Pages

Wednesday, February 17, 2010

ဂျာမဏီမြေပေါ်က ခြေလှမ်းများ- ၁၀

စားဝတ်နေရေး ကျန်းမာရေး
ဆွမ်း (အစား)

ခြေလှမ်းများ (၇)မှာ သင်္ကန်း အ၀တ်နဲ့  ပတ်သက်လို့  ဖေါ်ပြပြီးပါပြီ။ အဲဒီတုန်းက ကလေးတုန်းက ကျက်ခဲ့ဘူးတဲ့ သင်္ကန်း ဆွမ်း ကျောင်းဆေး အစဉ်ရှိတာမို့  သင်္ကန်းကို အစဆုံး ရေးခဲ့ကြောင်း ပြောခဲ့ ပါတယ်။ တကယ်တမ်းတော့ လူတွေရဲ့  ပါးစပ်ဖျားမှာ ပြောသလို စား ၀တ် နေရေး ကျန်းမာရေး ဆိုလည်း မမှားပါဘူး။

ဝိနည်း မဟာဝါ ပါဠိတော်မှာ အများပြောသလို ရဟန်းဖြစ်စ ဥူးဇင်းသစ်လေးကို ဆရာဥပဇ္ဈာယ် တို့ က စာလာအတိုင်း ပြောဆို ဆုံးမတဲ့အခါ အစားကို ပထမဦးစွာ သိမ်က မထွက်မီ အစားသောက်နဲ့ ပါတ်သက်လို့ ဖြေးရှင်းတတ်ဖို့  အတွက် သွန်သင် ပေးလိုက် ပါတယ်။

သွန်သင်ပုံက -
ပိဏ္ဍိယာလောပဘောဇနံ နိဿာယ ပဗ္ဗဇ္ဇာ၊ တတ္ထ တေ ယာဝဇီဝံ ဥဿာဟော ကရဏီယော။
အတိရေကလာဘော သံဃဘတ္တံ ဥဒ္ဒေသဘတ္တံ နိမနန္တနံ သလာကဘတ္တံ ပက္ခိကံ ဥပေါသထိကံ ပါဋိပဒိကံ။
(၀ိနယပါဠိ၊မဟာဝဂ္ဂ ။ စာမျက်နှာ ၁၃၃)

နားလည်လွယ်အောင် ပြောရရင် ကိုယ်ခြေထောက် နှစ်ချောင်းကို အမှီပြုပြီး ဆွမ်းခံစားပါတဲ့။ ဒါကို တစ်သက်လုံး အားတက်သရောနဲ့  ပြုလုပ်ပါ။ ပြီးတော့ ထပ်ပြောတာက တကယ်လို့ များ သံဃာ့ဒါန လုပ်တာ၊ သီးခြားပင့်ကပ်တာ၊ အများနဲ့ ရောပင့်တာ၊ စာရေးတန်မဲဆွမ်း လှူတာ။ ဆယ့်ငါးရက် တစ်ကြိမ် လှူဒါန်းတာ၊ ဥပုသ်နေ့ကုသိုလ်လုပ်တာ၊ ဥပုသ်လွန်တစ်ရက်မှ ကုသိုလ်လုပ်သူရှိရင်လည်း ဘုဉ်းပေးလို့ ရတယ်။ (ဆွမ်းခံသွားစရာ မလိုရင် မသွားနဲ့ လို့  ဆိုလိုတဲ့ သဘောပေါ့။)

ဒါကို ကြည့်သောအားဖြင့် ဆွမ်းခံကို အတတ်နိုင်ဆုံး ဆွမ်းခံဘုဉ်းပေးပါ။ အဲဒါကြောင့်လည်း ရွှေဟင်္သာဆရာတော်ကြီး၊ မစိုးရိမ်ဆရာတော်ကြီးတို့  စတဲ့ဆရာတော်ကြီးများဟာ သူတို့ ရဲ့ ရဟန်း ဘ၀ တစ်သက်လုံး ဆိုသလို ဆွမ်းခံကြွခဲ့ ကြတာပေါ့။သို့ ပေမယ့် ဆွမ်းခံမကြွလည်း အပြစ် မရှိပါ ဘူး။ နောက်ဆက်တွဲစကား ရှိပြီးသားပဲ။

ကိုယ့်ကျောင်းလာလှုတဲ့ သူရှိရင် ဖြစ်ဖြစ် ပင့်ဖိတ်လို့ ပဲ ဖြစ်ဖြစ် ဘယ်လိုဖြစ်ဖြစ် ဘုန်းကံ အလျောက်ဖြစ်ပေါ်လာတဲ့ ဆွမ်းကို ဘုဉ်းပေးလို့ ရတာပါပဲ။ ကျောင်းအသီးသီး မှာလည်း စာသင်တိုက် ဆရာ တော် ကြီးများ ဖြစ်ဖြစ် ရိပ်သာဆရာတော်ကြီးများဖြစ် သူတို့  အလုပ်တွေက မအားလပ်အောင် အလုပ် လုပ်နေ ကြရတာဆိုတော့ ကျောင်းမှာပဲ နေကြရတာပေါ့လေ။

