အလို
တယော ရောဂါ ပုရေ အာသုံ၊ ဣစ္ဆာ အနသနံ ဇရာ။ ( သုတ္တနိပါတ) -
အလို ကို ဟိုရှေး ကမ္ဘာဦးကာလက ၁။ အလို၊ ၂။ ဆာလောင်ခြင်း၊ ၃။ ဆွေးမြေ့အိုးယွင်းခြင်း ဆိုတဲ့ ရောဂါသုံးမျိုးထဲမှာ တစ်မျိုး အပါဝင် လို့ ဆိုပါတယ်။
ရောဂါ လို့ ဆိုပေမယ့် အလို ဆိုတဲ့ အရာ လူတိုင်းလိုလို နေတာပါပဲ။ လုံးဝ မလိုဘူး ဆိုချင် ဆို ငြားသော်လည်း တစ်ခုခုတော့ လိုနေဦးမှာပါ။ အလို မရှိတာ ဆိုလို့  အလိုမရှိရာ နိဗ္ဗာန်သာ ဖြစ်ပါ တယ်။
အလိုကို ရသွားရင် လူတိုင်းလည်း ပျော်ရွှင်ရဲ့ ။ ဒါပေမယ့် အလိုကတော့ မရပ်နိုင်ပါ။ ကောင်းတာ ကောင်းတာကို ပြောင်းပြောင်းပြီး လိုချင်သေးတာပါပဲ။ အိုကေ။ ကောင်းတာ မလိုဘူး ။ ဖြစ်သလို သုံး တတ်တယ် လို့ ဆိုကြပြန်ရင်လည်း ပထမ အလို အတွက် ပြည့်တာ။ ဒုတိယ အလိုမှ စ လိုတာတွေ အများကြီးပါ။
လူ့ လောက မှာ လိုတာတွေက တစ်ခုပြီး တစ်ခု။ အလို လေးတွေ ရတာဟာ ကျေနပ်စရာပါ။ ပီတိ သဘောပါ။ ပီတိ ဆိုတာလည်း ကိုယ်လိုတာ ရလို့  ကောင်းတဲ့ဘက်ကို အသုံးချမယ် ၊ အသုံး ပြု မယ် ။ အများအတွက် အသုံးဝင်တော့မယ် ဆိုပြီး တွေးပျော်တဲ့ ပီတိမျိုးက အကောင်းသား။
အဲလို မဟုတ်ဘဲ ကိုယ်ရတာလေးကို ကိုယ့်ဖာသာ ကျေနပ်နေပြီး။ သိမ်းထားမယ် ဆိုရင်တော့
အဲသလို ပီတိ မျိုးကတော့ အလကားပါပဲ။ အနည်းဆုံး ကိုယ်တစ်ယောက် အတွက် အသုံးပြုနိုင်မယ်။
ကိုယ်အသုံးပြုလိုက်တာဟာ သူများအတွက်လည်း တိုက်ရိုက် ဖြစ်ဖြစ် သွယ်ဝိုက် ဖြစ်ဖြစ် တစ်မျိုးမျိုး နဲ့ တော့ အကျိုးရှိသွားမယ်ပေါ့။ ဒီလို အလိုလေးတွေ ရသွားလို့  ပျော်တာက ကောင်းသားပဲ။
အလို တိုင်းဟာ ရသွားလို့  ပျော်ရွှင်မှုဟာလည်း ခဏပါ။ ရသွားပြီး နောက်ဆုံး ပျက်ဆီးချိန်မှာတော့ အလို ဟာ အငို ဖြစ်သွားရတာပါပဲ။ လိုနေတဲ့ အလိုကို မရရင်လည်း မကျေ နပ်ခြင်းက ဖြစ်ပြန်ရော။ ကလေး လည်း ငိုရ။ လူကြီးလည်း ငိုရတာပါပဲ။ ဟုတ် မဟုတ် စဉ်းစား ကြ ပေါ့ လေ။
အလိုနဲ့  ပါတ်သက်ပြီး အလို ရ လို့ လည်း အငိုနဲ့  လမ်းဆုံးစရာ ရှိတယ်။ အလို မရလို့ လည်း အငို
