( အဆက် )
( ၅ ) သင်္ခါရက္ခန္ဓာ အနတ္တ ဖြစ်ပုံ
သင်္ခါရာ အနတ္တာ- သင်္ခါရတွေဟာ အနတ္တ ပါ။
သင်္ခါရ ဆိုတာ အများနားလည်ထားသလို ပြောင်းလဲခြင်းလို့  မှတ်ပါ။ အားလုံးဟာ
အမြဲ ဆိုသလို ပြောင်းလဲ နေတာ သေချာပါတယ်။ ပြောင်းလဲခြင်းသည်ပင် သင်္ခါရ
အလုပ်လို့  မှတ်လို့  ရပါတယ်။
ပြောင်းလဲခြင်း အမျိုးမျိုး ရှိတာမှန်သော်လည်း အားလုံးဟာ ကိုယ့်အလိုကျ
ပြောင်းလဲတာမျိုး မဟုတ်ဘူး။ သူ့ အလိုလို သဘာဝ ကပင် ပြောင်းလဲ
နေခြင်းဖြစ်ပါတယ်။
ကိုယ်က အားလုံးဟာ သင်္ခါရဘဲလို့  နားလည်ထားပေမယ့် ကောင်းတာလေးကိုတော့
ဘယ်သူမှ ပြောင်းလဲ မသွားစေချင်။ မကောင်းတာလေးကိုတော့ အမြန်လေး
ပြောင်းလဲ စေချင်ပါတယ်။
သင်္ခါရသာ ကိုယ့်အလို ကိုယ့်အတ္တဖြစ်ခဲ့ရင် သင်္ခါရလဲ အာဗာဓ ပျက်စီးမှာ မဟုတ်ဘူး၊
ကောင်းတာလေးပဲ ဖြစ်ပါစေ ပြောင်းလဲပါစေ ၊ မကောင်းတာ မဖြစ်ပါစေနဲ့ 
မပြောင်းလဲပါစေနဲ့ လို့  ကိုယ့်အလိုအတိုင်း ဖြစ်နိုင်လောက်တယ်။
ခုတော့ ကောင်းတာကလည်း ကိုယ့်အလို အတိုင်း မဖြစ်နိုင်သလို မကောင်းတဲ့
သင်္ခါရလည်း ကိုယ့်အလို ကိုယ့်သဘော မဖြစ်နိုင်။ အဲသလို မဖြစ်နိုင်လို့ မို့ 
ကောင်းတဲ့ သင်္ခါရ အမြဲတည်ပါစေ၊ မကောင်းတဲ့ သင်္ခါရမျိုး ပြောင်းလဲ ပါစေလို့
ပြောလို့  မဖြစ်တာပါ။
ဒါကြောင့်မို့ လဲ သင်္ခါရ ဟာ အနတ္တလို့  ဆိုရပြန်တယ်။
စကားညှပ်။ ။
အဲ တရားတော်ကို ရှင်းပြနေခိုက်မှာ အရှင်ဘုရား ဒီပါဠိတွေက တစ်မျိုး အရင်က
ပါဠိတွေနဲ့ မတူဘူးတဲ့။ ရှေ့ ပါဠိတွေတုန်းက အဘ၀ိဿ ခု ဒီနေရာမှာ အဘ၀ိဿံသု ။
ပြီးတော့ ဘုရားသံဝတ္တေယျ သံဝတ္တေယျုံ ၊ ဟောတု ဟောန္တု စတာတွေက စာရိုက်
မှားတာလား ဘုရားတဲ့။ ဘာလို့ အဲလို ဖြစ်သွားတာလဲ။
သင်္ခါရတွေက ဗဟုဝုစ် အများကိန်းမို့  ကတ္တား ပုဒ်နဲ့ ကိုက်ညီအောင်
ကြိယာက ဗဟုဝုစ် အများကိန်းပြောင်း ထားတာဖြစ်ပါတယ်။
