Pages

Saturday, July 24, 2010

ကိုယ်ဝန်ဆောင်သူမ လေး ရေ သရဏဂုမ်ကို အမြဲရွတ်နော်


ကိုယ်ဝန်ဆောင်သူမ လေး ရေ
သရဏဂုမ်ကို အမြဲရွတ်နော်


သင်တန်းအသစ်က လူမျိုးစုံ ၊ ဘာသာစုံ ၊ နိုင်ငံစုံ ဖြစ်လေတော့ ဘာသာစကားတွေလည်း အမျိုးမျိုး ကြားရတယ်။ ကြားရတာကို အဓိက ပြောချင်တာမဟုတ်ဘူး၊ အဲဒီအထဲမှာ ခင်မင်ရတဲ့ သူတွေကို ကိုယ်ပြောခွင့်ရလိုက်တာလေးကို ပြောချင်တာ။

ခင်တာက ကိုယ့်ရဲ့  အိမ်နီးနားချင်း အင်ဒိုကောင်လေး ၊ တရုတ်မလေးနဲ့  ဗီယမ်နမ်မလေးတွေက ပိုခင်ဖြစ်တယ်။ အခြားဥရောပ ကောင်လေး ကောင်မလေးတွေကတော့ ခင်တော့ ခင်ပါရဲ့ ။
ခင်မင်တဲ့ အရိပ်အရောင်က နည်းတယ်။
ဝတ္တရားမပြတ်ရုံလောက်နှုတ်ဆက်ကြတယ်။

ဒါပေမယ့် တရားဝါသနာပါတဲ့ ဥရောပကောင်လေးတွေကတော့ တရားထိုင်ပုံ ထိုင်နည်း မေးလိုက် ဖြေလိုက်နဲ့  ဆိုတော့ နဲနဲပါးပါး ရင်နီးတယ်လို့  ပြောလို့ ရသေးတယ်။

အဲဒီအထဲမှာတော့ ဗီယက်နမ်မလေးက တော်တော်လေး ခင်မင်တယ်၊ နေ့ စဉ်ဆိုသလို အနီးကပ် လည်း ထိုင်ပြီး စကားပြောရ၊ လေ့ကျင့်ရတာ ဆိုတော့ ခင်မင်မှုပိုတာပေါ့။

ခင်မင်မှု ပိုသလောက်လည်း သူရဲ့  ပါလာတဲ့ အစားသောက်ကိုလည်း ကျွေးပါတယ်။ ညနေ မစား ကောင်း ဘူးလို့  ရှင်းပြောမှပဲ ပြန်ရုတ်သိမ်းသွားတာ။

ပြီးတော့ သူရဲ့ ဘာသာတရားကိုလည်း ပြောပြတယ်။ ဗုဒ္ဓဘာသာပါတဲ့။ ဂျာမနီမှာ ဗီယက်နမ် ဘုန်းကြီး ကျောင်း ၊ ဘုရားကျောင်း ရှိတယ်။ အဲဒီမှာ တစ်ရံ တစ်ခါ သွားလည်ပါသတဲ့။ သွားလည်ရုံ သက်သက်ပါပဲ။ ဘာမှ အထူးရွတ်ဆိုတာ ၊ ၀တ်ချတာ၊ တရားထိုင်တော့မရှိဘူး ပြောတာပါပဲ။ အော်..ဘုရားလည် ကျောင်းလည် ဆိုတာ ဒါပြောတာ တူရဲ့ နော်။

အင်း သူပြောသမျှ ကိုယ်လည်း နားထောင်ပါတယ်။ လည်တာ ကောင်းတာပေါ့ စသဖြင့် ဖော်လို လေး ဟာမိုနီဖြစ်အောင် လိုက်ပေးပါတယ်။ ရှေ့ က ပင်တိုင် အဆိုတော်လည်း မြူးစေရောပေါ့။


ပြီးတော့ သူ့ ကို ကြည့်ပြီး ကိုယ်က တွေးမိတယ်။ သူ့ က ငါ့ကို တကယ်ခင်တာပဲ။ ဘုန်းကြီးလို့ လည်း သိတာပဲ။ ဘုန်းကြီးလို လေးစားတဲ့ အရိပ်ရောင် ရှိတယ်။

ဒါကြောင့် သူနဲ့ ပါတ်သက်ပြီး အတွေးတွေက လှေကြီးထိုး ရိုးရိုး တွေးမိတယ်။ ဗုဒ္ဓဘာသာနဲ့ ထိတွေ့ အောင် သူ့ ကို အဂုင်္လိမာလ သုတ်ရွတ်ခိုင်းရရင်ကောင်းလေမလားပေါ့။


