Pages

Sunday, October 31, 2010

သဘောကျသည်


သဘောကျသည်





ဈေးနှုန်းများကပ်ထား





ငွေပုံး
ဈေးနှုန်းကပ်နှင့် ရောင်းကုန်




ရောင်းကုန်ပစ္စည်းများ


သဘောကျသည်

အေးတဲ့ ရာသီမို့  ကျောင်းထဲမှာပဲ ကုပ်နေလို့ မရ။
အပြင်ထွက် လမ်းလျှောက်ပေးမှ အအေးဒဏ် ခံနိုင်တယ်။
ကျန်းမာရေးအရလည်း ညီညွတ်တယ်။
ဘုန်းကြီး မမြင်ဖူးသူတွေလည်း မြင်ကြပေါ့လေ။
အဲဒါကြောင့်လည်း အပြင်လမ်းလျှောက်ထွက်တယ်ပေါ့။
( အကြောင်း ပြချက်၊ အကြောင်းပြချက် ...)

မြို့ ကို ပတ်လိုက်တာ တစ်နေရာမှာတော့ -
ကိုယ်မမြင်ဘူးတဲ့
ဈေးရောင်းနည်း စနစ်ကို တွေ့ ပါတယ်။

မြို့ ထဲမှာလို စက်ကိရိယာနဲ့  ခိုးမရအောင် ကင်မရာစက်လည်းမရှိ။

ဈေးနှုန်းကိုသာ ကပ်ထားတာပါတယ် ။

ကိုယ်ကျင့်သိက္ခာ မကောင်းဘူးဆိုရင် -
ပေးတဲ့ ငွေ ထက် ပစ္စည်းကို ပိုပြီးလည်း ယူချင်ယူမယ်။

အလကား အလစ်သုတ်ပြီးတော့လည်း ယူချင်ယူမယ်။
ယူလို့ လည်း ရနိုင်ပါတယ်။ လူရှင်းတာကို။

ဒါပေမယ့် ဒီမှာတော့ ဈေးနှုန်းကို

၅ယူရို ၆ယူရို ၇ယူရို အစားစား ရေးထားတာတွေ့ ရတယ်။
ရေးထားတဲ့အတိုင်း ငွေပုံးထဲ ထည့်ပြီး
တန်ရာတန်ကြေး ပေးဝယ်ယူကြတယ်။

( သူတို့ က ပိုက်ဆံပေါတာမို့  မခိုးတာလို့ တော့
မမှတ်ထင်စေချင်။ ပိုက်ဆံ ပေါတိုင်း ၊ ထောတိုင်း
ကိုယ်ကျင့် သိက္ခာ မလုံနိုင်ပါ။ ခိုးနည်းအမျိုးမျိုးရှိပါတယ်။
နီးစပ်ရာ သတိထားကြည့်ပါလေ။)


တကယ်တော့ သူတို့  တစ်တွေမှာ သူများဟာ ခိုးတာနဲ့ ပါတ်သက်လို့ 
မခိုးတာ အကျိုးရှိတယ် ၊ ခိုးရင် အပြစ် ဖြစ်တယ် - လို့ 
ဘုရားဟောတဲ့ တရားတော်အတိုင်း
တိတိကျကျ
သိလို့ တော့ မဟုတ်လောက်ဘူး။

သူတို့ ရဲ့  ယဉ်ကျေးမှုနဲ့  ပတ်ဝန်းကျင်ကိုက
ကိုယ်ကျင့်တရား ၊ ကိုယ့်သိက္ခာကို ပျက်ပြားတဲ့ အလုပ်ပဲ။

ခိုးတာ အဆိုးဆုံး အလုပ်ပဲ လုပ်လို့ 
သူတို့  ခံယူထားကြ ၊ သိနေကြလို့ ပဲ ယူဆပါတယ်။

အကျိုး အပြစ်ကို ကြည့်လိုက်ပါဦးလေ-
သူများပစ္စည်းကို တစ်နည်းနည်းနဲ့  ခိုးခဲ့ဘူးသူသည်-

၁။ မွဲတတ်ခြင်း
၂။ဆင်းရဲတတ်ခြင်း
၃။ငတ်မွတ်ခြင်း
၎။အလိုရှိသော အရာကို မရနိုင်ခြင်း
၅။စည်းစိမ် ပျက်စီးတတ်ခြင်း
၆။ရေ မီး သူခိုး အမွေခံ သားသမီးဆိုး မင်းဆိုး ဟူသော
ရန်သူမျိုးငါးပါး၏ ဖျက်စီးမှုကြောင့် ဥစ္စာပျက်ပြားရခြင်း
ဤ မကောင်းကျိုးများကို ရတတ်၏

ဆောင်- အဒိန္နာဒါ ၊ ခိုးမိပါမူ ၊ ဥစ္စာနည်းမွဲ ၊ ဆင်းရဲငတ်ဘိ၊
လိုရှိမရ ၊ ဘောဂပျက်စီး၊ ရေး-မီး-သူခိုး၊ မွေခံဆိုးနှင့် ၊
မင်းဆိုးအပြား ၊ ရန်မျိုးငါးကြောင့် ၊ ပျက်ပြားဥစ္စာ ၊ ပြစ်များစွာသည်၊
ရှောင်ခါ အပြန်အကျိုးတည်း။

ရတနာ့ဂုဏ်ရည်- ( ၂၀၆ )
တောင်မြို့  ၊ မဟာဂန္ဓာရုံဆရာတော်


ဒီလိုကို အကျိုး အပြစ် မသိပါဘဲ

ကိုယ်ကျင့်တရား ကိုယ်သိက္ခာကို ပျက်ပြားတဲ့ အလုပ်ပဲ။
ခိုးတာ အဆိုးဆုံး အလုပ်ပဲ လုပ်လို့ 
သူတို့  ခံယူထားကြ ၊ သိနေကြလို့ ပဲ မယူတာကိုပဲ
သဘောကျသည်။


ဒီ အလုပ်မျိုးကို ကိုယ်တိုင် မလုပ်ပါက
ကိုယ့်ကိုယ်လည်း သဘောကျစရာ ကောင်းသလို
အများလည်း ဒီအလုပ်မျိုး မလုပ်တဲ့သူကို
သဘောကျကြပါမယ်။

သဘောကျသည်
သဘောကျသည်



မြတ်ရောင်နီ

( ၃၁ ၊ ၁၀ ၊ ၂၀၁၀ )



.

Saturday, October 30, 2010

ခင်ကြီးဇော


ခင်ကြီးဇော


နာမည်သစ်ပေးချလိုက်ပြန်ပြီ။ ရဟန်းအချင်းချင်း ချစ်စနိုးပြောပုံက ခင်ကြီးဇောတဲ့။ နာမည်တွေက လည်း များပါ့။ ကိုယ့်နာမည် ကိုယ်တောင် မနည်းမှတ်မိအောင် လိုက်မှတ်နေရတယ်။ ဘိုတေ လို့ ခေါ်သူကခေါ်။ ကိုတေလို့ ခေါ်သူကခေါ် ။ဘိုကျော်လို့ ခေါ်သူကခေါ်။ ဥုးဇင်းတေ လို့  ခေါ်သူကခေါ်၊ ဘုန်းဘုန်းဘိုတေ ဆိုပြီး ဘိုတေကို ဘုန်းဘုန်းတတ်ခေါ်ကြသူကခေါ်။ ဂျာမဏီနေလို့  ကိုဂျာတေလို့  ခေါ်သူကခေါ် ။ မြတ်ရောင်နီ ဘလော့ဂ် လေးရေးတော့ ဘုန်းဘုန်း မြတ်ရောင်နီ လို့  ခေါ်သူကခေါ်။


ခုတော့ သူကလေ
ဟိုး နှစ်ပေါင်းများစွာက သုံးတဲ့ အသုံးနှုန်းနဲ့  ၂၀၁၀ ခုနှစ် နှစ်ဆန်း ( ၁ ) ရက်မှာ ထွက်ပေါ်မွေးဖွားလာ တဲ့ မြတ်ရောင်နီကိုများ လူသိရှင်ကြား ခင်ကြီးဇောတဲ့ ။ ကိုယ်တိုင်ကြွား အတ္ထုပ္ပတ်ကို အားမရသေး လို့  ထင်ပါ့။ သူများရဲ့  အတ္ထုပ္ပတ်ကို ကူကာ ကြွားလိုက်သေးတယ်။ တော်ပါ့ ဆရာတော်၊ ကောင်းပါ့ ဆရာတော် ။ ကောင်းတာ ပြောတာ ။ ကိုယ့်အတွက် ကြွားပေးတာပဲလေ။ သူကြွားတာကို ငုံ့ ခံလိုက် ပါမယ်။

သည်းညည်း ခံတတ်တဲ့ သဘောပေါ့လေ။သူဆိုသည်မှာ ဓမ္မဂင်္ဂါ နာမည်ဖြာသည့် ရှေးအရေးသား လည်း မလွှတ် ခေတ် အရေးသားမှာလည်း စွတ်အောင် ရေးနိုင်စွမ်းသူပါ။ ဂုဏ်ပေါင်း တင်လိုသော် လည်း ဂုဏ်တင်လိုက်မှ ဂုဏ်ပျက်မှာစိုးပါသောကြာင့်သူ့ အကြောင်းသိလိုသော် သူများကို ကြွားခွင့် မပြုသေးတဲ့ သူ့ ကိုယ်တိုင်ကြွားအတ္ထုပ္ပတ္တိမှာ တစ်စိပ်တစ်ပိုင်း တွေ့ နိုင်ပါတယ်။ ဟောဒီမှာ ကြည့်နိုင်ပါတယ်။ http://www.dhammaganga.blogspot.com/ ။

သူက ကိုယ့်အတွက် ကြွားကာ ကြေငြာ ရေးပေးထားတာကို
ဆက်လက်ဖတ်ရှုကြည့်နိုင်ပါတယ်။ ခင်ကြီးဇော-

အေဒီ ၂၀၁၀ခရစ်နှစ်ကြီးထဲ အတွေး တစ်ပွေ့တစ်ပိုက်ကြီးနဲ့ ဒရောသောပါး ဘလော့ဂ်မယ့် သူ့မိတ်ဆွေ ရဟန်း နှစ်ပါး ပေါ်လာပါတော့တယ်။ အင်းဝခေတ် ကုန်းဘောင်ခေတ်တုန်းက ရဟန်းတော်တွေကို မြတ်မြတ်နိုးနိုး ခေါ်ကြသလို ဆိုရင်တော့ ခင်ကြီးဇောနဲ့ ခင်ကြီးနောလို့ပဲ ခေါ်ကြရပေမှာပ။ ပုဂံခေတ်မှာတော့ သင်ကြီးလို့ သုံးကြတယ် ထင်ပါရဲ့။

ကုန်းဘောင်ခေတ်လယ်ခေတ်နှောင်းနဲ့ကုန်းဘောင်အလွန် ဗြိတိသျှ
အုပ်ချုပ်ရေး ကာလတွေမှာတော့ ဘုန်းတော်ကြီးတွေက ခင်ကြီးနေရာမှာ
ဦးပြောင်းပြီး လူ့ဘ၀ငယ်နာမည်နဲ့ တွဲဖက်ကာပျော်ပျော်ကြီး သုံးကြတာ
တွေ့ရပါရဲ့။ ဆရာတော်ဦးဗုဓ်၊ ဦးပိုး၊ ဦးကျီး၊ ဦးသီး၊ ဦးကြည်၊ ဦးကြယ်
ဆိုသဟာမျိုးပ။


အသျှင်ဆိုတာမျိုး သျှင်ဆိုတာမျိုးလည်း သုံးစွဲလာကြတာ တွေ့ရပါသေးတယ်။ ဦးဆိုတာကို အက္ခရာ “ဦး”အယူအဆလေး ကွဲလွဲကာ သုဓမ္မာဆရာတော်တွေက “ ဦး”ရွှေကျင်ဆရာတော်တွေ က “ ဥုး” ဆိုပြီး သုံးတာမျိုးတွေ့လာရပြန်ပါတယ်။ အကင်းပါးပြီး ဂိုဏ်းဂဏတွေကို လွန်မြောက်လို တဲ့ အရှင်မြတ်တွေကတော့ “ဦး”နဲ့“ဥုး”ကို ကျောခိုင်းပြီး “အရှင်”ဆိုတာလေးကို လွတ်လွတ် ကင်းကင်း သုံးလာပါတော့တယ်။ အရှင်ဇနကာဘိဝံသ၊အရှင်ဝိစိတ္တသာရာဘိဝံသဆိုသဟာမျိုးပေပ။

ခု ခေတ်မှာတော့ ပိုပြီး အဆင်လည်းပြေ၊ ခန့်ခန့်ညားညားလည်းရှိတဲ့ “ဘဒ္ဒန္တ”ဆိုတဲ့ ပါဠိဝေါဟာရကို ဘွဲ့တော် ရဲ့ထိပ်မှာ တံဆိပ်ခတ်လိုက်တဲ့အခါမှာတော့ လူပုဂ္ဂိုလ်တွေရဲ့ မေးခွန်းတွေကို မကြာခဏ ဖြေရတတ်ပါတယ်။ “ အရှင်ဘုရား ဘဒ္ဒန္တဘွဲ့ရပြီးပြီလားဘုရား” ဆိုတာမျိုးပါ။ ဘဒ္ဒန္တဆိုတာကို လွတ်လပ်ရေးနေ့မှာ ကြေငြာ ဆက်ကပ်တဲ့ ဘွဲ့တံဆိပ်တော်လို့ ထင်နေကြပေသကိုး။

ဘဒ္ဒန္တဓမ္မဂင်္ဂါ ဆိုတာ မစ္စတာဓမ္မဂင်္ဂါ ၊ အရှင်ဓမ္မဂင်္ဂါထက်မပိုပါဘူး။ ဒါပေမယ့် ဘဒ္ဒန္တဆိုတဲ့ ဝေါဟာရ ကြီး ကို ထင်းထင်းကြီးဖြစ်အောင် ရေးထားတဲ့ ယပ်တောင်တော်ကြီးကိုတော့ ထမ်းပြီးသွားခဲ့ဖူးပါ သေးတယ်။ ဒါပေမယ့် လေးစားလောက်တဲ့ ဆရာတော်ကြီးတစ်ပါးရဲ့ “ မောင်ရင်တို့လည်းကွယ် ကိုယ့်နာမည်ကြီးကိုယ်ထမ်းသွားနေ ရတာ မလေးဘူးလားကွယ်ရို့” ဆိုတဲ့အသံကို ကြားမိတော့ မျက်နှာအပူသား။ အဲဒါနဲ့ သံဖြူဇရပ်ဘက်က လာတဲ့ ထန်းရွက်ယပ်တောင်လေး ပြောင်းသုံးရလေ တော့တာကိုး။

ခင်ကြီးဆိုတဲ့ ဝေါဟာရကိုတော့ ငယ်စဉ်ကိုရင်ဘ၀က မကာရလောပ အကျော် ခင်ကြီးဖျော်(ပျော်)ရဲ့ သဒ္ဒါကျမ်း အနှစ်ချုပ် ပုဒ်စစ်ကျမ်းကို အော်ကျက်ခဲ့ရကတည်းက ရင်းနှီး ကျွမ်းဝင် နေခဲ့တာကလား။ ဥပမာသမူဟ ဂီရက္ကမကျမ်းမှာလား ဦးပေါ်ဦး လျှောက်ထုံးမှာလား၊ အခြား ကျောင်းကန်အနီး ပြောကြဆိုကြတဲ့ ဟာသပုံပမာ စကားဝိုင်းမှာလား ကြားရဖူး ဟားရဖူးတဲ့ “ ဒို့နှစ်ယောက်နောက် ခင်ကြီးပေါက်” ဆိုတဲ့ ပုံပြင်လေးကလည်း ခင်ကြီး ဆိုတဲ့ဝေါဟာရလေးကို အကျွမ်းတ၀င် ဖြစ်စေတော့တာပါ။

