Pages

Wednesday, February 24, 2010

အငိုမျက်လုံး အပြုံး စိတ်မှာ

အငိုမျက်လုံး အပြုံး စိတ်မှာ

မြင့်မြတ်တဲ့ ဘုရားရှင် သာသနာရဲ့ သွန်သင်ချက်ထဲမှာ ရဟန်းတော်များအတွက် သီချင်း ဆိုမှုဟာ ငိုခြင်းပါ၊ကခုန် ဒန့် စ် ( Dance ) တာဟာ ရူးတာပါ။ အချိန်အကြာချည်း ခွက်ထိုးခွက်လှန် သွား သုံး ဆယ့်နှစ်ချောင်း ပေါ်အောင် ရယ်တာဟာ ကလေးတို့  အပြုမူပါတဲ့။ ဒါကြောင့် ဘုရားရှင်က ရဟန်း တော်များ အတွက် မငိုကြဖို့ ၊ အရူးမထဖို့ နဲ့  တရားနဲ့ စပ်လို့  ပြုံးခဲ့ရင်တောင်မှ သွားပေါ်ရုံလေးမျှ ပြုံးဖို့ က အစ ဆုံးမတော် မူခဲ့ပါတယ်။
(အဂုၤတၱရနိကာယ ၊ တိကနိပါတ ၊ ၅။ရုဏၰသုတၱ)

ဒီလိုဆိုတော့ ရဟန်းတော်များ သီချင်းဆိုရင် ငိုတာပေါ့၊ အော်ဆိုရင် အော်ငိုတာပေါ့။ တိုးတိုး လေးဆို ရင် တိုးတိုးလေး ကြိတ်ငိုတာပေါ့ လို့  ငိုတာနဲ့  ပါတ်သက်လို့  တွေးမိတယ်။ ကခြင်း (Dance ) ဒန့် စ် လုပ်ရင်လည်း နဲနဲ လည်း လှုပ်ရုံလေးဆိုရင် ယဉ်ယဉ်လေးရူးပေါ့၊ အတော်လေး အပီပြင် ကပြီးဆိုရင် အရူးကြီးတာပဲ။ နေမြင့်လာလေ အရူးရင့်လေ ဆိုသလိုပေါ့။ ဟာသတွေ ပြောပြီး တဟားဟား တဟီး ဟီး ခွက်ထိုး ခွက်လှန် ရယ်ပြီဆိုရင်တော့ မရင့်ကျက်သေးတာပါပဲ။ ငယ်ရွယ်တဲ့ အချိန်မှာ အဲလို ကလေး ဆန်ဆန်ပဲ ရယ်တတ်ကြပါတယ်။ ကြီးလာလို့  ဆရာတော်ကြီးများကြတော့ သူတော်စိတ် ဓာတ် ကိန်းသွားလေတော့ ပြုံးရုံလေပေါ့။

ခု ကိုယ်လည်း အဲ ဒီထဲ မသိမသာ မဟုတ် ၊ သိသိသာသာ လို့  ပြောရမယ်၊ ခု သီချင်းလေး တစ်ပုဒ် နားထောင်မိတယ်၊ ကြိုက်တယ်၊ များသောအားဖြင့် သီချင်းကတော့ အချစ် ပါတဲ့ သီချင်းများပါတယ်။ အချစ်စကားလုံး လွတ်တာက ခပ်ရှားရှား။ အောင်ခြင်းရှစ်ပါး၊ ဘ၀သံသရာ၊ မေတ္တာပို့ ၊ အမေ ဂုဏ်ပြု သီချင်းတွေ လောက် ရှိမယ် ထင်ရဲ့ ။

