Pages

Wednesday, May 26, 2010

ကြီးပွါးကြောင်း


ကြီးပွါးကြောင်း



လူတိုင်း လူတိုင်း ကြီးပွါးအောင် မဖြစ်မနေ အလုပ်ကို လုပ်နေကြပါတယ်။ ကြီးပွါးအောင် လုပ်တဲ့ နေရာမှာလည်း အနေထားခြင်းတော့ မတူဘူးပေါ့။ အနေထားအရ လုပ်ကြရတာပါ။

ကျောင်းသားတစ်ယောက် ကြီးပွါးချင် တယ်ဆိုပါက စာကြိုးစား ရပါမယ်။ စာကြိုးစားမှ ပညာထူးချွန် မယ်။ ပညာ ထူးချွန်တာဟာ ကျောင်းသားတစ်ယောက်အတွက် ကြီးပွါး ခြင်းပါပဲ။ မသမာတဲ့ နည်းလမ်းနဲ့  ပညာထူးချွန်တဲ့ ဘွဲ့ ထူး ဂုဏ်ထူး ရယူထားရင် ကြီးပွါးတယ်လို့  မဆို သာ။

စီးပွါးရေးသမားကလည်း စီးပွါးရေး ဖြစ်ထွန်းဖို့  ကြိုးစားရပါမယ်။ နည်းမှန် လမ်းမှန်နဲ့  ကြိုးစားရမယ်ပေါ့။ နည်းမှန် လမ်းမှန်နဲ့  စီးပွါးဖြစ်ပြီဆိုရင်တော့ ကြီးပွါးတယ် လို့  ဆိုရပါမယ်။ မသမာ နည်းနဲ့  စီးပွါးရှာလို့ ကြီးပွါးတာကတော့အများအမြင် ကြီးပွါးသော်လည်း ကြီးပွါးတယ်လို့  မဆိုသာ။

ထို့ အတူပါပဲ တရားသမားကလည်း တရားနည်းလမ်းကျစွာ ကြိုးစားအားထုတ်ရပါမယ်။
သို့ မှသာ ကြီးပွါးတယ် လို့ ဆိုရပါမယ်။ တရားသမားမှာတော့ မသမာ နည်းကို သုံးတယ် ဆိုတာ မရှိကို မရှိရပါဘူး။ မသမာနည်း သုံးပြီး ကြီးပွါးတယ်ဆိုရင် အဲဒီဟာက ကြီးပွါးတယ်လို့ ထင်တာပဲ ဖြစ်မယ်။ မသမာနည်းဟာ တရားသမား အလုပ်မဟုတ်ပါ။ တရားသမားအတုပါ။ တရားသမား အစစ် မတရား နည်းကို မလုပ်ပါ။ တရားသမား အတု ကြီးပွါးတာ ကြီးပွါးတယ်လို့  မဆိုသာ။

လူ့ ဘုံလောက လူ့ ဌာန၀ယ် အရေးကလည်း ကျယ်လိုက်ပါဘိသနဲ့ ။ ဒါကြောင့် အရေးမှန်သမျှ မှန်ကန်သော နည်းလမ်းနဲ့  ကိုယ့်လုပ်တဲ့ အလုပ်ပေါ် သုံးသပ်ရပါမယ်။ လုပ်ဆောင်ကြရပါမယ်။ တရားနည်းလမ်းကျ ၊ မကျ ဆိုတာကိုပေါ့။ တရား နည်းလမ်း မှန်ခဲ့ရင် ကြီးပွါးတယ်ပေါ့။ ဘယ်အရေး လုပ်လုပ် မတရားလုပ်ပြီး ကြီးပွါးရင် ကြီးပွါး တယ်လို့  မဆိုသာ။

ရဟန်းတစ်ပါးရဲ့  ကြီးပွါးကြောင်းကိုတော့ ရွှေကျင်ဆရာတော်ကြီးများက ဤကဲ့သို့  ဆိုဆုံးမ ထားပါတယ်။

ဆောင်ပုဒ် = ရဟန်းကိစ္စ၊ နှစ်ဓုရ၌၊ လုံ့ လ အားသည်း၊ ဟိတ်ဟန်နည်း၍၊
ပစ္စည်းမသို ၊ စိတ်မတို ၊ ခင်ပျို ကြီးပွါးကြောင်း။

တောင်မြို့ - မဟာဂန္ဓာရုံ ၊ ယခုလက်ရှိ နာယကချုပ် ဆရာတော်ကတော့

ခင်အိုလည်း ကြီးပွါးကြောင်း ဆိုပြီး ထည့်စွက် ဆုံးမတော်မူပါတယ်။

( ခင်ပျို- ရဟန်း ငယ်များ ။ ခင်အို ဘုန်းတော်ကြီးများ၊
ရှေး အခါက သုံးသည့် အသုံးနှုန်း ဖြစ်ပါတယ် )



ရဟန်း တစ်ပါး ကြီးပွါးဖို့ အတွက် လိုအပ်တာတွေက-


၁။ ရဟန်း အလုပ်ဖြစ်တဲ့ ပရိယတ်သင်ယူခြင်း၊ ပို့ ချခြင်း၊ တရားဟောခြင်း ဂန္ထဓုရ နှုင့်၊ တရားထိုင် ခြင်း ၀ိပဿနာဓုရ ဆိုတဲ့ ကိစ္စ နှစ်ရပ်မှာ စွမ်းစွမ်းတမံ တတ်နိုင်သရွေ့  လုံ့ လ ကြီးစွာ ကြိုးစား ရပါ မယ်။
ဒီ အလုပ် နှစ်ခု တစ်ခုခုမှ လုပ်မနေရင်တော့ ရဟန်းတစ်ပါး အတွက် ကြီးပွါးတယ် လို့  မဆိုရာ။