ခင်ကြီးဇောဆိုတာကတော့ ဂျာမဏီနိုင်ငံမှာ သတင်းသုံးပြီး “မြတ်ရောင်နီ”ဘလော့ဂ်စာမျက်နှာကြီး ကို နှစ်ဆန်းတစ်ရက်နေ့မှာပဲ မင်္ဂလာရှိစွာဖွင့်လှစ်လိုက်တဲ့အရှင်တေဇောဘာသ(မြင်းခြံ)ဖြစ်ပါတယ်။ ခင်ကြီးဇောနဲ့က ရန်ကုန် ထေရ၀ါဒတက္ကသိုလ်နေ့ရက်များမှာ မျက်မှန်ထူထူတပ်၊ သင်္ကန်းသပ်သပ် ခတ်ခတ်ရုံ၊ ထီးကြီးတစ်ချောင်းကို ထမ်း ၊ လွယ်အိတ်ကြီး တစ်လုံး လွယ်ပြီး သွားအဖွေးသား ပြုံးကာ ရောက်လာတတ်တဲ့ ရဟန်းတော် တစ်ပါး အဖြစ် ရင်းနှီးခဲ့ရပါတယ်။ ထေရ၀ါဒတက္ကသိုလ်မှာ ဗုဒ္ဓဓမ္မ ၀ိဇ္ဇာဘွဲ့ ယူပြီးတဲ့နောက်မှာတော့ ခင်ကြီးဇောက သီဟိုဠ်ကျွန်းညိုဆီ ပညာရေးကွန်းခိုဖို့ ထွက်ခွာ သွားခဲ့ပါတော့တယ်။

အဲဒီအချိန်ကတည်းက မတွေ့ဖြစ်ကြတော့တာပါ။ သူ မဇ္ဈိမကို ထွက်လာဖြစ်တဲ့ အချိန်မှာမှ အွန်လိုင်း မှာ ဘွားကနဲ ဆုံကြရပြန်တာပါ။

နောက်မကြာမီ ခင်ကြီးဇောက သီဟိုဠ်ကို ဘုရားဖူးကြွလာတဲ့ ဂျာမန်ဘုန်းတော်ကြီးကို တရားဓမ္မ အဟောအပြကောင်းလို့ မဟာဝိဇ္ဇာဘွဲ့ယူအပြီး တိုင်းဂျာမဏီ ရွှေပြည်ထုတ်ချောက် လမ်းမကောက် ဘဲ အရောက်ကြွဖို့ ပင့်ဆောင်သွားပြီလို့ သတင်းကောင်းကြားရပြန်ပါတယ်။ အဲဒီအချိန်မှာ သူက လည်း ဓမ္မဂင်္ဂါရေစီးကို ပရိသတ်ကျဉ်းကျဉ်းလေးထဲ သွန်းလောင်းချနေခဲ့ပါတယ်။ ခင်ကြီးဇောက တော့ ပင်တိုင်ကူးခတ်သူပါပဲ။ သူက တိုက်တွန်းဖြစ်ပါတယ်။ အနောက်နိုင်ငံကို ရောက်နေတဲ့ ရဟန်းတော်တစ်ပါးဆီက အသံကို ကြားချင်ပါတယ် လို့။ သူရဲ့ဝါသနာနဲ့ စာပေဓါတ်ခံတွေကိုလည်း မြင်နေမိသကိုး။ ဒီလိုနဲ့ “မြတ်ရောင်နီ” ဘလော့ဂ်တော်ကြီး ပေါ်လာတော့ သာဓု ခေါ်မိပါတော့ တယ်။

ခင်ကြီးဇောရဲ့ဘလော့ဂ်ဖွင့်ဦးစနေ့မှာပဲ သူက ဒီလို အဘိယာစက အမှုပြုခဲ့မိပါတယ်။

ဓမ္မဂင်္ဂါ said...

ဇာမဏီပြည်ကြီး၌ နေထိုင်ပျော်မွေ့ သာသနာအလေ့ကို ပြလျက်ရှိပါ
သော မြတ်ရောင်နီအရှင်၏ ဒေသနာခရီးကို ရှာမှီးသိလိုပါသော
ကျွန်ုပ်တို့ဝေနေယျတစ်စု ပုပုရွရွ ဟူသမျှတို့အား သနားလည်းဟော
မသနားလည်းဟော တရားသဘောပေါက်ဖို့သာ
လိုရင်းဟု မှတ်ကြပါမည်။ အတွဲ ပထမမှသည် နိဂမနိဂုံး
အဆုံးမသတ် တုံးတိကြီး ဖြတ်မပစ်လိုက်ပါနှင့်။
မဇ္ဈိမဒေသ ဥတ္တရတိုင်း ဗာရာနဂရနေ ဓမ္မဂင်္ဂါမောင်ရှင်က
နောင်အစဉ်နာလိုကြောင်းပါဘုရား။ ပုဒိအာနှင့် ပြည့်စုံရပါလို၏။

ခင်ကြီးဇောကလည်း စာရေးဖြစ်တဲ့ အကြောင်းတွေကို “စာရေးဆရာနားနီး စာရေးဆရာ” ဆိုပြီး ပြန်ပြောင်း ရေးပြပါသေးတယ်။

“အဲဒီထဲမှာ ကိုယ်နဲ့  နီးစပ်တာက တက္ကသိုလ်ဆရာများလည်းဖြစ်၊ အပ္ပမာဒ ပင်တိုင်စာရေးဆရာ များဖြစ်တဲ့- ဆရာ ဒေါက်တာ အရှင်အာစာရ၊ ဒေါက်တာကျမ်းပြု ဆရာ အရှင်ပါရမီ၊ ပြီးတော့ ကိုယ့်ထက် စီနီယာဖြစ်တဲ့ မော်ဒန်-အရှင်ဝိစိတ္တသာရ ( ယခု ဓမ္မဂင်္ဂါ ) ဘလော့ အုန်နာ။ ပြီးတော့ ဆရာဖြစ်တဲ့ ကဗျာဆရာ မောင်သစ်ဝေ (မြင်းခြံ) ။ ကဲ ဒီလို စာရေးဆရာတွေကြား ရောက်သွားတဲ့ ကိုယ် ။ စာရေးချင်စိတ်က ကလိကလိ ဖြစ်လာတယ်။ ဒါနဲ့ ပဲ စာရေးချင်တဲ့ကြောင်း ပြောပြတော့ လည်း ဒီအရှင်တွေက တွယ်စမ်းပါတဲ့။ကိုယ်သိထားတာတွေ ရေးချလိုက်စမ်းပါ လို့  မြှောက်ပင့်ကြလို့ စာရေးဆရာဖြစ်လာပါတယ်။”

တကယ်တော့ ဘယ်သူတွေ ဘယ်လောက်ပဲတွန်းတွန်း၊ ဘယ်သူတွေနဲ့ ဘယ်လောက်ပဲနီးနီး ကိုယ့်မှာဝါသနာနဲ့ ဇလေးကလည်း ရှိဦးမှဖြစ်မှာ။ ဒီတော့ သူကလည်းခင်ကြီးဇောရဲ့ ပို့စ်အောက်မှာ ဒီလိုလေး မှတ်ချက်ပေးမိပြန်ပါတယ်။ ခင်ကြီးတို့ သင်ကြီးတို့ဆိုတဲ့ ဝေါဟာရလေးတွေ နှစ်ခြိုက်မိ တော့လည်း ရေးမိတာကိုက ကုန်းဘောင်ဆန်သလိုလို၊ ဆုတောင်းစာလို ဖြစ်သွားခဲ့ပါသေးတယ်။ တတ်နိုင်ပေဘူး။ လက်ကကျူးမိပြီကိုး။

ဓမ္မဂင်္ဂါ said...

စာရေးဆရာ မဟာရောင်နီ ဇာမဏီကျော် လူတော်ဥက္ကဋ္ဌ် အတ္ထုပ္ပတ်ကို သိရပါမှ အော် ကောင်းလင့် တေး ကောင်းလင့်တေး ပီတိကို မွေးမိတော့သည်။ ငါသည်ကား အရတော်လေစွ အရတော်စွ ဟု စူဠဥဒါန်း အခါခါလွှမ်းတော့သည်။ စာရေးဆရာနီး စာရေးဆရာ ဖြစ်ထိုက်စွာသား စကားအရှိ ဆိုလေ ဘိသော်လည်း အသိဓါတ်ခံ အတွေးဥာဏ်ထွက်မှသာလျှင် အချက်ကျကျ ဓမ္မအရေး မျှော်တွေး ထောက်ဆ ဖော်ပြနိုင်ပေမကိုးဗျ။ ဟင်းအိုးနားနီးသော်ငြား ခါးခါးချိုချို အပိုမသိ ယောင်းမစကားပုံအရှိ သား။ စိတ်အားမငယ် အတွေးကြွယ်သမျှ ရေးခြယ်ပြဖို့သာ မျှော်လင့်ရတော့သည်။ ဇာမဏီဘောင် အတွင်း သာသနာပြောင်ဝင်းအောင် အရောင်အဆင်းကိုသာ လင်းပါရော့ မြတ်ရောင်နီ အရှင် ကိုယ်တော် မြတ်ကြီးဘုရား။
(သာဓု သာဓု သာဓု)

ဘာပဲဖြစ်ဖြစ် အနောက်မှာ နေထွက်နေတဲ့ အရှင်တွေရဲ့ ခြေလှမ်း လက်လှမ်းတွေကိုတော့ မှီသ လောက် သိချင်တာ အမှန်ပါ။ ဘာလုပ်နေကြပါလိမ့်ပေါ့။ ခင်ကြီးဇောရဲ့ ဥရောပသာသနာ စာမျက်နှာ ကိုတော့ လှမ်းလှမ်းမျှော်မိကြောင်းပါ။


(လွန်ခဲ့တဲ့နှစ်ဦးဆီက ရေးခဲ့တဲ့အဟောင်းလေးပါ။ ချောင်ကပ်နေပြီမို့ မဖတ်ဖူးသေးတဲ့ မိတ်ဆွေများ အတွက် ကိုယ့်ရင်ဘတ်ကိုယ် ပြန်တူးမိခြင်းပါ။ မြတ်ရောင်နီအရှင်ကတော့ ဥရောပစာမျက်နှာမှာ သာသနာ့အက္ခရာ အသစ်တွေ ခပ်ထင်းထင်းရေးနေတာ အားရစရာပါ...။
ဓမ္မဂင်္ဂါ
(၂၉-၁၀-၂၀၁၀)

အဲဒါပဲ ၊ သူပြောလိုက်တဲ့ ခင်ကြီးဇောရဲ့ 
သူများကြွားအတ္ထုပ္ပတ္တိတစ်ပုဒ်ပါ။
ခုတော့ ခင်ကြီးဇော ဆိုလည်း ခင်ကြီးဇောပေါ့ဗျာ။
ခင်ကြီးဇော ၊ ခင်ကြီးဇော...



မှတ်ချက်။ ။ ဓမ္မဂင်္ဂါ ဘလော့ဂ် - ခင်ကြီးဇော နဲ့ ခင်ကြီးနောမှ
ခင်ကြီးဇောကို ကူးယူကာ ၊ နိဒါန်း နိဂုမ်း ဖြည့်စွက်လျှက် ဖတ်စရာတစ်ခုဆောင်းပါးအဖြစ်တင်လိုက်ပါတယ်။


မြတ်ရောင်နီ

( ၃၀ ၊ ၁၀ ၊ ၂၀၁၀ )



.

Friday, October 29, 2010

တရားပွဲ ကြေငြာခြင်း


မဟာပဋ္ဌာန်းပွဲ အောင်ပွဲ
တရားပွဲ







မဟာပဋ္ဌာန်းပွဲ အောင်ပွဲ
တရားပွဲ

သာသနာနှစ် ၂၅၅၄ ခုနှစ်
မြန်မာနှစ် ၁၃၇၂ခုနှစ်
ဒုတိယ၀ါဆိုလပြည့်ကျော် ( ၂ ) ရက် နေ့ မှသည်
သီတင်းကျွတ်လဆန်း ( ၁၃ )ရက်နေ့ အထိ

28July - 21October 2010
ရွတ်ဖတ် ပူဇော်ခဲ့ပါသည်။


.............................................................


တရားတော် နာယူနိုင်ကြစေရန်
ဖိတ်ကြားခြင်း

...........................

ဝါတွင်းကာလ၊ ခါသမယ၀ယ်၊
မဟာပဋ္ဌာန ၊ ရွတ်ရအပြီး၊
တရားပွဲလည်း ၊ ကျင်းပအုံးမည်။

ပဋ္ဌာန်းနှင့်စပ် ၊ တရားမြတ်ကို၊
နာလိုပါငြား ၊ သူတော်များအား၊
နာကြားဖို့ ရန် ၊ ဖိတ်မံပါ၏။

ဖရိုက်ဇင်းမြို့ မှာ ၊ ကျောင်းဝိဟာတွင် ၊
၈၅၃၅၄ ၊ လိပ်စာပေးကာ ၊
ကောင်းစွာလာမှ ၊ နာကြရွှင်ပျော် ၊
များသူတော်...များသူတော်။

ရက်၃၀မှာ ၊ အောက်တိုဘာနော် ၊
အချိန်သော်ကား ၊ ၁၉ထား၍ ၊
ကျော်သွား၃၀ ၊ အချိန်ဝယ်လျင် ၊
တွင်တွင်စေ့ဆော် ၊ အပြေးခေါ်သည် ၊
အေးဖေါ်လူတို့  ၊ အေးငြိမ်းဖို့ ။



တရားပွဲ- အချိန် - ၁၉ : ၃၀ မှ ၂၁ : ၀၀ ထိ
ရက်စွဲ ( ၃၀ ၊ ၁၀ ၊ ၂၀၁၀ )
နေရာ- ဗောဓိဝိဟာရ ဗုဒ္ဓဘာသာကျောင်း ၊
၈၅၃၅၄ ဖရိုက်ဇင်းမြို့ 




မြတ်ရောင်နီ
( ၂၉ ၊ ၁၀ ၊ ၂၀၁၀ )






.

