Pages

Monday, June 13, 2011

အနတ္တ လက္ခဏသုတ်

အနတ္တ လက္ခဏသုတ်

( အဆက် )



( ၃) ဝေဒနာက္ခန္ဓာ အနတ္တ ဖြစ်ပုံ


ဝေဒနာ အနတ္တာ- ဝေဒနာဟာ အနတ္တပဲ။

ဝေဒနာ ဆိုတာ ခံစားမှုပါ။ ခံစားမှု အမျိုးမျိုးရှိပါတယ် ။
ပျော်ရွှင်ခြင်းကိုလည်း ခံစားတယ်၊ စိတ်ပျက်ခြင်းကိုလည်း ခံစားတယ်။
ပျော်တယ် စိတ်ပျက်တယ်တော့ မဟုတ်ဘဲ ကြားအနေနဲ့  ခံစားတယ်။

လူတိုင်းက ပျော်ရွှင်မှုကိုဘဲ ခံစားချင်ကြပါတယ်။ စိတ်ပျက်မှုခံစားရလာပြီ
ဆိုတာနဲ့  ငါ့စိတ်လေး အမြန်ပျော်ရွှင်ပါစေ ဆိုတဲ့ ပျော်ရွှင်မှုကို လိုလား
ကြပါတယ်။ အဲသလို ဖြစ်နေချိန်မှာ ပျော်ရွှင်မှုကို ငါက ရချင်လိုက်တာ
စိတ်ပျက်တာတွေ ဝေးဝေး ပြေးပါတော့လို့  ကိုယ်စိတ်အလိုတိုင်း မဖြစ်ဘူး။

ပြီးတော့ ပျော်ရွှင်မှုလေးတွေနဲ့  ရရှိလာတဲ့ အခါမှာလည်း ဒီလို ပျော်ရွှင်မှုမျိုး
အမြဲတမ်း ရချင်လိုက်တာလို့ ၊ ပျောက်မသွားပါစေနဲ့ လို့  ကိုယ့်အလိုတိုင်းလည်း
မဖြစ်ပြန်ဘူး။

ပျော်ရွှင်မှုပဲ ဖြစ်ဖြစ် စိတ်ပျက်မှုပဲ ဖြစ် အမြဲတမ်းတော့ တည်မြဲပြီး ကိုယ်အလိုအတိုင်း
မဖြစ်တာကတော့ သေချာတယ်။ အဲလို မဖြစ်တာကိုက အာဗာဓ ပျက်စီးခြင်း သဘောပဲ။

ရုပ်တုန်းကလိုပဲပေါ့။ ခံစားမှု ဝေဒနာမှာလည်း ကိုယ်ဖြစ်ချင်သလို ကိုယ့်အလိုအတိုင်းသာ
ဖြစ်ခဲ့ပါရင် ခံစားမှုဝေဒနာ အာဗာဓ ပျက်စီးဖွယ်ရာ မဖြစ်နိုင်ဘူး။ ငါ့ ခံစားမှုလေးတွေ
ဒီလို သာ ဖြစ်ပါစေ ၊ ဒီလို မဖြစ်ပါစေနဲ့ လို့  ပြောလို့ ရမှာ သေချာပါတယ်။

ခုတော့ကား ကိုယ့်အလို ကိုယ်စိတ်တိုင်းကျ မဖြစ်နိုင်လို့ သာ ခံစားမှု ဝေဒနာတွေ
ဟာလည်း အာဗာဓ ပျက်စီးကြရတော့တာပါ။ ဒါကြောင့်လည်းပဲ ငါ့ ခံစားမှုလေးတွေ
ဒီလို ဖြစ်ပါစေ ၊ ဒီလို မဖြစ်ပါစေနဲ့ လို့  ပြောမရခဲ့တာပေါ့။

ဒီလိုနဲ့ ပဲ ခံစားမှု ဝေဒနာကို ကိုယ့်အလိုတိုင်း ကိုယ့်စိတ်ကြိက် မဖြစ်နိုင်တာမို့ 
ဝေဒနာ အနတ္တ လို့  ဆိုတာပဲ ဖြစ်ပါတယ်။

( ၄ )သညာက္ခန္ဓာ အနတ္တ ဖြစ်ပုံ

သညာ အနတ္တာ- သညာဟာ အနတ္တ ဖြစ်ပါတယ် ။
ဟုတ်ပါတယ်။ သညာဟာ အနတ္တ ဖြစ်တယ် ဆိုတာ ပိုထင်ရှားမည် ထင်တာပဲ။
မှတ်သားတာကို သညာလို့  ခေါ်ပါတယ်။ သညာဟာ သူ့ အလုပ်ဖြစ်တဲ့ မှတ်သား
မှုကို ကောင်းတာ ဖြစ်ဖြစ်၊ မကောင်းတာ ဖြစ်ဖြစ် မှတ်သားလေ့ ရှိပါတယ်။

