Pages

Monday, April 5, 2010

မလွမ်းဘူးလား

မလွမ်းဘူးလား

နွေရာသီကို ရောက်ခဲ့ပြီ။ ဟိုတလောလေးက ရွာက ညီမဖြစ်သူ မန္တလေးမှာ နေပြီး အင်တာနက်နဲ့အကို ဖြစ်သူ ဥူးဇင်းကို မေးရှာတယ်။ ဥူးဇင်း မလွမ်းဘူးလားတဲ့။ မလွမ်းဘူးလား လို့ သူမေးတာ လည်း မေးစရာပါပဲလေ။ နှစ်စဉ် နှစ်တိုင်း ဆိုသလို ရွာကို ရောက်နေကြလေ။၊

တစ်နှစ် တစ်ခါ၊ တစ်ခါလေ နှစ်ခါ တွေ့ နေကြ မြင်နေကြ ဆိုတော့။ သူလည်း မေးပြီပေါ့။
တကယ်တော့ သူ ကိုယ်ချင်းစာပြီး မေးတာပါပဲလေ။ လူ အတွေး ။ လူ အဆွေးမျိုးနဲ့ ဆိုရင် ကိုယ် လည်း လွမ်းစရာပဲလေ။ လွမ်းရမည့် အနေထားမှာ ရောက်နေပြီ။ ရွာ မရောက်တာတောင် ၄ နှစ် လုနီး နီး ရှိလာခဲ့ပြီကို။

ဒီလို မေးခွန်းမျိုးတွေက ကိုရင် ဘ၀တုံးက ရွာ ပြန်ရောက် သွားရင်လည်း အဒေါ်ဖြစ်သူတွေက မေးလေ့ မေ့ထ ရှိတဲ့ မေးခွန်းပါပဲ။ မှတ်မှတ် ရရ တစ်ခါက ကိုရင် မလွမ်းဘူးလားတဲ့။ အမေ က စကား နည်းသူ မို့  စိတ်ထဲကပဲ မေးနေမည် လို့  ထင်ရဲ့ ။ ဘာမှ ထူးမပြောဘူး ။ထူး ဘာမှ မမေးဘူး။

စာသင်ဖို့ အမရပူရ ရောက်ခါစ တစ်နှစ် မပြည့်ခင်မှာတော့ နေရတာ တစ်မျိုးကြီးပဲ။ စာလည်း ကျက်မရ။ အမှတ်ရနေတာလေ။ အမေကို အမှတ်ရနေတာလား။ ညီအကို မောင်နှမ တွေကို အမှတ် ရနေ တာလား။ အဲလို မဟုတ်ပြန်ဘူး။

ကိုယ့်ကို မေးကြည့်တာတောင် တစ်ဦးတည်းကို အမှတ်ရတာလို့ သြဒိဿ အမှတ်ရတာမျိုး မဟုတ်ခဲ့တာသေချာတယ်။ အားလုံး တစ်ရွာလုံး ကိုခြုံပြီး အနောဒိဿ အမှတ်ရမျိုးနဲ့  အမှတ်ရနေ တာ။ အဲဒါကြောင့် ပြောတာ ရှိမှာပါလေ၊ စကားက ရွာကို လွမ်းလိုက်တာ အမှတ်ရလိုက်တာ ဆိုတဲ့ စကား - ပေါ့။

အဲ... ဒေါ်ကြီးဖြစ်သူ မေးတဲ့ အချိန်က အမရပူရ မှာ နေသားကျသွားပြီ။ တစ်နှစ်ကျော်မှ မေးတာ ဆိုတော့ ကိုယ်ကလည်း အ တတ နဲ့  မလွမ်းပါဘူးဗျာ လို့  ပြောထည့်လိုက်တယ်။ ကိုယ့်စာကို ကျက်နေတာဗျ။ လွမ်းရင် စာတောင် ကျက်ရမှာ မဟုတ်ဘူး- လို့  တည့်ထိုး ( ဒဲ့ဒိုး ) ပြော လိုက်မိရဲ့ ။

