Pages

Thursday, October 28, 2010

ဝါကျွတ်ပြီ ၊ ကောင်းလိုက်တာ


ဝါကျွတ်ပြီ ၊ ကောင်းလိုက်တာ


ဟိုး... ဘုရားရှင်လက်ထက်မှာတော့ ရဟန်းတော်များဟာ ၀ါဆိုပြီးတာနဲ့  မြတ်စွာဘုရားရှင်ကို လျှောက်ထားပြီး ကမ္မဋ္ဌာန်းတောင်းကြတယ်။ ပြီးတော့ သူတို့  သပ္ပါယမျှတမည့်နေရာကို သွားကြပြီး တရား အားထုတ်ကြတယ်။ တကယ်ပီပီ ပြင်ပြင် အားထုတ်ကြပါတယ်။ အဲသလိုမျိုး အားထုတ်ကြ ပြီးနောက်-

ဝါကျွတ်ပြီ ဆိုတာနဲ့  ဘုရားရှင်ထံ ပြန်လာကြတယ်။ ဘုရားရှင်ကို ဖူးမျှော်ကြ၊ တရားထူး လျှောက်သူ လျှောက်၊ ကိုယ်တွေ့ ကြုံသမျှအကြောင်းရာကို လျှောက်သူက လျှောက်ထားလေ့ရှိတယ်။

ခုခေတ် ၀ါကျွတ်ပြီးချိန်မှာတော့ စာမေးပွဲအတွက် လေ့လာသူက ဘယ်ထိ ပေါက်အောင် စာကြည့် မယ်။ စာကျက်မယ်။ ဆရာများ ကလည်း ဘယ်လောက်ထိ ပေါက်အောင် စာဝါ ချပေးမယ် စသဖြင့် အင်တိုက် အားတိုက် ၀ါတွင်း ကာလကို အထူး အားစိုက် သင်ယူပို့ ချ လေ့ခဲ့လာကြတာ တွေကို ခဏ ရပ်ဆိုင်း ထားတယ်။ စာဝါများ အတော်တော်များ ပြီးသွားကြတယ်။ မပြီးသေးတဲ့ စာဝါများကိုလည်း ကျောင်းတိုက်ပေါ်မူတည်ပြီး စာဝါ ခဏနားတတ်ကြပါတယ်။ ဘုန်းကြီး ဟောလီးဒေးပေါ့နော်။

ရိပ်သာများကတော့ ၀ါတွင်းမှာ တရားစခန်း ရက်ရှည် အထူးနေနဲ့  ဟောတဲ့ ဆရာတော်များက ဟော၊ နာတဲ့သူကနာ ပြီးတော့ တရားထိုင် ကျင့်ကြံ အားထုတ်ကြသလို ၀ါကျွတ်ကာလမှာလည်း ၀ါကျွတ် ကာလ တရားစခန်းပွဲများ ပြုလုပ်ကြပါတယ်။ တစ်ချို့ ရိပ်သာကျလည်း ဟောလီးဒေးပေါ့လေ။

နိုင်ငံ အသီးသီးမှာ ရှိနေတဲ့ တက္ကသိုလ်ကျမ်းပြု သံဃာတော်တွေကလည်း သီးစစ်ကို ရည်မှန်းထား သလို ဘယ်လောက်ထိ ပြီးအောင် ရေးမယ်လို့  ၀ါတွင်းမှာ အားစိုက်ကြရသလို မပြီးသေးကလည်း ၀ါကျွတ်လည်း သူတို့ က မကျွတ် အားစိုက်ကာ ရေးနေကြရတာပါပဲ။

သီးသန့်  အရည တောထဲမှာသာ အမြဲနေထိုင်ပြီး တရား အားထုတ်တဲ့ သံဃာတွေကတော့ ၀ါတွင်း ၀ါပ မထားပဲ အမြဲတမ်းကို ကြိုးစားအားထုတ်ကြတာမို့  ၀ါကျွတ်လည်း သူတို့ မှန်းထားတဲ့ ကိလေ သာ မကျွတ်သမျှ ဆက်လက် အားထုတ် နေကြရသည်သာ။

( အရညမှာ တရားအားထုတ်တဲ့ သံဃာတော်များစိတ်ကိုတော့ အတိကျ ပြောဖို့ မလွယ်ပါဘူး၊ ၀ါတွင်း ၀ါပ အထူးမရှိဘူး လို့လည်း ထင်ပါတယ်။အထင်ဖြင့် ပြောခြင်းမျှသာပါပဲ။)


