Pages

Tuesday, September 28, 2010

သရဏဂမန ကထာ


သရဏဂမန ကထာ

ဘုန်းဘုန်းဘုရား

၁။တပည့်တော် ဘုန်းဘုန်းဆိုက်ကိုလဲ နေ့စဉ်ရောက်ရှိ ဖတ်ရှု့လေ့လာ နှလုံးသွင်းပါတယ်။ ဘုန်းဘုန်း မေးလ်နဲ့ ပို့တဲ့ စာကိုလဲ ဖတ်ရတာ အလွန်ဝမ်းသာ ကောင်းမွန်ပါတယ်(သာဓု၊သာဓု၊သာဓု)ပါ ဘုရား၊

၂။တပည့်တော် မသိတာ၊ နားမလည်တာလေးတွေလဲ ရှိလို့ မေးခွင့်ပြုပါဘုရား ၊ တပည့်တော် နေ့စဉ် ဘုရားရှိခိုးရင်း ဗုဒ္ဓံ သရဏံ ဂစ ၦာမိ၊ ဓမၼံ သရဏံ ဂစ ၦာမိ၊ သံဃံ သရဏံ ဂစၦာမိ။ အနန္တ ငါးပါးကို ဦးချ ရှိခိုးပါတယ်၊ တစ်ခြားဘုရားစကားများ၊ ဂုဏ်တော်များလဲ ရွတ်ဆိုဖြစ်ပါတယ်၊ သို့ပေမယ့် အကျိုး ကျေးဇူးကိုမသိ၊ လိုလားမှုဖြင့်လည်း မဟုတ်ပါ ။ ရင်ထဲမှ ဘုရား၊ တရား၊ သံဃာ နှင့် မိဘများကို ရိုသေပူဇော်စိတ်ဖြင့်သာ ရှိခိုးခြင်းဖြစ်ပါတယ်။

၃။တပည့်တော် သိလိုတာက သရဏဂုမ် ရတယ်(တည်ဆောက၊် ထိန်းသိမ်းတယ်) ဆိုတာ ဘာကို ပြောတာပါလဲ ဘုရား... တပည့်တော်ကို ရှင်းလင်း၊ဟောကြားပေးပါရန် ဦးခိုက် လျှောက်တင် ပါတယ် ဘုရာ့...

ရိုသေစွာရှိခိုးလျှက်
ဒကာမလေး မစု
......................................................................

ဟုတ်ပြီ။ ဒကာမလေး မစု ရေ

၁။ပြောသေးတာပေါ့ကွယ်။ ဘုန်းဘုန်း ဆိုက်ကို လာရောက် ဖတ်ရှု နှလုံးသွင်းတယ် ဆိုလို့  ၀မ်းသာ ပါတယ်။ ( အဲလိုလေး... များများ ပြောပေး။ ရေးအားတွေ ရှိသကွယ့်။)

၂။ အင်း...။ ကောင်းတယ်ကွယ့်။ နေ့ စဉ် အလုပ် ရတနာသုံးပါး မိဘ ဆရာ သမားတွေကို ရိုသေ စိတ်ဖြင့် ရှိခိုးဦးချတာဟာ ကိုယ့် ဘ၀အတွက် လုံခြုံစိတ်ချအောင် လုပ်တဲ့ အလုပ်တစ်ခုပေပဲ။

လိုလားမှုရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ အကျိုးကျေးဇူး သိသည်ဖြစ်စေ မသိသည်ဖြစ်စေ ကိုယ်လုပ် တဲ့ အကျိုးကတော့ အကျိုးပေးနေမှာပဲ။ အကျိုးကျေးဇူးနားလည် ထားရင်တော့ ပိုပြီးတော့ အမြတ် တနိုး ၊ အားကိုးအားထား ရှိတယ်ပေါ့နော။


၃။သရဏဂုမ်ရတယ် ဆိုတာကတော့
သရဏဂုမ်ကို ယူလိုက်တာ ပေါ့ကွယ်။
ရှင်းရဲ့ လား။
ကိုယ်ယူ တဲ့အရာဟာ ကိုယ်ရတာပဲလေ။

ဆိုပါစို့ - ဈေးဆိုင် သွားရင် ကိုယ်ဝယ်မည့် ပစ္စည်း ယူလိုက်ရင် ရတာပဲ။ မယူရင် မရဘူးပေါ့။ သရဏဂုမ်လည်း ဒီအတိုင်းပဲ စိတ်ပါလက်ပါနဲ့ ပါးစပ်က ဆိုလိုက်လေ ၊ ဆိုလိုက်တာနဲ့  ရတာပဲ။


အဲ... တစ်ခုတော့ ရှိတယ်။ ပစ္စည်းတွေလိုပဲပေါ့ ။ ယူတော့ယူပြီး ဘယ်နေရာမှာ ထားမှန်းမသိ ကျပျောက်သွားရင်လည်း မရပြန်ဘူး။ နောက်ပြီး ယူပြီးသားဟာ ပျက်စီး သွားရင်လည်း မရပြန်ဘူး။

ဆိုလိုတာကတော့ဗျာ- သရဏဂုမ်တော့ ယူထားတယ်။
ဘုရား တရား သံဃာနဲ့  ဝေးနေရင်၊ မမှတ်မိ
တော့သည်အထိ
ဘာမှကို ဘုရား တရား သံဃာဆိုင်ရာ
မလုပ်တော့ရင် ကျပျောက်သွားတာပါပဲ။


ပြီးတော့ - ဥပမာပေါ့လေ။
ပစ္စည်းက ကိုယ့်လက်ထဲတော့ ရောက်ပြီးသား။
သို့ သော် သူများ အဖျက်ဆီးခံလိုက်ရရင်။ သို့ မဟုတ်

ကွဲတတ်တဲ့ ပစ္စည်းမို့  ကျကွဲ သွားပြန်ရင်လည်း မရပြန်ဘူး။

ထပ်ရှင်းလိုတာက - ကိုယ်ကတော့ ဗုဒ္ဓဘာသာ ဆိုပြီး
ကိုယ့်ကိုယ်ကို သိနေပြီးသား။ သရဏဂုမ်ကို
ယူပြီးသား ၊
ရပြီးသား။ ဒါပေမယ့် အခြား ဘုရား တရား သံဃာ
မဟုတ်တဲ့ နတ်ကိုးကွယ်တာမျိုး၊
အခြား ဘာသာတွေကို
ယုံကြည်ပြီး၊ ဒါလည်း ငါကိုးကွယ်တာပဲ ဆိုပြီး။
အခြားဘုရားဂေါ့ဒ် တွေကို
ကိုယ့်ဆရာအဖြစ်
ညွှန်ပြနေတာဟာလည်း၊ အားကိုးနေတာဟာလည်း
ကိုယ့်လက်ထဲ ရောက်ပြီး သား ပစ္စည်း ကို
သူများ ဖျက်ဆီးသလိုမျိုးပေါ့။


ရှိပြီးသား ပစ္စည်းတစ်ခုဟာ
မပျောက် မပျက်စီးနိုင်တဲ့အရာနဲ့  တူတာကတော့
အရိယာတွေ ယုံကြည် တဲ့ သရဏဂုမ်မျိုးကို ခေါ်ပါတယ်။


ဘုရားလက်ထက်ပေါ့ဗျာ။
သုပ္ပဗုဒ္ဓဆိုတဲ့ ကိုယ်ရေပြား ရောဂါစွဲနေသူ တစ်ယောက် ၊
ပရိသတ် အစွန်
အဖျားက တရားနာပါတယ်။
သူ တရားတော်နာပြီး တကယ့်ကို တရား သဘောပေါက်
နားလည်တဲ့
ပထမ အရိယာ အဆင့်ထိ ရသွားပါတယ်။
သူရသွားတဲ့ အဆင့်ကိုလည်း ဘုရားရှင်အား
လျှောက်လိုက်ချင်သေးတယ်။
သို့ သော် လူကြားထဲ မသွားဝံ့။ သူက ရောဂါနဲ့ ကိုး။


သူလည်း ဒီလိုနဲ့ ကျောင်းကို ဖြေးဖြေးချင်း လမ်းလျောက်
မယ်ဆိုပြီး ကျောင်းအရောက်သွားခဲ့ပါတယ်။

လမ်း
ခုလတ်မှာ ဖိုးသိကြားမင်းက
သုပ္ပဗုဒ္ဓရဲ့ အကြောင်း သုပ္ပဗုဒ္ဓကိုယ်တိုင်
သူများ သိစေချင်နေတယ် ဆိုတာ သဘော ပေါက်တယ်။
ပြီးတော့လည်း စုံစမ်းလိုတာနဲ့ ပဲ-


