးပဲသွားမှာလား ၊ ပြန်လာကြတာလားဆိုပြီး တွေးနေ တာ။ ပြီးတော့ အော်... ကိုယ်လည်း သူတို့  သိပ်ပျော်ကြတာပဲလို့  ဒီလောက်ပဲ စိတ်ထဲမှာ ထားခဲ့ တယ်။

မြစ်ဘေးရောက်တော့ ကိုယ်မှန်းထားတဲ့ အတိုင်း မြစ်ရေကလာတဲ့ လေကို အားပါးတရ ရှုရှိုက်ရင်း ပဋ္ဌာန်းကို ရွတ်ဖြစ်ခဲ့တယ်။


ပြီးပြီ ဆိုတာနဲ့  ကျောင်းမှာ ဘုရားဝတ်ပြုရအုံးမယ် ဆိုပြီး ပြန်လာခဲ့ပါတယ်။ လမ်းမှာတွေ့ တဲ့ ကားပေါ်က လူတွေကလက်ထောင်ပြတော့ ခေါင်းလေး တဆတ်ဆတ် လှုပ်ပြခဲ့ပါတယ်။

အဲ...လမ်းခုလတ်မှာ မီးပွိုင့်နီနေတာနဲ့  ကိုယ် ရပ်နေချိန်မှာ ကားက ချိုးကွေ့ လာတယ်။ ကားပေါ်က ၁၄ နှစ် ၁၅ နှစ် အရွယ် မိန်းခလေးက လက်နှစ်ချောင်း ထောင်ပြသွားတယ်။

လက်နှစ်ချောင်းက လက်ညိုးနဲ့  လက်ခလယ်။ ဟိုးဟိုး......ကလေးဘ၀ က အဲဒီလို နှစ်ချောင်း ပေါ့။ Peace ဆိုပြီး ကောင်းမလေးတွေကို ထောင်ပြရင် ကောင်မလေးတွေက အသေဆဲတာတို့ ။ ဆရာ ၊ မိဘတိုင်တာတို့  လုပ်ကြတယ်။ သူတို့  မကြိုက်ရင်ပေါ့။ သူတို့ ကြိုက်ရင် ပြုံးသွားတာပေါ့။ အဆင် ပြေပြီပေါ့လေ။

အဲဒီတုံးက ရွာက လူကြီးတွေကလည်း မြှောက်မြှောက်ပေးတတ်ကြတယ်။ မင်းအဲဒီ ကောင်မလေးကို လက်နှစ်ချောင်း ပိစ် လုပ်ရဲလားပေါ့။ တစ်ခါတစ်လေ စကားမပြောတတ် ပြောတတ် ကလေးကိုတောင် လက်ထောင်ပြလိုက်ဆိုပြီး သင်ပေးတာကိုမြင်ဘူးတယ်။ ကိုယ်ကိုယ်တိုင်တောင်မှ ကလေးဆိုတော့...အဟဲ။

ကိုယ်ကလည်း အဲဒါကို စိတ်ထဲ စွဲနေခဲ့တာ။ ပိစ် ဆိုတာ ကောင်မလေးနဲ့ အဆင်ပြေတာ လို့ သိထားတာပေါ့။ ခု ဘာကြီးပါလိမ့်။ ဘေးမှာလည်း ကားမောင်းနေတာက သူမိဘတွေပါတယ်။ ငါ့ကို လည်း ပိစ် လုပ်သွားတယ်။ ကိုယ်ကတော့ သူကျေနပ်အောင် စရိုက်စရောလေး ခေါင်းညိတ်မိ လိုက် တယ်။ ခေါင်းကလည်း လွယ်ပါ့။ ခေါင်းက မသိမှ မသိဘဲကိုး။ စိတ်ကသိတာပဲဟာ။ ဟုတ်တယ် နော်။

ဒီလိုနဲ့  ကျောင်းပြန်ရောက်သော်- ဂျာမန်ဥူးဇင်းကို မေးကြည့်တယ်။ လမ်းမှာ ကားပေါ်က ကလေးမလေး ခပ်သေးသေးလေးက လက်နှစ်ချောင်းထောင်ပြသွားတယ် ။ အဲဒါ ဘာလုပ်တာလဲလို့ မေးတော့ အဲဒါ Victory အောင်မြင်ခြင်း အထိမ်းမှတ်တဲ့။ ( ဟိုက် ရှာလဘက် )

အဲ...ဒီလိုဆို ဘောလုံးပွဲ နိုင်လို့ လားမသိဘူးနော် ထပ်မေးလိုက်တော့။ သူကလည်းခုမှဘဲ အင်တာနက်ကနေ သတင်းကြည့်ပြီး ဟုတ်တယ်ဆိုတာကို ပြောပါတယ်။ အော် ... ဂလိုကိုး။

လက်ကလည်း သတိအမျိုးမျိုးထားစရာရှိတယ်။ လက်ညိုးတစ်ချောင်းထဲ ထိုးတာ၊ ထောင်တာက ဒေါသ။ လက်ခလယ် တစ်ချောင်းထဲ ထောင်တာက လောဘ၊ တဏှာ။ သူတို့ နှစ်ချောင်း ပေါင်းလိုက် တော့အောင်ပွဲတဲ့။

ကိုယ်ကလည်း လောက သဘာဝကို တွေးကြည့်တယ်။ သံပုရာသီးကလည်းချဉ်တယ်။ နာနတ်သီး ကလည်း ချဉ်တယ်။ သူတို့ နှစ်မျိုး ပေါင်းလိုက်တော့ အဆင်ပြေသွားတယ်။ ချိုလာတယ်။
ဖြစ်မှ ဖြစ်ရပလေ လောကီ ဓာတ် ၊ သဘာဝ၊ သင်္ကေတတွေ ရယ်။

လောကုတ္တရာနယ်မှာတော့ လောဘ ၊ ဒေါသ ပေါင်းဖြစ်တဲ့သူက နာပြီသာမှတ်။ အောက်ပြည်ကနေ ပြီး ခေါင်းကိုဖေါ်နိုင်မှာ မဟုတ်ဘူး။ လောဘ တစ်ခု ထဲအားသန်သူတောင်မှ ဒုက္ခအများကြီး ရောက်ရ တာကြည့်ပေတော့။ ဒေါသ များပါ ပေါင်းလိုက်ရင်တော့ အမြဲတမ်း ဒုက္ခရောက်ပြီပေါ့။

ဒီလိုနဲ့  ဘုမသိ ဘမသိဘဲ ၊ ခေါင်းညိတ်ပြကာ ဗဟုသုတ အသိတွေ နောက်ကောက်ကျ သွားပါတယ်။ အော်... တယ်တော်တဲ့ ငါပါ..ကလား...။

သုတ္တန် အတော်များများနေရာမှာ-
ဘုရားရှင်ရဲ့  အလိုတော်ကျကတော့ နောက်ကောက် မကျစေဖို့ 
ခဏခဏ ဆိုဆုံးထားတော်မူတာ ရှိပါ တယ်။


ကတံ ဝေါ တံ မယာ ၊ ဈာယထ ဘိက္ခဝေ ၊ မာ ပမာဒတ္ထ ။
မာ ပစ္ဆာ ၀ိပ္ပဋိသာရိနော အဟုဝတ္ထ။ အယံ ဝေါ အမှာကံ အနုသာသနီ။
( မူလပဏ္ဏာသ၊ ဥပရိပဏ္ဏာသ ၊ မဟာဝဂ္ဂပါဠိ သံယုတ် ...စသည်)

ငါ ဘုရားရှင်က ပြုသင့် ပြုထိုက် ၊ ဟောသင့် ဟောသင့်ထိုက်တာတွေ ပြုပြီး ၊ ဟောပြီးပြီ။
စူးစူးစိုက်စိုက် အလုပ်လုပ်ကြ။ မေ့လျော့ပေါ့ဆ မနေကြနဲ့ ။ နောက်မှ ၀မ်းနည်းပက်လက် မဖြစ်စေ ကျနဲ့ ။ ( နောက်ကောက် မကျစေကျနဲ့ လို့ ဆိုလိုတာပေါ့ ။)ဒါဟာ ငါဘုရားရဲ့  သွန်သင် လမ်းညွန်ချက် ပါပဲ- တဲ့။

ဘာတွေ ဘုရားရှင် ပြောဟောတော်မူခဲ့ပါသလဲ။

၁။အလုပ်တစ်ခု မလုပ်ခင် လုပ်ဆဲ လုပ်ပြီးနောက် စိတ်ဆင်းရဲစေသည့် အကုသိုလ် ရှောင်ဖို့ ၊
၂။အလုပ်တစ်ခု မလုပ်ခင် လုပ်ဆဲ လုပ်ပြီးနောက် စိတ်ချမ်းသာစေသည့် ကုသိုလ် ပြုလုပ်ဖို့ ၊
၃။အလုပ်လုပ်နေတိုင်း စိတ်လေးတွေ အမြဲတမ်း ငြိမ်းစေသည့် သမထ ဘာဝနာ ပွါးများဖို့  ။

အကျဉ်းအနေအားဖြင့် ဟောတော်မူခဲ့တယ်။ ဒါကို အကျယ် ချဲ့ ပြောရင် ပိဋကတ်သုံးပုံပါပဲ။

အချိန်ရှိပါသေးတယ်။ အချိန်ရှိနေသရွေ့  အသိလေးနဲ့  ကြိုးစားရင် နောက်ကောက် မကျသေး ပါဘူး။ လောကီလည်း မဖျဉ်းစေနဲ့ ၊ ဓမ္မလည်း မယွင်းစေနဲ့  ဆိုတဲ့ ဆရာတော်ကြီးများရဲ့  အဆိုဆုံးမ အတိုင်း လိုအပ်တဲ့ အသိများ နောက်ကောက် မကျစေရန် ရည်ရွယ်ကာ ရေးသား တင်ပြလိုက်ပါ တယ်။

နောက်ကောက် ၊ နောက်ကောက် ၊
နောက်ကောက်

မကျ သူများ ဖြစ်ကြပါစေသောဝ်..


မှတ်ချက် ။ ။ ခုလောလောဆယ် ကိုယ်တွေ့ ကြုံနေတဲ့
အကြောင်းရာတွေကို
ဆောင်းပါးတွေ အဖြစ် ရေးလိုက်ခြင်းပါ။



မြတ်ရောင်နီ
( ၂၇ ၊ ၀၆ ၊ ၂၀၁၀ )



Friday, June 25, 2010

အားရှိရဲ့ လား ၊ အားပြည့်ရဲ့ လား


အားရှိရဲ့လား ၊ အားပြည့်ရဲ့လား


အားရှိရဲ့ လား ၊ အားပြည့်ရဲ့ လား အားရှိမှ အကြာကြီးခံ။ ( ဘတ္ထရီ ၊ ကြော်ငြာ ၊ သီချင်း).

ထိုကဲ့သို့ ပင် လူကိုလည်း ဘတ္ထရီ အသွင် ပြောလိုက်ချင်သေး၏။ လူကလည်း အားရှိမှ အကြာကြီးခံတာ ဖြစ်ပါတယ်။ အားမရှိရင် ခွဲသွားတတ်ပါတယ်။ သတိထားမိကြမှာပါ။


အားရှိအောင် အားအမြဲသွင်းဖို့ လိုတာပေါ့နော်။ အားရှိပြီ ၊ အားပြည့်ပြီ ဆိုတာနဲ ကိုယ်ထွန်း လိုက်တဲ့ ဖန်သီး ဖန်ချောင်း လင်းထိန်သွားမှာပါ။ အားမရှိရင် မှိန်မှိန်လေးသာ။ ကြည့်မကောင်း ရှုမကောင်း။ မီးအားနည်းရင် ခရမ်းချဉ်သီး အရောင်မျှသာ လို့ တောင်ပြောကြရဲ့ ။ (တင်စားပြီး ခံစားကြည့်နော် )။

လူဆိုတဲ့ ဘတ္ထရီ ကို အားဖြည့်ဖို့  အားတွေ ပြောပြပါ့မယ်။ အဲဒီ အားတွေ ရှိသူဟာ လူ့ လောက အလယ်မှာ လင်းလက်နေသူတို့ ဖြစ်ပါတယ်။ ကြွားကြွားရွားရွား တင့်တင့်တယ်တယ် နေချင်ရင်တော့ ခုပြောမယ့် အားတွေ အသင့်ဖြည့်လိုက် ကြစို့ ရဲ့ ။


၁။ ယုံကြည်မှု အား ( အလုပ်တိုင်းမှာ ယုံကြည်ချက်ထားရမယ်)။
၂။ ကြိုးစားမှု အား ( ထိုင်နေလို့ တော့ ဘာမှ ဖြစ်မလာဘူး )။
၃။ သတိထားမှု အား ( နမော်နမဲ့နေသူ ဟာ ကျရှုံးဖို့ ပဲပြင်ထားပေတော့ )။
၎။ စိတ်ဝင်စားမှု အား ( စိတ်မပါရင် ကိုယ်လုပ်တဲ့ အလုပ်ဟာ မအောင်မြင်ဘူး )။
၅။ လိမ်မာပါးနပ်မှု အား ( ကိုယ့် အလုပ်ကို အကဲ ခတ်တတ်ရတယ်)
( ကိုယ်စီးတဲ့ မြင်း အထီးလား အမလား - အောက်ငုံ့ ...အဲ..။ သိဖို့ လိုပါတယ်)။


