Pages

Wednesday, April 7, 2010

သတိ... ဂျာမဏီမြေပေါ်က ခြေလှမ်းများ- ၁၅ (ဂ)

သတိကို သတိပြု

အပိုင်း (ဂ)


၈။မရဏာနုဿတိဘာဝနာ။
မရဏာနုဿတိ အကြောင်းကို ရေးသာ ရေးရတာ။ မင်္ဂလာ မရှိဘူးလို့  ထင်ကြမှာတော့ စိုးမိပါရဲ့ ။ ဒါပေမယ့် အကျိုးရှိမယ်။ အကျိုးရှိတာကြောင့် ရေးလိုက်တာပါ။ သေချာဖတ်ကြည့်ပါ။ အကျိုး ရှိ တာကို တွေ့ ရပါလိမ့်မယ်။

မရဏာနုဿတိ-ဆိုတာ သေတာကို သတိ ရနေတာပါ။ ခဏ ခဏ သတိရနေပါများလျင်
မရဏာနုဿတိ ဖြစ်ပါတယ်။ ပွါးများပုံက သေရအုံးမှာဘဲ၊ သေရအုံးမှာပဲ လို့  ပွါးများနိုင်ပါတယ်။ သို့ မဟုတ် ငါ သေရမှာ သေချာတယ်။ အသက်ရှင်ခြင်းရဲ့  နိဂုံးဟာ သေဖို့ ပဲ- လို့ ပွါးများပါ။

သေတာကို အတော်များများကို ဆင်ခြင်ဖို့ ဝန်လေးတတ်ကြပါတယ်။ မသေချင်ကြဘူးလေ။
ချမ်းသာနေရင် ၊ ပြည့်စုံနေရင်၊ လိုတာလေးတွေ အတိုင်းတာ တစ်ခုထိ ပြည့်နေရင်ပေါ့။

မသေချင်ပေမယ့် သေရမှာကို တော့ ဆင်ခြင်သင့်တယ်။ ဒီလိုပွါးများမှ လည်း ကိုယ့်ရဲ့ စိတ် တွေ ဟာ မောက်မာတာတွေ ညီသွားမယ်။ နူးညံ့သွားမယ်။ မတရားတာတွေ တရားသွားမယ်။ မသင့် တော်တာ မှန်သမျှ ရှောင်ဖြစ်မယ်။ လုပ်သင့်တာကို လည်း အချိန်မီလေး လုပ်ဖြစ်မယ်။

တရားပွဲမှာတော့ ဒီ မရဏာနုဿတိ နေရာမှာ ဓမ္မပဒ မှာ ပါတဲ့ ပေသကာရ ဓီတာ ၀တ္ထုလေး ထဲက အနှစ် ချုပ် ဘုရားရှင် ရဲ့  အမေး နဲ့ ယက္ကန်းသည်မ လေး ရဲ့  အဖြေကို ဂျာမန်ဘာသာ လို ဂျာမန် ဆရာ မကြီးထံမှာ အဆင်သင့် သင်ပြီးတာ ရှိတာမို့  ဂျာမန်လို အပိုင်းအစလေး ထည့် ပြောလိုက်သေးတယ်။

ဘုရားရှင် ယက္ကန်းသည်မလေး ရှိရာ နေရာကို သူမ အကြောင်းပြုပြီး တရားထူး ရမယ် ဆိုတာ
သိတော်မူတာနဲ့  ကြွလာခဲ့ပါတယ်။ သူမဟာ အရွယ်အားဖြင့် ၁၆ နှစ်မ ဆိုပေမယ့်။ တရားအသိက ရင့်ကျက် နေပါပြီ။ ပြောတဲ့ အတိုင်း နားထောင်တယ်။ အားထုတ်တယ်။

ပထမ အကြိမ်ဘုရားရှင် က မရဏာနုဿတိ ပွါးများပုံ ဟောကတည်းက ပွါးများခဲ့တာ သုံးနှစ် ဆက်တိုက်ပါပဲ။ တရားပွဲက တရားပွဲကြီး ဆိုပေမယ့် တရားနာ ပရိသတ်များ စုံလင်သလောက် ရှိ သော်လည်း ဘုရားရှင်က တရားပွဲ မစသေး။ မဟောသေး။ အခြားပရိသတ်က တရားနာပြီး တရား နာရကျိုးလောက်ပဲ ရကြမယ်။ ယက္ကန်းသည်မလေးကတော့ သောတာပန် ဆိုတဲ့ တရားထူးထိ ရမည့် သူလေး။ ဒါတွေကို ကြိုသိတော်မူလို့ တရား မဟောသေးဘဲ စောင့်နေတာပါ။