အော်.. လောကီ လူသားပေကိုး ။ အချစ် ဆိုတဲ့ စကားလုံး ပါမှ အရသာ ရှိတာ ဖြစ်လိမ့်မယ် ထင်ရဲ့ ။ အချစ်စကားလုံး မပါရင် သတ်သက်လွတ်စားရသလို များ ဖြစ်လိမ့်မယ် ဟု ထင်ပါတယ် လေ။ ဘုရား ရှင်တောင် ပိယ- အချစ်နဲ့  ပါတ်သက်လို့  လူတွေနားရေ၀ ကြားချင်ကြ စကားလုံးကို အသုံးပြု ခဲ့ပါ သေးတယ်။ သံင်္ဂါယနာ မထေရ်တို့  က အဲဒီစကားတွေကို ပေါင်းစုပြီး တစ်နေရာတည်း စုစည်းပြ ထား တာ ရှိတယ် ။ဓမ္မပဒ မှာပေါ့။ ပိယ၀ဂ္ဂ တဲ့။ ပိယ- အချစ်၊ ၀ဂ္ဂ-စုစည်းမှု ။ အချစ်စုစည်းမှုပေါ့။အချစ်နဲ့ ဆိုင်တာတွေ စုစည်းထားတာပေါ့။အစမ်း တစ်ပုဒ်လောက် နမူနာ မြည်းကြည့်စမ်းပါ့။

အချစ်ကြောင့် သောကဖြစ်၊ အချစ်ကြောင့် ဘေးတွေတွေ့ ၊
အချစ်မှ လွတ်ကင်းရင် ဒုက္ခ ဆိုတာ ဘယ်လို လုပ်ပြီး ဖြစ်ဦးမှာလဲ -တဲ့။
စသဖြင့် ဟောထားတာ။

ဦးတည်ချက် မှန်ဖို့  လိုပါတယ်။ အချစ် ဆိုတဲ့ စကားလုံးကို သုံးပြီ အချစ် မရှိတဲ့ နိဗ္ဗာန်
ကို ပို့  သွားတော်မူခဲ့တာပါပဲ။နိဗ္ဗာန် ဟူသည် အချစ်မရှိရာတည်း။ ( နိ + ၀ါန= နိဗ္ဗာန ) နိ- မရှိ။ ၀ါန- အချစ် တဲ့။

ကဲ ... ဒီလို ဆိုတော့ အငို မျက်လုံး အပြုံးစိတ်မှာ ဆိုတဲ့ အတိုင်း ကိုယ်က ဘုန်းကြီး ဖြစ်နေတော့ သီချင်း အကြောင်း ရေးလို့  ကိုယ့်အတွက် အငို ပေါ့နော်။ ( ရှက်တာက မျက်နှာ ဆိုပြီး ဗန်းမော် ဆရာ တော်လို မျက်နှာကို သပိတ်နဲ့  ဖုံးအုပ်ပြီး ပြောရရင် ) ကိုယ်က အငိုဝါသနာ ကြီးသူမို့  ။ စိတ်မှာတော့ ပြုံး လျက် ပါ၊ စာဖတ်သူတို့  သိစေချင်တာကိုး။

စာဖတ် သူ လူများ အတွက် အပြုံးမျက်နှာလေးများနဲ့  စိတ်မှာ အပြုံးတပ်ဆင်ပြီး စာသား အဓိပ္ပါယ် ကို ဖတ်ပါ၊ တွေးပါ။ လိုက်နာပါ၊ ကျင့်သုံးပါ သီချင်းစားသားက ဒီလိုပါတဲ့-


