Pages

Tuesday, May 25, 2010

မာန သံယောဇဉ်ကြိုး ( ဂ)

မာန သံယောဇဉ်ကြိုး

အပိုင်း ( ဂ )


မာန ဆိုတဲ့ စကားလုံးကို မြန်မာဗိန္ဒောဆရာ တစ်ဦး က ဖွင့်ဆို သွားတယ်။ သူ့ အသိနဲ့ ပေါ့လေ။ စာလာပေလာ ကျမ်းဂန်နဲ့ တော့ ပြောတာ မဟုတ်ပါဘူး။ သူပြောတာက ရိုးရိုးလေးပါ။ မာန ဆိုတာ မာ ရင် ပါသတဲ့။ ဟုတ်တော့ ဟုတ်သလိုလို ပဲ။

ကိုယ့်ကိုယ်ကို နားထင် သွေးရောက်တတ်တဲ့ မာန ကြီးသူကို ဘယ်သူကမှ မပြောချင်။ မဆက်ဆံချင်။ ပြီးတော့ နေရာတကာမှာ ကိုယ်သိ ကိုယ်တတ် ဆရာကြီး လုပ်သူ ၊ မောက်မာပြီး အထက် ဆီးက ပြောဆိုသူ ကိုလည်း ဘယ်သူမှ မဆက်ချင်ပြန်ပါဘူး။

နောက်တော့ ဒီလို လူမျိုးတွေကို သူတို့ရဲ အကျင့်ကြောင့်ပဲ ရှောင်သွားတယ်ပေါ့။ သူရဲ့  လုပ်ရပ် ကြောင့်ပဲ လူတော မတိုးတော့ပဲ မာ ရင် က န သွားတယ်လို့  ဆိုရမယ်။

ဘယ်လိုပဲ ဖြစ်ပါစေလေ၊ အခြားသူမာနကို အကြောင်းပြုပြီး ကိုယ့်မာနဟာ အမှားမဖြစ် စေမိဖို့ 
ပါဘဲ။ ဥပမာ- လူတစ်ဦး တစ်ယောက်က ပစ္စည်းကြောင့် မာန ရှိတယ် ဆိုတယ် ဆိုပါစို့ ။ ကိုယ့် မာန အမှားဖြစ်မိပြီ ဆိုတာနဲ့  သူနဲ့  ပြိုင်မယ်။ မနိုင်ရင် နိုင်တဲ့နည်း သတ်မယ်။ ပြိုင်လို့  မရရင် ဥစ္စာကို လည်း ခိုးချင် ခိုးမယ်၊ ပြိုင်တဲ့သူရဲ့  အမ ညီမတွေကို ရလိုမှုမဟုတ်ဘဲ စော်ကားမော်ကား ပြုမိမယ်။ လိမ်ညာတဲ့စကား ပြောပြီး စီးပွါးရှာမယ်။ ဓားပြတိုက်သင့်ရင် တိုက်မယ် ဆိုတဲ့ ဟာတွေဟာလည်း မာန ကို အကြောင်းပြုပြီး အကုသိုလ်တွေ ဆက်တိုက် ဖြစ်ပုံတွေပါ။

နောက်ပြီးတော့ ကိုယ့်မာန အကြောင်းပြုပြီး မိဘ စကား နားမထောင်းတာ၊ သံဃာ စကားနား မထောင်တာ ။ နား မထောင်ရုံ မက မိဘတွေ သံဃာတွေလည်း သတ်တဲ့ အထိ ဖြစ်လာနိုင်ပုံကို ပကတူပနိဿယ ပဋ္ဌာန်းပါဠိတော်မှာ ဟောကြားထားပါတယ်။

မာန ရဲ့  ပြိုင်ဆိုင်မှုဟာ အတော်လေး ဆိုးရွားတယ်လို့  မှတ်ရပါလိမ့်မယ်။ သဘော သဘာဝ မသိရင် ကိုယ်ပြိုင်တာ မှန်တယ် ထင်ပြီး မဟုတ်မာန ၊ တလွဲမာန တွေ ဖြစ်တတ်တယ်ပေါ့။ ဒီလို မထားသင့်တဲ့ မာနမျိုးကို သတိထား ရှောင် ကြဖို့ ပါပဲ။

ဒါပေမယ့် အားကျမခံ ကြိုးစားမယ် ဆိုတဲ့ မာန တော့ ရှိသင့်ပါတယ်။ နည်းမှန် လမ်းမှန် ဖြစ်တဲ့ မာနမျိုးပေါ့။ ဆိုပါစို့ - သူစာမေးပွဲအောင်တယ် ။ ပထမ ရတယ်။ ကိုယ့်ထက်ကြိုးစားလို့ ပါ။
ကိုယ်သူ့ ထက်ကြိုးစားရင် ကိုယ်လည်း သူ့ ထက်သာမယ်။ စီးပွါးရေးလည်း ဒီလိုပါပဲ။ နည်းလမ်း မှန်မှန် ထားရှိတဲ့ မာနနဲ့  ကြိုးစားပါ။ သိပ်ကောင်းတာပေါ့။

ဒါကိုပဲ အင်္ဂုတ္တနိကာယ စတုက္က နိပါတ်- ဘိက္ခုနီသုတ် မှာအရှင်အာနန္ဒာရဲ့ တိုက်တွန်းဟော
ကြားချက်ဟာ အတော်လေး ထိရောက်တာ တွေ့ ရပါတယ်။ (ဘိက္ခုနီ )ရဟန်းမတစ်ပါး နေမကောင်း ဖြစ်ပါတယ်။ ဒကာတစ်ယောက်ကို အရှင်အာနန္ဒာကို ပင့်ပေးဖို့  လျှောက်ခိုင်းတယ်။ သနားသော အားဖြင့် အရှင်အာနန္ဒာ ကြွပေးဖို့  လျှောက်ထားပေးပါပေါ့။ အရှင် အာနန္ဒာလည်း ကြွလာပါတယ်။ ပြီးတော့ တရားစကား ပြောတယ်ပေါ့။

