Pages

Wednesday, October 6, 2010

မက်ဒီတေးရှင်း

မက်ဒီတေးရှင်း




မက်ဒီတေးရှင်းတဲ့။ ကိုယ့်ဘာသာမှာပဲ မက်ဒီတေးရှင်း ရှိတယ်လို့  ဟို မသိသေးခင်တုန်းက မှတ်ခဲ့ဖူး တာ။ အဲလို မဟုတ်ပါလားနော်။ ဘာသာတိုင်းမှာ မက်ဒီတေးရှင်း ရှိတယ်ဆိုတာ ဟိုတုန်းက နဲနဲလေး သဘောပေါက်ခဲ့ပေမယ့် ခုလောက် နဖူးတွေ့  ဒူးတွေ့  မျက်တွေ့  မသိခဲ့တာတော့ အမှန်ပါပဲ။

မက်ဒီတေးရှင်းဆိုတာ ပါဠိလို ဘာဝနာ တဲ့။ ဘာဝနာကို မက်ဒီတေးရှင်းလို့  ဘာသာပြန်ကြတယ်ပေါ့။ သို့ သော် ဘာဝနာကို မက်ဒီတေးရှင်း လောက်ပဲ ဘာသာပြန်တာကိုတော့ ကိုယ့်အနေနဲ့  သဘော မကျဘူး။ ဘုရားရှင်ရဲ့  ပြောဟောခဲ့တာ ဘာဝနာ သိက္ခာကျလို့ ထင်မိရဲ့ ။ အဲ လူတတ်ကြီး လုပ်ပြော တာတော့ မဟုတ်ဘူး။ မပြည့်စုံဘူးလို့ ကို ထင်မိတာ။ဘယ်လို အသစ်ဘာသာပြန်ရမလဲဆိုတာတော့ မသိဘူး။ သိတာတစ်ခုကတော့ ဘာဝနာ ဟာ ဘာဝနာ လို့ ပဲ ဘာသာပြန်မှ ကွက်တိကျမယ်။

ဘာဝနာ ဆိုတာက သမထ ဘာဝနာ ၊ ၀ိပဿနာ ဘာဝနာ ရယ်လို့  ဗုဒ္ဓဘာသာမှာက ဖွင့်ဆိုတယ် လေ။ အခြားဘာသာမှာက၀ိပဿနာ လို့  သူတို့ ရှိဟန်မတူ။ ပြောသံလည်း တစ်ခါမှ မကြားပါဘူး။

အများစု ကျောင်းလာသူတွေနဲ့  စကား ပြောကြည့်တဲ့အခါ ခန္ဓာကိုယ်ကို ကျန်းမာအောင် လေ့ကျင့်တဲ့ ယောဂကိုလည်း မက်ဒီတေးရှင်း ပြောသူက ပြောပြန်တယ်။ ပြီးတော့ မြူးဇစ် မက်ဒီတေးရှင်းတဲ့။ ယောဂ အကျင့်ကတော့ ကိုယ်ကျန်းမာတာတော့ မှန်ပါလိမ့်မယ်။ ခန္ဓာကိုယ် အဓိက လေ့ကျင့်တာ ကို။ ဒါက ကိုယ့်အမြင်ပေါ့လေ။ ဘယ်လောက်ထိ စိတ်ကို ထိန်းနိုင်အောင် ကျင့်ကြသလဲတော့ မသိဘူး။ စိတ်ကိုလည်း ထိန်းရတယ်တော့ ပြောပါတယ်။

မြူးဇစ် မက်ဒီတေးရှင်း သမားကို မေးပြန်တော့ ညိမ့်ညောင်း သာယာတဲ့ မြူးဇစ်ကို အသာလေး ဖွင့်ထားပြီး နားစိုက် စိတ်စိုက်နေတာပါတဲ့။ သီချင်း ၀ါသနာသူဆိုရင်တော့ မလွယ် လောက်ဘူး လို့  အသံတေးသွားအလိုက် ညီးဖြစ်လေမလား တွေးမိပါတယ်။