ဒီ အား ၅မျိုး ရှိသူဟာ သူ့ များထက် ခေါင်းတစ်လုံးသာပြီး လင်းနိုင်တဲ့သူတွေပေါ့။ သူများတွေလို အားပြည့်ချင်ရင် အားဖြည့်ဖို့ လိုပါတယ် ။ အားရှိရဲ့ လား ၊ အားပြည့်ရဲ့ လား ဆိုတာကိုတော့ ကိုယ့် ဖာသာ ကိုယ်မေးရပါမယ်။ ကိုယ်ပဲ အသိဆုံးပေါ့။


လူတိုင်း လူတိုင်း သူများထက် လင်းနိုင်အောင် ဖေါ်ပြလိုက်ပါတယ်။



အမှာ ။ ။စာရေးချိန်မရလို့ ။ ပြီးတော့ မရေးပဲလည်း မနေနိုင်လို့ ။
လာရောက်ကြသူတွေကိုလည်း

အသစ်လေးတွေ ဖတ်ရှုနိုင်ဖို့  ရေးလိုက်တာပါ။
သိပြီးသူတို့ အတွက်လည်း အားထပ်ဖြည့်တယ်

မှတ်ပါလေ။


မြတ်ရောင်နီ
( ၂၅ ၊ ၀၆ ၊ ၂၀၁၀ )



Wednesday, June 23, 2010

ခြောက်ပတ် ၊ နောက် အပတ်


ခြောက်ပတ် ၊ နောက် အပတ်


(မေတ္တာရပ်ခံချက်။ ။ ရှူး...စကားမပီသူ တိုးတိုး ဖတ်ပါ။)



ကိုတိုဘီ ( ဂျာမန် ) ခြောက်ပတ်နား။

ဒေါ်စုံကြိုင်း (ထိုင်း) နောက်အပတ်နား။

တစ်ယောက်က ခြောက်ပတ် နားကြောင်း လျှောက်ထား၏။
( ခြောက်ပတ်ကြီးများတောင်ပါလား )။

တစ်ယောက်က နောက်အပတ် နားကြောင်း လျှောက်ထားပြန်၏။

( တစ်ပတ်ဆိုတော့ တော်သေးရဲ့ )။

ခြောက်ပတ်နားသူက ကိုတိုဘီ။

တနင်္လာနေ့ တိုင်း ပေါင်မုန့် ဆွမ်း နှင့် ပန်သီး လောင်းလှူနေကျ။

နောက်အပတ်နားသူက ဒေါ်စုံကြိုင်း။

ဗုဒ္ဓဟူးနေ့ တိုင်း ခေါက်ဆွဲလောင်းလှူလိုက်၊ ဆွမ်းလှူလိုက်။

သူတို့ လည်း သူတို့ အကြောင်းလေးတွေနဲ့ ပေါ့။

ခြောက်ပတ်နားသူက အိန္ဒိယသို့ ခရီးသွားမယ်။
နောက်အပတ်နားသူက ဆွမ်းလောင်းနေကျ နေ့ မှာ အလုပ်ရှိလို့ တဲ့။

ဆွမ်းခံ ဆွမ်းခံတယ် လို့ သာ ပြောရတာ၊ တကယ်တမ်း လှူကြတာက သူတို့ က ပင့်ဖိတ်ထား တဲ့နေ့ တစ်ပတ်မှာ တစ်နေ့ ပဲ ကြွသွားရတာ။ တစ်နေ့  တစ်နေ့ ဆိုတာလဲ မြန်မာပြည်လို အိမ်အများ ကြီးက မရှိလှ။ တစ်နေ့ မှ ရှားရှားပါးပါး တစ်အိမ်။ သို့ မဟုတ် နှစ်အိမ်တည်းသာ။

မြန်မာပြည်မှာတော့ သိတဲ့အတိုင်းပဲ တစ်အိမ် တစ်ဇွန်းရရ နှစ်ဇွန်းရရ အိမ်ပေါင်း ၂၀ ဆယ် ၃၀ ။
လောင်းလှူတတ်တဲ့ အိမ်တွေကို လျှောက်သွားခဲ့ရတယ်။ သီးသန့်  ပင့်ဖိတ်တာ ရှိရှိ မရှိရှိ အရေး မကြီးလှ။ သံဃာတွေ ရှေ့ က ဆွမ်းခံရင် နောက်က ရပ်လိုက်တယ်ဆိုရင်ပဲ တစ်နေ့စာတော့ ဖူလုံ သွားတယ်။ တစ်အိမ်လောက် နှစ်အိမ် လောက်က တစ်ပတ် နှစ်ပတ် ပိတ်လည်း အကြောင်း မဟုတ် ဘူး။

ဒီမှာတော့ သူတို့ က သီးသန့် ပင့်ထားတဲ့ နေ့ ကြွရတာ ဆိုတော့ ပိတ်လိုက်တဲ့ အပတ်တိုင်း
ကိုယ့်အတွက် သီးသန့် မှတ်ထားရတယ်။ နောက် အပတ် ဆွမ်းခံပိတ်ထားတယ်။ ဒီ အပတ်ရှိတယ်လို့ မှတ်ထားရပါတယ်။ မှတ်လည်း မှတ်သင့်တယ်။ ဒီ အပတ် နောက်အပတ် လွဲလွဲ သွားတတ်လို့ ။ တစ်ခါ တစ်လေ ဘယ်အပတ်ထိ ပိတ်ထားတာလဲ စာအုပ် ပြန်ကြည့်ရသေးတယ်။

အလှူရှင်တို့ ကလည်း ဆွမ်းခံ တစ်ပါးကြွတာနဲ့  သံဃာနှစ်ပါးရှိရင် နှစ်ပါးစာ၊ သုံးပါးရှိရင် သုံးပါး အလုံလောက် လောင်းလှူကြတယ်။

လမ်းမှာ ကံကောင်းထောက်မလို့  ဘုန်းကြီးမှန်းသိတဲ့ သူက ချောကလပ်၊ လိမ္မော်သီးလေးတွေ လောင်းလှူ သွားတာကြတော့ ရှိပါတယ်။ ဒါကလည်း ရံဖန်ရံခါသာပါ။ ဒါပေမယ့် လူအတော်များများ ကတော့ သိနေကြပါပြီ။ ဆွမ်းခံတယ် ဆိုတာကိုလည်း သတင်းစာထဲမှာလည်း ဖေါ်ပြထားတာ ကြောင့်ပေါ့။

အဆင်ပြေတာ တစ်ခုကတော့ ဘယ်အပတ်မှာ ဆွမ်းခံ မရှိတာလို့  သိပြီးရင် ကိုယ့်မှာ ရှိတဲ့ ဂူချိုင်း ကူပွန်က ဖြေရှင်းသွားတာမို့  ဘယ်အပတ်ဖြစ်ဖြစ် အဆင်ပြေသွားတယ်။ ကူပွန်ကိုတော့ မြူးနစ်မြို့ က ဒကာမကြီး တစ်ဦးက လှူထားပါတယ်။

အဲဒီလိုနဲ့  ဆွမ်းခံ မရှိတဲ့ အပတ်မှဘဲ ဂျာမန် အစားသောက် ဘုဉ်းပေးရတယ်။ စိတ်ကြိုက် ကိုယ့်သဘောကျတာ အလှူခံခဲ့တယ် ။ ကူပွန်က ဖန်တီးပေးပါတယ်။ ပုံမှန်အားဖြင့်တော့ မြန်မာ၊ ထိုင်း ၊ သီရိလင်္ကာ တို့ က ဆွမ်းများ လှူဒါန်းကြပါတယ်။ ဒါကြောင့် ဂျာမနီနိုင်ငံ ကို နေသော်လည်း ကိုယ့်မြန်မာ အစား အစာလို ဆွမ်းကိုသာ ဘုဉ်းပေးရပါတယ်။

ဒီလိုနဲ့  အပတ်တိုင်း အပတ်တိုင်းမှာတော့ အဆင်ပြေ ချောမွေ့ စွာ ရှိပါတယ်။
လောလောဆယ်မှာတော့ ခြောက်ပတ် ၊ နောက်အပတ် ကိုပဲ
ကလေး တစ်ယောက်လို အလွတ်ကျက်မှတ်နေရတယ်။

ခြောက်ပတ်၊ နောက်အပတ်၊
ခြောက်ပတ် ၊ နောက်အပတ်။
.....................................။




မှတ်ချက် ။ ။ဆောင်းပါး အထူးမဟုတ်ပါ။
ကိုယ့်အကြောင်းကိုဘဲ မှတ်တမ်းရေးခြင်းပါ။ သတင်းပေး ခြင်းမျှသာ။
ဒီမှာတော့ တစ်လ ခရီးသွားမယ်ဆိုရင်လည်း လေးပတ် လို့  ရက်သတ္တပတ်ကို
အသုံးပြု
တာများတာကို သတိထားမိတာပါတယ်။ သူတို့  ပြောတဲ့ အတိုင်း ပဲ ကိုယ်လည်း
ခြောက်ပတ် ၊ နောက်အပတ်ဆိုပြီး ခေါင်းစဉ်တပ်လိုက်ပြီး ပတ်ပေါင်းများစွာအသုံးပြုကာ ရေးထည့်လိုက်ပါတော့တယ်။




မြတ်ရောင်နီ

( ၂၃ ၊ ၀၆ ၊ ၂၀၁၀ )



.

Tuesday, June 22, 2010

စိတ် ရှင်းသန့် စေဖို့ ရာ


စိတ် ရှင်းသန့် စေဖို့ ရာ

စိတ်ရှင်းသန့် စေဖို့ ရာတွေကို သိဖို့ လူတိုင်းလူတိုင်း လိုပါတယ်။ စိတ်ရှင်းသန့် ရင် ရုပ်လည်း သန့် တယ်။ ( လှလာမယ်လို့  မဆိုလိုဘူးနော် )။ စိတ်ကနေပြီး တစ်ဆင့် မျက်နှာကစပြီး တစ်ကိုယ်လုံး အမူရာတွေဟာ ပြောင်းလွဲ သွားနိုင်ပါတယ်။

ဟိုးး... နှစ် ၂၅၀၀ ကျော်က ၊ ဘုရားဖြစ်ပြီးကာစ ဘုရားရှင်ကို ရုပ်အဆင်းကြည်လင်ကြောင်း၊ ရုပ်သန့် နေကြောင်း နဲ့  တရားနည်းလမ်းပြဆရာက ဘယ်သူလဲ စတာ စတာတွေ ဥပက တက္ကဒွန်းက လျှောက်ထားဘူးတယ်။ ဘုရားရှင်က အတွင်းနောက်ကျုတဲ့ ကိလေသာမရှိတော့ဘူး၊ ငါ့မှာ တရားပြ ဆရာမရှိဘူး ၊ အနန္တဇိန ဘုရားလို့ ဖြေကြားတော်မူခဲ့တယ်။

ကိုယ်ရဲ့  အတွင်းမှာ စိတ်မနောက်ကျုရင် အပြင် ရုပ်သန့် တယ် ဆိုတယ် အဆင်းကြည်လင်တယ် ဆိုတဲ့ သဘောလို့  နားလည်မိပါတယ်။

နောက်ပြီး ဘုရားရှင်ရဲ့  လက်ကျာ်တော်ရံ အဂ္ဂသာဝကကြီး အရှင်သာရိပုတ္တရာလည်း ဘုရားရှင်ရဲ့ တပည့် မဖြစ်ခင် တရားရှာစဉ်က ပဉ္စ၀ဂ္ဂီ ၅ဦးထဲက အရှင်အဿဇိ မထေရ်နဲ့ တွေ့ တယ်။ အရှင်အဿဇိ မထေရ်ကို တွေ့ တယ် ဆိုရင်ပဲ ဥာဏ်ပါရမီ ရင့်သန်ကြီးမားသူတို့ ဆိုတော့ ချက်ချင်းပဲ အပေါ်ကလို ရုပ်ကြည်လင်ခြင်းရဲ့  အကြောင်း စတာတွေကို လျှောက်ထားဘူးတယ်။


ပြီးတော့ အရှင်ဘုရား ရရှိထားတဲ့ တရားကိုလည်း ပြန်လည် ဟောကြားဖို့  လျှောက်ထားပါတယ်။ ဥပက ဆိုသူကတော့ ဘုရားရှင်နဲ့ တွေ့ ပေမယ်လို့  ဒီလို မလျှောက်တော့ ဘုရားရှင်လည်း တရားကို ထူးပြီး မဟောခဲ့ပါဘူး။ အဲဒါကြောင့်လည်း သူကတော့ ဘာမှ ဖြစ်မသွားဘူးပေါ့။