မြတ်စွာဘုရား လက်ထက်ကလည်း ဒီလိုပါပဲ တစ်ပါးဆွမ်းခံထွက်၂ပါးက တရားအားထုတ်ပြီးကျောင်း ကျန်နေခဲ့တာတွေ။ တစ်ပါး ဆွမ်းခံတာကို ခွဲဝေ ဘုဉ်းပေးတဲ့ နေရာတွေ အများအပြားပါ။ခုပြော ချင်တာကဆွမ်းခံထွက်ခြင်း မထွက်ခြင်းကို အဓိက မပြောလိုပါ။ပြောစရာလည်း အထူး မလိုပါ။

ကိုယ့်ရဲ့  ဥရောပမှာ ဆွမ်းနဲ့  ပါတ်သက်လို့  တွေ့ ကြုံနေရတာကို ပြောပြချင်လို့  ရေးလိုက်ခြင်း သက် သက် ပါ။ ရောက်ခါစနေ့ ကပေါ့ ၊ နေ့ ဆွမ်းမှာ ဥရောပ အစားအစာ နဲ့ စတင်ပြီး ကိုယ့်ရဲ့  ၀မ်းကို မိတ် ဆက်ပေးခဲ့ရတယ်။ဆွမ်းဒကာမကတော့ အနီးနေ သူငယ်ချင်းဥူးဇင်း ညီမပါ။ ဟော နောက်နဲ့  မနက် အရုဏ်ဆွမ်းမှာလည်း ဆွမ်းမဟုတ်ပြန်။ ဆွမ်းလို့  ပြောရမည့် ဂျုံကွေကာ အုတ်ဖျော် ဘုဉ်းပေးခဲ့ ရတယ်။

နေ့ ဆွမ်း ဝေဆက်ဒေး ဆိုတဲ့ ကဆုန်လပြည့်နေ့ မှာ ထိုင်းဒါယကာ ဒါယကာမတွေက ကပ်လှူလို့ ဆွမ်းအစစ် ဘုဉ်းပေးခဲ့ရတယ်။ အဲ ဒီလို တစ်ခုချင်ပြောပြရင်တော့ တစ်နှစ်နီးပါးဖြတ်သန်းတာ ပြီးမှာ မဟုတ်တော့ ဘူး။ ဒါကြောင့်မို့ ဆွမ်းနဲ့ ဆိုင်ရာ ဖြေရှင်းခဲ့ရပုံကို လိုရင်းပြောပါတော့မယ်။

ရောက်ကာစ ဆွမ်းခံအိမ်က မယ်မယ်ရရ ၄ ရက်စာအတွက် ရှိတယ်။ ၄ရက်စာ ဆိုတာ တစ်ပတ် တစ်ရက် ဆွမ်းလောင်းတာပေါ့။ ဆွမ်းလောင်းတယ် ဆိုတာ ဆွမ်းကို လောင်းတာမဟုတ်ဘူး။ ခေါက်ဆွဲရတဲ့ အခါရလိုက်။ အားလူး ပြုတ်လုံးထားတာ လှူလိုက်။ မုံလာရွက်၊ သခွါးသီး၊ မုံလာဥနီ စတာတွေရော ထားတာလှူလိုက်။ တစ်ခါတစ်ခါ အသား တစ်ကြီးကြီးတွေ ရလိုက်နဲ့ ။ အဲ မြန်မာ အိမ်နဲ့  စားသောက်ဆိုင်ကတော့ ဆွမ်းလောင်းလို့  တစ်ပတ် ၂ရက် တစ်ခါတစ်ခါ ၃ရက်လောက် ဆွမ်းစား ရတယ်။

တစ်လ နှစ်လ အကြာမှာ ဂျာမန်ဆွမ်းဒကာ ၂ ဦးက အလုပ်ရှုပ်နေတဲ့သူက တစ်ဦး၊ တစ်ဦး အလုပ် ရှာပြီး အလုပ်လုပ်အုံးဆိုတာက တစ်ဦး ဆိုပြီး ဆွမ်းခံ နားသွားတယ်။ အော်...ဘယ်လို ဖြေရှင်းကြမလဲ လို့  စောင့်နေစဉ်မှာပဲ ထိုင်းလူမျိုးတို့  နေ့ တစ်ဓူဝ ဆိုသလို တိုးတိုးလာတယ်။

