ရုပ်အမျိုးမျိုး
အနတ္တ လက္ခဏသုတ်
(အဆက်)
( ရုပ်အမျိုးမျိုး ဆိုလို့  ရုပ်ပုံစံ အမျိုးမျိုး လို့  မမှတ်ပါနဲ့ ။ ရုပ်ကို ချောတယ် လှတယ်၊
မလှဘူး ဆိုးလိုက်တာ လို့  ပြောလိုရင်း မဟုတ်၊ )
ပြောလိုရင်းကား......
မြတ်စွာဘုရားရှင်ဟာ ပဉ္စ၀ဂ္ဂီ ၅ဦးတို့  အနိစ္စ ဒုက္ခ အနတ္တသဘောကို အကျဉ်းအားဖြင့်
သဘောပေါက်သွားကြပြီးတဲ့ အခါ အသေးစိတ် သဘောပေါက်စေလိုတာမို့ 
အကျယ်အနေနဲ့ ထပ်မံ ဟောတော်မူပြန်ပါတယ်။
ရုပ်ဟာ အတိတ်ရုပ်၊ အနာဂတ်ရုပ် ၊ ပစ္စပွှန်ရုပ်၊ အဇ္ဈတ္တရုပ်၊ ဗဟိဒ္ဓရုပ် ၊ သြဠာရိကရုပ်၊
သုခုမရုပ်၊ ဟီနရုပ် ၊ ပဏီတရုပ် ၊ ဒူရေရုပ် ၊ သန္တိကေရုပ်လို့  ရုပ်အမျိုးစား နာမည်ပေါင်း
၁၁မျိုး ရှိပါတယ်။
အဲဒီ ရုပ်အမျိုးမျိုးကိုလည်း နေတံ မမ - ငါ့ဟာ မဟုတ်၊ နေသော ဟမသ္မိ - ငါမဟုတ်၊
နေ သော မေ အတ္တာ- ငါမပိုင် ၊ ငါ့ရဲ့ အတ္တ မဟုတ်လို့ အဟုတ် အမှန် ကောင်းကောင်း
ကြီး ဥာဏ်ပညာနဲ့  ရှုဆင်ခြင် ပွါးများရပါမယ်။
မြန်မာလို ရှုဆင်ခြင်ပွါးများပုံက -
အတိတ်ရုပ်ဟာ ငါ့ဟာ မဟုတ်၊ ငါမဟုတ်၊ ငါ မပိုင်( ငါ့ရဲ့  အတ္တမဟုတ်)
လို့  တစ်ခုချင်း ရှုရမှာ ဖြစ်ပါတယ်။ ကျန်တာတွေကိုလည်း ဒီအတိုင်းပဲ ၁၁ မျိုးစလုံး
စုံလင်အောင် ရှုဆင်ခြင် ပွါးများ ရမှာဖြစ်ပါတယ်။
ဒီနေရာမှာ အဘိဓမ္မာ မသင်ကြားဘူး၊ တရားတော် မနာဘူးသေးသေးတဲ့ လူများအဖို့ 
ဒီရုပ်အမျိုးမျိုးနဲ့  ပါတ်သက်လို့  ရှင်းပြမှ နားလည်နိုင်ပါ့မယ်။ ဒါကြောင့် မို့  ထပ်ချဲ့ ပြီး
ရှင်းပြပါဦးမယ်။
အတိတ်ကလည်း ရုပ်တရားတွေဖြစ်ခဲ့ပြီ။ လူ့ ရုပ်ခန္ဓာနဲ့  ဖြစ်စေ အခြားရုပ် ခန္ဓာနဲ့  ဖြစ်စေ
တစ်ခုခုနဲ့ တော့ ဖြစ်ခဲ့ကြပြီ။ ဒါမှ မဟုတ် ဒီဘ၀ လွန်ခဲ့တဲ အသက်ခန္ဓာနဲ့  အညီ
ရုပ်တရားတွေကလည်း လွန်ခဲ့လေပြီ။ အဲဒီအတိတ်ရုပ်ဟာ ကိုယ်ဟာ့လည်းမဟုတ်
