Pages

Saturday, October 9, 2010

အကြောက်ဖြေ ၊ အကြောက်ပြေ



အကြောက်ဖြေ ၊ အကြောက်ပြေ


ဘုရားဂုဏ်တော်
ဣတိပိ သော ဘဂ၀ါ အရဟံ ၊
သမ္မာသမ္ဗုဒ္ဓေါ.... ဗုဒ္ဓေါ ဘဂ၀ါ။


တရားဂုဏ်တော်
သွာက္ခာတော ဘဂ၀တာ ဓမ္မော ၊
သန္ဒိဋ္ဌိကော....ပစ္စတ္တံ ဝေဒိတဗ္ဗော ၀ိညူဟိ။


သံဃာ့ဂုဏ်တော်
သုပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော
... အနုတ္တရံ ပုညက္ခေတ္တံ လောကဿ။



ဧ၀ံ ဗုဒ္ဓံ သရန္တာနံ ၊ ဓမ္မံ သံဃဉ္စ ဘိက္ခဝေါ၊

ဘယံ ၀ါ ဆမ္ဘိတ္တံဝါ ၊ လောမဟံသော န ဟေဿတိ။

အို... ရဟန်း ရှင် လူ အပေါင်းတို့ ...
ဤသို့ ဘုရားဂုဏ်တော် တရားဂုဏ်တော်
သံဃာ့ဂုဏ်တော်များကို အမှတ်ရခြင်း၊
ရွတ်ပွါးခြင်း သည် ကြောက်ရွံ့ မှု ၊ စိုးရိမ်ထိတ်လန့် မှု ၊
ကြက်သီးမွေးညင်းဗြန်းကနဲထမှုတို့ 
မဖြစ်လတံ့။ မဖြစ်တော့။

( ဓဇဂ္ဂသုတ်၊ ပရိတ္တပါဠိ )

( ဘာသာပြန်- ဘုန်းဘုန်းဘိုတေ )

အကြောက်ဖြေ ၊ အကြောက်ပြေ

လူအချို့ က ကြောက်တတ်ပါတယ်။ အဲဒီအထဲတွင် ကိုယ်လည်း အပါဝင်ဖြစ်ပါတယ်။ ငယ်ငယ်က ဆိုလျင် အမှောင်ထဲ မသွားရဲ။ သူရဲ ၊ တစ္ဆေ ရှိတယ် လို့  ကြားဖူးခဲ့ပါတယ်။ သို့ သော်လည်း ခုထက်ထိ မမြင်ဖူးသေးပါဘူး။ မမြင်ဖူးတာကိုပဲ စိတ်မှာ အကြောက်ဓာတ်က ကိန်းအောင်းနေခဲ့တယ်။

၅တန်း ၆ တန်းအရွယ်မှာ သူရဲခြောက်သည်ဆိုသော အိမ်ကြီး အကြောင်း သင်ယူခဲ့တယ်။ ခိုညီးသံကို သူရဲလို့  ထင်သွားခဲ့တဲ့ သူတွေရှိတယ်ပေါ့။ သုတေသန ဆန်တဲ့သူက ဆန်းစစ်လေ့လာပြီး ပြောပြမှ သူရဲမဟုတ်ကြောင်းရှင်းသွားတယ်။ ဒါတွေ ဘယ်လောက် သင်သင် ကြောက်ခဲ့တာပါပဲ။

ကိုရင်ဝတ်ပြီးတော့လည်း ရွာထဲမှာ တစ္ဆေ သူရဲက မရှိဘူးတဲ့။ သုသာန်တွေမှာ ရှိတာတဲ့။ ပြီးတော့ ရွာ့အပြင်ဘက်မှာတဲ့။ ဘုန်းကြီး ကျောင်းကလည်း ရွာ့အပြင်ဘက်ပါတော့ ဘုန်းကြီးကျောင်းမှာ လည်း ရှိတယ် ဆိုတဲ့ သဘောပါပဲ။


တကယ်လည်း ဘုန်းကြီး ကျောင်းတွေမှာ ရှိသလား မပြောတတ်။ ကျန်တဲ့ ကိုရင်တွေတော့ ဟိုဟာ မြင် ဒီဟာမြင်၊ ဟိုအသံကြား ဒီအသံကြားတဲ့။ ရွာမှာ နေသာ နေလာခဲ့တာ တစ္ဆေ သူရဲ မမြင်ဖူးခဲ့ပါ ဘူး။