အဲဒီထဲမှာတော့ ထိုင်းဒကာမကြီး တစ်ယောက်က အတော်လေး ကြောင့်ကြစိုက်ပါတယ်။ ကျောင်းမှာ ရှိတဲ့ ဘုရား ဆိုတာကိုလည်း သူက အလှူလုပ်ထားတာ။ မြန်မာလို ဆိုရင်တော့ ဆွမ်းအမ ၊ ဘုရား အမကြီးပေါ့။ ကိုယ့် အတွက် အ၀တ်လှူတာ လည်း သူပါတယ်။ ကျောင်းလိုအပ်တာ သေးသေး မွှား မွှား တွေလည်း လှူသူပါ။ သူက မကြာမကြာ ဆွမ်းပို့ တယ်။ အဲဒီ ရောက်စအချိန်မှာတော့ သူက တနင်္ဂနွေရက်ဆိုပြီး ယူထားလိုက်တယ်။

အခြားသူ ဆွမ်းကပ်သူ ရှိရင်တော့ အခြားနေ့  ပြောင်းကပ်ပါတယ်။ နောက်ပြီး အရေးပေါ်ဋ္ဌာန ဆွမ်းခံ အိမ်ကတော့ ထိုင်းစားသောက်ဆိုင်ပါဘဲ။ သူကတော့ စနေနေ့  အမြဲတာဝန်ယူပါ တယ်။ မြန်မာ ဒါယ ကာ အိမ် ကတော့ ကြာသပတေးနေ့ ။ အဲလိုနဲ့  သုံးရက် ရှိထဲ ရှိတာနဲ့ ။ နေ့ စဉ်ဆိုသလို ရလိုရငြား မြို့ ထဲ အနှံ့  ပတ်သွားတယ်။

လမ်းမှာ ဆွမ်းခံတယ်လို့ သိသူကတော့ သူတို့ လက်ထဲပါတဲ့ အသီးအနှံလေး တစ်ခါတစ်ခါလှူတယ်။
ဆွမ်းရပ်တယ် ဆိုတာကလည်း မြန်မာနိုင်ငံလို အိမ်ရှေ့  ရပ်လိုကမရ။ တံခါးတွေက အကုန်ပိတ် ထား တာ ဆိုတော့ ။ မုံ့ ဆိုင် ရှေ့ မှာ ရပ်ရတယ်။

ဘုန်းကြီးလုပ်ပြီး ရှက်လိုက်တာ မပြောပါနဲ့ ။ မြန်မာနိုင်ငံမှာဆို မုန့်ဆိုင်ရှေ့ ရပ်ရမယ်လို့ သိမထား ဘူး။ ဒီမှာက မုန့်ဆိုင်မှ မရပ်ရင် ရပ်ရမည့်နေရာ မရှိတော့ဘူး။ ကိုယ်ကရောက်ခါစ လမ်းက မသိ ဆို တော့ သူငယ်ချင်းကိုရှေ့ က သွားစေပြီး ကိုယ်က နောက်ကလိုက်ရတယ်။

အားကလည်း တင်းထားရသေးတယ်။ အိုးကွာ...သူ့ နိုင်ငံ ၊သူ့ မြို့ မှာ သူတောင် ရှေ့ ကရပ်သေးတာ ကိုယ်က ဘာလို့ မရပ်ရဲရမှာလဲပေါ့။ ကိုယ့်ကို သိတဲ့ လူ ဘယ်သူမှ မရှိတာကိုး။ ပြီးတော့ဆွမ်းခံတာပဲ ဘုန်းကြီး အလုပ်ကွ။ အံကိုကြိတ်ထားရတယ်။

ဆွမ်းခံအိမ်က မလုံလောက်တော့ ရောက်ခါစ ရှိသေးတယ်။ တို့ နေရာ ဖြန့် ကျမယ်တဲ့။
အရှင်ဘုရားက ဒီလမ်းသွား တပည့်တော် ဒီလမ်းသွားမယ်ပေါ့။ ကိုယ်က ပြောရတယ်။ နေဦး ။ ခုစောသေးတယ်။ နောက်ဖြေးဖြေးချင်း ဖြန့် တာပေါ့။ ဒကာတွေက မရင်းနီးသေးဘူး၊ ရင်းနီးတဲ့ အခါ ကိုယ်တော်က အိမ်အသစ်ရအောင်ရှာ၊ ကိုယ်က အိမ်ဟောင်းတွေမှာ သွားမယ်ပေါ့။

သူက စိတ်လောတယ်။ ကိုယ့်ကိုလည်း တစ်ပါးတည်း မုန့် ဆိုင်ရပ်ပါတဲ့။ ကိုယ်ကလည်း တစ်ပါးတည်းတော့ မရပ်ရဲ ဘူး၊ ငါက ရှက်တယ်။ တို့  မြန်မာနိုင်ငံမှာဆိုရင် ကိုရင်လေးတွေ၊ကြီးမှ ဘုန်းကြီးဝတ်ကြ တောထွက်တွေသာ ဒီလို ဆိုင်တွေမှာ ရပ်တာလို့  ပြောလိုက်တယ်။ ဘာ ရှက်စရာ လိုလဲတဲ့။ အေး- ရှက်စရာ မဟုတ်ပေမယ့် ငါကကို ရှက်တာလို့  အပြန်အလှန်ပြောခဲ့ရသေးတယ်။