သိကြားမင်း- ဟလို သုပ္ပဗုဒ္ဓ၊ မင်းကြည့်ရတာ စုတ်ပြတ်နှုံချာ
ရွှေမရှိ ငွေမရှိ၊ သနားစရာ ကောင်းလိုက် ပါဘိ။
မင်းကို ငါ အတိုင်းတာမရှိ လိုချင်သလောက်
ရွှေငွေ တိုက်တာ ပေးမယ်ကွာ။ မင်း ငါပြောခိုင်း

သလို လိုက်ပြောရမယ်။ အဲလို ပြောရင်တော့
ငါ တကယ်ပေးမယ်။ ကတိပေးတယ်။


သုပ္ပဗုဒ္ဓ- ဟလို ။ ဟုတ်ကဲ့။ ခင်ဗျား ပြောသလို
တကယ် မရှိတာတော့ တကယ့်ကို မရှိတာ အမှန်ပဲ
ဗျာ။
ဘာများ ပြောရမယ်။ ပြောဖြစ်တဲ့ စကားကို ဆိုရင် ပြောပါ့မယ်။
ပြောကြည့်လေ။ဘယ်လိုလဲ။


သိကြားမင်း- ဘုရားဆိုတာ တကယ် ဘုရား မဟုတ်ဘူးကွ။
တရားဆိုတာလည်းကွာ တကယ့် တရား
မဟုတ်ဘူးကွ။
သံဃာ ဆိုတာလည်း ဒီတိုင်းပဲ တကယ့် သံဃာ မဟုတ်ဘူး။


သုပ္ပဗုဒ္ဓ- ဗျာ... ဗျာ။ ခင်ဗျား ဘယ်သူလဲ ပြော။
( ပထမ အရိယာ အဆင့်တန်းသာ ရှိသေးတော့
ပေါက်ကွဲသံစဉ်လေးတောင် ရိုက်ခတ်တီးလောက်တယ်။
တွေးကြည့်တာပါ။)


သိကြားမင်း- မင်းတို့ လူတွေ ( ဘုရား သိကြား-မ-လို့  ဆိုတဲ့ )
အများ တတ နေကြတဲ့ ၊ ငါ ဖိုးသိကြား ပေပဲ။


သုပ္ပဗုဒ္ဓ- ငမိုက်သား၊ နတ်ဗာလ။ ဘာမှ မသိတဲ့သိကြားစုတ်။
ခင်ဗျားနဲ့  စကားပြောရတာ သိပ်-ဟန်
မကျဘူး။
မပြောတာကောင်းတယ်။ အရှက်ကိုမရှိဘူး။
ကျွန်ုပ်လို လူကိုများ ခင်ဗျားက ရွှေမရှိ ငွေမရှိ
ဆိုပြီး
လူဆင်းရဲလို့  ထင်နေတာပေါ့လေ။ ပြောတာပေါ့လေ။
ကျွန်ပ်က ခင်ဗျား ထင်သလို မဆင်းရဲ
ဘူး။
( ခင်ဗျား လွဲနေတယ် ၊ ပစ္စည်းရှိတာက ပြည့်စုံတာ၊
ပစ္စည်းရှိတိုင်း ချမ်းသာတာ မဟုတ်ဘူးလေ ဗျ။ )
ကျွန်ုပ်မှာ ခင်ဗျားပြောတဲ့ ဗဟိဒ္ဓပစ္စည်းမရှိပေမယ့် ကျွန်ုပ် မဆင်းရဲဘူး။


ကျွန်ပ်က တကယ် ဘော့စ် အစစ်ဖြစ်ပြီ။
ပစ္စည်း ဥစ္စာတွေမှ များပါ့။ ပေါမှပေါ။
မယုံရင် ကြည့်-

သဒ္ဓါဓနံ သီလဓနံ ၊ ဟိရိ သြတ္တပ္ပိယံ ဓနံ၊
သုတဓနဉ္စ စာဂေါစ ၊ ပညာ ဝေ သတ္တမံ ဓနံ။

ယဿ ဧတေ ဓနာ အတ္ထိ ၊ ဣတ္ထိယာ ပုရိသဿဝါ၊

အဒလိဒ္ဒေါတိ တံ အာဟု၊ အမောဃံ တဿ ဇီဝိတံ။

( အင်္ဂုတ္တရနိကာယ ၊ သတ္တကနိပါတ၊ ဓနသုတ်)


