Pages

Wednesday, February 10, 2010

အတွဲလေး ညီတယ်


အတွဲလေး ညီတယ်

တွဲလာတာ ကြာခဲ့ပြီ။ သူတို့  အတွဲကို စိတ်ဝင်စားတယ်။ စိတ်ဝင်စားဖို့  ပိုကောင်းတာ ဦးဆောင်တဲ့ သူပေါ့။ ဦးဆောင်သူရဲ့နောက်ကို သူလေး မညီးညူရှာဘူး။ တစ်ခါတစ်ခါ ဦးဆောင်တဲ့သူ ပြောသမျှ လိုက်လုပ်ပေးတဲ့ အကျင့် သူ့ လေးမှာ အကျင့်ပါနေပြီ။ များသော အားဖြင့် သူ့ အလိုတိုင်း ဖြစ်ခဲ့တာ ပေါ့။ အတွဲ ဆိုတော့လည်း ဦးဆောင်တဲ့ သူကောင်းရင် ကောင်းသလို သူလေးမှာ ဇိမ်ရှိရှိ နေရတယ်။ အဲ ဦးဆောင်တဲ့သူ အချိုးမကျတာနဲ့  သူလေးလည်း ဒုက္ခတွေရောက်တယ်။ သူလေး ဒုက္ခရောက်မှ ဦးဆောင်တဲ့သူက ငါ မှားသွားတယ် ဆိုတာ ဖြစ်လာတယ်။ ငါ မဆင်ခြင်လို့ ပါကွာ လို့ သူ့ စိတ်ထဲမှာပါ ပြောတဲ့ အကျင့် ရှိတာများတယ်။

ဦးဆောင်သူကလည်း နားလည်ထားတယ်လေ။ သူလေးဟာ ငါ လုပ်သမျှ သူ လိုက်လျောတာပဲ။ ငါကောင်းတာ လုပ်တာတွေ ကို လည်း သူဇိမ်ရှိရှိ နေရသလို မကောင်းလည်း သူခံရမှာပေါ့။ ဦးဆောင် သူနဲ့ သူလေး ဆိုတာ တကယ့်ကို ခွဲ မရ လောက်အောင်ပါပဲ။ တစ်တွဲတွဲ နေတာ များပါတယ်။ တစ်ခါ တစ်ခါတော့ သူလေးကို ထားခဲ့ပြီး၊ ဦးဆောင်သူပဲ လျှောက်သွားလေရဲ့ ။ ဦးဆောင်သူက ကမ္ဘာ့ခရီး သွားသမား၊သူလေးက တော့ ဥရောပမှာ အလုပ်မအား သူခိုင်းတာ မှန်သမျှ သူနဲ့ အတူလုပ်ပေးတယ် ၊ ဦးဆောင်သူက သူပင်ပန်းတယ် ဆိုမှ သူလေးနဲ့  အတူ အနားယူ ကြတယ်။သူ မနားမချင်း သူလေး မနားရဘူး ။ ဒါကတော့ အတွဲ သဘာဝပဲလေ။

ဦးဆောင်တဲ့သူ က အမြဲ လှုပ်ရှားတာများတယ်။ သူက ဖင်မမြဲဘူး။ ဟိုဟို ဒီဒီ သွားနေရမှ။ သူက တစ်ခါတစ်ခါ အံ့သြလောက်အောင် ကောင်းတယ်။ တစ်ခါ တစ်ခါတော့ တော်တော်ဆိုးဝါးတယ်။ သူလေး ကတော့ တကယ် အရုပ်ပဲ။ သူဆင်သမျှ အ၀တ်တွေ ၀တ်တယ်။ သူကျွေးသမျှ အစားကို စားတယ်။ သူနေခိုင်းတဲ့ နေရာကို နေရတယ်။ ဦးဆောင်တဲ့သူ လို့  သူ့ ကိုယ့်သူ ခံယူထားတာနဲ့  အမျှ သူလေးကို လည်း တအားခိုင်းတယ်။ ဒါပေမယ့် သူလေး မညီးညူရှာ။ သူနဲ့ သာဆိုရင် ဘယ်လို ဖြစ်ဖြစ် သွားမယ်လို့  ဆုံးဖြတ်ထားလေသလား။

တစ်ခါတစ်ခါတော့ မညီးညူးဘူး ဆိုသော်ငြား သူလေးက ဟန်မဆောင်နိုင်တဲ့ အခါတော့ သူလေးလည်း မတတ်နိုင်။ ဦးဆောင်သူကို မတောင်းပန်ပေမယ့် သူလေးလည်း တ၀ါးဝါး သန်းပြ တယ်။ မျက်စိလေးကို ပိတ်ပြတယ်။ အဲတော့ မှ ဦးဆောင်သူက အလိုက်မသိ တသိ အနား ယူခိုင်း တယ်။ ဒီလိုနဲ့ ဘဲ သူနဲ့ ပါတ်သက် သမျှ တစ်ခါမှ သူလေး စိတ်မဆိုးဘဲ နေလာခဲ့ပါတယ်။

