Pages

Thursday, August 5, 2010

ဝတ္တရား (၀တ် တရား)


ဝတ္တရား ( ၀တ် တရား )

ဝတ် တရား ဆိုတာ ၀တ္တံ ဆိုတဲ့ ပါဠိက လာပါတယ်။ ၀တ်တရား လို့ ဘာသာပြန်ရပါ့မယ်။ တကယ် တမ်း ၀တ်တရားက ၀တ်ကျေ တန်းကျေ ၀တ်တရားမျိုး၊ လောကွတ် ( လောက၀တ် ) အပေါ်ယံ မဟုတ်ပဲ တကယ်တမ်း စိတ်ပါ လက်ပါ လုပ်သင့်တဲ့ အလုပ်ပါ။

ဝတ် တရား ဆိုတာ ကို ကျေပွန်ရင်လည်း နိဗ္ဗာန်ရောက်ဖို့  လမ်းကြောင်းဆိုတာ မြတ်စွာဘုရားရှင်က ဟောထားတာ တွေ့ ရပါတယ်။ ( ၀ိနည်း၊ သုတ္တန် မှာပေါ့)။

သားသမီးကျင့်ဝတ်၊ မိဘကျင့်ဝတ်၊ ဆရာ့ကျင့်ဝတ်၊ တပည့်ကျင့်ဝတ်၊ ခင်ပွန်းကျင့်ဝတ်၊ ဇနီးကျင့်ဝတ် ၊ ရဟန်းကျင့်ဝတ်၊ ဒါယကာ ကျင့်ဝတ် စသဖြင့် အများ အပြားရှိပါတယ်။ ခု ရေးမှာက ရဟန်းကျင့် ၀တ်နဲ့  ဒါယကာ ကျင့်ဝတ် အနည်းငယ်ကို ရေးပါ့မယ်။

ဝတ္တံ - ၀တ်တရား မကျေသူကတော့ ၀ဋံ္ဋ - သံသရာဝဋ်မှာ လည်ရအုံးမှာဘဲ။ တ ၀မ်းပူ နဲ့ ဋသံလျင်း ချိတ်က တော့ တစ်ခု မဟုတ် တစ်ခု အများက လုပ်နေကြတာ သေချာပါတယ်။ ၀တ်တရားကျေရင် သံသရာ လွတ်မယ်၊ မကျေရင် သံသရာမှာ စွပ်ဦးမယ်ပေါ့လေ။


ဒါယကာကျင့်ဝတ် ( ၅ ) ပါး
ဆောင်ပုဒ်- မေတ္တာစိတ်သက်၊ ဆောင်ရွက် ချစ်ကြင် ၊
ခင်မင်နှုတ်ချို ၊ လိုလျင် ဖိတ်ထား၊ တတ်အားလှူစေ၊
ဝတ်ငါးထွေ၊ပြုလေ ဒါယကာ။ တဲ့။

ဒါယကာ ဒါယကာမတွေက ရဟန်းသံဃာတွေအပေါ် ၁။ မေတ္တာရှိတဲ့ ကာယကံ၊ ၂။ မေတ္တာရှိတဲ့ ၀စီကံ ၊ ၃။မေတ္တာရှိတဲ့ မနောကံ၊ ရှိကြရမယ်။ ၄။ အလိုရှိတဲ့အခါ လိုအပ်ရာရာ အမိန့် ရှိပါ ဘုရား လို့  စကားနဲ့  လျှောက်ထားရမယ်၊ ၅။ လျှောက်ထားလည်း လျှောက်ထားပြီး တတ်နိုင်သမျှလေးတွေ လှူပေးရမယ်။ ဒါဆို တာဝန်ကျေသွားပြီပေါ့။