အရှင် အာနန္ဒာက စကား အပြောကောင်းကောင်းနဲ့ - ငါ့ညီမ- မာန ကို အကြောင်းပြုပြီး ဒီ ခန္ဓာကာယ ဖြစ်လာတယ်။ မာနကြောင့် မာနကြောင့်နော်တဲ့။ ဒီမာန ကို ပယ်နိုင်အောင် ကြိုးစားပါ ငါ့ညီမ။ ပြီးတော့ ငါ ဒီလို ညီမကို ပြောတာက ဒီလိုလေ- ဆိုပါစို့  ဘွဲ့ ဘယ်သူ၊ ဦးအ၀ှါကြီး ကတော့ ရဟန္တာဖြစ်သွားပြီ။ ငါက ဘာမို့ လဲ ။ ငါလဲ သူလို ဖြစ်ရမှာပေါ့။ ဖြစ်အောင်ကြိုးစားရမှာပေါ့။ အဲသလို မျိုး မာန ထားပါ။ မာန အကြောင်းပြုပြီး မာနကို ပယ်နိုင်အောင် ကြိုးစား၊ ငါညီမ ကြားလား- တဲ့။

အဲလို ဂိလာန ဘိက္ခုနီကို ပြောခဲ့တဲ့ အရှင့်အာနန္ဒာရဲ့  အားပေးစကားဟာ မာနကို အကြောင်း ပြုပြီး သံသရာ လွတ်လမ်းကို ညွှန်းခဲ့တာပဲ။ ပြောတဲ့ စကားကတော့ အများကြီးပေါ့။ ဒီတစ်ခွန်းက ဒီနေရာနဲ့  သက်ဆိုင်နေလို့  ပြောပြ လိုက်တာပါ။

ပဋ္ဌာန်းပါဠိတော်မှာလည်း မာန ကို အကြောင်းပြု ပြီး ဒါနလုပ်ဖြစ်တယ်၊ အလှူလုပ်ဖြစ်တယ်။ ဆိုပါစို့ - သူများလှူတာ ကိုမြင်တယ်၊ အားမကျခံ စိတ်နဲ့  ကိုယ်လည်း ဒီလောက်ကတော့ လှူနိုင် တာပေါ့၊ ငါရဲ့ ငွေရေး ကြေးရေး ထိခိုက်တာမှတ်လို့ ။ ငါ အတွက်လည်း ကုသိုလ်လည်း ရ။ သံသရာ အတွက်လည်း ရိက္ခာ ဖြစ်တာပဲ။ စသဖြင့် ကောင်းတဲ့ဘက် ဦးတည် ပြီး မာနက ထားဖြစ်တော့ လွတ်လမ်းဘက်ဦးတည်မိပြီပေါ့။

ဒါတင် မကသေးဘူး သီလထိန်း ဖြစ်တယ်၊ ဥပုသ်စောင့် ဖြစ်တယ် ၊ ဈာန်ရအောင် အားထုတ် နိုင်တယ်၊ ၀ိပဿနာ ပွါးများနိုင်မယ်၊ မဂ် အဘိညာဉ်၊ သမာပတ်တွေ ထိ ရရှိနိုင်တာကို ပြထားပါတယ်။ ဒါက မာနကို နည်းလမ်းမှန်မှန် ထားတတ်လို့ ပေါ့။

ဒီလိုဆိုတော့ - မာန ဟာ သံသရာရှည်အောင် ဆွဲဆန့်တတ်လို့ ၊ ဘ၀ ရှိရင် ဒုက္ခရှိသမို့ ဆိုးရွားလိုက်တာ ဆိုတာလည်း မှန်ပါတယ်။ ဒါပေမယ့် မာန ဟာ မရှိသင့်ဘူးလို့ လည်း ထင်စရာ ရှိပါတယ်။ တကယ် တမ်းက တော့ မာနဆိုတာဟာ ရှိသင့်တဲ့ မာနလည်းရှိပါသေးလား ဆိုတာ သိစေ ချင်ပါတယ်။ ရှိခြင်းအားဖြင့် သံသရာမှ လွတ်နိုင်ပါတယ်။ ဆိုတဲ့ နိဒါန်း စကားလည်း ရှင်းသွား ရော ပေါ့နော်။

မရှိသင့်တဲ့ မာနကို ခွါ၊ ရှိသင့်တဲ့ ပါလာအောင် ကြိုးစားနိုင်ကြပါစေ။

ကျမ်းကိုးများ-
ထေရ အဋ္ဌကထာ ၂
မဟာနိဒ္ဒေသ
ပဋ္ဌာနပါဠိ
အဂုၤတၱရနိကာယ
သုတ္ပါေထယ်

မှတ်ချက်။ ။ ပါဠိတော်များကို ကိုယ်နားလည်သလို ရေးထားခြင်းဖြစ်ပါတယ်။ ဘာသာတိုက်ရိုက်ပြန်ဆိုခြင်းမဟုတ်ပါကြောင်း။


မြတ်ရောင်နီ
( ၂၆၊၀၅၊၂၀၁၀)


.

No comments:

Post a Comment