Pages

Saturday, May 15, 2010

အရေးကြီးလို့ လား

အရေးကြီးလို့ လား

စကား စကား ပြောပါများ။ စကားထဲက ဇာတိပြ။ တရားတရား ဟောပါများ တရားထဲက ပါဠိရ။
ခုတော့ စကား စကား ပြောပါများ စကားထဲက ဆောင်းပါးရ လို့  ဆိုးရိုးသစ် ထည့်ရမယ်။


ဖြစ်ပုံက ဒီလို-
ဂျာမန်သူ စစ်စစ် နှစ်ယောက်လာပါတယ်။ လာမယ်ဆိုတာကို ဂျာမန်တို့  ထုံးစံအတိုင်း ဘယ်အချိန်လာပါမယ် ဆိုတာ အတိကျ ချိန်းထားရတယ်။ ချိန်းထားမှုမရှိလျင် ကျောင်း သံဃာရှိ မရှိ ၊ ဘယ်အချိန် ဘာလုပ်တယ် ဆိုတာလည်းမသိ။ လာလို့  ရ၏။ မရ၏ လည်း မသိနိုင် ။

ပြီးတော့အလုပ်ရှိရင် အားနာရမယ်လေ။ အားနာစရာမလိုရအောင် ချိန်းကို ချိန်းထားရပါတယ်။ အရေးကြီးတယ်ပေါ့။ ဒီနေ့  နေ့ လည်၂ နာရီ တိတိမှာလာမယ်ဆိုပြီး ချိန်းထားတယ်။ ၂ နာရီ ချက် ဘုရားရှိခိုး ကျောင်းမှ နာရီစဉ်မှ ၂ ချက်ပြီးသွားတာနဲ့ အဟုတ် အတိကျ ရောက်လာပါတယ်။ လာတော့ ကိုယ်လည်း ဧည့်ခံစကား ပြောရပြီပေါ့။

သူတို့ ကလည်း နှစ်ယောက်လာ။ ကျောင်းမှာ နှစ်ပါးရှိတာ ဆိုတော့။ စကားကို အသီးသီး သင့်တော်သလို ပြိုင်ပြော နေကြရတယ်။ စကားပြောလို့ လဲ ကောင်းပ့ါ။ ကိုယ်ကလည်း ဒီရောက်တာ တစ်နှစ်၊ ဂျာမန်စာ လေ့လာတာလည်း တစ်နှစ်နီးပါး ဆိုပေမယ့် သူပြောတဲ့စကားကို ၏ သည် မလွဲ နားလည်ပါတယ်။ တစ်ခါတစ်ခါ ကိုယ်ကတောင် ပြင်ပေးရသေးတယ်။ အဟဲ။ တကယ့်ကို နားလည် တာ။ ကြွားတယ်မထင်နဲ့ ။

သူတို့  ၀င်လာပြီဆိုတာနဲ့  လာပါ။ ထိုင်ပါ ပေါ့။ မင်္ဂလာပါ လို့ နှုတ်ဆက်လိုက်သေးတယ်။ ဘယ်ရမလဲ ။ ငါကွ။ မြန်မာလို နှုတ်ဆက်ထည့်လိုက်တာ။ ပြီးတော့ သူ့ အကြောင်းကိုယ့်အကြောင်း ပြောကြ ဆိုကြတာပေါ့။

ကိုယ်နဲ့  ပြောတဲ့သူ တစ်ယောက်က ကိုယ့်ကို မေးပါတယ်။ ဒီရောက်တာ ဘယ်လောက်ကြာ ပြီလဲတဲ့။ တစ်နှစ်ကျော်ကျော် လေး ရှိသွားပြီ။ အဆင်ပြေရဲ့ လားတဲ့။ အားလုံး ကောင်းပါတယ်ပေါ့။
အားလုံးကောင်းတာ ဆိုတဲ့ အကြောင်း ကိုယ့်ရဲ့  လုပ်ဆောင်ချက် ပြောပြတယ်ပေါ့။ တစ်လ တစ်ကြိမ် မြူးနစ်မြို့ မှာ တရား ဟောတာ။ နှစ်ပတ်တစ်ကြိမ် သင်တန်းဖွင့် ထားတာ။ ပါဠိ သင်တန်းတောင် ဖွင့်မလို့ ဆိုတာလည်း ကြို ပြောလိုက်သေးတယ်။ သူလည်း ကိုယ်ပြောတာကို အတိကျ နားလည် ပုံပေါ်တယ်။ နားမလည်ရင်တော့ ကိုယ်လောက်မတတ်လို့ ပဲ။

