ဘလော့လေးမျောရာမှ ပြန်ရှင်သန်လာခြင်း
၁၃၈။အစိန္တိတ မ္ပိ ဘ၀တိ ၊ စိန္တိတမ္ပိ ၀ိနဿတိ။
န ဟိ စိန္တမယာ ဘောဂါ ၊ ဣတ္ထိယာ ပုရိသဿဝါ။
( ဇာတက အဋ္ဌကထာ )
စိတ်ကူးထားတာမျိုး မရှိတာတွေလည်း မထင်မှတ်ဘဲ ဖြစ်လာတတ်တယ်။
စိတ်ကူးထားတာတွေလည်း ထင်တဲ့အတိုင်း ဖြစ်မလာပဲ ပျက်တတ်တယ်။
စိတ်ကူးရုံလေးနဲ့ တော့လည်း ဘယ်သူ ဘယ်ဝါ မဆို ဘာမှ ဖြစ်လာမဟုတ်ဘူး။
ဝီရိယ၀တော ဟိ အစိန္တိတမ္ပိ ဘ၀တိ။
ကြိုးစားခဲ့ရင် စိတ်ကူးထားတာ မဟုတ်သော်မှ ကြိုးစားမှု ရလာဒ် ရနိုင်မယ်။
မဟာဇနက ဇာတ်တော်ထဲက စကားပါ။ ဘလော့ မျောသွားတယ် ပြောရမယ်။ ဘလော့ ၂ ရက် တောင် ကြာ သွားတယ်။ သွားရှာပြီပေါ့ လို့  ထင်ခဲ့တယ်။ ဒီဘလော့ မမျောခင်က သူငယ်ချင်း တစ်ပါး ဘလော့ သေသွားတယ်-ဆိုတဲ့ နာရေး သတင်း ကြားပြီးသားပါ။ တစ်ပါး က ကိုယ့်လူရေ ဂရုစိုက် နော-တဲ့။ တို့  သူငယ်ချင်း ဘလော့ သေသွားလို့ တဲ့။
အော်- ခု တစ်လော နာရေး သတင်းတွေ ချည်း ကြားနေရတယ်။ ရဟန်းတစ်ပါးလည်း သေသွား တယ် တဲ့။ ပျံတော်မူတာတော့ မဟုတ်ဘူး။ ရဟန်းဘောင်မှ စုတေခြင်းတဲ့။ ဘယ်တတ်နိုင် မလဲလေ။ နောက် အီးမေးတွေနဲ့  တရားကြောင်း မေးမေးနေတဲ့ ညီမဖြစ်သူကလည်း ဘဘ ဆုံးပြီတဲ့။ ဆေးရုံက ကားနဲ့  ခေါ်ခဲ့ပြီတဲ့။
ဘလော့ သေတာဖြစ်ဖြစ်၊ ရဟန်းဘောင်မှ စုတေ တာဖြစ်ဖြစ်၊ ဘဘဆုံးပါးတာဖြစ်ဖြစ် ဘယ်တတ် နိုင်မလဲ။ ဒီလိုပဲပေါ့ ဆိုတဲ့ တိုတို ထွာထွာ စကားလေးနဲ့  အဆုံးသတ်ခဲ့ရတာ။
နတ္ထိ ဇာတဿ အမရဏံ- မွေးဖွားလာရင် သေရမှာ။ ဒါလေးကို စိတ်က လည်း သိ ၊ သိတဲ့ အတိုင်း ဆင်ခြင် ပွါးများမှု များရင် သေခြင်းတရား ဆိုတဲ့ မြွေဆိုး လာချင်လာပါစေ၊ ကိုယ့်လက်ထဲမှာ လက်နက်ရှိ သလို ပါပဲ ။ တွယ်လိုက်ရုံပေါ့။ လက်နက်အဆင်သင့်ရှိပါစေ။ စိတ် သက်သာရာ ရနိုင်ပြီ ပေါ့။
ဒီလို ဆက်စပ်ရာကို တွေးရင်းနဲ့  ဘလော့ ဖြစ်လာရင် ဘလော့လည်း သေမှာပဲ။ ရဟန်းဘောင် ဖြစ် လာ ရင်- အဲ... ဒါတော့ ချွင်းချက်ပေါ့။ မသေအောင် လုပ်လို့ အောင့်အီး နေမယ် ဆိုရင်ဖြစ်နိုင် တယ်။ အသိ သတိ လေးနဲ့ ပေါ့။ ဒီလိုစိတ်လေးမွေးပြီး ဘလော့မျောနေတာကို စောင့်ကြည့် နေခဲ့ တယ်။
ဒါသေတာလား မျောတာလား ခွဲ မသိတာနဲ့ ပဲ။ စိတ်ကူးလေးနဲ့ လည်း ကြည့်နေရုံ လည်းမတော်။ ၀မ်းနည်းနေရုံလည်း မဖြစ်။ ဆရာဝန် ခေါ်မှ ဘလော့မျောတာဆိုရင် ပြန်လည်လာမှာ ဆိုပြီး ဆရာဝန် ပင့်ခဲ့ရတယ်။
ကိုယ်က ထင်ခဲ့တယ်။ သွားပြီ၊ ငါ ဘလော့ဂ်ကတော့ ဥပစ္ဆေဒက – အသက်တမ်း မကုန်ခင် သေသွား တယ်ပေါ့။ ဘလော့ဂ် အသက်တမ်းက ဘယ်လောက်ရှိမှန်းလည်း မသိ။ သူနဲ့  လက်ထပ်ထားတာမှ မကြာသေး။ ၂၀၁၀ နှစ်ဦးလေးကမှ။