အဲ- တစ်ခါတစ်ခါ သူလေးနဲ့  မတည့်တဲ့အစာတွေကို သူကျွေးတယ်။ သူလေး ဒါစားရင် ဒီလို ပြဿနာ ဖြစ်တယ်ဆို သိရဲ့ နဲ့  မေ့ချင်ယောင် ဆောင်တာလား။ မေ့တာလားကို သူလေးလည်း နား မလည်။ တကယ်တော့ ဦးဆောင်သူ ဆိုရင် စဉ်းစားသင့်တာပေါ့နော။ အစားသောက်နဲ့  ပတ်သက်လို့  လည်း သူ့  ကို တစ်ခါမှ စိတ်မတိုခဲ့ပါဘူး။ သူလုပ်သမျှ ကျေနပ်တယ် မကျေနပ်ဘူး ဆိုတာလည်း မရှိပါဘူး။

ခံရရင် အတူတူပဲလေ။ ကိုယ်ခံရတာ ဆိုပေမယ့် သူလေးကို မြင်လို့  သူ စိတ်ချမ်းသာမှာ မဟုတ်ဘူး ပေါ့။ တကယ်တော့ ဖြစ်လာရင် သူ့ အလုပ်ကိုလည်း သူ စိတ်ချမ်းမြေ့ စွာ မလုပ်နိုင်ဘူး။ သူလေး ရှိလို့  သူလည်း အလုပ် ဖြစ်တာ။ သူလေး သာ တစ်ခုခု ဖြစ်ကြည့်ပါ့လား၊ သူ ဘာမှလုပ်ရမှာ မဟုတ်ဘူး။ သေချာတယ်။ သူလေးကိုလည်း သူက တကယ် ဂရုစိုက်သင့်တယ် ဆိုတာ အမှန်ပဲ။

ခုတော့-တော်တော် သဘောပေါက်လောက်ပါပီ။ အဲလို ဖြစ်မှ သူကဆေးတိုက်တာ။ အဲဒီအချိန်မှာ သူလေး မင်းမြန်မြန်ကောင်းစမ်းလို့  ပြောလို့  သူလေး က နားထောင်ချင်ပေမယ့်။ သူလေးမှာ သူပြု ထားတဲ့ အမှု သူဘဲ ပြုစုမှ ပြန်ထောင်နိုင်တာပေါ့။ သူလေး က သူက ဒီဆေးသောက်ဆိုမှ သူလေးက သောက်ရတယ်လေ။သူလေးနဲ့ သူ တကယ် ခွဲခြားမရဘူး။

သူလေးနဲ့  သူ တကယ့်ချမ်းမြေ့တဲ့စုံတွဲ လေးဖြစ်အောင် သူ့ ကိုလည်း အသိ သတိရှိပါစေ လို့  ဆုတောင်းချင်လိုက်တာ။ ဒါပေမယ့် အဲလိုလည်း သူ လေး မှာစိတ်က မရှိ ဖြစ်နေတယ်။ ခုတော့ မထူးတော့ပါဘူး အနာခံ ရင်လည်း အတူ အသာစံ လည်း အတူ ပဲရှိပါစေတော့။ နာတယ် သာတယ် ထည့်မတွက် တတ်တဲ့သူလေးပါပဲ ။ ဒီလိုနဲ့  ဘယ်လောက်ထိ တွဲရအုံးမလဲ။ စောင့်ကြည့်သေးတာ ပေါ့လေ၊ ဒီဘ၀တော့ အသက်ရှင် သရွေ့ မကွာစတမ်း လက်တွဲ ရအုံးမှာပေါ့လေ။

အတွဲညီတဲ့ ဒီအတွဲလေးအတွက် ချမ်းချမ်းသာသာပျော်ရွှင် ချမ်းမြေ့စွာ အသက်ရှည်ရှည် ပေါင်းသင်းနိုင်ပါစေ ဟုသာ အတွဲလေး ကို ဆုတောင်းပေးလိုက်ပါတော့တယ်။


မှတ်ချက် ။ ။ဦးဆောင်သူ သို့  သိစေဖို့ ရာ ရေးသားလိုက်ပါတယ်။
ဒီဆောင်းပါးကို(၁၀၊၀၂၊၂၀၁၀)
ဝမ်းပျက်ခြင်း အထိမ်းမှတ်ဖြင့်ရေးသားထားတာ ဖြစ်ပါတယ်။ အစားမတော် တစ်လုပ်- ဆိုရိုးစကား ရှိသား။ တစ်ခါတစ်လေ မဆင်ခြင်မိရင် ဖြစ်တတ်တာမို့  သတိပေးတဲ့ အနေနဲ့  ရေးသားတာဖြစ်ပါတယ်။
ဦးဆောင်တဲ့စိတ်နဲ့  နောက်ကလိုက်ရရှာသော ရုပ်ကို ရည်ရွယ်ပါတယ်။



မြတ်ရောင်နီ
(၁၀၊၀၂၊၂၀၁၀)

No comments:

Post a Comment