Pages

Friday, April 2, 2010

ယဉ်ယဉ်လေး ရူး


ယဉ်ယဉ်လေး ရူး

ပုထုဇ္ဇနော ဥမ္မတ္တကော ၀ိယ တဲ့။ ပုထုဇဉ်ဆိုတာ အရူးအစစ်ပဲ လို့  မဆိုပေမယ့် အရူးလိုပါပဲတဲ့။ ကိုယ့်အထင် ကိုယ့်အတွေး ကိုယ့်အရေး ကိုယ့်အပြော ဟုတ်လိမ့်နိုးနိုး နဲ့တွယ်နေ လိုက်တာ။ ဘာတွေမှန်းကို မသိဘူး၊ ရှင်းနေရင် အနေရခက်သယောင်။ နဲနဲလေး တော့ ရှုပ်တာလေး ရှိမှ ပျော်စရာ လို့  ဖြစ်သွားတာလား မသိ ပါ ဘူးလေ။

အရူးသေး အရူးကြီး ထဲမှာ ယဉ်ယဉ်လေး တော့ ရူးမိပါရဲ့ ။ ဧပရယ် ဖူးလ် ဆိုလို့  ဖူးကြည့် လိုက်တာ။ ခေတ် ကလည်း မီချင်သေး။ ခေတ် မမှီတော့ လှေခါးထောင်ပြီး ကြည့်တာ။ ခေတ်ပေါ်က ချော်ကျပါ လေရောလား။ ကြည့်ဦး ၊ ဖြစ်ပုံက-

( ၁ )


အင်း... လုပ်ချလိုက်ပြန်ပီ၊ တို့ အကို တို့ကတော့နော်၊ညီမလုပ်တဲ့ သူက ဆူရရင် ကောင်းတော့ဘူး။ မသိပဲ နားမလည်ပဲနဲ့များ ခေါင်းညိတ်ရသတဲ့လေ။ ဟင်းးးးးးးးးးးး ပြောချင်ဘူးနော် မသိဘူး မသိဘူး ဆိုပီးများ ရောယောင်ပြီး ညိတ်ချင်တာနဲ့ ညိတ်လိုက်ထင်ပါ့။ နေမကောင်းရတဲ့ ကြားထဲ စိတ်မ ကောင်း အောင် ထပ်လုပ်နေပြန်ပီနော် ။ စိတ်မကောင်းရင် အိပ်လို့မရပြန်ဘူး။ အိပ်လို့မရရင် သွေးပေါင်က ကျရော၊ သွေးပေါင်ကျရင် မူးရော ။ အဲလိုဖြစ်ရင် ဒီတစ်ခါ တရားခံက အကိုလုပ်သူပဲ ။ ကျန်းမာပါစေ
ညီမလေး

ဒီ အီးမေးလ် ဖတ်ပြီး ၊ အော်... ငါ့ ညီမလေး တကယ် နေမကောင်း ဖြစ်တာ ငါ့ကြောင့်ပဲ ၊ ငါ့က သူ့ ကို မြန်မာပြည်နေတော့ ၊ ငါ့ ညီမလည်း ခေတ်မီ ရမယ်ပေါ့။ အကိုက နိုင်ငံခြားမှာနေတာ။ ညီမ ဖြစ်သူက နယ်မြို့ သေးသေး။ တိုက်ကော ဖြစ်မှာ ဆိုပြီး ခေတ်မီ စေချင်တာနဲ့  ဒီလိုလေး စမိရဲ့ ..

အကို ဖြစ်သူကို ဂျာမန် ကောင်မလေး ချောချော လေးက ရည်းစား စကား လိုက်ပြောတာလေ။ အကို လည်း ဘာလဲ နားမလည် ပါးမလည်တာ နဲ့  ရည်းစား ပြောတာကို ခေါင်းညိတ်မိသွားတယ်။ ကဲ ဘယ့်နှယ် လုပ်ပါ့။

