Pages

Sunday, January 31, 2010

သူ နှင့် ငါ


သူ နဲ့  ငါ

+ သူ မဟုတ်တဲ့ သူ
သူပဲ။

+ ငါ မဟုတ်တဲ့ ငါ
ငါပဲ။

+ သူ နဲ့  ငါ
ငါ နဲ့  သူ။

+ ဘယ်လိုဟာ ပြောပြော
သမုတ်သော သူ၏
အမှန်သိ
ဒေသနာ သမ္မုတိ။

+ သူ မဟုတ်တဲ့ သူ
သူ မဟုတ်။

+ ငါ မဟုတ်တဲ့ ငါ
ငါ မဟုတ်။

+ သူ နဲ့  ငါ
ငါ နဲ့  သူ

+ ဘယ်လိုဟာ ပြောပြော
သူ ငါ မရှိသော
ရောနှော ရုပ် နာမ်၏
အမှန်သိ
ပရမတ်ဒေသနာ ရှိ။

အရှင်တေဇောဘာသ ( မြင်းခြံ )




မြတ်ရောင်နီ
(၃၁၊၀၁၊၂၀၁၀)

Friday, January 29, 2010

ဂျာမဏီမြေပေါ်က ခြေလှမ်းများ- ၉


ဗိုလ်ရှိရင် ဘာမဆို ဖြစ်နိုင်တယ် - တရားတော်
ကဲ ...အားလုံး ကန်တော့ ကြပါစို့  ….
လူများ။ ။သြကာသ၊သြကာသ၊သြကာသ... ရပါလို၏ အရှင်ဘုရား။
ဘုန်းကြီး။ ။ဤသို့  ဘုရား တရား သံဃာ.... မျက်မှောက်ပြုလွယ် ရလွယ်နိုင်ကြပါစေ။
လူများ။ ပေးတဲ့ ဆုနဲ့  ပြည့်ပါစေဘုရား။
ကဲ ၅ ပါးသီလ ယူကြရအောင် ကဲ ဆိုလိုက်ကြ။ အဟံ ဘန္တေ.....
ဒီလို နဲ့  ၅ပါးသီလ ယူအပြီး၊ ပေးအပြီးမှာ တရား ပွဲကို စခဲ့ပါတယ်။
ဒီနေ့  ကိုယ့်လူတွေဆိုတော့ မြန်မာလို ဟောပေးရမယ်။ တရားတော်က ဗိုလ်ရှိရင်ဘာမဆို ဖြစ်နိုင် တယ် တရားတော်။
အေးအေး ဆေးဆေး တိုတို တုတ်တုတ် နာကြတာပေါ့။ နားလည်အောင် ပဲ ပြောပေးမှာပါ။ ဗိုလ် ၅ ပါး ဆိုတာ ရှိတယ်။ လောကကြီးထဲ မှာ နေရင် ဗိုလ် ရှိဖို့ လိုအပ်ပါတယ်။ ဗိုလ်ရှိမှ ဘာမဆိုဖြစ်လာ နိုင်မှာ ပါ။ဒီတရားကို ဒီ မြူးနစ်မြို့ မှာပဲ ဒေသခံ လူတွေကို တစ်နေ့ က ဇန်န၀ါရီ ၁၁ ရက်နေ့ က ဟောခဲ့ ပါ သေး တယ်။ဒါပေမယ့် သူတို့ ကို ၅ပါးစလုံး အပြီး ထိ မဟောရသေးဘူး။ နာမည်လောက်ပဲ သူတို့  ပြောထားပြီး။ ပထမဆုံး ဗိုလ်အကြောင်းကို ရှင်းပြတာ ဟောကြားခဲ့တာ။ တစ်နာရီခွဲလောက်တော့ ကြာတယ်ပေါ့။

ခု ဒီနေ့  ကိုယ် ဒကာဒကာမ တွေကို ၅ပါးစလုံး ဟောပေးပါမယ်။ ကဲ ဘယ်လောက် ဟန်ကျသလဲ တစ်ထိုင်ထဲနဲ့  ၅ပါးစလုံးတောင် နာရမှာ ။တစ်ခါတလေမှာ လူတွေက တရားဆိုတာ တရားထိုင် ရမယ်။ ဘုန်းကြီးတွေနဲ့ ပဲ ဆိုင်သလိုလို။ တရားအားထုတ်မည့် သူနဲ့ မှ ဆိုင်သလိုလို ပြီးတော့ အသက် ကြီး မှ ဆိုင်သလိုလို ထင်တတ်ကြတယ်။ ပြီးတော့ ဘုရားစာ က တရားသမားတွေ အတွက်သာ လောကီရေးရာ အသုံးမ၀င်တော့ ဘူးလိုလို တွေကလည်း ဖြစ်တတ်သေး၊ ထင်တတ်သေးတယ်။
တစ်ချို့ လူငယ်တွေ တရားနဲ့  မိတ်ဆွေ မဖြစ်သူတွေ ပြောတာပါ။ ဒီက တရားနာသူတွေကို မပြောပါဘူး။
[ဟဲဟ၊ဲဟဲဟဲ](အသံ မထွက်ဘဲ ဘုန်းကြီး ကိုယ့်ဖာသာ စိတ်ထဲ သဘောကျနေသည်)။

