Pages

Monday, July 26, 2010

ဝါဆိုလ ၀ါဆိုခြင်း ( ၀ါ နှစ်မျိုး)


ဝါဆိုလ ၀ါဆိုခြင်း ( ၀ါ နှစ်မျိုး)


ဝါဆိုလ ဆိုတာ ၀ါဆိုတဲ့ လဖြစ်တယ်။ ရှင်းကြမယ်လို့  ထင်ပါတယ်။ မြန်မာလတွေ စဉ်းစားတော့ ဗုဒ္ဓဘာသာ နိုင်ငံဖြစ်တဲ့ အလျောက် ဘာသာရေး အသုံးနှုန်းများနဲ့  ခေါ်ထားတာတွေ့ ရတယ်။ ရှေ့ ဆက်တော့ ၀ါခေါင်လ တဲ့ လေ။ ၀ါဆိုတစ်လဆိုပြီးတော့ ၀ါက ခေါင် သွားပီပေါ့။ ခေါင်တယ်ဆိုတာ လျှော့သွားတာပေါ့နော်။ မိုးခေါင်ရင် မိုးနည်းသွားသလို ၀ါခေါင် ဆိုတော့ ၀ါတစ်လ ပြီးသွားလို့ နည်း သွား ပြီပေါ့။ ရှေ့ ဆက် စဉ်းစားလိုက်ပါဦး၊ သီတင်းကျွတ်တဲ့။ သီတင်းသုံးဖေါ် ငါးဦးလို့  ခေါ်တဲ့ ဘုန်းကြီး၊ ဘုန်းကြီးမ၊ ကိုရင်၊ ကိုရင်မ၊ သိက္ခမာန်မ တို့ ရဲ့  ၀ါတွင်းကာလ ကိုယ်နေမြဲကျောင်းမှာ သီတင်းသုံးရာက ကျွတ်ပြီ လို့  ၊ ခရီးသွားလို က သွားလို့ ရပြီ ပြောရလို့  သီတင်းကျွတ် ပေါ့။ (ကိုယ့်အတွေး သက်သက်ပါ)။

သံဃာ အနည်းငယ်သာ ရှိစဉ်ခိုက်မှာ ၀ါဆိုစရာ အထူးမလိုခဲ့ဘူး။ မြတ်စွာဘုရားရှင် ကိုယ်တော် တိုင်က စရထ ဘိက္ခဝေ စာရိကံ ဗဟုဇနဟိတာယ ဗဟုဇနသုခါယ...စသဖြင့် မိန့် တော်မူပါတယ်။

ဆိုလိုတာက သံဃာနည်းပါးချိန်မှာ သာသနာကို အမြန်ပြန့် ဖို့ ရာ အတွက် ဒေသစာရီ ကြွခိုင်းပါ တယ်။ သာသနာပြန့် မှ လူအများချမ်းသာမယ်။ လူများအကျိုးရှိမယ်ပေါ့။ အဲဒီအတွက်ပဲ ကြွဖို့  မိန့် တော်မူခဲ့တာပါ။

အဲဒီတုန်းက သံဃာကလည်း ( ၆၁) ပါးမျှသာရှိသေးတာကို။ အဲဒါကြောင့်လည်း တစ်လမ်းထဲ နှစ်ပါးစု မသွားကြနဲ့ လို့ ပါ ထည့်ပြီးမိန့် မှာတော်မူတာပါ။ တရားလည်း အစ အလယ် အဆုံး အပီပြင် ကောင်း တဲ့ တရားတွေ ဟောကြပါတဲ့။ ဒီလိုနည်းနဲ့  သွားကြ လာကြခဲ့တာ ၀ါဆိုတယ်ဆိုတာ လုံးဝ မရှိခဲ့ဘူး။

နောက်တော့ သံဃာ အင်အားက တောင့်လာတယ်။ တစ်ခါ တစ်ခါ ၅ ပါး တစ်စု ရဟန်းပြုကြ၊ အုပ်စုလိုက်ရဟန်းဝတ်ကြ နဲ့  ရဟန်းဝတ်ကြတာဟာ ၅ရာ ၀တ်တာတို့  ၁၀၀၀ ၀တ်တာတို့  ထိ စုပေါင်း ရဟန်းဝတ်ကြတာတွေ့ ရပါတယ်။