နဲ့  လမ်းဆုံးရတာ ရှိတာပဲ။ ဒီလိုဆိုတော့ အလို ရဲ့  နိဂုံး မလှဘူးပေါ့။
သို့ ပေမယ့်လေ၊ သာမန် ပြောပြောရမယ့် အလိုကတော့ အလို ပြည့်ရင် စိတ်ချမ်းသာတာ အမှန်ပါပဲ။ အလိုနဲ့  ပါတ်သက်လို့  လူတွေ ရှာရှာဖွေဖွေ စားစားသောက်သောက် မဖြစ်မနေ လိုတဲ့ အလိုတွေ ပါ ။ ဒါက အလိုကို ရအောင် လုပ်ရမယ်ပေါ့။ရှာရ ဖွေရမယ်ပေါ့။
ဒါပေမယ့် လိုနေတာကို ကြီးပွါးချင်စိတ် စောတာနဲ့ ပဲ မတရားတဲ့ နည်းတွေသုံးပြီး၊ ကိုယ် ချမ်းသာ ပြီးရော ၊ ဘယ်လို နည်းနဲ့ ရရ။ ခုခေတ်က ဒီလို ရှာမှ ချမ်းသာမှာ။သမားရိုးကျ စီးပွါးရေး ရှာသူတွေ ကြည့်ပါ့လား၊ မချမ်းသာဘူး ဆိုတဲ့ လူမိုက်အားပေး စကားကို နားယောင်ပြီး ဖြတ်လမ်း နည်း စီးပွါးရှာတာလည်း မဟုတ်သေးဘူး။
စီးပွါးရေး ဖြစ်ဖြစ်၊ ပညာရေး ဖြစ်ဖြစ်၊ ကြီးပွါးရေး တစ်ခုခု ဖြစ်ဖြစ် တတ်နိုင်သမျှ အစွမ်းကုန်
ကြိုးစား ပါ။ ကိုယ်ကြိုးစားလို့  ရတဲ့ ရလာဒ်ကိုလည်း နည်းနည်းများများ တင်းတိမ်နိုင်ရမယ်။ အစွမ်း ကုန် ကြိုးစားပြီးပြီပဲ လို့  ပြန်တွေးပြီး ပျော်တတ် ရမယ်။ ငါ ခုလုပ်ခဲ့တဲ့ အလုပ်မှန်သမျှ တရားတဲ့ နည်းလမ်းနဲ့  ဖြစ်လာခဲ့တာပဲ ဆိုတာမျိုးပေါ့။
အစွမ်းကုန် ကြိုးစားပြီး ရလာတဲ့ ရလာဒ်လေးကို တင်းတိမ် နှစ်သိမ့် ကြည်နူးနေ တာဟာ လည်း သန္တုဋ္ဌိ မင်္ဂလာ တစ်ပါးပါပဲ။ ပြီးတော့ သန္တုဋ္ဌိ ပရမံ ဓနံ တဲ့။ အမွန်မြတ်ဆုံးသော ဥစ္စာ ပစ္စည်းပါ ပဲ။ အမြတ်ဆုံး ချမ်းသာလို့  ဆိုချင် ဆိုပေါ့။
ဒါတင် မကသေးဘူး။ လူ့ လောက လူ့  အသိုင်းဝိုင်းမှာ မိဘရယ် သားသမီးရယ်။ ဆရာရယ် တပည့်ရယ်။ သံဃာရယ် ဒကာရယ်။ အလုပ်ပိုင်ရှင်ရယ် အလုပ်သမားရယ် စတာတွေ ဆိုတာ ရှိကြ တယ်။ အဲဒီ အသိုင်းဝိုင်း နှစ်ခုရဲ့ ကြား ကိုယ်လုပ်ရမည့် တာဝန် ၀တ္တရားတွေ ဖြည့်ကျင့်ဖို့  အလိုမျိုးကတော့ မဖြစ်မနေ လိုတယ်။ ဒီလို အလိုမျိုးတွေက အလို ကို ပြည့်အောင် ဖြည့်ရပါမယ်။