မဟာဝီရ အို... ဗုဒ္ဓ
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ ၊ သံဃံ သရဏံ ဂစ္ဆာမိ။
သရဏတ္တယံ အဟံ ပူဇေမိ။
( ကမ္ဘာမြေပြင် အမှောင်အတိ နေ့ ရက်များ ကယ်တင်မရှိသော အခိုက်ကာလ
ဉာဏ်ပညာ အလင်းနဲ့  လမ်းမှန်ပြ ဗုဒ္ဓ........
အမှန်ကို မမြင်နိုင်ခြင်း အ၀ိဇ္ဇာတရား အရာရာကို တွယ်တာသည့်တဏှာ....
သံသရာဝန်းကို ချိုးဖျက်သွား ဗုဒ္ဓ.....
ကျင်လည်ရာ လေးဖြာသြဃ....စုန်ဆန်ကာ အကြိမ်ကြိမ် ပြန်ကျက်စား...
အဖန်ဖန်သေခြင်းသည် ဆင်းရဲ လေစွာ့ အို ...အဖ။
ဒေသနာတော် သစ္စာလေးပါး မမြင်နိုင်သူ အကျွန်ုပ်သည် လူ့ အန္ဓ...
ရွှေဉာဏ်ရှင် သဗ္ဗညုအား ပူဇော်ညွတ်တွား........အို.. မဟာဝီရ ဗုဒ္ဓ )
ဒုက္ခ၏ အကြောင်းသမုဒယ......
အကြောင်းအကျိုးတို့  ချုပ်ခြင်း နိရောဓ...
မှန်ကန်သည့် လွတ်မြောက်လမ်းသည်ကား မဂ္ဂ.......။
(စကားပြော)
ယေ ဓမ္မာ ဟေတုပ္ပဘ၀ါ ၊ တေသံ ဟေတုံ တထာဂတော အာဟ၊
တေသဉ္စ ယော နိရောဓော ၊ ဧ၀ံဝါဒီ မဟာသမဏော။
အကြင်တရားတို့ သည် အကြောင်းကြောင့် ဖြစ်ကုန်၏၊
ထိုဖြစ်ရာ အကြောင်းကိုလည်းကောင်း၊
ထိုအကြောင်း အကျိုးတို့ ၏ ချိုငြိမ်းရာနှင့် ချုပ်ငြိမ်းကြောင်းကိုလည်းကောင်း
တထာဂတ ဟောတော်မူအပ်ပြီ။
မြတ်သောရဟန်းသည် ဤသို့  အယူရှိ၏။

တေးရေး- မောင်မောင်ဇော်လတ်။ တေးဆို -ထူးအိမ်သင်

ကြည့်လိုက်စမ်းပါ့၊ မဟာဝီရ အို ဗုဒ္ဓ တဲ့ ခေါင်းစဉ်က၊ မဟာဝီရ အို ဗုဒ္ဓ ဆိုတာ ကြီးမားသော ရဲရင့်တော်မူသော အို- မြတ်စွာဘုရား။

သီချင်း အစမှာ ၊ သရဏဂုဏ် သုံးပါးနဲ့  စပါတယ်၊ပြီးတော့ သရဏတ္တယံ သရဏဂုဏ်သုံးပါး စလုံး ကို ပူဇော်ပါ၏ တဲ့။

အန္ဓီဘူတော အယံ လောကော လို့  စာမှာ ရှိပါတယ်။ ဟောဒီ လောကမှာ ရှိတဲ့ သူတွေ အမှောင် သဖွယ် ဖြစ်နေတယ်တဲ့၊ သီချင်းမှာလည်း အမှောင်တိ နေ့ ရက်များတဲ့လေ။

ကယ်တင်မရှိဘူးဆိုထားတာ တွေ့ တယ် မဟုတ်လား။ မြတ်စွာဘုရား ကိုယ်တော်တိုင် သတိပေး စကားရှိပါတယ်။ တုမှေဟိ ကိစ္စံ ကာတဗ္ဗံ ၊ အက္ခာတာရော တထာဂတာ- ငါက လမ်းပြသူ၊ လမ်း လျှောက်နည်းသင်တာ၊ မင်းတို့  ကိုယ့်ဖာသာ လျှောက်ပါ ဆိုတဲ့ စကားပေါ့။