ကိုယ်လည်းမဟုတ် ကိုယ်လည်း မပိုင်ခဲ့ပါ့လား လို့  ဆင်ခြင်ရှုပွါးရမယ်။
အဲဒီလိုပဲ အတိတ်ခန္ဓာလို အနာဂတ်ဆိုတဲ့ မဖြစ်သေးတဲ့ ရုပ်ခန္ဓာကလည်း ဒီအတိုင်းပါပဲ။
မဖြစ်သေးတဲ့ ရုပ်ခန္ဓာကို အနာဂတ်ရုပ်ခန္ဓာ ခေါ်ပြီး အဲဒီ ရုပ်ခန္ဓာကိုလည်း ရှုပုံကတော့
အတူတူချည်းပါ။
ခု ဖြစ်ဆဲ လက်ရှိရောက်နေတဲ့အချိန် ဖြစ်တဲ့ ရုပ်ခန္ဓာကို ပစ္စုပ္ပန်ရုပ်လို့  မှတ်ပါ။
အဇ္ဈတ္တိကရုပ်- အတွင်းရုပ်၊ ဗဟိဒ္ဓရုပ် - အပြင်ရုပ်။ မြန်မာလို သာမန်လေးတွေးကြည့်ရင်
တော့ အတွင်းရုပ် ဆိုတာ ကိုယ်ခန္ဓာ အတွင်း၊ အပြင်ရုပ်ဆိုတာ ခန္ဓာကို ပြင်ပလို့ 
ထင်စရာ တွေးစရာရှိတယ်။
အဘိဓမ္မာ အလိုအရကတော့ ခန္ဓာကိုယ်မှာ အဓိက အတွင်းလူသဖွယ်ဖြစ်တဲ့
ကျေးဇူးများတဲ့ ရုပ်ကို အတွင်းရုပ် လို့  ခေါ်ပါတယ်။ အဲဒီအတွင်းရုပ်က
မျက်စိအကြည် နားအကြည် နှာခေါင်းအကြည် လျှာအကြည် ကိုယ်အကြည်
ဆိုတဲ့ အကြည်ရုပ် ၊ ပသာဒရုပ် ၅ပါးဖြစ်ပါတယ်။ ကျန်တဲ့ ရုပ် ၂၃ပါးကတော့
အပြင်ရုပ်လို့ ခေါ်ပါတယ်။
အခြေပြု သင်္ဂြိုဟ် ။ ( စာမျက်နှာ ၃၅၀ )
ဖားအောက်ဆရာတော်ဘုရား ရေးသားပြုစုတဲ့ အာနပါနကျင့်စဉ်မှ ၀ိပဿနာသို့ -
စာအုပ်မှာတော့ အတွင်းရုပ် အမျိုးသား အမျိုးသမီး အသီးသီးတိုင်းမှာ ၂၇ ပါးစီ
ရှိကြတယ်။ အပြင်ရုပ်ကတော့ တစ်ခါတစ်ရံ နှစ်မျိုးလုံး ရှိလို့ မို့  ၂၈ ပါး လို့ 
ရေးသားထားတာ တွေ့ ပါတယ်။ ( စာမျက်နှာ- ၅ )
မိမိအနေနဲ့  သာမန်လေး တွေးကြည့်တော့ အတွင်းပဲဖြစ်ဖြစ် အပြင်ပဲဖြစ် ရုပ်တရား
မှန်သမျှကို ဟုတ်မှန်စွာ ရှုဆင်ခြင်ဖို့ ပဲပေါ့။
သြဠာရိက- ရုပ်ကြမ်း၊ သုခုမ- ရုပ်နု လို့  လွယ်လွယ်ကူကူ မှတ်ထားပါ။
ရုပ်ကြမ်း ရုပ်နု ဆိုတာ အသားရေ ကြမ်းတဲ့ နု ညံ့မှုကို ခွဲခြားပြောတာ
မဟုတ်ပါ။
တရားအားထုတ်လို့  ရှုမှတ်တဲ့အခါ သိသိသာသာ ထင်ထင်ထင်ရှားရှား