အဲ .. အရှင်အဿဇိ မထေရ်က တရားတစ်ပုဒ် တိုတိုကျဉ်းကျဉ်း ဟောလိုက်လို့ အရှင် သာရိပုတ္တရာ ကတော့ သောတာပန်ဖြစ်သွားတယ်။ အဲဒီနောက် တရားရှာဖော်ရှာဖက် အရှင် မောဂ္ဂလ္လာန် ကိုလည်း နှစ်ဦးသား တရား အရင်စတွေ့ သူက ပြောကြေးလို့  ကတိပရောမစ်တွေ ရှိတဲ့အတိုင်း သူငယ်ချင်းထံ ပြန်သွားခဲ့ပါတယ် ။

အရှင်မောဂ္ဂလ္လာန်က အရှင်သာရိပုတ္တရာကို မြင်တယ် ဆိုရင်ဘဲ အူလိုက်သဲလိုက် သူငယ်ချင်းကို မေးပါတယ်။ ဒီနေ့ သူငယ်ချင်း ထူးခြားတယ်။ ကျက်သရေ အပြည့် ရှိနေတယ်။ တရားထူး ရခဲ့ လာ သလားဟ လို့  မေးပါတယ်။

ဟုတ်ပါတယ် လို့  ပြောပြီးနောက် အရှင်မောဂ္ဂလ္လာန်ကို ပြန်လည်ဟောပြရာ တရားထူးရသွား ပါတယ်။ ဆိုလိုတာက စိတ် ရှင်းသန့် တာနဲ့  ချက်ချင်း သိနိုင်ကြောင်းပြောပြတာပါ။

ဒီလိုပဲ ပိဋကထဲမှာ နေရာ အများအပြားမှာတွေ့ ရတယ်။ ဒီနေရာမှာ အနည်းကျဉ်းသက်သေ သာဓကလောက်ဖြစ်ဖို့  ထည့်ပြောလိုက်တာပါ။ အတွင်းစိတ်နဲ့  အပြင်ရုပ် ဆက်စပ်နေတယ် ဆိုတာ သိရုံလောက် ပြောပြချင်တာနဲ့  ထည့်ရေးလိုက်တာပါ။ ရုပ်သန့် လိုသူအတွက် လိုအပ်တယ်ပေါ့နော်။

အဓိက လိုရင်း ပြောချင်တာက စိတ်ရှင်းသန့်စေဖို့ ရာတွေ ပါပဲ။


ပါဠိလို ပြောလိုက်ရင် လူတွေအဖို့  မှတ်မိဖို့  ခက်ခဲတာနဲ့  မြန်မာလို ချောမော လွယ်ကူစွာ ပြန်ပေးလိုက်တာပါ။ ပါဠိလိုကတော့ ပုညကိရိယာ ၀တ္ထု ၁၀ မျိုးပါပဲ။

ပုည ကို သဒ္ဒါကျမ်းက စိတ္တံ ပုနာတိ သောဓေတီတိ ပုညံ တဲ့။ စိတ်ကို ရှင်းသန့် စေကြောင်း သည် ပုည- လို့  ဖွင့်ဆိုပါတယ်။ ကိရိယ- ပြုထိုက်သော ၊ ၀တ္ထု-တည်ရာ ။ အဓိပ္ပါယ်ကို အဖြောင့် ဘာသာ ပြန်လိုက်ပြန်တော့ စိတ်ရှင်းသန့် စေဖိုရာ လို့ ဖြစ်သွားပါတယ်။

စိတ်ရှင်းသန့် စေဖို့ ရာ ဆယ်မျိုးကား-

၁။ဒါန -ပေးကမ်း လှူဒါန်းမှု ၊ ( မရှိ ဆင်းရဲသားကိုပေးကမ်း ၊ မြင့်မြတ်သူကို လှူဒါန်း)
၂။သီလ- ၅ ပါး ၊ ၈ ပါး စသော သီလ ဆောက်တည်မှု
၃။ဘာဝနာ- ကမ္မဋ္ဌာန်း စီးဖြန်းမှု ( သမထနည်း လေးဆယ် နှင့် ၀ိပဿနာ )
၎။အပစာယန- အသက် သိက္ခာ ဂုဏ်ဝါကြီးသူတို့ အား အရိုသေးပေးမှု၊လေးစားမှု ( သီလ )
၅။ဝေယျာဝစ္စ-ကုသိုလ်ရေးကိစ္စမှာ ကိုယ်တိုင် ပါဝင်ဆောင်ရွက်လုပ်အားပေးမှု ( သီလ)
၆။ပတ္တိဒါန- ကိုယ်ပြုသမျှ ကုသိုလ်ကို အမျှပေးဝေမှု ( ဒါန )
၇။ပတ္တာနုမောဒန- သူများပြုသမျှကုသိုလ်ကို သာဓုခေါ်မှု ( ဒါန )
၈။ဓမ္မဿဝန- တရားနာယူမှု။ ( ဘာဝနာ )
( စာအုပ်နှင့် ဘလော့များမှ တရားစာများ ဖတ်ရှုလေ့လာမှု တို့ လည်းပါဝင်ပါသည်။)
၉။ဓမ္မဒေသနာ- ရိုးသားစွာ တရားဟောမှု ( တရားဆောင်းပါးများ ရေးသားဖြန့် ဝေမှု )( ဘာဝနာ )
၁၀။ဒိဋ္ဌုဇုကမ္မ-အယူ အမြင်များ ဖြောင့်မတ်စွာ ယူမှု ။
( ကံ ကံ၏ အကျိုးကို ယုံကြည်မှု )( ဘာဝနာ )တို့  ဖြစ်ပါတယ်။

အကျဉ်းချုပ် အားဖြင့်တော့-
၁။ ဒါန ၂။ သီလ ၃။ ဘာဝနာ အလုပ်များ လုပ်နေဖို့ ပါပဲ။


စိတ်ရှင်းသန့် စေဖို့ ရာ ဆယ်မျိုး ဆိုသော်လည်း ဆိုင်ရာ အုပ်စုဖွဲ့ က အောက်ပါအတိုင်း သုံးမျိုးသာ ဖြစ်ပါတယ်။
၁။ ဒါန အုပ်စုထဲမှာ နံပါတ် ၆ နှင့် ၇ ထည့်။
၂။ သီလ အုပ်စုထဲမှာ နံပါတ် ၄ နှင့် ၅ ထည့်။
၃။ ဘာဝနာ အုပ်စုထဲမှာ နံပါတ် ၈ ၊ ၉ နှင့် ၁၀ ထည့်ပါ။
( အပေါ်မှာ ကွင်းစ ကွင်းပိတ်ဖြင့်ရှင်းလင်းစွာသိရှိဖို့  ပြခဲ့ပြီးပါပြီ ။)


ဆောင်ပုဒ်မှတ်လိုသော်-
ဆောင်- ၁။ဒါန , သီလ , ဘာဝနာ နှင့်၊ အပစာယနာ, ရိုသေစွာ ဝေယျာဝစ္စဖြင့်။
၂။ပတ္တိဒါန , အမျှပေးဝေ ၊ ခေါ်လေသာဓု ၊ ပတ္တာနုမော ၊
ဟောလေသမျှ , နာယူက,
ဓမ္မဿဝနနှင့်။
၃။ ကိုယ်တိုင်ဟောပြ, ဓမ္မဒေသနာ ၊ ဖြောင့်စွာယူမှု ,
ဒိဋ္ဌုဇုကမ် , ဤဆယ်တန်,
မှတ်ရန် အဆင့်ဆင့်။

( ရတနာ့ ဂုဏ်ရည်ကျမ်း စာမျက်နှာ- ၂၆၈၊၉ ၊ ၂၇၀ )


ဆောင်- ဒါန-သီလာ၊ ဘာဝနာ ၊ သုံးဖြာစဉ်၍ခင်း။

စနှစ်ကိုလယ်။ လယ်နှစ်ကို စ၊ နောက်မှ နောက်ချင်းသွင်း။
(အခြေပြု သင်္ဂြိုဟ် စာမျက်နှာ ( ၂၉၃ ၊ ၂၉၄ ။ )

စိတ် ရှင်းသန့်စေဖို့ ရာ ဆယ်မျိုးကို စုံလင်စွာ ရေးပြီးပါပြီ။ စိတ်ရှင်းသန့်အောင် ကြိုးစား အားထုတ်နိုင်ကြပါစေဟုသာ။



မှတ်ချက် ။ ။ ပုညကိရိယာဝတ္ထု အဖွင့်ကို ရတနာ့ဂုဏ်ကျမ်း၌ အကျယ် ပြဆိုထားပါသည်။
သို့သော် ဤဆောင်းပါးကား မိမိအမြင် အတွေးဖြင့်ရေးထားပါသည်။ ဆရာတော်၏ ကျမ်းစာအဖွင့် ကို သေချာစွာ ဖတ်ရှုပါက ပိုမို ရှင်းလင်းမည် ဖြစ်ပါကြောင်း ပြောကြားအသိပေးလိုက်ပါသည်။


မြတ်ရောင်နီ

( ၂၂ ၊ ၀၆ ၊ ၂၀၁၀ )




Sunday, June 20, 2010

အေးအေး ဆေးဆေး နေလိုပါသလား ?


အေးအေး ဆေးဆေး နေလိုပါသလား ?


အေးဆေး ဆေးဆေး နေလိုပါသလား။ ကိုယ့်ဖာသာမေးပါ။ တကယ် နေလိုတယ် ဆိုရင်-
အေးအေး ဆေးဆေး နေလိုက်ပေါ့။

ဘလော့တွေ လျှောက်ဖတ်နေတာလား။ စိတ်အေးစရာနဲ့ တွေ့ ရင် တော်ရဲ့ ။ ကိုယ်မကြိုက်တာ စကားလုံး တစ်လုံးလောက်တွေ့ တာနဲ့  စိတ်က မအေးတော့ဘူး။ ပြီးတော့ ဒါက ရယ်စရာ ကောင်း တယ်။ ပျော်လိုက်ပြန်ရော။ ပျော်စရာလေး ပြီးသွားတော့ အပျော်က စတော့ပ် သွားပြန်ကာ ပျင်း သွားပြန်ရော။ ဒါက ဖြစ်တတ်တဲ့ စိတ်သဘော သဘာဝပေါ့။

နောက်ပြီး ကိုယ်သဘောမခွေ့ ၊ မတွေ့ တာ တွေ့ ပြန်တော့ ဒါကြီးက ဘာကြီးလဲ ။ အဲလို ရေးသင့်လို့ လား။ ဘာလား ညာလားနဲ့ ။ စိတ်ထဲမှာ မသိုးမသန့်  စိတ်ကို ခလောက်တဲ့ အနည်များ ထအောင် ကိုယ့်ဖာသာ နှောက်ယှက် မိပြန်ရော။

စိတ်ကတော့ အေးအေး ဆေးဆေး နေချင်တယ်ဆိုပြီး ငြိမ်ငြိမ်မနေချင်ဘူး။ ငြိမ်ငြိမ်နေမှ အေးတာ။ ဟိုတစ်ချိန်က စာဝါလိုက်ခဲ့စဉ်ကပေါ့။ တိပိဋက ယောဆရာတော်ရဲ့  အဆုံးမကို သွားပြီး သတိရမိတယ်။ ငြိမ်ငြိမ်နေ ငြိမ်းအောင်ကျင့်-တဲ့။ တိုတိုလေးတော့ တိုတိုလေးပါပဲ။

အေးအေး ဆေးဆေး နေလိုသူ အတွက် ထိတယ် ၊ မိတယ် ။ အပို အလို မရှိ စကားလေးပါ။
သူတော်စကား အပ်ဖျားရေစက် အနက် ပင်လယ်- တဲ့။ အဲဒီတုန်းက နားလည်ခဲ့တာထက် ခုမှ နက်နဲ မှန်းသိလာခဲ့တယ်။

အဲဒါဆိုတော့ ဘလော့တွေ တစ်ခုပြီး တစ်ခု ဖတ်သင့်လား ၊ မဖတ်သင့်ဘူးလား ။

အေးတယ် ထင်ရင် ဖတ်ပေါ့။ ဆက်ပေါ့ ။ အေးအေး ဆေးဆေး ဖြစ်မှာပါ။ မအေးဘူး ထင်ရင် ရပ်လိုက်ပေါ့။ ဆက်ဖတ်ရင် ကိုယ်ဘဲ မအေးဘူးဆိုတာ ဖြစ်လာမယ်။ ကိုယ့်ဖာသာ ဆုံးဖြတ်ပြီး ဖတ်ပါလေ။

အကောင်းဆုံး အေးအေး ဆေးဆေး နေလိုက ကိုယ့်စိတ်လေးကို ဘာဖြစ်နေတယ် ကြည့်နေဖို့ ပါဘဲ။ တရားထိုင်ထိုင် ၊ တရား ထထ ၊ တရား သွားသွား ၊ တရားလျောင်းလျောင်း ပါ။
ကိုယ်ကြိုက်တဲ့ ကိုယ်နဲ့ သင့်လျော်တဲ့ အနေထားနဲ့  တရားမှတ်နေရင် အေးအေး ဆေးဆေး နေလို သူများ အတွက်တကယ် အေးအေး ဆေးဆေး ဖြစ်ပါကြောင်း...။



အေးအေးဆေးဆေး နေလိုသူတို့ အတွက် ရည်ရွယ်ကာ သတိပေး ရေးလိုက်ပါတယ်။
အားလုံး အေးအေး ဆေးဆေး ရှိကြပါစေသောဝ်...