ဘာလို့ လည်း ဆိုတော့ သူ့ မှာ ကိုယ်ဝန်ဆောင်ထားတာက ခြောက်လ ရှိနေပြီ။ နီးနေပြီသားဖွားဖို့ က၊ ကိုးလလွယ် ဆယ်လဖွားဆိုတာကိုး။

ခုချိန်က ရွတ်တတ်ထားမှ မွေးဖွားခါနီး ရွတ်လိုက ဒေါင်းဒေါင်းပြေး ဆိုနိုင်ပြီး လျှောလျှောရှုရှု မွေးဖွား နိုင်မယ်ပေါ့။ အဲလိုချည်း ရိုးရိုး အအ- တွေးတာပါဆို။ ( ငါကွ ၊ အ-တာ ကြွားလိုက်အုံးမယ်)။


အဲလို ကိုယ်က တွေးမိတာလည်း မပြောနဲ့  ။ ကိုယ်ဖြတ်သန်းလာတဲ့ အတွေ့ ကြုံကြောင့် ယုံကြည်မှုက ထက်သန်မှု ရှိနေတာကိုး။

အဂုင်္လိမာလသုတ်ဆိုတာလည်း သီရိလင်္ကာနိုင်ငံ မှာတော့
ကိုယ်ဝန်ဆောင်မတွေဟာ မွေးဖွားခါနီး
အခါမှာဆိုရင်
ဘုန်းကြီးတွေကို ပင့်တယ်။ ဘုန်းကြီးများက အခြားပရိတ်ကို
တစ်ခေါက်သာ ရွတ်ပြီး အဂုင်္လိမာလသုတ်ကို ၇ ခေါက်
ရွတ်တယ်။ အဲဒီ ပရိတ်ရေကို ကိုယ်ဝန်ဆောင်သူမတို့ က
ယုံကြည်စွာ ပရိတ်ရေကို သောက်တယ်ပေါ့။
( မယုံမရှိနဲ့ ၊ ကိုယ်တွေ့  ရွတ်ခဲ့တာ များသည်။)


ကိုယ်ဝန်ဆောင်တဲ့ ဒကာမကိုယ်တိုင်ကလည်း နေ့ စဉ်ရွတ်တယ် တဲ့။ (ဒါကတော့ သူတို့ ပြောတာပဲ။)

အဂုင်္လိမာလသုတ်ဆိုတာက တကယ်တော့ သစ္စာအဓိဋ္ဌာန်ပဲ..

အဂုင်္လိမာလ လူ့ ဘ၀က ရက်ရက်စက်စက် လူတွေကို ၉၉၉ ယောက်တောင်သတ်ခဲ့ပြီး လက်ညိုး တွေကို စုဆောင်းခဲ့တာ နောက်ဆုံးတော့လည်း ဘုရားရှင်နဲ့ တွေ့ တော့ အကုသိုလ် ကိလေသာတွေ ကို အရိယာမဂ်နဲ့  ပြတ်ပြတ်သားသား အပြီးသတ်ထိ သတ်နိုင်ခဲ့တဲ့ ရဟန္တာ အရှင်မြတ်ကြီးပါ။

မကောင်းတာ ရက်ရက်စက်စက် လုပ်ခဲ့တာဟာ စိတ်ကောင်း မရှိလို့ တော့ မဟုတ်ရှာဘူး၊ စိတ် ကောင်း အပြည့်ဝရှိပါတယ်။ သူ ရဲ့ ဆရာလေးစားမှုကြောင့် ဆရာ ပြောသည့်အတိုင်း ဆရာ ကျေးဇူး ဆပ်လို လို့  သာသတ်ခဲ့ရတာပါ။

ဘုရားရှင်နဲ့ တွေ့ မှသာ အဲဒီ ဆရာပြောသမျှ လုပ်ခဲ့တဲ့ အမြင်မှားမှုတွေ ပျောက်သွားပါတယ်။ အမြင် မှားမှုနဲ့ အတူ ချစ်ခြင်း မုန်းခြင်းတွေမရှိ၊ လွန်မြောက်သွားတဲ့ အရှင်ကောင်း အရှင်မြတ်ပါ။