ပြီးတော့ ကိုယ်က ဆက်ပြောပါတယ်။ ဒီကို ရောက်တာ တစ်နှစ်ကျော်ကျော်ဆိုပေမယ့် ၂၀၀၇ ခုနှစ်ကတည်းက နိုင်ငံခြား ထွက်လာခဲ့တာ။ သီရိလင်္ကာကို ပညာတော်သင်ပေါ့ဗျာ။ အဲမှာ နှစ်နှစ် နေ တုန်းမှာ ဂျာမန် ဥူးဇင်းနဲ့  တွေ့ လို့  သူက မြန်မာလို ရေးတတ်ချင်တယ်။ ပါဠိလိုလားတယ်။ အဲဒီလို လိုးလားလို့  ဥူးဇင်းက သင်ပေးတာ။ ဥူးဇင်းကလည်း ပါဠိနဲ့ ပါတ်သက်လို့ ရှိရင် ပြောရတာ ၀ါသနာပါ တယ်လေ။ ခု ဂျာမန် ဥူးဇင်းက မြန်မာလို ပါဠိကိုလည်း ဖတ်တတ်တယ်။ မြန်မာစာ မြန်မာစကား တော့ မဖတ်တတ်၊ မရေးတတ်ဘူးပေါ့။


အော်... တင်ပါ့၊ ဟုတ်တယ်ဘုရား။ မြန်မာစာက ခက်တယ်။ ပါဠိက လွယ်တယ်။ ဖတ်လို့ ပြုလို့  အသံတို အသံရှည်ပဲ ရှိတာကိုး။ ကဲ.. မြန်မာလူမျိုး လူတွေများနဲ့ တော့ ကွာပ။ ပါဠိဆိုရင် ခက်တယ် ခက်တယ် ပြောတယ်။ မဂျာမန်က ပါဠိက ဖတ်လို့  လွယ်ပါသတဲ့။

ပြီးကျတော့ ကိုယ့်ရဲ့ ရည်ရွယ်ချက်ကို အမှန်တိုင်း သူ့ ကို ပြောပြပါတယ်။ ဒီကို လာတာက ဒီဥူးဇင်းက ပင့်လို့ သာသနာအတွက် ကျယ်ပြန့် ဖို့ ကူညီညာပြီး လုပ်ရအောင်ရယ်။ ကိုယ့် အတွက် ပီအိတ်ချိဒီ လုပ်ဖို့  လာခဲ့တာ။ ဒါကြောင့် ဂျာမန်စကား လေ့လာနေတာပါ။

သူက ပြောပါတယ်။ ပီအိတ်ခ်ျဒီ က အရေးကြီးလို့ လား-တဲ့။ အင်း... ဒုက္ခော။ အေးပေါ့လေ။ အရေးကြီးလို့ လား ဆိုတော့ ဒီလိုဗျ။ မြန်မာပြည်မှာ နေရင် ပီအိတ်ခ်ျဒီ က လိုတယ်။ လူတွေ အတော် များများက ဘွဲ့ ကို ကြည့်ကြတယ်လေ။ အလေးပေးကြတယ်လေ။ ဒါကြောင့် မြန်မာပြည်မှာ နေရင် ဒီ ဘွဲ့ က လိုပါတယ်။ မြန်မာမှာနေတဲ့ မြန်မာ ဒကာ ဒကာမတွေကလည်း အားပေးတယ်လေ။ ပီအိတ် ခ်ျဒီ ဆိုတာကိုပေါ့။

ဒါပေမယ့်ဗျာ ဒီမှာ နေတဲ့ မြန်မာတွေကတော့ ခု ဒကာမ ပြောသလိုပဲ ပီအိတ်ခ်ျဒီက အရေးကြီးလို့ လား မေးပါတယ်။ ဒီက လူတွေလိုဘဲ မြန်မာဆိုပေမယ့် ဒီက အမြင်တွေနဲ့  ကျင့်သားရနေပါပြီ။