ကိုယ့်အနေနဲ့ ဒီနှစ် ကိုယ့်ကို ပြန်ပြီး သုံးသပ်ကြည့်တော့ ၀ါတွင်းကာလမှာ နေ့ စဉ် စာကြည့်ရမယ်၊ ပဋ္ဌာန်းစာအုပ် ငါးအုပ်အကျယ် ၇ွတ်ဖတ်ပူဇော်မယ် ၊ တရားထိုင်ရမယ်။ ပါဠိ သင်တန်းပို့ ချရမယ်။ နှစ်ပတ်တစ်ခါ မဇ္ဈိမနိကာယ်ကို တစ်လ တစ်ခါ သင်ပေးမယ်။ နှစ်ပတ်တစ်ခါ တရားဟောရမယ် ၊ ကျောင်းဝေယျာဝစ္စ ကိုရင်ကျောင်းသား မရှိသည်မို့ ကိုယ်တိုင် သေနာသန ၀တ် ပြုလုပ်ရမယ်- စသည်စသည်ပေါ့။ ခုလိုမျိုး ဘလော့ဂ်ကို အားရင်အားသလို ဆောင်းပါး ရေးသွားမယ်။ မအားပါက ချက်တင်းဖြစ်စေ၊ ပေးစာဖြစ်စေ ဆောင်းပါးအနေနဲ့  ပို့ စ်အဖြစ်တင်မယ်။ အနည်းဆုံး ဓာတ်ပုံပဲဖြစ်ဖြစ် ကိုယ့်အတွေ့ ကြုံတွေပဲဖြစ်ဖြစ် ရေးသွားမယ် ဆိုတာလည်း အတော်လေး လုပ်ဖြစ် ခဲ့ပါတယ်။

ခုဝါကျွတ်ပြီဆိုတော့ စာဝါလည်းနားပြီ ၊ တရားဟောလည်း နားလိုက်ပါပြီ။ ၀ါကျွတ်ပေမယ့် မကျွတ် သေးတာက စာကြည့်ရခြင်း၊ ဘုရားဝတ်ပြု ၊ တရားထိုင် ၊ တရားလာမေးသူ တရားရှင်းပြ ၊ ဘလော့မှာ ပို့ စ်တင် အလုပ်က ခုထက်ထိ မကျွတ်သေးပါ။ ဟောလီဒေးလည်း မရှိ။ ထူးပြီးတော့ ဥပုသ်နေ့ လည်းမရှိပါဘူး။

အဲဒီလို အလုပ်များ မကျွတ်သေးသလိုမျိုးပဲ မောင်ဥာဏ် အငိုက်မှာ ၀င်ရောက်လာတဲ့ ဗီဇာမပါတဲ့ မောင်ညစ်ထေးတို့  အုပ်စုက လည်း ကိုယ့်နိုင်ငံမှာ မကျွတ်သေး ၊ မလွတ်သေး ပေကပ်ကပ် ပျော်နေ ကြလေရဲ့ ။ ပါပသ္မိံ ရမတိ မနော- ( စိတ်က မဟုတ်တာလေးမှာမှ ပျော်တာကွ ) ဆိုတဲ့ စာတမ်းကို သူတို့ က အိမ်ပေါက်ဝမှာ အပီပြင် ဆွဲချိတ်ထားကြသေးတယ်။

( တင်စားဆိုလိုက်သည်။
ကိုယ့်နိုင်ငံ - မြတ်ရောင်နီ ။
မောင်ဥာဏ် - ပညာ။
မောင်ညစ်ထေး- ကိလေသာ
စိတ်- အိမ်ပေါက်ဝ။ )



ဗုဒ္ဓဘာသာဝင် မြန်မာ လူအများတို့  အနေနဲ့ လည်း ဒီနှစ်ဝါတွင်းမှာ ဥပုသ်သီလကို ဘယ်နှစ်ဥပုသ် စောင့်မည် လို့  ရည်မှန်းချက် ထားခဲ့တဲ့အတိုင်း ပြုလုပ်ပြိးသွားပြီပေါ့။ ၀ါကျွတ်သွားပြီကိုး။

( ဗုဒ္ဓဘာသာဝင် မြန်မာ လူအများတို့ လို့  ဆိုလိုက်တာဟာ သီရိလင်္ကာနိုင်ငံက ဗုဒ္ဓဘာသာ လူမျိုးတို့ က တစ်နှစ်လုံးပဲ ဥပုသ်စောင့်ပါတယ်။ ၀ါတွင်း ကာလ ၀ါကျွတ်ကာလ ထူးမရှိဘူး။ သို့ သော် မြန်မာ စောင့်တဲ့ ဥပုသ်အရေတွက်နဲ့ တွက်ရင်တော့ အတူတူပဲ ဖြစ်ပါတယ်။ သူတို့ တစ်တွေက ပေါဟယာ ဒေးနေ့ လပြည့် ဥပုသ်နေ့  တစ်ရက်ပဲ စောင့်ကြတယ်။ တစ်နှစ် ၁၂ လမို့  ၁၂ ဥပုသ်ပေါ့လေ။ မြန်မာ တွေကလည်း ၀ါတွင်း ၁၂ ဥပုသ် ပေါ့။)။