မှတ်လွယ် မြင်လွယ်တဲ့ ရုပ်တရားကို ရုပ်ကြမ်း လို့ ခေါ်ပါတယ်။
အဲဒီရုပ်တွေက ခုနပြောခဲ့တဲ့ ပသာဒ ရုပ် ၅ပါးနဲ့  ရူပ - အဆင်း ၊
သဒ္ဒ - အသံ ၊ ဂန္ဓ- အနံ့ ၊ ရသ- အရသာ ၊ ဖောဋ္ဌဗ္ဗ- ( ပထ၀ီ- ၊တေဇော- ၊
ဝါယော-၊ ) ပေါင်း ၁၂ ပါးဟာ ရုပ်ကြမ်းတွေ ဖြစ်ပါတယ်။
( ပထ၀ီဓာတ် သဘောတရား- မာ၊ ကြမ်း ၊ လေး ၊ ပျော့ ၊ ချော ၊ ပေါ့ ။
တေဇော ဓာတ် သဘောတရား- ပူမှု ၊ အေးမှု ။
ဝါယော ဓာတ်သဘောတရား- ထောက်မှု တွန်းမှု ။ တို့  ဖြစ်ပါတယ်။
ကျင့်စဉ် စာမျက်နှာ ၂၉ ။ ဖားအောက်ဆရာတော်
ရုပ်တရားက ၂၈ ပါးရှိတာမို့  ကျန်တဲ့ ၁၆ ပါးကိုတော့ သုခုမ ရုပ်လို့ ခေါ်ပါတယ်။
ဥာဏ်စက္ခု ဥာဏ်မျက်စိနဲ့  ကြည့်တဲ့အခါ သြဠာရိက ရုပ်မျိုး သိသိသာသာ
ထင်ထင်ရှားရှားကြီး မတွေ့ တတ်၊ သိမ်မွေ့ နုညံ့လို့ မို့  သုခုမလို့ ခေါ်ပါတယ်။
( ရုပ်ရေတွက်ပုံများ ချန်လှပ်ထားခဲ့ပါတော့မယ်။ အဘိဓမ္မာ လေ့လာကြပါကုန်။)
သုခုမရုပ်ကိုလည်း လက္ခဏာရေးသုံးပါးနဲ့  ရှုဆင်လို့ ရပါတယ် ။ ရှုဆင်ခြင်ရမှာပါ။
ဟီနရုပ် - ယုတ်ညံ့သောရုပ်၊ ပဏီတ- မွန်မြတ်သောရုပ်။ ရုပ်ယုတ် နဲ့  ရုပ်မြတ်
ဆိုကြပါစို့ ။ ရုပ်ယုတ်ဖြစ်ဖြစ် ရုပ်မြတ်ဖြစ်ဖြစ် အားလုံးက အတူတူပါပဲ။ လက္ခဏာ
ရေးနဲ့  သုံးပါးနဲ့  ရှုရမှာပဲ။
ဟီန - ရုပ်ယုတ် ဆိုတာက အကုသိုလ်ကြောင့် ရလာတဲ့ ရုပ်၊ ပဏီတ - ရုပ်မြတ်
ဆိုတာက ကုသိုလ်ကြောင့် ရလာတဲ့ ရုပ် လို့  သာမန် ဒီလိုလေး ခွဲထားလိုက်ပါ။
ဒါ့ထက် ခွဲခြားရမယ် ဆိုရင်တော့ အပါယ်ဘုံသားနဲ့  လူ ဆိုရင် လူက ပဏီတ
ရုပ်မြတ်၊ အပါယ်ဘုံသားက ဟီန - ရုပ်ယုတ် လို့ ခွဲပါ။ နတ်နဲ့  လူ ဆိုရင်လည်း
ဒီအတိုင်း သာတဲ့သူက မြတ်၊ အောက်ကျသူက ယုတ်လို့  ခွဲခြားသိပါလေ။
ဒူရေရုပ်- အဝေးရုပ် ၊ သန္တိကေ- အနီးရုပ်။