သူကဆက်ပြောတယ်။ ဘုရားရှင်က ပီအိတ်ခ်ျဒီ မရပါဘူးတဲ့။ အင်း... ဟုတ်ပါတယ်လေ။ သူကလည်း သူတတ်သလောက်၊ မှတ်သလောက်နဲ့ ဆက်ပြောတယ်။ အတွင်းက အဓိကပါ။ ပီးအိတ် ခ်ျဒီက အပေါ်ယံပါပဲ။ အပေါ်ယံ တန်ဆာဆင်တာတဲ့။

အော်... ပြောတတ်ပါပေ့... မဂျာမန်ရယ်။
ကိုယ်ကလည်း အားကျမခံ ပြန်ရှင်းပြပါတယ်။ ဟုတ်ပါတယ်။ အပေါ်ယံ ဆိုတာ အရေးမကြီး ပေမယ့် မဟာဂန္ဓာရုံ ဆရာတော် ကျမ်းပြုတာ စခဲ့စဉ်က ဘွဲ့ ထူး ဂုဏ်ထူးတွေ မထည့်ပါဘူး။နောက်မှ ပြောကြ ဆိုကြလို့  အဘိဝံသ ဆိုတဲ့ ဘွ့ဲထူးကို ထည့်တာပါ။

ဒီလိုလေး သူ့ ကို ပြောလိုက်ချင်တာ- လူရှိန်အောင်ပေါ့ဗျာလို့ ။
နားမလည်မှာစိုးလို့  ပါးစပ်ကို ဘရိတ်အုတ်ထားလိုက်တာ။

(စိတ်ထဲမှာ ရွှေအောင် ဆိုတဲ့ စာရေးဆရာ ကို ပြောလိုက်ချင်သေးတယ်။ သူစာရေးခဲ့စဉ်က ဦးတောင် ရှေ့ မှာမတပ်ဘူး။ နောက်လူတွေက သာ ဦးရွှေအောင် ဆိုပြီး စာတွေက ကောင်းလွန်းလို့  ပိုလေးစား မှုရှိအောင် ၀ဋံသကာ သိရောမဏိ စတာတွေ အကုန်ထည့်တော့တာ။ စာကောင်းဖို့ပဲ အရေးကြီး ပါတယ် လို့  ပြောချင်လိုက်တာ။ လျှာယားနေတာ။ သူမသိမှာ စိုး၍ ဒါလည်း ခတ်မဆိတ်နေခဲ့တာ။)

တကယ်တော့ သူဆန္ဒကိုလည်း ပြောပြပါတယ်။
ရဟန်းဆိုတာ သီလ သမာဓိ ရှိမယ် တရားထိုင်ရင် ပြီးတာပါပဲတဲ့။
အဓိက တရား အိတ်စပီးရန့် စ် ရှိဖို့ ပါပဲ။

ဒီမှာလည်း ဘွဲ့ ထက် လက်တွေ့  အလုပ်ကိုပဲ အဓိက ထားပါတယ်။ ၁၅နှစ်ကျော်ရင် ကျောင်းသား တွေ က ကိုယ်နဲ့ သင်တော်ရာလမ်းလျှောက်ဖို့  ရွေးချယ်နေပြီတဲ့။ ကျောင်းတက်ရင်းလည်း အလုပ်ကို ပိုက်ဆံ မုန့် ဖို့ ပဲဖိုး ရတာလေးနဲ့ ဝင်ပြီး အိတ်စပီးရန့် စ် ရအောင် လုပ်ကြပါတယ်။ မှတ်သားထိုက်ပေ့။

ဘွဲ့ တွေ ဂုဏ်ထူးတွေ လိပ်စာကဒ်မှာ ထည့်တာများရင် ဒီလူ မာနသိပ်ကြီးတာပဲ လို့  ပါးစပ်က ဖွင့်မဟပေမယ့် ဒီက လူတွေက စိတ်ထဲမှာ သတ်မှတ်ကြပါသတဲ့။ အော...အင်း အင်း...ကွာပါ့။