တေးသွားဆိုတာကတော့ စိတ်ကို နူးညံ့သွားစေတာတော့ ဖြစ်လောက်ရဲ့ ။ ကလေးဘ၀က မိဘ သားသမီးကို သီချင်းလေးဆို ပါးစပ်က မြူးဇစ်လေးနဲ့ တောင် သားသမီး ကလေးငယ်များခမျာ စိတ်က မိဘရဲ့  သီချင်း အာရုံစိုက်ကာ အိပ်ပျော်သွားတယ်ပေါ့။

ဟိုတစ်လောလေးက ဗုဒ္ဓဘာသာ မဟုတ်တဲ့ ဘုန်းကြီး နှစ်ပါးကတော့ ကျောင်းမှာ လာပြီး မိတ်ဖြစ် ဆွေဖြစ် လာလည်ရင်း တရားထိုင်သွားပါတယ်။ တရား မထိုင်မီ စကားတွေ ပြောပေါ့လေ။ မိတ်ဆက် စကား အလ္လာပ သလ္လာပနဲ့  အမှတ်ရဖွယ် သာရဏီယ ကထာ စကားလေးတွေ ပြောဖြစ်တယ်ပေါ့။

တရားထိုင်ဖို့  အချိန်ကျရောက်လာတာနဲ့  ကိုယ်တို့  မက်ဒီတေးရှင်း လုပ်တာက ဒီလို အာနပါန ပေါ့။
ဝင်လေ ထွက်လေ ကို အာရုံ တစ်ခုအနေနဲ့ ထားတယ်။ နှာသီးဝမှာ ၀င်လာတဲ့ လေကို ၀င်လေ ထွက်လေ သိနေရုံပဲ။ ၀င်လေ ထွက်လေ ဟာ ရှည်သလား ၊ တိုသလား ။ လေက ရှည်တာ တိုတာ အပေါ် မူတည်ပြီးလည်း မှတ်လို့ ရပါတယ်။ စိတ်က လေ၀င် လေထွက်ကို သတိစိုက်နေဖို့ ပဲလို့  ပြောပြီး ထိုင်ကြပါတယ်။

သူတို့ ကလည်း ဘုန်းကြီးတွေပဲ ဆိုတော့ တစ်နာရီကို မပြင်ပဲနဲ့ တောင် ထိုင်နိုင်ပါတယ်။ ပြောတဲ့ အတိုင်း မှတ်မမှတ်ကတော့ သူတို့ မှ သိမှာပါ့။ တရားထိုင်ပြီးတော့ သူတို့ ကို ပြောပြလိုက်ပါတယ်။ ကောင်းတယ်နော်။ တရားထိုင်ရတာ။ အာနာပါန ဆိုတာက လူတိုင်း လုပ်လို့ ရတယ်။ ဘာသာတိုင်း ပေါ့နော်။

ကိုယ်ကလည်း ဘုရားဂုဏ်တော်ကြောင်းကို အထူး မပြောပါဘူး။ အာနာပါန ကို လုပ်သွားပြီးဆိုတာနဲ့ ဘုရားကြောင်းကို မပြောသော်လည်း ဘုရား အဆုံးမတိုင်းလုပ်ရင် ဘုရားအကြောင်း ပြောတာထက် ထိရောက်မယ် ထင်တာပဲ။

ပြီးတော့ ပြောလိုက်သေးတယ်။ မက်ဒီတေးရှင်းက ပါဠိလို ဘာဝနာ ။ ဘာဝနာက နှစ်မျိုးရှိတယ်။ အဲဒီ နှစ်မျိုးထဲက သမထက တော့ နေရာရွေးတယ်။ ဆိတ်ညိမ်တဲ့ အရပ်လိုပါတယ်။ တောတောင်ဖြစ်ဖြစ်၊ မြစ်ဘေးမှာ ဖြစ်ဖြစ် လူအသွားလာ နည်းပြီး ဆိတ် ညိမ်တဲ့ အရပ်က သမာဓိ ရလွယ်တယ်ပေါ့။