ပြီးတော့ အကြောင်းပြစရာက တစ်ပါးတည်း မရပ်တာကလည်း ကိုယ်တော်တို့ လူမျိုးတွေကို ဂျာမန် လို ရှင်းပြမှ ရမှာကိုး၊ လူတိုင်းမှ အင်္ဂလိပ်လို မတတ်တာ စသဖြင့်ပြောရတာပေါ့လေ။ဒီလိုနဲ့  တစ်ပါး တည်းဆိုရင်တော့ ဆိုင်ရှေ့ မှာမရပ်ပါဘူး။

ဒါပေမယ့် အချို့ လူတွေရဲ့  နားလည်မှု စေတနာ ထားမှုကြောင့် တစ်ခါက ဒကာမကြီးက အလှူခံတာလားတဲ့။ ဟုတ်တယ် အလှူခံနေတာပါ။ ဒါဆို ငွေလှုမယ်ဆိုပြီး ငွေကို ထုတ်ပြတယ်၊ ငွေ အလှူခံတာမဟုတ်ဘူး၊ အစားအသောက် အလှူခံနေတာပါလို့  ပြောလိုက်တဲ့အခါ ဒီလိုဆိုဟိုနားက မုန့် ဆိုင်သွားပြီး မုန့် လောင်းမယ်ပေါ့။ ကဲ သွားသေးတာပေါ့ လို့  ပြောလိုက်တယ်။

အဲ .. စာသာ ဒီ
လိုရေးလိုက်တာ ။ သူပြောတာက ကိုယ့်ဖာသာနားလည်ယူရတာ။ သူ့ အမူယာကို အကဲခတ်ပြီး။ လိုက်ပြောပြီး လိုက်သွားတာ။ အမှန်ပြောရရင် သူပြောတဲ့စကား နားမလည်ဘူး၊ တစ်လုံးစ နှစ်လုံးစ လောက်နားလည်တာပါ။ ကိုယ့်တတ်သလောက် ဂျာမန်လေးနဲ့ တွယ်ရ ပါလေရော။

အဖွားကြီး က သူကအင်္ဂလိပ်တတ်ပုံမပေါ် မုန့် ဆိုင်က ဒကာမကို ဘာလိုလဲ မေးလိုက်ပေါ့။ ကိုယ်လိုတာ သူလှူမယ် ဆိုတဲ့ သဘောပေါ့။ ဒါလည်း နားလည် ယူရတာပဲ။ အင်္ဂလိပ် ဘာသာပြန်ပေးသူက ဘာလိုသေးသလဲ မေးမှ။ ဒါ ဒါ၊ ဟိုဟာ ဟိုဟာလို့  လက်ညိုးညွှန်ပြလိုက်တယ်။ အဲဒါနဲ့  ကဲ ယူပါပေါ့။ ရှင်းပြရတယ်။ ဒီသပိတ်ထဲကို လောင်းထည့်လိုက်ပါ။ ဘုန်းကြီးက ကိုယ့်ဖာသာ မယူရဘူးဆိုတာ သူတို့  သိသွား တာပေါ့လေ။


တစ်ခါကလည်း တစ်ပါးတည်း မီးပွိုင့်နီနေတာ ကားက အရပ်။ ဒကာမငယ်လေး တစ်ယောက်က လိမ္မော်သီး ၇လုံး ၈လုံး လောက် ချဉ်းလေးကို ကားထဲကနေ မြှောက်ပြတယ်။ လာအလှူခံပါလို့  ကိုယ်က သဘောပေါက်လိုက်တာပေါ့။ သွားပြီး အလှူခံလိုက်တယ်။ ပြီးတော့ သူတို့ စကားနဲ့  ဒန့် ကေ လို့  ကျေးဇူးတင်ကြောင်း အနုမောဒနာ ပြုရတာပေါ့။

အဲလိုနည်းနဲ့  လမ်းမှာ သိတတ်သူကတော့ စတောပဲရီယိုဗူးလေး လောင်းသွားတာတို့ ငှက်ပျောသီး လေး တို့  တော့ ရတတ်ပါတယ်။ နေ့ ဆွမ်းအတွက် နေ့ ဆွမ်းဒကာမရှိတိုင်း အရေးပေါ် ထိုင်းစား သောက် ဆိုင် ချည်း သွားရတော့ချည်းလည်းမဟုတ်ပါဘူး။ တစ်ခါတစ်ခါမှာလည်း မြန်မာနိုင်ငံ ကားများကူပွန် စီးရသလို စားသောက်ဆိုင်မှာ ကူပွန်စာရွက် လေးနဲ့  သွားကာ ဆိုင်ကလူတွေက သပိတ်ထဲ လောင်းထည့်ခိုင်း ရပါတယ်။အဲဒါကို မြူးနစ်မြို့ မှ ဒကာမကြီးတစ်ယောက်က လှူပါတယ်။