အဒေါ်ကြီး ခင်မျာ.... အော် တို့ ကိုရင်ကတော့ တစ်မျိုးပဲ။ ငါတို့ က သာ လွမ်းလိုက်ရတာ ။ တို့  တူလေး ဆိုပြီး။ သူကတော့ မလွမ်းပါဘူးတဲ့။ ခုမှ စဉ်းစားကြည့်တယ်။ သူ့ မှာတော့ အင့် ခနဲ့  ဆောင့်ကန် ခံရသလို ခံစားရမယ် ထင်ရဲ့ ။ မုသား မပါ လင်္ကာ မချော ဆိုတာ ဒါမျိုးလေလား။ မုသား ချို ချို သုံးရမယ့် သဘောပဲ။

တကယ်တမ်း ဥပါယ်တံမျဉ်နဲ့ မုသား လည်း မဖြစ်အောင် အားလုံးကို သတိရပါတယ်။ မေတ္တာလည်း ကိုယ့် အဒေါ်တွေကို အထူးတလည် ပို့ တယ် ဆိုရင်လည်း ပြီးရော။ ခုတော့ စကားက လွန်သွားပြီ။ အဒေါ်ကြီး လည်း အဲဒီက စပြီး လွမ်းသလား လို့ ဥူးဇင်း ဖြစ်တဲ့ အထိ မမေးတော့ ဘူး။ခုမှ သနားမိရဲ့ ။

ခု ဒီမေးခွန်းမျိုး လာပြန်ပြီ။ ညီမဖြစ်သူက ဥူးဇင်း မလွမ်းဘူးလားတဲ့။ ဒီ တစ်ခါ ကိုရင် ဘ၀ က အဖြေနဲ့  မတူတော့ဘူး ။ စိတ်က ပျော်စေချင်တာကြောင့်လားတော့ မပြောတတ်။ ညီမတွေ ကိုလည်း နောက်တောက်တောက် ပြောလိုက်ချင်သေးတာ။ အဲဒါနဲ့ ပဲ အဲ ဘယ်သူ့ ကို လွမ်း ရမှာလဲဟ။ လွမ်း ခိုင်း နေပြန်ပြီ လို့  စ-လိုက်တယ်လေ။

ညီမဖြစ်သူက အင်း ..လုပ်ပြီ။ ဥူးဇင်းကတော့-တဲ့။ ဥူးဇင်းကလဲ။ ဒီ အချိန် ဥူးဇင်း တို့  သင်္ကြန်တွင်း ပဋ္ဌာန်းရွတ်နေကြလေ။ ပြီးတော့ နှစ်ဆန်း တစ်ရက်နေ့ ဆို တစ်ရွာလုံး ပတ်ပြီး ပရိတ် ရွတ်ပေးတာ။ ပြီးတော့ မိဘ ဆရာ သမား ဒကာ ဒကာမတွေကိုပေါ့ -တဲ့။

ဒါဆိုရင်လည်း အေးပါကွယ်။ သတိရပါတယ်။ ကိုယ်က ပြန်ပြောရတာပေါ့။

( ဟုတ်လည်း ဟုတ်ပါရဲ့ ။ ရွာ ပဋ္ဌာန်းပွဲ ဆိုတာလည်း တကယ်တော့ ဆရာတပည့် တစ်တွေ စုပေါင်း ရွတ်ဖတ် ပူဇော်ကြတာပဲ ကို။ ဆရာ တပည့် မျက်နှာ စုံညီ ပဋ္ဌာန်းပဲ။ အခြား သံဃာ ဆိုလို့  နီးစပ်ရာ သူငယ်ချင်း ရဟန်းတော်တွေ ရောက်ဖူးတယ် ရှိအောင်၊ အကူညီလိုနေတာ မို့ သူတို့ လည်း ပင့်ခဲ့ပြီး ရွတ်ဖတ် ပူဇော်ကြပေါ့လေ။ အဲလို လေး ပြန်စဉ်းစားမိပြန်ရဲ့ ။)