ဒီလို စနောက်မိတာကိုး ၊ ကိုယ့်အမှားဆိုပြီး၊ စိတ်ပြေအောင် ပြန်ပြီး သူ့  ဆီ စာပြန် ရေးတာ ပေါ့။ မဟုတ်ဘူးဟ။ ညီမ အကိုက ထိပ်ကပြောင်၊ မျက်မှန်က ပါဝါထူ၊ ဘုန်းကြီးပဲ ဘယ်သူကြိုက်မှာ လဲ။ ညီမ အငယ် ဆီတောင် စာရေးပို့ ထားတယ်။ မမ ကြီး ဆီကို နောက်တာနော်။ မမကြီးကိုလည်း ပြောပြဦးလို့  ။ မယုံ မေးကြည့်ပေါ့။ ရေးလိုက်ရသေး။
ကိုယ်ယဉ်ယဉ်လေး ရူးမိတဲ့ အတွက် ကိုယ့်မှာ တော့ စိတ်မကောင်း ဖြစ်မိရဲ့ ။

နောက်နေ့  မနက်ရောက်သော်-
သိသားပဲ တို့ အကိုတော့ ခံလိုက်ရပြန်ပီ။ ညီမလေးကလည်း တမင်ပြန်ပြောတာ ။အဲလို ။ အဟဲ ။ ညကလည်း ညီမလေးတို့ဆီက နိုင်ငံခြားက မှာနေတဲ့ ကောင်လေး တစ်ယောက်က ကောင်လေးရဲ့ အမေဆီကို ကောင်လေးသူငယ်ချင်း ဆုံးပီိဆိုပီး ဖုန်းနဲ့လှမ်းဆက်သတဲ့လေ သားရဲ့ သူငယ်ချင်း ဆို ပေမယ့် သားလိုဖြစ်နေတော့ စမှန်းမသိပဲ ငိုလိုက်တာ လူးနေတာပဲတဲ့လေ ။ အဲဒါနဲ့ အဖေလုပ် တဲ့သူ က ညီမလေးဆီကို ချက်ချင်းရောက်လာတယ်။ သူ့သား အကောင့်က ညီမလေး ဆီမှာရှိတယ်လေ ။

အဲဒီအချိန်မှာ သူ့သားရှိနေတော့ ဖုန်းခေါ်ပေးလိုက်တယ် ။ ဆဲလိုက်တာ သူ့အဖေကလေ၊ ညီမလေး လည်း ဆူပစ်လိုက်တယ် သူ့သူငယ်ချင်းက လှမ်းစတာတဲ့လေ ဧပရယ်ဖူးလ် ပေါ့။ အကို့ ညီမလည်း ခုတော့ ဒေါင်ဒေါင်ကိုမြည်လို့ ဒီနေ့ပြည်သွားမှာ သူငယ်ချင်းတွေနဲ့ ပြန်လာမှ အကြောင်း စုံကို ပြော ပြမယ်။
ကျန်းမာပါစေနော်
ညီမလေး

ကဲဗျာ... ဤသို့  ခေတ်မီ လိုတဲ့ ကိုယ်ဟာလည်း ခေတ်ကို မှီပြီး တက်ရင်းက နေ ပြုတ်ကျသွား ခဲ့တယ်။ ငါ့ များ မ- အ ဘူးမှတ်နေသလား။
(၂)

စင်္ကာပူ ဒကာကို နောက်ဦးမှ ပဲ ဆိုပြီး စလိုက်တယ်။ ဒကာရေ မင်္ဂလာပါနော်။ ဒကာကလည်း ခါတိုင်းလို စကားကောင်း ပြောမယ်ထင်လို့  တင်ပါ့ ဘုရား၊ မင်္ဂလာပါ။ နေကောင်းလား ဘုရားတဲ့။ အင်း ကောင်းတယ်ဒကာ။ ဒကာရော ကောင်းလား။ တင်ပ ကောင်းပ ဘုရား။ အဲ ဒါနဲ့  နေစမ်းပါဦး၊ ဒကာ စွံသွားပြီဆို။ ဘုရား၊ ဘာလဲ ဘုရား။ အိမ်ထောင်ကျတယ် ဆို။ အရှင်ဘုရား ဘယ်သူက ပြော လဲ။ အဟဲ၊ ဒကာ ဒီနေ့  ဧပရယ် ဖူးလ်ဗျ။ ကိုယ် လှိမ့်တာ တကာ မိသွားပြီပေါ့လေ။ ပျော်နေတာ။ ဒကာ ကလည်း။ ဟားဟား တဲ့ ။