နေ့ ဆွမ်းအတွက်ကတော့ ခုတော့ ၄ရက် ပြန်ရှိသွားပြန်ပါပြီ။ ထိုင်းဒါယကာ သုံးဦး မြန်မာဒါယကာ တစ်ဦး။ခုတော့ မြူးနစ်မြို့  ၀န်းကျင်မှာ ရှိတဲ့ သီရိလင်္ကာ (သီဟိုဠ် ) ဒါယကာတွေက တစ်လ တစ်ကြိမ် နှစ်ကြိမ် ဆိုသလို တနင်္ဂနွေနေ့ မှာ လာကပ်ကြတယ်။ ခု နောက်ပိုင်းမှာတော့ မြန်မာ ဒကာမတွေ ကလည်း ဆွမ်းစားပင့်ကြ၊ ပြီးတော့ နောက်နေ့ အတွက်ပေါ့ ဆိုပြီး ထည့်ပေးသေးတယ်။ ငရုပ်သီးကြော်ပေးတာမျိုးတွေရောပေါ့။

ခုဟာကတော့ ဆွမ်းကပ်လာသူတွေကလည်း ပိုရင် ပြန်ယူမသွားကြပါဘူး။ နောက်ရက် ဘုဉ်းအောင်ရလို့ ဆိုပြီး ထားခဲ့ ကြရှာတယ်။ အဲဒါကတော့ ဘယ်သူလာကပ်ကပ် ထားခဲ့ကြပါတယ်။ အားလုံးလည်း သိနေကြပါပြီ။ ၀ိနည်း စည်းကမ်း နားလည်သူတို့  ကတော့ အဲလို ဘုဉ်းပေးလို့  ရလား ဘာလား မေးရဲ့ ။ တကယ်တော့ မရပါဘူး။ မရတာကို အပြစ်ပေါ့အောင် နောက်နေ့  ကျရင်အကပ်ခံ သူရှိရင် ပြန်ဘုဉ်းပေးလို့ ရပါတယ်ပေါ့။ အဲလိုနည်းနဲ့  ထမင်းပေါင်းများ( ပြန်လည်ပြီး နွေးပေါင်းစားခဲ့တဲ့) လည်း နေ့ ပေါင်းများစွာ။

မြန်မာဒကာမကတွေကတော့ မေးရှာပါတယ်။ ဆန်လှူထားမယ်လေ တဲ့။ ချက်စားရလို့  မရဘူး လားတဲ့။ အော်... ခုဟာက သာသနာ မကြည်ညိုသေးသူတို့  သာသနာကို သိအောင် ကြည်ညိုအောင် လုပ်နေတဲ့ အချိန်ဆိုတော့ ချက်စားလို့  မရဘူးလို့  ပဲ ပြောလိုက်ပါတယ်။တကယ်လည်းမရပါ။

တကယ်တမ်းတော့ စာသင်ဘ၀ မှာ ဆွမ်းခံထွက်တဲ့ အခါ ရှိခဲ့သလို တစ်ခါတစ်ရံ စာမေးပွဲ နီးရင် ကိုယ်တိုင်ပေါင်းအိုးသုံးပြီးလည်း ချက်ခဲ့တာပါပဲ။ ဒါ့ထက် သီရိလင်္ကာ စာသင်တုန်းကလည်း ကိုယ် တိုင် လည်း ဈေးဝယ်ခဲ့တာပါ။ စာသင်သံဃာ ဘ၀မှာ ကိုယ်တိုင် ချက်ပြုတ် ဘုဉ်းပေးကြရတာပါပဲ။ ခုအခြေနေအရ ကြည့်လှုပ်ရှားရတော့ပေါ့လေ။

အရုဏ်ဆွမ်းမှာလည်း နေ့ စဉ်ဆိုသလို လူဒကာ ဒကာမများ လာကြပါတယ်။ အများစု လာပြီး ကပ်ပေးတာကတော့ ထိုင်းတွေက လေးရက်၊ ဂျာမန်သုံးရက်။ တစ်ခါတစ်ခါ နေမကောင်းလို့ ပါ ဆိုရင် ပျက်သွားတဲ့ အခါတော့ ရှိတတ်သေးတယ်။ အဲဒီ အခါမှာ မုန့် ဆိုင် တစ်ခု မှာ အိန္ဒိယ ဒကာမကြီး တစ်ဦးက ငွေလှူထားတယ်။