အတ္တာဟိ အတ္တနော နာထော ၊ ကော ဟိ နာထော ပရော သိယာ-တဲ့။ ကိုယ့်ကိုယ်ဘဲ အားကိုး၊ မှန်တယ်၊ အခြားသူက ကိုယ့်ကယ်မယ် ဆိုတာဘယ်လို လုပ်ဖြစ်မှာလဲတဲ့။ အဲလို လမ်းမှန်ပြ တော်မူခဲ့ တာ။

ဒါပေမယ့် မသိလို့  ထင်ရာစိုင်းနေတဲ့ သူတွေမှာ သစ္စာလေးကို မြင်နိုင်တဲ့ အသိ ၀ိဇ္ဇာက မရှိတော့ ဆန့် ကျင်ဘက် အ၀ိဇ္ဇာက မှောင်အောင် ပိတ်ဆို့ တော့တာပေါ့။ သူတင်မဟုတ်ဘူး။ ဘ၀တိုင်းကို ဖြစ်စေတဲ့ တဏှာက ကလည်း ဘ၀ရဲ့  ပေါက်ဖေါ်ကြီးပေါ့။

ဘုရားရှင်က ဒါကို သိတော်မူတယ် ၊ မြင်တော်မူတယ်။ သိတော်မူလို့ မြင်တော်မူလို့  ဘ၀ရေစုန်မျော စေတဲ့ ကာမောဃ ဘဝေါဃ ဒိဋ္ဌောဃ အ၀ိဇ္ဇောဃ ဆိုတဲ့ သြဃလေးဖြာ သံသရာကို ကျော် လွှား နိဗ္ဗာန် ဆိုတဲ့ ကုန်းပေါ်သို့  အရောက်ကြွလှမ်း တော်မူခဲ့တယ်။

သီချင်းစာသား ရေးသူအနေနဲ့ ကတော့ စုန်တစ်ချည် ဆန်တလှည့်နေရတာ ဆင်းရဲ လေစွာ့ လို့  သံဝေဂဉာဏ် ရှေ့ ထား သီကုံးထားတာ တွေ့ ရတယ်။ သူ့ ကိုယ်သူ လည်း သစ္စာ လေးပါး မမြင် သေး သူမို့  လူ့ အန္ဓ ဆိုတာကို ရဲရဲတင်းတင်း လူသိရှင်ကြားပြောသွားတာပဲ။ အန္ဓ ဆိုတာ စာအလို အ ကန်း ( blind ) တရားမသိသေးသူပေါ့။ ဉာဏ်မျက်စိ အလင်းမရသူကို ဆိုလိုတာပါ။

အော် - မိုက်လျင် မိုက်မှန်းသိက လူတော် ဖြစ်နိုင်ပါတယ်။ မိုက်မှန်းသိလျက် လိမ္မာသယောင် ထင်နေက မိုက်တွင်းနက်သထက် နက်လှပါတယ်။

အဲဒီနောက် တေးရေး ဆရာက ဘုရားကို အားကိုတကြီးနဲ့  အို အဖ ပါတဲ့။ ပြီးတော့ သဗ္ဗညု ရွှေဉာဏ် တော်ကိုလည်း တရိုတသေ ရှိခိုးထားသေးတယ်။

အဲဒီ အထိ ဒုက္ခ သစ္စာနဲ့  သူ အားကိုး မှီခိုအားထားကြောင်း ပြောသွားတယ်။ ပြီးတော့မှ ဒုက္ခရဲ့ ဖြစ် ပေါ် စေတဲ့ အကြောင်း သမုဒယ တဲ့။
သမုဒယ ဆိုတာ လောဘ ၊( တဏှာ) ကာမတဏှာ ဘ၀တဏှာ ၀ိဘ၀တဏှာ တွေပေါ့။

အကြောင်းအကျိုး ချုပ်ရင် နိရောဓတဲ့။ တဏှာ မရှိရာသည် နိရောဓ သစ္စာ – နိဗ္ဗာန် လို့  ဆိုလို တာပါ။

