Pages

Sunday, October 17, 2010

လက်မှတ် ဒေသနာ အတွေး

လက်မှတ် ဒေသနာ အတွေး




ရထား လက်မှတ် များ




ဂူရှိုင်း ခေါ် ကူပွန်ဆွမ်းစားလက်မှတ်


လက်မှတ် ဒေသနာ အတွေး


များသောအားဖြင့်
လူတိုင်း လူတိုင်းသည် တစ်စုံတစ်ရာကို တွေ့ ပြီးဆိုတာနဲ့ 
ကိုယ်လိုရာကို ဆွဲတွေးကြပါတယ်။
ဆွဲပြောကြပါ တယ်။

ပေါသီလောသီ ပစ္စည်းမျိုးတွေ့ တဲ့ အခါ
ဒါတွေသာ ငွေဖြစ်လိုက်ရင် ငါတော့ အညိမ်းပဲ။ ဇိမ်ပဲပေါ့။



စားစရာ ပန်းသီးတွေ့ တာတောင်မှ သီချင်းရေးစပ်သူ
လက်ထဲရောက်သွားတဲ့အခါ အချစ် သီချင်းဖြစ် တဲ့
အထိ တွေးသွားတယ်။ ကလေးတွေ အပျော်ဆော့တဲ့
ကောင်းကင်ပေါ် လွင့်တက်နေတဲ့ စွန်
တောင်မှ
မာနမထောင်ဖို့  သီချင်းစပ်ဆိုသူက တွေးကာ ရေးစပ်တယ်။


လမ်းဘေးမှာ ဘေးမဲ့ပေးထားတဲ့ ဘဲအုပ်ကိုမြင်တဲ့အခါ
အသတ်ဖြတ်ဝါသနာပါပြီး စားချင်တဲ့သူက ဘယ်သူမှ မသိရင်
သတ်ပြီး ဘဲပေါင်း လုပ်ရရင် ကောင်းမှာပဲလို့  တွေးသူကတွေး။


ရည်းစားရှိတဲ့သူက ကိုယ့်ရဲ့  ချစ်တဲ့သူနဲ့  ဝေးတဲ့အခါ
နဲနဲပါးပါး ဆင်သူကိုလည်း ငါ့ချစ်သူနဲ့  တူတယ်၊
ငါ့ချစ်သူလား မသိဘူးလို့ တွေးလို့ တွေး။


ဆံပင်မပေါက်လို့  ခေါင်းပြောင်နေတဲ့သူ၊
အဲဒီသူက အပေါ်က သင်္ကန်းရောင် ၀တ်ထားတာကို တွေ့ ပြီး
အထင်ဖြင့် ဘုန်းကြီးရှားတဲ့နေရာမို့ ဘုန်းကြီးပဲ လို့ 
ဘုန်းကြီး ဖူးတွေ့ ချင်စိတ်ရှိသူရဲ့  စိတ်ထဲမှာ တွေးသူကတွေး။


အတွေးပေါင်းများစွာတွေ၊ တစ်ခုချင်းပြောရရင် ကုန်နိုင်တန်ရာမရှိ။
အကျဉ်းချုပ်ဆိုရသော် တစ်စုံ တစ်ခုကို မြင်တိုင်း
ကိုယ်လက်လှမ်းမီရာ ၊ ကိုယ့်စိတ်ထဲ ပေါ်လာရာကို
ဆွဲတွေးတတ်ကြပါတယ် လို့  တွေးမိတယ်။


(၁၇ ၊ ၁၀ ၊ ၂၀၁၀ ) ဒီနေ့  ခရီး တစ်ခုက ပြန်လာခဲ့ပါတယ်။
ခရီးစဉ်က Freiburg/ Stuttgart/München/ Freising
ရောက်တဲ့ အထိ ခရီးစဉ် တစ်ခုပေါ့။

ဝါတွင်းကာလ အစက ရဟန်းတော်များ ၀ါဆိုရမယ်။ ၀ါဆိုပြီးရင် ၀ါတွင်း ခရီးမသွားရ ဆောင်းပါး ရေးခဲ့ပါတယ်။ အဲဒီ ရေးပြီးတဲ့နောက် ဒကာမ တစ်ဦးက ၀ါတွင်း ဆွမ်းစားပင့်ပြီး တရားနာလိုပါတယ် ကြွလို့  ရပါသလား မေးတာနဲ့  ဒါနဉ္စ ဒါတုံ ၊ ဓမ္မဉ္စ သောတုံ ၊ ဘိက္ခူ စ ပဿိတုံ။ အလှူလုပ်ချင် ၊ တရားနာချင် ၊ ရဟန်းတော်တွေ ဖူးတွေ့ ချင် ဆိုတဲ့ အကြောင်းသုံးချက်ရှိရင် ကြွလို့  လို့  ရကြောင်းနဲ့  အခြား အကြောင်းများကိုလည်း ရေးပြီး ရှင်းပြလိုက်ပါတယ်။ အဲဒီ ခရီးပေါ့။