ရဟန္တာဖြစ်ပြီး နောက်မှာ တစ်နေ့ တော့ ရွာထဲ ဆွမ်းခံ အ၀င် ကိုယ်ဝန်ဆောင်သူမ မီးမဖွားနိုင်လို့  တအီးအီး ညီးတွားသံကို ကြားပြီး သနားစိတ်အပြည့်ဖြစ်သွားတယ်။

ကျောင်းရောက်တာနဲ့  သူ့ စိတ်ထဲမှာ ရှိတဲ့အတိုင်း
ဘုရားရှင်ကို လျှောက်ထားတယ်။ ဘုရားရှင်က

သားဖွားလွယ်ကူစေရေး သစ္စာဓိဋ္ဌာန်ပေးချေလို့ 
မိန့်တော်မူတာနဲ့ ပဲ အရှင်မြတ်ကြီးက ကိုယ်ဝန် ဆောင်
အမျိုးသမီးရှိရာသွားပြီး...


ယတော'ဟံ ဘဂိနိ အရိယာယ ဇာတိယာ ဇာတော၊
နာဘိ ဇာနာမိ သဉ္စိစ္စ ပါဏံ ဇီဝိတာ
ဝေါရောပေတာ ၊
တေန သစ္စေန သောတ္ထိ တေ ဟောတု ၊
သောတ္ထိ ဂဗ္ဘဿ။



နိဿယ-

ဘဂိနိ- နှမ၊ အဟံ- ငါသည်၊ ယတော- အကြင်အခါမှ၊ ( ပဋ္ဌာယ- စ၍၊ )၊ အရိယာယ- မြတ်သော၊ ဇာတိယာ-အဖြစ်ဖြင့်၊ ဇာတော-ဖြစ်၏၊ တတော - ထိုအခါမှစ၍၊ သဉ္စိစ္စ- သေစေလိုသော စေတနာ ရှိသည်ဖြစ်၍၊ ပါဏံ- အသက်ရှိသော သတ္တ၀ါကို ၊ ဇီဝိတာ- အသက်မှ၊ ဝေါရောပေတာ-ချဖူး၏ဟူ၍၊ နာဘိဇာနာမိ- ငါမသိ။ တေန သစ္စေန- ထိုသို့ မှန်သောစကားဖြင့်၊ တေ-သင့်အား၊ သောတ္ထိ- ချမ်းသာ ခြင်း သည်၊ ဟောတု-ဖြစ်ပါစေသတည်း၊ ဂဗ္ဘဿ-၀မ်း၌ရှိသောသတ္တ၀ါအား၊ သောတ္ထိ-ချမ်းသာခြင်း သည်၊ ဟောတု-ဖြစ်စေသတည်း။

( ဆယ်စောင်တွဲ ၊ ဟံသာဝတီမူ၊ စာ-၂၂၃)


အဓိပ္ပါယ်မှာ-

နှမ ... ငါဟာ အရိယာ ဖြစ်ပြီးကတည်းက
သတ်လိုတဲ့ စိတ်ထားနဲ့ သက်ရှိသတွာကို မသတ်ဖူးဘူး။
ဤမှန်ကန်သော ငါရဲ့  သစ္စာ စကားကြောင့်
ငါ့နှမ ချမ်းသာပါစေ၊ သားလည်း ချမ်းသာပါစေ။

( ခုခေတ် အလိုဆိုရင်တော့ ညီမလို့ ပဲ ဖြစ်ဖြစ်၊
အမ၊ မမ လို့ ပဲ ဖြစ်ဖြစ် ဘာသာပြန်ရပါ့မယ်။
ခေတ်ထဲမှာ နှမလို့ ခေါ်တာ ရှားသွားပြီ ဟုထင်ပါတယ်။

ဘဂိနိ ဟာ ညီမ၊ အမ နှစ်ခုစလုံးဆိုင်ပါတယ်၊ Sister လိုပါပဲ။)


အင်း... ဒီသုတ်ကို သူ့ ရွတ်ခိုင်းရင် ကောင်းမလား ၊ တွေးတောပြီးချိန်မှာ မဖြစ်သေးပါဘူးလေ၊ ဆိုတဲ့ အတွေးက ၀င်ပြန်တယ်။ ဒီလောက်ခေတ်မီတဲ့ ခေတ်ကြီးမှာ မွေးဖွားရတာ အဆင်မပြေရင် အေးအေး ဆေးဆေး ခွဲမွေးနေကြတာ။ သူလည်း ပထမ တစ်ယောက်မွေးဖွားပြီးပြီဆိုပဲ။