Thursday, October 28, 2010

ဝါကျွတ်ပြီ ၊ ကောင်းလိုက်တာ


ဝါကျွတ်ပြီ ၊ ကောင်းလိုက်တာ


ဟိုး... ဘုရားရှင်လက်ထက်မှာတော့ ရဟန်းတော်များဟာ ၀ါဆိုပြီးတာနဲ့  မြတ်စွာဘုရားရှင်ကို လျှောက်ထားပြီး ကမ္မဋ္ဌာန်းတောင်းကြတယ်။ ပြီးတော့ သူတို့  သပ္ပါယမျှတမည့်နေရာကို သွားကြပြီး တရား အားထုတ်ကြတယ်။ တကယ်ပီပီ ပြင်ပြင် အားထုတ်ကြပါတယ်။ အဲသလိုမျိုး အားထုတ်ကြ ပြီးနောက်-

ဝါကျွတ်ပြီ ဆိုတာနဲ့  ဘုရားရှင်ထံ ပြန်လာကြတယ်။ ဘုရားရှင်ကို ဖူးမျှော်ကြ၊ တရားထူး လျှောက်သူ လျှောက်၊ ကိုယ်တွေ့ ကြုံသမျှအကြောင်းရာကို လျှောက်သူက လျှောက်ထားလေ့ရှိတယ်။

ခုခေတ် ၀ါကျွတ်ပြီးချိန်မှာတော့ စာမေးပွဲအတွက် လေ့လာသူက ဘယ်ထိ ပေါက်အောင် စာကြည့် မယ်။ စာကျက်မယ်။ ဆရာများ ကလည်း ဘယ်လောက်ထိ ပေါက်အောင် စာဝါ ချပေးမယ် စသဖြင့် အင်တိုက် အားတိုက် ၀ါတွင်း ကာလကို အထူး အားစိုက် သင်ယူပို့ ချ လေ့ခဲ့လာကြတာ တွေကို ခဏ ရပ်ဆိုင်း ထားတယ်။ စာဝါများ အတော်တော်များ ပြီးသွားကြတယ်။ မပြီးသေးတဲ့ စာဝါများကိုလည်း ကျောင်းတိုက်ပေါ်မူတည်ပြီး စာဝါ ခဏနားတတ်ကြပါတယ်။ ဘုန်းကြီး ဟောလီးဒေးပေါ့နော်။

ရိပ်သာများကတော့ ၀ါတွင်းမှာ တရားစခန်း ရက်ရှည် အထူးနေနဲ့  ဟောတဲ့ ဆရာတော်များက ဟော၊ နာတဲ့သူကနာ ပြီးတော့ တရားထိုင် ကျင့်ကြံ အားထုတ်ကြသလို ၀ါကျွတ်ကာလမှာလည်း ၀ါကျွတ် ကာလ တရားစခန်းပွဲများ ပြုလုပ်ကြပါတယ်။ တစ်ချို့ ရိပ်သာကျလည်း ဟောလီးဒေးပေါ့လေ။

နိုင်ငံ အသီးသီးမှာ ရှိနေတဲ့ တက္ကသိုလ်ကျမ်းပြု သံဃာတော်တွေကလည်း သီးစစ်ကို ရည်မှန်းထား သလို ဘယ်လောက်ထိ ပြီးအောင် ရေးမယ်လို့  ၀ါတွင်းမှာ အားစိုက်ကြရသလို မပြီးသေးကလည်း ၀ါကျွတ်လည်း သူတို့ က မကျွတ် အားစိုက်ကာ ရေးနေကြရတာပါပဲ။

သီးသန့်  အရည တောထဲမှာသာ အမြဲနေထိုင်ပြီး တရား အားထုတ်တဲ့ သံဃာတွေကတော့ ၀ါတွင်း ၀ါပ မထားပဲ အမြဲတမ်းကို ကြိုးစားအားထုတ်ကြတာမို့  ၀ါကျွတ်လည်း သူတို့ မှန်းထားတဲ့ ကိလေ သာ မကျွတ်သမျှ ဆက်လက် အားထုတ် နေကြရသည်သာ။

( အရညမှာ တရားအားထုတ်တဲ့ သံဃာတော်များစိတ်ကိုတော့ အတိကျ ပြောဖို့ မလွယ်ပါဘူး၊ ၀ါတွင်း ၀ါပ အထူးမရှိဘူး လို့လည်း ထင်ပါတယ်။အထင်ဖြင့် ပြောခြင်းမျှသာပါပဲ။)


ကိုယ့်အနေနဲ့ ဒီနှစ် ကိုယ့်ကို ပြန်ပြီး သုံးသပ်ကြည့်တော့ ၀ါတွင်းကာလမှာ နေ့ စဉ် စာကြည့်ရမယ်၊ ပဋ္ဌာန်းစာအုပ် ငါးအုပ်အကျယ် ၇ွတ်ဖတ်ပူဇော်မယ် ၊ တရားထိုင်ရမယ်။ ပါဠိ သင်တန်းပို့ ချရမယ်။ နှစ်ပတ်တစ်ခါ မဇ္ဈိမနိကာယ်ကို တစ်လ တစ်ခါ သင်ပေးမယ်။ နှစ်ပတ်တစ်ခါ တရားဟောရမယ် ၊ ကျောင်းဝေယျာဝစ္စ ကိုရင်ကျောင်းသား မရှိသည်မို့ ကိုယ်တိုင် သေနာသန ၀တ် ပြုလုပ်ရမယ်- စသည်စသည်ပေါ့။ ခုလိုမျိုး ဘလော့ဂ်ကို အားရင်အားသလို ဆောင်းပါး ရေးသွားမယ်။ မအားပါက ချက်တင်းဖြစ်စေ၊ ပေးစာဖြစ်စေ ဆောင်းပါးအနေနဲ့  ပို့ စ်အဖြစ်တင်မယ်။ အနည်းဆုံး ဓာတ်ပုံပဲဖြစ်ဖြစ် ကိုယ့်အတွေ့ ကြုံတွေပဲဖြစ်ဖြစ် ရေးသွားမယ် ဆိုတာလည်း အတော်လေး လုပ်ဖြစ် ခဲ့ပါတယ်။

ခုဝါကျွတ်ပြီဆိုတော့ စာဝါလည်းနားပြီ ၊ တရားဟောလည်း နားလိုက်ပါပြီ။ ၀ါကျွတ်ပေမယ့် မကျွတ် သေးတာက စာကြည့်ရခြင်း၊ ဘုရားဝတ်ပြု ၊ တရားထိုင် ၊ တရားလာမေးသူ တရားရှင်းပြ ၊ ဘလော့မှာ ပို့ စ်တင် အလုပ်က ခုထက်ထိ မကျွတ်သေးပါ။ ဟောလီဒေးလည်း မရှိ။ ထူးပြီးတော့ ဥပုသ်နေ့ လည်းမရှိပါဘူး။

အဲဒီလို အလုပ်များ မကျွတ်သေးသလိုမျိုးပဲ မောင်ဥာဏ် အငိုက်မှာ ၀င်ရောက်လာတဲ့ ဗီဇာမပါတဲ့ မောင်ညစ်ထေးတို့  အုပ်စုက လည်း ကိုယ့်နိုင်ငံမှာ မကျွတ်သေး ၊ မလွတ်သေး ပေကပ်ကပ် ပျော်နေ ကြလေရဲ့ ။ ပါပသ္မိံ ရမတိ မနော- ( စိတ်က မဟုတ်တာလေးမှာမှ ပျော်တာကွ ) ဆိုတဲ့ စာတမ်းကို သူတို့ က အိမ်ပေါက်ဝမှာ အပီပြင် ဆွဲချိတ်ထားကြသေးတယ်။

( တင်စားဆိုလိုက်သည်။
ကိုယ့်နိုင်ငံ - မြတ်ရောင်နီ ။
မောင်ဥာဏ် - ပညာ။
မောင်ညစ်ထေး- ကိလေသာ
စိတ်- အိမ်ပေါက်ဝ။ )



ဗုဒ္ဓဘာသာဝင် မြန်မာ လူအများတို့  အနေနဲ့ လည်း ဒီနှစ်ဝါတွင်းမှာ ဥပုသ်သီလကို ဘယ်နှစ်ဥပုသ် စောင့်မည် လို့  ရည်မှန်းချက် ထားခဲ့တဲ့အတိုင်း ပြုလုပ်ပြိးသွားပြီပေါ့။ ၀ါကျွတ်သွားပြီကိုး။

( ဗုဒ္ဓဘာသာဝင် မြန်မာ လူအများတို့ လို့  ဆိုလိုက်တာဟာ သီရိလင်္ကာနိုင်ငံက ဗုဒ္ဓဘာသာ လူမျိုးတို့ က တစ်နှစ်လုံးပဲ ဥပုသ်စောင့်ပါတယ်။ ၀ါတွင်း ကာလ ၀ါကျွတ်ကာလ ထူးမရှိဘူး။ သို့ သော် မြန်မာ စောင့်တဲ့ ဥပုသ်အရေတွက်နဲ့ တွက်ရင်တော့ အတူတူပဲ ဖြစ်ပါတယ်။ သူတို့ တစ်တွေက ပေါဟယာ ဒေးနေ့ လပြည့် ဥပုသ်နေ့  တစ်ရက်ပဲ စောင့်ကြတယ်။ တစ်နှစ် ၁၂ လမို့  ၁၂ ဥပုသ်ပေါ့လေ။ မြန်မာ တွေကလည်း ၀ါတွင်း ၁၂ ဥပုသ် ပေါ့။)။

မြန်မာလူတို့ အဖို့  ၀ါကျွတ်ပြီဆိုရင် အဝေးတစ်နယ် ရောက်သူကလည်း ကိုယ့်နယ်ကို အရောက် ပြန်ကြ၊ မိဘတွေကို ကန်တော့ကြနဲ့ ၊ ၀ါကျွတ် ကာလကိုပဲ စောင့်မျှော်နေကြပါတယ်။ ကောင်းလိုက် တာ။ ပူဇာစ ပူဇနေယျ ၊ ဂါရ၀ နိဝါတ မင်္ဂလာ တရားပေပဲ။

ဒီ့ အပြင် အောင့်အည်း စောင့်စည်းကာ အတော်လေး ၀ါကျွတ်ချင်သူများ လည်း ရှိသေးတယ်။ သူတို့ ကလည်း ၀ါကျွတ်မှ သူတို့ ကျွတ်မှာလေ ၊ ကိုယ်တိုင် ဖိတ်စာထဲမှာ အရိုက်ခံချင်ကြတာကိုး။ သူတို့ လည်း ကောင်းလိုက်တာ ၃၈ဖြာထဲ မပါတဲ့ လောကီ အာဝါဟ၀ိဝါဟ မင်္ဂလာပေပဲ။သို့ မဟုတ် သူတို့  အချင်းချင်း တာဝန် ၀တ်တရားလေးတွေ ပြုကျင့်ရတော့မှာမို့  ကောင်းလိုက်တာ ။ ပုတ္တ ဒါရ - မင်္ဂလာ တရား ပေပဲ။

အဲဒီလို လူတွေမျိုးကို အားကြီးကြိုက်တဲ့ စာစီ စာရိုက် စာပုံနှိပ်တိုက်က လူတွေကလည်း ရှိသေးတယ် ။ ဖိတ်စာရိုက်ရတော့မှာမို့  စီးပွါးအတွက် ပျော်ကြပြန်ရော။ ကောင်းလိုက်တာ။ အနာကုလ ကမ္မ ၊ အန၀ဇ္ဇ ကမ္မ မင်္ဂလာ တရားပေပဲ။

ပြီးတော့ သင်္ကန်းမှာ ကထိန် ၊ ကျောင်းမှာ သိမ် ဆိုပြီး ၀ါကျွတ်ကာလကျမှ ကထိန် အလှူ ပြုလုပ်လို့ ရတာမို့  ပျော်ကြပြန်ရော။ ကောင်းလိုက်တာ ။ ဒါန မင်္ဂလာ တရားပေပဲ။ ကထိန်ကို အကြောင်းပြုပြီး တရားတွေ နာရမှာမို့  တရားနဲ့  ပျော်ကြပြန်ရော။ ကောင်းလိုက်တာ ၊ ဓမ္မဿဝန မင်္ဂလာ တရားပေပဲ။

လူတွေဘက်က ပျော်ကြသလို သံဃာများကလည်း ဘုရားရှင် ချမှတ်တဲ့ ၀ိနည်းဥပဒေ အတိုင်း ၀ိနည်း သိက္ခာပုဒ် အရ ၀ါဆိုကာ နေခဲ့ကြလို့  ပျော်ကြပြန်ရော။ ကောင်းလိုက်တာ။ ၀ိနယော စ သုသိက္ခိတ မင်္ဂလာ တရားပေပဲ။ ပြီးတော့ လူတွေက ၀ါကျွတ် ပြီဆိုတာနဲ့ ကထိန် သင်္ကန်း လှူကြ တာမို့  တရား တော်ကို ဟောရပြန်လို့  တရားနဲ့  ပျော်ကြပြန်ရော။ ကောင်းလိုက်တာ။ သုဘာသိတာ စ ယာဝါစာ မင်္ဂလာ တရားပေပဲ။


တကယ်တမ်းတော့ ၀ါတွင်း ၀ါပ
ဘယ်အချိန်ရောက်ရောက်ပေါ့နော် ၊
ရောက်တဲ့ အချိန်လေးမှာ -
ကောင်းလိုက်တာ ။
မင်္ဂလာ တရားပေပဲ -
ဖြစ်နိုင်အောင် ကြိုးစားနေဖို့ ပါပဲ။





မှတ်ချက်။ ။ဘုန်းဘုန်း မြတ်ရောင်နီ ရဲ့ 
လုပ်ငန်းဆောင်တာ

( ၂၈၊ ၀၇ ၊ ၂၀၁၀ )
ဆောင်းပါးကို ကိုးကားပါသည်။
(အဟမ်း ...ဟမ်း)



မြတ်ရောင်နီ
( ၂၈ ၊ ၁၀ ၊ ၂၀၁၀ )

.

Wednesday, October 27, 2010

ဒီနေ့ ပဲ လုပ်သင့်တာ


ဒီနေ့ ပဲ လုပ်သင့်တာ


အဇ္ဇေ၀ ကိစ္စံ ကာတဗ္ဗံ ၊ ကော ဇညာ မရဏံ သုဝေ။

န ဟိ နော သင်္ဂရံ တေန၊ မဟာသေနေန မစ္စုနာ။

( ၀ိဘင်္ဂ၀ဂ် ၊ဘဒ္ဒေကရတ္တသုတ် ၊ ဥပရိပဏ္ဏာသပါဠိတော်)


၁။ လုပ်သင့်ရာရာ၊ ကောင်းသည့်ဟာ ၊ ခုသာ လုပ်ထားကြ။
၂။ မနက်ဖန်မှာ ၊ သေရမှာ ၊ ဘယ်ဝါ မသိကြ။
၃။ သေမင်းထံမှာ ၊ ချိန်းချက်တာ ၊ သေချာ မရှိကြ။

ဘာသာပြန် ဘုန်းဘုန်းဘိုတေ ( ၂၀၁၀ )



အသိပေး ၊ သတိပေးနှိုးဆော်ချက်


တစ်နေ့  အနည်းဆုံး တစ်ကြိမ်
တစ်ခေါက်လောက်လေး ဆိုကြည့်ပါ့လား။
ကုသိုလ်ရတယ်။ အပြစ်မဖြစ်ဘူး။

ကိုယ်ဘာလုပ်ရမယ်ဆိုတဲ့ အတွေး ပေါ်လာနိုင်တယ်။
ဘာလုပ်သင့်တယ်ဆိုတာသိပြီး သိတဲ့အတိုင်း
လုပ်ချင်လာမယ်။ လုပ်ဖြစ်လာမယ်။

ကိုယ်လမ်းကြောင်းကို ကိုယ့်ဖာသာ ထွင်လာပါလိမ့်မယ်။
မိုးခါးရေသောက် အများအကြိုက်တွေဖြစ်တဲ့
အလုပ်မျိုး လုပ်ရတာတွေ နည်းနည်းလာလိမ့်မယ်။

စမ်းပြီး ကြိုးစားကာ ပြုလုပ်ကြည့်ပါက
ခုပြောတာထက် ထူးတာတွေကို
ကိုယ်တိုင်တွေ့ လာပါလိမ့်မယ်-
ဒိဋ္ဌ မျက်မှောက်။

စိတ်ချသာယုံ။
ပြောမယုံ ကြုံဖူးမှသိပါ့မယ်။




မြတ်ရောင်နီ

( ၂၇ ၊ ၁၀ ၊ ၂၀၁၀ )



.