အဲ -ဗိုလ် ( ၅) ပါး ဆိုတာက ၁။သဒ္ဓါ- ယုံကြည်ချက်။ ၂။ ၀ီရိယ- ကြိုစားမှု ၃။သတိ- သတိရှိမှု ၄။သမာ ဓိ-စိတ်ဝင်စားမှု ၅။ ပညာ- နားလည်သဘောပေါက်မှု၊ အကင်းပါးမှု တို့ ပါဘဲ။ အဲဒါတွေပါပဲဗျာ။

ကိုင်း -နံပါတ် (၁) က သဒ္ဓါ-ယုံကြည်ချက်
ယုံကြည်ချက် ရှိတဲ့သူဟာ လောကီရေးရာ စီပွါးရေး လူမှုရေး မှာလဲ ယုံကြည်ချက်က လိုပါတယ်။ ဒါကို သဒ္ဓါ ခေါ်တာပါ။စာအလိုပေါ့နော။ ပြီးတော့ လောကုတ္တရာနယ်ဘက်က နေပြီး ကြည့်မယ် ဆိုရင်တော့ သဒ္ဓါဆိုတာ ယုံကြည်ရမယ်။ ဘာကို ယုံကြည်ရမလဲ။ ဘုရား တရား သံဃာ ဆိုတဲ့ ရတနာ သုံးပါးနဲ့  ကံ ကံရဲ့  အကျိုး တရားတွေကိုပေါ့။ အင်္ဂုတ္တရနိကာယ် တိက နိပါတ်မှာ ဟောထားတာလည်း

ပြီးတော့ သိသင့်တာ ရှိသေးတယ် ။ သဒ္ဓါ ရှိတဲ့ ပုဂ္ဂိုလ်ဆိုတာ-
ဒဿနကာမော သီလ၀တံ ၊ သဒ္ဓမ္မံ သောတု မိစ္ဆတိ၊
ဝိနယေ မစ္ဆေရမလံ၊ သ ဝေ သဒ္ဓေါ တိ ၀ုစ္စတိ။ တဲ့။အဂုင်္တ္တရနိကာယ်မှာပါ တယ်။
ဆိုလိုတာက ၁။သီလရှိတဲ့ သူတော်ကောင်းများနဲ့  တွေ့ ဆုံခြင်း၊ ဖူးမြင်ရခြင်း၊၂။ ထိုသူတော်ကောင်း တရားများ နာယူမှတ်သားခြင်း။ ၃။ နှမြောတာဘေးဖယ် အလှူတန်းမှာ ရက်ရက်ရောရောပြုလုပ် တဲ့သူကို သဒ္ဓါတရားရှိသူလို့  ခေါ်ပါတယ်။ မြန်မာတွေ ပြောပြောနေတာကတော့သဒ္ဓါတရား ကောင်း တယ် လို့  ပြောကြတာပေါ့။

ယုံကြည်မှုဆိုတာနဲ့  လုံးဝ မျက်စိမှိတ် ယုံရမှာ ကို မဆိုလို ပါဘူး။ ကိုယ်လုပ်တဲ့ဟာကို ကောင်း မကောင်း၊ အပြစ်ရှိ မရှိ၊ အကျိုး ရှိ မရှိ ဖို့ လည်း စိစစ်ဖို့ လည်း လိုတယ်ပေါ့။ မြတ်စွာဘုရားက ကာလာမသုတ်မှာ အဲဒါ အကျယ် ဟောထားတာ ရှိပါတယ်။ ခု တရားတိုတို ဆိုတော့ မှတ်သားထား ရမှာ ယုံကြည်မှုနဲ့ ပါတ်သက်လို့  အကျိုးရှိမရှိ စတာတွေကို သိထားဖို့ ပါဘဲ။