ဒီလိုအလိုမျိုး အလိုနဲ့ တွဲမှ အလိုလည်းစဲ အငိုလည်းလွဲ မယ်။ ဆိုလိုတာက အလိုတွဲ ဆို တာ ၀တ္တရား ကျေပွန်မှု။ အလိုစဲ ဆိုတာက- နိဗ္ဗာန်။ ၀ါန-အလို။ နိ - စဲ။ အငိုလွဲက ရှင်းပါတယ်။ အလို မရှိရင် အငို မရှိဘူး။
စူဠ၀ဂ္ဂ ပါဠိတော်မှ- တသ္မာဟိ ၀တ္တံ ပူရေယျ၊(ပ) တတော နိဗ္ဗာန မေဟိတိ။
လို့  ပြထားပါတယ်။ ဒါကြောင့် အလိုကို အလိုစဲ သည့် အထိ ဖြည့်ကျင့်ရပါမယ်။ ကျင့်ဝတ် အသီးသီး အတိုင်း လိုက်နာရင် သေချာပါတယ် ။ အလိုမရှိရာ နိဗ္ဗာန်ဆိုတာ ရပြီပေါ့။
အလို ဆောင်းပါး ရေးဖြစ်သွားတာက ဒီ အလို ကြောင့်ပဲပေါ့။
ကိုယ့်ရဲ့  ဘ၀ စင်ကြယ်စွာ နေနည်း ဆောင်းပါး ကို ညီမ ဖြစ်သူက တရားစခန်းဝင် ယောဂီသူ တော်စင်တွေကို စာအုပ်သေးသေး ရိုက်နှိပ်ပြီး ဓမ္မလက်ဆောင်မွန် ပြုလုပ်လိုတယ် ပြောတယ်။ ပြီး တော့ သူလိုတဲ့ အတိုင်း အမှာစာ၊ ကိုယ်ရေး အကျဉ်း၊ မျက်နှာဖုံး ကအစ လိုအပ်ရာရာ ကို ရေးပေးပါ ဆိုလို့ ရေးပေးခဲ့ပါ တယ်။
ခုတော့ စာအုပ် အနေထား ရိုက်ပြီးနေပြီ။ ပရင့်ထုတ်ရုံပဲ ကျန်တော့တာတဲ့။ အမှာစာ နောက်ကျောမှာ လိုနေလို့ ။ ကဗျာလေး ရေးပေးပါဦးလား။ ပြောင်ချည်း သက်သက်ဆို ကြည့်မ ကောင်း လို့ -တဲ့ လေ။
သူ့ ကို ပြောလိုက်ပါရဲ ၊့ ကဗျာက စိတ်ခံစားချက် ရှိမှ ထွက်တာ။ ရေးပါဆိုရင် ဘာရေးရမှန်း မသိ တော့ဘူးလို့ ။ ဒါပေမယ့် ကြိုးစား သေးတာပေါ့ဟာ လို့  ပြောခဲ့တယ်။ ကြိုးစားပေမယ့် ကဗျာက သူလို တဲ့ ကဗျာ ထွက်မလာဘဲ ချိုဂိုဟားဇံ ဆိုတဲ့ ကဗျာက နေရာဦးသွားပြီး နှစ်ပုဒ် ရေးဖြစ်တယ်။ သူ့ လိုတဲ့ ကဗျာမဟုတ် ။ အများဖတ်ဖို့  ဘလော့ကဗျာလေး ဖြစ်သွားတယ်။
ထပ်ပြီး သူက အလို ကို ဖြည့်ပေးဖို့ ၊ ထပ်ပြောတယ်။ ကဗျာ မဖြစ်လဲ အဆို အမိန့် လေးပေါ့ တဲ့။ အဲသလို ပြောတော့လည်း ဘာ အဆိုမိန့် ရေးရမှာလည်း မသိပြန်ဘူး။ သူက သင်္ကြန်မတိုင်ခင်
သူ့ အလို ကို ဖြည့်ပေးဖို့  ချည်း ထပ်ပြောပြန်လာတယ်။ လိုတာက စာကြောင်း ရေ (၁၉)ကြောင်း စာ တဲ့။ ဒါနဲ့ ပဲ သူလိုနေတယ်လို့  သဘောပေါက်ကာ ကောက်ခြစ်ပေးလိုက်တယ်။
