Pages

Tuesday, September 21, 2010

သေခြင်းရဲ့  စကားများ



သေခြင်းရဲ့  စကားများ

ယနေ့ ( ၂၁ ၊ ၀၉ ၊၂၀၁၀ ) ဗုဒ္ဓဘာသာ သင်တန်းမှာ လာပြီးတတ်နေကျ ဒကာမတစ်ဦးမှ ဘိုးဘွား ရိပ်သာသို့ ဆွမ်းစား တရားနာပင့်ဖိတ်ပါတယ်။ ဘိုးဘွားရိပ်သာ ဆိုတဲ့ အတိုင်း တကယ့်ကို သံဝေဂ ရစရာ ကောင်းလောက်အောင် အိုမင်း ရွတ်တွ၊ ကိုယ့်ရဲ့ လက်ခြေကိုသော်မှ ကိုယ့်အလိုကို မလိုက် လေတော့တဲ့ ဘိုးဘွားတွေပဲ။

တစ်ချို့ ကတော့ အတော်လေး အိုမင်းလို့  ကိုယ့်လက် ကိုယ့်ခြေသာမက ကိုယ့်ရဲ့ စိတ်ကိုတောင် မထိန်းသိမ်းနိုင်ကြတဲ့သူတွေလည်း တွေ့ ခဲ့ရပါတယ်။ မြန်မာနိုင်ငံလို တောက်ဝှေးက ဒုက်တစ်ချောင်း မဟုတ်ဘဲ လေးဘီးတပ် တွန်းလှည်း၊ အဲလို တောက်ဝှေးထက် အကူညီ ပိုပေးနိုင်တဲ့ တွန်းလှည်း လေးတွေကို အသုံးပြု နေတာ တွေ့ ရပါတယ်။ ဒါ့ပြင် တစ်ချို့ က လေးဘီးတပ် တွန်းလှည်းပေါ် ထိုင်ပြီး နောက်က လူအပို တွန်းပေးနေတာလည်း တွေ့ ရပြန်သေးပါတယ်။

အဲဒိမှာ ရောက်သွားတဲ့ အချိန်မှာတော့ ၁၁ နာရီခွဲကျော်နေပြီမို့  နေ့ ခင်းစာ အတွက် သူတို့  နေရာ အသင့် ယူထားကြပါပြီ။ နေရာ အသင့် ယူထားတဲ့ နေရာ အသီးသီးကို လိုက်လံပြီး သင်တန်းသူ ဒကာမက ဒါက ဗုဒ္ဓဘာသာ ဘုန်းကြီးတွေပါ၊ ဒီမှာ ဆွမ်းဘုဉ်းကြမယ်။ ပြီးရင် နေ့ ခင်း ၃ နာရီခွဲမှာ တရားဟောမယ် ဆိုတဲ့ သတင်းကို ခပ်အော်အော်လေး မိတ်ဆက် ပြောပါတယ်။

ခပ်အော်အော် ပြောတာက သက်ကြီးရွယ်အိုတို့ မှာ ပုံမှန်လေသံဖြင့်ကား မကြားနိုင်တော့လို့ ပါပဲ။ တစ်ချို့  တစ်ခြားဘက်လှည့်နေရင် ဟိုမယ် ဗုဒ္ဓဘာသာ ဘုန်းကြီး သုံးပါး၊ ဒီမှာ ဆွမ်းဘုဉ်းကြမယ်။ နေ့ လည် ၃ နာရီခွဲ တရားဟောမယ်။ ဒါကိုပဲ ကိုးနေရာ ဆယ်နေရာ အပေါ်ထပ် အောက်ထပ် စုံအောင် လိုက်လံ ပြောကြား သံဃပရိစာရိကာ ( သံဃာ့အလုပ်ကျွေး )နှယ် မမောမပန်း ၀န်ထမ်း ဆောင်ရွက် ပါတယ်။

တစ်နေရာ အရောက်မှာတော့ အဲဒီ ဒကာမက ပြောတယ်။ ဒီနေရာက ဘိုးဘွားတွေက အချင်းချင်း မှတ်မိလိုက် မမှတ်လိုက်နဲ့  စိတ်က လွတ်လွတ်သွားတတ်တယ်-တဲ့။ အဲဒါနဲ့  ကိုယ့်ဘုန်းကြီးတွေကို ဟေ့ ကိုယ့်လူတို့  သတိထားနော်၊ သတိထား လို့ ပြောလိုက်တော့ ဒကာမက နောက်လှည့်ကာ ရယ်သွားပါတယ်။ ( ကိုယ်က တစ်ခုခုများ သူတို့ က လုပ်လိုက်ကြလေမလား တွေးမိတာကိုး။ )