Tuesday, October 26, 2010

သဘာဝဟာ သဘာဝပါ


သဘာဝဟာ သဘာဝပါ





လူငယ် ၊ လူကြီး




လူသေ

သဘာဝဟာ သဘာဝပါ

သဘာဝဆိုသည်မှာ သဘောတရားပင်ဖြစ်ပါတယ်။
သဘောတရားဆိုသည်မှာလည်း
တရားသဘောပင် ဖြစ်ပြန်ပါရောလား။

၁။လူငယ်ဖြစ်လာသည်။ လူကြီးဖြစ်လာသည်။ သေရပြန်သည်။
၂။ခံစားစရာတွေ ခံစားသည်။
၃။မှတ်သားစရာတွေ မှတ်သားသည်။
၎။ပြောင်းလဲမှုတွေ ဒရစပ်ဖြစ်နေသည်။
၅။သိစရာတွေကလည်း သိနေသည်။

ရဟန်းငယ် ဘ၀က ရန်ကုန် ၊ မဟာဝိသုဒ္ဓါရုံကျောင်းတိုက် ပညာသင်ယူ နေထိုင်ခဲ့စဉ် သဘာဝကို သဘာဝမှန်း သိစေဖို့ ရာဘုရားဝတ်ပြုရာဝယ် မှတ်မှတ်သားသား ဆောင်ပုဒ်က ခုတော့ ပြန်စဉ်းစား မိပါတယ်။ ဟိုတုန်းကတော့ စာအတိုင်း ဆိုဖြစ်တာကများတယ်။ သဘာဝကို သဘာဝပဲလို့ သိစေ ဖို့ရာ ထည့်ထားတာပဲလို့  စဉ်းစားတာ က အတော်လေး ရှားခဲ့တယ်။ ငယ်သေးတာကိုလို့  ကိုယ့်ကိုယ်ကို လျှော့လျှော့ပေါ့ပေါ့ တွက်မိပါတယ်။

အတော်လည်းကောင်းပါတယ်။ တိုတိုလေးနဲ့  ထိရောက်တဲ့ ဆောင်ပုဒ်တစ်ပုဒ်ပါ။ ဒါ့ထက်လည်း မခြီးမွမ်းတတ်တော့ပါဘူး။ အဲဒါလေးကို မှတ်သား ကြည့်ကြပါစို့ လား-

ဆောင်ပုဒ်-
၁။ဖေါက်ပြန်သော ငါ ၊ မရှိပါ ၊ ရုပ်သာ ဖေါက်ပြန်သည်။
၂။ခံစားသော ငါ ၊ မရှိပါ ၊ ဝေဒနာ ခံစားသည်။
၃။မှတ်သားသော ငါ ၊ မရှိပါ ၊ သညာ မှတ်သားသည်။
၎။ပြုပြင်သော ငါ ၊ မရှိပါ ၊ သင်္ခါ ပြုပြင်သည်။
၅။သိတတ်သော ငါ ၊ မရှိပါ ၊ ၀ိဉာဏ် သူသိသည်။

သဘာဝကို သဘာဝမှန်းသိလျင်
ယထာဘူတလည်းကျပါတယ်။
သဘာဝကလည်းကျပြီးသားပေါ့။

ထပ်မံကာ ကိုယ်နားလည်သလိုလေး အကျယ်ချဲ့ ရှင်းလင်းပါရစေ-


၁။ကလေးဘ၀ကတည်းက တစ်ရွေ့ ရွေ့ နဲ့  ကြီးပြင်းလာတာ သို့ မဟုတ် ဖေါက်ပြန်လာတဲ့ ခန္ဓာကိုယ် ဆိုတဲ့ ရုပ်တရားကြီးဟာ သူ့ အလိုလို သူ့ သဘာဝ အရကို ဖေါက်ပြန်လာတာ၊ ကြီးပြင်းလာတာပါ။ ငါမိုလို့  ၊ သူမိုလို့  ကြီးပြင်းလာတာ ဖေါက်ပြန်လာတာမှ မဟုတ်ပဲ။ ဒါကိုဘဲ ငါကကြီးလာပြီ။ ငါ အို လာပြီ။ ငါလေးကို ရှေ့ တန်းတင် ထင်တတ်ကြပါတယ်။ ပြောတတ်ကြပါတယ်။ မသိမသာ ငါလေး တဖြေးဖြေးလျှော့ပြီး ရုပ်သဘောတရားအရ သဘာဝကိုက ရပ်နေဖို့ မဟုတ်၊ ဖေါက်ပြန်တတ်တယ်။ ကြီးပြင်းလာရတဲ့ သဘော ရှိတယ်လို့  သိလိုက်ရင် ငါလေးတွေ နည်းနည်းလျှော့သည်မှစလို့  တစ်ဖြေးဖြေး သက္ကာယဒိဋ္ဌိ ပြုတ်သည့်အထိ ရှင်းရှင်း ဖြစ်လာနိုင်ပါတယ်။
ဒါက ရုပ်ဆိုတဲ့ ခန္ဓာကိုယ်နဲ့ ပါတ်သက်လို့ ပေါ့။

၂။အဲဒီအတိုင်းပါပဲ လူတိုင်းဆိုသလို တစ်ခါတစ်လေ ပျော်စရာတွေ့ တယ်။ ပျော်လိုက်တာ ပြောမနေ ပါနဲ့ ။ ဘာနဲ့ မှ မလဲနိုင်ပါဘူး ဆိုသည့်အထိပေါ့။ တစ်ခါတစ်လေကျတော့ သေတောင် သေလိုက်ချင် တာတဲ့။ ဘ၀က စိတ်ပျက်စရာ ပေါလှပါဘိသနဲ့ ။ ပျော်တော့ စာအလို သောမနဿ ဝေဒနာ။ မပျော်လို့  စိတ်ပျက်တော့ ဒေါမနဿ ဝေဒနာ။ ပျော်တာမဟုတ် မပျော်တာမဟုတ်တဲ့အခါလည်း ရှိပြန်တယ်။ သာမန်ပဲ။ အဲဒါကိုတော့ ဥပေက္ခာ ( အုပစ်ခါ ) ဝေဒနာ လို့  စာက ခေါ်ပါတယ်။ အဲဒီ ခံစားတဲ့ အလုပ်က လည်း ငါ ကလုပ်လို့  ရတာမဟုတ်သလို ၊ ငါ ခံစားတာတော့ တကယ်တမ်း မဟုတ်ပါ။ ခံစားခြင်းဆိုတဲ့ ဝေဒနာ သဘောကိုက သူ့ အလုပ်ကို သူ လုပ်သွားတာပါ။ ဒါကို ငါထည့် နေမိပြန်တော့ သက္ကာယဒိဋ္ဌိတွေ တရုန်းရုန်း တ၀ုန်းဝုန်း သောင်းကြမ်းကြပြီပေါ့။ ဒါကြောင့် ပျော် ၊ မပျော် ခံစားတဲ့ အခိုက်တန့် လေးမှာ ဝေဒနာက ခံစားခြင်း အလုပ်ကို လုပ်နေတာပါ့လားလို့  ဝေဒနာ အပေါ် ငါလေးတွေ နည်းနည်းချင်းလျှော့လိုက်ရင် နည်းနည်းချင်း သက္ကာယဒိဋ္ဌိတွေလည်း ပြုတ်သည်အထိ ရှင်းရှင်းလင်းလင်း ဖြစ်နိုင်တယ်ပေါ့။ ဒါက ဝေဒနာနဲ့ ဆိုင်ရာ ပါတ်သတ်လို့ ပေါ့။

၃။ကောင်းတာကိုလည်း မှတ်သားကြတယ်။ မကောင်းတာကိုလည်း မှတ်ထားကြတယ်။ ငါ မှတ် ဉာဏ်ကောင်းတယ် ၊ ငါ မှတ်ဉာဏ်မကောင်းဘူး- တဲ့။ မှတ်ဉာဏ်ဆိုပေမယ့် ဒီနေမှာတော့ မှတ်တာ မှန်သမျှ စာအလို သညာကို ဆိုရပါ့မယ်။ သညာကိုယ်တိုင်က မှတ်တတ်တဲ့ သဘော သဘာဝရှိ တယ်။ ငါက မှတ်နေတာ မဟုတ်ဘူး။ သညာကို မှတ်ခိုင်းထားတာ။ ငါ့ကိုငါ မှတ်လို့  မရပါဘူး။သညာ ရဲ့  အလုပ်ပဲဖြစ်တယ်။ အဲဒီ မှတ်တဲ့ အလုပ်မှန်သမျှကို ငါမှတ်တာ မဟုတ်ဘူး၊ ငါ့မှတ်ဉာဏ် မဟုတ် ပါ့လား၊ သညာရဲ့  သဘာဝက မှတ်ပေးနေတာပါ့လားလို့  သိပြီဆိုတာနဲ့  ငါလေးတွေ နည်းနည်း လျှော့သည်မှစလို့  တစ်ဖြေးဖြေး သက္ကာယဒိဋ္ဌိ ပြုတ်သည့် အထိ ရှင်းရှင်း ဖြစ်လာနိုင်ပါ တယ်။ ဒါက မှတ်သားဆိုတဲ့ သညာနဲ့  ပါတ်သက်လို့ ပေါ့။

၎။အရာအားလုံးဟာ ပြောင်းလဲသွားနေတာပါ။ ရုပ်ကလည်း ပြောင်းလဲသလို ၊ ခံစားမှုတွေကလည်း တစ်ခု တည်း အငြိမ်မနေပါဘူး။ မှတ်သားမှုတွေ၊ အသိတွေကလည်း ဒီအတိုင်းပဲ ပြောင်းလဲနေတာ ပါပဲ။ ပြောင်းလဲတာဟာ သင်္ခါရရဲ့  အလုပ်ပါ။ ငါကိုယ်တိုင် လုပ်လို့ မရ။ ငါက လုပ်နေတာမဟုတ်ဘူး။ ငါသာ လုပ်ရရင် ရုပ်ကိုလည်း အမြဲလှအောင် ပြောင်းလဲအောင်ပဲ လုပ်မှာ။ ခံစားမှုကိုလည်း ပျော်ရွှင်မှု တစ်ခုပြီး တစ်ခု ခံစားနေလိုက်မှာ။ မှတ်သားစရာတွေ၊ အသိတွေလည်း ဒီအတိုင်းပဲ ကောင်းသထက် ကောင်းဖို့ ပဲ ပြောင်းလဲ ပစ်ချင်ကြမှာပဲ။ ခုတော့ သင်္ခါရ ကိုယ်တိုင် သူ့ သဘောအရ ပြောင်းလဲရမည့် တာဝန်မို့  သူ့ အလုပ် မလစ်ဟင်းအောင် ပြောင်းလဲနေတဲ့ သဘောပါပဲ။ အဲလောက်လေး သိပြီဆိုတာ နဲ့  ငါလေးတွေ နည်းနည်း လျှော့သည်မှစလို့  တစ်ဖြေးဖြေး သက္ကာယဒိဋ္ဌိ ပြုတ်သည့် အထိ ရှင်းရှင်း ဖြစ်လာနိုင်ပါတယ်။ ဒါက သင်္ခါရဆိုတဲ့ ပြောင်းလဲမှုနဲ့  ပါတ်သက်လို့ ပေါ့။

၅။အရာရာကို သိနိုင်တာ၊ သိနေတာက စိတ်ဆိုတဲ့ ၀ိဉာဏ်ပါပဲ။ စိတ်မရှိရင် ဘာမှမသိတော့ပါဘူး။ ခံစားနေတာလည်း သိမှာမဟုတ်ဘူး၊ မှတ်သားထားတာလည်း သိမှာမဟုတ်ပါဘူး။ ပြောင်းလဲတာ လည်း သိမှာမဟုတ်ဘူး။ စိန္တေတီ တိ စိတ္တံ၊ သို့ မဟုတ် ၀ိဇာနာတီတိ ၀ိညာဏံ ဆိုတဲ့ ဂရမ်မာ ဆရာ အလိုကလည်း သိတတ်လို့ ကို စိတ် ၊ ၀ိဉာဏ်လို့  ဖွင့်ဆိုပါတယ်။ ဒီလိုဆိုတော့ သိနေတာက ငါက သိနေတာမဟုတ်။ ငါက သိတတ်တာမဟုတ်။ စိတ် ဆိုတဲ့ ၀ိဉာဏ်က သိနေတာ။ ငါသိတယ်၊ ငါတတ် တယ် ထင်တဲ့ ငါပါနေ တဲ့ စိတ်လေးကို ငါသိတာ မဟုတ်ဘူး။ စိတ်ကလေးက သိနေတာပါလား လို့  သဘောတရားကို နားလည် သဘောပေါက်ပြီဆိုတာနဲ့  ငါလေးတွေ နည်းနည်း လျှော့သည်မှစလို့  တစ်ဖြေးဖြေး သက္ကာယဒိဋ္ဌိ ပြုတ်သည့် အထိ ရှင်းရှင်း ဖြစ်လာနိုင်ပါတယ်။ ဒါက သိတတ်တယ်ဆိုတဲ့ စိတ် ၀ိဉာဏ် နဲ့  ပါတ်သက်လို့ ပေါ့။

ဒါကိုပဲ ခန္ဓာ ငါးပါး လို့  ခေါ်ပြီး ၊
အဲဒီအပေါ်မှာ ငါ စွဲ မစွဲဖို့ 
သက္ကာယဒိဋ္ဌိ ဖြုတ်တဲ့ ပြုတ်စေတဲ့ သဘာဝ
သဘောတရားလို့  မှတ်သားလို့  ရပါတယ်။

အဲ... စာဖတ်လို့  သိသွားတဲ့ အသိကတော့ သညာ အသိပေါ့နော်။ တကယ်တမ်းသိမှ တကယ် အသိ ပေါ့။ တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ် ဖြစ်ရမည်- ဆိုတဲ့ အတိုင်းပါပဲ တကယ် အလုပ်ကို လုပ်မှ သာ သက္ကာယဒိဋ္ဌိကတော့ ရှင်းရှင်းလင်းလင်း ဗွင်းဗွင်းကိုပဲ ပြုတ်နိုင်မည်ဟု ထင်မိပါကြောင်း ကိုယ် နားလည်သလို လေး အကျယ်ချဲ့ ကာ ရှင်းလင်းလိုက်ပါတော့တယ်။



မြတ်ရောင်နီ
( ၂၆ ၊ ၁၀ ၊ ၂၀၁၀ )



.

Monday, October 25, 2010

ဆွစ်ဇာလန် ကထိန်



ဆွစ်ဇာလန် သီရိလင်္ကာ ကထိန်
( ၂၄ ၊ ၁၀ ၊ ၂၀၁၀ )
ခရီးသွားမှတ်တမ်း ဓာတ်ပုံများ





ကူပွန် ဆိုတဲ့ အတိုင်း
အရုဏ်ဆွမ်း အတွက်တော့
သူက ကူ ညီကာ
တာဝန် ကျေ ပွန် သွားပါတယ်။




ဆွစ်ဇာလန် ရထားတွေကလည်း
ကောင်းမှကောင်းပါ့လား
...



ရထားပေါ် တစ်ပုံ လောက်
ဆွဲလိုက်အုံးမှ




ရောက်ပြီဆိုတာနဲ့ 
မြန်မာ ၂ ၊ သီရိလင်္ကာ ၎
ပေါင်း သံဃာ၆ပါး

နေရာအသီးသီး သီတင်းသုံးတော်မူကြစဉ်




ကထိန် သင်္ကန်းကို ကျောင်းထိုင်ဆရာတော် အား
ကမ္မ၀ါစာဖြင့် ပေးလှူပုံ




သီရိလင်္ကာမှ ဒကာ+ ဒကာမတို့ က
ကြည်ညို သဒ္ဓါ ပွါးနေကြပုံ





ညတည်းခိုရာ
တောင်ကုန်းပေါ်က မြို့ လေး
နှင်းဖွေးဖွေးကျနေပုံ




မနှစ်ကတော့ နှင်းနဲ့  တွေ့ ကာစ
တယုတယလေး လက်နဲ့ ကိုင်ကြည့်တယ်။
ဒီနှစ်တော့ ခြေထောက်နဲ့ 
နှင်းပေါ်မှာ တမင်္ဂလာ နင်းကြည့်ပြန်တယ်။


မှတ်ချက်။ ။
ထုံးစံတဲ့ ထုံးစံ
ဓာတ်ပုံ မှန်
ဘလော့ထံ ရောက်ပြီပါ့
ကြည့်ကြတော့ ဟန်။

(သည်းခံ)




မြတ်ရောင်နီ

( ၂၅ ၊ ၁၀ ၊ ၂၀၁၀ )

.