ယုယု ယယလေးရှိတုန်းလေး၊ နေ့ စဉ် ဆိုသလို မျက်စိအောက်က အပျောက်မခံရက်။ အမြဲ သွားတွေ့ နေကျ။ တစ်ခါတလေ သူ့ နှလုံးသားထဲ ကို စကားတွေ သွားပြောတယ်။ ကိုယ်ပြောတာတွေလည်း သူများ ကြား ပါစေတော့ပေါ့။ စကားမပြောဖြစ်တောင် သူ့ ကို သွားတော့ နေ့ စဉ် ကို ကြည့်ဖြစ်တယ်။ ရခါစ ဆိုတော့လည်း ကြင်နာရသပေါ့။ ဒါပေမယ့် ကိုယ်က သစ္စာ ရှိမှာပါ။ ကိုယ်တို့  အတွဲ ညီတာ လေးတွေ သူများ အားကျစေလိုတယ်လေ။
ဒီလောက် တွယ်တာယုယတာမို့  ဆရာဝန်ကို မရ မက ကုပေးပါဆိုပြီး ဆရာဝန်ကို ပြတော့ ဆရာ ၀န် က ပြောတယ်။ အဲဒါ ဘလော့ဂ် က မျောတာပါတဲ့။ ဒီ ရက် ၂၀ အတွင်း မကုနိုင်ရင် အပြီး ပိုင်သေ မယ်တဲ့။ ခုတော့ ဆေးမီသေးတယ်။ ဆရာဝန် ဆေးတိုက်သွားတယ်။ စောင့်ကြည့်ပါဦးတဲ့။ တစ်ရက် နှစ်ရက်။
ပူပန်မှုတွေ ဖြစ်လာရင် ဘယ်ဆရာဝန် ပြောပြော ရာနှုန်းပြည့်ကြီးတော့ မယုံဘူး။ တထင့်ထင့်ပါပဲ ။ ကောင်းလာမှပဲ အော်... ဟုတ်သားပဲ။ ဆရာဝန်ကို ကျေးဇူးတင် ကြောင်းပြောကြတာ။ အဲဒါ ဓမ္မတာ ပါ။
ခုတော့ သူပြန်ရှင်သန်လာပြီ။ ပျော်လိုက်တာ။ ဆရာဝန်ကို ကျေးဇူးတင်ပါတယ် ဗျာ။
ငါ့ ဘလော့ဂ် နဲ့  အတူနေရမယ် စိတ်ကူး မရှိပေမယ့် ဘလော့လေးနဲ့  အတူနေခွင့် ရခဲ့တယ်။သူနဲ့ ပဲ အမြဲတွဲရ ၊ တွေ့ နေရမှာပဲ ထင်ခဲ့ ပေမယ့် ၂ ရက် သူမျောသွားတယ်။ ငါ့ ဘလော့လေး အမြန်ပြန် လာပါ။ အသက်ဆက်ရှင်ပါတော့ လို့  ငါရဲ့ စိတ်ကူးရုံလေးနဲ့  သူက ရှင်ခဲ့တာမဟုတ်။ ခုတော့ သူ့ ရဲ့ အသက်ရှင်ခွင့်ရတာ ဟာ ငါ့ရဲ့  ကြိုးစား အားထုတ်ပြီး ဆရာဝန်ရဲ့  ကုသမှုကြောင့် ငါ ဘလော့ဂ် လေး နဲ့  ပြန်ဆုံရတယ်။
ဒီလိုဆိုတော့ အပေါ်က ပြောခဲ့တဲ့ ဂါထာ လိုပါပဲပေါ့နော်။ ဘာပဲ ဖြစ်လာလာ ကိုယ့်အလိုတိုင်း ကိုယ့် စိတ် ကူးအတိုင်း ဖြစ်လာတာ ရှိသလို၊ မဖြစ်တာလည်း ရှိတယ်။ ပျက်သွားတာ လည်းရှိ တတ် တယ်ပေါ့။ ပြီးတော့ ဖြစ်ချင်တဲ့ဟာကိုလည်း စိတ်ကူးရုံနဲ့  မဖြစ် ကြိုးစားမှသာ ဖြစ်တယ် ဆိုတာကို ဘလော့ မျောသွားရာမှ ရှင်သန်လာခြင်း နဲ့  သင်ခန်း ယူတတ်ကြပါစေ။

မြတ်ရောင်နီ
(၀၄၊၀၂၊၂၀၁၀)
မြတ်ရောင်နီရဲ့ ဘလော့ မြတ်ရောင်နီးအတွက်မဟုတ်၊
ReplyDeleteအားလုံးအတွက်ဟူလို
မျောနေရာက ပေါ်လာတော့ ပြန်ဆယ်လိုက်တယ်။
ဟောဗျာ စာမူတစ်ပုဒ်။
မဟာဗုဒ္ဓဃောသကြီးရဲ့ ၀ိသုဒ္ဓိမဂ်ကြီးလို သုံးကြိမ်းတိုင်တိုင် နတ်တို့ခိုးဝှက်ပါစေသား
ဟု ဆုတောင်းလိုသော်လည်း စိတ်ကမကောင်း။
မတောင်းတော့ပါ။
ရေးသမျှကောင်း၍ ကောင်းသမျှ ရေးနိုင်ပါစေခလို။