ဒုက္ခလွတ်လမ်းကတော့ မဂ္ဂင် ရှစ်ပါးပါပဲ။ သူပြောထားတာ မှန်ကန် သည့်လမ်းတဲ့။ ဟုတ်ပါတယ်။ လမ်းက မှားတဲ့လမ်း မိစ္ဆာ။ မှန်တဲ့ သမ္မာ လို့  ရှိတာကိုး။

လမ်းရှစ်သွယ်ပေါ့။ သမ္မာဒိဋ္ဌိ-မှန်ကန်သော အမြင်၊ သမ္မာသင်္ကပ္ပ- မှန်ကန်သော အတွေး။ သမ္မာဝါစာ- မှန်ကန်သော အပြော၊ သမ္မာကမ္မန္တ-မှန်ကန်သော ကာယကံအမှု၊ သမ္မာအာဇီဝေါ-မှန်ကန်သော အသက်မွေးမှု၊ သမ္မာဝါယာမော- မှန်ကန်သော အားထုတ်မှု၊ သမ္မာသတိ- မှန်ကန်သော သတိ၊ သမ္မာသမာဓိ-မှန်ကန်သော တည်ကြည်မှု၊ စူးစိုက်မှု။ လူတော်တော်များ ဒီစကားကို ဓမ္မစကြာ လေ့လာဖူး သူတိုင်း သိကြလေရဲ့ ။

သို့ သော်- မိစ္ဆာဒိဋ္ဌိ၊ မိစ္ဆာသင်္ကပ္ပေါ၊ မိစ္ဆာဝါစာ စတဲ့ ရှစ်ပါးကိုတော့ နှုတ်က မရသလို ပါဠိကိုလည်း အကျွမ်းမ၀င် ဘူးလို့  ထင်ပါတယ်။ အမှန် (၈) ပါး ရှိသလို အမှား လည်း ရှစ်ပါးလည်း ရှိတယ်လို့  ဗဟုသုတ မှတ်စေချင်ပါတယ်။

သူတို့  လမ်း နှစ်သွယ်က ရထားတစ်လမ်း သံတစ်လမ်းပါ။ သုံးနဲ့ လေး ( ၃/၄ ) ပေါ့။ မျက်နှာမူရာ ချင်း မတူညီကျဘူး။ ကောင်းတဲ့ မှန်ကန်တဲ့လမ်းက သံသရာမှာ လွတ်ရာလမ်း ကျွတ်ရာလမ်း။ မှားတဲ့ လမ်းက သံသရာမှာ မလွတ်ရာ စွတ်ရာ လမ်းပေါ့။

အဲဒီနောက် - စကားပြော ခန်းထည့်ထားတာက ဂါထာ နဲ့ ဘာသာပြန်ပါ။ ဒီဂါထာကို ပေါ့သေး သေး မတွက်လိုက်နဲ့ ။ အနက်အဓိပ္ပါယ်က သစ္စာ လေးပါးကို တစ်ထိုင်တည်း မြင်သွားနိုင်တဲ့ ဂါထာပါ။

ဒီဂါထာလေးရဲ့ ဇာတ်ကြောင်းက ဒီလိုပါ -
ပဉ္စ၀ဂ္ဂီ ၅ဦးထဲက အရှင်အဿဇိ မထေရ်ဟာသပ္ပါယ် ကြည်ညိုဖွယ်ရာ ဣနြေ္ဒနဲ ဆွမ်းခံလှည့် လည် စဉ်မှာ လက်ယာတော်ရံ အဂ္ဂသာဝကကြီး ဖြစ်မည့် သာရိပုတ္တရာ ပရဗိုဇ်နဲ့  တွေ့ ပါတယ်။တရားစစ် တရားမှန်ကို ရှာနေတော့ မနေနိုင် မထိုင်နိုင် ကြည်ညိုစိတ်ညိုစိတ်တွေ တဖွားဖွား ဖြစ်ပါတယ်။