၂။ ရဟန်း ဖြစ်ပြီ ဆိုကတည်းက ဟိတ်တွေ ဟန်တွေက မထားရပါဘူး။ ဟန်ဆောင်မှုကို ဆိုလိုတာပါ။ ၀ိနည်းအတိုင်း ပြုမူနေထိုင်တာကို ဟိတ်ကြီး ဟန်ကြီး လုပ်တယ်လို့  ပြောလို့ မဖြစ်။ စိတ်ဓာတ်နဲ့  ကိုယ်လုပ်နေတဲ့ လုပ်ရပ် ၀ိနည်းနဲ့ ကိုက်ညီဖို့ ပါဘဲ။ ၀ိနည်းနဲ့  မကိုက်ညီဘဲ ဆောင်ရွက်နေရင် ရဟန်း တစ်ပါး ကြီးပွါးတယ်လို့  မဆိုရာ။

၃။ပစ္စည်း ပစ္စယများတွေကို စုစုဆောင်းဆောင်း မထားသင့်ပါဘူး။ မထားရပါဘူး။ သံဃာအား ဝေပုံ ကျ ခွဲဝေ သုံးစွဲ ရပါမယ်။ ရှေးရှေး ဆရာတော်ကြီးများ မိန့် ဆိုကြတာကတော့ ဘုန်းကြီးမွဲ လှည်းတစ် စီး တိုက်- ပါတဲ့။ အဲလို ဆိုရိုးစကားများ ရှိတာမို့  ပေါများနေလျင် သင့်တော်သလို စွန့် ကျဲ ပေးကမ်း ထောက်ပံ့ရပါမယ်။ ပစ္စည်းတွေ ရသလောက် သိမ်းထားပြီး တပည့်တပန်းတို့ အား မစွန့် ကြဲလျင် ရဟန်းတစ်ပါး ကြီးပွါးတယ်လို့  မဆိုရာ။

၎။ ရဟန်း ဆိုတာ စိတ်မတိုမိအောင် အမြဲတမ်း သတိနဲ့  နေရပါမယ့်။ အကြောင်းကား- ရဟန်း မပြုမီ ကိုရင် ဖြစ်ဖို့  အတွက် အလုံးစုံသော သံသရာ ၀ဋ်ဆင်းရဲမှ ထွက်မြောက်ရာ ( လောဘ ဒေါသ မောဟ မရှိရာ ) နိဗ္ဗာန် ကို မျက်မှောက် ပြုပါရခြင်း အကျိုးငှါ ရှင်သာမဏေ ပြုပေးတော် မူပါကုန် ဘုရား- ဆိုစကား က ဆရာ သမားထံ အာမခံလျက် လျှောက်ထားခဲ့တာ ရှိပါပြီကော။ ဒါကြောင့် ရဟန်းတော် များက စိတ်တိုမှု ဒေါသကို ထိန်းရပါမယ်။ အဲသလိုမှ စိတ် မထိန်းနိုင်ခဲ့လျင် ရဟန်းတစ်ပါး လာဘ် လာဘ ပေါများ၊ နာမည်ကြီးနေသော်လည်း စိတ်တိုမှုမထိန်းနိုင်တာမို့  ကြီးပွါးတယ်လို့  မဆိုရာ။

ဒါက ရွှေကျင် ဆရာတော်ကြီး ဆုံးမသွားတာက ဆောင်ပုဒ်ကလေးပါ။ အဲဒီ ဆောင်ပုဒ်လေးကို ကိုယ်ကလည်း အကျယ်ချဲ့ တွေးပြီး ရေးချလိုက်ပါတယ်။

အကျဉ်းအနေနဲ့  ဆိုလိုတာကတော့ ၁။ ကိုယ့်အလုပ် ဖြစ်တဲ့ ပရိယတ် ၊ ပဋိပတ် ကြိုးစားရမည်။ ၂။ မာယာ တွေမများရ၊ ဥဇု- ဖြောင့်မတ်စိတ်ထားရမည်။ ၃။ လောဘမထားရ။ ၄။ ဒေါသမထားရ။ ဆိုတဲ့ အကျဉ်းချုပ် အနေ မှတ်လို့ ရပေသည်။

ထိမိလှတဲ့ ဆောင်ပုဒ်လေး။
မြန်မာလို ရေးလို့ သာ ဆောင်ပုဒ်။
ပါဠိလိုသာ ရေးစပ်ခဲ့မယ်ဆိုရင် ဂါထာ။
ဘုရားရှင်ဟောတာနဲ့ များ ကိုက်ညီပါပေစွာ့ ဘုရား။

စာဖတ်လာသူ အပေါင်းလည်း
ကိုယ့်ဆိုင်ရာ အလုပ်မှာ ကြီးပွါးအောင် ကြိုးစား အားထုတ်နိုင်ကြပါစေ...


စပ်ဆိုခဲ့တဲ့ ဆရာတော်ဘုရားအား ရိုသေစွာ ရှိခိုး ဦးတင် လျက်...


မြတ်ရောင်နီ
( ၂၇၊၀၅၊ ၂၀၁၀)




No comments:

Post a Comment