Pages

Sunday, February 7, 2010

အားလုံးဟာ တရားပေါက်သူတွေပါ

တရားပေါက်ကျသူ နဲ့ တရားပေါက်ကြသူ

လောကမှာ အားလုံးဟာ တရားပေါက်သူတွေချည်းပဲ လို့  မြင်ပါတယ်။ မြန်မာဝေါဟာရ စကားလုံးကို ရှာရှာ ပေါက်ပေါက် တွေးကြည့်တာပါ။ ဒါပေမယ့် အလွတ် သဘော ပြောတာ မျိုး မဟုတ်ပါဘူး။ ဖြစ် လောက်တယ် ဖြစ်သင့်တယ်ထင်ပြီး ဟုတ်နိုးနိုးလေး ရေးကြည့်တာပါ။ကျမ်းဂန်ထဲ စကားတွေ ကို အဓိက ဗဟိုပြု ရေးထားခြင်းပါ။
တရားပေါက်သူ ၂မျိုး လို့  အကြမ်းဖျဉ်း အနေနဲ့  ဒီလိုမှတ်ကြမယ်ပေါ့။
ပြီးအောင်တော့ ဖတ်လိုက်အုံး၊ ဟုတ်တယ်မဟုတ်ဘူး ကတော့ကိုယ့်ဖာသာ စိစစ်ပေါ့နော်။ ပြီးတော့မှ ငါ ဟာ ဘယ်လို လူစား ငါ လဲ ပေါ့။

၁။ပထမ အမျိုးစားလူတွေက တရားပေါက်ကျတယ်။
(၁)ပြဿနာ တက်လာတာ ၊ ဘေး အန္တရာယ် ဖြစ်တာ မှန်သမျှ အဲဒီတရားပေါက်ကျသူ ကြောင့်ဖြစ်တာပါ။

(၂)သူများ အသက်သတ်တာ၊ သူများဟာ ခိုးတာ ၊ ကာမဂုဏ်ဆိုင်ရာ စော်ကားမော်ကားပြုလုပ်တာ လို့  ပြောနေကြတဲ့ ကာယဒုစရိုက် လုပ်ငန်း သူကြောင့်ပါ။ ဒါတင် မကသေးဘူး လိမ်ငြာပြောတာ၊ တစ်ယောက်နဲ့  တစ်ယောက် မကြေလည်လေအောင် အတင်းပြောတာ၊ ပတ်ပတ်စက်စက်ဆဲတာ၊ အရည်မရ အဖတ်မရ ဟိုပြော ဒီပြောပြောတာ လို့  ပြောပြောနေကြတဲ့ ၀စီဒုစရိုက်ကလည်း သူ ပါပဲ။ စိတ်ကလည်း မကောင်းဘက် ဦးတည်ပြီး ကြံစည်တာ အတင်း အဓမ္မ ဘယ်လိုနည်းနဲ့ ရရ ဆိုတဲ့စိတ်၊ ဘယ်လို သတ်ဖြတ် ညှဉ်းဆဲ ရမလဲဆိုတဲ့ စိတ်၊ မှားယွင်းသော အမြင်များ တွေးခေါ်တာတွေကိုပဲ အမြဲတွေးခေါ်တတ်တဲ့ မနောဒုစရိုက် လုပ်ငန်းလည်း သူပဲ။

(၃)အကျဉ်းချုပ်အနေနဲ့  ပြောရရင်တော့ မကောင်းတာ တွေးတောကြံစည်တာ၊ ပြောဆိုတာ၊ ပြုလုပ်တာ မှန်သမျှ ။တရားပေါက်ကျသူပါဘဲ။

(၄)ကိုယ့် အပြစ်ကို မမြင်၊ မမြင်ရုံမက အပြစ်တွက်လည်း မတောင်းပန်၊ သူများက အပြစ်လုပ်မိလို့ တောင်းပန်တော့လည်း ဒီလိုလူစားက လက်မခံ။ အဲဒါပဲ ကြည့်ဦး။ တရားပေါက်ကျသူ။

(၅) သူများကိုလည်း မူမမှန်တဲ့စိတ်ထားတဲ့ မေးတယ်။ သူ့ ကို မေးပြန်တော့လည်း မဟုတ်တဲ့ နည်းလမ်းနဲ့ ဖြေတယ်။ သူများ က ကောင်းကောင်းဖြေတဲ့ ပုံစံမျိုးကိုလည်း သဘောမကျ။ ၀မ်းမမြောက် တတ်ဘူး။ တော်တော်လေး တရားပေါက်တဲ့ကျသူ။

(၆)အလုပ်တိုင်း အပြောတိုင်း အတွေးတိုင်း ကို သူက အကုသိုလ်လေးနဲ့  တွဲလုပ်တတ်သူ။ အဲဒီ တရား ပေါက်ကျ သူပဲ။

(၇)အလုပ်တိုင်း အပြောတိုင်း အတွေးတိုင်း အပြစ်ဖြစ်အောင် လုပ်တတ်သူကလည်း သူပဲ။

(၈)အလုပ်တိုင်း အပြောတိုင်း အတွေးတိုင်း စိတ်ပူလောင်မှုစရာတွေ ပြောတာလည်း တရားပေါက် ကျတဲ့ ဒီ ငနဲပဲ။