တရားရှိသူ တို့ ရဲ့  မျက်နှာဟာ လှပကြည်လင် အေးမြပါတယ်။ သာရိပုတ္တရာ ပရဗိုဇ်က စဉ်းစား ဆုံးဖြတ်လိုက်တယ်၊ ဒီ ဆရာတော်က သာမန်တော့ မဟုတ်ဘူး။ လောကမှာ ရဟန္တာ ဆိုတာ ရှိတယ်။ သူက ရဟန္တာတစ်ပါးအပါဝင် ဖြစ်မှာပဲ၊ ငါ သွားပြီး တရား မေးရရင် ကောင်းမှာပဲ ဆိုပြီး ဒီလို စဉ်းစား ပါတယ်။

"အရှင်ဘုရား အရှင်ဘုရားက ဘယ်သူ့ ကို ဆရာထားပြီး ရဟန်းပြုခဲ့တာလဲ၊ အရှင်ဘုရား ဆရာဘယ် သူလဲ၊ အရှင်ဘုရားက ဘယ်သူရဲ့ တရားကို သဘောကျတာလဲ-"ပေါ့ တဲ့။ ဒါပေမယ့် သူ ပြန်စဉ်း စား တယ် မေးလို့  မတော်သေးပါဘူးလေ၊သူ ၀မ်းရေးအတွက် အစာရှာတာ အနှောက်ယှက် ဖြစ်နေ ပါ့ မယ်။ ဒီလိုနဲ့  နောက်က တကောက်ကောက်လိုက်ခဲ့တယ်။

ဆွမ်းခံပြီးတာနဲ့  သာရိပုတ္တရာ ပရဗိုဇ်နဲ့  အရှင်အဿဇိ မထေရ်တို့  ၀မ်းမြောက်ဝမ်းသာစကားတွေ ပြောကြ၊ ပြန်စဉ်းစားရင် အမှတ်ရစရာကောင်းတွေနဲ့  ပြောဆိုကြပြီး။ အဲ ဒီလိုပြီးမှာ အပေါ်က စဉ်းစား ခဲ့သလို မေးလျှောက်ပါတယ်။

အရှင်အဿဇိမထေရ်က ပြောပါတယ်။ သာကီဝင်မင်းသားဖြစ်တဲ့ သာကီမင်းမျိုးမင်းနွယ်က ရဟန်းပြုခဲ့တဲ့ ရဟန်းမြတ် ဆိုတာရှိတယ်။ အဲဒါ ငါရဲ့ ဆရာဖြစ်တဲ့ ဘုရား ဘဂ၀ါ ပဲ။ သူရဲ့  ဓမ္မကို နှစ်သက် သဘောကျတယ်။

ဒါဆိုရင် အဲဒီ အရှင့် ဆရာက ဘယ်လို အယူဝါဒရှိပြီး ဘာတွေ ဟောပါသလဲ-တဲ့။ အရှင်အဿဇိ မထေရ်က အေး- ငါက ရဟန်းဝတ်တာ သိပ်မကြာသေးဘူး၊ ဓမ္မကို အကျယ်တော့ မဟောနိုင်ဘူး၊ ဒါပေမယ့် အကျဉ်းအနေနဲ့  အဓိပ္ပါယ် ပြောပြမယ် ပေါ့။

သာရိပုတ္တရာ ပရဗိုဇ်ကလည်း ရပါတယ် အရှင်ဘုရားရယ်၊ နဲသည်ဖြစ်စေ များသည် ဖြစ်စေ ဟောစမ်းပါ၊ အဓိပ္ပါယ်ကို ဟောပါ ၊ အဓိပ္ပါယ် ကိုပဲ တပည့်တော် လိုပါတယ်၊ ဂရမ်မာတွေ သဒ္ဒါတွေ ကတော့ ထားလိုက်ပါ ဘုရား။တဲ့။