မြတ်ရောင်နီ

( ၂၀ ၊ ၀၆၊ ၂၀၁၀ )


.

Saturday, June 19, 2010

ရောင်းသူ ၀ယ်သူ အသံတူ


ရောင်းသူ ၀ယ်သူ အသံတူ



ရောင်းသူ ၀ယ်သူ အသံတူ ဆိုတဲ့ သဘောဟာ ဖြစ်ရိုးဖြစ်စဉ် တစ်ခုဖြစ်တယ်။ ကြားနေကျ ခေါင်းရွက်ဈေးသည်များ တစ်ချို့ အော်ရောင်းတာမှာ အသံက ကိုပဲ ၀ယ်ချင်လာအောင် ဆွဲဆောင်မှု ရှိတယ်။ သူ အသံကို ကြားပြီး လာပါအုံးရှင်၊ လာပါအုံး ခင်ဗျာ လို့  ပြေပြေလည်လည် ဈေးသည်ကို ခေါ်ပြီး ဈေးဝယ်တတ်ကြပါတယ်။ အဲ ...ဈေးသည် အော်တာ အပေါက်မလှဘူး ဆိုရင်တော့ လာအုံး ။ ၀ယ်မလို့  ဆိုပြီး အောင့်ဆောင့်သံကြီးနဲ့ အသံက ဖြစ်သွားကြပါတယ်။


အဲလိုပါပဲ တစ်ခါ တစ်ခါ အင်တာနက် ချက်တင်းမှာ ရောင်းသူ ၀ယ်သူ အသံတူမျိုးလို ကိုယ်ကိုယ်တိုင် တွေ့ ခဲ့ရပါတယ်။ အပျော်သမားနဲ့ တွေ့ တော့ အပျော်အပြေ ပြောလိုက်။ တရား သမားနဲ့ တွေ့ တော့ တရားကြောင်းပြောလိုက်။ မေးတဲ့ မေးခွန်းရှိလာပြန်တော့ ဖြေပေးလိုက်နဲ့ ။ အခြေနေပေါ်မူတည်ပြီး အသံတူခဲ့ရပါတယ်လေ။ နမူနာ ပြရမယ်ဆိုရင် ဒီနေ့  ချက်တင်းလေးကို ကြည့်ကြပါစို့ လား-

ဒကာလေး : ရှင်ဘုရား
tejobhasa: ဒကာတော် ဥက္ကဋ္ဌ
( သူ ရာထူးကို ကြည့်ပြီး ခေါ်လိုက်တယ်။ )


ဒကာလေး: အရှင်းဆုံး တရားမှတ်နည်း လိုခြင်တယ်..။
( ပြောလည်း ပြောလောက်ပါရဲ့ ၊ တစ်ခါ တစ်ခါ တရားနည်းက များပြီး
မမှတ်တတ်ရင် စိတ်ရှုပ်စရာ ထင်လို့  ရှိမှာပေါ့ ၊ )
tejobhasa: အရှင်းဆုံးကတော့...


ဒကာလေး : ဟာ...
( ကိုယ်တောင် ဘာမှ မပြောရသေးဘူး လူက လည်း လူငယ်ဆိုတော့ သွက်လိုက်တာ
ဟာ- တဲ့ )
tejobhasa: အာနပါန ပါပဲဗျာ။
( ကဲ ဒါ့ထက် ရှင်းချင်သေးသလားလို့ မေးလိုက်ချင်ရဲ့ )။


ဒကာလေး : ဥက္ကဌ မလုပ်တော့ဘူး ၊ စကားပြန်လုပ်နေတယ်။
tejobhasa: အော်...ဟုတ်လား ၊ ဒီလိုဆိုလဲ ဒကာလေး စကားပြန်။
အာနပါန ဆိုတာ အရှင်းဆုံးပါပဲ ၊ ၀င်လေ ထွက်လေ ပေါ့နော်။
( ဥက္ကဋ္ဌ မဟုတ် စကားပြန် ဆိုတော့လည်း ဒကာလေး စကားပြန်လို့ 
ကိုယ်ကလည်း နာမည်သစ်ထွင် ခေါ်လိုက်ပါလေရော)။


ဒကာလေး: ဟားဟား..
( သူ သဘော ကျသွားတယ်။ ကိုယ့်ရဲ့  နာမည်သစ်ပေးတာကို၊
လူကတော့ ကွာ ၊ တကယ်ပဲ။ )
tejobhasa: ၀င်လေ ထွက်လေကို သတိလေးနဲ့ ကပ်ပါ။


ဒကာလေး : အင်း..အဲဒီအထိတော့သိတယ် ဘုရား..ဒါပေတည့် တောင်တွေး
tejobhasa: စိတ်ကို အပြင်မထွက်စီနဲ့ ။
( သူကတောင်တွေး တွေးတုံး မြောက်တွေး မတွေးခင် ကိုယ်လက်ကလည်း
ပြောချင်ဇော အားကြီးတာနဲ့ ပြောထည့်လိုက်ရော )။


ဒကာလေး : မြောက်တွေး..
tejobhasa : အတွေးပေါ်လာရင် ပြန်ထိန်းပေါ့။


ဒကာလေး: တွေး ဖြစ်လို့
tejobhasa: ငါ ရအောင် ထိန်းမယ်ဆိုတာပေါ့။


ဒကာလေး : နှာသီး မှာ မှတ်ရမှာလား.. ပိန်ဖေါင်းမှတ်၇မှလား၊ နှစ်ခွဖြစ်ဖြစ်သွားလို့။
( အဲဒါပဲ သူ့ မှာ ယောင်ဝါးဝါး ဖြစ်နေတတ်ပုံက ။)
tejobhasa: အဲ...ကြိုက်သလို မှတ်လို့ ရတယ်၊ ကိုယ်နှစ်သက်တာပေါ့နော်။
( တစ်ခုကောင်းပြောပြီး အစွဲလန်းကြီးနေရင်လည်း မဟုတ်သေး။ ဒီမှတ်နည်းမှန်တယ်။
ဟိုနည်းမှားတယ် ဆိုတာလည်း သဘာဝ မကျ)။


ဒကာလေး: ပြီးတစ်နေကုန် သူများပြဿနာတွေနားထောင်လာတော့.
ညကြတော့ သူတို့အကြောင်းတွေ ၀င်ဝင်လာတယ်..
( သူပြောတာလည်း ဟုတ်လောက်ရဲ့ ၊ တကယ်တော့ ပြဿနာတွေ အိမ်ထိ
မသယ်လာ သင့်ပေဘူး။ )

tejobhasa: အာနပါန က အနိုင်ဆုံးဆေး၊ အကောင်းဆုံး ဆေးတစ်ခွက်ပဲ။
( အာနံပါနံ မောဟစရိတဿ ၀ိတက္ကစရိတဿ စ - လို့  အဘိဓမ္မာကျမ်းက ဆိုထားတာ
တွေ့ တယ်။ ဆိုလိုတာက အာနပါနက အသိမှောင်သူ ၊ အတွေးကြောင်သူ တို့ အတွက်
သင့်တော်တဲ့ ကမ္မဋ္ဌာန်းပါတဲ့ ။ ဒါကြောင့် သူ့ ကို ရဲရဲ ပြောရဲတာပါ။)။


ဒကာလေး: အင်း ကြိုးစားပါ့မယ်.
tejobhasa: အေးသာဓုပါကွာ။


ဒကာလေး: ပြီးတော့ အိပ်ခြင်လာတယ်. ဟီး။
( ရုတ်တရက် ချက်ချင်းကြီးပါ့လား၊ တရားကြောင်းရာလည်းမေးသေး။
ဘာကြီးပါ့လိမ့် ။ )
tejobhasa: အေး အေး ..။ အိပ်ပါတော့ကွယ်။


ဒကာလေး: ဂိမ်းဆော့နေတာ.. ဟဲဟဲ။
( ကဲ... ကြည့်အုံး ၊ ငါကတော့ အဟုတ်မှတ်လို့ )
tejobhasa: မသာ..ကဲ။
( လက်က မနေနိုင်တာနဲ့  မသာ လို့  ဆဲ လိုက်တယ် ၊)


ဒကာလေး: တပည့်တော် ၈ လပိုင်းလောက် US ထွက်ဖြစ်မလားမသိဘူး..
ဟီး...လာလည်ပါအုံးနော..
( ကဲ...ဗျာ။ US များ သူ့ ရွာ မှတ်နေလား မသိဘူး။ ရွာဆိုရင်သာ
ဘယ်သူရေ အော်လို့ ရမှာ။ ဘယ်လိုဘဲ ဖြစ်ဖြစ် ဂလိုဘဲ ဆိုတော့
အင်တာနက် ရှိတာပါပဲလေ ။ အေး အေး လာခဲ့မယ်ကွာ။ )
tejobhasa: ကောင်ကလေး အိပ်မက်မက်နေတယ်။
( သူက တောင်တွေး မြောက်တွေး မကသေးဘူး ၊ တောင်ပြော မြောက်ပြော
ပြောနေတာနဲ့ပဲ ကိုယ်လဲ...)


ဒကာလေး: အင်..
( ငါ က မယုံလို့  အင် သွားတာပေါ့လေ ။ )
tejobhasa: လုပ်လုပ် ။ ဒါပဲနော်။
( ကိုယ်ကလည်း စာကြည့်ချင်တာနဲ့  စကားဖြတ်လိုက်တာ ။)


ဒကာလေး: တစ်ကယ်ပြောတာ။
( သူ့ ယုံဖို့  တစ်ကယ် စကားလုံး ထပ်တိုးလာတယ် )
tejobhasa: ခု မအားသေးဘူး။
( တော်ချင်ပါပြီ ဆို ။ ဘယ်လို ဒကာလေးလဲ )။


ဒကာလေး: ဆေးတောင်စစ်ပြီးသွားပြီ။
( သက်သေ ထူပြန်ပြီ )
tejobhasa: အောင်လား။
( စကားက မထက်တဲ့ ဓားလိုပဲ ၊ တစ်ချက်ထဲ မပြတ်တော့ ထပ်မေးမိပြန်ပီ။ )


ဒကာလေး: အိုကေ
tejobhasa: ကဲ ဒါပဲဗျာ ၊ တရားထိုင်နေပါတယ်ဆို ။ ကိုရင်လေး စိတ်ပျက်သွားတယ်။
( ကိုယ်လည်း ကိုရင်လေး တရားထိုင်ပုံ တင်ထားတော့ ဒီစကားလေးက ထွက်ကျလာတယ် )။




ဒကာလေး: :P
tejobhasa: ဘိုင် ။ အောင်မြင်ပါစေ ။ ဒကာလေးရေ ။
( US အတွက် ဆုပေးလိုက်ခြင်းပါ ။ )


Sent at 10:27 AM on Saturday
ဒကာလေး: good night
( US သွားမသည့်သူဆိုတော့ အင်္ဂလိပ်လို ပြောပြီပေါ့လေ။ )


နောက်တစ်ကြိမ် ကိုယ်က ပြန်သုံးတော့ သူ့ ကို သဘောတူညီချက် ကို ဒီလို မေးလိုက်တယ်။


tejobhasa: ဒီစကားပြောခန်းလေးကို ကောင်းတာလေးတွေ ရွေးပြီး ဘလော့မှာတင်မယ်။
တရားဆွေးနွေးခန်းထည့်မယ် ၊ ဟုတ်ပီလား ၊ နာမည်မထည့်ဘူး ။ သင့်တော်အောင်ဖေါ်ပြမယ်။
ဒကာလေး: အာ ...။ ဘာဆိုင်လို့လဲ။
( သူပြောတာလည်း အမှားပါတာကျနေတာပဲ ။ သူမမှားသလို ကိုယ်လည်း မမှားပါဘူး၊
ရယ်စရာတွေ ပြောတာကလွဲလို့ ပေါ့ ။ )


tejobhasa: တရားသဘောကိုရေးမှာပါဟ၊ မထိခိုက်စေရပါဘူး ၊
ဟုတ်ပီနော် ။ ပိုဖျက် လိုစွက်လေးပေါ့။
( ဒီကလည်း ဇွတ်ပဲ ။ ဆောင်းပါး ရေးချင်နေပါတယ်ဆို။ )
ဒကာလေး: ဒါဆိုလဲ ၊ ဦးဇင်းသဘော။
( သူ့ ရဲ့  စိတ်လွန်ကျိုး ကိုယ့်ဘက် ပါချေပြီ ။)


tejobhasa: ဒီလိုလုပ်စမ်းပါကွယ်ကလေးကလဲ။
( ဒီကလည်း လူ အလိုက် သူ့ အကြိုက် အပျော်လေးတွေ ပြောလိုက်ရမှ။ )
ဒကာလေး: ကလေးအဖေပါ..


tejobhasa: အင်း...။ အဲ.. ကလေးအဖေကလဲလို့ ပြောတာ။
ဒကာလေး: မေ့နေပြီလား။
( အေး... မေ့နေပြီကွာလို့  ပြောလိုက်ရင်ကော ဒကာ စိတ်ဆိုးလောက်တယ်။
သို့ သော် စကားကို ဒီလောက်နဲ့ သာ ရပ်ခဲ့တော့တယ်။ တကယ်လည်း မေ့မှ မမေ့ဘဲကိုး။)။