(၉) ကိုယ့်သေတွင်းကို တူးသူ၊ ကိုယ့်ကိုယ်ကို အသတ် ခံရမည့် အလုပ် အပြော အတွေးတွေ ကြံစည် နေသူ။ ပက်ပက်စက်စက် ဆိုးဝါး တရား ပေါက်ကျသူ။

(၁၀)ကိုယ့်ကျင့်သီလမရှိ၊ မနာလိုဝန်တိုတတ်ခြင်း၊ နှမြောကပ်စေးနဲခြင်း ဆိုတဲ့ အညစ် အကြေး များလိမ်းကျံပြီး ငရဲလမ်းထွင်နေသူ။

ဒီ ဆယ်ချက် နဲ့  လှုပ်ရှား နေတဲ့ လူမျိုးဟာ တရားပေါက်ကျသူ လို့  ပြောရပါမယ်။ ဟုတ်ပါတယ်။ ဒီလို လူမျိုးက မိမိမှာ ဖြူစင်နေတဲ့ မူလစိတ်ရင်းကောင်းလေး ပေါက်ပြဲ စုတ်ပျက်ကျသွားတာပေါ့။ တရား တွေ ကိုယ့်အထဲမှာ မသိုဆည်းပဲ ပေါက်ထွက် ကုန်တာမျိုးပါဘဲ။ အမှန်တရားကို သိလို့  တရားပေါက် သူတော့ မဟုတ်ဘူး။ ဒါကြောင့် ကိုယ့်အထဲမှာ ရှိတဲ့ အကောင်း တရားတွေ ပေါက်ထွက်ကျသွားလို တရားပေါက်ကျ တယ်လို့  ပြောရမည့် လူ့ ဗာလပေါ့။

ဗာလ ဆိုတာ လူဖျဉ်း၊ လူအ ၊ လူန ၊ လူထိုင်း ၊ လူရိုင်းစိုင်း ၊ လူ့  အလိုက်မသိ သူပေါ့။ သူ့ ရဲ့  ဖျဉ်းမှု အမှုနမှု ထိုင်းမှု ရိုင်းစိုင်းမှု အလိုက်မသိမှုတွေက သူ့ အတွက်ပဲ ဒုက္ခရောက်မှာ မဟုတ်။ သူနဲ့ သူဝန်းကျင် မှာ ရှိတဲ့ လူသူအားလုံး တိရစ္ဆာန် သက်မဲ့ပါမကျန် ပျက်ဆီး ဆုံးပါးစေနိုင်ပါတယ်။

ဒီလို မျိုး အမူ အကျင့် ရှိတဲ့ သူကို လူ့ ဗာလ လို့  သိစေချင်တယ်။ တရားပေါက်သူ၊ တရားပေါက်ကျသူလို့  ပြောရမှာ။ ( ဒီလို တရား မပေါက်ကျစေနဲ့ ပေါ့။)

၂။ဒုတိယ အမျိုးစား လူတွေက တရားပေါက်ကြတယ်။ တရားကို တရားမှန်းသိတယ်။ အမှန် တိုင်း မြင်တယ်။ဒုတိယ လူစားမျိုး တရားပေါက်ကြတာက အပေါ်က အချက် (၁၀) ကို ရှောင်တယ်။ အပေါ်က ( ၁၀ ) ရဲ့  ဆန့် ကျင်တဲ့ အရာတွေကို ပဲ ပြုမူ ဆောင်ရွက် ပြောဆို ကြံစည်တယ်။ အဲဒါကိုတော့ တရားပေါက်ကြ လူ့  ပဏ္ဍိတ ပေါ့။

ပဏ္ဍိတ ဆိုတာ လူတော် လူမော် လူဇော် လူပေါ် လူ့ အလိုက်သိသူ ပေါ့။ သူရဲ့  တော်မှု မော်မှု ဇော်မှုပေါ်မှု အလိုက်တသိ ရှိတာတွေက သူ့  အတွက်ပဲ ချမ်းသာဖို့  မဟုတ် ။ သူနဲ့  သူဝန်းကျင်မှာရှိတဲ့ လူသူအားလုံး တိရစ္ဆာန် သက်မဲ့ ပါ မကျန် အားလုံးကို ကောင်းကျိုး ဖြစ်ထွန်းစေပါတယ်။

ဒီလိုမျိုး အမူကျင့်ရှိတဲ့သူကို လူ့  ပဏ္ဍိတ လို့ သိစေချင်တယ်။ တရားပေါက်ကြသူ လို့  ပြောရမှာပေါ။့ ( ဒီလိုပဲ တရား ပေါက်ကြစေပေါ့)။