ဥုးဇင်း ဖြစ်လာတဲ့ အချိန်မှာ တစ်ခါလား ညဥ့်နက် ၂ နာရီ ၃ နာရီမှာတော့ တောက်ဝှေးတစ်ချောင်းနဲ့ လမ်းလျှောက်သံ ကြားလို့  ကိုယ်ကလည်း တရေးနိုး ၊ အခြား ဥုးဇင်းကလည်း တရေးနိုး ဆရာ ဘုန်းကြီး လမ်းလျှောက်တာ နေမှာပါပဲလေ လို့  တစ်ဖက်လှည့်တွေး၊ ၊ တစ်ဖက်က ချွေး ၊ မျက်စိက လည်း မှေး ဆိုတော့ ဂုဏ်တော်လေးရွတ်ပြီး ပြန်အိပ်ပျော်သွားတယ်။

မနက်အိပ်ရာထချိန်မှာ အခြား ဥုးဇင်းက ညက ညဥ့်နက်ကျော် လမ်းလျှောက်သေးလား ဘုရားဆိုပြီး ဘုန်းကြီး လျှောက်ပြီး မေးကြည့်တဲ့အခါ ငါ လမ်းမလျှောက်ပါဘူးကွာတဲ့။ ညက အသံကြားလို့  ဘုရား တဲ့။ ဘုန်းကြီး ဟုတ်မှာ မဟုတ်ပါဘူးကွာ။ မင်းထင်တာရှိမှာပါ တဲ့။ အဲဒီအချိန်ကျမှ ကိုယ်က လည်း သက်သေ၀င်ပြီး ပြောလိုက်တယ်။ တပည့်တော်လည်း ကြားတယ်ဘုရားပေါ့။ သို့သော် ဘေးမှာ လူရှိနေတာပဲ၊ သတ္တိကောင်းကောင်းနဲ့ ခေါင်းမြီးလည်း လုံအောင်ခြုံထားတယ်။ မမြင်ရမှာ တော့ သေချာတယ်။ သူက လှပ်လိုက်ရင်တော့ မြင်မှာပေါ့လေ။ သို့ သော် ကိုယ်ကလည်း အိပ်ပျော် လွယ်သူမို့  တော်ပါသေးရဲ့ ။ ခလောခလော ဖြစ်သွားတယ်။ တကယ်တမ်း ခြောက်မည့် သူရဲ ဆိုရင် တောင် ကိုယ်အိပ်ရေးကြီးလို့  ပျင်းသွားလောက်တယ်။

ဟိုတုန်းကပေါ့။ ဟိုတုန်းကဆိုတာ ဘုရားရှင်လက်ထက်ပေါ့။ အဲဒီတုန်း လူတွေက ကြောက်ပြီဆိုရင် ကိုယ်လက်လှမ်းမီရာ တကြတော့တာပါပဲ။ ပြီးတော့ ကိုယ်ထင်တဲ့အတိုင်း ပြောဆို ဆုံးမတတ်လေ့ ရှိပါတယ်။ အဲဒါနဲ့ ပါတ်သက်ပြီးတော့-

အရှင်မဟာကဿပ ဆရာတော်ဘုရားကြီးကို
အရှင်အာနန္ဒာမထေရ်မြတ်က မှတ်တမ်းတင်ကာ
လျှောက်ထားခဲ့ပါတယ်။ မြတ်စွာဘုရား သာဝတ္ထိပြည်မွန်
ဇေတ၀န်ကျောင်းတော်မှာ သီတင်း သုံးတော်မူစဉ်က
အဖြစ်ပျက် တစ်ခုပါ။

မြတ်စွာဘုရားက ရဟန်းတော်တို့ ကို - ရဟန်းတော်တို့  လို့  နှုတ်ခွန်းချွေတော်မူပါတယ်။ ရဟန်း တော်တို့ ကလည်း မှန်ပါအရှင်ဘုရား လို့  စကားတုန့် ပြန်ကာ လျှောက်ထားကြတယ်ပေါ့။