မြန်မာလူတို့ အဖို့  ၀ါကျွတ်ပြီဆိုရင် အဝေးတစ်နယ် ရောက်သူကလည်း ကိုယ့်နယ်ကို အရောက် ပြန်ကြ၊ မိဘတွေကို ကန်တော့ကြနဲ့ ၊ ၀ါကျွတ် ကာလကိုပဲ စောင့်မျှော်နေကြပါတယ်။ ကောင်းလိုက် တာ။ ပူဇာစ ပူဇနေယျ ၊ ဂါရ၀ နိဝါတ မင်္ဂလာ တရားပေပဲ။

ဒီ့ အပြင် အောင့်အည်း စောင့်စည်းကာ အတော်လေး ၀ါကျွတ်ချင်သူများ လည်း ရှိသေးတယ်။ သူတို့ ကလည်း ၀ါကျွတ်မှ သူတို့ ကျွတ်မှာလေ ၊ ကိုယ်တိုင် ဖိတ်စာထဲမှာ အရိုက်ခံချင်ကြတာကိုး။ သူတို့ လည်း ကောင်းလိုက်တာ ၃၈ဖြာထဲ မပါတဲ့ လောကီ အာဝါဟ၀ိဝါဟ မင်္ဂလာပေပဲ။သို့ မဟုတ် သူတို့  အချင်းချင်း တာဝန် ၀တ်တရားလေးတွေ ပြုကျင့်ရတော့မှာမို့  ကောင်းလိုက်တာ ။ ပုတ္တ ဒါရ - မင်္ဂလာ တရား ပေပဲ။

အဲဒီလို လူတွေမျိုးကို အားကြီးကြိုက်တဲ့ စာစီ စာရိုက် စာပုံနှိပ်တိုက်က လူတွေကလည်း ရှိသေးတယ် ။ ဖိတ်စာရိုက်ရတော့မှာမို့  စီးပွါးအတွက် ပျော်ကြပြန်ရော။ ကောင်းလိုက်တာ။ အနာကုလ ကမ္မ ၊ အန၀ဇ္ဇ ကမ္မ မင်္ဂလာ တရားပေပဲ။

ပြီးတော့ သင်္ကန်းမှာ ကထိန် ၊ ကျောင်းမှာ သိမ် ဆိုပြီး ၀ါကျွတ်ကာလကျမှ ကထိန် အလှူ ပြုလုပ်လို့ ရတာမို့  ပျော်ကြပြန်ရော။ ကောင်းလိုက်တာ ။ ဒါန မင်္ဂလာ တရားပေပဲ။ ကထိန်ကို အကြောင်းပြုပြီး တရားတွေ နာရမှာမို့  တရားနဲ့  ပျော်ကြပြန်ရော။ ကောင်းလိုက်တာ ၊ ဓမ္မဿဝန မင်္ဂလာ တရားပေပဲ။

လူတွေဘက်က ပျော်ကြသလို သံဃာများကလည်း ဘုရားရှင် ချမှတ်တဲ့ ၀ိနည်းဥပဒေ အတိုင်း ၀ိနည်း သိက္ခာပုဒ် အရ ၀ါဆိုကာ နေခဲ့ကြလို့  ပျော်ကြပြန်ရော။ ကောင်းလိုက်တာ။ ၀ိနယော စ သုသိက္ခိတ မင်္ဂလာ တရားပေပဲ။ ပြီးတော့ လူတွေက ၀ါကျွတ် ပြီဆိုတာနဲ့ ကထိန် သင်္ကန်း လှူကြ တာမို့  တရား တော်ကို ဟောရပြန်လို့  တရားနဲ့  ပျော်ကြပြန်ရော။ ကောင်းလိုက်တာ။ သုဘာသိတာ စ ယာဝါစာ မင်္ဂလာ တရားပေပဲ။


တကယ်တမ်းတော့ ၀ါတွင်း ၀ါပ
ဘယ်အချိန်ရောက်ရောက်ပေါ့နော် ၊
ရောက်တဲ့ အချိန်လေးမှာ -
ကောင်းလိုက်တာ ။
မင်္ဂလာ တရားပေပဲ -
ဖြစ်နိုင်အောင် ကြိုးစားနေဖို့ ပါပဲ။





မှတ်ချက်။ ။ဘုန်းဘုန်း မြတ်ရောင်နီ ရဲ့ 
လုပ်ငန်းဆောင်တာ

( ၂၈၊ ၀၇ ၊ ၂၀၁၀ )
ဆောင်းပါးကို ကိုးကားပါသည်။
(အဟမ်း ...ဟမ်း)



မြတ်ရောင်နီ
( ၂၈ ၊ ၁၀ ၊ ၂၀၁၀ )

.

No comments:

Post a Comment