ဒကာမတစ်ယောက်ရဲ့ လျှောက်ထားပုံ နမူနာလေး-

ဥူးဇင်းဘုရား
အန်တီ က ဥူးဇင်းအတွက် ခါးပတ်တာ ပို့ လှူ ပေးမယ်တဲ့။ ဥူးဇင်းနေကောင်းပါလား။ အခုတလော မိုးအေးပါတယ်။ ခါးနာတာ ပိုဆိုးနေ မလားလို့ စိတ်ထဲ တွေးနေမိပါတယ်။ ရေနွေးအိတ်လေး သုံးရင် တော့ သက်သာတတ်ပါတယ်။ လိုအပ်တာရှိရင်ပြောပါဘုရား။ ဥူးဇင်းကို တပည့်တော်တို့ ရဲ့ အပူတွေ ပဲပြောပြနေတာ၊ ဥူးဇင်းအကြောင်းရှိလည်း ပြောသာပြောပါနော်။

ရိုသေစွာဦးတင်ပါတယ်ဘုရား...
ဒကာမ မကြီး

ရဟန်းသံဃာကျင့်ဝတ် ( ၆ ) ပါး
ဆောင်ပုဒ်= မကောင်းမြစ်ထာ၊ ကောင်းရာညွှန်လစ် ၊
အသစ်ဟောကျူး ၊ နာဖူးထပ်မံ ၊နတ်ထံတင်ရာ ၊
မေတ္တာလည်းပြု ၊ရဟန်းမှု ၊ ခြောက်ခု လွန်သေချာ။ တဲ့။

အဲ ... ရဟန်းသံဃာကျင့်ဝတ် ဒါယကာကျင့်ဝတ်ထက် တစ်ခုပိုတယ်နော်။ ( သတိထားကြည့်ပေါ့ )။

၁။ မကောင်းတာကို မလုပ်ဖို့ ၊ တားမြစ်နည်းလမ်းပြသ ရမယ်၊
၂။ ကောင်းတာကို နည်းလမ်းကျ အောင် လုပ်တတ်ဖို့ ညွှန်ပြ ပေးရမယ်။
၃။ ကောင်းတဲ့ အကျိုးလိုလား မေတ္တာထားကာ စောင့်ရှောက် ပေးရမယ်။
၎။ မကြားနာဖူးသေးတဲ့ တရား အသစ်ကိုလည်း ဟောရမယ်။
၅။ ကြားနားဖူးပြီးသား တရားကိုလည်း ရှင်းလင်းအောင် ထပ်မံ ဟောရမယ်။
၆။ နတ်ပြည် သွားရာလမ်းကို ညွှန်ပြ ဟောကြားရပါမယ်။

( သဂ္ဂဿ မဂ္ဂံ အာစိက္ခ န္တိ - လို့  ပါဠိတော်မှာလာပါတယ်။ နိဗ္ဗာန်ရောက်ဖို့ ကတော့ ဟောကြားတဲ့ တရားထဲတွင် နိဗ္ဗာန်ရောက် ကြောင်း ပါမယ် လို့ ယူစေလိုပါတယ်။ အတ္တနောမတိ)။

( ဒီဃနိကာယ ၊ သိင်္ဂါလောသုတ်၊ စာ-၁၅၅၊၁၅၆။ သင်္ဂဇာ ဆရာတော်၏ သိင်္ဂါလောဝါဒ ဆုံးမစာ။)

ကိုယ်ကလည်း ဒကာမထံ စာ ပြန်လိုက်ပါတယ်။ ပြန်လိုက်ပုံကတော့ တရားသားချည်းသက်သက် မဟုတ်ပါဘူး။ ဒကာမ မကြီးက စာနဲ့ လျှောက်ထားလို့  ကိုယ်က စာနဲ့  ပြန်ရေးရမည့် ၀တ်တရား ရယ်ပါ။ ဒကာမနဲ့  ရဟန်းသံဃာငယ်များ ဆက်ဆံတဲ့အခါ လွတ်လွတ်လပ်လပ် ရေးမယ်၊ တရားဟော စရာရှိရင် ဟောမယ်ဆိုတာလေးပေါ့လေ။

ပြန်ရေးလိုက်ပုံက ဒီလိုလေးပါ-

ဥူးဇင်းနေကောင်းပါတယ်။ ခါးပတ်ပို့ မယ်ဆိုရင်တော့ ကောင်းမှာပေါ့။ ကောင်းတာပေါ့။ ပါဠိလို သာဓုပေါ့ဗျာ။ အဲလိုကျ မညင်းပြန်ဘူး။( အဟီး။ ခက်ရှက်ရှက်နဲ့  ရီပြလိုက်သည်။)။