အဲဒီ အပေါ်က ဂါထာကို ရွတ်လိုက်ပါတယ်။ အဲဒီနောက် သာရိပုတ္တရာ ပရဗိုဇ် သစ္စာ အလင်း ရှင်းခနဲ ဖြစ်သွားပါတယ်။ သောတာပန် ဖြစ်သွားပါတယ်။

ဒီနေရာမှာ စဉ်းစားစရာ ၊ တွေးတောစရာ ၊ တစ်ဂါထာလေး ရွတ်တာနဲ့  သောတာပန်ဖြစ်နိုင် ပါ့မလား ဆိုတဲ့ မယုံတဲ့ဘက်က အတွေးတွေ ဖြစ်စရာပေါ့။ ခု သံဃာတော်တွေ တစ်ဂါထာ မဟုတ်ဘူး၊ ဂါထာ ပေါင်း များစွာ အလွတ်ရထားတယ်။ ပြီးတော့ လူတွေလည်း ဂါထာတွေရတာပဲ။ အဓိပ္ပါယ်လည်း သိ တာ ပဲ။ ဘာမှ မဖြစ်ဘူးဆိုတာမျိုး။

ဟုတ်ပါတယ်။ ဘုရားလက်ထက်ကလည်း ပိဋကတ်သုံးပုံဆောင် မထေရ်တောင် တရားမကျင့်လို့  တုစ္ဆပေါဋ္ဌိလ- အချည်းနီးပေါဋ္ဌိလ လို့  အပြောခံရပါသေးတယ်။သူလည်း တရားမကျင့်ခင်က တရား မရခဲ့ပါဘူး။တရားအားထုတ်မှ တရားရတာပါ။

ခု သာရိပုတ္တရာ ပရဗိုဇ် တရားထူးရတယ် ဆိုတာ ပါရမီ ဖြည့်ထားတဲ့ ဘ၀တွေက များလှပြီ။ တရားအသိ စုဆောင်းထားတွေပေါ့။ ပွင့်ချိန်မတန်သေးလို့  စောင့်နေရတဲ့ ပန်းပမာလို တွေးကြည့်မိ ပါတယ်။ ရေစင်သန့်သန့်လေး တစ်စက်ကျလည်း ပွင့်သွားနိုင်ခဲ့တာပဲ လို့  နားလည်ပါတယ်။

ကိုယ်နဲ့  ကိုယ်လိုလူ အများစု ကတော့ ရေပုန်းကြီးနဲ့  လောင်းလည်း ဒီအချိန်မှာ ပွင့်နိုင်မယ် မထင်မိသေး။ တစ်ခါတစ်လေ ပန်းမှ စိုက်မိရဲ့ လားတောင် မသိဘူးလေ။

နောက်တစ်မျိုးနဲ့  တွေးကြည့်ရင်တော့ ကျက်ပြီးသား ညက်ပြီးသားစာ တစ်ခေါက်လောက် အာရုံပြု လိုက်တာ လေးနဲ့  ရသွားတာပဲ ဆိုတာမျိုးလို ပါပဲ ။ အခု ပရဗိုဇ်ဟာ ဘ၀ပေါင်းများစွာက တရား အလုပ် တွေကို ကျေပြီးသား ညက်ပြီးသားလို့  လည်း နားလည်ယူရင် ရပါမယ်။

ကိုယ်နဲ့  ကိုယ်လိုလူတွေကတော့ တရားအလုပ် ကျေပြီးသား ညက်ပြီးသား မပြောနဲ့ ။ စဖို့ တောင် အတော်လေး လည်နင်နေသေးတယ်။ စမိဖို့ လိုတယ်ပေါ့။

သာရိပုတ္တရာ ပရဗိုဇ် သောတာပန် တည်ပြီးတော့ သူငယ်ချင်း မောဂ္ဂလ္လာန ပရဗိုဇ်နဲ့  တရားထူး အရင်ရရှိ သူက ပြောကြေး ဟောကြေးဟေ့ လို့  ကတိက၀တ် ရှိတာကြောင့် မောဂ္ဂလ္လာန ဆီသွား ခဲ့ ပါတယ်။သူငယ်ချင်းကောင်းပီသပါပေစွာ့။