မှတ်ချက် ။ ။တကယ် ချက်တင်းမှာ နဲနဲလေး အချိန်ယူပြီး ပြောခဲ့တဲ့ စကားများကို ရေးတင်လိုက်ပါတယ်။ အပေါ်မှာ ပြောခဲ့သလို ပိုဖျက်လိုစွက်လေးများ အနည်းကျဉ်းသာ
ပါရှိတာပါ။ ကောင်းမယ်ထင်လို့ တင်လိုက်ခြင်းသာ ဖြစ်ပါတယ်။ သူလဲ ပျော်တတ်ပေမယ့်
တရားကို တကယ်ဝါသနာပါသူမို့ သာ ဒီမေးခွန်းထွက်လာတယ်လို့ ယုံကြည်ပါတယ်။

လက်သည်းကွင်း စကားကတော့ စိတ်အတွေးလေး ကစားရုံသက်သက်ပါ။

လောကီရေးရာ ကိစ္စတွေမှာ ကောင်းတာတွေရော မကောင်းတာတွေရော ရောထွေး နေတတ်ပါတယ်။ အဓိကကတော့ ကောင်း မကောင်းဆိုတာက ကိုယ်အသိဆုံးပါ။ ဒါကြောင့် အကောင်း တွေ များများပြောဖြစ်ဖို့ ၊ အကောင်းတွေ များများလုပ်ကိုင်ဖို့  အကောင်းတွေ များများ ကြံစည်နေဖို့ အရေးကြီးပါတယ်။

မြတ်ရောင်နီ
( ၂၀ ၊ ၀၆ ၊ ၂၀၁၀ )

စိတ်ပါလက်ပါ ငိုခဲ့ဘူးသည်



စိတ်ပါလက်ပါ ငိုခဲ့ဘူးသည်

အသက် ( ၃၀ )ကျော်မှ ယောကျာ်းမတန်ဘဲနဲ့  ကျခဲ့ရတဲ့ မျက်ရည်လို့  ပြောရင် ပြောကြပါစေ၊
ဘုန်းကြီး မတန်ဘဲနဲ့  ကျခဲ့တဲ့ မျက်ရည်လို့  ပြောရင် ပြောကြပါစေ။ ဟန်ဆောင် ပန်ဆောင် ငိုတာ မဟုတ်ပါ။ ရင်တွင်း လှိုက်ဖို နှလုံးသား က တင်ပို့ လိုက်လို့ မျက်ရည်ကို ဘယ်သူ မှ မမြင်လိုက်ဘဲ
ကျခဲ့ ဘူးပါတယ်။
မထိန်းနိုင်တဲ့ အတွက် မထိန်းဘဲ အားရပါးရ စိတ်ပါလက်ပါငိုခဲ့ဘူးပါသည်။

ငိုတာဟာ ၀မ်းနည်းလို့  ဆိုတာ လူတိုင်း သိကြပါရဲ့ ။ ကိုယ်ကလည်း ၀မ်းနည်းလို့ ပါဘဲ။
သို့ သော် ၀မ်းနည်းလို့  ငိုတဲ့ အကြောင်းများတွင် ကိုယ့်အတွက်တော့ တစ်ခုကြောင့်သာ-

၁။ စာမေးပွဲ ကျရှုံးခဲ့ လို့ လေလား
၂။ ရည်းစားက လွဲခဲ့လို့ လေလား
၃။ ချဲ ၊ ဘောလုံးပွဲ လောင်းကစားလုပ်တာ ရှုံးခဲ့လို့ လေလား
၎။ သက်ရှိ မိဘနဲ့  ပါတ်သက်ခဲ့လို့ လား
၅။ ဆွေမျိုး အရင်းချာထဲက တစ်ဦးဦး သေဆုံးသွားခဲ့လို့ လား
၆။ အခြား အကြောင်းကြောင်းများရှိခဲ့လို့ လေလား


လာရောက် ဖတ်ရှုကြ အားပေးကြတဲ့ စာဖတ်သူတို့ ရဲ့  ထင်မြင်ချက်ကို လိုလားပါတယ်။
အဖြေကား တစ်ခုခုတော့ တစ်ခုခုပါပဲလေ...


ထင်မြင်ချက်များ ရေးပြီးသည့်နောက် အဖြေကို ...

အတိကျ အားမနားတမ်း မရှက်တမ်း ဆောင်းပါး ရေးသွားပါမယ်။

ထင်တာမြင်တာကို ရေးသွား ပြောသွားနိုင်ပါတယ်။ ကျေးဇူးတင်စွာ


မြတ်ရောင်နီ
( ၁၉ ၊ ၀၆၊ ၂၀၁၀ )

Thursday, June 17, 2010

မိန်းမ ရှာမယ် ၊ အဲဒီ မိန်းမက...



မိန်းမ ရှာမယ် ၊ အဲဒီ မိန်းမက...

ဒီနေ့  သင်တန်း သွားတတ်တာကတော့ ထူးထူးခြားခြားပါပဲ ၊ သင်တန်းသွားတတ်ရင်း ဒီစကားလုံးလေး ရလာတယ်။ သင်တန်းဆိုတဲ့ အတိုင်း ဆရာမကြီးက ကြီးပြီ ဆိုသော်လည်း အသင် အပြ ကောင်းတယ်။ ဟန်ပန် အမူအရာနဲ့ ကိုပဲ သင်တန်းသားများ နားလည်သဘောပေါက်အောင် အတော်ကြိုးစားရှင်းပြတယ်။ ဂျာမန်ဆရာမပဲ ဂျာမန် သင်တာ ကောင်းမှာဘဲလို့  မထင်လိုက်လေနဲ့ ။ မြန်မာစာ ဆရာမကလည်း မြန်မာစာ အသင် အပြ ကောင်းချင်မှ ကောင်းတာကိုး။ ကဲ ရှိပါစေတော့။

ဒီနေ့  သင်တဲ့ သင်ခန်းစာက ပရိုနောင်းပါ။ ဂျာမန်ဘာသာ စိတ်ဝင်စားစရာ ကောင်းတာက အချို့  ဂရမ္မာတွေဆိုရင် ပါဠိနဲ့ သွားတူတယ်။ ဆိုပါစို့ ... ဂျာမန်မှာ လိင် သုံးလိင် ခွဲထားတယ်။ ပါဠိမှာလည်း သုံးလိင်ပဲ။ ပြီးတော့ ဂဏန်းသချာင်္မှာလဲ အင်္ဂလိပ်လို One = တစ် ၊ တစ်လုံးသိရုံနဲ့ မဖြစ်သေးဘူး၊ ယောကျာ်း လေး ဆိုရင် Ein မိန်းခလေးဆိုရင် Eine ၊ ရေ ဆိုရင် Ein တဲ့။ ပါဠိမှာလည်း ယောကျာ်းလေးဆိုရင် ဧကော ၊ မိန်းခလေးဆိုရင် ဧကာ ၊ စိတ် ဆိုရင် ဧကံ ဆိုပြီး ရေးရတယ်။

အဲလိုပဲ Case တွေမှာလည်း ဂျာမန်က Cases ၄မျိုးသုံးတယ်။ ပါဠိကတော့ Cases ၇မျိုးတောင်
သုံးတယ်။ နောက်က နောင်းပုဒ်ကြည့်ပြီး ရှေ့ က ၀ိသေသနပုဒ်တွေ ထားရတယ်ပေါ့။ ကဲ ဒါလည်း ရှိစေတော့။နောက်မှ အကျယ်ချဲ့ပါတော့မယ်။

ခု ပရိုနောင်း သင်တော့ ဆရာမက သင်တန်းသားများ စိတ်ဝင်စားမည့် Ich suche einen Mann,... ၊ Ich suche eine Frau,... လို့  ရေးချလိုက်တယ်။ ဆိုလိုတာက ကျမ ယောက်ျား ရှာမယ်, အဲဒီ ယောကျာ်းက ၊ ကျနော် မိန်းမ ရှာမယ် အဲဒီမိန်းမက - တဲ့။ ပရိုနောင်းက အဲဒီယောကျာ်း အဲဒီ မိန်းမကို ဘယ်လို ပရိုနောင်း ရေးမလဲပေါ့။

စကားလုံးများများလဲ ရအောင် တစ်ယောက်တစ်မျိုးစီ ပြောဖို့  ဆရာမက လမ်းခင်းပေးထားတယ်။
ခက်ပြီ တို့ တော့၊ ထိပ်တိုက်ကို တွေ့ တော့တာပါပဲလား ၊ ဒီစကားလုံးက ငါနဲ့  မဆိုင်ဘူး ၊ ဘယ်လို လုပ်ပါ့ မလဲ။ ကိုယ်နားနီးနေတဲ့ တရုတ် ကောင်လေး ပြောပြတယ်။ ငါက ဘုန်းကြီးလေကွာ။ ဘယ်လို လုပ်မလဲ ၊ တီးတိုး ပြောလိုက်တယ်။ သူတို့ က တော့ အဆင်သင့်ပေါ့လေ။

လူတွေပဲ သူတို့ လိုချင်တာ ပြောတော့တာပေါ့။ အဲ.. ပြောကြတာကတော့ မိန်းခလေးတွေက လည်း ရှက်တဲ့ အမူရာနဲ့  မပြောဘူး ၊ ရဲရဲတင်းတင်း သူတို့ လိုချင်တာ ပြောတော့တာပဲလား။

ဟုတ်တော့လည်း ဟုတ်သား ၊ လူပဲလေ ရှက်စရာတော့ ဟုတ်ဘူးနဲ့ တူတယ်။ ကောင်လေး တွေကလည်း ... မိန်းမ ရှာမယ် ၊ အဲဒီ ကောင်မလေးက လိမ်မာရမယ်။ တစ်ချို့ ကတော့ အဲဒီ ကောင်မလေး က ပညာတော်ရမယ်၊ အဲဒီကောင်မလေးက ငါ့ကို ချစ်ရမယ် စသဖြင့်ပေါ့။

ကောင်းမလေးတွေကလည်း ယောကျာ်းရှာမယ် ၊ အဲဒီ ယောကျာ်းကဥာဏ် ထက်မြက်ရမယ်။ တစ်ချို့ ကတော့ အဲဒီယောကျာ်းက ငါ့ကို အမြဲ ပျော်အောင် ထားသူဖြစ်ရမယ်။ သူတို့ ပြောတဲ့ စကား တွေက စိတ်ဝင်စားစရာပါပဲ။ ချမ်းသာရမယ်၊ ရုပ်ချောရမယ် ဆိုတာ မပါဘူးလေ။

သူတို့ က အဲလို တစ်ယောက် တစ်ပေါက် ၊ တစ်ယောက်တစ်မျိုး ပြောလေလေ ကိုယ်က အူယား လေလေ။ အဲ... ပါးစပ်ယားလေလေ။ ဘာပြောရမယ် ဆိုတာ အတွေး တစ်ခု ပေါ်လာတယ်။ အဲဒါနဲ့ ပဲ ကိုယ်က လက်ထောင်လိုက်တယ်။ Ich လို့  ပြောလိုက်တယ်။

အဲ... အားလုံးက ကိုယ့်ကို ကောင်းကောင်း သိနေကြပြီးသား။ သင်္ကန်းကို ကျနစွာ ရုံပြီး ထားတာဆိုတော့၊ ရောက်တဲ့ နေ့ က စပြီး ငါ ဘုန်းကြီးပါဆိုတာ သေချာ ရှင်းပြထားရတယ်။ တစ်ချို့ ကလည်း မသိတော့ ကလေးရှိလား၊ ဘာလား ညာလားပေါ့။
ငါ က အမြဲ လူပျိုကြီး၊ ဗုဒ္ဓဘာသာ ဘုန်းကြီးဆိုတာအမြဲလူပျို လို့  တစ်တစ်ခွခွ ပြောထားရတယ်။
(တောထွက် ဘုန်းကြီးတွေ အတွက်တော့ ကိုယ့် စကားက အချောင် ပွတာပဲ။)

ပြီးတော့ ရောက်ခါကစ လက်ဆွဲ နှုတ်ဆက်ချင်ကြတာ။ အဲလို မလုပ်ရဘူး ဆိုတာ ကိုလည်း
ရှင်းပြထားတယ်။ လက်အုပ်ပဲ ချီရတာလို့  သေချာပြောထားလေတော့...
ခု Ich လို့  ပြောလိုက်ရော သူတို့ တစ်တွေက ၀ိုင်းကြည့်ကြပါသကော။ ကြည့်ရုံတင် မပြီးသေးဘူး။ ဟာ... ဘုန်းကြီး ဘုန်းကြီး ဆိုပြီး လှန်းအော်တဲ့ ခပ်နောက်နောက် ကောင်လေးက ပါသေးတယ်။

တရုန်းရုန်း တညံညံ ပွဲစည်သွားတာပါပဲလား။ ကိုယ်က ပြောချင်နေပြီ စကားက စနေပြီ၊ ဆူညံသွားလို့  ပြောလို့ မရသေးဘူး၊ ဆရာမက ရှူး.... ဟေ့ နေကြအုံး၊ နေကြအုံး ၊ သူပြောတာ နားထောင် အုံးပေါ့ လို့  ပြောလိုက်မှ ကျောင်းသားများ တိတ်သွားတယ်။

အဲဒီ အချိန်မှာ ကိုယ်ကလည်း အားကျမခံ မတတ်မတတ် နဲ့  ပြောလိုက်တာ ဆရာမတော့ သဘောပေါက်သွားတယ်။ ကိုယ်ပြောလိုက်သည့် စာသားကတော့ အမှားသာ။ Ich suche eine Frau , die Aktiv Meditation interessiert.( အမှား ) ဆရာမ ပြင်ပေးတဲ့ ၀ါကျမှာ တိကျ မှန်ကန် တဲ့ ၀ါကျလေး ဖြစ်လာတယ်။ Ich suche eine Frau , die sich für Meditation interessiert.