အဲဒီအချိန်မှာ မြတ်စွာဘုရားရှင်က -

ဟိုတုန်းကပေါ့။ အသုရာ တွေ နဲ့  နတ်တွေ စစ်ခင်းကာအပြိုင်တိုက်ခိုက်ကြတယ်။ စစ်တလင်းမှာ နတ်တွေဘက်က သိကြားမင်းက ခေါင်းဆောင်။ သိကြားမင်းက သူရဲ့  ရဲဘော် ရဲမက် နတ်တွေကို အားဖြည့်ကာ အမိန့် ပေး ပြောကြားထားတယ်။ တကယ်လို့  မင်းတို့  ကြောက်စိတ်ပေါ်ရင် ငါ့ရဲ့  အလံတော်ကို ကြည့်ဟေ့။ ငါ့အလံ မြင်တာနဲ့  (ဆက်တိုက်ကြ။) ကြောက်ရွံ့  စိုးရိမ် ကြက်သီး မွေးညင်း ထစရာမလိုတော့ဘူး။ အကြောက်ဖြေတဲ့ အလံ။ အကြောက်ပြေမည့်အလံ။

ဒါကို မကြည့်ဖြစ်ရင်တော့ အခြား ပဇာပတိ နတ်မင်းရဲ့  အလံ၊ ၀ရုဏ နတ်မင်းရဲ့ အလံ ၊ ဤသာန နတ်မင်းရဲ့ အလံ ဘယ့်သူအလံကိုကြည့်ကြည့် အကြောက်ဖြေမယ်။ အကြောက်ပြေပါမယ်။

ရဟန်းတို့  အဲဒီလို သိကြားမင်း ပြောတဲ့အတိုင်းကို အကုန်လုံး အလံကို ကြည့်ကြတဲ့သူတွေက သူတို့ အကြောက်ပြေတဲ့ အခါလည်း ရှိမယ်။ မပြေတဲ့အခါလည်း ရှိမယ်ပေါ့။

ဘာလို့ လည်းဆိုတော့ သိကြားမင်း ကိုယ်တိုင်က ရာဂ ၊ ဒေါသ ၊ မောဟ မှ မကင်းသေးတာကို။ ပြီးတော့ ကြောက်တတ်တယ်။ စိုးရိမ်ထိတ်လန့် တတ်တယ်။ ထွက်ပြေးဖူးတယ်။
( စကားညှပ်- သိကြားမင်း ထွက်ပြေးသည်မှာ မှန်ပေ၏။ သူသည် အသုရာ၏ နှမကို ခိုးယူ ထွက်ပြေး ခဲ့ဖူးသည်။အဲဒီတုန်းက အသုရာ သဘောမတူတာမို့ နောက်ကလိုက်လို့  ပြေးခဲ့ဖူးပါသည်။)

( နောက်ထပ်ပြောရဦးမယ်။)ရဟန်းတို့  တကယ်လို့  တောထဲ ရောက်ရောက်၊ သစ်ပင်ခြေရင်းမှာ နေနေ ၊ တစ်ယောက်ထဲ လူသံ သူသံ ဘာမှကြား တိတ်ဆိတ်တဲ့ နေရာ ဖြစ်ပါစေ ကြောက်လို့ က တော့ ငါ့ရဲ့  ဂုဏ်တော်ကိုသာ အမှတ်ရလိုက်စမ်းပါ။ အဲလိုမှ မဟုတ်ရင် တရားတော်ရဲ့ ဂုဏ်၊ အဲလိုမှ မဟုတ်သေးရင် သံဃာ့ဂုဏ်ကို အမှတ်ရလိုက်စမ်းပါ။ သေချာပေါက် အကြောက်ဖြေ ၊ အကြောက် ပြေဖို့  ရဲရဲကြီး တာဝန်ယူတယ်။

ဘာလို့ လဲဆိုတော့- တထာဂတဆိုတဲ့ ငါဘုရားဟာ အရဟံ- ကွယ်ရာတောင်မှ မကောင်းမှု မပြုဘူး၊ သမ္မာသမ္ဗုဒ္ဓေါ-၊ အမှန် ကိုယ်တော်တိုင်သစ္စာတွေကို သိမြင်ထားတယ်။ ရာဂ ၊ ဒေါသ ၊ မောဟ လုံးဝ မရှိ ပြောင်စင်နေတယ်။ ကြောက်တာ၊ စိုးရိမ် ထိတ်လန့် မှုတွေလည်းမရှိ။ ထွက်လည်း မပြေးဘူး။

ဒီလိုနဲ့  မြတ်စွာဘုရားက ရတနာသုံးပါး ဂုဏ်တော်တွေကို အမှတ်ရခြင်းဟာ အကြောက်ဖြေ ၊ အကြောက်ပြေကြောင်း ကောင်းကောင်းကြီး ရှင်းရှင်းလင်းလင်း ပြောဟောတော်မူခဲ့ပါတယ်။