Saturday, October 23, 2010

ပ၀ါရဏာနေ့ မှာ

ပ၀ါရဏာနေ့ မှာ

မြန်မာလအားဖြင့် သီတင်းကျွတ်လပြည့်နေ့ သည် ပ၀ါရဏာနေ့ ဟုခေါ်ပါသည်။ ပ၀ါရဏာ ဟူသည် ဖိတ်မံခြင်းတည်း ၊ ပ၀ါရဏာနေ့ တွင် ရဟန်းတော်များသည် အချင်းချင်း ဖိတ်မံရပါသည်။ သံဃာ ပင့်ဖိတ်သည်ကို ဖိတ်မံသည်ဟု မဆိုလို။ ကိုယ့်ကျောင်းတိုက် တစ်ခုတည်း သံဃာကိုဖြစ်စေ။ နီးစပ်ရာ ကျောင်းများမှ တစ်နေရာတည်း စုရုံးကာဖြစ်စေ ( အညမညာနုလောမတာ )ရဟန်းတော် အချင်းချင်း ညီညွတ်ဖို့ ၊ ( အာပတ္တိဝုဋ္ဌာနတာ ) ရဟန်းတော်တို့ ၏ အပြစ်ဟုခေါ်သည့် အာပတ်မှ လွတ်စေဖို့  ၊ ( ၀ိနယပုရေက္ခာရတာ ) ၀ိနည်းကို တလေးတစားရှိစေဖို့ ကို ဦးတည်လျက် ဘုရားရှင်က ပညတ်တော် မူခဲ့ခြင်းဖြစ်ပါသည်။

မြတ်စွာဘုရားရှင် ပ၀ါရဏာဟု မပညတ်ခင်က ရဟန်းတော်များသည် သူတို့ စိတ်ကူးနှင့် အချင်းချင်း ညီညွတ်ဖို့  ရာ ၀ါတွင်းကာလ စကားကို အချင်းချင်း မပြောဘဲ နေခဲ့ကြသည်။ လုပ်စရာရှိသည့် ဝေယျာဝစ္စလုပ်ငန်းများကိုလည်း တော်သလို လျော်သလို လုပ်ကိုင်ကြဖို့ စည်းမျဉ်းဆွဲခဲ့ကြသည်။ အကယ်၍ တစ်ပါးတည်း မနိုင်ဝန် ဖြစ်ပါက လက်ယက်ခေါ်ကာ ကူညီခိုင်းရမည်။ မနိုင်ဝန်ကို အကူညီ လိုချင်လို့  ဆိုသည့် အကြောင်းပြချက်နှင့်လည်း စကားမပြောရဟု စည်းမျဉ်းချက်တွင် ပါဝင်သေး သည်။

ဤသို့ နှင့် ၀ါကျွတ်ကာလရောက်လာခဲ့ကြသည်။ ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်ကာလက ၀ါကျွတ်သွားပြီဆိုတာနှင့် မြတ်စွာ ဘုရားရှိရာ ဒေသသို့  အရောက်လှမ်းကာ ဘုရားဖူး ထွက်ကြ သည်။ ဤသည်ပင် ရှေးခေတ်ကာလက ရဟန်းတော်များ၏ ဓမ္မတာ တစ်ရပ်ဖြစ်ပါသည်။

မြတ်စွာဘုရားရှင်ထံ ရဟန်းတော်များ နယ်အသီးသီးက ရောက်ကြသည် ဆိုလျင်ပဲ မြတ်စွာဘုရား ရှင်က နှုတ်ခွန်းဆက် စကားဆိုတော်မူပါသည်။ ရဟန်းတို့  အားလုံး နေထိုင်ကောင်းကြရဲ့ နော်။ အားလုံး မျှမျှတတ ရှိကြရဲ့ နော်။ အချင်းချင်း ညီညီညွတ်ညွတ် ၀မ်းပမ်းတသာ အချင်းချင်း ရန်မဖြစ်ပဲ ချမ်းချမ်းသာသာ ၀ါဆိုခဲ့ကြရဲ့ နော်။ ဆွမ်းကွမ်း ( မြန်မာအလို) ပေါင်မုန့် ထောပတ် ( ဥရောပ အလို ) ပြည့်စုံကြရဲ့ နော်- ဟု မေးတော်မူပါသည်။ ဤသည်ပင် ဘုရားရှင်တို့ ၏ ထုံးစံ ဓမ္မတာ တစ်ရပ်ဖြစ်ပါ သည်။

ဘုရားရှင်တို့ သည် အကြောင်းရာကို ကိုယ်တိုင်သိထားပြီးသော်လည်း မေးတော်မူတတ်ကြကုန်၏၊ ( တစ်ခါတစ်ရံ ) သိပြီးသော်လည်း မမေးတော်မူကြကုန်။ မေးသင့်သည့် အချိန်အခါ ကြည့်ပြီး သိပြီး မေးတော်မူကြသည်။ မမေးသင့်သည့် အချိန်အခါသိပြီးလည်း မေးတော်မမူကြ။ အများအတွက် အကျိုးရှိမည်ဆိုလျင် မေးတော်မူကြ၏၊ အကျိုးမဖြစ်ထွန်းက မေးတော်မူလေ့မရှိကြကုန်။ အကျိုး မဖြစ်ထွန်းသည့် အပြောအဆိုကို အကြွင်းမဲ့ လုံးဝကို ပြစ်ပယ်ထားတော်မူကြပါသည်။

ရဟန်းတော်တို့ ကို မေးခြင်းအကြောင်း နှစ်မျိုးရှိပါသည်။ တရားတော်ကို ဟောလိုတော်မူလို၍ဖြစ်စေ ၊ သာသနာ အထက်တန်းရောက်ရေး ၀ိနည်း စည်းမျဉ်း သိက္ခာပုဒ်ကို ထုတ်ပြန် ပညတ်တော်မူလို၍ ဖြစ်စေ မေးတော်မူလေ့ရှိကြပါသည်။

မြတ်စွာဘုရားရှင်က ရဟန်းတို့ မည်သို့ မည်ပုံ နည်းအားဖြင့် ညီညီညွတ်ညွတ် ၀မ်းပမ်းတသာ ရန် မဖြစ်ပဲ ချမ်းသာစွာ ၀ါဆိုခဲ့ပြီး ဆွမ်းကွမ်းကိစ္စ လျှောလျှောရှုရှု ဖြစ်ခဲ့သနည်း ဟု ထပ်မံကာ မေးတော် မူပြန်ပါသည်။

ရဟန်းတော်များကလည်း သူတို့  နေခဲ့သည့်အတိုင်း အစအဆုံး လျှောက်တင်ပြခဲ့ကြပါသည်။
ထိုသို့  ရဟန်းတော်များ လျှောက်တင်ပြပြီးသည့်နောက် ဘုရားရှင်က ယခု နေခဲ့သည့်ပုံစံမှာ မချမ်း မသာ နေခဲ့တာဖြစ်ပြီး သင်တို့ ချမ်းသာသည်ဟု ထင်ကြသည်။ ဤသို့  နေခြင်းမျိုးသည် တိရ စ္ဆာန်တို့  နေသလိုမျိုးဖြစ်သည်။ မခေါ်နိုင် မပြောနိုင် ရန်သူ အချင်းချင်း နေသလိုမျိုးဖြစ်သည်။ အ- အ အ-ထိုင်း တိတ္ထိများ ဆောက်တည်ကျင့်သုံးသည့် အကျင့်ကို ကျင့် သုံးသလိုမျိုးဖြစ်သည် ။ သာသနာ မကြည်ညိုသေးသူတို့  မကြည်ညိုနိုင်သလို ကြည်ညိုပြီးသားသူများလည်း အကြည်ညိုပျက်ဖွယ် အလုပ်မျိုးဖြစ်သည် - စသဖြင့်ကဲ့ရဲ့ တော်မူကာ ထိုအနေထားမျိုး မနေရ ၊ နေခဲ့လျင် အာပတ် အသေး စား ဒုက္ကဋ်သင့်၏ လို့  ပညတ်တော်မူပါသည်။ထို့ နောက် ပ၀ါရဏာ ပြုဖို့  ခွင့်ပြုတော်မူခဲ့ပါသည်။

ပ၀ါရဏာ ပြုပုံ-
သံဃံ ဘန္တေ ပ၀ါရေမိ ၊
ဒိဋ္ဌေန ၀ါ သုတေန ၀ါ ပရိသင်္ကာယ ၀ါ။
ဝဒန္တု မံ အာယသ္မ န္တော အနုကမ္ပံ ဥပါဒါယ၊
ပဿန္တော ပဋိကရိဿာမိ။
ဒုတိယမ္ပိ ...။ တတိယမ္ပိ...။

အရှင်ဘုရားတို့ သံဃာတော်ကို ဖိတ်မံပါ၏ ( တပည့်တော်မှာ အပြစ်အာပတ်ကို) ကိုယ်တိုင်မြင်မြင် ၊ သူများပြောလို့  ကြားကြား၊ သံသယရှိရှိဘုရား အရှင်ဘုရားတို့ တပည့်တော်ကို သနားသည် ဆိုလျင် မဆိုင်းမတွ ဆိုဆုံးမတော်မူပါ။ တပည့်တော်က အပြစ်ဟု သိမြင်ခဲ့ပါလျင် အပြစ်မရှိအောင် ရှင်းရှင်း လင်းလင်းနေပါမည် ဘုရား။ နှစ်ကြိမ်မြောက်... သုံးကြိမ်မြောက်...ဘုရား။

သံဃာတော်များသည် ဘုရားရှင်လက်ထက်မှ စကာ ပ၀ါရဏာကို ယခုထက်ထိတိုင် ပြုခဲ့ကြပါသည်။ မြန်မာလူများအဖို့ ပ၀ါရဏာနေ့ ခေါ် သီတင်းကျွတ်လပြည့်နေ့ တွင် မိဘဆရားသမားတို့ ကို ရှိခိုး တောင်းပန်ခြင်း ၊ ပူဇော်ကန်တော့ကြခြင်း။ ထို့ ပြင် အသက်ဂုဏ်ဝါကြီးသူများအားလည်း ရှိခိုး တောင်းပန် ကန်တော့ကြခြင်း။ ကျေးဇူးရှိသူများအား ကျေးဇူးဆပ် ကန်တော့ကြခြင်း စသဖြင့် ပြုလုပ်ခြင်းများပြုလုပ်ကြပါသည်။

ဤသို့ လျင်ရဟန်းတော်တို့ အတွက် ( အညမညာနုလောမတာ )ရဟန်းတော် အချင်းချင်း ညီညွတ်ဖို့ ၊ ( အာပတ္တိဝုဋ္ဌာနတာ ) ရဟန်းတော်တို့ ၏ အပြစ်ဟုခေါ်သည့် အာပတ်မှ လွတ်စေဖို့  ၊ ( ၀ိနယ ပုရေက္ခာရတာ ) ၀ိနည်းကို တလေးတစားရှိစေဖို့ ကို ဦးတည်လျက် ဘုရားရှင်က ပညတ်တော်မူခဲ့ ခြင်း ဖြစ်သည်။

ထိုကဲ့သို့ ပင် ပ၀ါရဏာနေ့ ခေါ် သီတင်းကျွတ်လပြည့်နေ့ မှာ လူအများအဖို့  ယခုကဲ့သို့  ပြုလုပ် ဆောင်ရွက် နေကြသည်မှာလည်း အချင်းချင်း ညီညွတ်ဖို့ ၊ အပြစ်ရှိက ခွင့်လွတ်ကာ အပြစ် အနာ အဆာ ကင်းရှင်းစေဖို့ ၊ လူ့ စည်းကမ်းအတိုင်း ရှိစေဖို့ ကို ဦးတည်လျက် သာသနာ့ခေါင်းဆောင် ရှေးရှေးဆရာတော်များက ဆိုဆုံးမတော်မူခဲ့သည်ဟုလည်း ယူဆမိပါတော့သည်။
( မိမိထင်မြင်ချက် ယူဆချက်ဖြစ်ပါသည်။)




ကျမ်းကိုး-
ဝိနည်း မဟာဝါ
စာမျက်နှာ ၂၂၀မှ ၂၂၃ ထိ



မြတ်ရောင်နီ

၂၅၅၄ခု ၊ပ၀ါရဏာနေ့ 
၁၃၇၂ခု ၊သီတင်းကျွတ်လပြည့်နေ့ 








.

Friday, October 22, 2010

အဲဒါပြောတာပေါ့


အဲဒါပြောတာပေါ့


စာလာပေလာလေးတွေရေးလိုက်၊ ကိုယ့်အတွေ့ ကြုံလေးတွေ ရေးချပြလိုက်။ ဘလော့မှာလည်း မျက်စိ ရှုပ်လောက်အောင် တစ်မျိုးနဲ့  တစ်မျိုး အာရုံပြောင်းလဲစေဖို့  ရေးနေပါတယ်။

တစ်ခါတစ်လေလည်း စာရေးရတာ ဘာမှ စိတ်ကူးကမပေါ်။ စိတ်မပါဘဲ ရေးတော့လည်း စာက ကိုယ့်ကိုယ်တိုင် ပြန်မဖတ်ချင်။ ထွင်ပြီး ရေးထားတာကိုး။

ဒါကြောင့်မရေးပဲ ထားလိုက်တဲ့ အခါလည်း ရှိသေးတယ်။ သူ့ ဖီးလေးနဲ့ သူ ရေးရင် ကိုယ့်ကိုယ်ပြန် ဖတ်ရင်တောင် အရသာရှိတယ်။ စာဖတ်သူကတော့ မသိဘူးလေ။ ရှမ်းကြိုက်ရင် နွားချော ပြီး ကိုယ်ထင်ရင် ကုတင် ရွှေနန်း ဖြစ်လောက်ပါရဲ့ ။

ခုလည်း ရေးလိုက်ပြန်ပါပြီ။ အထူးရေးတာမဟုတ်ဘဲ ၊ အဲဒါပြော
တာပေါ့တဲ့။ အဲဒါပြောတာပေါ့ ဆို
တော့ သူလည်း သိပြီးသား ၊
ကိုယ်လည်း သိပြီးသား မထူးဆန်းဘူးပေါ့။ သို့ သော် တစ်ဖက်
သားက
တော့ သူများက တစ်ခုခု လုပ်တယ် ဆိုရင် ဘယ်လို
လုပ်တာလဲ၊ အဲဒါက ဘယ်လို လုပ်ရမှာလဲ
စသဖြင့် သိလိုကြတယ်။
မေးကြတယ်။


ပြီးတော့လည်း အဲဒါပြောတာပေါ့ ၊ မထူးဆန်းဘူး ဖြစ်သွားတယ်။ နောက်ပြီး အဲဒါ ဒီလိုပါဟာ ဆိုတာ သူသိ ကိုယ်သိ။ ဒါမှမဟုတ် သူကလွဲပြီး ကိုယ့်အသိကဲ ပြချင်တာလည်း ရှိသေးတယ်။

ဘာပဲဖြစ်ဖြစ်ပေါ့ ၊ ယုံကြည်တဲ့အတိုင်း လုပ်ဖို့ ပါပဲ။
အဲဒါပြောတာပေါ့က မထူးဆန်းပေမယ့် ကိုယ့်ယုံ
ကြည်ချက်ရှိရင် အထူးဆန်းလေးတွေ
ဖြစ်လာတတ်တယ်ပေါ့။

အဲဒါနဲ့  ပါတ်သက်လို့  ဟို မနေ့ က သူငယ်ချင်း တစ်ပါးန့ဲ မပြောရတာ ကြာလို့  သူငယ်ချင်း ရဟန်း တော်ချင်း အလွမ်းပြေ ချက်တင်းနှောခဲ့ကြပါတယ်။ သူလည်း မအားတဲ့ကြားက ကိုယ့်အတွက် အချိန် အားပေးခဲ့တာမို့ ။
အဲဒါပြောတာပေါ့ နော်-
11:54 AM ကိုနေ: hi
: ကိုတေ
me: ဗျဗျ

ကိုနေ: အခုနက ပဏ်လုပ်သွားတာ

မသိလိုက်ဘူး။
( သူငယ်ချင်း တစ်ပါး ၀င်ချက်တာကို ဆိုလိုသည်)။

me ဗျာ...
( အံ့သြသည့် လေဖြင့် ဗျာ ထည့်လိုက်သည်။)