အဲသလို ပြောလိုက်တော့ မှ ( ၀ါး..ဟား ဟား .. ဟား...ဟာ...ဟ။) ကျောင်းသား ကျောင်းသူများ ရယ်လိုက်ကြတာ။ ကိုယ့်ကို ကြည့်ပြီးတော့လည်း ဂွတ် ၊ ဂွတ် ၊ လက်မတွေ ထောင်ထောင်ပြပြီး ချီးမွမ်း စကား ဆိုပါတော့တယ်။

ဆိုလိုသည်မှာ ကျနော် မိန်းမရှာမယ်၊ အဲဒီ မိန်းမက တရား အားထုတ်တာ စိတ်ဝင်စားသူ ဖြစ်ရမယ်။အားလုံး သဘောကျပြီးနောက်မှာတော့ ဆရာမကို လှမ်းပြောလိုက်သေးတယ်။ တစ်ယောက် မဟုတ် ဘူး ၊ အများကြီး ရှာရမယ်လို့ ။

ကဲ... အားလုံး သံသယ ရှင်းပြီနော်။ ကိုယ်ရှာတဲ့ အဲဒီ မိန်းမက ဒီလိုပါခင်ဗျာ။



မှတ်ချက်။ ။ အတွေ့ ကြုံကို တင်ပြခြင်း သက်သက်သာ ဖြစ်ပါတယ်။


တွေ့ ကြုံလာတဲ့ အခြေနေကို လူကြားထဲမှာ ပြောပြ လိုက်တာလည်း

ကိုယ့်ရဲ့  သာသနာကို ကြေငြာပြီးသား ဖြစ်ပါ စေရောပေါ့။



မြတ်ရောင်နီ

(၁၇၊ ၀၆၊ ၂၀၁၀)



Tuesday, June 15, 2010

မိတ်ဆွေလား ၊ မိတ်ဆွေးလား



မိတ်ဆွေလား ၊ မိတ်ဆွေးလား

မိတ်ဆွေ ဆိုတာကတော့ မိတ်လည်းဖြစ် ၊ တကယ့် ဆွေမျိုးရင်းချာလိုလည်းဖြစ်တဲ့ အနစ်နာ ခံတတ်သူမျိုးပေါ့။ မိတ်ဆွေး ဆိုတာကတော့ မိတ်ကောင်း လိုလိုနဲ့  တကယ့်အရေးကြုံတဲ့ အခါ မကူညီတတ်သူမျိုး၊ နောက်ပြီး ကိုယ့်ရဲ့ စေတနာကို အလွဲသုံးစား လုပ်တတ်တဲ့ သူမျိုးကို ကိုယ်ဘဲ ကျန်ခဲ့ရပြီး ဆွေးရတတ်သည်မို့  မိတ်ဆွေး ဟု အကျဉ်းဋီကာ မှတ်နိုင်ပါတယ်။

ဘုရားရှင် ဟောတဲ့ တရားတွေဟာ မကောင်းတာရှောင်ဖို့  ကောင်းတာကို ပြုလုပ်တတ်ဖို့  အေးငြိမ်းရာ ဦးတည်တဲ့ တရားတွေတော်တွေချည်းပါပဲ။

အပေါင်းအသင်း မိတ်ဆွေ ပေါင်းသင်းတတ်ဖို့ ကိုလည်း ကောင်းတဲ့သူ မကောင်း တဲ့သူ လို့ သိရအောင် ခွဲခြားကာ ညွှန်ပြဟောတော်မူပါတယ်။ မိတ်ဆွေ နဲ့  မိတ်ဆွေး သိအောင် ပေါ့။

မိတ်ဆွေဖြစ်တဲ့သူမျိုးကို ပေါင်းသင်းခွင့်ရတာနဲ့  အစစ အရာရာ စိတ်ချမ်းသာနိုင်မှာပါ။ မိတ်ဆွေးလို လူမျိုး ပေါင်းသင်း မိလိုက်ပြီ ဆိုရင်တော့ မှောက်ပြီသာမှတ်ပေတော့။

မိတ်ဆွေ မိတ်ဆွေး နဲ့  စပ်ပြီးတော့ သုတ်ပါထေယျပါဠိ ၊ သိင်္ဂါလ လူငယ်လေး အား ဟောကြားတော်မူထားပါတယ်။

ဒါကိုပဲ ဆရာတော် ဦးဗုဓ်ရဲ့  ဂိဟိဝိနယ ဆုံးမစာမှာ တစ်ခန်းတစ်နား ကဗျာ ဆောင်ပုဒ်များဖြင့် ရေးသား စပ်ဆို ထားခဲ့ပါတယ်။ ဂိဟိဝိနယ ဆိုတာကတော့ လူများ လိုက်နာ တတ်ဖို့  ကျင့်ဝတ်များ လို့ ဆိုလိုပါတယ်။

ရေးစပ်ထားတဲ့ အရှိ အရှိတိုင်း ပြန်လည်ကာ ရေးတင် လိုက်ပါ့မယ်။

မိတ်ဆွေပျက် ခြောက်ပါး

ဆောင်ပုဒ်- ကြွေအန်ကြူးထ ၊ မိန်းမကြူးထွေ ၊ သေစာကြူးမှု ၊ အတုပြုငြား ၊
လှည့်စားတစ်ထောက် ၊မျက်မှောက်လှည့်ချက်၊ နိုင်ထက်လုယူ ၊
ဤသူခြောက်ပါး ၊ မိတ်ဖြစ်သားကြောင့် ၊ ပျက်ပြားမိတ်ဆွေ အပြစ်တည်း။

ကိုယ်ကျိုးသာ ငဲ့သော အဆွေခင်ပွန်းတု လေးယောက်

ဆောင်ပုဒ်- လက်ချည်းလာ၍ ၊ ဥစ္စာဆောင်သယ် ၊ နည်းငယ်ဖြင့်သာ ၊ များစွာလိုရှိ ၊ ဘေးထိရောက်ခါ ၊ပြုလာတုံဘိ ၊ မိမိကျိုးငှါ ၊ မှီလာပေါင်းယှဉ် ၊ လေးယောက်စဉ်ကား ၊ အညဒတ္ထုဟရတည်း။

နှုတ်ဖြင့်သာ ဟန်ဆောင်သော အဆွေခင်ပွန်းတု လေးယောက်

ဆောင်ပုဒ်- ရှေ့ ဖြင့်စေ့စပ် ၊ တထပ်နောက်မှီး ၊ ချည်းနည်းသဂြိုဟ် ၊ ပေးလိုစဟန် ၊
ပစ္စုပ္ပန်မူ ၊ ပြညွှန်ပျက်ပြား ၊ဤလေးပါးကား ၊ မှတ်သား ၀စီပမရမတည်း။

ချစ်ဖွယ်ကိုသာ ဆိုတတ်သော အဆွေခင်ပွန်းတု လေးယောက်

ဆောင်ပုဒ်- မကောင်းခွင့်ပြု ၊ ကောင်းမှုကိုလျှင် ၊ ဆင်ခြင်မရှု ၊ ခွင့်ပြုသည်ပင် ၊
ရှေ့ တွင်ချီးမွမ်း ၊
ဖုံးလွှမ်းကွယ်လျင် ၊ ကဲ့ရဲ့ ချင်သည် ၊ လေးအင် ပီယ ဘာဏီတည်း။

ကျေးဇူး ရွက်ဆောင်သော အဆွေခင်ပွန်းစစ် လေးယောက်

ဆောင်ပုဒ်- မေ့လျင်စောင့်လာ ၊ ဥစ္စာစောင့်ရှောက် ၊ ဘေးရောက်ကိုးကွယ် ၊
ပြုဖွယ်ရှိက ၊ နှစ်ဆဥစ္စာ ၊ချေးပေးလာသည် ၊ လေးဖြာ ဥပကာရက တည်း။

ဆင်းရဲမကွာ ချမ်းသာမပစ်သော အဆွေ ခင်ပွန်းစစ် လေးယောက်

ဆောင်ပုဒ်- လျှို့ ဝှက်စကား ၊ ကြားစေတုံလျက် ၊ သူလျှို့ ဝှက်၍ ၊ ဘေးတွေ့ မစွန့်  ၊
မတွန့် တို ပါ ၊သူ့ ကို ညှာလျက် ၊ ကိုယ့်သက်စွန့် မြောက် ၊ ဤလေးယောက်ကား ၊
မျှလောက်ချမ်းသာ ဆင်းရဲတည်း။

အကျိုးစီးပွါးကို ပြောကြားတတ်သော အဆွေခင်ပွန်းစစ် လေးယောက်

ဆောင်ပုဒ်- မကောင်းမြစ်ထာ ၊ ကောင်းရာသွင်းထား ၊ မကြားစတောင်း ၊
အကြောင်းကြားလာ ၊ နတ်ရွာလမ်းပြ ၊ဤလေးဝကား ၊ မည်ရ အတ္ထက္ခာယီ တည်း။

အစဉ်သနားတတ်သော အဆွေခင်ပွန်းစစ် လေးယောက်

ဆောင်ပုဒ်- ဥစ္စာခမ်းနား ၊ ပပွားသမြို့  ၊ မနှစ်လို့ ငြား ၊ ပွားကရွှင်မြူး ၊
ကျေးဇူးမဲ့ကို ၊ ဆိုသော်တားမြစ် ၊ကျေးဇူးဖြစ်ကို ၊ ဆိုသော်ချီးမွမ်း ၊
သူတို့ တမ်းကား ၊ မိတ်ကျွမ်း အနုကမ္ပ တည်း ။


ဆရာတော် ဦးဗုဓ် ဆိုသည်မှာ သာသနာ့သမိုင်းမှာ ဗုဓ်စ ဗုဓ်လယ် ဗုဓ်ဆုံးဆိုပြီး ကမ္ပည်းအတင် ခံရသည့် ဗုဓ်ဆုံး ဆရာတော်ကြီးပါတည်း။ ဗုဓ်စဆိုသည်မှာ မြတ်စွာဗုဒ္ဓကို ရည်ညွန်းပါသည်။ ဗုဓ်လယ်ဆိုသည်မှာ မဟာဗုဒ္ဓဃောသ ဆရာတော် ၊ ဘုရားဟော ဒေသနာများကို အဓိပ္ပါယ်ဖွင့် ဆိုသည့် အဋ္ဌကထာဆရာတော်ဖြစ်ပါသည်။

ဒီလိုနည်းနဲ့  ဟိုး...ရှေးရှေး ဗုဓ်ဆုံး ဆရာတော်က ကဗျာဥာဏ် ရင့်သန်ကာ ပါဠိတော်ကို မြန်မာလို ရေးစပ်တော်မူသွားကြပါတယ်။ ကဗျာရဲ့ မိတ်ဆွေ မိတ်ဆွေး ကို သေချာ ခွဲခြား ဖတ်ရှုနိုင်ကြပါစေ ဟုသာ။


မှတ်ချက်။ ။ ဦးမောင်မောင် ( ဟံသာဝတီ ) ဆယ်စောင်တွဲ စာအုပ်မှ
ဆောင်ပုဒ်များ ကူးယူပါသည်။ ရှေးဆရာတော်တို့ ရေးသားသော ကဗျာများကိုလည်း
ယခုခေတ်လူများ ဖတ်ရှုနိုင်ရန် နှင့် လိုက်နာနိုင်ရန် ရည်ရွယ်ကာ
ပြန်လည်ကာ ရေးတင်လိုက်ပါသည်။

မြတ်ရောင်နီ
( ၁၅ ၊ ၀၆ ၊ ၂၀၁၀ )


Sunday, June 13, 2010

သဗ္ဗေ သတ္တာ ကမ္မဿကာ


သဗ္ဗေ သတ္တာ ကမ္မဿကာ


( ဘယ်သူ မပြု မိမိမှု )


သဗ္ဗေ သတ္တာ ကမ္မဿကာ ဆိုတဲ့ ပါဠိ က အားလုံးဟာ ကိုယ့်ရဲ့  ကံကို ပိုင်ဆိုင်ကြတယ် -လို့ 
ဆိုလိုပါတယ်။ ဒါပေမယ့် လောကလူတို့  ပြောနေကျ စကားအတိုင်း ဘယ်သူမပြု မိမိမှု လို့  ဆိုလေ့ရှိ ကြတာမို့  သင့်လျော်အောင် ဘာသာပြန်လိုက်ပါတယ်။