ပြောရမှာတော့ ၀န်လေးတယ်။ ခါးနာတာတောင် ကိုယ့်ကို သာသာလေး နေရင်းက ဂျာမန်ဥူးဇင်း က ပြောလို့ သိတာမဟုတ်လား။ တအားကြီး ဆိုးတယ် ဆိုရင်တော့ ပြောမှာပေါ့လေ။ နာတာတော့ နာ တယ်။ ဒီလောက် ခါးနာကြာတာ မတွေ့ ဖူးသေးဘူး။ ဒီတစ်ခါ ကြာတယ်။

အသက်ကြီးလာလို့  လား မပြောတတ်။ အသက်ကြီးရင် ကိုယ့်ခန္ဓာက ကိုယ့်အလို မလိုက်ဆိုထား တာပဲ။ ( ဇရာဇဇ္ဇရိတာ ဟောန္တိ ၊ ဟတ္ထပါဒါ အနဿဝါ၊ ဓမ္မပဒ)။

ခုလောလောဆယ်တော့ ဒီမြို့ က ဒကာကြီးတို့ လှူထားတဲ့ ရေနွေးအိတ်ကပ်ပါတယ်။

ဒကာမ မကြီး လှူထားတာကတော့ ခရီးသွားတဲ့အခါ သုံးရမှာပေါ့နော်။ ကျောင်းနေစဉ် ရေနွေးအိတ် ဆိုရင် လုံလောက်ပါပြီ။ ခုတော့ လမ်းလည်း ပုံမှန်လျှောက်ပါတယ်။ သတိထားပြီးထိုင်ပါတယ်။ လေ့ ကျင့်ခန်း နဲနဲပါးပါးလည်း လုပ်ဖြစ်ပါတယ်။

အဲလို မေးဖေါ်ရရုံ ၊ ဖိတ်မံရုံမဟုတ်ပဲ စိတ်ပါ လက်ပါ တကယ့်ကို ဂရုစိုက်ကြလို့  သာဓုခေါ် မေတ္တာ ပို့ သပါတယ်နော်။

အဲ ...ပြောရအုံးမယ်၊ သိလား ၊ ဒကာမရဲ့  မိတ်ဆွေ တစ်ယောက်နဲ့  ချက်တင်းတုန်းက သူနဲ့  တွေ့ တော့ အပျော် အပျက်ပြောပြီး ၊ ဟဟ လုပ်လိုက် ၊ အဟီး လုပ်လိုက်တာ။ သူက အသက် ၅၀ နားနီးပြီတဲ့။ ဥူးဇင်းက အဲလို မပြောရဘူးလေ၊ မလုပ်ရဘူး ဆိုတဲ့ သဘောပေါ့နော်။ သတိပေး တဲ့ သဘောပေါ့။

ခု သူက အဲဒီနောက်တော့ အီးမေးနဲ့ စာပြန်လာတယ်ဗျ။ အဲဒီဒကာမ က ဥူးဇင်းကို သဘောပေါက် သွားပြီ ဆိုတာကိုပေါ့။ ပြီးတော့ မဟာဘုတ်မထူ၊ မွေးနှစ် ၊မွေးလ၊ မွေးနေ့ မမေးဘဲနဲ့ တောင် သူက လေ ဗေဒင်တောင် ပါးစပ်တွက် ၊ စာတွက် တွက်ပေးသေး။ ( တော်တော် တော်ပါ့ကလား)။

ကဲ ဒကာမရဲ့ ဟောစတမ်းလေး ကို ကြည့်လိုက်ပါဦးလေ-

ဘုန်းဘုန်းဘု၇ား..
တပည့်တော် စာဖတ်၇ပါတယ်.. ။ ဟုတ်ပါတယ်။ စိတ်၇ဲ့ဆင်း၇ဲခြင်း ချမ်းသာခြင်းဆိုတာ။ ခံစား၇ယူတဲ့ လူပေါ်မှာမူတည်ပါတယ်..။ ကိုယ်က သတ်မှတ်လိုက်ပြီးခံစားယူလိုက်တာပါဘဲ..။

