Pages

Tuesday, September 7, 2010

သင်္ခါရ


သင်္ခါရ

သင်္ခါရ ဆိုတာနဲ့  လူတိုင်း သိပြီးသားဖြစ်တဲ့ သင်္ခါရဆိုတာ မမြဲတာပဲလို့  သိနေပါလိမ့်မယ်။ ဟုတ်လဲ ဟုတ်ပါတယ်။ သဗ္ဗေ သင်္ခါရာ အနိစ္စာ ဆိုထားတာကို။ ခု သိစေချင် ပြောချင်တာက လူအတော်များများ မသိသေးတဲ့ သင်္ခါရ နဲ့ ပါတ်သက်လို့  အကြောင်းရာတွေကိုပေါ့။

မြတ်စွာဘုရားရှင်ဟာ ၀ါတွင်းကာလ ခါသမယမှာ အဘိဓမ္မာ တရားတော်ကို ၀ါတွင်း သုံးလ ပတ် လုံးပဲ မယ်တော်ဖြစ်ခဲ့ဖူးတဲ့ သန္တုဿိတ အမှူးပြုတဲ့ နတ်အပေါင်းကို ဟောကြား ခဲ့ ပါတယ်။

အဘိဓမ္မာ ( ၇ )ကျမ်းဆိုတာကတော့ ဓမ္မသင်္ဂဏီကျမ်း၊ ၀ိဘင်းကျမ်း၊ ဓာတုကထာကျမ်း၊ ပုဂ္ဂလပညတ်ကျမ်း၊ ကထာဝတ္ထုကျမ်း ၊ ယမကကျမ်း နဲ့ ပဋ္ဌာန်းကျမ်းတို့  ဖြစ်ပါတယ်။

သင်္ခါရ နဲ့  ပါတ်သက်လို့  ယမကကျမ်းမှာ ဒီလို ဟောထားတာ အကျဉ်းအားဖြင့်တွေ့ ပါတယ်။

သင်္ခါရ ယမက၊ ပဏ္ဏတ္တိဝါရ ၊
ဥဒ္ဒေသ ပါဠိတော်မှာ ဖြစ်ပါတယ်။

တယော သင်္ခါရာ- ကာယသင်္ခါရော၊ ၀စီသင်္ခါရော၊ စိတ္တသင်္ခါရော။
အဿာသပဿာသာ ကာယသင်္ခါရော။
ဝိတက္က၀ိစာရာ ၀စီသင်္ခါရော။
သညာ စ ဝေဒနာ စ စိတ္တသင်္ခါရော။
ဌပေတွာ ၀ိတက္က၀ိစာရေ စိတ္တသမ္ပယုတ္တကာ ဓမ္မာ စိတ္တသင်္ခါရော။

ဆိုလိုတာက- သင်္ခါရ သုံးမျိုးရှိပါတယ်။ အဲဒါတွေက ကာယသင်္ခါရ၊ ၀စီသင်္ခါရ၊ စိတ္တသင်္ခါရ-တဲ့။

အဲဒီနောက်မှာမှ- ကာယသင်္ခါရဆိုတာ
အဿာသပဿာသဆိုတဲ့ ၀င်လေထွက်လေကိုခေါ်တယ်။

ဝစီသင်္ခါရဆိုတာ ကြံစည်တွေးတောခြင်းနဲ့ 
သုံးသပ်ခြင်းသဘောတရားကို ခေါ်တယ်။

စိတ္တသင်္ခါရ ဆိုတာက မှတ်သားမှု သညာ နဲ့ 
ခံစားမှု ဝေဒနာကို ခေါ်ပါတယ်။
ပြီးတော့ ကြံစည်တွေးတောမှု
သုံးသပ်မှုတွေကို ချန်ပြီး စိတ်နဲ့ အတူဖြစ်တဲ့
သဘောတရား တွေကိုလည်း စိတ္တသင်္ခါရ ခေါ်ပါတယ်။

ကဲ... အဲဒီလို ပါဠိကို မြန်မာလိုလေး ဘာသာပြန်လိုက်တော့ နဲနဲ ပိုနားလည်လာမယ်လို့  ထင်ပါတယ်။

ဒါ့ထက် ပိုနားလည်အောင် ကိုယ်သိသလို ပြောကြည့်ချင်ပါသေးတယ်။ ဆက်ဖတ်ကြည့်ကြ ရအောင် နော်...။