အေးဟ... တို့  ပဋ္ဌာန်းကတော့ တကယ် အမှတ်စရာပဲ ။ ဆွမ်း ဒကာ ရှိတယ်၊ မရှိဘူး ဆိုတာတောင် ကြိုတင် လျှောက်ထားသူလည်း မရှိ။ ဆွမ်း ကပ် သူရှိရင် ဆွမ်း ဒကာတွေရဲ့  ဆွမ်း ဘုဉ်းမယ်။ မရှိရင် ဆွမ်းခံ ထွက်စား ရမယ် ဆိုပြီး တို့ ရဲ့  ဆရာ ဘုန်းကြီးက စည်းကမ်း ချမှတ်ထားတာပဲ။ ပြီးတော့ အသံချဲ့ စက်နဲ့  ပဋ္ဌာန်းပွဲ အတွက် အလှူမခံ ရဘူးတဲ့လေ။ သဒ္ဓါ အလျောက် လာလှူတာ တော့ တစ်မျိုးပေါ့ နော။

ဒါပေမယ့် ဟာ ။ ဘယ်နှစ်ကမှ ဆွမ်းကပ် မရှိလို့  ပဋ္ဌာန်းပွဲကို ဆွမ်းခံ ထွက်စား ရတယ် ဆိုတာ မရှိပါဘူး။ပဋ္ဌာန်း တန်ခိုး ပေါ့ဟာ။ ညီမ က ပဋ္ဌာန်း အကြောင်း ပြောတော့ အဲလို ပဋ္ဌာန်း ကို စိတ်သန့် သန့်  ပူဇော် ခွင့် ရခဲ့တာကို အမှတ်ရတာပေါ့နော။

ဒါနဲ့  ညီမရေ - ဒီနှစ် ဥူးဇင်းတောင်မှ သင်္ကြန် ၁၄ ရက်နေ့ က စပြီး နှစ်ဆန်း တစ်ရက် ထိ တစ်နေ့ တစ်ပါးတည်း ၄နာရီ ပဋ္ဌာန်းပူဇော်မယ် မှန်းထားတယ်။ အတူနေ ဂျာမန်ကိုယ်တော် ရွတ်ဖတ်မယ် ဆို ရင် သူက တစ်နေ့ ၂ နာရီနှုန်း ပေါ့။ ၂ပါးပေါင်း တစ်နေ့  (၆)နာရီ နှုန်းနဲ့  ၄ ရက် ၂၄ နာရီ ပဋ္ဌာန်း ပူ ဇော်မယ်မှန်းထားပါတယ်။ ရွာပဋ္ဌာန်း မရွတ်ဖတ် ဖြစ်ပေမယ့် ဂျာမဏီ မှာ ပဋ္ဌာန်း ရွတ်မယ် ပြော တယ် လို့  ပြောလိုက်ပါနော။ တရားနာသူ ရှိ မရှိရှိ၊ ဗုဒ္ဓပူဇာ သက်သက်ပါ လို့ ။ အသံချဲ့ စက်တို့  မပါ။ စာအုပ် မရှိတာကြောင့် ကွန်ပျူတာ ထဲက စီဒီခွေ နဲ့  ရွတ်ရမှာလို့  သေချာရှင်းပြလိုက်ပါ ဗျာ။


ကဲ ညီမရေ - မိဘ ဆရာ သမားတွေ ဒကာ ဒကာမတွေကို သတိရပါတယ်။ အမှတ်ရပါတယ်။ တကယ်တမ်း အတိကျ အလွမ်းမျိုး လွမ်းတယ်ဆိုတာထိတော့ ဟုတ်ဘူးနဲ့ တူတယ်။ လွမ်းတော့ လွမ်းမိ ပါရဲ့ ။ ဒီအချိန်ဆို..........။

ဒီလိုနဲ့  မလွမ်းဘူးလား ဆိုတဲ့ အဖြေကို သူ့ အား ဖြေပေးလိုက်ပါတော့တယ်။


မြတ်ရောင်နီ
( ၀၅၊၀၄၊၂၀၁၀)

No comments:

Post a Comment