ဒီလိုနဲ့  သူ့ ရဲ့ စကားက ကိုယ့်ကို ဆောင်းပါး တစ်ပုဒ်ဖြစ်သွားတယ်။ သူပြောတာတွေကတော့ အများသားပဲ ၊ ဒေါက်တာနန္ဒမာလာဘိဝံသ တို့  တော်ကြောင်းတတ်ကြောင်းစတာတွေရောပေါ့။

သူပြောလိုက်တဲ့ ရဟန်းဆိုတာ သီလ သမာဓိ ရှိပြီး တရားထိုင်ရင်ပြီးရော ဆိုတဲ့ စကား၊ ပီအိတ်ခ်ျဒီ ဆိုတာ အရေးကြီးလို့ လား ဆိုတာကို ကိုယ့်အတွက်တော့ တကယ်ဘဲ စဉ်းစားရပါ တော့တယ်။

တိုက်တွန်းပါတယ်။ ။အပေါ်ကစကားများ ကိုယ်နားလည်တယ်ဆိုတာ မယုံရင် ကြွားတယ် မထင်မိအောင် ဆက်ဖတ်ကြည့်ပါဦးလေ...




အရေးကြီးလို့ လား- နောက်ဆက်တွဲ-

သူပြောတဲ့ စကားများကို နားလည်ခြင်းနဲ့ ကိုယ်ကတောင် ပြင်ပေးခဲ့ရခြင်း

ဒီလို တစ်တစ်ခွခွ အပ်ကျ မတ်ကျ သူပြောတဲ့စကားများကို နားလည်ခဲ့ပါတယ်။ နားလည်ရခြင်း အကြောင်းမှာ သူမဟာ မြန်မာပြည်မှာ ၁၂ နှစ် နေပြီးပြီ။ မြန်မာစကားကို ကိုယ်လောက် ပိုင်ပိုင် နိုင်နိုင် မရှိပေမယ့် ရေလည် ပတ်လည်အောင်ထိ မွတ်နေအောင် ပြောတတ်ပါတယ်။ တစ်ခါ တစ်ခါ မပါသင့်သော ရှေ့ ကပေါက်ခေါ် ၀တ်ဆံနှစ်လုံးပေါက် များပါတတ် တာကလွဲလို့ ပေါ့။ သူနာမည် ကိုလည်း မြန်မာလို နာမည်ပေးထားတာ... ။

ပြီးတော့ ဖြစ်ပုံက- မနှစ်ကသေသွားတဲ့ နာမည်ကြီး ဗေဒင်ဆရာကြီးရဲ့  တပည့်က အဲဒီနာမည် မကောင်းလို့  ဆိုပြီး နောက်ဆုံးအလုံးကို ပြောင်းလိုက်တယ် တဲ့။ သူက ပြောတယ် ။ အဲဒီ ဗေဒင်ဆရာ သိပ်မှန်တာတဲ့။ မြန်မာရေ တော်တော် ၀တဲ့ သဘောရှိတယ်။ ရေကြောမြေကြော ဆိုပါဂလား။


အင်းလိုက်ရပြီပေါ့။ ဟုတ်တယ်။ ပြီးမှ။ ကိုယ့်ဘက်သို့ ဆွဲကာ - ဒါပေမယ့် - ကံ ဆိုတာ ပြောင်းပြီး ကောင်းအောင် လုပ်လို့ ရ တယ် ဆိုတာ ပြောပြလိုက်တယ်။ ဘုရားလက်ထက်က အာယု ၀ဍ္ဎန သတို့ သား မောင်သက်ရှည် အကြောင်းကိုပေါ့။

အားလုံးသိတဲ့အတိုင်း ပုဏ္ဏား ဗေဒင်ဆရာတွေက ၇ ရက်နေရင် သေမယ်ဆိုတဲ့ ကလေးကို ပုဏ္ဏား မိဘများက ဗေဒင်ဆရာ အချို့ ရဲ့ အကြံပြုချက်အတိုင်း ဘုရားအထံရောက်သွား ပြီး ကလေး အသက် ရှည်အောင် နည်းလမ်းကောင်းတွေ ကို ဘုရားရှင်ထံမှ ရယူခဲ့ပါတယ်။