သင်္ခါရဆိုတာ အစဉ်ထာဝရ မမြဲတာတော့ မှန်တယ်။ သို့ သော် သင်္ခါရ မမြဲပေမယ့် သင်္ခါရကိုလည်း ပြုပြင်ပြီး နေသင့်တယ်ပေါ့။

ဆိုပါစို့ - ၁။ ကာယသင်္ခါရ- ကိုယ်ကို ပြုပြင်ပေးနေတယ် ဆိုတာက အဿာသပဿာသ ( အာန ပါန) ဆိုတဲ့ ၀င်လေထွက်လေ တို့ ပါပဲ။ ကိုယ့်ရဲ့  ၀င်ထွက်လေဟာ ပြောင်းလဲ နိုင်ပါတယ်။ လေအေးကိုရှုရင် ခန္ဓာကိုယ်ဟာ အေးလာပါတယ်။ လေပူကို ရှုရှိုက်ရင် ခန္ဓာကိုယ် ပူလာပါတယ်။ လေသန့် ကို ရှုရင် လူက လန်းလာပါတယ်။ မသန့် ရှင်းတဲ့ လေက လူကို ညိုးနွမ်း လာပါတယ်။ လေသန့် ကို ရှုတာဟာ ကျန်းမာရေး ရှုထောင့်က ကြည့်ရင် အဆင်ပြေပါတယ်။ မသန့် ရှင်းတဲ့လေက ကျန်းမာရေး ချို့ တဲ့နိုင်ပါတယ်။

ပြီးတော့ ၀င်လေ ထွက်လေကို လူတိုင်း ရှုရှိုက် နေပါတယ်။ ရှုရှိုက် နေကြပေမယ့် လူတိုင်းဟာ ကိုယ့် ၀င်လေ ထွက်လေကို အမှတ်တမဲ့ပဲ ရှုရှိုက်ကြပါတယ်။ လေ၀င်လေထွက်မှာ အသိ မကပ် ကြပါဘူး။ ပန်းပဲဖိုက ရှုးရှဲ ရှူးရှဲ ၀င်လေထွက်လေ မသိတဲ့ ဖားဖိုကြီးလို ဖြစ်နေ တတ်ပါ တယ်။

တကယ်လို့ များ ၀င်လေထွက်လေ လေးကို လေက ငါ့ရဲ့ နှာခေါင်းဝမှာ ၀င်သွားတာ သိနေမယ်၊ ထွက်တာလည်း သိနေမယ် ဆိုရင် ကိုယ်ခန္ဓာကို ငြိမ်းချမ်းစေပါတယ်။ သတိထားပြီး ရှုရှိုက်နေတာ မို့  သာမန် မသိသာ ရှုတာ ရှိုက်တာနဲ့  မတူတာ တွေ့ ရပြီး ခန္ဓာကိုယ်မှာ ပိုချမ်းသာအောင် ပြုပြင်လို့ ရပါလား ဆိုတာ သိလာပါမယ်။ ဒါကြောင့် ကိုယ်ရဲ့ ခန္ဓာလေး အေးချမ်းစွာ နေလိုလျင် ကိုယ်ကို ပြုပြင်ပေးတဲ့ ၀င်လေ ထွက်လေကို သတိကပ်ပြီး ရှူရှိုက်ဖို့ လိုတယ်ပေါ့။

၂။ ၀စီသင်္ခါရ- စကားကို ပြုပြင်ပေးနေတာက အတွေး နဲ့  သုံးသပ်ချက်တို့ ပါပဲ။ ငါ စကား ပြောတာ စိတ်မပါပဲ ပြောလိုက်တာ ၊ လွှတ်ခနဲ ထွက်သွားတာ ပြောပေမယ့် စကားဆိုတာက အတွေးက လာတာမို့ ပြောလို့ ရကြတာပါ။ စိတ်ထဲမှာ သုံးသပ်ပြီးမှ ထွက်ကျလာတာပါ။

လူတစ်ယောက်ကို ပြောမယ်ဆိုရင် ဒီလို ငါပြောလိုက်မယ် ဆိုပြီး ပထမစဉ်းစား သုံးသပ်ပြီးမှ ပြောတာ ဆိုတာ ဖြစ်ပါတယ်။ ဒီလိုဆိုတော့ စကားကို ပြောတဲ့ နေရာမှာ အမှား မပါအောင်လည်း ပြောတတ်ဖို့ လိုသလို အကျိုးရှိမည့် စကားကိုလည်း ပြောဖို့  တွေးသင့် သုံးသပ်ပြီးမှ ပြောသင့် ပါတယ်။ အဲဒီလိုမျိုးသာ သေချာ သုံးသပ် စဉ်းစားပြီး ပြောရင် ကိုယ်ရဲ့ စကား ၀စီသင်္ခါရ ကို ကိုယ့်စိတ်ကြိုက် ပြုပြင်လို့  ရပြီပေါ့။ အားလုံးနဲ့  နေရ ထိုင်ရ ပြောရ ဆိုရ ဆက်ဆံရတာလည်း အဆင်ပြေမယ်ပေါ့။