သာသနာက အရှိန်တအားကောင်းလာတဲ့အခါ စစ်သားတွေလည်း စစ်မတိုက်ချင်ကြတော့ဘူး။ သံသရာမှ လွတ်ချင်ကြတာနဲ့  ဘုန်းကြီးဖြစ်လာကြတယ်။ သူခိုး၊ ဓားမြတွေလည်း မခိုးချင်ကြ၊ မတိုက် ချင်ကြတော့ သံသရာမှလွတ်ချင်ကြတယ်။ သူဌေးဆိုတဲ့ လူအများကလည်း ပစ္စည်းချမ်းသာမှာ မတွယ်တာကြတော့ဘူး ချမ်းသာ အစစ်မဟုတ်မှန်းသိလာကြတယ်။

တရားတော်ရဲ့  ကောင်းတဲ့အချက်ကို
သိလာတာနဲ့ အမျှ တော်တော်များ
ဆိုသလို
သာသနာ့ ဘောင် ရောက်လာကြတယ်။

ဒီလိုနဲ့  သာသနာပြု မထေရ်မြတ်တို့  အစွမ်းကြောင့် သာသနာဟာ ရှမ်းရှမ်းတောက်ပြီး ထင်ရှားလာခဲ့ တယ်။ တစ်ခါတစ်ခါ ဒေါက်တာ ဇီဝက က သံဃာ ဖရီးဆေးကုပေးတယ် ကြားလို့  ငွေရေးကြေးရေး မတတ်နိုင်တာနဲ့ ခဏ အချောင် ဆေးကုချင်လို့  ၀တ်တဲ့ သံဃာတွေကစ သာသနာမှာ ရောက်လာတဲ့ အထိ ဖြစ်လာတယ်။

ခုပြောချင်တာက သံဃာတွေ အိန္ဒိယ တစ်ခွင် နေရာတကာဆိုသလို တွေ့ နိုင်သွားတာပေါ့။ ၀ါဆိုဖို့  မပညတ်ထားသေးတော့ သွားကောင်းလာကောင်း အချိန်ကောင်းပေါ့။ အချိန်မရွေး သွားကြ လာကြ သာသနာပြုကြပေါ့လေ။

မြတ်စွာဘုရား ရာဇဂြိုဟ်မြို့  ဝေဠုဝန်ကျောင်း သီတင်းသုံးခိုက်မှာပဲ ၀ါဆိုဖို့ အကြောင်းက ဖန်လာ တယ်။ လူတွေက မြင်လာပြီ၊ သံဃာတွေ နွေ မိုး ဆောင်း ရာသီမရွေး ဟိုဟို ဒီဒီ သွားကြတာကိုပေါ့။
အဆိုးဆုံး သူတို့  မြင်သွားတာက မိုးရာသီ ခရီးသွားတာကို သူတို့  လုံးဝ ရှုတ်ချ အပြစ်တင်တယ်။

သက်သက် အပြစ်တင်ချင် လို့ တော့ မဟုတ်ကြပါဘူး။ သူတို့ အယူဆက တစ်မျိုးရယ်ကြောင့်ပါ။
အိန္ဒိယ လူတွေက မြက်တွေကို လူတွေ သတ္တ၀ါတွေ အသက်ရှိသမျိုး ယူဆကြတယ်လေ။

အဲလို ယူဆကြလေတော့ သံဃာတော်တွေက မြက်တွေပေါ် ဖြတ်ကျော်နင်းခွ သွားတော့၊ တစ်ချို့ နုတဲ့ မြက်တွေ သေကုန်တယ်၊ ကြမ်းတဲ့မြက်တွေ ညိုးကုန်တယ် ။ လူတွေက မြက်သေတာကို သတ္တ ၀ါတွေ သေတယ်လို့ ယူဆပြီး၊ ညှိုးတာကို ညှင်းဆဲတယ်လို့  ယူဆပြီး ကဲ့ရဲ့ ကြ.တာပါ။