နည်းလမ်းမှန်ကန်စွာလုပ်လိုက်တာ အသက်ရာကျော် ရှည်ပါသကောလား။ နည်းလမ်း ကား ရိုးရိုးလေး ကလေးကို အလယ်မှာ ထားပြီး ပရိတ်ရွတ်တာပါ။ အဲဒီစကားလေး ပြောပြီးမှ သူလည်း အချိန်တန်ပြီမို့  ပြန်သွားပါတယ်။


မှတ်ချက်။ ။ မဂျာမန်ဟာ စစ်ကိုင်းမှာ သီလရှင် နှစ်နှစ်ဝတ်ဖူး၊ ထေရ၀ါဒ တက္ကသိုလ် ကျောင်းသူ။ သီတဂူ တက္ကသိုလ် မှာလည်း ဂျာမန်ဆရာမ။ ယခုအခါ လူဝတ်ကြောင် အဖြစ် တစ်ဖြစ်လဲ။

အရှိ အရှိအတိုင်း ပြောခြင်းဖြစ်ပါတယ်။ ပီအိတ်ခ်ျဒီ ဘုန်းဘုန်း ဘုရားများကိုလည်း ပုတ်ခတ် ပြောဆိုတာ မဟုတ်ပါကြောင်း။ ရှိသင့်တဲ့ ဘွဲ့ ထူး ဂုဏ်ထူးများ ခေတ်နဲ့ လျော်ညီစွာ ရှိသင့်ပါတယ်။ အလုပ်လုပ်ရာမှာလည်း တွင်ကျယ်မှာဖြစ်ကြောင်းပါ...ဘုရား...။


အရေးကြီးဆုံးကတော့ လူတိုင်းလူတိုင်း
သီလ သမာဓိ နဲ့  သူမပြောတဲ့ တရားထိုင်ခြင်းကို ဦးစားပေး လုပ်ကြဖို့ ရယ်၊
သမဏ ဆိုတဲ့ = ငြိမ်းချမ်းရေးအစစ် ဘွဲ့ ကို
ရစေရန်ရယ် ဆောင်းပါးတစ်ပုဒ်အနေ ရေးသား လိုက်တာ ပါ။



မြတ်ရောင်နီ

( ၁၅၊၀၅၊၂၀၁၀)




.

3 comments:

  1. သူပြောတာကိုနားလည်ပါတယ်။ အရေးကြီးဆုံးကတော့ လူတိုင်းလူတိုင်း
    သီလ ၊သမာဓိ ၊ပညာ ဦးစားပေး လုပ်ကြ ရမှာပါလေ။
    တခါတလေကြတော့လည်း သီလကြိုးစားစောင့်တည်တာတောင် လူရီခံရသေးတယ်။ အထူးသဖြင့် မြန်မာတွေပါ။
    Ph.D နဲ့ ပတ်သက်ပြီး သူတို့ ဆီက မေးသံတွေ ဦးကောသလ္လ
    လာတုန်းက ကြုံဖူး၊ကြားဖူးလိုက်ပါတယ်။

    ReplyDelete
  2. ဂျာမန်တွေဟာ မြန်မာနိုင်ငံကို အရောက်အပေါက် များကြတယ်။

    ReplyDelete
  3. ဦးဇင်းဘုရား

    တခါတလေ ဘွဲ့ထူးဂုဏ်ထူး ဘယ်လောက် ရရ၊ စာအုပ် စာပေ ဘယ်လောက် ဖတ်ဖတ် သီလ သမာဓိ နဲ့ တကယ် စဉ်းစား ဆင်ခြင် ဝေဖန်တတ်တဲ့ ပညာကတော့ ရှိချင်မှ ရှိကြတာပါဘုရား။

    ဒါကြောင့် တရားကို စာအုပ်ကွယ်၊ ဘုရားကို စေတီကွယ် သံဃာကို ဘုန်းကြီးကွယ်တယ်ဆိုတာလည်း ရှိတယ် မလား ဘုရား။

    ReplyDelete