စကားဆိုတာ အတွေး သုံးသပ်မှုမှ ထွက်ပေါ်လာတာလို့ သိပြီးရင် အတွေးကောင်း သုံးသပ်ချက် ကောင်းအောင် ပြုပြင်ပေးဖို့  လိုတယ်ပေါ့။

၃။ စိတ္တသင်္ခါရ- စိတ်ကို ပြုပြင်ပေးနိုင်တာက မှတ်သားမှုနဲ့  ခံစားမှုတို့ ပါ။ ကိုယ်က အမှားမှတ်သား မိမယ်၊ ခံစားမှုက တလွဲခံစားနေမယ်ဆိုရင် အမှားတွေနဲ့  ရင်ဆိုင်ရမယ်။

သညာဆိုတဲ့ မှတ်သားမှုကလည်း ၀ိပလ္လာသ ဖေါက်ပြန်မှားယွင်းတဲ့ အမှားတွေကို မမှတ်မိဖို့  အရေးကြီးပါတယ်။ တကယ်တမ်းက အရှိကို အရှိတိုင်းမြင်ဖို့ ရာ သညာက အရေးကြီးတယ်ပေါ့။
အမှတ်မှားရင် ရရှိနိုင်တဲ့ အမြတ်များ ဆုံးရှုံးဖို့  ဖြစ်လာနိုင်ပါတယ်။

တရားတော် လာအတိုင်း ပြောရရင် မမြဲဘူးလို့  ဆိုတဲ့ဟာကိုကိုယ်က မြဲတယ်ထင်ရင် အနိစ္စမှာ နိစ္စသညာ ဖြစ်သွားတယ်။ ဆင်းရဲတယ်ဆိုတဲ့ဟာကို ချမ်းသာလိုက်တာ လို ကိုယ့်ကိုယ်မြင်ရင် ဒုက္ခမှာ သုခသညာ ဖြစ်သွားတယ်။ ကိုယ်မပိုင်တာကို ပိုင်တယ်ထင်ရင် အနတ္တမှာ အတ္တသညာ ဖြစ်သွားတယ်။ တကယ့်အလှတရား မရှိတာကို အလှတရား ထင်ပြန်တော့ အသုဘ ကိုယ်မှာ သုဘသညာ ဆိုပြီး အမှားတွေ ဖြစ်သွားတယ်ပေါ့။

အမှတ်မှားတာနဲ့ အမျှ ခံစားမှုကလည်း ထင်ထားသလို မဖြစ်လေတော့ ထိပ်တိုက် ရင်ဆိုင်ကြရတဲ့ အခါ ခဲသမျှ သဲရေကျဖြစ်ပြီး စိတ်တွေဟာ ၀ုန်းခနဲ လဲကျသွားတတ်ပေါ့။

စိတ်ကို ပြုပြင်ပေးတာက မှတ်သားမှုသညာ နဲ့ ခံစားမှု ဝေဒနာပါ့လား သဘောပေါက်စေချင်တယ်။
ပြီးတော့ စိတ်ကိုပြုပြင်နိုင်တာက ဒါတင်မကသေးဘူးတဲ့။ စဉ်းစားမှု ၀ိတက်နဲ့ သုံးသပ်မှု ၀ိစာရဆိုတဲ့ နှစ်ပါးကို ချန်ပြီး ကျန် စိတ်နဲ့  အတူဖြစ်ခွင့်ရှိတဲ့ တရားသဘောတွေကလည်း စိတ်ကို ပြုပြင်ပေးနိုင်ပါတယ်။ စိတ်နဲ့ အတူဖြစ်ခွင့်ရှိတဲ့ အများကြီးထဲက နှစ်မျိုးလောက်ပဲ ပြောကြည့် ပါမယ်။