သူမ လာတယ် ဆိုတာနဲ့ ပဲ ဘုရားရှင်က မေးတော်မူပါတယ်။ ယက္ကန်းသည်မလေးက ဖြေပေါ့လေ။

၁။ဘုရားရှင်- ဘယ်က လာလဲ?
သူမ-မသိ ပါဘုရား။
၂။ဘုရားရှင်- ဘယ်ကို သွားမလဲ ?
သူမ- မသိပါ ဘုရား။
၃။ ဘုရားရှင် - မသိဘူး လား ?
သူမ- သိပါတယ် ဘုရား။
၎။ဘုရားရှင် - သိရဲ့ လား ?
သူမ- မသိပါဘုရား

တရားနာ ပရိသတ်တွေ မျက်စောင်း ထိုးကုန်ပြီ။ ပွက်လောရိုက်ကုန်ပြီ။ ဘယ်လိုဟာလေးလဲ မသိပါဘူးတော်။ ဘုရား မေးတာကိုများ ကောင်းကောင်း မဖြေဘူး။ မေးတာ ရှင်းရှင်းလေးကို ။ ကိုး လို့ ကန့် လန့် နိုင်လိုက်တာ တဲ့။

ဘုရားရှင် ရဲ့  ပဟေဠိ မေးခွန်းကို သူမသာ နားလည်တာ။ ဘုရားရှင်လည်း တရားနာ ပရိသတ်
တွေရဲ့  မျက်စောင်း၊ တစ်ယောက် တစ်ပေါက် ပြောသံတွေ စဲသွားအောင် ဒီလိုပါ ဆိုတာကို ရှင်းပြ ပါတယ်။

၁။ ဘယ်က လာသလဲ ဆိုတာ သူမကိုယ်တိုင် ဘယ်ဘ၀ လာတာကို မသိ။
၂။ဘယ်ကို သွားရမယ် ဆိုတာ သူမကိုယ်တိုင် ဘယ်ဘ၀ ခရီးဆက်ရမှာကို မသိ။
၃။သိပါတယ် ဆိုတာ သူမကိုယ်တိုင် သေရမှာပဲ ဆိုတာ သိနေပါတယ်။
၎။မသိပါ ဆိုတာ သူမကိုယ်တိုင် ဘယ်အချိန် ဘယ်သုသာန်၊ ဘယ်ရောဂါနဲ့ ဆိုတာကို မသိတာ။ လို့  လင်းလိုက်မှဘဲ အားလုံး ညိမ်ကျသွားတယ်။

( အဲဒီခေတ်က လူတွေရဲ့  အပြော ခုခေတ်နှောကာ ရေးလိုက်တာပါ။ စာဖတ်သူတို့ လည်း နှစ်သက် သလို အဲဒီ ခေတ်က ပရိသတ်ကို ခေတ်ပရိသတ်နဲ့  တွေးကြည့်ကြလေကုန်။)

အော် ဂျာမန် ပရိသတ်တွေလည်း ဒီ စာကြောင်းလေး လေးကြောင်းကို ဂျာမန်လို ရွတ်ပြတော့
သဘောကျသွားတယ်။ တရားနာတဲ့ အထဲမှာ ကိုယ့်ကို သင်ပေးနေတဲ့ ဆရာမကြီးကလည်း ပါနေတာ ဆိုတော့။ သူလည်း သင်ရကျိုးနပ်ပြီလို့  အောက်မေ့လောက်ရဲ့ ။

အဲဒီ ယက္ကန်းသည်မလေး ဟာ တရားပွဲ အပြီး သောတာပန် တည်သွားပါသတဲ့။ ကျန်တရားနာ
ပရိသတ်ကတော့ တရားနာရတဲ့ အကျိုးကျေးဇူးလောက်ပဲ ရရှိကြတာပါ။ ဒါပါပဲဗျာ။ မရဏဿတိ က သောတာပန် ထိ တည်သွားတယ် ဆိုတာပေါ့။



ကျန် အနုဿတိ ဘာဝနာ များ ဆက်လက် ရေးသားပါဦးမယ်။

မြတ်ရောင်နီ

( ၀၇၊၀၄၊၂၀၁၀)





No comments:

Post a Comment