အဲ... ဒီနေရာမှာ အရေးကြီးတဲ့ နံပါတ်( ၁၀ ) တစ်ခုကို ထပ်ပြောချင်သေးတယ်။ ဆောင်ရန် ဆောင်ရန်ပြုလုပ်တတ်ဖို့ ပေါ့။ ပဏ္ဍိတ ဖြစ်ဖို့ ကိုယ့်ကျင့် သီလရှိရမယ်၊ မနာလို ၀န်တို ကင်းရမယ် ဆိုတာကို အထူးတလည်ပေါ့။ ဒါကြောင့် လည်း သီလ ရှိသူ ကျိုး (၅)ဆူ ဆိုပြီး ဒီဘလော့မှာ ဆောင်ပုဒ်လေးနဲ့  ရှင်းပြချက်ကို ရေးခဲ့ပြီးပါပြီ။ အလိုရှိ ပါက ပြန်ဖတ်ရှုကြည့်ဦးပေါ့နော်။

ပြီးတော့ မနာလိုမှုတွေ လူအတော်များများရှိတတ်ပါတယ်။ ကိုယ့်ထက်သာ မနာလို တာမျိုးပေါ့။ ကိုယ့်ထက်သာရင် ၀မ်းမြောက်နိုင်မှ ပဏ္ဍိတဖြစ်မှာပါ။ ပြီးတော့ နှမြောတွန့် တိုမှုတဲ့။ နှမြောတွန့် တိုမှုနဲ့  ပါတ်သက်လို့ အဖွင့်ကျမ်းများမှာ အာဝါသ၊ ကုလ ၊ လာဘ၊ ၀ဏ္ဏ ၊ ဓမ္မ ဆိုပြီး နှမြောမှု ၅ မျိုး ဖွင့်ပြပါတယ်။

အဖွင့်ကျမ်း ၅ ခု ဆိုပေမယ့် အကျဉ်းချုပ် မှတ်ထားသင့်တာက နှမြောတွန့် တိုတာ မှန်သမျှ ကို ဆိုလိုတယ် လို့  မှတ်ပါ။ ဒါကြောင့်လည်း မဟာစည် ဆရာတော်ဘုရားက ဆောင်ပုဒ်လေးနဲ့ - မနာလိုကင်း ၊ ၀န်တိုရှင်း ၊ လက်ငင်း ချမ်းသာကြရမည်။ လို့  ကိုယ့်ချမ်းသာ သူများချမ်းသာ စေဖို့ ရာ ဆုံးမတော်မူသွားခဲ့ပါတယ်။

(ကျန်သည့် အချက်များကိုတော့ သိလွယ် နားလည်သဘောပေါက်တော့မှာ ဖြစ်တဲ့ အတွက် စာဖတ်သူတို့  အချိန်ကို ငဲ့ပြီး ချန်လှပ်ခဲ့ပါရစေ။)

ဒီလောက်ဆို ပေါက်ပြီပေါ့။ ကိုယ့်ကိုယ်မေးပါ။ တရားပေါက်သူတော့ ငါ မှန်တယ်။ သေချာတယ်။ ကျ လား ကြ လား ပေါ့။ ကျ ရင်လည်း ကြ နိုင်အောင် ကြိုးစားပေါ့။ ကျမည့် အလုပ်ကို မလုပ်ကြပဲ ကြမည့် အလုပ်ကို လုပ်ကြစေရန် ရည်ရွယ်ပြီး ရေးလိုက်တာပါ။
ကိုယ်ရည်ရွယ်သလို ဖြစ်ကြပါစေ။


မှတ်ချက်။ ။သုတ္တန် ပိဋကတ် ၊ အင်္ဂုတ္တရနိကာယ်၊ တိကနိပါတ် ၊ ဗာလ၀ဂ် ၊ တစ်ဝဂ်လုံး တစ်ခန်းလုံးကို စာဖတ်သူတို့ နားလည်စေဖို့  ကိုယ်နားလည်သလို ပြန်ရေးလိုက်တာပါ။ လုံးစေ့ပတ်စေ့ ဘာသာပြန် ထားတာ မဟုတ်ပါ။ ပြီးတော့လည်း ကိုယ်သိထားတဲ့ ဗဟုသုတလေးတွေ ထည့်စွက် ရေးထားခြင်း သက်သက် ဖြစ်ပါတယ် ဆိုတဲ့ အကြောင်းကိုရောပေါ့။

အကျဉ်းချုပ် ပါဠိ ဂီတ။
ဗာလံ လက္ခဏ စိန္တီစ ၊ အစ္စယံ စ အယောနိသော။
အကုသလဉ္စ သာဝဇ္ဇံ ၊ သဗျာဗဇ္ဇ ခတံ မလံ။




မြတ်ရောင်နီ
(၀၇၊၀၂၊၂၀၁၀)


1 comment:

  1. အရှင်ဘုရား
    ကိုယ့်ကိုကိုယ် သိပါတယ်ဘုရား။ တပည့်တော်မှာလည်း ပေါက်ကျနေတာတွေ ရှိပါတယ်။ သတိထားပြီး ဆင်ခြင်ပါတယ်။ သတိမြဲအောင် ကြိုးစားရအုန်းမှာပါ ဘုရား။


    မအယ်

    ReplyDelete