အရုဏ်ဆွမ်းကပ် ဒကာ မလာလို့ ရှိရင် ကိုယ်သွားတဲ့ အခါ စာရင်းမှတ်ထားတယ်။တစ်ခါတော့ ကိုယ်က တစ်ပါးတည်း ပိုက်ဆံထည့်ထားတာ သွားအလှူခံမယ်ဆိုပြီး သွားလိုက်တာ ပြောတဲ့စကား နားမလည်လို့ လားမသိ ဘူး။ ဘာမှ မလှူဘူး ဖြစ်နေတယ်။ ဒါနဲ့ ပဲ အနီးနား အင်္ဂလိပ်လို ပြော တတ်ဆိုတတ် ဂျာမန်မလေး တစ်ယောက်က ကိုယ်ပြောတာနားလည်တာနဲ့  ကယ်သွားတယ်။ကဲ-ယူပါ၊ ဘာယူမလဲပေါ့၊ ကိုယ်ကလည်း မုန့် နှစ်ခု ယူမယ်ပေါ့။ ဒါနဲ့  သူ့ ကို မုန့် သပိတ်ထဲ ထည့်လိုက်တယ်။ ပြီးတော့ သူက အိုကေ ကောင်းပြီ၊ နှုတ်ခမ်းကို သွားလေးနဲ့ ကိုက်ပြီး ၀မ်းသာတဲ့မျက်လုံးနဲ့ မျက် လုံး မှိတ် ပြသေးတယ်။အော် ဆွမ်းအမ လှုရတာ ပျော်တဲ့ အမူရာလို့  နားလည်လိုက်ပါတယ်။

နောက်ပြီး ကိုယ်နဲ့  နေတဲ့ ကိုယ်တော်က မရှိသခိုက်၊ ကိုယ်က အရုဏ်ဆွမ်းဒကာ က မလာ၊ ဒါနဲ့  ခါတိုင်းလို ထင်လို့  ပြောတာပေါ့။ ဒီမယ် ငွေကုန်နေပြီတဲ့။ နောက်ထပ် ထပ်ဖြည့်ပါလိမ့်မယ် ပြော လည်း မရတာနဲ့  ၊ အသာလေး ပြန်လာခဲ့ရတယ်။ ကိုယ်မှ မပိုင်တာကိုး။ ဒီလိုနဲ့  ဗိုက်ဆာဆာနဲ့  စောင့် ခဲ့ရ တယ် နေဆွမ်းကိုမျှော်ပြီး။

ကံကောင်းထောက်မစွာ ကျောင်း ရှေ့ မှာ အလုပ် လာတဲ့သူ တစ်ယောက် ကိုးနာရီ လောက်ပေါက် လာတယ်။ ဒကာကို ရှင်းပြခဲ့တယ်။ ငါတို့  ဘုန်းကြီးတွေက အကပ်မခံရင် မစားကောင်းဘူး။ ဘီရို ထဲမှာ မုန့် ထဲရှိတယ်။ ကူညီနိုင်ပါသလားပေါ့။ ရပါတယ်၊ ကူညီမယ် ဆိုပြီး သူက ကပ်ပါတယ်။

နောက် သူအတွက်လည်း ဒကာလည်း စားပေါ့ ဆိုပြီး စွန့် လိုက်ပါတယ်။ ဒီလိုနဲ့ သူက နောက်နေ့ လည်း အလုပ်လုပ်တာ ဆိုတော့ ဒီနေ့  အရုဏ်ဘုဉ်းပြီးလားတဲ့။ အင်း ဘုဉ်းပြီးပါပီဗျာပေါ့။ ဂျာမန် ဒကာအလုပ်သမားပါ။ သူနဲ့  စပ်မိ စပ်ရာ စကားပြောကြည့်တော့ ဂုရုကြီး ဂိုအင်ဂါ ထံ မှာ တရားထိုင် ဖူးတယ်။ ဘုန်းကြီးအကြောင်း နားလည်သူမို့  အထူး ရှင်းစရာ မလိုခဲ့တာပါ။

ခုတော့ မြန်မာပြည်ကနေ လူကြုံရှိတယ် ဥူးဇင်း ဘာထည့်ပေးရမလဲ ဆိုပြီး ရဟန်းဒါယိကာမ ကြီးလည်း ပြောရှာတယ်။ ဒကာမကြီးရယ် စာအုပ်ပဲ လိုတယ်၊ စားစရာက ရပါတယ်။ ဒီမှာလည်း စားနေရတာပဲပေါ့။သို့ သော် လက်ဘက်ထည့်ပေးလိုက်မယ်၊ ပုန်းရည်အခြောက်ထုပ် ထည့်ပေးလိုက် မယ်တဲ့။ ထည့်ပေးပါတယ်။ ကိုယ်ကလည်း မငြင်းပါတော့ဘူး ၊ အင်း ထည့်ပေးလိုက်ပေါ့လို့ ။