ဒါကို ကြည့်ခြင်းအားဖြင့် အကြောက်တော့ ရှိတတ်ကြတယ်။ ဒါပေမယ့် အားကိုးရာ ရှိရင် အကြောက် တရားက ဝေးဝေးပြေးပါတယ်။

ကိုယ်ကိုယ်တိုင် ကိုရင်ဘ၀ ၊ ရဟန်းငယ်ဘ၀မှာ ကြောက်ခဲ့ပါတယ်။ ကြောက်အားကြီးလွန်းတော့ ဂုဏ်တော် ရှေ့ နောက်ပြန် သည်အထိ ပြောရမလားဘဲ အလွဲလွဲတွေ ရွတ်ဖြစ်ခဲ့တယ်။ ခုတော့ ဘုရားရှင်ပေးတဲ့ နည်းကို အသုံးပြုပြီး ရတနာ့သုံးပါးဂုဏ်တော်များကာ ရွတ်ဖတ်ပွါးပွါးနေတာမို့ အကြောက် တွေ အတိအလင်း မပြေသော်လည်း အကြောက်တော်တော်လေး ပါးသွားပါပီ။ တစ်ပါးတည်း လည်း နေရဲသွားပါပြီ။

တောလမ်းခရီး ခရီးသွားတဲ့အခါ မြွေစသည်တွေ့ တယ် ဆိုပါစို့ ။ မြင်တာနဲ့  ထိတ်ထိတ်ပြာပြာ ဖြစ် မယ်။ သို့ သော် ကိုယ့်လက်ထဲမှာ ဒုက် သို့ မဟုတ် မြွေကို အနိုင်ယူမည့် လက်နက် တစ်မျိုးမျိုးပါခဲ့ရင် သတ္တိသွေးတွေ ရဲရဲတောက်ပါမယ်။ ကြောက်စရာ အထူး မလိုဘူးပေါ့။

အဲသလိုမျိုးပါပဲ။ နေ့စဉ် နေ့ စဉ် ရတနာသုံးပါးဂုဏ်တော်များ ရွတ်ဖတ်သူဟာ ငါ့မှာ လက်နက်ရှိပြီ ၊ အကြောက်တရားက ရှိစရာကို မလိုဘူးလို့  စိတ်ထဲ မှာ ထားပြီး ၊ ဖြစ်လာသမျှ တွေ့ လာသမျှ သတ္တိ ရှိရှိ ရင်ဆိုင်လိုက်ပါ။ အကြောက်ဖြေ ၊ အကြောက်ပြေမှာ မလွဲဧကန်ပါ။


ဘုရားရှင် ပြောဟောထားတာ တိုက်ရိုက်ရှိတာမို့ -

ဧ၀ံ ဗုဒ္ဓံ သရန္တာနံ ၊ ဓမ္မံ သံဃဉ္စ ဘိက္ခဝေါ၊
ဘယံ ၀ါ ဆမ္ဘိတ္တံဝါ ၊ လောမဟံသော န ဟေဿတိ။

အို... ရဟန်း ရှင် လူ အပေါင်းတို့ ...

ဤသို့ ဘုရားဂုဏ်တော် တရားဂုဏ်တော်
သံဃာ့ဂုဏ်တော်များကို အမှတ်ရခြင်း၊
ရွတ်ပွါးခြင်း သည် ကြောက်ရွံ့ မှု ၊ စိုးရိမ်ထိတ်လန့် မှု ၊
ကြက်သီးမွေးညင်းဗြန်းကနဲထမှုတို့ 
မဖြစ်လတံ့။ မဖြစ်တော့။


( ဓဇဂ္ဂသုတ်၊ ပရိတ္တပါဠိ )
( ဘာသာပြန်- ဘုန်းဘုန်းဘိုတေ )


မှတ်ချက်။ ။ ပရိတ်ကြီး ဓဇဂ္ဂသုတ် ကို
အတိုချုံးကာ နားလည်သလို ဘာသာပြန်ထားပါသည်။
ကိုယ်အတွေ့ ကြုံကိုလည်း ရောနှောလျက်။



မြတ်ရောင်နီ

( ၀၉ ၊ ၁၀ ၊ ၂၀၁၀ )






.

No comments:

Post a Comment