Pages

Tuesday, October 26, 2010

သဘာဝဟာ သဘာဝပါ


သဘာဝဟာ သဘာဝပါ





လူငယ် ၊ လူကြီး




လူသေ

သဘာဝဟာ သဘာဝပါ

သဘာဝဆိုသည်မှာ သဘောတရားပင်ဖြစ်ပါတယ်။
သဘောတရားဆိုသည်မှာလည်း
တရားသဘောပင် ဖြစ်ပြန်ပါရောလား။

၁။လူငယ်ဖြစ်လာသည်။ လူကြီးဖြစ်လာသည်။ သေရပြန်သည်။
၂။ခံစားစရာတွေ ခံစားသည်။
၃။မှတ်သားစရာတွေ မှတ်သားသည်။
၎။ပြောင်းလဲမှုတွေ ဒရစပ်ဖြစ်နေသည်။
၅။သိစရာတွေကလည်း သိနေသည်။

ရဟန်းငယ် ဘ၀က ရန်ကုန် ၊ မဟာဝိသုဒ္ဓါရုံကျောင်းတိုက် ပညာသင်ယူ နေထိုင်ခဲ့စဉ် သဘာဝကို သဘာဝမှန်း သိစေဖို့ ရာဘုရားဝတ်ပြုရာဝယ် မှတ်မှတ်သားသား ဆောင်ပုဒ်က ခုတော့ ပြန်စဉ်းစား မိပါတယ်။ ဟိုတုန်းကတော့ စာအတိုင်း ဆိုဖြစ်တာကများတယ်။ သဘာဝကို သဘာဝပဲလို့ သိစေ ဖို့ရာ ထည့်ထားတာပဲလို့  စဉ်းစားတာ က အတော်လေး ရှားခဲ့တယ်။ ငယ်သေးတာကိုလို့  ကိုယ့်ကိုယ်ကို လျှော့လျှော့ပေါ့ပေါ့ တွက်မိပါတယ်။

အတော်လည်းကောင်းပါတယ်။ တိုတိုလေးနဲ့  ထိရောက်တဲ့ ဆောင်ပုဒ်တစ်ပုဒ်ပါ။ ဒါ့ထက်လည်း မခြီးမွမ်းတတ်တော့ပါဘူး။ အဲဒါလေးကို မှတ်သား ကြည့်ကြပါစို့ လား-

ဆောင်ပုဒ်-
၁။ဖေါက်ပြန်သော ငါ ၊ မရှိပါ ၊ ရုပ်သာ ဖေါက်ပြန်သည်။
၂။ခံစားသော ငါ ၊ မရှိပါ ၊ ဝေဒနာ ခံစားသည်။
၃။မှတ်သားသော ငါ ၊ မရှိပါ ၊ သညာ မှတ်သားသည်။
၎။ပြုပြင်သော ငါ ၊ မရှိပါ ၊ သင်္ခါ ပြုပြင်သည်။
၅။သိတတ်သော ငါ ၊ မရှိပါ ၊ ၀ိဉာဏ် သူသိသည်။

သဘာဝကို သဘာဝမှန်းသိလျင်
ယထာဘူတလည်းကျပါတယ်။
သဘာဝကလည်းကျပြီးသားပေါ့။

ထပ်မံကာ ကိုယ်နားလည်သလိုလေး အကျယ်ချဲ့ ရှင်းလင်းပါရစေ-


၁။ကလေးဘ၀ကတည်းက တစ်ရွေ့ ရွေ့ နဲ့  ကြီးပြင်းလာတာ သို့ မဟုတ် ဖေါက်ပြန်လာတဲ့ ခန္ဓာကိုယ် ဆိုတဲ့ ရုပ်တရားကြီးဟာ သူ့ အလိုလို သူ့ သဘာဝ အရကို ဖေါက်ပြန်လာတာ၊ ကြီးပြင်းလာတာပါ။ ငါမိုလို့  ၊ သူမိုလို့  ကြီးပြင်းလာတာ ဖေါက်ပြန်လာတာမှ မဟုတ်ပဲ။ ဒါကိုဘဲ ငါကကြီးလာပြီ။ ငါ အို လာပြီ။ ငါလေးကို ရှေ့ တန်းတင် ထင်တတ်ကြပါတယ်။ ပြောတတ်ကြပါတယ်။ မသိမသာ ငါလေး တဖြေးဖြေးလျှော့ပြီး ရုပ်သဘောတရားအရ သဘာဝကိုက ရပ်နေဖို့ မဟုတ်၊ ဖေါက်ပြန်တတ်တယ်။ ကြီးပြင်းလာရတဲ့ သဘော ရှိတယ်လို့  သိလိုက်ရင် ငါလေးတွေ နည်းနည်းလျှော့သည်မှစလို့  တစ်ဖြေးဖြေး သက္ကာယဒိဋ္ဌိ ပြုတ်သည့်အထိ ရှင်းရှင်း ဖြစ်လာနိုင်ပါတယ်။
ဒါက ရုပ်ဆိုတဲ့ ခန္ဓာကိုယ်နဲ့ ပါတ်သက်လို့ ပေါ့။