မဖြစ်သေးပါဘူးလေ၊ဒါကို ပြောလို့ ကတော့ ကွန်ပလိန်းတတ်ချင်တတ်မယ်။ ကိုယ်ကပဲ ခေတ်နောက် ကျတယ် ဖြစ်မယ်။ ကွန်ပလိန်း မတတ်ရင်တောင်မှ စိတ်ထဲမှာ သာထားပြီး သိပ်သဘော မကျ လောက် ပါဘူးလေလို့ တွေးမိပါတယ်။

ဒါနဲ့ ပဲ နောက်တစ်မျိုး အကြံတစ်ခု ရသွားတယ်။ မိဘတိုင်း သားသမီးကို ချစ်ကြတယ်။ အမေက ပိုပြီးတောင် ချစ်တာတွေ့ ရတယ်။ အလှပကြိုက်တဲ့ အမေတောင် သားသမီး ရလာရင် ကိုယ့်အတွက် အလှပကုန်ဖို့ ရာ နှမြောပြီး ၊ သားသမီး အတွက် ကုန်ချင်သလောက်ကုန်စိတ်ထားပြီး ၀ယ်ပြီး အလှ ဆင်တတ်ကြတယ်။ ကိုယ်ကောင်းကောင်း မစားရရင်နေ ကိုယ်သားသမီးဝရင် ပြီးတာပဲ ဆိုပြီး ကောင်းတာလည်း ကျွေးမွေးတတ်ကြတယ်။


ဒီသဘောတွေကို ကိုယ်လည်း သဘောပေါက် ထားလေတော့ ဗီယက်နမ်မလေးကို ဒီလို ပြောလိုက် ပါတယ်။ ဗုဒ္ဓဘာသာ ဆိုတော့လေ၊ ဒါလေးရွတ်ရင်ကောင်းတယ်။ မနက်တစ်ခေါက် ညနေတစ်ခေါက်ပေါ့။

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊

ဓမ္မံ သရဏံ ဂစ္ဆာမိ၊

သံဃံ သရဏံ ဂစ္ဆာမိ။

ဒါကို သရဏဂမန လို့ ခေါ်တယ်- ဆိုတာလည်း ရှင်းပြရသေး။

အဲဒါရွတ်ရင် သားသမီး ကျန်းမာတယ်။ ချမ်းသာတယ်။
ဗိုက်ထဲက သားသမီး အတွက် ရွတ်ပေးပါနော်။
သူ့ အတွက် ဆိုတာထက် သားသမီး အတွက်လို့ 
ထပ်ခါ ထပ်ခါ ပြောလိုက်ပါတယ်။

ကိုယ်ကလည်း အသံနေ အသံထားနဲ့  ရွတ်ပြပါတယ်။ သူကလည်း သဘောကျလို့ ။ အဲလို မရွတ် တတ်ရင် နေပါ။ ဒါက ဘုန်းကြီးသံစဉ်။ ပုံမှန်ရွတ်လည်း ရတယ်။ ရွတ်စမ်းပါ့ ဆိုပြီး သူ့ ကို ရွတ်ခိုင်းခဲ့ ပါတယ်။ သူကောင်းကောင်း ရွတ်တတ်သွားပြီ။ နှစ်ခါ သုံးခါလောက်တော့ ပြင်ပေးရတာပေါ့လေ။

ဗုဒ္ဓဘာသာ တော့ ဗုဒ္ဓဘာသာပါပဲ။ ဗုဒ္ဓဘာသာက မြန်မာ ၊
သီရိလင်္ကာ၊
ထိုင်း တို့ လို ထေရ၀ါဒ ဗုဒ္ဓဘာသာ မဟုတ်တော့
သရဏဂုမ် ပါဠိ
မရတာ ရှိမှာပေါ့လေ။

( အဲ... မြန်မာဗုဒ္ဓဘာသာမှန်ရင် သရဏဂုမ် ပါဠိ ရကို ရရမယ်။
ဒါမှ ဗုဒ္ဓဘာသာ လို့  လက်မထောင် ပြောလို့  ဖြစ်မှာ။
ဗုဒ္ဓဘာသာ အစ သရဏဂုမ် က ဆိုရင် မမှားဘူး။)

သူ့ မှာ သဒ္ဓါတော့ရှိသားပဲ၊ ဘုန်းကြီးမှန်းသိတယ်။ ပေးချင်တယ်။ ဘုရားကျောင်းမှန်းသိတယ်။ သွားချင်တယ်။ အဲဒါနဲ့ ပဲ သရဏဂုမ် ကို ကမ္မဋ္ဌာန်း အနေနဲ့ ပေးလိုက်တာပါ။


