Pages

Wednesday, September 15, 2010

စာ နှင့် သိက္ခာ



စာ နှင့် သိက္ခာ


ဟိုးတုန်းက....။ ကိုရင်ဘ၀ကပေါ့။ မှတ်သားခဲ့ဘူးတဲ့ ဆောင်ပုဒ် တစ်ပုဒ်ကို စဉ်းစားပြီး ဆောင်းပါး ရေးချင်စိတ်ပေါ်လာပါတယ်။ အကြောင်းရာကလည်း အများသိသင့်တဲ့ အကြောင်းရာဖြစ်တယ်လို့  ယူဆမိတာကိုး။ အဲဒီဆောင်ပုဒ်က အဓိက စာချဘုန်းကြီးများ၊ စာသင်သောတုဇန သံဃာများကို အားရှိစေတဲ့ စကားပါ။

ဆောင်ပုဒ်က ဒီလိုပါ...

စာတန်ခိုး

စာချ စာသင် အလုပ်ခွင်ဝယ် ၊
နေ့ စဉ်မွေ့ လျော် များသူတော်တို့ ၊
ရွှင်ပျော်လုံ့ လ သဒ္ဓါကြွ၍ ၊
ဉာဏစင်ဖြူ သင်ချ မူကား၊
ထိုသူ စီးပွါး သုတများသဖြင့် ၊
စဉ်းစားဉာဏ်ကြွယ် အမြင်ကျယ်၏၊

မကွယ်စေကာ ကိလေသာလည်း၊
သူငါ ယုတ်ကြမ်း ဖြစ်စတမ်းသို့ ၊
ဗရမ်းဗတာ ဖြစ်မလာဘဲ ၊
ဣဿာ မစ္ဆေရ မထကြွဘူး၊

ရာဂ ဒေါသော မာန မောတို့ ၊
အပြောကျယ်ကျယ် သေးငယ်ငယ်မှ၊
စ၍ပဟာန် တဒင်္ဂန်ဖြင့်၊
ဝိက္ခ မ္ဘန ပယ်နိုင်ကြသည်၊
သင်ချ အကျိုး စာတန်ခိုး။

( တောင်မြို့ ဆရာတော်၊
သမ္မောဟ၀ိနောဒနီအဋ္ဌကထာ)


ဆောင်ပုဒ် ဆိုလိုရင်းမှာ ရှင်းလင်းလှပါတယ်။ သို့ သော် လွယ်ကူ ချောမွေ့ စွာ အတိုချုပ်ပြောရရင်- စာချဘုန်းကြီးဖြစ်ဖြစ်၊ စာသင်သားသံဃာ ဖြစ်ဖြစ် ကိုယ့်အလုပ်ကို စေတနာသန့် သန့်  စိတ်ဝင် တစား မွေ့ လျော်ကာ ပြုလုပ်နေပါလျင် အသိတွေတိုး ဉာဏ်အမြင်ကျယ်လာပါမယ်။

စိတ်ရဲ့  အနောက်ကျုဖြစ်တဲ့ ကိလေသာ လုံးဝ မပယ်သတ်နိုင်သေးသော်မှ ကိုယ့်စာလေးကို ပျော်ပျော်ရွှင်ရွှင် သိချင်စိတ် ၊ ရချင်စိတ် ၊ ပို့ ချမှု ၊ လေ့လာသင်ယူမှု ပြုလုပ်နေတာကြောင့် အဲဒီ အချိန်မှာတော့ ဣဿာဆိုတဲ့ မနာလိုမှု ၊ မစ္ဆရိယဆိုတဲ့ နှမြောမှုတွေဟာ သူ့ အလိုလို ကင်းနေ ပါတယ်။

အဲဒီအချိန်မှာ လိုချင်တာ စိတ်တိုတာ အသိမှားတွေ ဖြစ်တာတွေ လည်း ကင်းပါတယ်။ ဘုရား တရားတော်တွေ ပို့ချနေတာကိုး။ အမြဲတမ်း မဟုတ်တဲ့ တဒင်္ဂလေး ပယ်နိုင်တာပေါ့လေ။ အဲဒီ တဒင်္ဂလေးတွေ များများ ပယ်နိုင်တာ ကြာသွားရင် ၀ိက္ခ မ္ဘန အဆင့်ထိ ရောက်သွားတယ်။ ကြာ ကြာ ကိလေသာတွေ မဖြစ်တော့ဘူးပေါ့။ ဒါပဲ၊ စာချ စာသင်ခြင်းရဲ့ ရလာဒ်က။

ဒါနဲ့  ပါတ်သက်ပြီး သိက္ခာ သုံးပါးကို အကြမ်းဖျဉ်း စဉ်းစား ဆက်စပ်ကြည့်မိပြန်ပါတယ်။ သိက္ခာ ဆိုတာ အများသိ နေတဲ့ အတိုင်း ဂုဏ်ရှိတာကို သိက္ခာကို ခေါ်ပါတယ်။

ဂုဏ်ဆိုတာ ကောင်းဂုဏ် ဆိုးဂုဏ်ရယ်လို့  ရှိပြန်တယ်။ ဂုဏ် - ဂုဏ ဆိုတာ ထူးခြားတာလေ။ ကောင်းတာ ထူးထူး၊ မကောင်းတာ ထူးထူး ဂုဏ်သတင်းကတော့ ထွက်နေတာပါပဲ။ ဒီနေရာ မှာတော့ သိက္ခာဆိုတာ ကောင်းတဲ့ ဂုဏ်တွေကို ဆိုလိုပါတယ်။