လူတိုင်း ဆိုသလို မှတ်သားမှု သညာကို ပျောက်ပျက်စေချင်တာ ရှိသလို
မပျောက်ပျက်ချင်တဲ့ အမှတ်သညာ၊ အမှတ်သင်္ကေတ လည်း ရှိကြပါတယ်။

အဲဒီသညာ အားလုံးဟာ ကိုယ့်အလို ကိုယ့်သဘော ဘာမှ ဖြစ်ချင်သလို
ဖြစ်လို့ မရနိုင်ပါ။ အဲသလိုမျိုး ဖြစ်ချင်သလို ဖြစ်လို့  မရတာကိုပဲ သညာရဲ့ 
အနတ္တ ဖြစ်တယ် လို့  သိထားရမှာ ဖြစ်ပါတယ်။

ဆိုပါစို့ ။ စာကျက်တယ်၊ မှတ်သားရတာပဲ။ ဒီနေ့ ကျက်ထားတဲ့စာ နောက်နေ့ 
မမေ့ရင်ကောင်းမှာပဲ။ ဒါမှ မဟုတ် တစ်ခါ ကျက်ပြီး ပြန်မကြည့်ရအောင် မှတ်မိ
နေရင် ကောင်းမှာပဲလို့  ၊ ဒါဆိုရင် စာမေးပွဲ အဆင်ပြေမယ်။ ကိုယ့်ဖြစ်တဲ့အတိုင်းကို
ဖြစ်မယ်။ သို့ ပေမယ့် ဘယ်သူမှ သညာကို မပျောက်ပျက်ပါစေနဲ့ လို့  ထိန်းသိမ်း
ထားလို့  မရ။

တစ်ခါတစ်လေ အညိုးတေးဖြစ်တဲ့ နားကျည်းမှု အမှတ်သညာ ၊ အမှတ်သည်းခြေ
ဆိုတဲ့ သညာဟာ စဉ်းစားလိုက်တိုင်း ကိုယ့်ကို ပူလောင်စေတယ်ဆိုပါတော့။
ဒီလို ပူလောင်ရင် ဘယ်သူမှ အဲလို သညာမျိုး ရှိချင်ကြမှာ မဟုတ်ပါဘူး။

တကယ်လို့ များ မှတ်သားမှု သညာဟာ ကိုယ့်အလိုအတိုင်း ဖြစ်နိုင်ရင်
အဲဒီလိုမျိုး အာဗာဓ ပြောင်းလွဲခြင်း ပျက်စီးခြင်း အာဗာဓ မဖြစ်နိုင်။
ကောင်းတဲ့သညာသာ အမြဲမှတ်သားမိစေ၊ မကောင်းတဲ့သညာတွေ အမြန်ဆုံး
မေ့ပစ်နိုင်ပါစေ လို့  ပြောတဲ့ အတိုင်းသာ ဖြစ်နိုင်မှာပါ။

ခုတော့ကား ဘယ်သညာမျိုးကိုမှ ငါ ဖြစ်ချင်တဲ့ သညာ မဖြစ်နိုင်။
ဒါကြောင့်ပဲ အမျိုးမျိုး ပြောင်းလွဲခြင်း ပျက်စီးခြင်း အာဗာဓ ဖြစ်ရပါတယ်။

ကောင်းတဲ့ မှတ်သားမှု သညာသာဖြစ်ပါစေတော့၊ မကောင်းတာမှတ်သား
ထားတာတွေ မေ့ပါရစေ ၊ ပျက်စီးပါစေ ၊ မဖြစ်ချင်ပါ လို့  ကိုယ့်စိတ်ထင်တိုင်း
သညာများဟာ မဖြစ်တာ သေချာတယ်။

ဒီလိုနဲ့  သညာဟာလည်း ကိုယ်ဖြစ်ချင်တဲ့ အတိုင်း မဖြစ်နိုင်တာမို့  သညာဟာ
အနတ္တ လို့  မှတ်သား ရမှာ ဖြစ်ပါတယ်။

ဆက်လက် ဖေါ်ပြပါမည်။

မြတ်ရောင်နီ

( ၁၃ ၊ ၀၆၊ ၂၀၁၁ )


ဒီနေရာလေးမှာ ရေးပါ..

No comments:

Post a Comment