၁။ ရတနာသုံးပါးနှင့် ပါတ်သက်လို့  ယုံကြည်မှု အပြည့်ရှိတယ်။
၂။ သီလကို ဘယ်တော့မှ မကျိုးပျက်ဘူး။
၃။မကောင်းတာ လုပ်ရမှာ အင်မတန် ရှက်တယ်။ မလုပ်ဘူး။
၎။မကောင်းတာ လုပ်ရမှာ အင်မတန်ကြောက်တယ်။ မလုပ်ဘူး။
၅။တရားဆိုင်ရာ ဗဟုသုတ ရှိတယ်။
၆။ မရှိဘူးဆိုပေမယ့် တတ်နိုင်တဲ့ဟာကို လွတ်လွတ်ကျွတ်ကျွတ်စွန့် ကျဲ လှူဒါန်းတယ်။
၇။တရားအသိတွေ ခန္ဓာ အတွင်း စိတ်အတွင်းမှာ ရှင်းရှင်းလင်းလင်း သိနေတယ်။

အဲဒါတွေက ရတနာတွေ ဥစ္စာတွေ ပေပဲ။


ဘုရားရှင်က ဒီပစ္စည်း (၇)မျိုးသာ ရှိတဲ့
အမျိုးသမီး အမျိုးသားဟာ ဆင်းရဲ မွဲတေသူလို့  ပြောမရဘူး
လို့ 
ပြောထားပါတယ်ဗျ။ ကျွန်ုပ်မှာ ဒါတွေ ရှိထားတယ်ဗျာ။

ကဲ ... ဇာတ်လမ်းကို အကုန်မသွားတော့ဘူးနော်။
အရိယာ သူတော်ကောင်းတွေက ငွေကို ပေးပေး၊

ရွှေကို ပေးပေး၊ မြေကို ပေးပေး၊ တိုက်ပါပါ ၊
ကားပါပါ ထည့်မတွက်ဘူး။
ဘယ်တော့မှ သရဏဂုမ် အပျက် မခံတာကို သိစေချင်တာပါ။
ဒါကို မပျက်စီးနိုင်တဲ့ သရဏဂုမ် ရတယ်လို့  မှတ်ပါလေ။


အင်း ... စကားလုံးကတော့ အမျိုးမျိုးပေါ့။
တည်ဆောက်တယ် ဆိုရင်တော့ တည်အောင် အစပျိုးပါ၊
ပြီးတော့ အကောင်ထည်ဖေါ် ခိုင်မြဲအောင် ဆောက်လုပ်- လို့  ဆိုလေမလား၊


ထိန်းသိမ်းတယ် ဆိုတာလည်း ဒီအတိုင်းပဲပေါ့ဗျာ။
ပစ္စည်းတွေကို အမြတ်တနိုး ထိန်းသိမ်းသလို

ရတနာ သုံးပါးကို ထိန်းသိမ်းတာ လို့  ဆိုလေမလား- ပဲ။

ဘာပဲ ဖြစ်ဖြစ်ပေါ့နော်။ သရဏဂုမ်ရတယ်၊ ထိန်းသိမ်းတယ်။
ဆောက်တည် တယ် လို့  မြန်မာစကား

ကြွယ်ဝ ချမ်းသာမှုလို့ ပဲ မှတ်လိုက်ပေတော့ဗျိုး...။

ကဲ ... ဒီလောက်ဆိုရင်တော့ ရေးရေးလေး ရှင်းပြီနော်။
နားလည်သလို ရေးပေးလိုက်တာ။
နားမလည်ရင် နှစ်ခေါက်ဖတ်ပါ- ဒကာမလေး မစု ရေ။




ကျမ်းကိုး-
ဓမ္မပဒ အဋ္ဌကထာ၊
အဂုၤတၱရနိကာယ
မူလပရိယာယ၀ဂ်၊ မဇ္ဈိမပဏ္ဏာသအဋ္ဌကထာ

မှတ်ချက်။ ။ ဘာသာပြန်ရာဝယ်
အဖြေသိလိုသည့် ဒကာမလေးသာမက
အားလုံး ဖတ်ရှုပြီး ၊ နားလည်စေရန်
ဖြည့်စွက် ဘာသာ ပြန်ထားပါသည်။




မြတ်ရောင်နီ

( ၂၈ ၊ ၀၉ ၊ ၂၀၁၀ )




.

No comments:

Post a Comment