ကောင်းတာလုပ်ရင် ကိုယ်ဘဲ စံရမယ်။ မကောင်းတာလုပ်ပါက ကိုယ်ဘဲ ခံရပါမယ်။
ဘာပဲ ဖြစ်ချင်ဖြစ်ချင် ဆုတောင်းရုံ သက်သက်ကတော့ မဖြစ်တာ သေချာပါတယ်။ ဒီလို ကံ ကံ၏ အကျိုး ယုံကြည်မှသာ ကမ္မဿကတာ သမ္မာဒိဋ္ဌိ ဆိုတာ ဖြစ်လာမှာပါ။ သမ္မာဒိဋ္ဌိဟာ မဂ္ဂင်ရှစ်ပါး
မှာလည်း ရှေ့ ဆုံးက နေတာကို သတိပြုစေချင်ပါတယ်။


ကံ ကံ၏ အကျိုး ပေးပုံကို ရှင်းရှင်း လင်းလင်း သိချင်တဲ့ လူငယ်လေး မောင်သုဘ ရဲ့  အမေးကို
ဘုရားရှင်က ဖြေကြားတော်မူပါတယ်။ ဒါကိုပဲ သုဘသုတ္တန် အဖြစ် သင်္ဂါယနာ မထေရ်မြတ်တို့ က မှတ်တမ်း တင်ထားခဲ့ပါတယ်။

အဲဒီသုတ်တော်ရဲ့  ဆိုလိုရင်း အဓိပ္ပါယ်ကို အမရပူရမြို့ ၊ ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော်
၏ ပထမ ဆုံး ကျမ်းဖြစ်တဲ့ ရတနာ့ဂုဏ်ရည်ကျမ်း စာမျက်နှာ ( ၂၅၅ ) မှာ ဆောင်ပုဒ်များဖြင့် ဖေါ်ပြ ရေးသား ထားပါတယ်။

ကံ ကံ၏ အကျိုးတရားများ

၁။ သူများအသက် ၊ သတ်သည့်တွက် ၊ အသက် ကိုယ့်မှာတို။
၂။ မသတ်ရှောင်ရှား၊ ထိုသူများ ၊ ရှည်လျား အသက်ကို။

၃။ နှိပ်စက်ကလူ ၊ ညှဉ်းဆဲသူ ၊ ပြောထူရောဂါဆို။
၎။ သနားစိတ်သွင်း ၊ မနှိမ်နှင်း ၊ ကင်းရှင်းရောဂါကို။

၅။ ထန်းပြင်းဒေါသ ၊ ကြီးတတ်က ၊ အလှပျက်မည်ဆို ။
၆။ ဒေါသကင်းစင် ၊ မေတ္တာယှဉ် ၊ ကြည်လင်လှသကို။

၇။ မနာလိုပြန် ၊ ဣဿာထန် ၊ ခြံရံ ကင်းမည်ဆို။
၈။ ဣဿာမထား ၊ ၀မ်းမြောက်ငြား ၊ပေါများခြွေရံကို။

၉။ မလှူမဒါန်း ၊ မပေးကမ်း ၊ ခြောက်ခန်း ဥစ္စာဆို။
၁၀။ စွန့် ကြဲလေ့တုံ ၊ ပြုပါကုန် ၊ ကုံလုံ ကြွယ်ဝကုန်။

၁၁။ မာန်မာနကြွယ် ၊ ထိုသူဝယ် ၊ မျိုးနွယ် ညံ့မည်ဆို။
၁၂။ ထိုက်သူရိုကျိုး ၊ မာန်ကိုချိုး ၊ အမျိုး မြတ်သကို။

၁၃။ သိဖွယ်ဟူသမျှ ၊ မမေးက ၊ ဖျဉ်း-အ ပညာဆို။
၁၄။ ကြားများ များအောင် ၊ မေးလေ့ဆောင် ၊ ခု နောင် တတ်သိလို။


မှတ်ချက်။ ။ လာရောက် ဖတ်ရှု နေကျ လူ ဒကာ ဒကာမ စာဖတ် ပရိသတ် အတွက်
အထူးတလည်အနေ ဆောင်ပုဒ်များကို
ရေးသားကူးယူ တင်ပြလိုက်တာပါ။
နားလည်အောင် သေချာဖတ်ရှု မှတ်သားကာ

ကိုယ့်ရဲ့ ရင်သွေးငယ်များကို တစ်ဆင့် သွန်သင် နိုင်ကြပါစေသောဝ်...

( သံဃာတော်များကား သိနေကြပြီးသား ဟု ယုံကြည်မိပါတယ်)



မြတ်ရောင်နီ

( ၁၃၊ ၀၆၊ ၂၀၁၀)
.

Saturday, June 12, 2010

ဘောလုံး ကစား ကြမယ်


ဘောလုံး ကစား ကြမယ်





ဘောလုံးကွင်းမှာ ဘောလုံးသမားများ ကစားနေကြပုံ


အသင်း နှစ်သင်း မှာ တစ်ဖက် ၅ ဦး စီ

က- အုပ်စု - ကာဠ အသင်း
ခ- အုပ်စု - သုက္က အသင်း


အသင်းမိတ်ဆက်
က- အုပ်စု ကာဠ အသင်း

ရှေ့ တန်း တိုက်စစ်မှုး- မောင်ကာမ - နှင့် မောင်ဗျာပါ။

သူတို့  နှစ်ယောက် ကြမ်းတာချင်းကတော့ တစ်မျိုးစီပါပဲ၊ မောင်ကာမ ကလည်း သူဘဲလိုချင်တယ်။ သူ့ ခြေထဲရောက်သမျှ သူဘဲ ရှုးချင်တယ်။ ဘာပဲ ဖြစ်ဖြစ် ရှုးဖို့ ပဲ။ တစ်ကိုယ်ကောင်းဆန်သူ။

မောင်ဗျာပါ ကလည်း တွယ်မယ် ၊ နှပ်မယ် ဆိုတာချည်းပဲ။ လျှော့မှာ မပါဘူး။ သူ နိုင်ဖို့ ပဲ။ တစ်ဖက် အသင်းသားကို ညှာမှာ မပါဘူး။

နောက်တန်း ခံစစ်မှူး - မောင်ထိမိ နှင့် မောင်ဥကု

မောင်ထိမိ ကလည်း ပျော့ပျော့နဲ့ နံတဲ့ ကြောင်ခြေး။ လွယ်တာမဟုတ်ဘူး။ တစ်ဖက် အသင်းကို မှိန်းသွားအောင် ဘိန်းကျွေးသလိုမျိုး မထိတထိ အသိနောက်အောင် လုပ်နိုင်စွမ်းရှိတယ်။

မောင်ဥကု ကလည်း တစ်ဖက် အသင်းက သူတွေကို စိတ်လွင့်အောင်ထိ ကစားနိုင်တယ်။ စိတ်ပူသွားစေရမယ် ဆိုတဲ့ သူမျိုးတွေ။ တကယ်လန့် စရာ သူတွေပေါ့။

ဂိုးသမား- မောင်ဝိစိ တဲ့။

သူက တစ်က အသင်း က ယုံကြည်ချက်တွေ ပျက်အောင် လှမ်းဆွတဲ့သူပေါ့။

သူနဲ့  တွေ့ ရင် တစ်ဖက် အသင်းက ယောင်ဝါးဝါး ကစားကွက်တွေ ပျက်ကုန်ရောပဲ။

ခ အုပ်စု သုက္က အသင်း

ရှေ့ တန်း တိုက်စစ်မှုး- မောင်ယုံ နှင့် မောင်သိ

မောင်ယုံ က နာမည်နဲ့  လိုက်အောင် တစ်ဖက် အသင်းကို နိုင်ရမည် ရည်ရွယ်ချက် အပြည့်ရှိထား သူပါ။သူရှိရင် သူ အသင်း က အောင်ကို အောင်မည် ဆိုတာထိ ယုံကြည်ချက် ပြင်းထန်းသူ၊ အဲသလိုမျိုး ယုံကြည်ချက်ပြည့်ဝသူပေါ့။

မောင်သိ ကတော့ မောင်ယုံ နဲ့  လိုက်ဖက် ညီအောင် ညှိပေးတယ်။ တစ်ဖက် အသင်းက လိမ်တာ ခေါက်တာကို ကျွမ်းကျင်စွာနားလည်တာမို့  မောင်ယုံနဲ့  အပေးယူ မျှကာ ကစားတတ်သူပေါ့။

နောက်တန်း ခံစစ်မှုး- မောင်လုံ့ လ နှင့် မောင်တည်

သူတို့ လည်း ဒီဖက်က အသင်းမှာတော့ အတော်တွေပဲ။ မောင်လုံ့ လက ဇွဲရှိရှိ ပွဲအပြီးထိ ကစားမည့် သူ။ မနားဘူး ၊ အစအဆုံး ကစားမယ်ပေါ့။ ဇွဲအမြဲရှိသူပါ။ သူပါမှ ပွဲပြီးမယ်ဆိုတဲ့သူပါပဲ။

မောင်တည်က လည်း ကစားတာ ညိမ်တယ်။ သူ ကန်ချက်က တည်ငြိမ်တော့ ရှုးတိုင်း တည့်တယ်။ ကိုယ့်အလုပ်ကို အလုပ်နဲ့  တူအောင် စိတ်ဝင်တစား ရှိသူပေါ့။

ဂိုးသမား- မောင်သတိ တဲ့။

သူက အဓိက ပဲ။ သူ့ မှာ အတွဲ မလိုဘူး၊ ဂိုးသမား က အဓိက ပဲ။ တစ်ဖက် အသင်းက ဘယ်လောက် ရှူးရှူး သူက သတိနဲ့ ဖမ်းထိန်းထားတော့ တစ်ဖက် အသင်း မရှူးနိုင်တော့ဘူးပေါ့။ ကိုယ့်ဖက် အသင်းကိုလည်း နောက်က နှိုးဆော်တတ်တယ်။ တစ်ဖက် အသင်း လာလည်း ထည့်မတွက် တတ်ဘူး။ ဂိုးဖမ်းတော်သူပါ။


အပေါ်က နှစ်သင်း မိတ်ဆက်ပေးထားပြီးပြီ။ ဘယ်ဘက် အသင်းက နေရာ ယူကြမလဲ။

ကွင်းက ကိုယ်ပိုင် ကမ္မငွေနဲ့ ကွင်းတွေ ကိုယ်ပိုင် ၀ယ်ထားတာပဲ။ မနုဿ လက်တစ်လံ ကွင်းထဲမှာ ကစားခွင့်ရတုံးလေး ကိုယ်တိုင် စိတ်ဘောလုံး ကစား ကြမယ်။ တစ်သင်းသင်း ဖက်ကတော့ နေ့ စဉ် ကန်နေကြတာပါပဲလေ။

ကဲ...လာကြဟေ့-
ဘောလုံး ကစားကြမယ်...
ဘောလုံး ကစားကြမယ်..
ကစားကြမယ်..နော်..



ဘောလုံးပွဲ မကြည့်ပါ ။ ကိုယ်တိုင် ၀င်ကစားနေပါတယ်။
ဘယ်ဖက် အသင်းကလည်း ဆိုတာတော့ ကိုယ် အသိဆုံးပဲပေါ့။
လူတိုင်း တစ်ဖက် အသင်းကတော့ နေပြီး ကစားနေကြတာကို သတိပြုကြလေကုန်။


မြတ်ရောင်နီ

( ၁၂၊ ၀၆၊ ၂၀၁၀ )


Friday, June 11, 2010

မြတ် စကား သင်တန်း


မြတ်စကား သင်တန်း




မြတ်စကားများ လေ့လာခဲ့စဉ်က အမှတ်တရ ဓာတ်ပုံ



တစ်လ နှစ်ကြိမ် ပါဠိ သင်တန်း ပို့ ချပါမည်။


ပို့ ချမည့် ရက်များမှာ လစဉ် ဒုတိယ ပတ် နှင့် စတုတ္တပတ် ကြာသပတေးနေ့ တိုင်းဖြစ်ပါသည်။


သာသနာနှစ် ၂၅၅၄၊ မြန်မာ ၁၃၇၂ုခုနှစ်၊ ဒုတိယ ၀ါဆို လဆန်း ၁၁ ရက် ၊

၂၀၁၀ခုနှစ်၊ဇူလိုင်လ ၂၂ ရက်မှ စတင် ပို့ချပါမည်။

ညနေ ၇ နာရီ မှ ည ၉ နာရီ အထိ ၂ နာရီ ဖြစ်သည်။


သင်တန်းကြေး ပေးစရာမလို။
လိုအပ်သည့် စာရွက် စာတမ်းပါ ဓမ္မဒါန၊ ပညာဒါန
ပြုလုပ်၍ သင်ကြားပေးပါမည်။

မှတ်ချက် ။ ။ မြတ် စကား သင်တန်း ဆိုသည်မှာ ပါဠိ ဘာသာ သင်တန်းပါ။
ပကဋ္ဌာနံ အာလိ- ပါဠိ ၊ ဆိုသည့် သဒ္ဒါကျမ်း အဖွင့်အလို ဆိုလိုခြင်းဖြစ်ပါတယ်။


( သင်တန်းကြေးက ဘယ်လောက်လဲ လို့  သင်တန်းမှာ ကြော်ငြာကပ်တော့

ကျောင်းသား တစ်ချို့ က မေးကြတယ်။
ဒါကြာင့်မို့ ဒီလိုလေး ထည့်ရေးတာပါ။မြန်မာပြည် မှာဆို ရေးစရာ အထူးမလိုပါ။ )

အင်္ဂလိပ်လို ပို့ ချပါမယ်။ ဂျာမန်လိုလည်း သိသလောက် ထည့်ကာ ရှင်းလင်း ပို့ ချသွားပါမယ်။


Einführung in die Sprache des Buddha
Pali Sprachunterricht für Anfänger Pali language for beginners – Introduction to the language of the Buddha

สอนภาษา บาลี
巴利文入門


geleitet vom Ehrw. Tejobhasa Dhammacariya
jeden 2. und 4. Donnerstag im Monat Zeit: 19:00 bis 21:00 Uhr Beginn: 22. Juli 2553 (2010) Ort: Bodhi Vihara
Die Teilnahme ist kostenlos. Das Unterrichtsmaterial wird bereitgestellt.

Wir bitten um Anmeldung per email.


မြတ်ရောင်နီ
( ၁၁၊ ၀၆၊၂၀၁၀)



Wednesday, June 9, 2010

မိတ်ဖြစ် ဆွေဖြစ်


မိတ်ဖြစ် ဆွေဖြစ်


မိတ်ဖြစ် ဆွေဖြစ်တဲ့၊ မြန်မာစကားက။ မှန်ပါတယ်။ မိတ်ဆွေကောင်းလျင် ဆွေမျိုးလိုပါပဲ။ ၀ိဿာသာ ပရမာ ဥာတိ - လို့  ဓမ္မပဒ ပါဠိတော်မှာ လာတာကိုး။

မိတ် ဆိုတာလည်း မေတ္တာလေးတွေနဲ့  တစ်ဦးနဲ့ တစ်ဦး ပေါင်းစည်း ဆက်နွယ်နေတာကို မိတ်လို့  သဒ္ဒါကျမ်းများက ဖွင့်ဆိုပါတယ်။

တစ်ဦးနဲ့  တစ်ဦး တကယ်မေတ္တာ ရှိပြီဆိုရင် ကိုယ်အားဖြင့်လည်း ကိုယ်ချင်းစာ၊ ပါးစပ် အပြောကလည်း နှုတ်ချင်းစာ၊ စိတ်ကလည်း စိတ်ချင်း စာနာတာတွေ ရှိကြပါတယ်။

မဇ္ဈိမနိကာယ် စူဠဂေါသိင်္ဂသုတ်မှာ အရှင်အနုရုဒ္ဓါ ၊ အရှင်နန္ဒိယ ၊ အရှင်ကိမိလတို့ ဟာ တောအုပ်ထဲ သုံးပါး နေကြပေမယ့် စိတ်က သူ့ အလို ကိုယ်လိုက်၊ ကိုယ့်အလို သူ အလိုက် ရှေ့ မှာရော နောက်ကွယ်မှာရော ကိုယ် နှုတ် စိတ် သုံးပါးစလုံးဟာ တစ်ထပ်တည်းကျပါတယ်။ သုံးကိုယ် တစ်စိတ် လို့  ခေါ်ရပါမယ်။

ဒီလို စိတ်ထားမျိုးနဲ့ သာ နေပါက ဆယ်ပါးနေလျင် ဆယ်ကိုယ် တစ်စိတ်၊ လူပေါင်း သန်း (၆၀)နေလျင် လူသန်း ( ၆၀) တစ်စိတ်ဖြစ်ပါမယ်။

များသောအားဖြင့် မိတ် မစစ်သူတွေက ရှေ့ မှာ ကောင်းကြောင်းပြော၊ နောက်ကွယ်မှာ အတင်းတုတ် အဖျဉ်းအုပ်တတ်ကြပါတယ်။ ( ကိုယ်တော် -သူရှော် ၊ ကိုယ်ဟုတ် -သူယုတ် ) စကားမျိုး တွေပေါ့။

ဒါကြောင့် မိတ်ဆွေစစ်သူတွေကတော့ တကယ့် အရှင်မြတ်တို့  စိတ်ထားမျိုး ရှိကြပါ တယ်။ ရှိကြရပါမယ်။ အဲလို ဖြစ်မယ်ဆိုရင် မိတ်ဖြစ် ဆွေဖြစ် ဖြစ်ပြီပေါ့။ မိတ်ဖြစ် ဆွေဖြစ်သူကို ဘုရားရှင်က သဘောကျ တော်မူပါတယ်။ သာဓုခေါ်ပါတယ်။

အဲလို ပြုမူပြောဆို နေထိုင်တာမျိုး မဟုတ်ပဲ ခုခေတ် မြန်မာလူငယ်များ စကား လို - မသောက် တတ်သူကို မြှောက်ပေးကာ - ဟေ့ ကိုယ့်လူရေ မိတ်ဖြစ် ဆွေဖြစ် တစ်ခွက်လောက် တွယ်အုံးကွာ။ သောက်တတ်သူကို ဟကောင်ကြီးရ - နောက်ထပ် တစ်ခွက် မိတ်ဖြစ် ဆွေဖြစ် လုပ်အုံးလကွာ- လို့ ပဲ ဖြစ်ဖြစ်၊

ငါက သူနဲ့  စကားပြောနေတာဟာ မိတ်ဖြစ် ဆွေဖြစ်လောက်ပါ၊ ငါ့စိတ်ထဲမှာ သူမရှိပါဘူး လို့ အပေါ်ယံ ပြောသူများ။ ငါ က သူနဲ့  ပေါင်းနေတာ မိတ်ဖြစ် ဆွေဖြစ် ကိုယ့် အလုပ်ဖြစ်ရုံပါ၊ ငါ့ အလုပ် မပျက်ဖို့ ၊ စီးပွါးဖြစ်ဖို့ လို့  ရည်ရွယ်ချက်ရှိကာ ပေါင်းသင်းတတ်သူများ၊

စသဖြင့် စသဖြင့်ပေါ့၊ ကိုယ့်အတွက်ကို လိပ်ပမာ ကိုယ့်ဘက် ယက်လျက် ကြည့်သူများ အတွက် အပေါ်ယံ မိတ်ဖြစ် ဆွေဖြစ် ဖြစ်မှာ သေချာပါတယ်။ မထေရ်ကြီးများလို မိတ်ဖြစ်ဆွေဖြစ် ဖို့ တော့ ဝေးစွာ့။ မဖြစ်မှာ သေချာတယ်။


တကယ် အရေးကြုံလာလျင် ကိုယ်က သူ့ အပေါ် တကယ့် မေတ္တာ အစစ် မဟုတ်ဘဲ ကိုယ့်ဘက် တွေးပြီး မိတ်ဖြစ် ဆွေဖြစ် ပေါင်းသင်း လုပ်ခဲ့တာမို့  မိတ်ကနေပြီး ဆွေမျိုး ဖြစ်မလာနိုင် တာ တော့ ပါဘူး။

မိတ်ကောင်းလျင် ဆွေမျိုး လိုက်မမီဘူး လို့  ဆိုတဲ့ စကားမျိုးဖြစ်နိုင်ဖို့ အတွက် မထေရ်မြတ် သုံးပါး လိုမျိုး ရှေ့ ရော ကွယ်ရာမှာ ရော မေတ္တာ အစစ် ဖြင့် ကိုယ်ချင်းစာ နှုတ်ချင်းစာ စိတ်ချင်းစာနာ ပြီး မိတ်ဖြစ်ဆွေဖြစ် ဖြစ်နိုင်မယ်ဆိုတာကို ဖတ်စရာအဖြစ် မိတ်ဖြစ် ဆွေဖြစ် ရေးတင်လိုက်ပါတယ်။





ခုလောလောဆယ် သင်တန်းမှာ လေ့ကျင့်ခန်းများစွာ ပေးသည့်အတွက် လေ့ကျင့်ခန်းများနဲ့ နပမ်းတွဲ နေရပါတယ်။ ဒါကြောင့်မို့  မိတ်ဖြစ် ဆွေဖြစ် အတိုချုပ် ရေးသားလိုက်ပါတယ်။



မြတ်ရောင်နီ
( ၀၉၊ ၀၆၊၂၀၁၀)
.

Monday, June 7, 2010

ကဆုန် ကဆုန်




ကဆုန် ကဆုန်




မြန်မာလို ကဆုန်လ မှာ မိမိနေရာ ကျောင်းသို့ သံဃာတော်၁၀ ပါး ကြွကာ
ဘိက္ခုပါတိမောက် အကျယ် ရွတ်ဖတ် ဥပုသ်ပြုပုံ
အမှတ်တရ






မြန်မာလို ကဆုန်လမှာ သံဃဒါန ဆွမ်း အလှူခံယူစဉ်
ဝါတဲ့ဗျာ ၀ါတဲ့။
ကိုယ်က နေ့ ခင်း ဆွမ်းဘုဉ်းချိန်မှာ အကြီးဆုံး ဖြစ်နေပါ့လား။
သတင်းစာမှာ ဖေါ်ပြထားသည့် အမှတ်တရ ဓာတ်ပုံ






ကဆုန်လပြည့် ဗုဒ္ဓနေ့ ဆိုသည့် ဒုတိယ ကဆုန် ခေါ်
နယုန် လပြည့် ဝေဆက်ဒေးနေ့ ( နိုင်ငံတကာ အလို ) မှစကာ
၁၀ ရက်တိုင်တိုင် မဇ္ဈိမနိကာယ် ဘုရားဟော ကျမ်းစာ
သုံးအုပ်ကို ရွတ်ဖတ် ပူဇော်ခဲ့ပါတယ်







လာရောက်ကြသည့် ဒကာ ဒကာမများက ဂျာမန်ဥူးဇင်း ဂျာမန်လို ရွတ်သည့်အခါ
သူတို့ လည်း လိုက်ရွတ်ဖတ်ကြပါတယ်။

ကိုယ့်အလှည့်မှာတော့ တရားတော်ကို နားမလည်ပေမယ့် မြန်မာ

တရား သံစဉ်ကို မြူးဇစ် သံအလား
နားထောင်ကောင်းတယ် လို့ ဆိုကြပါတယ်။

တစ်သုတ်ရွတ်ပြီးတိုင်း လာရောက်ကြတဲ့ ဒကာ ဒကာများကို ရှင်းလင်းပြခဲ့ပါတယ်။
အတော်လေး သဘောခွေ့  တရားမွေ့ သွားကြသည့် မျက်နှာအသွင်က
ပြုံးရွှင်ကာ သွားကြပါတယ်။

တစ်နေ့ မှာတော့ နားမလည်ပေမယ့် သေချာနာယူပါ။ နားမလည် လည်း ဟိုရှေးဘုရား
လက်ထက်က လင်းနို့ သား ၅၀၀ ဟာ လှိုဏ်ဂူအတွင်း ရဟန်းတော်များ ရွတ်ဖတ်သံကိုနား စိုက်ထောင်ခဲ့လို့  ဒီဘ၀ အရှင်သာရိပုတ္တရာ ရဲ့  တပည့်တွေဖြစ်ပြီး ကျွတ်တမ်း ၀င်သွားကြပါတယ်-
လို့ ပြောလိုက်တော့ အဲ ဒါဆို သူတို့ က ခု လင်းနို့ တွေ ပါတဲ့.... ကဲ လုပ်ပေါက်။

ကိုယ်ကတော့ အဂ္ဂသာဝက ကြီးနဲ့  မနှိုင်းကောင်း မနှိုင်းအပ်ပါပေ။ မြင်းမိုရ်တောင်နဲ့ 
နှမ်းစေ့ အစိတ်အမွှာလေး သေးသေးမျှ လို့ ပြောရင်တောင် ကြီးသွားမလား မသိဘူး။
(သူတို့ လင်းနို့ လို့ ပြောတာ သဘောကျလို့ ပါ။)

အဂ္ဂသာဝက ဆိုတာ သူတို့  အတိကျ နားမလည်လို့  ရှိမှာပေါ့။
လူ့ သဘာဝ အတိုင်း လွှတ်ခနဲ့  ပြောထွက်လိုက်ခြင်းမျှသာပါပဲလေ။


ဤကဲ့သို့  ဘုရားရှင်အား ရွတ်ဖတ် ပူဇော်ခဲ့ရတဲ့ ကောင်းမှု၊
လူတွေ အား တတ်နိုင်သရွေ့  ရှင်းပြလိုက်ရတဲ့
ကုသိုလ် အဖို့ အစုစု ဖြင့် အားလုံး ကို အမျှ ပေးဝေပါ၏။
ဝမ်းမြောက်နုမော် သာဓု ခေါ်နိုင်ကြစေသောဝ်....

မြတ်ရောင်နီ
( ၀၇။ ၀၆။ ၂၀၁၀ )