ရှေ့ က ရူပံ ဝေဒနာ သညာ တွေက ဧက၀ုစ် အနည်းကိန်းလို့ မှတ်ပါ။
သတိထားတော့ သိတာပေါ့လေ။
ပြီးတော့ မေးလိုက်တော့ အော် ဒီလိုလား ဆိုပြီး ရှင်းသွားတာပေါ့လေ။
ရှင်းသွားပြီနော်...။ မှန်ပါ့ ဘုရား။
( ၆) ၀ိညာဏက္ခန္ဓာ အနတ္တ ဖြစ်ပုံ
ဝိညာဏံ အနတ္တာ- ၀ိညာဏ်သည် အနတ္တ ဖြစ်ပါတယ်။
ဝိညာဏ် = ၀ိဥာဉ် ဆိုတာ စိတ်ပါ။ စိတ်ဆိုတာ အမျိုးမျိုး ပြောင်းလဲတာကတော့
လူတိုင်းပဲ သိနေကြပါတယ်။ မြင်မှု ကြားမှု နံမှု စတဲ့ အာရုံ အလျောက် စိတ်က
ပြောင်းလဲပါတယ်။
ဥပမာ ဘုရားဝတ်ပြုစဉ် ကောင်းတာလုပ်နေပေမယ့် ဆူညံဆူညံ ပတ်ဝန်းကျင်ကြောင့်
စိတ်က ကောင်းတဲ့ စိတ်မှ မကောင်းတဲ့ စိတ်ဝင်လာတတ်တယ်။ နောက်ပီးတော့
ဈေးအရောင်း အ၀ယ် လောဘနဲ့  လုပ်နေတယ် ဆိုပေမယ့် ကောင်းတဲ့ စိတ်လေးက
ဒီအမြတ်ကလေး ငါ ဘယ်နေရာ အသုံးချလိုက်မယ်လို့  ကောင်းတဲ့စိတ်ဖြစ်လာတယ်။
ဘယ်သူမဆို ကောင်းတဲ့စိတ်လေးကြောင့် ကောင်းတဲ့ ပျော်ရွှင်ငြိမ်းချမ်းမှု ရတတ်ပါတယ်။
မကောင်းတဲ့ စိတ်ကြောင့် မကောင်းတဲ့ စိတ်ဓာတ်ကျမှုမျိုး ပြဿနာတက်တာမျိုး ဖြစ်လာ
တာတွေ့ ရမှာ ဖြစ်တယ်။
စိတ်ဟာလဲပဲ အမြဲ ပြောင်းလဲနေတာတော့ သေချာပါတယ်။ကိုယ်မပိုင်ဘူးပေါ့။
ငါ့ စိတ်လေး ကိုယ့်အတ္တ ကိုယ့်အလို အတိုင်းသာ ဖြစ်မယ် ဆိုရင်
ကိုယ့်ဖြစ်ချင်တဲ့အတိုင်းဖြစ်မယ်၊ စိတ် ပျက်စီးသွားတာမျိုး မဖြစ်နိုင်ဘူး။
ခုတော့ ငါ့စိတ်လေး ကောင်းတာလေးတွေ ဖြစ်ပါစေ၊ မကောင်းတာ တစိုးတစိမှ
ပေါ်မလာပါစေနဲ့ လို့  အဲသလိုမျိုးလည်း မဖြစ်နိုင်ဘူး။
ဒါကြောင့် စိတ်ဆိုတာ အာဗာဓ ပျက်စီး ပြောင်းလဲ သွားတာ သဘာဝပါ။ ပျက်စီး
ပြောင်းလဲတတ် သဘာဝမို့  ငါ့ စိတ်လေး ဒီလို ဖြစ်ပါစေ ၊ ငါ့စိတ်လေး ဒီလို
မဖြစ်စေနဲ့  လို့  စိတ်အလိုအတိုင်း မဖြစ်တာပါ။
စိတ်ဟာလည်း အနတ္တ ဆိုတာ ထင်ရှားသွားပြီပေါ့။
မြတ်ရောင်နီ
( ၁၅ ၊ ၀၆ ၊ ၂၀၁၀ )
ဒီနေရာကလေးမှာ ရေးပါ..
No comments:
Post a Comment