၂။အဲဒီအတိုင်းပါပဲ လူတိုင်းဆိုသလို တစ်ခါတစ်လေ ပျော်စရာတွေ့ တယ်။ ပျော်လိုက်တာ ပြောမနေ ပါနဲ့ ။ ဘာနဲ့ မှ မလဲနိုင်ပါဘူး ဆိုသည့်အထိပေါ့။ တစ်ခါတစ်လေကျတော့ သေတောင် သေလိုက်ချင် တာတဲ့။ ဘ၀က စိတ်ပျက်စရာ ပေါလှပါဘိသနဲ့ ။ ပျော်တော့ စာအလို သောမနဿ ဝေဒနာ။ မပျော်လို့  စိတ်ပျက်တော့ ဒေါမနဿ ဝေဒနာ။ ပျော်တာမဟုတ် မပျော်တာမဟုတ်တဲ့အခါလည်း ရှိပြန်တယ်။ သာမန်ပဲ။ အဲဒါကိုတော့ ဥပေက္ခာ ( အုပစ်ခါ ) ဝေဒနာ လို့  စာက ခေါ်ပါတယ်။ အဲဒီ ခံစားတဲ့ အလုပ်က လည်း ငါ ကလုပ်လို့  ရတာမဟုတ်သလို ၊ ငါ ခံစားတာတော့ တကယ်တမ်း မဟုတ်ပါ။ ခံစားခြင်းဆိုတဲ့ ဝေဒနာ သဘောကိုက သူ့ အလုပ်ကို သူ လုပ်သွားတာပါ။ ဒါကို ငါထည့် နေမိပြန်တော့ သက္ကာယဒိဋ္ဌိတွေ တရုန်းရုန်း တ၀ုန်းဝုန်း သောင်းကြမ်းကြပြီပေါ့။ ဒါကြောင့် ပျော် ၊ မပျော် ခံစားတဲ့ အခိုက်တန့် လေးမှာ ဝေဒနာက ခံစားခြင်း အလုပ်ကို လုပ်နေတာပါ့လားလို့  ဝေဒနာ အပေါ် ငါလေးတွေ နည်းနည်းချင်းလျှော့လိုက်ရင် နည်းနည်းချင်း သက္ကာယဒိဋ္ဌိတွေလည်း ပြုတ်သည်အထိ ရှင်းရှင်းလင်းလင်း ဖြစ်နိုင်တယ်ပေါ့။ ဒါက ဝေဒနာနဲ့ ဆိုင်ရာ ပါတ်သတ်လို့ ပေါ့။

၃။ကောင်းတာကိုလည်း မှတ်သားကြတယ်။ မကောင်းတာကိုလည်း မှတ်ထားကြတယ်။ ငါ မှတ် ဉာဏ်ကောင်းတယ် ၊ ငါ မှတ်ဉာဏ်မကောင်းဘူး- တဲ့။ မှတ်ဉာဏ်ဆိုပေမယ့် ဒီနေမှာတော့ မှတ်တာ မှန်သမျှ စာအလို သညာကို ဆိုရပါ့မယ်။ သညာကိုယ်တိုင်က မှတ်တတ်တဲ့ သဘော သဘာဝရှိ တယ်။ ငါက မှတ်နေတာ မဟုတ်ဘူး။ သညာကို မှတ်ခိုင်းထားတာ။ ငါ့ကိုငါ မှတ်လို့  မရပါဘူး။သညာ ရဲ့  အလုပ်ပဲဖြစ်တယ်။ အဲဒီ မှတ်တဲ့ အလုပ်မှန်သမျှကို ငါမှတ်တာ မဟုတ်ဘူး၊ ငါ့မှတ်ဉာဏ် မဟုတ် ပါ့လား၊ သညာရဲ့  သဘာဝက မှတ်ပေးနေတာပါ့လားလို့  သိပြီဆိုတာနဲ့  ငါလေးတွေ နည်းနည်း လျှော့သည်မှစလို့  တစ်ဖြေးဖြေး သက္ကာယဒိဋ္ဌိ ပြုတ်သည့် အထိ ရှင်းရှင်း ဖြစ်လာနိုင်ပါ တယ်။ ဒါက မှတ်သားဆိုတဲ့ သညာနဲ့  ပါတ်သက်လို့ ပေါ့။