ကိုနေ: ဘာတွေလုပ်နေတာလဲ

me: အေး
အဲဒါပြောတာပေါ့။
( ဘာမှလဲ မပြောရသေးဘူး။အဟဲ)။

me: အိုးဟိုးဟိုး

( သူငယ်ချင်းဆိုတော့ ကြိုက်သလို ရယ်လိုက်သည်၊)
တစ်နေ့  က ခရီးသွားတယ်။


ကိုနေ: ဘယ်ကိုလဲ
me: ဒီနိုင်ငံထဲက မြို့ တွေပါ။
ကိုနေ: ကောင်းလိုက်တာ၊
အလည်သက်သက်လား။
me: ဟုတ်ဘူး ၊ တရားဟော။
ကိုနေ: အော်
me: ဆွမ်းစားပေါ့ကွယ်
ကိုနေ: မိုက်တယ်ကွာ ၊ အင်းအင်း၊
တွယ်သာတွယ် ၊ ဟောသာဟော။

( ဟောဗျာ ၊ တရားဟောသွားတာ ဆိုပါမှ
မိုက်တယ်တဲ့၊ ခေတ်စကားပေကိုး )။
me: ဗျာ...
( အဲဒါကြောင့် စကားကို လန့် သွားသည့်
ဟန်ဆောင်လိုက်သည်၊)။
ကိုနေ: များများဟော
me: တမား

ကိုနေ: မကြားဖူးသေးတဲ့သူတွေကို
me: သူများသာဟောနေတာ ၊
ကိုယ်ကိုယ်တိုင် ခုထိ
အမြစ်ကိုတွယ်ချင်နေသေးတာ
ကိုနေ: ဟားးးးးးးးးးးး

12:07 PM အမြစ်မတွယ်ပါနဲ့
me: တကယ်ပြောတာ
မတွယ်ချင်ဘူးဆိုပေမယ့်
စိတ်ကတွယ်တာ
ကိုနေ: ထွက်လာမဲ့အညွန့်လေးတွေ
လှမယ်ဆိုရင်တော့ ကိစ္စမရှိပါဘူး။
တွယ်ပေါ့။
me: အသိက မတွယ်ချင်ပါဘူးကွာ။

ကိုနေ: အင်း ဒီလိုဘဲ ဖြစ်ရမှာပေါ့လေ၊

me: အသိရှိနေလို့ သာ
12:08 PM ကိုနေ: ဟုတ်ပ
ဘာတရားတွေဟောခဲ့လဲ

12:09 PM me: ဘာတရားဟောရမှာလဲ
ကိုနေ: တရားနာချင်ပါတယ်ဆို အခုထိပို့မပေးဘူး

( အော် ဖြစ်မှ ဖြစ်ရလေတယ်ကွယ်၊
ကိုယ့်ကိုများ အထင်ကြီး တစ်ခွဲသား ရှိနေလိုက်တာ၊
ဒါမှ သူငယ်ချင်းကွ ၊)

me: သီလ သမာဓိ ပညာ
နဲ့ တရားသတိပဋ္ဌာန်ပါပဲ။
ကိုနေ: အင်းအင်း
me: နိုင်ငံခြားက ၊ ပိုလွယ်တယ်ဟ။
( ပိုလွယ်မှာပေါ့ ၊ တစ်နေ့ က မြန်မာ မိသားစုအိမ်သွားတာကို။
ပြီးတော့ အသံနေ အသံထားလည်း မလို ၊ စကားပြောပြီး
သူတို့ သိချင်တာလေးတွေ ဖြေပေးခဲ့တာပဲဟာ၊)

ကိုနေ: ဘယ်လိုလဲ
သဘောကျကြတယ်မဟုတ်လား
me: အခြေခံဟောဖို့ ပဲလေ၊
တမား
ကိုနေ: အင်း
me: သဘောကျတာပေါ့
ပါးစပ်တင်မကဘူး
အမူအရာပြဖို့ လိုတယ်ပေါ့။
ကိုနေ: မကြားဘူးသေးတဲ့သူတွေဆိုတော့
အခြေခံက ပိုကောင်းတယ်လေ။
အင်းအင်း
( ကိုယ်ကမှ မြန်မာပရိသတ်လို့  ထည့်မပြောမိတာကိုး၊
မကြားဖူးတဲ့သူလို့  သူက ထင်သွားမိတာပေါ့၊
ကိုယ်ကလည်း ဒီနိုင်ငံလူတွေလည်း ပါတာဆိုတော့
သူပြောတာလည်း ညင်းမရပြန်ဘူးလေ)။
me: တမား ၊ အဲဒါပဲ ။ ကိုယ့်လူရ။

ကိုနေ: သာဓုခေါ်နေရတာဘဲလေ
me: တမား
ကိုနေ: အဝေးကနေပီးတော့
12:11 PM ကိုယ်တို့လဲ လုပ်ရတော့မယ်လေ
သိပ်မလိုတော့ဘူး။
me: လုပ်လုပ်
လန်းလာအောင်လုပ်လိုက်။
ကိုနေ: ပြောရအုံးမယ်။
နည်းလေး လိုချင်လို့
တရားတောင်းတာကို အခုထိမပေးဘူး။
12:12 PM me: ဟောဗျာ၊ ဟိုတုန်းက
ဗိန္ဒောဆရာလိုဖြစ်တော့မယ် ထင်တယ်။
ကိုနေ: ဘယ်လိုပါလိမ့်
me: တစ်ခါတုန်းကပေါ့ကွယ်
ဗိန္ဒောဆရာက
ကိုနေ: ဟုတ်ကဲ့ ၊ ပြောပါ။
( ကြည့်အုံး ၊ ဒီက လေသံ ပြောင်းလိုက်တာနဲ့ 
ဟုတ်ကဲ့ ပြောပါ ဖြစ်သွားတယ်၊ ရောင်းသူ
ဝယ်သူ အသံတူ ဆိုပါကလားနော် )။

me: ဆေးမပါဘဲ ရေကို မန်းမှုတ်ပြီး လိပ်ခေါင်းကုသတဲ့
ကိုနေ: အင်း
me: သူ့ ဟာသူ ကုသလာခဲ့တာ
လူပေါင်းသောင်းခြောက်ထောင်
ပျောက်သတဲ့ကွယ်။
ကိုနေ: အင်း
12:13 PM me: တစ်နေ့ တော့
ဘုန်းကြီးတစ်ပါးလဲ အဲဒီနည်းကို
လိုချင်တယ်ဆိုလို့  မရမက တောင်းသတဲ့။
ကိုနေ: အင်း
( သူ့ အင်း တစ်လုံးတည်းကို ကိုယ်ပြန် ရိုက်ပြီးပြောလိုက်ရတာ၊
ကိုယ့်လက်ကလေးတွေ မောနေပြီ ၊ သနားလိုက်တာ)။

me: ဗိန္ဒောဆရာက ပြောပါတယ်၊
ကိုယ်တော်သိပီးသားပါပေါ့။
ကိုနေ: အင်း
me: ဒါနဲ့  ၊ မဟုတ်ပါဘူး၊
ဆရာ ဒကာကြီးရယ်၊
ပြောသာပြောပါပေါ့။
12:14 PM ခု အရှင့်လို ပဲ မရမက မေးရှာတော့
ကိုနေ: အင်း လုပ်ပီ

me: ဗိန္ဒော ဆရာက မန်းတဲ့ ဂါထာကို ပြောပါသတဲ့
ကပ္ပိယံ ကလောဟိ ဆိုပြီးမန်းမှုတ်သတဲ့ကွယ်။
ကိုနေ: ဟားးးးးးးး
me: အဲဒါနဲ့  ကိုယ်တော်ချောက
ဒကာကြီး အဲဒါမဟုတ်ဘူး
ကိုနေ: မှတ်ထားရအုံးမယ်။
me: ဒကာ့ဟာ မှားနေသတဲ့
12:15 PM ကိုနေ: ဘာတဲ့
me: ကရောဟိ လုပ်ပါတဲ့
ကလောဟိမဟုတ်ဘူးပေါ့။
စာတတ်ကြီးကို ကိုယ်တော်ချောက။
ကိုနေ: အင်း ဟုတ်ပီ
me: အဲဒါနဲ့ 
ကိုနေ: ပြောစရာတခုတော့ရပီ
me: ဒကာတော်က ကရောဟိ နဲ့ 
ပြောင်းပြီး ပြန်ကုတာ၊
ရောဂါမပျောက်ဘူးတဲ့ကွယ်။
ကိုနေ: ဟားးးးးးးးး
me: ကိုင်း... ကလေးတို့ ရေ
ကိုနေ: အင်းအင်း မှတ်လောက်ပါပေတယ်၊
me: ပုံပြင်လေးက ...ဒါပါပဲကွယ်။
12:16 PM ကိုနေ: ဟားးးးးးးးးး
me: ကိုယ်တော်ချောရေ သိချင်ရင်
ကိုနေ: တော်တော်တတ်တယ်နော်
me: ဘလော့ဖတ်ပေတော့
( ကြော်ငြာက ၀င်လိုက်သေး)။
ကိုနေ: ဟုတ်ပီဗျာ

me: ဒီအကြောင်းကို ဘလော့ စာရေးမယ်
ကိုနေ: ကျေးဇူးပါ အရှင် ၊ ကောင်းတယ်၊
ရေးသာရေး။
me: ကိုင်း သီလ သမာဓိ ပညာ နဲ့ သတိပဋ္ဌာန်ပါပဲကွယ်
ဒါကို ဘလော့တင်တော့မယ်။
12:17 PM ကိုနေ: အင်းအင် ပုံပြင်လေးကိုတော့
မှတ်ထားရမယ် ။
me: တကယ့်အဖြစ်ပျက်ဗျ
ကိုနေ: ဟုတ်ပါပီ
သဘောကျလို့ ပါ။
me: ဒီလိုနဲ့ ဟောလာတာ ကြာပေါ့။
လူတွေကတော့ သဘောကျတယ်လေ။
ကိုနေ: ဟားးးး
me: သင်ထားတဲ့အတိုင်းပဲပေါ့နော။
ကိုနေ: ကိုယ်တောင် အခု သဘောကျနေတာပါဆို
12:18 PM me: ကဲ
ကိုနေ: ဟုတ်ကဲ့
me: ကြိုက်တော့မကြိုက်နဲ့ အုံး
ကျား ကျားချင်း
ကိုနေ: ဘာလို့ ၊ ဟားးးး၊
လုပ်လိုက်ပြန်ပီ။
( ကိုယ်ကလည်း ဘာရယ်မဟုတ်ဘူး၊
ကိုယ့်အချင်းချင်း တိုးတိုးတိတ်တိတ် အဲလိုလေး
ရယ်စရာ ပြောရရင် စိတ်က ၀ လာသလိုပဲ)။

me: ဟောဗျာ
အမြင်မှန်ဆိုတာဒါပဲ
ကိုနေ: အင်းပါ
me: ဆန့် ကျင်ရာကို ကြိုက်ရတာ သဘာဝကျတယ်

12:19 PM ကိုနေ: ဘလော့ထဲက ပုံတွေကို
သိပ်သဘောကျတယ်
၊ အခု အသားဖြူနေတာလား
ပုံထဲမှာ ဖြူနေတယ်။
me: ကိုယ့်ကို အားကျသဘောကျနေတာပေါ့လေ။
အေးပေါ့။ နဲနဲ ဖြူနေတာပေါ့။
ကိုနေ: ဟုတ်လား ၊ ပိုလှနေတာပေါ့လေ။

12:20 PM me: လှအောင် ပြင်ထားတာ

( ဘုန်းကြီးလည်း လှချင်သကိုး၊
သူ တို့ စိတ်မှာ ဖြစ်နေသလားမသိ )။
ကိုနေ: အင်းအင်း

12:23 PM အခု ဆွမ်းစားပီးပီလား
me: ပြီးပေါ့
ကိုနေ: ၁၂ ကျော်ပီပေါ့နော်
me: ၁၂ . ၂၃ ၊ ခုမှ ပြီးတာ
သီရိလင်္ကာဆွမ်း
ကိုနေ: အင်းအင်း ၊ ဟုတ်လား၊
12:24 PM အင်တာနေရှင်နယ် အစာတွေ စားပီး
အင်တာနေရှင်နယ် ရုပ်ဖြစ်တာပေါ့လေ
me: အိပ်လိုက်အုံးမယ် နော်၊
ပြီးရင် သင်တန်းသွားရအုံးမယ်။
( ဆိုင်းမဆင့် ဗုံမဆင့် ပတ်မ မဆင့်
မျက်စိကို အားနာလို့  အိပ်ဖို့ ပြောလိုက်သည်)။
ကိုနေ: သွားသာသွား ၊ အားမနာနဲ့၊
ချင်းချင်းတွေဘဲဟာနော။
( လိမ်မာလိုက်တာ၊ ဘယ်သူ့ သားလေးပါလိမ့်၊)။

me: http://yaungni-oo.blogspot.com/
ဓာတ်ပုံထပ်တင်ထားတယ်။
ကိုနေ: အိုကေဗျာ
me: အပျိုကြီးမဂွက်ထော်
ကိုနေ: ကြည်ညိုလိုက် အုံးမယ်။
( ဓာတ်ပုံမကြည့်ပဲ ကြည်ညိုလိုက်အုံးမယ်တဲ့၊
ဒီက ဟိုတုန်းက ဥရောပဆိုတဲ့ ပေါ်တော်တော်
အရုပ် တင်ထားတာကို မသိဘဲ၊
သူက ပြောချလိုက်တာ)။
me: ချက်ကပေါ်သည့်ပုံစံ
ကိုနေ: ဟားးးးးးးးးးးးးးး
12:32 PM me: တကယ်ပြောတာ
မယုံရင်ကြည့်ပါ။
ကိုနေ: အိုကေပါ
me: ဘိုင်
ကိုနေ: အိပ်လိုက်အုံး ၊အားရှိအောင်
me: တမား

ဒီလိုနဲ့  အဲဒါပြောတာပေါ့ ဆိုတာ သူသဘောပေါက်သွားပါပြီ။
သီလ သမာဓိ ပညာ နဲ့ တရားက သတိပဋ္ဌာန်ပါပဲပေါ့။ ပုံပြင်လေး ပြောပြလိုက် ။ အပိုမဆလာ ရယ်စရာတွေ ပြောလိုက်နဲ့  ကိုယ့်ရဲ့  မျက်စိအလို ကို လိုက်ခဲ့ပါတော့တယ်။

အဲဒါပြောတာပေါ့-




မြတ်ရောင်နီ

( ၂၂ ၊ ၁၀ ၊ ၂၀၁၀ )


.

