Pages

Sunday, May 16, 2010

တကယ် အစစ် သနားတာ

တကယ် အစစ် သနားတာ


ခု တလော အင်တာနက်က တစ်ဆင့် ဘလော့များစွာကို ဖတ် ၊ ဖေါ်ဝက်မေးများကို ဖတ်ပြီး တကယ် အစစ် သနားလာပါတယ်။

သနားတာ ကလည်း စိတ်ပျက်ဖို့ မလိုပါ။ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ကို လုပ်ပြီး သနားစရာ သူတို့ ကို တတ်နိုင်ရာဘက်က ကူညီဖို့ ပါဘဲ။ အားလုံး သိတော်မူကြတဲ့ အတိုင်း ရွှေနိုင်ငံမှာ နေပူလွန်း လို့  သတင်းစာလေးမျက်နှာစာ နာရေးကြော်ငြာတွေ ပါနေတယ် လို့ ဆိုတယ်။ ပြီးတော့ ရေချိုး မိုးချိုး မဆင်ခြင်လို့  နဲ့  အပူ အအေး မမျှတပဲ ရေခဲရေ သောက်လို့  မသေသင့်သေးတဲ့ အရွယ်မဟုတ်ဘဲ သေ ကြရသတဲ့။

အဲ .. စကားအနေနဲ့ သာ ရေချိုး မိုးချိုးလို့  ပြောလိုက်တာပါ။ မိုးကလည်း အတော်ခေါင်ပါသတဲ့။ မိုးရေ အားပြု သုံးနေကြတဲ့ ရွာက လူအများ ဒုက္ခ သတင်းကလည်း အင်မတန် ဆိုးပါ့။ ခု ကြား သိရတာ ကတော့ အင်းလေး နယ်မှာ ရေပြတ်တာရယ်။ ပဲခူးနယ်တစ်ဝိုက် ရေပြတ်တာရယ် ဖတ်လိုက် ရတယ်။

ဒါ့ထက် ဆိုးတာက မိုးမရွာလို့  လွန်ဆွဲပါသတဲ့။ အဲဒါ ကိုယ်ကလေး ဘ၀ကလဲ လုပ်လေ့လုပ်ထ ရှိတာ တွေ့ ဘူးတယ်။ ဘယ်တုန်းက အယူအဆလည်းတော့မသိဘူး။ မန္တလေးဘက်မှာ မိုးမရွာရင် တော့ ရန်ကင်းတောင်က ငရံ့  အရုပ်ကို မြို့ ကို လှည့်ပတ်လိုက်ရင် မိုးရွာပါသတဲ့။ ဟုတ် ၊ မဟုတ် လက်တွေ့ မြင်ဘူးသူတို့ သာ သိပါလိမ့်မယ်။

တကယ်တမ်း ဒုက္ခရောက်လာရင် ဘုရား တရား သံဃာဆိုတဲ့ ရတနာ သုံးပါးကို မမေ့သင့်ပါဘူး။

ကိုယ့်ကံကို ယုံကြည်ပြီးသစ္စာ အဓိဋ္ဌာန်တွေလည်း ပြုလုပ်သင့်ပါတယ်။ ပြီးတော့ ငယ်ငယ် ကိုရင်ဘ၀ အမရပူရမြို့ ၊ မဟာဂန္ဓာကျောင်းတိုက် နေစဉ်က နေတအားပူလို့  မနေနိုင်တဲ့ အခါ ဆရာတော်များက ငရံ့ မင်း ပရိတ်ကို နေ့ ရော ညပါ ယုံကြည်စွာ သံဃာတွေ သစ္စာ အဓိဋ္ဌာန်ပြု ရွတ်ဖတ်စေပါတယ်။

အဲဒီလို ရွတ်ဖတ်ကြတာဟာ ယုံကြည်မှုရယ်၊ ပရိတ် အစွမ်းရယ်၊ အရွတ်အဖတ် မှန်ကန်မှုရယ်
စုံတာကြောင့်လား မပြောတတ်ဘူး။ မိုးတကယ် ရွာတာ ကိုယ်တိုင် တွေ့ ဘူးပါတယ်။ သံဃာတော် တွေ လွန်ဆွဲရင် မိုးရွာမယ် ဆိုတာတော့ တစ်ခါမှ အဆုံးမ တစ်ရပ်အနေ မကြားခဲ့ဘူးပါဘူး။