သမထက အာရုံ တစ်ခုတည်းကို စူးစိုက်ရတာမို့  ပတ်ဝန်းကျင်က အနှောက်ယှက်ရှိရင် အာရုံပြား တယ်ပေါ့။ ပြီးတော့ ထိုင်တဲ့ ဣရိယာပုထ်က ပိုကောင်းတယ်။ သမာဓိရလွယ်ကြောင်း ပြောပြပါ တယ်။

ဝိပဿနာကတော့ နေရာ မရွေးဘူး။ နေရာ တကာ လုပ်လို့ ရပါတယ်။ တရားထိုင်မှ မဟုတ်ဘူး။ သွားသွား လာလာ၊ လဲလျောင်း နေရင်းလည်း တရားလုပ်လို့ ရတယ်။ စကား ပြောရင်းလည်း သတိကပ်ကာ ပြောမယ်ဆိုရင် ၀ိပဿနာ ဖြစ်တယ်။ ကြားရင်လည်း ကြားတယ်မှတ်။ မြင်ရင်လည်း မြင်တယ်မှတ်။

မဟာသတိပဋ္ဌာန် သုတ်မှာက အဘိဇ္ဈာဆိုတဲ့ လောဘ ရယ်၊ ဒေါမနဿဆိုတဲ့ ဒေါသရယ် မဖြစ်ဖို့  တရား အားထုတ်ရတာ။ အဓိက လောဘ ဒေါသ မဖြစ်ရင် ၀ိပဿနာပဲ။ တရားပဲပေါ့။ မက်ဒီတေးရှင်း ပါပဲ။ အလွယ်တကူ ဒီလိုလေးပဲ ရှင်းပြခဲ့ပါတယ်။

အဓိကကတော့ တရား အားထုတ်ပြီဆိုတာနဲ့  ကြိုးကြိုးစားစား( အာတာပီ)၊ အာရုံကို သတိထားကာ ( သတိမာ ) ၊ ဖြစ်တဲ့ အရာတိုင်းကို ရှင်းရှင်း လင်းလင်း သိနေရမယ့် ( သမ္ပဇာနော ) နဲ့  တရား အားထုတ် ရမယ်ပေါ့။

ကိုယ်ပြောချင်ရာကို ပြောလိုက်ပြီးပြီ။ သူ့ ဘက်က ဘယ်လို အားထုတ်တယ် ဆိုတာကျ သူက မပြောသေးဘူး။ ကိုယ်ကလည်း ပါးစပ်ကလည်း အညိမ်မနေ။ သိချင်စိတ်ကလည်း လှုပ်လှုပ်ရွရွ သိချင်လာတယ်။ အဲဒါနဲ့ ပဲ ဘုန်းကြီးတို့ကတော့ ဘယ်လို အားထုတ်သလဲ။ သိပါရစေလား ဆိုတော့- တစ်ပါးက ပြောပါတယ်။ သူတို့ ဂေါ့ဒ်ဘုရား ပြောတဲ့ ကျမ်းဂန်ကို ရွတ်ဖတ်တာက တစ်မျိုး၊ ရွတ်ဖတ် ပြီး လမ်းလျှောက်ကာ အဲဒါကို ပြန်နှလုံးသွင်းပြီး တရား အားထုတ်တာပါတဲ့။

အော်... ဟုတ်လား။ အင်း... ကိုယ်တို့  ဘာသာမှာလည်း ရှိတယ်။ မြတ်စွာဗုဒ္ဓက ဟောထားတဲ့ တရားတော်ရဲ့  ဂုဏ်ကို ပြန်လည် သတိရတာကို ဓမ္မာနုဿတိ ဘာဝနာ လို့ ခေါ်တယ်။ ဓမ္မ+ အနုဿတိ ။ ဓမ္မ- ဘုရားဟော တရားဓမ္မကို၊ အနု- ခဏခဏ၊ အပြန်အလှန်၊ သတိ- အမှတ်ရနေတာ လို့  ရှင်းပြလိုက်ပါတယ်။ တူသားပဲနော်။ ဟာမိုနီလေး ဖြစ်သွားတာပေါ့လေ။