အဘိဓမ္မာ လက်သန်း အဋ္ဌကထာကျမ်းက ဆိုထားတာ ရှိပါတယ်။

ပင်ကိုယ်က ကောင်းနေသော သဒ္ဓါတရားသည် ဘုရားစသော အာရုံများနှင့် တွေ့ ကြုံလျင် အတိုင်း ထက် အလွန် တံခွန်နှင့် ဘုရား ကဲ့သို့  တိုးတက် ဖွံ့ ထွားလာဖွယ်ရှိသောကြောင့် ဗုဒ္ဓါနုဿတိ၊ ဓမ္မာနုဿတိ၊ သံဃာနုဿတိ ၊ သီလာနုဿတိ ၊ စာဂါနုဿတိ၊ ဒေ၀တာနုဿတိ ၆ပါးသည် သဒ္ဓါ စရိုက်ရှိသူနှင့် သင့်လျောက်ပတ်၏။
( အခြေပြု သင်္ဂြိုဟ် -စာ- ၅၅၂)

ဗုဒ္ဓါနုဿတိအာဒယော ဆ သဒ္ဓါစရိတဿ။
( အဘိဓမ္မတ္ထ သင်္ဂဟ ပါဠိ )



ဗီယက်နမ်မလေး ကို ပေးလိုက်တဲ့ သရဂုမ် ပါဠိကတော့ ဗုဒ္ဓါနုဿတိ ၊ ဓမ္မာနုဿတိ ၊ သံဃာနု ဿတိ ဆိုတဲ့ အနုဿတိ သုံးပါးကို တစ်ခါတည်း ပွါးများပြီး ဖြစ်သွားပါလေရောလား။ ( သမထ ဘာဝနာ လို့ ခေါ်ပါတယ်။)

ပွါးများခြင်းရဲ့  အကျိုးကျေးဇူးများကတော့
ပြောမကုန် ကြုံဘူးမှ သိပါလိမ့်မယ်။
(အကျိုးပေးမှုကို ချန်လှပ်ခဲ့ပါရစေ။)

ဘာပဲ ဖြစ်ဖြစ် ကိုယ့်အနေနဲ့ ကမ္မဋ္ဌာန်း အပေးလွဲတယ် ပြောပြော ၊ အဂုင်္လိမာလသုတ်ပဲ ရွတ်ခိုင်းသင့် တယ်ပဲ အပြစ်တင် ဝေဖန် ပြောပြောပါလေ၊ ကာလံ ဒေသံမို့ ကိုယ်ကတော့ သရဏဂုမ်ကိုပဲ သူ့ ကို စာရွက်မှာ ရေးသင်ပေးပြီး ရွတ်ခိုင်းလိုက်ပါတော့တယ်။

ကိုယ်ဝန်ဆောင်သူမလေးရေ
သရဏဂုမ်ကို အမြဲရွတ်နော်.....






မှတ်ချက်။ ။ ကိုယ်တွေ့  လေးတွေကို တင်ပြခြင်းပါ


မြတ်ရောင်နီဆိုတဲ့ အတိုင်း အရောင်တွေစုံလွန်းလို့

စာဖတ်ပြီးတိုင်း မျက်စိကို အနားပေးရတယ် ဦးဇင်းရေ။
ကာလာကိုနည်းနည်းလေးလျှော့စေချင်ပါတယ်ဘုရား။
မေတ္တာများစွာဖြင့်..
ဟုတ်ပါပီ။ မေတ္တာများစွာဆိုတော့လည်း ကျေးဇူးပါ။
ကာလာ အနည်းငယ် လျှော့လိုက်တယ်။
လှစေချင်လိုလို့  ဆေးမှင်ကြောင်ထိုး
ဆေးကြောင့် ပိုရုပ်ဆိုးသွားတဲ့ ..သဘောပေါ့လေ။

တကယ်တော့ ကိုယ့်စေတနာက စာဖတ်သူတွေကို
စာသားတင် မှတ်သားစေချင်တာ မဟုတ်ဘူး၊
စာအနေထား၊ ဘလော့ အနေထား လှလှပ တွေ့ စေချင်သေးတာ။
သို့ သော်...သို့ သော်...

မြတ်ရောင်နီ
( ၂၅ ၊ ၀၇ ၊ ၂၀၁၀ )






.

No comments:

Post a Comment