ခဏအလည်လာတဲ့ မြန်မာဒကာမကလည်း ဥူးဇင်း မြန်မာအစားသောက်တွေ ဝေးနေတော့ လွမ်းနေမှာပေါ့ ဆိုပြီး ဆွမ်းလာကပ်။ ပြီးတော့ တပည့်တော် ဟောင်ကောင်ကို နေတာဘုရား စား စရာ လှမ်းပို့ လိုက်မယ်တဲ့။ ဒကာမရယ် နေပါစေ။ ဒီလို နေလာတယ် ကြာခဲ့ပါပြီပေါ့။ ဒကာမကလည်း မဟုတ်ဘူးဘုရား ၊တပည့်တော် ညီမတွေ ဆီလည်း ပို့ တာပဲဘုရား။ လွယ်တယ်ဘုရားတဲ့။ အင်း .. ဒါဆိုလည်း လုပ်လိုက်လေဗျာပေါ့။ ကိုယ်ကလည်း ဒီလို စေတနာကို သိပ်ငဲ့တတ်တာ။ အဲ ဒါနဲ့  စား စရာပို့ လိုက်ပါလေရော။

အဲလိုပဲ အနီးဝန်းကျင်မှာ ရှိတဲ့ မြန်မာဒကာမကလည်း တပည့်တော် ဆွမ်းလာကပ်တဲ့ အခါ ဘာလုပ်
်ခဲ့ရမလဲ၊ငြုပ်သီးကြော် အရင်တစ်ခါလို ကောင်းလား၊ ကောင်းတယ်ဗျ၊ မကောင်းဘူးပြော ဘယ်ဖြစ် မလဲ။ ဘုန်းကြီးပဲ။ အဲဒါဆို ငြုပ်သီးရရင် ကြော်ခဲ့ မယ်ပေါ့။အင်းပေါ့လေ။ ဘုဉ်းရသေးတာပေါ့။ အဲလို လေး တွေ ဂရုစိုက်ကြပါတယ်။

လာတဲ့လူတိုင်းကတော့ လူတိုင်းကတော့ ဘာလိုလဲ အမြဲမေးကြ၊ လိုတဲ့ အခါ ပြောပါဘုရား ဆိုတာ က တော့အားလုံးက ဖိတ်မံထားတာကြတာပါ။ ဒါပေမယ့် ရဟန်းဆိုတော့ အတောင်းအရန်း သတိ ထားရတယ်။ တစ်ချို့  ဒကာဒကာမတွေကဘာလိုတယ် ၊ ညာလိုတယ် ပြောပြီး အလှူခံတာ သဘော ကျတယ်။ တစ်ချို့ က မတောင်းလို့ ကို လှူချင်ကြတယ်။ လှူကြတယ်။

ဆွမ်းအတွက် မြန်မာနိုင်ငံလို လွယ်လင့်တကူ မရတာကတော့ သေချာတယ်။ ဆွမ်းခံပြီး ပူပူနွေးနွေး လော လော လတ်လတ်ကတော့ မြန်မာနိုင်ငံမှာပဲ ဖြစ်နိုင်တယ် ကိုယ့်အတွက်ထင်ပါတယ်။ ဒီက တော့ ပြန်နွှေး ပြန်ပေါင်းရတယ်။ရောက်ခါစကတော့ ဆွမ်းစားရတာကို ဘာဟင်းမှ မပါပါ ကျေနပ် မိတယ်။ တင်းတိမ်သွားတယ်ပေါ့။

နောက်တော့ဘာပဲ ဖြစ်ဖြစ် ကျင့်သားရပါပီ။ အရုဏ်ဖြစ်ဖြစ် နေ့ဆွမ်းဖြစ်ဖြစ် အစားအာဟာရ ဗိုက်ပြည့်ဖို့ ပဲ အဓိက ထားတော့တယ်။ အလုပ်လုပ်ဖြစ်ရင် ပြီးတာပါပဲ။ ဒါကြောင့်လည်း-
မြတ်စွာဘုရား က ဆွမ်းမစားမီ ဆင်ခြင်ကြဖို့  ရာ ပဋိသင်္ခါ ယောနိသော ပိဏ္ဍပါတံ ပဋိသေ၀ါမိ ... စသဖြင့် ပညတ်တော်မူထားတာပါ။

ဆရာတော်ကြီးများက မှတ်မိလွယ်အောင် ဆောင်ပုဒ် သီကုံးထားပါတယ်။
ဆောင်ပုဒ်- ဤသည့်စားဖွယ်၊ အမယ်မယ်ကို၊ မြူးရယ်မာန်ကြွ၊ လှပရေဆင်း၊ ပြည့်ဖြိုးခြင်းငှါ၊ မသုံးပါဘူး၊ လေးဖြာဓာတ်ဆောင် ၊ဤကိုယ်ကောင်သည်၊ ရှည်အောင်တည်လျှက်၊ အသက်မျှတမ်း ၊ မမောပန်းငြား၊ ဘုရားသာသနာ၊ကျင့်နှစ်ဖြာကို၊ ကျင့်ပါနိုင်စေ၊ ဝေဒနာဟောင်းသစ်၊ မဖြစ်စေရ၊ ယာပိုက်မျှလစ်၊ ခပ်သိမ်းပြစ်ကို၊ မဖြစ်လေအောင်၊ ချမ်းမြေ့အောင်ဟု၊ သုံးဆောင်မှီဝါပါသတည်း။