ခရီးသွားပြီ ဆိုတော့ ရထားလက်မှတ်လိုသလို ၊ လမ်းမှာ ဆွမ်းဘုဉ်းဖို့  သို့ မဟုတ် ကော်ဖီ မုန့် ၊ ရေ စတာ တွေ အတွက် မဖြစ်မနေလိုပါတယ်။ အဲဒီလိုတဲ့ အတွက်ကြောင့်လည်း အလှူဒကာ ဒကာမတို့ က ကြိုတင် ကာ ရထားလက်မှတ် ဆွမ်းစား လက်မှတ်တို့ ကို စာတိုက်ကနေ ပေးပို့ လှူဒါန်း ထား တယ်ပေါ့။ အဲဒီတုန်းက မတွေးမိသေး။

အပြန်ခရီး ရောက်တဲ့အခါ ရထားလက်မှတ်နဲ့  ဆွမ်းစားလက်မှတ်ကို ကြည့်ပြီး တရားစာပေထဲ ထဲ ကြည့်ပြီး တွေးဖြစ်ပါတယ်။

ခု လမ်းခရီးက တစ်ဆင့် မှ တစ်ဆင့် စီးရတဲ့ခရီးပါ။ တစ်ဆင့်ထဲ ရောက်တဲ့ ခရီးမဟုတ်လေတော့ တစ်ခုနဲ့  တစ်ခုက အကျိုးအကြောင်း ဆက်သွယ်မှု ရှိတယ်ပေါ့။ Freiburg မြို့ ဘူတာက စီးခဲ့မှ Stuttgartမြို့  ဘူတာရောက်မယ်။ အဲဒီဘူတာကနေ ပြောင်းပြီး အခြား Münchenမြို့  ဘူတာ ပြောင်းစီးရမယ်။ အဲဒီနောက်မှ Freisingမြို့ ဘူတာထိ ပြောင်းစီးရတယ်ပေါ့။ ပထမဆုံး တစ်ခုကို မစီးတာနဲ့  နောက်က ဘူတာတွေလည်း ဘယ်မှာ ရောက်မှာမဟုတ်ပါဘူး။ ပြီးတော့ လွဲစီးခဲ့ရင်လည်း ရောက်မှာ မဟုတ်ဘူး။ ( အရင် အခြားနေရာမှာ ကိုယ့်တွေ့  လွဲစီးဖူးသည်)။

ကိုယ်တွေးမိတာက ဒီလိုပါ-
မြတ်စွာဘုရား ဟောထားတဲ့ ဘူတာလမ်းဆုံးက နိဗ္ဗာန်ပါ။ ဒီနေရာ Freising ပေါ့။ Freising ဆိုတာ လွတ်မြောက်ခြင်းလို့  ဂျာမန်ဘာသာ ပြန်ရပါ့မယ်။ ပြီးတော့ စစီးခဲ့တဲ့ ဘူတာကလည်း Freiburg တဲ့။ Freiburg ဆိုတာကလည်း လွတ်မြောက်တဲ့ကုန်းတော်လို့  အဓိပ္ပါယ်ရှိပါတယ်။ ကဲ ကျန်ဘူတာတွေ ထားတော့။( အဟဲ... မသိတော့ဘူး အဓိပ္ပါယ်။ ပွင့်ပွင့်လင်းလင်း ရှက်လိုက်တာ )။

လွတ်မြောက်တဲ့ကုန်းတော်လို့  အဓိပ္ပါယ်ရှိတဲ့ နေရာ ကို တရားစာပေထဲ တွေးကြည့်တဲ့ အခါ သီလ ကို တွေးမိပါတယ်။ ဟုတ်ပါတယ်။ သီလရှိရင် အပါယ်တံခါးပိတ်တယ်။ သီလရှိရင် လိုချင်ရာ ဖြစ် တယ် စသဖြင့် သီလရဲ့  အကျိုးများစွာကို အတော်များများ ဟောထားပါတယ်။ နိဗ္ဗာန်ရဲ့  လမ်းစ ၊ လွတ်မြောက်ဖို့ ရာ သီလမရှိပဲ မဖြစ်ကြောင်း ပြောဟောထားပါတယ်။