ဘုန်းဘုန်းက အပျော်အပျက်လေးတွေနဲ့ေ၇းတတ်တယ်. တပည့်တော် ခန့်မှန်း(ဗေဒင်တွက်ပေး ၇မှာ လား..)။ ဘုန်းဘုန်း အပြင်ပန်းကြည့်၇င် ပေါ့ပေါ့ပါးပါးလေးလို့ထင်၇ပေမဲ့ လေးနက်တယ် ။ ၇ည်မှန်း ချက်ကြီးတယ်.။ အားလုံးကို ဟိုစပ်စပ် ဒီစပ်စပ် အ၇ာ၇ာကို သိမြင်တယ်.။ ပွင့်ပွင့်လင်းလင်း သမားဆို ပေမဲ့ တကယ့်၇င်ထဲက ခံစားချက်ကိုမိဘကတောင် သိတာဟုတ်ဘူး..။
လျှို့ဝှက်ချက် အပြည့်နဲ့..။ အပေါင်းအသင်းများပြီးလူချစ်လူခင်ပေါ များတယ်.။

တကယ်တမ်း လိုအပ်လာ၇င် ဘယ်သူမှ မရှိဘူး..နော့်။
......တင်လျှက်
ဒကာမ ဝေဒပါရဂူ

( ဝေဒပါရဂူ ပြောတာ ဆိုတော့ ဟုတ်သလားတော့ မသိဘူး၊ မဟုတ်ဘူးလားလည်း မသိဘူး၊အဟဲ)။

အားလုံး ပျော်ပျော်လေးပေါ့။ စကားဖြစ်ဖြစ်၊ တရားဖြစ်ဖြစ် ပျော်ပျော်လေးက သိပ်ကောင်း တာ လို့  ခံယူထားလို့ ပါပဲလေ။ စကားကလည်း ကောင်းတာပြောရင် ပျော်စရာ၊ တရားကလည်း စိတ်ဝင်စား ရင် ပျော်စရာ။

ဒီကတော့ ဗေဒင်ဆရာမ စိတ်ကို ဒကာမ မကြီး ပြောထားတာ သိလို့  လွတ်လွတ် လပ်လပ်လေး ပြော ပေးတာပါ။ စာနဲ့  အတည် ရေးတဲ့ အခါကျလည်း တကယ့် စေတနာပါပါ ရေးပေးလိုက်ပါတယ်လေ။

ဒကာမ မကြီး က ဥူးဇင်း အကြောင်း ကောင်းကောင်းသိနေရောပေါ့။ ဘလော့က စာဖတ်ရုံမဟုတ်ပဲ လူကိုယ်တိုင် လာတွေ့ ပြီး ကုသိုလ်စုံအောင် လုပ်ထားတာ ဆိုတော့လေ။

ကဲဗျာ၊ ဥူးဇင်း လိုရင်းပဲ ပြောတော့မယ် ၊ လိုတာရှိရင် ပြောပါ့မယ်။ ဒကာမတို့ က လိုတာရှိရင် ပြော ကြပေါ့။ အပူသဘောမထားပါဘူး။ ပေးနိုင်တာ စိတ်ချမ်းသာအောင် ပြောပေးရုံ၊ နည်းပေးရုံပဲ ပေါ့ နော်။

အားလုံး ကျန်းမာ ချမ်းသာ
အဆင်ပြေကြပါစေ။
သာသနာပြုနိုင်ကြပါစေ...

မေတ္တာဖြင့်
ဥူးဇင်း


ခုတော့ ဒကာမ မကြီးက စာနဲ့ လျှောက်ထားတော့
စာပြန်ခြင်းဖြင့် ၀တ်တရား ကျေပွန်လိုက်ရတော့တယ်။
ဆိုင်ရာ ၀တ် တရားများ ကျေပွန်နိုင်ကြပါစေ။


မြတ်ရောင်နီ
( ၀၆၊ ၀၈၊ ၂၀၁၀)

1 comment:

  1. ရဟန်းသံဃာကျင့်ဝတ် ( ၆ ) ပါး၊ဒါယကာကျင့်ဝတ် ( ၅ ) ပါး
    မှတ်သားစရာတွေပါ။

    ReplyDelete