ဆိုတာလိုတာ အကျဉ်းချုပ်က စားသောက်ဖွယ်ရာ စားတာမှန်သမျှ လှပဖို့  မဟုတ်၊ ဓာတ်ကြီး လေးဖြာနဲ့  တည်ဆောက်ထားတဲ့ ကိုယ်ကြီး တည်တန့် ဖို့  ၊ ဘုရားသာသနာ ရဲ့ အလုပ်ဖြစ်တဲ့ ဂန္ထဓုရ- စာသင်စာချ၊ တရားဟော တရားပြ၊ စာရေး ခြင်းစတဲ့အလုပ်၊ ၀ိပဿနာဓုရ- တရားထိုင်ခြင်း တရား မှတ်ခြင်း အလုပ် ဆိုတဲ့ အလုပ် ကို လုပ်နိုင်ဖို့  ပါလို့  ဆင်ခြင်ရတာပါ။

ဒါကြောင့် ဒီဆောင်ပုဒ်ကို တရားစခန်းတို့ မှာ ယောဂီများလည်း ဘုရားသားတော် ရှင်ရဟန်းများနဲ့  မခြား ဆင်ခြင်နေကြပါပြီ။ ဆင်ခြင်လည်း ဆင်ခြင်သင့်တဲ့ တရားပါ။

ခုတော့ မြန်မာအစားစာ၊ ထိုင်းအစားစာ၊ ဂျာမန်အစားစာ၊ တရုတ်အစားစာ ဘာအစားစာ လာလာ တွေ့ တဲ့အစားစာနဲ့  ဗိုက်က တည့်အောင် ပေါင်းနေရှာလေရဲ့ ။ သဗ္ဗေ သတ္တာ အာဟာရဋ္ဌိတိကာ- သတ္တ၀ါတိုင်း အာဟာရမှာ တည်မှီရတယ်။ ဘယ်အစားစာလို့  မသတ်မှတ်ထားပါလား။ဒီလိုနဲ့  အစားသောက်ကို ဖြေရှင်းနေပါတော့တယ်။

မှတ်ချက်။ ။
ကိုယ်ရေးခဲ့တာဟာ တကယ့် ဖြစ်ရပ်မှန်တွေကို အများသိစေဖို့ ရာ ရေးပါတယ်။ မေးလည်း မေးကြပါတယ်၊ ဥရောပမှာ ဆွမ်းခံတော့ ရလို့ လား ဆိုတာ ၊ ခုတော့ ဒီဆောင်းပါးဖတ်လိုက်တာနဲ့ သိသင့်သလောက် သိသွားရောပေါ့ ။ ခုတော့ ဆွမ်းခံအိမ် (၅)အိမ် မြန်မာ တစ်အိမ်၊ ဂျာမန်တစ်အိမ်၊ ထိုင်းသုံးအိမ်၊ ကျန်ရက်များမှာ ပြန်ပေါင်းလေးများ၊ ကြိုးကြားကြိုးကြား ထိုင်းဒါယကာများ၊ သီရိလင်္ကာ ဒါယကာများဖြင့် နေ့ စဉ်ဆိုသလိုပဲ ဆွမ်းကိစ္စအတွက် ဖြေရှင်းသွားနိုင်ပါပြီ။ တစ်ချို့ ကိစ္စတွေမှာ အသေးစိတ်ပြောမှ သိမှာမို လို့  အသေးစိတ်ပြီး စာသားများ မျောသယောင်ဖြစ်သွားတယ်။ ဖိုးသူ တော်မျက်စိလည်လေ ဆန်ရလေ ဆိုသလို စာမျောသွားလေ ဗဟုသုတ ရလေ လို့ သာ စိတ်နှလုံး ကောင်းများဖြင့် ဖတ်ရှုကြလေကုန်။



မြတ်ရောင်နီ
(၁၈၊၀၂၊၂၀၁၀)

1 comment:

  1. သာသနာ မကြည်ညိုသေးသူတို့  သာသနာကို သိအောင် ကြည်ညိုအောင် လုပ်နေတဲ့ အချိန်ဆိုတော့ ,,,
    ဖတ်ရင်းနဲ့ ကြည်ညိုလေးစားမိပါတယ်။ အခုလို သာသနာနဲ့  ဝေးနေတဲ့
    နေရာမှာ သာသနာပြန့် ပွားလာအောင် လုပ်ဆောင်နေတဲ့
    အရှင်ဘုရားတို့ ရဲ့  အားထုတ်မှုကို ကြည်ညိုလေးစားမိပါတယ်။

    ReplyDelete