ကိုယ်လည်း ရေးတာကတော့ အဆိုမိန့်  ဆန်ဆန်ရေးပေးလိုက်တယ်။ အဆိုမိန့်  ဖြစ်မဖြစ် တော့ မသိဘူး။ သူလိုနေတဲ့ နေရာက အမှာစာရဲ့  နောက်ကျောဘက် မှာဆိုတော့ သူ့ ကို ဒီလို ရေးပေး လိုက်ပါတယ်။
ညီမလေး
အမှာစာရဲ့ နောက်ကျောဘေး
လွတ်လပ်နေတဲ့ စာမျက်နှာက လိုနေတာပေါ့နော်။
ကဲ ဒီလိုဆို အလို လေး ဖြည့်လိုက်မယ်။
အလို
၁။ မရှိ မဖြစ် လိုအပ်နေတာလေးတွေကို
အချိန်ရှိသခိုက် အရွယ်ရှိသခိုက်မှာ
ရရှိအောင် စုစု ဆောင်းဆောင်း ရှာဖွေထားပါ။
၂။ လိုအပ်နေတာလေးတွေကို
လိုနေတာထက် ပိုပြီးတော့
မတရားတဲ့ နည်းလမ်းနဲ့ မရှာမိပါစေနဲ့ ။
၃။တင်းတိမ်ရောင့်ရဲနိုင်တာဟာ
မင်္ဂလာတစ်ပါးဖြစ်သလို
အလိုကိုလည်း ပြည့်စေတာပါပဲ။
၎။လိုနေတဲ့ အထဲမှာ-
မိဘ၊ သားသမီး ဆရာ ဒကာ စတဲ့
လူမှု ၀တ္တရား အသီးသီးကို
မပျက်မကွက် မလိုရအောင် ဖြည့်ကျင့်ပါ။
၅။အမြင့်ဆုံး အဆင့်က -
အလို လုံးဝ မရှိတော့တာဟာ
ဘုရားရှင် ဖြစ်စေချင်တဲ့ ရည်မှန်းချက်ပါ။
အဲဒီ အဆင့်ထိ ရောက်အောင် ကြိုးစားနိုင်ကြပါစေ။
အရှင်တေဇောဘာသ( မြင်းခြံ)
ညီမလေး ပြောတဲ့ (၁၉)ကြောင်း စာ အတိကျ ရေးပေးလိုက်တယ်။
အလို မှသည် မြင်းခြံ အထိ ကွက်တိ။
သူ အဲဒီလို လိုတာကို ဖြည့်လိုက်ရတာလည်း ကိုယ့် အလိုလည်း ပြည့်သွားတယ်။ သူ့ တောင် ကျေးဇူးတင်ရမှာပါ့လား။ ကိုယ်လည်း ဘာရေးရမလဲ လို့  ဆောင်းပါး အသစ်လိုနေတာ။ ခုတော့ ဘလော့ဂါ ဂျူတီတာဝန် ၀တ္တရား ရဲ့ အလိုကိုလည်း သူက ဖြည့်ပေးလိုက်လို့  ပြည့်ပြီ။
ပြီးတော့- မကောင်းမြစ်ထာ၊ ကောင်းရာညွန်လစ် ၊ အသစ်ဟောကျူး၊ နာဖူးထပ်မံ၊ နတ်ထံတင်ရာ၊ မေတ္တာလည်းပြု၊ ရဟန်းမှု ၊ ခြောက်ခု လွန်သေချာ ဆိုတဲ့ သုတ္တန်လာ သိင်္ဂါလောဝါဒ သုတ်နဲ့  အညီ ရဟန်း တာဝန် ၀တ္တရားလည်း ဖြည့်ပြီးသားဖြစ်ဆိုတော့ လိုတာလေးတွေ ပြည့်သွားတာပေါ့။
အားလုံးလည်း အလို ဆောင်းပါးကို နားလည်သဘောပေါက်ကာ ဖြည့်ကျင့်နိုင်ပါစေ။ အငိုလွဲ- အလိုစဲ သည့် နိဗ္ဗာန်ကိုလည်း ရောက်ကြပါစေဟု ရည်ရွယ်ကာ ရေးသားလိုက်ပါတော့တယ်။
မြတ်ရောင်နီ
(၁၀၊၀၄၊၂၀၁၀)