ကိုယ့်ဘ၀ ကိုယ်ကျေနပ်အောင်၊ ကိုယ့်စိတ်လေးချမ်းသာအောင် ၊ ကိုယ်နဲ့ ကိုယ့်စိတ် အဆင်ပြေ အောင် ဆိုရင် အမြဲတမ်း သတိထားပြော ၊ သတိထားသွား၊ သတိထားစား ၊ သတိလေးကို အမြဲ တမ်း စိတ်နဲ့  ကပ်ထားသင့်တယ်ပေါ့။

သတိ မထားတာနဲ့ စိတ်ဆိုးစရာတွေ့ ရင် စိတ်ဆိုးလွယ်တယ်။ သတိမထားတာနဲ့  လိုချင်ရာကို မတရားလည်း လိုချင်တယ်။ စိတ်လေးကို သတိလေး ကပ်လိုက်တာ စိတ်ကိုလည်း အတော်တန် ထိန်းနိုင်တယ်။ ဒေါသ ဖြစ်နေရင်တောင်မှ ငါ့စိတ်လေး ဒေါသတွေဖြစ်နေပါ့လားလို့  သတိချွန်းနဲ့  စိတ်ဆင်ရိုင်းကို စိုက်ပြီး ဆုံးမလို့  ဖြစ်တယ်ပေါ့။ လိုချင်မှုမှာလည်း မတရားနည်းနဲ့  မလိုချင်ဘူး ပေါ့။ သမာသမတ်ကျတဲ့ လိုချင်မှုပဲ ရှိလာတယ်ပေါ့။

ပြီးတော့ ပတ်ဝန်းကျင်နဲ့  အဆင်ပြေဖို့  ဆိုရင်တော့ (အဒေါသ) စိတ်မတိုရဘူး။ တစ်နည်း ပြောရ ရင် အချစ်ရှိ၇တယ်ပေါ့။ ချစ်ရင် အပြစ်မမြင်ဘူး။ မျက်စိမှာ အချစ်တပ်ဆင်ထားရမယ်ပေါ့။ ပါဠိ လိုတော့ ပိယစက္ခူ တဲ့။ ဒီနေရာမှာ အချစ်ဆိုတာ မေတ္တာကို ဆိုလိုတာပါ။

မေတ္တာ ဆိုတာ သူများအကျိုး လိုလိုလားလားနဲ့  ပြောဆိုဆက်ဆံ၊ ပြုမူ ဆောင်ရွက် ၊ စိတ်ချမ်းသာ စေချင်တဲ့ စိတ်ဓာတ်ပါ။ အဲဒီ စိတ်ဓာတ်ရှိသူက ပတ်ဝန်းကျင်ကို သူက မထိခိုက်သလို ပတ်ဝန်း ကျင်ကလည်း သူ့ ကို မထိခိုက်တော့ဘူးပေါ့။ အဲဒါကြောင့် မေတ္တာရှိရင်လည်း ပတ်ဝန်းကျင်နဲ့  အဆင်ပြေပါတယ်။

တိပိဋက ယောဆရာတော် က -
သတိ မေတ္တာ ၊ ဤနှစ်ဖြာ ၊ လူ့ ရွာ အဆိပ်ဖြေ။တဲ့။


ကိုယ့်ကိုယ်လဲ အဆိပ်မတတ်စေဖို့  သူများကိုလည်း အဆိပ်တွေ မဝေငှမိစေဖို့  သတိ မေတ္တာ လိုတယ်ပေါ့။ အဲလိုလေး နေမယ်ဆိုရင် စိတ်ကိုလည်း ပြုပြင်ရာရောက်ပြီပေါ့။

စိတ္တသင်္ခါရ ဆိုတဲ့ စိတ်ကို ပြုပြင်ဖို့ ရာ သညာ ဝေဒနာ သတိ မေတ္တာ စတာတွေ ရှိတယ်ဆိုတာ သိရင် ပြုပြင်နိုင်ပြီပေါ့။ နေရသခိုက် ဘ၀လေးမှာ စိတ်ကို အကောင်းဆုံးဖြစ်အောင် ပြုပေးနိုင် အောင် ပြောပြလိုက်ပါတယ်။

သင်္ခါရ ဆိုတဲ့ မမြဲတဲ့လောကကြီးမှာ ပြုပြင်လို့ ရနိုင်တဲ့ သင်္ခါရကိုလည်း အကောင်းဆုံးပြုနိုင်ဖို့ ရာ ကာယ၊ ၀စီ၊ စိတ္တ သင်္ခါရ သုံးမျိုးကို ရေးသားလိုက်ပါတော့တယ်။

သင်္ခါရတရားများကို
အကောင်းဆုံးဖြစ်အောင် ပြုပြင်နိုင်ကြပါစေ...