ကျမ်းပြု ဆရာတော် မဟာဂန္ဓာရုံ ဆရာတော် သက်တော် ထင်ရှားရှိစဉ်က အမရပူရ မြို့ သူမြိုသား တွေက တိုက်တွန်းလို့ လည်း မြို့ ကို ကားနဲ့  ပတ်ပြီး ရွတ်ပေးခဲ့တာကြောင့် မိုးရွာတယ် ဆိုတာ တစ်ဆင့် ကြားဘူးပါတယ်။ အဲဒီ အချိန်မှာ မဟာဂန္ဓာရုံမှာ မရောက်သေးလို့  အတိကျမသိပါဘူး။

ဒီလိုဆိုတော့ သေချာသလား မသေချာဘူးလား တကယ် စမ်းသပ်ကြည့်ဖို့ လို့ ပါတယ်။

သီရိလင်္ကာနေစဉ်က ကြားဘူးတာကတော့ မိုးမရွာတဲ့ အခါ သီရီလင်္ကာနိုင်ငံမှ လူအများက ဘုရားရှင်ရဲ့  စွယ်တော်မြတ်ကို အပြင်သို့  ပင့်ဆောင်ပြီး လှည့်လည် ပူဇော်ရင် မိုးရွာတယ် ဆိုပါတယ်။

ဒါက ရတနာသုံးပါးကို ယုံကြည်မှုကို လက်ကိုင်ထားပြီး ဖြစ်နေတဲ့ ပြဿနာကို ဖြေရှင်းဖို့  ပြောပြ တာပါ။

သို့ မဟုတ် လက်တွေ့ ကျကျ လောလောလတ်လတ် ရေပြဿနာ က အရေးကြီး ပါတယ် ဆိုရင်လည်း လက်တွေ့  အကောင်ထည်ဖေါ် ဆောင်ရွက်ပေးနေတဲ့ သူများကို ဆက်သွယ်ပြီး လှူဒါန်း ပေးလို့  ရပါတယ်။

ပါးစပ်က သနားတာ လို့  ပြောနေတာထက် လက်တွေ့  ကိုယ်ထိ လက်ရောက် ( ကိုယ်ထိ ငွေ ရောက်) အကောင်ထည်ဖေါ် လှူဒါန်းကြမယ်ဆိုရင် အတိုင်းထက် အလွန် တံခွန်နဲ့ ကုက္ကားပေါ့။ သာဓုလည်း ခေါ်ပါ့။

ရေအကျိုး ၁၀ ပါး မတောင်းပဲရ ပါသတဲ့။


သက်ရှည် ဆင်းလှ၊ ချမ်းသာရ၊ ဗလ ဉာဏ်ပညာ၊

စင်ကြယ်သန့် ရှင်း၊ ကျော်စောခြင်း၊ ခပင်းချွေရံကာ၊
ရေမငတ်ညား၊ လျင်မြန်သွား ၊ ဆယ်ပါး ရေကျိုးလာ။ တဲ့။

အဲဒီလို ဘုရားရှင် ဒေသနာကို လက်ကိုင်ထားပြီး ယုံကြည်စွာ လှူဒါန်းနိုင်ပါတယ်။



တကယ် အစစ်သနားသူဟာ သူများဆင်းရဲတာကို ကူညီလိုစိတ် အပြည့်ရှိပါတယ်။ သူများ ဆင်းရဲ တာကို မြင်ပြီး စိတ်ထဲမှာ ကသိကအောင့် မခံရပ်နိုင်အောင်ထိ ခံစားရတတ်ပါတယ်။ ပြီးတော့ တကယ့် ကို ကူညီပါတယ်။

သနားတာ ငါမတတ်နိုင်တာလို့ သာ လို့  ပြောပြီး ၀မ်းနည်းဟန် ဖြစ်နေရင် သနားတာ အတု ဖြစ်ပါတယ်။

တကယ် အစစ်သနားပါက ၀မ်းနည်းစရာ မလိုပဲ စိတ်ကို ကြည်ကြည်လင်လင်ထားပြီး ကိုယ်တတ်နိုင်သရွေ့ လှူဒါန်းနိုင်ဖို့  နှိုးဆော်ကာ ဆောင်းပါး အနေ ရေးလိုက်ပါတယ်။


မှတ်ချက်။ ။ လှူဒါန်းဖို့  နေရာလိပ်စာ မသိပါက အီးမေးလ် လိပ်စာများပေးပါမယ်။
ကိုယ်လည်း တတ်နိုင်တဲ့ ဘက်ကကရုဏာ များ ပွါးလျက် ရေးသားပါလိုက်တာပါ။


မြတ်ရောင်နီ
( ၁၆၊၀၅၊၂၀၁၀)

1 comment:

  1. အစင်စစ်သနားပါသဖြင့် မကြာခင်အချိန်အတွင်း ထိရောက်စွာကူညီဖို့ စတင်တော့မည်ဖြစ်ကြောင်း လျှောက်ထားပါသည်။

    ReplyDelete