ပစ္စည်းဝတ္ထု တစ်ခုခု ကိုယ်နဲ့  နီးနေရင် လွယ်လွယ်ကူကူ ယူလို့ ရပါတယ်။
ဒီအတိုင်းပါပဲ တရားမှတ်ရာတွင် လွယ်လွယ်ကူကူ ဥာဏ်နဲ့ ယူလို့ ရတဲ့
သြဠာရိက ရုပ်ကြမ်းကိုပဲ သန္တိကေ အနီးရုပ်လို့  နာမည်တစ်မျိုးနဲ့ 
ဟောတော်မူထားတာပါ။( သန္တိကေ- အသိဥာဏ်နဲ့  နီးတဲ့ ရုပ်တရား)
ပစ္စည်း တစ်ခုခုက ဝေးနေရင် ယူရတာ မလွယ်ကူသလိုမျိုး တရားမှတ်တဲ့နေရာမှာ
ဥာဏ်ဖြင့် လွယ်လွယ်ကူကူ ယူလို့ မလွယ် မသိလွယ်တဲ့ သုခုမရုပ် ရုပ်နုကိုပင်
ဒီနေရာမှာ ဒူရေ အဝေးရုပ်လို့  နာမည် တစ်မျိုးနဲ့  သုံးထားပြီး ဟောတော်မူတာပါ။
(ဒူရေ- အသိဥာဏ်နဲ့  ဝေးတဲ့ ရုပ်တရား)
အခြေပြု စာမျက်နှာ ၃၅၃ ကို မှီးငြမ်းပါသည်။
ဒီနေရာမှာ ဘာလို့  အဓိပ္ပါယ် တူရဲ့ သားနဲ့  နှစ်မျိုးဟောတော်မူတာလဲ စဉ်းစားစရာ။
ဒါကတော့ ရှင်းပါတယ်။ တစ်ခါ တစ်ခါ တရားနာ ပရိသတ်တွေ မတူတော့
ပထမပြောတဲ့ စကားကို နားမလည်ရင် နောက်စကားကျတော့ နားလည်မှာပေါ့။
အဲဒါကြောင့် လဲလှယ် အသုံးပြုထားတာလို့  နားလည်မိတယ်။ စာထဲမှာ အခြားနေရာ
တွေ့ ရတတ်တာကတော့ ဝေနေယျ အလိုက် လို့  ပြောရပါမယ်။
မှတ်ချက်။ ။ ဤသုတ်ကို ရှင်းပြစဉ် တရားဟောခဲ့စဉ်က ထိုမျှလောက် မပြည့်စုံခဲ့ပါ။
ယခု စာလို ရေးသားရာမှာ တိကျမှု ရှိအာင် စာသားများမှာ အခြေပြု သင်္ဂြီုဟ် နှင့်
ဖားအောက်ဆရာတော် တရားမှ မှီငြမ်းထားပါသည်။ သို့ သော် အတိကျ ကူးယူခြင်းမျိုး
မဟုတ်ဘဲ ကိုယ်နားလည်သလို အဆင်ပြေအောင်ပြန်လည် ရေးသားထားပါသည်။
ဆက်လက် ဖေါ်ပြပါမည်။
မြတ်ရောင်နီ
( ၁၈ ၊ ၀၆ ၊ ၂၀၁၁ )
ဒီနေရာကလေးမှာ ရေးပါ..
ဖော်ပြထားသည်မှာ ပြည့်စုံ ကောင်းမွန်ပါသဖြင့် ဗဟုသုတ အလွန်ရပါသည်။ ကူးယူမျှဝေ ခွင့်ပြုပါရန် တောင်းခံအပ်ပါသည်။ ခင်မင်လေးစားလျှက် ။ ဦးရဲမြင့် ။ yemyint.kmt@gmail.com
ReplyDelete