အရှင်ဘုရား တပည့်တော်က အစကတည်းက ရပြီးသား၊ ကလေး တစ်ယောက်ရှိတယ်လေ။ အော် ဟုတ်လားပေါ့။ နောက်တော့ မှ သူကလည်း ကိုယ့်ကို ဧပရယ် ဖူး လုပ်သွား ပါရောလား-ဆိုတာ သိရတယ်။ အဲလို အဲလို ခေတ်မီ ချင်ပေမယ့် ကိုယ်က ပဲ တွတ်ပီ ဖြစ်သွားခဲ့ပါတယ်။

(၃)

ကိုနော ဆိုတဲ့ ဘလော့ဂါ ဘုန်းဘုန်းက လည်း ကုလားမ ခိုးပြေးသွားတယ်တဲ့။ ဒါကိုပဲ ဓမ္မဂင်္ဂါ ရေစီးကြောင်းမှာ ပြန်လည် စီးပြန်တယ်။ မော်ကွန်းသစ် ဘုန်းဘုန်းကတော့ သူငယ်ချင်း ပီသစွာ မယား (၇) မျိုး ရှိကြောင်း ဒီလို ရှင်းပြတယ်။

၁။လင်ကို သတ်ဖြတ်ရန် ကြိုးစားနေသဖြင့် “လူသတ်” နဲ့ တူသော မယား။
၂။လင်ရဲ့ ပစ္စည်းကို ခိုးသဖြင့် “သူခိုး” နဲ့ တူသော မယား။
၃။လင်ကို အမြဲ အနိုင်ယူတတ်သဖြင့် “အရှင်” နဲ့ တူသော မယား။
၎။လင်ကို မိခင်ကဲ့သို့  စောက်ရှောက်ပြုစုတတ်သဖြင့် “အမိ”နဲ့ တူသော မယား။
၅။လင်ကို မောင်တစ်ယောက်လို၊ အကိုတစ်ယောက်လို ရိုသေသဖြင့် “နှမ” နဲ့ တူသော မယား။
၆။လင်ကို အဆွေခင်ပွန်းတစ်ယောက်လို ချစ်ခင်သဖြင့် “အဆွေခင်ပွန်း”နဲ့ တူသော မယား။
၇။လင်ရဲ့ အလိုကို အမြဲလိုက်ပြီး၊ လင်ရဲ့ ဝေယျာဝစ္စအားလုံးကို ဆောင်ရွက်ပေးတတ်လို့  “ကျွန်မ” နဲ့ တူသော မယား ရယ်လို့ မယား အမျိုးအစား ခုနှစ်မျိုး ခွဲခြားပြလိုက်ပါတယ်။

ပြီးတော့မှ သူငယ်ချင်း ဖြစ်သူ ဘလော့ဂါ ကိုနော ကိုလည်း ( ဘလော့ဂါကိုနောရေ... ခုနှစ်မျိုး ထဲက အပေါ် မယားသုံးမျိုးနဲ့ တိုးနေအုံးမယ်ဗျ....အဟမ်း) သတိပေးရှာတယ်။

အဲဒီလို ဖေးဖေး မမ ကူညီပြီး ပြောကြတာပါ။ သတိလည်း ပေးသင့်တာပေါ့၊ ကိုနောရဲ့  ဧပြီ ၁ ရက် က နေမြင့်တယ်။ အဟဲ ၊ ကိုနော ရေးတာ တော်တော်လေး ထိတယ်။ မိုက်တယ်။ အရေး ပီပြင်တယ် လို့  ဆိုလိုတာပါ။
ကိုယ်ကတော့ ယဉ်ယဉ်လေး ပဲ ရူး ခဲ့တာ၊ ခုမှ အားလုံး ရူးမှန်း လူ သိသွားပြီ။

မြတ်ရောင်နီ
(၀၂၊ ၀၃၊၂၀၁၀)

No comments:

Post a Comment