၎။အရာအားလုံးဟာ ပြောင်းလဲသွားနေတာပါ။ ရုပ်ကလည်း ပြောင်းလဲသလို ၊ ခံစားမှုတွေကလည်း တစ်ခု တည်း အငြိမ်မနေပါဘူး။ မှတ်သားမှုတွေ၊ အသိတွေကလည်း ဒီအတိုင်းပဲ ပြောင်းလဲနေတာ ပါပဲ။ ပြောင်းလဲတာဟာ သင်္ခါရရဲ့  အလုပ်ပါ။ ငါကိုယ်တိုင် လုပ်လို့ မရ။ ငါက လုပ်နေတာမဟုတ်ဘူး။ ငါသာ လုပ်ရရင် ရုပ်ကိုလည်း အမြဲလှအောင် ပြောင်းလဲအောင်ပဲ လုပ်မှာ။ ခံစားမှုကိုလည်း ပျော်ရွှင်မှု တစ်ခုပြီး တစ်ခု ခံစားနေလိုက်မှာ။ မှတ်သားစရာတွေ၊ အသိတွေလည်း ဒီအတိုင်းပဲ ကောင်းသထက် ကောင်းဖို့ ပဲ ပြောင်းလဲ ပစ်ချင်ကြမှာပဲ။ ခုတော့ သင်္ခါရ ကိုယ်တိုင် သူ့ သဘောအရ ပြောင်းလဲရမည့် တာဝန်မို့  သူ့ အလုပ် မလစ်ဟင်းအောင် ပြောင်းလဲနေတဲ့ သဘောပါပဲ။ အဲလောက်လေး သိပြီဆိုတာ နဲ့  ငါလေးတွေ နည်းနည်း လျှော့သည်မှစလို့  တစ်ဖြေးဖြေး သက္ကာယဒိဋ္ဌိ ပြုတ်သည့် အထိ ရှင်းရှင်း ဖြစ်လာနိုင်ပါတယ်။ ဒါက သင်္ခါရဆိုတဲ့ ပြောင်းလဲမှုနဲ့  ပါတ်သက်လို့ ပေါ့။

၅။အရာရာကို သိနိုင်တာ၊ သိနေတာက စိတ်ဆိုတဲ့ ၀ိဉာဏ်ပါပဲ။ စိတ်မရှိရင် ဘာမှမသိတော့ပါဘူး။ ခံစားနေတာလည်း သိမှာမဟုတ်ဘူး၊ မှတ်သားထားတာလည်း သိမှာမဟုတ်ပါဘူး။ ပြောင်းလဲတာ လည်း သိမှာမဟုတ်ဘူး။ စိန္တေတီ တိ စိတ္တံ၊ သို့ မဟုတ် ၀ိဇာနာတီတိ ၀ိညာဏံ ဆိုတဲ့ ဂရမ်မာ ဆရာ အလိုကလည်း သိတတ်လို့ ကို စိတ် ၊ ၀ိဉာဏ်လို့  ဖွင့်ဆိုပါတယ်။ ဒီလိုဆိုတော့ သိနေတာက ငါက သိနေတာမဟုတ်။ ငါက သိတတ်တာမဟုတ်။ စိတ် ဆိုတဲ့ ၀ိဉာဏ်က သိနေတာ။ ငါသိတယ်၊ ငါတတ် တယ် ထင်တဲ့ ငါပါနေ တဲ့ စိတ်လေးကို ငါသိတာ မဟုတ်ဘူး။ စိတ်ကလေးက သိနေတာပါလား လို့  သဘောတရားကို နားလည် သဘောပေါက်ပြီဆိုတာနဲ့  ငါလေးတွေ နည်းနည်း လျှော့သည်မှစလို့  တစ်ဖြေးဖြေး သက္ကာယဒိဋ္ဌိ ပြုတ်သည့် အထိ ရှင်းရှင်း ဖြစ်လာနိုင်ပါတယ်။ ဒါက သိတတ်တယ်ဆိုတဲ့ စိတ် ၀ိဉာဏ် နဲ့  ပါတ်သက်လို့ ပေါ့။

ဒါကိုပဲ ခန္ဓာ ငါးပါး လို့  ခေါ်ပြီး ၊
အဲဒီအပေါ်မှာ ငါ စွဲ မစွဲဖို့ 
သက္ကာယဒိဋ္ဌိ ဖြုတ်တဲ့ ပြုတ်စေတဲ့ သဘာဝ
သဘောတရားလို့  မှတ်သားလို့  ရပါတယ်။

အဲ... စာဖတ်လို့  သိသွားတဲ့ အသိကတော့ သညာ အသိပေါ့နော်။ တကယ်တမ်းသိမှ တကယ် အသိ ပေါ့။ တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ် ဖြစ်ရမည်- ဆိုတဲ့ အတိုင်းပါပဲ တကယ် အလုပ်ကို လုပ်မှ သာ သက္ကာယဒိဋ္ဌိကတော့ ရှင်းရှင်းလင်းလင်း ဗွင်းဗွင်းကိုပဲ ပြုတ်နိုင်မည်ဟု ထင်မိပါကြောင်း ကိုယ် နားလည်သလို လေး အကျယ်ချဲ့ ကာ ရှင်းလင်းလိုက်ပါတော့တယ်။



မြတ်ရောင်နီ
( ၂၆ ၊ ၁၀ ၊ ၂၀၁၀ )



.

No comments:

Post a Comment