သိက္ခာ သုံးရပ် လူအများ သိအပ်တဲ့အတိုင်းပါပဲ။
သီလ သမာဓိ နဲ့ ပညာ တို့ ဖြစ်ပါတယ်။

စာကျက်နေတဲ့ အချိန် ၊ စာချနေတဲ့ အချိန်ဟာ စောင့်ထိန်းရမည့် သီလကို အလိုလို စောင့်ထိန်းပြီး ဖြစ်နေပါတယ်။ သီလ ဆိုတဲ့ ပါဠိကို အလေ့ကျင့်လို့  သာမန်လေး ဘာသာပြန်မယ် ဆိုရင်လည်း အဲဒီ လိုမျိုး စာနဲ့ ပါတ်သတ်ပြီး အလုပ် လုပ်နေတာဟာ ကောင်းတဲ့ အလေ့ကျင့် ဖြစ်တယ်ပေါ့။ ဒီလိုဆိုတော့ ကောင်းတဲ့ သီလဂုဏ် သိက္ခာ ရှိသွားပါတယ်။

ပြီးတော့ သမာဓိပါ။ သမာဓိဆိုတာလည်း အဲဒီအချိန်မှာ ကောင်းတဲ့ သမာဓိ ဂုဏ်သိက္ခာ ရှိသွားပါ တယ်။ အဲ... နားလည် ထားရမှာက သမာဓိ ဆိုတာ အလုပ်တစ်ခုကို စိတ်ဝင်တစား လုပ်နေတာကို ခေါ်တာပါ။ စာ တကယ် စိတ်ဝင်တစား လုပ်နေရင် အခြားသူရဲ့  လုပ်ရှားမှု အသံတွေတောင် မကြားတတ်ပါဘူး။

ဒီနေရာမှာ ပြောစရာရှိတာက သမာဓိ ဆိုမှတော့ မကောင်းတဲ့ သမာဓိ ရှိသေးလို့ လား လို့  စော ကြော အမေး ထူစရာ ရှိပါတယ်။ ရှိလို့ ပဲ ကောင်းတဲ့ သမာဓိလို့  ပြောလိုက်တာပါ။ တစ်ချို့  ဆိုရင် ဂိမ်းဆော့တာ ၊ ဖဲရိုက်တာ၊ ငါးမျှားတာဟာ လည်း စိတ်ဝင်တစား လုပ်ကြပါတယ် ။ ငါးမြားတံကို လည်း စောင့်ကြည့်နေရပါတယ်။ အဲဒါမျိုးလည်း သမာဓိပါ။ အဲဒီသမာဓိမျိုးကို မိစ္ဆာသမာဓိ ဆိုး သွမ်းတဲ့သမာဓိ လို့  ပြောရမှာပေါ့။

အဲဒီလို စာတွေ သင်ကြား ပို့ ချချိန်မှာ တစ်လုံးစ နှစ်လုံးစမှ မှတ်မိ မှတ်မိ လာကြတယ်။ အသိ ပညာတွေ တိုးတယ်။ ပိဋကတ်တွေလည်း ကျယ်ကျယ် ပြန့် ပြန့် သိကြတာပေါ့။ အသိပညာ တိုးတာဟာလည်း အကြမ်းဖျဉ်း ပညာ သိက္ခာပေါ့။ ၀ိပဿနာ ပညာ မဂ်ပညာ အဆင့် မဟုတ် သေးသော်မှ အဲဒီ ဉာဏ်တွေ ရဖို့  အထောက်ပံ့ပေးတဲ့ စာတွေဖြစ်နေတာကိုး။ ဒီလိုဆိုတော့ ပညာ သိက္ခာလည်း စာချစာသင် သံဃာတွေမှာ ရရှိနိုင်တာပဲပေါ့နော်။

အကျဉ်းချုပ် ပြောရရင် စာချ စာသင် သံဃာတော်များဟာ ကိုယ့်အလုပ်ကို လုပ်နေကြတာမို့ စိတ်ကို နောက်ကျိသွားတဲ့ ကိလေသာစိတ်တွေ ၊ အသိဉာဏ်ကင်းစေတဲ့ စိတ်တွေ ပါး ပါး လာပြီး သိက္ခာ သုံးပါးကိုလည်း ဖြည့်ကျင့်ရာ ရောက်နေပါလားလို့  သဘောပေါက်မိပါတယ်။

ခု ဘလော့ ရေးနေတဲ့သူ ဘလော့ လာဖတ်သူတို့  အနေနဲ့ လည်း နှိုင်းယှဉ် စဉ်းစား ကြည့်ရင် ဓမ္မဘလော့ ရေးသူက စာချသံဃာလို ၊ ဖတ်ရှုသူကလည်း စာသင်သောတုဇန သံဃာလို ရလာဒ်ကတော့ ရကြမှာပဲလို့  ထင်မိပါတော့တယ်။



ဒိုင်ယာလော့ဂ်

ဘလော့မှာ စာရေးသူ။ ။ ဟုတ်တယ်နော်?။

ဘလော့မှာ စာဖတ်သူ။ ။ ဟုတ်၊ ဟုတ်၊ ဟုတ်။

အဟမ်း... ဟမ်း ...ဟမ်း

...................................................................




မြတ်ရောင်နီ
( ၁၅၊ ၀၉ ၊ ၂၀၁၀ )





.

1 comment: