Pages

Sunday, May 23, 2010

မာန သံယောဇဉ်ကြိုး (က)


မာန သံယောဇဉ်ကြိုး

အပိုင်း ( က )


ဆောင်ပုဒ်- မိမိကိန်းရာ ၊ သတ္တ၀ါကို ၊ ထိုထို ဘုံမှ ၊ မလွတ်ရအောင် ၊
ချည်နှောင်သမှု ကြိုးနှယ်ပြု၊ မှတ်ရှု သံယောဇဉ်။ (အခြေပြု သဂြို င်္ဟ်၊ စာ - ၄၁၇)

ဘ၀တွေမှ လွတ်ထွက်မသွားအောင် ကြိုးလိုဘဲ ချည်နှောင်တတ်တာမို့  သံယောဇဉ်လို့  ခေါ်ကြောင်း အချို့ အဘိဓမ္မာ ကျမ်းတွေမှာ လာပါတယ်။

ကြားနေကြ စကားက မာနကြီးလိုက်တာတဲ့။ မာန ကြီးတယ် ဆိုတဲ့ ပြောလိုက်တဲ့သူကရော မာန မရှိလေရော့သလား၊ မရှိတဲ့ သဘော ဖြစ်သွားတတ် တယ်။ မာနဆိုတာ အနာဂါမ်ပုဂ္ဂိုလ် အထိ ရှိတယ် ဆိုတာကို အဘိဓမ္မာ ယမိုက်ကျမ်း အနုသယ အခန်းမှာတွေ့ ရှိပါတယ်။ ဒီလိုဆိုတော့ မာန ဆိုတာ သာမန် ပုထုဇဉ် လူတိုင်းမှာ ရှိပါ တယ်။

ပြီးတော့ မာန ဆိုတဲ့ သံယောဇဉ်ကြိုးဟာ အရေးပါတယ်။ ကြိုးဆယ်ချောင်းထဲမှာ သံသရာ ရှည်အောင် လုပ်ဆောင်တဲ့ ခေါင်းပိုင်းမှာ ပါနေတာ တွေ့ ရတယ်။ စာအလို ကတော့ ပပဉ္စတဲ့။ ပပဉ္စ တရားသုံးပါးဖြစ်ပါတယ်။ တဏှာ၊ မာန ၊ ဒိဋ္ဌိ တို့ ဖြစ်ပါတယ်။ တဏှာက တွေ့ တာ သဘောကျခြင်း။ မာန က တွေးထင်ခြင်း၊ ဒိဋ္ဌိက အမြင်မရှင်းခြင်း သဘောတွေပါပဲ။ ဒီလိုဆိုတော့ မာန ရှိရင် သံသရာ ကို ဆွဲဆန့် တတ်တဲ့ ကြိုးအခိုင်မာ တစ်ချောင်းဆိုတာ သေချာသွား တယ်ပေါ့။

မာန ဟာ သံသရာရှည်အောင် ဆွဲဆန့်တတ်လို့  ဆိုးလိုက်တာ ။ မှန်ပါတယ်။ ဒါပေမယ့် မာန ဟာ မရှိသင့်ဘူးလို့ လည်း ထင်စရာ ရှိပါတယ်။ တကယ်က တော့ မာနဆိုတာရှိသင့်တဲ့ မာနလည်း ရှိပါ သေး တယ်။ ရှိခြင်းအားဖြင့် သံသရာမှ လွတ်နိုင်ပါတယ်။

ပထမ မာန ဆိုတာကို အကြမ်းဖြင့် မှတ်ကြည့်မယ် ဆိုရင် မာန သုံးမျိုးပါ။
၁။သေယျမာန။ ၂။ သဒိသမာန။ ၃။ ဟီနမာန တဲ့ ဒီမာန သုံးမျိုးဟာ သာမန် လူရော သာမန် ဘုန်းကြီးမှာပါ ရှိတာပါ။ ဆိုပါစို့ - ဘုန်းကြီးကိုပဲ စလေ့လာကြည့်စို့ ။ ဘုန်းကြီးတစ်ပါးက သီလ သမာဓိ ပညာ တွေ ရှိနေပြီဆိုရင် ငါ့မှာ ဒါတွေရှိတယ်။ ငါက သူတို့ ထက် ဒါသာတယ် ဆိုပြီး မာန ဖြစ် တတ်ပါတယ်။ ပုဉ်းကြီးတဲ့ ဘုန်းကြီးက လည်း ငါက ပုဉ်းကြီးတယ်ဆိုပြီး အချင်းချင်း နှိုင်းယှဉ်ကာ သာ ကြောင်း မာနတတ်ပါတယ်။ ဒါကို သေယျမာန လို့ ခေါ်ပါတယ်။

ပြီးတော့ အချင်းချင်း တူတဲ့ အရည်ချင်းကို ကြည့်ပြီး ငါ့မှာလည်း သူနဲ့ အတူတူပဲ၊
ဘာကွာလို့ လဲ ဆိုတဲ့ မာန လည်း ရှိတတ်ပြန်ပါတယ်ဒါကိုတော့ သဒိသမာန။

တစ်ခါတစ်ခါ အဆင်မပြေမှုတွေနဲ့  ကြုံတွေ့ ပြန်ရင်လည်း ငါလို သီလ သမာဓိ ပညာ တွေ ရှိတဲ့သူတောင်မှ ရှားပါးလိုက်တာ ဆိုပြီး ကိုယ့်ကိုယ် သေးသိမ်တဲ့ စိတ်ဖြစ် မာန မျိုးလို့  ရှိပြန်တယ်။ ဒါကို ဟီနမာန။

ဒါက တကယ် အဆင်မြင့်ပါတယ် ဆိုတဲ့ သူမှာ ဖြစ်တဲ့ မာနမျိုး သုံးမျိုးပေါ့။ အလယ်လတ်တမ်း ရှိသူတွေ ကလည်း ဒီသုံးမျိုးဖြစ်နိုင်ပါတယ်။ အခြေခံနည်းသူမှာလည်း ဒီသုံးမျိုး စလုံးကြံကြံဖန်တွေး ထင်ပြီး မာန ဖြစ်တတ်ပါတယ်။

အခြေခံ မာနသုံးမျိုးကို မူတည်ပြီး ပုဂ္ဂိုလ် သုံးမျိုးအလိုက် သုံးပါစီ ဖြစ်တာမို့  ပေါင်းကြည့်လိုက် ပါက မာန ကိုးမျိုးတောင် ဖြစ်သွားပါတယ်။

ဒီလို ကြည့်ပြန်တော့ မာနဆိုတာ ကိုယ့်ကိုယ်ကို တွေးထင်ခြင်း မှတ်ယူခြင်း တစ်မျိုးပါပဲလေ။
မာနတွေ ရိုက်ချိုးဖို့  ဘုန်းကြီးဝတ်လာတဲ့ သာမန် ဘုန်းကြီးများတောင် ဖြစ်တတ်တဲ့ မာန။ လူတွေမှာ တော့ မာနဖြစ်ဖို့ ကတော့ ပြောဆိုဖွယ်ရာ ဘယ်မှာ ရှိအံ့နည်း...။ သေချာပေါက်ဖြစ်တော့မှာပဲ ဟူလို။ ပိုလို့  ဖြစ်နိုင်တယ် ဟူလို။ဖြစ်နေကြတယ် ဟူလို။

မာနကြီးလိုက်တာ ဆိုတဲ့ စကားလုံးက အများစု လူတွေအတော်များများ ပြောတတ်တဲ့ စကား လုံးပါ။ မာနကြီးလိုက်တာလို့  အပြောခံရသူလည်း မာနကြီးပင် ကြီးသော်ငြား အပြောခံလိုက်ရတာ ကြိုက်မှာ မဟုတ်ပါဘူး။

မာန ဆိုတာဟာလည်း ပစ္စည်းရှိလို့ ၊ ရာထူးကြီးလို့ ၊ ပညာရေးတော်လို့ ၊ ရုပ်လှလို့ ဆိုတဲ့ စတဲ့ အခြေခံတရားတွေကြောင့် ထောင်ထောင်တောင် မာန တွေဖြစ်တာပါ။ မာနကြီးလိုက်တာလို့  ပြောသူကလည်း ကိုယ့်ကိုယ်ကို သေးသိမ်စိတ်တွေ ၀င်လာတာနဲ့ အမျှ ငါထမင်းငါစားတာ ၊ဘာထည့် တွက် စရာ လိုလို့ လဲ ဆိုတဲ့ ထောင်ထောင်တောင်မာန ဖြစ်တာပါပဲ။ ငါလည်း ကြိုးစား သေးတာ ပေါ့ ကွာ ဆိုတဲ့ မာန စိတ် တွေ လည်းဝင်လာပါတယ် ။

ဒီလို ဆိုတော့ မာန ဆိုတာ ပြိုင်ဆိုင်ခြင်း သဘောလည်းလည်းပါတယ်။ အားကျ မခံ ကြိုးစား တဲ့  စိတ်သဘောတွေလည်း ပါပါတယ်။ မာန ဖြစ်ခြင်းအားဖြင့် ဦးတည်ရာ မှန်ဖို့ လိုပါတယ်။ မာနက ကောင်းတဲ့ ဘက်ဦးတည်မိရင် သံသရာကလွတ်နိုင်သလို ၊ မကောင်းတဲ့ ဦးတည်မိပါက သံသရာကို ရှည်သထက် ရှည်အောင် ဆွဲဆန့် တော့ပါလိမ့်မယ်။

ကဲ... မာနကို အခြေခံပြီး ဘ၀မှ လွတ်အောင် ရုန်းထွက်မလား၊ ရှည်သထက် ရှည်အောင် လုပ်ကြ မလား၊ ကိုယ့်ဖာသာ စဉ်းစားကြပေါ့။ နှစ်ခုစလုံးဖြစ်နိုင်တာပါပဲ။
ဖြစ်နိုင်ပုံကို သုတ္တန်နည်း အဘိဓမ္မာ
နည်း လာသည့်အတိုင်း ရေးသားပါဦးမယ်။

နောက် အပိုင်းများကို စောင့်မျှော်ကာ အားပေးဖတ်ရှုကုန်...

မှတ်ချက်။ ။ဘုန်းကြီးများ မာနရှိပုံကို အစဦးစွာ ပြောခြင်းမှာ ကျမ်းဂန်မှာ သေယျမာန သဒိသမာန ဟီနမာနဖြစ်ပုံကိုဘုန်းကြီးနဲ့  ရှင်ဘုရင်မှာ ဖြစ်တတ်တဲ့ဟာကို ရှင်းပြထားတာတွေ့ ပါတယ်။ ထို နောက် မှ အမတ်ကြီးများ မှာဖြစ်တဲ့ မာန သုံးမျိုး။ ပြီးတော့မှ လူဆင်းရဲမှာ ဖြစ်တတ်တဲ့ မာနသုံးမျိုးလို့ပေါင်း မာန ကိုးမျိုး အစဉ်အတိုင်း ပြထားတာဖြစ်ပါတယ်။


မြတ်ရောင်နီ
( ၂၄၊ ၀၅၊ ၂၀၁၀)

.

No comments:

Post a Comment