Thursday, October 21, 2010

တစ်ကိုယ်တော် မဟာပဋ္ဌာန်းပွဲ


တစ်ကိုယ်တော် မဟာပဋ္ဌာန်းပွဲ





တစ်ကိုယ်တော် မဟာပဋ္ဌာန်းပွဲ

သာသနာနှစ် ၂၅၅၄ ခုနှစ်
မြန်မာနှစ် ၁၃၇၂ခုနှစ်
ဒုတိယ၀ါဆိုလပြည့်ကျော် ( ၂ ) ရက် နေ့ မှသည်
သီတင်းကျွတ်လဆန်း ( ၁၃ )ရက်နေ့ အထိ

28July - 21October 2010



ရေးထားတဲ့ ဒိုင်ယာယီ စာအုပ်ကို ပြန်ကြည့်လိုက်တော့-
ယနေ့  ပဋ္ဌာန်းစရွတ်ပါသည်။ (ဂျူလိုင် ၂၈ ဒိုင်ယာယီစာအုပ်)။
ဝါတွင်းကာလမှာ ပဋ္ဌာန်းအကျယ် ငါးအုပ်ကို ပြီးအောင်
ရွတ်ဖတ်ပူဇော်မည် မှန်းထားပါသည်။
လူ အပေါင်း နတ်အပေါင်း တို့ အားလည်း အမျှပေးဝေပါ၏။
အနှောက်ယှက်ကင်းစွာ ၇ွတ်ဖတ်ပြီးမြောက်ရပါလို၏။

ဒါကတော့ မှတ်တမ်းစာအုပ်ထဲက ၀ါတွင်းကာလ
လုပ်ဆောင်ချက်များစွာထဲက တစ်ခု လုပ်ဆောင်
မယ် ရည်မှန်းထားတဲ့ အလုပ်တစ်ခုပါ။
လုပ်ဆောင်တာတွေကများပါ့။

ဘာကြောင့်ရွတ်ဖတ်တာလဲ ။ ကိုယ့်ကိုယ်မေးကြည့်တော့လည်း ရွတ်ဖတ်ချင်တဲ့ စိတ်ပေါက်လို့  ရွတ်ဖတ်ပူဇော်တာပါ။ မှတ်တမ်း ကိုကြည့်ကလည်း ရည်ရွယ်ချက်မပါ။ အနှောက်ယှက်ကင်းစွာ ၇ွတ်ဖတ်ပြီးမြောက်ရပါလို၏။ ဒီလောက်ပဲ။

သိနေတာ တစ်ခုကတော့ ရွတ်ဖတ်တာ အရသာရှိတာ တစ်ခုပဲ။
ပြန်သုံးသပ်ကြည့်တော့လည်း အချိန်ရတုံး၊ အခွင့်ရတုံးလေး
ပဋ္ဌာန်း
ဆိုတာ ပူဇော်ခွင့်ရတာ ဆိုတာပဲ။

ပြီးတော့-
တိပိဋကတွေကို
အလွတ်တောင် ကျက်ကြသေးတာပဲ၊
ကိုယ်က ကြည့်ရွတ်ဖတ်ရတာပဲဟာ၊

ဒီလောက်တော့ ပူဇော်ရရင် လေ့လာရရင် ကောင်းမှာပဲ လို့ 
စိတ်ကူးတာကလည်း တစ်ကြောင်းပေါ့။

အများက သိနေတာကလည်း အန္တရာယ် ကင်းတယ်။
လာဘ်ပွင့်တယ်။ စီးပွါးရေးသမားဆိုလည်း
စီးပွါးရေးကောင်းတယ်။ လှချင်ပချင်သူဆိုလည်း
ပဋ္ဌာန်းရွတ်ဖတ်ရတာ စိတ်ကြည်လို့  လှပါသတဲ့။
ချစ်သူခင်သူလည်း ပေါပါသတဲ့။ အကျဉ်းချုပ်
လူတိုင်း နားလည်တာကတော့ ကောင်းတာဖြစ်ပြီး၊
မကောင်းတာမဖြစ်ဘူး ဆိုတာပါပဲ။

ဘာပဲဖြစ်ဖြစ် ကိုယ်ကတော့ သုံးလ ပြည့်လုကာနီးပါး ၀ါတွင်းကာလ မဟာပဋ္ဌာန်း ပူဇော်ပွဲကို တစ်ကိုယ်တော်ပဲ ဒီဘ၀မှာ ပထမဆုံး အကြိမ် ရွတ်ဖတ်ခြင်းဖြစ်ပါတယ်။ (အရင် ဘ၀ကတော့ မပြောတတ်ဘူး၊ ထားတော့ )။

ဒီလို ရွတ်ဖတ်တဲ့အခါမှာ အချိန်ကို ဘယ်အချိန်ရွတ်မယ်လို့ သတ်မှတ်လို့ 
မရဘူး။ တစ်နေ့  တစ်နာရီတော့ အနည်းဆုံး ထားရွတ်မယ် မှန်းပြီး
ရွတ်ခဲ့ပါတယ်။ မရတာက အလုပ်က မထင်မှတ်ဘဲ ရှိလာတာကြောင့်ပါပဲ။

ဝါတွင်းကာလ နှစ်ခါ နယ်ဝေးကိုလည်း ခရီးထွက်ရတယ်။ အလှူပင့်လို့  ၊
တရားပွဲမို့  နဲ့  အကြောင်းအမျိုးမျိုးကြောင့် သွားရတယ်။ အဲဒီလို
အခါမျိုးမှာ ပဋ္ဌာန်းရွတ်ဖတ်တာကို နားထားရပါတယ်။

သို့ သော် ခရီးပြန်လာရင်တော့ အကျွေးဆပ်သည့်အနေ
အစားသောက် ကောင်းကောင်း ဘုဉ်းပြီး ၊
အားရှိသည့် နေ့ ဆိုရင်တော့ ၂ နာရီထိ ဆက်တိုက်
ရွတ်ဖတ်ဖြစ်ပါတယ်။

တစ်ခါတစ်လေကျတော့ ခရီးမသွားခင် အကျွေး မတင်အောင် ကြိုတင်ပြီး ၃နာရီထိ ထန်းညက်နဲ့  ရေသန့် ဗူး ရှေ့ မှာချကာ တစ်ကြိမ်ပြီးလိုက် ရေလည်းသောက်၊ ထန်းလျက်လေးခဲကာ ရွတ်ခဲ့တာ ဟာလည်း အမှတ်တရ နေ့ ရှိပါတယ်။

ဒီလိုနဲ့  ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒ ၊ အနှောက်ယှက်ကင်းစွာ
ပြီးမြောက်ရပါလို၏ ဆိုတာလည်း ပြီးမြောက်
လို့ သွားပြီ။ အောင်မြင်သွားတယ်ပေါ့။

ဤကဲ့သို့ ရွတ်ဖတ်ရာမှာ ပဋ္ဌာန်းစာအုပ်များ မရှိတာကြောင့် ကွန်ပျူတာကို အသုံးပြုကာ ဆရာကြီး ဂိုအင်ဂါ နှင့် တပည့်များ ဖန်တီးထားတဲ့ ဆဋ္ဌသင်္ဂါယနာ စီဒီကို အသုံးပြုကာ ရွတ်ဖတ်ရပါတယ်။ ဆရာကြီးနှင့်တကွ အားလုံးသော ဖန်တီးပြုလုပ်ထားတဲ့သူများကို ကျေးဇူးတင်ပါ၏

ဒီလို လရှည် ရက်ရှည် တစ်ကိုယ်တော် ရွတ်ဖတ်ပူဇော်လိုက်ရတဲ့ ကုသိုလ်ကောင်းမှု အဖို့ ဘာဂ အ၀၀ကို မိမိနှင့်အတူ ကျေးဇူးကြီးမား မိဘ ဆရာသမား ဘိုးဘွား ၊ မိဘပမာ အထူးတလည် ပြုစုထောက်ပံ့ကြသော ရဟန်း ဒကာ ဒကာမ နှင့် ပစ္စည်းလေးပါးကို ထောက်ပံ့သည့် ဒကာ ဒကာမများ ၊ ဆွေမျိုးများ၊ မိတ်ဆွေအပေါင်းသင်းများ၊ ဘလော့စာဖတ်ပရိသတ်များ ၊ ချစ်သူခင်သူ ၊ မုန်းသူများပါမကျန် အားလုံးတို့ အား အမျှပေးဝေပါ၏။

အရပ်လေးမျက်နှာ စောင့်ရှောက်ကြကုန်သော ဓတရဋ္ဌ ၊ ၀ိရူဠက ၊ ၀ိရူပက္ခ ၊ ကုဝေရ နတ်မင်းကြီးလေး ပါး။ ဘူတာ ၊ ဒေ၀ါ ၊ နာဂါ ၊ ယက္ခ များ။ ငရဲမင်း လူမင်း နတ်မင်း သိကြာမင်း နှင့်တကွ သုံးဆယ့် တစ်ဘုံ ကျင်လည်ကြကုန်သော နာနာဘာဝ ၀ိနာဘာဝ ရှိရှိသမျှ သတ္တ၀ါအပေါင်းတို့ အားလည်း အမျှဝေပါ၏ ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်နိုင်ကြပါစေကုန်သတည်း။

ကုသိုလ် အမျှ အမျှ အမျှ
ယူတော်မူကြပါကုန်လော...( သုံးကြိမ် )




မှတ်ချက်။ ။ ကုသိုလ်မှတ်တမ်း နှင့် အမျှဝေခြင်းသက်သက်ပါ။

မြတ်ရောင်နီ

( ၂၁ ၊ ၁၀ ၊ ၂၀၁၀ )




.

Wednesday, October 20, 2010

ဥရောပ တွေ အရှက် ရှိလာပြီ

ဥရောပ တွေ အရှက် ရှိလာပြီ




ဟိုတုန်းက ဥရောပ



ခု ဥရောပ


စရိယသုတ်

ဒွေ မေ ဘိက္ခဝေ သုက္ကာ ဓမ္မာ လောကံ ပါလေန္တိ ၊ ကတမေ ဒွေ ? ဟိရီ စ သြတ္တပ္ပဉ္စ ၊ ဣမေ ခေါ ဘိက္ခဝေ ဒွေ သုက္ကာ ဓမ္မာ လောကံ န ပါလေယျုံ ၊ န ယိဓ ပညာယေထ မာတာတိ ၀ါ မာတုစ္ဆာတိ ၀ါ မာတုလာနီတိ ၀ါ အာစရိယဘရိယာတိ ၀ါ ဂရူနံ ဒါရာတိ ၀ါ ။ သမ္ဘေဒံ လောကော အဂမိဿ ၊ ယထာ အဇေဠကာ ၊ ကုက္ကုဋသူကရာ သောဏသိင်္ဂါလာ။ ယသ္မာ စ ခေါ ဘိက္ခဝေ ဒွေ သုက္ကာ ဓမ္မာ လောကံ ပါလေန္တိ ၊ တသ္မာ ပညာယတိ မာတာတိ ၀ါ မာတုစ္ဆာတိ ၀ါ မာတုလာနီတိ ၀ါ အာစရိယဘရိယာတိ ၀ါ ဂရူနံ ဒါရာတိ ၀ါ တိ။


တစ်နေ့ သော် ဂျာမန် ဒကာလေး တစ်ယောက်အိမ်ကို သွားပြီး ဂျာမန်စကားပြော လေ့ကျင့်ခဲ့ပါတယ်။ အဲဒီလို လေ့ကျင့်ရာမှာ ဒကာက သူတို့ ရဲ့  ယဉ်ကျေးမှုတွေ ၊ ရှေးရှေးတုန်းက အကြောင်းရာတွေ စသဖြင့် ပြောဖြစ်ဆိုဖြစ်တယ်ပေါ့။ တစ်ခါတစ်ခါ ရှေးရှေးတုန်းက ဥရောပ လူတို့ ရဲ့  နေပုံထိုင်ပုံ စားသောက်ပုံနဲ့  ခုခေတ် နေပုံထိုင်ပုံတွေကို အကောင်းဘက် တစ်မျိုး အဆိုးဘက်တစ်မျိုး အမျိုးမျိုး လည်း ပြောပါတယ်။

သူတို့ ငယ်ငယ်တုန်းကဆိုရင် မင်္ဂလာနံနက်ခင်းပါ၊ မင်္ဂလာနေ့ လည်ခင်းပါ၊ မင်္ဂလာညနေခင်းပါ၊ မင်္ဂလာ ညချမ်းပါ ဆိုပြီး မိသားစု အချင်းချင်းလည်း နှုတ်ဆက်ကြပါတယ်တဲ့။ ကိုယ့်သားသမီးကို ဒီလိုပဲ သွန်သင်ထားတော့ ပြောရမှာ ၀န်မလေးတော့ဘူးပေါ့။

ခုခေတ်များမှာတော့ မိသားစုချင်း ပြောလာတာ နည်းလာတယ်။ ဒါက မကောင်းတဲ့ အချက်ပါတဲ့။

အေး ဟုတ်တယ်ကွ။ တို့ ဆီမှာလည်း ဟိုတုံးက လူကြီးတွေက သွန်သင်တယ်၊ ကျောင်းတွေမှာ လည်း ဘုရားရှိခိုးရတယ် ၊ ငါးပါးသီလယူရတယ်၊ လူကြီးတွေကိုလည်း ရိုသေကြတယ်။ ခုခေတ် အားနည်းလာကျတယ်။ ဘာသာရေးတွေပေါ့။ သို့ သော် ကိုယ်က မင်္ဂလာပါ ဆို တာကတော့ ဟိုတယ်နဲ့ ကျောင်းတွေမှာပဲ အသုံးပြုတတ်ကြတာပါတယ် လို့  ပြောလိုက်ပါတယ်။

နောက်ပြီး တော်တော်လေး ရှေးကျတဲ့ သူတို့ ဓာတ်ပုံကို ကြည့်ပြီး ကိုယ်က ပြောလိုက်ပါတယ်။ ဟိုတုန်းက ဥရောပ လူတွေက အပေါ်ပိုင်း အ၀တ်စားမ၀တ်ကြဘူးနော်။ ကြည့်ပါ့လား ဒကာ့ စာအုပ် ထဲလေ။ စာအုပ်ကို ထိုးပြလိုက်တယ်။

ဟုတ်တယ်။ ဟိုတုန်းက စစ်တိုက်ကြရင် ယောကျာ်းတွေကလည်း တစ်ကိုယ်လုံးကို မ၀တ်တာ။ မ၀တ်တဲ့အကြောင်းက တစ်ကိုယ်လုံးဆီလူးထားပြီး တစ်ယောက်နဲ့  တစ်ယောက်နဲ့  တစ်ယောက် ထိုးစစ် တိုက်စစ် လုပ်တဲ့အခါ ကိုယ့်မထိအောင် ၊ ချော်ထွက်အောင်တဲ့။

အင်းဟုတ်ပြီကွာ။ ဒကာတွေကတော့။ ဒကာမတွေပုံကလည်း အ၀တ်မတာတွေ တွေ့ တာကရော ဘာလို့ လဲ မေးလိုက်တော့-အိမ်ထောင်ကြပြီးရင်လည်း မ၀တ်ကြတော့ဘူး။ တစ်ချို့ လည်း အိမ်ထောင်မကျခင်လည်း မ၀တ်ကြဘူး။ ( အွမ် ..ဘာထူးသေးလဲ )။ ဘာလို့ လဲ ဆိုတော့ အ၀တ် မပါတာက အလှပေါ်လွင်တယ်။ ပိုကြည့်ကောင်းတယ်။

ဟုတ်သလား ၊ မဟုတ်သလား။ အရှေ့ နဲ့  အနောက် အမြင်ကွာနေတာလား။ သူပြောတာက အရှေ့ နဲ့ အနောက် အမြင်မတူဘူး လို့ ပြောရမလား မသိဘူး။ တူသလားလည်း မသိဘူး။ တစ်ခုခုပါပဲ။

ဒီလိုနဲ့  မြတ်စွာဘုရား ဒေသနာကို ပြန်လည်ကာ အမှတ်ရမိပါတယ်။

လောကမှာ ဖြူစင်လှပတဲ့ တရားနှစ်ပါးက စောင့်ရှောက်နေတာပါ။ အဲဒီ တရားနှစ်ပါးက ဟိရိ- အရှက်၊ နဲ့  သြတ္တပ္ပ- အကြောက် ဆိုတာပါပဲ။ ဒီတရား နှစ်ပါးသာ ထင်ရှားမရှိခဲ့ရင် အမေ ၊ ဒေါ်ကြီး ၊ ဒေါ်လေး ၊ ဆရာကတော် ၊ လူကြီးကတော် ရယ် ဆိုပြီး အထူး ရှိမှာ မဟုတ်တော့ပါဘူး။ အကုန်လုံး ရောကော သောကော ပျက်စီးကြပါလိမ့်မယ်။

ဥပမာ-ဆိတ်သိုးတွေလို ၊ ကြက်ဝက်တွေလို ၊ အိမ်ခွေး တောခွေးတွေလို ဖြစ်မယ်ပေါ့။ လောကမှာ ဖြူစင်လှပတဲ့ တရားနှစ်ပါးက ထိန်းနေလို့ သာ အမေ ၊ ဒေါ်ကြီး ၊ ဒေါ်လေး ၊ ဆရာက တော် ၊ လူကြီး ကတော်ရယ် ဆိုပြီး သတ်သတ်မှတ်မှတ် ထားပြီး နေထိုင်ကြတာဖြစ်ပါတယ်။ ( စရိယသုတ်၊ အဂုင်္တ္တရနိကာယ်)

မြတ်စွာဘုရားရှင်ကလည်း ဖုံးသင့်တဲ့အရာသုံးမျိုးကို ဟောပြထားတဲ့နေရာမှာလည်း မာတုဂါမခေါ် မိန်းတို့ ၏ အင်္ဂါကြီးငယ် အသီးသီး ဖုံးသင့်တယ်။ ဗြာဟ္မဏ ပုဏ္ဏားတို့ ရဲ့ မန္တာန် ၊ မိစ္ဆာဒိဋ္ဌိ ဆိုတဲ့ အမြင်မှားမှုတွေ ဖုံးသင့်တယ်။ မထုတ်ဖေါ်သင့်ဘူး။ မကျယ်ပြန့်သင့်ဘူးတဲ့။ ( အဂုင်္တ္တရနိကာယ်)

ဒီလိုဆိုတော့ ဟိုတုန်းက ဥရောပတွေလို မဟုတ်တော့ဘဲ ခုခေတ်ဥရောပလူတွေက အ၀တ်ကို လုံလုံခြုံခြုံဝတ်လာကြတာတွေ့ ပါတယ်။ ( ရေချိုးဆိပ် ချွင်းချက်ပေါ့)။ ဟိုတုန်းကလို အပြင်ဘက်မှာ ၀တ်လစ်စလစ်အထိ မတွေ့ ရတော့ဘူးပေါ့လေ။ ဥရောပတွေ အရှက်ရှိလာပြီ ဆိုပါရစေတော့။



မှတ်ချက်။ ။ ဖုံးသင့်တာ ဖုံး။
ရှက်သင့်တာ ရှက်။
ကြောက်သင့်တာ ကြောက် ကြဖို့ အတွက်
ရည်ရွယ်ပါသည်။




မြတ်ရောင်နီ
( ၂၁ ၊ ၁၀ ၊ ၂၀၁၀ )


.