ဟုတ်တယ်။ တူတယ်တဲ့။ သူက ပြောပါတယ်။ ဘာသာတိုင်းက ငြိမ်းချမ်းအောင် လုပ်နေတာပါတဲ့။ အင်း... ဟုတ်ပါတယ် ဆိုတာကို ထောက်ခံကာ ကိုယ်ကလည်း ပြောပြပါတယ်။

ပြီးတော့ သူက သဘောကျသွားတာက ဘုရား ဂုဏ်တော်တွေ အကြောင်းလည်းမပါ၊ အာနာပါန နဲ့  မြင်ရင် မြင်တယ်မှတ်၊ ကြားရင်ကြားတယ်မှတ်၊ လောဘ ဒေါသ မဖြစ်ဖို့  အဓိကဘဲ ဆိုတာကိုပေါ့။

တကယ်တမ်းက ဘာသာဆိုတာ အမှတ်တံဆိပ်ပါဘဲ။ သင်္ကေတလောက်သာ။ ဘယ်သူ အာနပါန လုပ်လုပ် သမာဓိရမှာ မလွဲပင်။ ဘယ်သူ ၀ိပဿနာ ရှုရှု ၊ ရှင်းရှင်း လင်းလင်း သိမည်ပင်။

ဒါကို ကြည့်ခြင်းအားဖြင့် မြူးဇစ် မက်ဒီတေးရှင်း သမားကိုလည်း အပြတ်သတ် မငြင်းခဲ့ပါဘူး။ ဟုတ်တော့ ဟုတ်မှာပေါ့လေ။ သို့ သော် တီးလုံးကို သဘောကျနေရင် သမာဓိကတော့ မရနိုင်ဘူး။ မသိမသာလေး ဆွဲထည့်လိုက်တယ်။ စိတ်ကတော့ အဲဒီထဲ ပျော်ဝင်သွားမယ်ပေါ့။

တရား အားထုတ်တယ် မက်ဒီတေးရှင်းဆိုတာ စိတ်ငြိမ်ဖို့ လို့  သူတို့ က ဒီလောက်ဘဲ သိထားကြတာ ကိုး။ ခန္ဓာရဲ့  အဖြစ်ပျက်ကို သိဖို့ လည်း မဟုတ်တာကများတယ်။ ဘာလို့ လည်းဆိုတော့ ကျောင်းမှာ လာပြီး မက်ဒီတေးရှင်း လုပ်ချင်လို့  လာတဲ့ သူများများက စိတ်မငြိမ်လို့  အိပ်မရတာရယ်၊ စိတ်ထဲမှာ နေရကြပ်တာနဲ့  စိတ်ကျသလိုမျိုး ဖြစ်တာရယ်။ Stress ဆိုတဲ့ စိတ်ဖိစီးမှုတွေ ပျောက်အောင် ဆိုတာရယ် စတာကြောင့် လာကြတာပါ။

နိဗ္ဗာန်အကြောင်းကိုလည်း ထူးမမေးတာများတယ်။ အဲဒါမမေးသလို ခန္ဓာကိုယ် ဘယ်လိုဖြစ်ပြီး ပျက်တယ်ဆိုတာကိုလည်း သူတို့  စိတ်ဝင်စားစွာ မေးလေ့ မရှိပါဘူး။ (မမေးတတ်ဘူးထင်ရဲ့ ။)

သူတို့  နားလည်ထားတာကတော့ တရားထိုင်ရင် စိတ်ချမ်းသာတယ် ဆိုတာတော့ နားလည်တယ်။ ၀ါရီဆိုတဲ့ စိုးရိမ်မှုတွေကိုလည်း လျှော့သွားတယ်ဆိုတာ တရားထိုင်ပြီးတာနဲ့  သဘောပေါက် သွားကြတယ်။ အိပ်မပျော်သူကလည်း တရားထိုင်တာ အိပ်ကောင်းတယ်လို့  ဖွင့်ဟပြန်ရော။

ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့လေ။ သမထဆိုတာကတော့ ဘုရားရှင် မပွင့်လည်း သိနိုင်ပါတယ်။ သိကြလို့ လည်း ဈာန်ရ အဘိညာဉ်ရ ၊ မြေလျှိုး မိုးပျံ တန်ခိုးရကြတဲ့ ရသေ့များ ဇာတ်တော်များစွာမှာ တွေ့ ရပါ တယ်။ ဘုရားရှင် ဘုရားမဖြစ်မီကပင် ရသေ့ဆရာကြီးများ ထံ ဈာန်အဘိညာဉ် ရခဲ့ဘူးတယ် မဟုတ် ပါလား။

နိဗ္ဗာန် ဆိုတဲ့စကား၊ အနိစ္စ ဒုက္ခ အနတ္တ ဆိုတဲ့ ၀ိပဿနာတို့  ၊ ပညတ်တို့  ဆိုတာကတော့ ဘုရားရှင် ပွင့်တော်မူမှ သိခွင့်ရပါတယ်။ ဘုရားရှင် မပွင့်လို့ ကတော့ နာမည်လေးတောင် ကြားဖူးဖို့  မလွယ်ကူ ကြောင်း ၀ိနည်းပရိဝါရ ပါဠိတော်မှာတွေ့ ရပါတယ်။

ဒိလိုဆိုတော့ ဘာဝနာ ဆိုတာကို မက်ဒီတေးရှင်း လို့  ဘာသာပြန်တာ ကိုယ်သဘောမကျတာက ဒါကြောင့်ပါ။ ကိုယ့်ဘာသာမှာက ၀ိပဿနာလည်း ပါတယ်။ သူတို့ သိထားတဲ့ မြူးဇစ်လောက်၊ သမထ ရိုးရိုးလောက်ဆိုတော့ ဘုရားရှင် ဖေါ်ထုတ် ဟောပြတော်မူခဲ့တဲ့ ၀ိပဿနာ မပါတော့ သိက္ခာကျတာ ပေါ့။

ကဲ ဒီလောက်ဆိုရင်တော့ မက်ဒီတေးရှင်းဆိုတာကို ဘယ်လို လုပ်သင့်တယ် ဆိုတာ သိပြီပေါ့နော်။ အိပ်ဆေးလည်းဖြစ်၊ ၀ါရီ ပူပန်မှုလည်းဝေး၊ ဖိစီးစိတ်လည်း အေးမှတော့ မက်ဒီတေးရှင်းဆိုတာကို လက်မနှေးသင့်ဘူး မဟုတ်ပါလားနော်။

အေးဆေးစွာ အိပ်ပျော်နိုင်အောင် ကောင်းကောင်းလေး...
ဝါရီ ပူပန်မှုလည်းဝေးနိုင်အောင် ကောင်းကောင်းလေး...
ဖိစီးစိတ်တွေလည်း အေးနိုင်အောင် ကောင်းကောင်းလေး...
ကြိုးစားကြစေရာသတည်း...။





မှတ်ချက်။ ။ သမထကို tranquility meditation နှင့်
ဝိပဿနာကို Insight meditation လို့ 
ဘာသာပြန်တာရှိပါတယ်။
သို့ သော် အခြားဘာသာမှာ ၀ိပဿနာဆိုတာ
မကြားရခြင်း မတွေ့ ခြင်းကို ရည်ရွယ်သည်။


မြတ်ရောင်နီ

( ၀၆ ၊ ၁၀ ၊၂၀၁၀ )









.

1 comment:

  1. ဒီမှာ အားလုံးက ရောထွေးနေကြတာပဲ။ မက်ဒီတေးရှင်း လို့ ပြောရင်
    ပဲချက်ချင်းငြိမ်းချမ်းသွားတော့မလိုပဲ။ ဟိုထင်ဒီထင်..ဟိုမေးဒီမေး
    ကြာတော့ သိပ်မပြောတော့ဘူး။ သေသေချာချာသိချင်လို့ မေးလာရင်တော့
    ပြောပြ၊သင်ပြပေးနိုင်မယ့် နေရာကိုတန်းညွှန်လိုက်တော့တယ်။

    ReplyDelete