ပြီးတော့ သူတို့  အကြောင်းပြချက်တစ်ခုကတော့ သာသနာ့ အပြင်ဘက်က မတရားဟောနေကြတဲ့ တိတ္ထိတွေတောင်မှ သူကျောင်းနဲ့  သူကံ ဟန်ကျပန်ကျ နေကြတယ်၊ နောက်ပြီးတော့ ငှက်တွေ တောင်မှ အသိုက်လုပ်ပြီး သူ့ ဟာလေးနဲ့  သူ မိုးခိုကြတယ်။

ခုများမတော့ တရားကောင်းတွေဟောနေကြတဲ့ သံဃာတွေက နွေ မိုး ဆောင်း သွားတာက ခုလို သူများ အသတ်သတ်မှု ၊ ညှင်းဆဲမှု ကိုပြုကြတာ မတော်ပါဘူးတဲ့။

ဒီကဲ့ရဲ့  ပြစ်တင် ရှုတ်ချသံက သံဃာတွေနား ဆတ်ဆတ်
ကြားပါလေရောလား။ ကြားတယ်ဆိုရင်ပဲ ကျောင်းကို
ပြန်ရောက် တာနဲ့ ဘုရားရှင်ကို အရပ်ထဲမှာ လူတွေက
ဒီလို ပြောနေကြပြီ ဖြစ်ကြောင်း ပြန် လျှောက် ထားကြပါတယ်။


ဘုရားရှင်က အဲဒါနဲ့ ပဲ ဒီလိုဆိုရင် ၀ါဆိုဖို့  ငါဘုရား ခွင့်ပြုတယ်။ သတ်မှတ်တော်မူတယ်-တဲ့။
အဲသလောက် သာ သိလိုက်ကြရတော့ သံဃာတော်တွေရဲ့ စိတ်ထဲမှာ ဘယ်အချိန်များ ၀ါကပ်ရမလဲ ဘုရား ဆိုတာကို ပြန်လည် လျှောက်ထားကြပါတယ်။

အဲဒါနဲ့  မြတ်စွာဘုရားရှင်က မိုးရာသီမှာ ၀ါဆိုရမယ်။ ၀ါကပ်ရမယ် ဆိုတာ ပညတ်တော်မူပါတယ်။
မိုးရာသီတော့ ၀ါဆိုရမည် သိပေမယ့် ၀ါဘယ်မျိုးရှိမှန်း သဲသဲကွဲကွဲ မသိတာနဲ့  ဘုရားရှင်ကို ထပ် လျှောက်ပြန်ပါတယ်။

အဲဒါနဲ့ ဘုရားရှင်က
ဝါဆိုလပြည့်ကျော်(၁)ရက်မှ
သီတင်းကျွတ်လပြည့်ထိ ပုရိမ၀ါ( ပထမ၀ါ)၊


ဝါခေါင်လပြည့်ကျော် (၁) ရက်မှ
တန်ဆောင်မုန်းလပြည့်ထိ ပစ္ဆိမ၀ါ(ဒုတိယ၀ါ) ၊


နှစ်ဝါတွင် တစ်ဝါ၀ါ ကို ဆိုနိုင်ကြောင်းကို ပညတ်တော်မူခဲ့ပါတယ်။



မှတ်ချက်။ ။ ၀ါဆိုလပြည့်နေ့ ကား ဓမ္မစကြာ အခါတော်နေ့ ပါ။
ဓမ္မစကြာကို ရေးတင်သင့်ပေမယ့် ဓမ္မစကြာကို
ဘလော့များစွာမှာ ဖတ်ရှုက သိနိုင်ပါတယ်။
သံဃာနဲ့ စပ်ပြီး ၀ါဆိုခြင်း အကြောင်းမှာ
ရှားပါးစွာတွေ့ နိုင်တာမို့  လူအများသိစေ
ဗဟုသုတ ရစေလို တာနဲ့  ရေးတင်လိုက်ပါတယ်။

ဝိနယပါဠိ ၊မဟာဝဂ္ဂ ၊ ထိုထိုနေရာနှုင့်
ဝဿုပနာယိကက္ခန္ဓက ကိုးကားပြီး
သင့်တော်သလို ဘာသာပြန်ထားပါသည်။




မြတ်ရောင်နီ

( ၂၇ ၊ ၀၇၊ ၂၀၁၀ )



.

No comments:

Post a Comment