မြတ်ရောင်နီ

( ၀၇ ၊၀၉ ၊၂၀၁၀)




.

2 comments:

  1. စာရေးသူခင်ဗျာ
    ကျွန်တော်မရှင်းတာလေးမေးပါရစေ။
    စာရေးသူပြောပြခဲ့ တဲ့
    သင်္ခါရမှာ ကာယသင်္ခါရဆိုတာ ဝင်လေထွက်လေကိုခေါ်တယ်။
    ဝစီသင်္ခါရမှာ စဉ်းစားတွေခေါ်ခြင်းနဲ့သုံးသပ်ခြင်းလို့ခေါ်တယ်။
    စိတ္တသင်္ခါရမှာ မှတ်သားမှုသညာနဲ့ ခံစားမှုဝေဒနာလို့ခေါ်တယ် ။

    ကျွန်တော်သိထားတာက
    သင်္ခါရမှာ
    ကာယသင်္ခါရ ဝစီသင်္ခါရ စိတ္တသင်္ခါရ ဆိုရှိပါတယ်။
    ကာယသင်္ခါရဆိုတာ ကိုယ်နဲ့ပြုခြင်းကိုဆိုလိုတယ်။
    ဥပမာ ထမင်းစားရေသောက် လမ်းလျှောက် ပစ္စည်းခိုးတာက အစ လမ်းမလျှောက်နိုင်တဲ့သူကို ဖေးမတာတို့ စတဲ့ ကိုယ်နဲ့ပြုသမျှကို ကာယသင်္ခါရယ်လို့ခေါ်တယ်လို့ သိထားပါတယ် ။
    အာနာပါန နှာခေါင်းမှ လေဝင်လေထွက် တစ်ခုထဲကိုပြောတာလို့မသိထားပါဘူး ။

    ဝစီသင်္ခါရ
    ဥပမာ နှုတ်နဲ့ပြောသမျှ ဆဲတာဘဲဖြစ်ဖြစ် တရားစကားပြောတာဘဲဖြစ်ဖြစ် အတင်းအဖျင်းပြောတာဘဲဖြစ်ဖြစ် သူတစ်ပါးကို ကောင်းစေခြင်လို့ ဆုံးမစကားဘဲပြောတာဘဲဖြစ်ဖြစ်
    အစရှိသဖြင့် ဒါတွေအားလုံးကို ဆိုလိုတယ်လို့သိထားပါတယ် ။

    စိတ္တသင်္ခါရ
    ဥပမာ စိတ်နဲ့ သူတစ်ပါးအပေါ်မကောင်းကြံစီမှုဖြစ်ဖြစ် ဣဿာ မိစ္ဆရိယ ဘဲဖြစ်ဖြစ် သူတစ်ပါးကို စိတ်တိုလို့ စိတ်ထဲကနေ ဆဲဆိုနေတာဘဲဖြစ် ဖြစ် တစ်ပါးသူ ရဲ့ ကုသိုလ်ကောင်းမှုပြုနေမှုအပေါ် မြင်မိပြီ မိမိသန္တာန်မှာ ကုသိုလ် ဖြစ်မှု စသည်ဖြင့် သိထားပါ ။

    အကျဉ်းအားဖြင့်

    ကာယသင်္ခါရဆိုတာ ကိုယ်နဲ့ပြုခြင်း
    ဝစီသင်္ခါရဆိုတာ နှုတ်နဲ့ပြုခြင်း
    စိတ္တသင်္ခါရဆိုတာ စိတ်နဲကပြုခြင်းလို့
    သိထားတာပါ ။
    စာရေးသူ ဖော်ပြထားသလို မဟုတ်သောကြောင့် နားမလည် မရှင်းသေးသောကြောင့် ထပ်မံ၍ ကုသိုလ်ပွားမေးမြန် မိပါတယ် ။


    စာရေးသူခင်ဗျာ ကျေးဇူးပြု၍ စာပြန်ပေးပါခင်ဗျာ ။

    သိတဲ့လူများလည်းကျေးဇူးပြု၍ မျှဝေပေးစေချင်ပါတယ် ။

    email: mm.pote.aml@gmail.com ပါ
    ကျေးဇူးတင်ပါတယ်ခင်ဗျာ

    သာဓု သာဓု သာဓု

    ReplyDelete