အဲဒီဘူတာပြီးရင် နောက်ဘူတာကိုတော့ သမာဓိလို့  တွေးမိတယ်။ ဘာလို့ လဲဆိုတော့ ပထမ ဘူတာစီးခဲ့မှ ဒုတိယဘူတာကို စီးလို့ ရမှာပါ။ အဲလိုပဲ သီလရှိမှ သမာဓိ ရှိသလိုမျိုးပေါ့။ ဥပမာ- ရာဇ၀တ်မှု ကျူးလွန်ထားသူ တစ်ယောက် ကိုယ့်သီလ ကိုယ်မလုံ၊ ကိုယ့်လိပ်ပြာက ကိုယ့်ပြန်ခြောက်ပြီး တည်ငြိမ် အေးချမ်းဖို့ ရာ မလွယ်တာကို မြင်သာအောင် ကြည့်ကြည့်ပေါ့။


နောက် တတိယဘူတာကိုတော့ ပညာလို့  တွေးမိပါတယ်။ ဘုရားရှင်ကလည်း သမာဟိတော ယထာဘူတံ ပဇာနာတိ၊ တည်ငြိမ်တဲ့ ရေ၊ ကြည်လင်တဲ့ရေဟာ အောက်မှာ ရှိတဲ့ ကျောက်စရစ် ခဲက အစမြင်ရသလို သမာဓိရှိတဲ့သူရဲ့  စိတ်ဟာ အမှန်ကိုအမှန်တိုင်း စိတ်အားဖြင့် မြင်နိုင်ပါတယ်။ အသိ အားဖြင့်မြင်နိုင်ပါ တယ်။

အဲ... နောက်ဆုံး ဘူတာကိုတော့ နိဗ္ဗာန်နဲ့ တူတယ်ပေါ့လေ။ လွတ်မြောက်ခြင်းပေါ့။ ကိုယ်လိုရာ ခရီးက လည်း ဆုံးသွားပါပြီ။

ခရီးသွားရာမှာ အစီစဉ်တိုင်း ရထား လက်မှတ်ပါရင် ခရီးလမ်းဆုံးထိရောက်နိုင်ပါတယ်။ သို့ သော် လမ်းမှာ တော့ စားဖို့  သောက်ဖို့  မပါသေးဘူး။ စားစရာ ဆွမ်းစားလက်မှတ်ဖြစ်တဲ့ ကူပွန်ပါတဲ့ အခါ လမ်းမှာ ကိုယ် လိုရာ သုံးဆောင်နိုင်ပြီပေါ့။ ဥပမာ- ဒီနေ့  ကူပွန်ကိုပေးပြီး တစ်ခု တစ်ခွက် လ္ဘက်ရည် ပွဲတည်းခင်းခဲ့ သလိုပေါ့။

ဒီလိုဆိုတော့ ကူပွန်ပါရင် မျက်နှာမငယ်တော့ဘူး၊
ကိုယ့်လက်ထဲရှိပြီ ဆိုတာနဲ့  စားချင်ရင်စား ၊
သောက်ချင်ရင်သောက် လမ်းခရီးကို ရဲရဲ တင်းတင်း သွားရဲပြီပေါ့။


အဲဒီလိုပါပဲ နိဗ္ဗာန်ထိမှန်းပြီး သွားနေကြတဲ့ ခရီးသွားဟာ
ဒါနဆိုတာဟာ နိဗ္ဗာန်ရောက်ဖို့  အရေး
အဓိက မကျဘူးလို့ 
ထင်ဖွယ်ရှိသော်လည်း နိဗ္ဗာန်မရောက်မီ လမ်းခုလတ်မှာတော့
မျက်နှာမငယ်၊ စားဖွယ်
သောက်ဖွယ် ပြည့်စုံဖို့ 
ဒါနလည်း လိုပါလားလို့  တွေးမိပါတယ်။



လိပ်မျိုးတော့ မဟုတ်ဘူး။

ဘုန်းကြီးမျိုး ၊ တရားစာပေမျိုးနော်...။


မှတ်ချက်။ ။ခရီးသွားလိုက်တာနဲ့  စာမရေးဖြစ်ခဲ့။
အပြန်မှာ ကိုယ့်အတွေးရှိတိုင်းရေးလိုက်ပါသည်။

ကူပွန်နှုင့် ရေနွေးပွဲသာ တည်ခင်းသည်မှာ
ဆွမ်းကြော်လှူပြီးသည်မို့ ။




မြတ်ရောင်နီ

( ၁၇ ၊ ၁၀ ၊ ၂၀၁၀ )



.

2 comments:

  1. အတွေးကောင်းလေးကို ဖတ်သွားပါတယ်ဘုရား။

    ReplyDelete
  2. ဟီးးး
    ပေါက်ပြားမျိုး မဟုတ်ပေလို့။

    ReplyDelete