အထဲ ၀င်ကြည့်မှ သူရယ်လည်း ရယ်ထိုက်ပါတယ်။ အဲဒီ သတိ လွတ်နေသူတွေက တစ်ချို့ ဆို စားဖို့  စောင့်ရင်း တွန်းလှည်းပေါ် အိပ်ပျော်လို့ ။ ကိုယ့်ဘာမှ အန္တရာယ် မလုပ်နိုင်ပါဘူး။ ဘိုးဘွားတွေက တစ်ချို့ လဲ ဟလို၊ ဟလို ကောင်းကောင်းကို နှုတ်ဆက်နိုင်ကြတယ်။ အိုရုံသက်သက်ပါပဲ။ စကားတွေ ကလည်း သူတို့  လှိုက်လှိုက်လဲ ကြိုဆိုကြောင်း။ တရားဟောမယ်ဆိုလို့  ၀မ်းသာကြောင်း ပြောကြ ပေါ့။

အဲဒီလိုနဲ့  လိုက်နှုတ်ဆက်ရင်းက တစ်ချို့ လည်း စားသောက်တဲ့ သူတွေလည်း စားသောက်ကြနဲ့ ၊ ၁၂ နာရီက ထိုးတော့မယ်။ ကိုယ့်အလှည့်က မရောက်သေး။ မနက်ကလည်း ဆွမ်းစားထားတာ မဟုတ်။ ဒီလိုနဲ့  ဗိုက်ကဆာဆာနဲ့  သံဝေဂ ယူရမလို ဗိုက်ကို နှိပ်ထားရမလို။ တော်သေးတာပေါ့။ ကိုယ့် အလှည့် သိပ်မကြာခင် ရောက်လာလို့ ။

စားပြီး သောက်ပြီး ဆိုတာနဲ့  အချိန်က လိုသေးတယ်။ ဒါနဲ့  ဘိုဘွားရိပ်သာ အပြင်ဘက်က ခုံလေး တွေပေါ်ထိုင်ခဲ့ပါတယ်။ ထိုင်ပြီးနောက် မောင်ဂျာမန် ကိုယ်တော်က လူအိုကြီးတွေ ကြည့်ပြီး သေဖို့ စောင့်နေတာပဲလို့  သဘောပေါက်လို့ လေလားမသိဘူး။ သူတို့  ကြည့်ရတာ ဘုရား ၊ ထောင်သား တွေလိုပဲ ဘယ်မှ မသွားနိုင်ကြတော့ဘူးတဲ့။

ကိုယ်ကလည်း ပြောလိုက်ပါတယ်။ အင်း ... ဟုတ်တယ်ကွ။ သူတို့  ကြည့်ရတာ ထောင်သားတွေလို ပါပဲ။ တကယ်တော့ သူတို့ တင် မကဘူး။ ငါတို့ လည်း ဒီအတိုင်း မထူးပါဘူး။

ဥပမာကွာ- အသတ်ခံရမည့် ကြက်ခြင်းတောင်းထဲက ကြက်တွေလိုပဲ။ အသတ်ခံဖို့  စောင့်နေရတာ။ သူတို့ ကတော့ အကောင်ကြီးလို့  ပထမ သေမှာပေါ့ဗျာ လို့  ပြောလိုက်ပါတယ်။ သူလည်း ခေါင်း ညိတ်ပြီး သဘောတူတဲ့ အမူရာကို ပြပါတယ်။

တကယ်တော့ အကောင်ကြီးလို့  ပထမ သေနိုင်ပေမယ့် သိထားရမှာက စားသုံးသူက အကောင်သေး ကြိုက်လို့  စားချင်တယ် လက်ညိုး အထိုးခံရရင်လည်း အကောင်သေးက ပထမ သေမှာပဲနော် ခုမှ ပြန်တွေးမိတယ်။

ကိုယ်ကလည်း ဟိုတုန်းက ကလေးတုန်းက ကျက်ခဲ့တဲ့ မြတ်ရောင်နီ ဘလော့မှာ ကိုယ်ရေးခဲ့တဲ့ ဆောင်ပုဒ်ကို ပြန်သတိရသွားတယ်။ အဲဒီအချိန်မှာပေါ့လေ။
အဲဒီဆောင်ပုဒ်က ဒီလိုပါတဲ့...