မောဂ္ဂလ္လာနကလည်း ရိပ်မိတယ်။ ဟာ- ကိုယ့်လူ ဒီနေ့  မျက်နှာတွေ ရွှင်ပြပြ ထူးခြားလှတယ်။ တရားထူးရလာခဲ့တာလား။ အေး ဟုတ်တယ်။ ဇာတ်ကြောင်း အကုန်စဉ်ပြောပြပြီး ဒီဂါထာလေးကိုပဲ ရွတ်ပြီး ဟောခဲ့ပါတယ်။ မောဂ္ဂလ္လာန လည်း သောတာပန် ဖြစ်သွားပါတယ်။
ဖြစ်သမျှ အလုံးစုံ ချုပ်သမျှနဲ့  ဆုံ ရမယ်-ယံကိဉ္စိ သမုဒယဓမ္မံ သဗ္ဗံ တံ နိရောဓဓမ္မံ။
ဆိုတဲ့ အသိ လင်းသွားပါတယ်။

အဲဒီနောက် မြတ်စွာဘုရားထံသွားပြီး ရဟန်းပြုခဲ့ကြပါတယ်။ နောင်သောအခါ အရှင်သာရိပုတ္တရာ မထေရ်မြတ်ဟာ မြတ်စွာဘုရားရှင်ရဲ့ လက်ယာတော်ရံ အဂ္ဂသာဝက အမြတ်ဆုံးတပည့်၊ အရှင်မောဂ္ဂ လ္လာန် မထေရ်မြတ်ဟာ လက်ဝဲတော်ရံ အဂ္ဂသာဝက အမြတ်ဆုံးတပည့် ဆိုပြီး နေရာအသီးသီး တာဝန် ယူကာ သာသနာရဲ့  လွတ်မြောက်ရေး လမ်းစဉ်ကို စံပြ ပြုလုပ် ဆောင်ရွက် တော်မူ ခဲ့ကြပါတယ်။ အဂ္ဂသာဝ ရာထူး မှာ ၂ပါးတည်းသာ ရှိပါတယ်။

အဂ္ဂသာဝကကြီးတွေ တရားထူးခွင် စ၀င်တဲ့ တရားကို တေးရေး ဆရာက ရေး ၊ တေးဆို ဆရာ ကလည်း ဆိုပြီး ဂုဏ်ပြုတာဟာ သူတို့ ရဲ ရည်ရွယ်ချက် အမှန်က လူတို့ ထံသိစေ ဖို့ ပါပဲ။ သို့ သော် အချစ် စကားလုံး မရှိလို့  သီချင်းရဲ့  အသက်ရှင်မှုဟာ နွမ်းလျလျ ဖြစ်ခဲ့ရတာပါ။ စာသား များ က လက်ဆတ်ဆဲပါ။

ခုတော့ သီချင်းလေးကို နားထောင်ရင်း ၊ တိုးတိတ်စွာ ငိုကာ ၊ ကိုယ့်စိတ်ထဲမှာ ပြုံးရင်း စာဖတ် ပရိသတ် စိတ်မှာ ပြုံးစေဖို့ ရာ ရေးသားလိုက်ပါတော့တယ်။




အပြုံးကိုယ်စီနဲ့  ရုန်းထွက်နိုင်ကြပါစေ။
မြတ်ရောင်နီ
(၂၄၊၀၂၊၂၀၁၀)

1 comment:

  1. သာဓု သာဓု သာဓု ပါဘုရား။
    ထူးအိမ်သင် သီချင်းက အရှင်ဘုရား ရှင်းပြမှ တပည့်တော် သဘော ပေါက်တယ် ဘုရား။

    မအယ်

    ReplyDelete