ဆန့် ကျင့်ဘက် အမှန်များ ( ၄ )

ဆန့် ကျင့်ဘက် အမှန်များ ( ၄ )

စိတ်

၁။ ဘ၀ဟာ ဒုက္ခ
ဒုက္ခဟာ ဘဝ
ယထာဘူတသိပြီး
မိမိဘ၀ကို
စိတ်နာပါ။

၂။ ဘ၀ဟာ ခဏ
ခဏတာ ဘဝ
သဘာဝကိုသိပြီး
အညမညကို
စိတ်မနာမိပါစေနဲ့ ။


အနည်းငယ် ဖွင့်ဆိုချက်


၁။စိတ်နာတယ် စိတ်နာတယ် ပြောကြပေမယ့် ဘ၀ကို မနာမိကြသေး။ ဘ၀ထိ စိတ်မနာသေးသမျှ ကာလပတ်လုံးလည်း ဘာဝနာက သိပ်ပြီး ပြင်းပြင်း ထန်ထန် လုပ်ဖြစ်မှာ မဟုတ်ဘူး။

ဘ၀နာပါမှ ဘာဝနာဆိုတာ အထူးတလည် လုပ်ဖြစ်မှာပါ။ ဥပမာဆိုပါစို့ - စိးပွါးရေးမကောင်းလို့ ဆင်းရဲကို တကယ် လက်တွေ့ ရင်ဆိုင်နေရသူက ချမ်းသာဖို့ အမှန်တကယ် ရှာကြပါတယ်။ လက်တွေ့ ဆင်းရဲ တယ်ဆိုတာ သူတကယ် လက်တွေ့  တွေ့ နေတာကိုး။ သိနေတာကိုး။ ဘ၀ အပေါ် တကယ် ဆင်းရဲတာလို့  သိမှလည်း ဆင်းရဲက လွတ်ချင်တာပါ။ ဘယ်လောက် ဆင်းရဲတယ်လို့  သူများပြောပြော ကိုယ့်ဘ၀လေးကိုတော့ ပျော်အောင် ဖန်တီးနေတတ်ကြလေရဲ့ ။

ဘုရားရှင်ကတော့ ဘုရားမဖြစ်ခင် ကတည်းက ဒီအတွေးကိုသိပြီး ဖြစ်လို့  အတွေးရှိသည့်အတိုင်း လက်တွေ့ လွတ်မြောက်မည့် နည်းလမ်းကို ရှာတွေ့ ပြီး ချမ်းသာအစစ်ကို ရရှိသွားတော်မူပါတယ်။ ရရှိသွားတော်မူလို့ လည်း ဘုရားဖြစ်စ နေ့ ကတည်းက ငါတော့ ကောင်းကောင်းသိပြီးပြီ၊ ဘ၀ဆိုတာ ဒုက္ခပဲ၊ ဒုက္ခဟာဘ၀ပဲတဲ့။ လိုချင်မှုတွေက စခဲ့တဲ့ ဒုက္ခ။ ခု လိုချင်မှု ဆုံးပြိမို့ ဒုက္ခလည်းသုဉ်းပြီ။ ဘ၀ကိုစိတ်နာခဲ့လို့  ဘ၀ မှ လွတ်မြောက်သွားတော်မူပါပြီ။

ဒီလိုဆိုတော့ ဘ၀ ဆိုတာ ဒုက္ခ လို့ 

(ရဲရဲတင်းတင်းကြီး )သိပြီး
ယထာဘူတ ကျကျ

ဘ၀ကို စိတ်နာ သင့်ပါတယ်။

၂။လူ့ ဘ၀ဟာ တကယ်တမ်းတော့ ခဏလေးရယ်ပါ။ လူ့ ရဲ့  သက်တမ်းအရ ကြည့်ရင် နှစ်၁၀၀ မှ သည် ၇၅ နှစ်သက်တမ်းထိ ရွေ့ လျောလာလိုက်တာ။ တစ်ဖြေးဖြေး အသက်တမ်းက တိုဖို့ ပဲ ရှိတယ် ၊ ဆုတ်ကပ်ခေတ်မို့ ။ တစ်နည်းပြောရရင် မတရားတာ တွေ လွှမ်းမိုးနေတဲ့ခေတ်မို့ ။

ထပ်ပြောပါဦးမယ်- ကိုယ့်အသက်၇၀ကျော် ၈၀ ကျော်နေရတာကိုပဲ ငါတို့ သက်တမ်းက ရှည်လှပြီလို့  ထင်တတ်ကြပါတယ်။ ထင်ပါပေါ့လေ။ လူကလည်း လူ့ အတိုင်းတာနဲ့  တိုင်းတာကို။ လူ့ ဘ၀တို တယ်ဆိုတာ ဥပမာနဲ့  ပြောရင် ပိုထင်ရှားမယ်။

သက်တမ်းအတိုဆုံးလို့  ပြောလို့ ရတဲ့ ပိုးဖလံလေးတွေဟာ ညမီးရောင်ကို ရွှေမှတ်ပြီး ထင်လို့  တိုးသလားတော့ မသိ၊ သူတို့ မီးထဲတိုးတိုးပြီး တစ်ညတာလေး အသက်တမ်းရှည်ခွင့်ရကြတယ်။ လူတွေက ထင်ကောင်းထင်မယ်။ ပိုးဖလံလေးက သက်တမ်းတိုလိုက်တာလို့ ။အခြားသတ္တ၀ါလေး တွေလည်း ဒီအတိုင်းပါပဲ ၊ နှစ်ရှည် လ ရက်တွေ မနေရကြပါဘူး။ ဘ၀ဟာတိုတယ်ပေါ့။

လူ့ ဘ၀က သက်တမ်းကို နတ်ဘ၀က နတ်တွေအနေနဲ့  ကြည့်ပြီး အသက်က တိုလိုက်တဲ့ဆိုတဲ့ဟာ သာဓက အနေနဲ့ ပြောချင်ပါ တယ်။ နတ်ပြည်မှာ ပန်းကုံးဖို့  ပန်းကောက် ပန်းခူးနေတဲ့ နတ်သမီးလေး၊ သူဟာ တစ်စုံတစ်ခုကြောင့် နတ်သက်ကြွေတယ်ပေါ့။ အဲဒါနဲ့ လူပြည်လာပြီး လူမိန်းမဖြစ်တယ်။ အိမ်ထောင်ကျတယ်။ ကလေးရတယ်။ နောက် သူလာခဲ့တဲ့ နတ်ပြည်ဘ၀ ဆိုတာကိုသိတယ်။
ဒါနဲ့ ပဲ လူပြည်က ဇယားရှုပ်တယ် ၊ ဒုက္ခများတယ် ဆိုပြီး နတ်ပြည်ပဲ ဖြစ်ချင်တာနဲ့  နတ်ပြည်ဖြစ် အောင် ဒါန သီလ ဘာဝနာများ ပြုလုပ်ကာ နတ်ပြည်ရောက်တယ်ပေါ့။ အပေါင်းသင်း နတ်များက ညည်း မနက်က ဘယ်ပျောက်သွားတာလဲ တဲ့။ သူတို့ အပြောက- မနက်တဲ့ နော် မနက်ကတဲ့။

ဒါကိုကြည့်သောအားဖြင့် လူ့ ပြည်လူလောက
လူ့ ဘ၀ ဆိုတာ နတ်သက်တမ်းနဲ့ ကြည့်ရင်တော့
ခဏလေးရယ်ပါ။

ဘယ်လိုပဲဖြစ်ဖြစ်လေ လူ့ ဘ၀ လူ့ သက်တမ်းကဘဲ တိုတိုလေးလို့  ပြောချင်ပြော။ ကိုယ်နဲ့ တွေ့ ရတဲ့သူတို့ ရဲ့ သက်တမ်းက ခဏလေးရယ်ပါလို့  ဆိုချင်ဆိုပေါ့။ အဓိကတော့ အညမည အချင်းချင်း ကိုတော့ စိတ်မနာမိစေနဲ့ ပေါ့။ အချင်းချင်းကို စိတ်နာမိတယ် ဆိုရင်ပဲ ကိုယ့်အတွက်က မကောင်း တဲ့ဘက်ကိုဘဲ သူနဲ့  ပါတ်သက်ပြီးတွေးတော့မယ်။ ကောင်းရာကို မမြင်တော့ပါဘူး။

စိတ်နာလေ ကိုယ့်ရဲ့  ကိုယ်ပါ လိုက်ပြီးနာတယ်။ စိတ်နာတော့ အစားသောက် မစားချင် ။ အစား သောက် မစားချင်တော့ ခန္ဓာကိုယ်ပါ လာပြီး ဒုက္ခပေးပြီပေါ့။ တွေ့ သခိုက် ခဏလေးမှာ ခွင့်လွတ် တတ် တဲ့ စိတ်ထားကလည်း ရှိဖို့ လိုတယ်။ သည်းခံရမယ်ပေါ့။ သဘာဝကိုလည်း သိထားရမယ်ပေါ့ ။ သည်းခံခြင်းဟာလည်း အမြတ်ဆုံးသော ဗုဒ္ဓလမ်းစဉ်ပေမို့ သဘာဝကိုသိပြီး စိတ်မနာအောင် ကြိုးစားရမယ်ပေါ့။

ဒီလိုဆိုတော့
ဘ၀ဆိုတာ
ခဏတာလေးပါလားလို့ 
သဘာဝကိုသိပြီး
အညမညကို
စိတ်မနာမိစေပါနဲ့ ။



မြတ်ရောင်နီ

( ၂၀၊ ၁၀ ၊ ၂၀၁၀ )

.

Tuesday, October 19, 2010

ဒါန မှတ်တမ်း ဓာတ်ပုံများ



ဒါန မှတ်တမ်း ဓာတ်ပုံများ





အလှူဒါယကာတို့ အိမ်မှာ
နံရံမှာ ချိန်ထားတာက
မြင်သည့်အတိုင်းပါပဲ...




နံရံမှာ ချိတ်ထားသည့် စာသားအတိုင်း ဖြစ်စေဖို့ 
တရားထိုင်ဖို့ ရာ နေရာကလည်း
စနစ်တကျ ခန်းခန်းနားနား
ဘုရားခန်းကလည်း သပ္ပါယ်လှစွာ





ဒါန ပြုတဲ့အခါလည်း သူဌေးကြီး ရာထူးကြီးသူကြီး
ဖြစ်ရပါလို၏ အရှင် ဘုရား စတဲ့
သံသရာလည် ဆုတောင်းမျိုး ဆုမတောင်းပဲ
သံဃဿ ဒေမ နိဗ္ဗာနဿ ပစ္စယော ဟောတု-
ဆိုတတ်ဖို့  ရှေ့ က တိုင်ပေးခဲ့သည်။

မြန်မာလိုက- နိဗ္ဗာန်ရောက်ဖို့  ရာ
တစ်ဖက်တစ်လှမ်းက အထောက်ပံ့ဖြစ်ပါစေ အရှင်ဘုရားပေါ့။





သံဃာတော်တွေဆိုတာ သာမန်လူတွေနဲ့ မတူဘူး။

ကိုယ့်ရှေ့ ရောက်တဲ့ အသုံးဆောင်ကို
ကိုယ်ကြိုက်သလို မကပ်ဘဲ မဘုဉ်းပေးရဘူး။

အဲသလိုမျိုး လက်ထဲရောက်အောင် ကပ်မှ
ဘုဉ်းပေးရပါ့လားလို့  သိစေဖို့ ရာ
ကပ်ကြ ကပ်ကြ...




ဤသည့်စားဖွယ် ၊ အမယ်မယ်ကို ၊ မြူးရယ်မာန်ကြွ ၊
လှပရေဆင်း ၊ ပြည့်ဖြိုးခြင်းငှါ၊ မသုံးပါဘူး ၊
လေးဖြာဓာတ်ဆောင် ၊ ဤကိုယ်ကောင်သည်၊
ရှည်အောင်တည်လျက် ၊ အသက်မျှတမ်း ၊
မမောပန်းငြား ၊ ဘုရားသာသနာ ၊ ကျင့်နှစ်ဖြာကို ၊
ကျင့်ပါနိုင်စေ ၊ ဝေဒနာဟောင်းသစ် ၊ မဖြစ်စေရ ၊
ယာပိုထ်မျှလစ် ၊ ခပ်သိမ်းပြစ်ကို ၊ မဖြစ်လေအောင် ၊
ချမ်းမြေ့အောင်ဟု ၊ သုံးဆောင်မှီဝဲပါသတည်း။


ပါဠိလို ပဋိုသင်္ခါ ယောနိသော...ဖာသုဝိဟာရောစ။

ဆွမ်းမစားမီ ပါဠိဖြစ်စေ မြန်မာလိုဖြစ်စေ
ဆင်ခြင်ဘုဉ်းပေးကြရတာပါ။
ိ





နှလုံးသွင်း ဆင်ခြင်ပြီးသွားတဲ့အခါ
တကယ့်ကို အားရပါးရ ဘုဉ်းတော့မည့်ဟန်


( အလှူ့ ဒကာဒကာမတို့  ကြည်ညိုသွားအောင်
များများလေး ဘုဉ်းပေးမှပဲ )





နယ်ဝေး အသီးသီးမှ
ဓမ္မမိတ္တ ဓမ္မသဟာယ
ကုသိုလ်လုပ်ဖက် မိတ်ဆွေများ

ပုံရိပ် ၁



ရဟန်းကလည်း ရဟန်းအချင်းချင်း
လူကလည်း လူအချင်းချင်း
နွားကလည်း နွားအချင်းချင်း

ကုသိုလ်လုပ်ဖက်တွေကလည်း သူတို့ အချင်းချင်း
ဓာတ်တူလေးတွေ စုကာနေတတ်သည့်
ပုံရိပ်၂





မှတ်ချက်။ ။ ( ၁၅ ၊ ၁၆ ၊၁၇ ရက် အောက်တိုဘာလ
ဒါနမှတ်တမ်း ဓာတ်ပုံများကို

အမှတ်တရ အဖြစ် ကြည့်ရအောင် တင်လိုက်ပါသည်။

ဓာတ်ပုံကိုသာ ကြည့်လိုက ဓာတ်ပုံသာကြည့်ပါလေ။

စာသားကို လေးနက်စွာ ဖတ်ကြည့်ပါကလည်း

စာသားအဓိပ္ပါယ်သိစေဖို့  ရည်ရွယ်ပါသည်။



မြတ်ရောင်နီ

( ၁၉ ၊ ၁၀ ၊ ၂၀၁၀ )



.