သူ့ ကို အ မှတ် ရ တာ များ ပါ မှ


၁။ ညဥ့်နေ့  တစ်နေ့  ထက်ဝက်နေ့ တည်း။ တစ်ကြိမ် ရွှေ့ စား၊ ထက်ဝက် စား နှင့်။ လေး ငါး လုတ် သွင်း ၊ မသေလျင်းမူ၊ ခြောက်ယောက်သူကို ၊ မေ့သူ ဟောထား။ တစ်လုတ်စားတွင်း ၊ ရှုရှိုက်တွင်းမှာ မသေပါမူ၊ မြတ်စွာ ဘုရား ၊ ဟောတရားကို၊ အားထုတ်အံ့ဟု၊ နှစ်ယောက်သူသာ၊ အပူထက်စွာ ပွါး သတည်း။

၂။ မြွေကင်း ကိုက်ခဲ၊ ခြေချော်လဲ နှင့်၊ ဆွမ်းခဲ မကြေ၊ ပိတ္တေပျက်ပြား၊ လေဖျက်သွားလည်း၊ လူများ သတ်မှန်၊ ဘီးလူရန်ကြောင့်၊ သေပြန်ရသေး၊ ဖန်ဖန်တွေးသည်၊ သေရေး သတိ ပွါးပုံတည်း။

(ယမက၀ဂ်၊ မရဏဿတိ ပထမ၊
ဒုတိယ သုတ်၊ အဂုင်္တ္တရနိကာယ)

မြတ်ရောင်နီ
( ၂၆၊ ၀၃၊၂၀၁၀ )

အဲလို ပြောကြဆိုပြီး နေရာလေး အုပ်စုခွဲပြီး ကိုယ်ကလည်း စားပြီး သောက်ပြီး အိပ်ချင်စိတ်ပေါက် လာတယ်။ ကိုယ်ထိုင်နေတဲ့ ခုံလေးပေါ်မှာဘဲ မျောက်မှေး မှေးပြီး ငိုက်လိုက်တယ်။ အဲဒီနောက် ပစ္စယနိဒ္ဒေသ နှစ်ခေါက် အဲဒီ ဘိုးဘွားရိပ်သာ အတွင်းမှာ လမ်းလျှောက် ရွတ်ဖြစ်ခဲ့တယ်။

အချိန်ကလည်း ၃ နာရီခွဲပြီမို့  ဂျာမန် ဥူးဇင်းကလည်း တရားဟောဖို့  နေရာယူကာဟောကြားပါတော့ တယ်။ ၂ နာရီခန့်  မေးလိုက် ဖြေလိုက် ပြုလုပ်ဖြစ်ခဲ့ပါတယ်။

တရားပွဲပြီး ကျောင်းပြန်ရောက်တဲ့ အချိန်မှာတော့ ဒီနေ့  ဆောင်းပါးရေးဖို့ အတွက် သေခြင်းရဲ့  စကား များ - လို့  စိတ်ကပေါ်လာတာနဲ့ ပဲ လူအများကိုလည်း ကိုယ့်လက် ကိုယ်ခြေ ကိုယ်ကြိုက်သလို စိတ်ကြိုက် ဖန်တီးရတုန်းလေး ဒါန သီလ ဘာဝနာ ကိစ္စမှာ မမေ့လျော့စေရန် ရည်သန်ကာ ရေးသား လိုက်ပါတော့တယ်။

သတိပြုဖွယ်

မမေ့လျင် မလျော့ဘူး။

မေ့လျင် လျော့မယ်။

ကုသိုလ် ကိစ္စ၀ယ်။
ကောင်းသည့် ကိစ္စ နယ်။





မြတ်ရောင်နီ

( ၂၁၊ ၀၉ ။ ၂၀၁၀ )




.

2 comments:

  1. သိပ်ကောင်းပါတယ်။
    သူတိုတွေ ဓမ္မ ကို ကြားခွင့်နာခွင့်ရတာ သိပ်ကောင်းပါတယ်။
    တပည့်တော်လည်း စေခြင်းရဲ့စကားများ နားထောင်သွားပါတယ်။

    ReplyDelete
  2. မမေ့လျှင် မလျော့ဘူး။
    မေ့လျှင် လျော့မယ်။
    လျော့လျှင် လျော်ပေးရမယ်။
    အလျော်မပေးလျှင် မလျောက်ပတ်ဘူး။
    မလျောက်ပတ်လျှင် နောက်မှ လျောက်လျား။
    ဒါဟာ
    သေခြင်းကင်းဖို့စကား။

    ReplyDelete