နံပါတ် (၂) က ၀ီရိယ တဲ့။ ကြိုးစားမှုပါ။
ယုံကြည်ရုံသက်သက်နဲ့ ကတော့ ဘာမှ ဖြစ်မလာဘူး။ ဘုရားရှေ့ မှာသွားထိုင်ပြီး တစ်နေကုန် ဆု တောင်း တပည့်တော် ဘော့စ် ဖြစ်ရလိုပါ၏၊ ဘာဘာ ညာညာ တွေ ဆုတောင်းလည်း ပြည့်မှာမဟုတ် ဘူး။ အာညောင်းရုံသာ အဖတ်တင်ပါလိမ့်မယ် ဗျာ။

ဘုရားရှင် ကိုယ်တော်တိုင် ဟောတော်မူ ထားတာပဲ။ ငါက လမ်းပြသူ၊ မင်းတို့ ကိုယ်တိုင် လမ်း လျှောက်ကြ- လို့ ။ ဘုရားရှင်က လမ်းပြရုံသက်သက်ပါ ပြောတဲ့ဟာကို ဘုရားထံ သွားပြီး ဆုတောင်း နေတဲ့သူတွေက ဘုရားကို အားနာဖို့ တောင် ကောင်းတယ်။

ကြိုးစားမှု နဲ့  ပါတ်သတ်လို့  ကတော့ ၁။ စလုပ်ဖြစ်အောင် လုပ်ပါ။ ၂။ ဆက်တိုက် မပြတ်အောင် လုပ်ပါ။ ၃။ အပြီးတိုင် အောင်မြင်သည့်အထိ လုပ်ပါ။ သုံးချက် စုံလျင် အောင်မြင်မယ်။ တစ်ချို့  စတောင် စ မလုပ်ချင်။ ဝေးပြီးပေါ့။ ကိုယ်လိုတာနဲ့  ဘာမှကို ရမှာမဟုတ်ဘူး။သူ့ အတွက် လေထဲ သာ တိုက်ဆောက်ပေတော့။

နောက်လူတစ်မျိုးက စ လုပ်လိုက်သေးတယ်၊ ဆက်မလုပ်တော့ ဘာမှ ဖြစ်မလာ။ နောက်ထပ် လူတစ်မျိုးကျတော့ စလုပ်တယ်၊ ဆက်တိုက်လုပ်တယ်။ ဒါပေမယ့် အောင်မြင်သည့်အထိ မလုပ်ချင် အရာက ကောင်းကောင်းမထင် ရေးရေး လောက်သာ ဖြစ်မှာပါ။

နောက်ဆုံး လူမျိုးကျတော့ တကယ့်ကို အပြီးသတ်ထိ အောင်မြင်ကို ကြိုးစားတယ်။ အဲ ဒီသူ ပဲ အောင်မြင်သွားတာ။ ထိပ်တန်းရောက်သွားတာ။ အောင်မြင်သူတိုင်းကို ကြည့်ပါ။ သာမန်ညောင်ည မဟုတ်တာ သေချာတယ်။

ဒါကြောင့်မို့  နိဒါနသံယုတ်မှာ - န စ ဘိက္ခဝေ ဟီနေန အဂ္ဂဿ ပတ္တိ ဟောတိ၊ အဂ္ဂေန စ
ခေါ ဘိက္ခဝေ အဂ္ဂဿ ပတ္တိ ဟောတိ-တဲ့။ ဆိုလိုတာက-

ခပ်ညံ့ညံ့ ၀ီရိယ နဲ့  အောင်မြင်ကျော်ကြား ထိပ်တန်းရောက် လူအသိမှတ်ပြုခံရတယ် ဆိုတာ မရှိဘူး။ ထိပ်တန်းဝီရိယနဲ့  ကြိုးစားလို့ သာ ထိပ်တန်း အမြင့်ဆုံးမှာ ရှိတာပါ-တဲ့။ ၀ီရိယ အလိုက် စီးပွါးရေး ၊ ပညာရေး ၊ ဘာသာရေး နယ်ပယ် အသီးသီးမှာ လူများ၊ ဘုန်းကြီး များ ကွာခြား သွားကြ တာပါ။ ကဲ ဒါဆို ၀ီရိယလည်း သဘောပေါက်လောက်ပီ။

နံပါတ်(၃)က သတိ-တဲ့။ ဒါ က အင်မတိ အင်မတန် အရေးကြီးပါတယ်။
အမှားတွေ ဒလဟော ဖြစ်နေတာဟာ သတိမရှိလို့ ပါပဲ။ အမှားလုပ်မိတာတောင် ငါ့နှယ် မှားလိုက် တာ၊ ဒီ လောက်ပဲ သိတယ်၊ ဘာကြောင့်မှားမှန်းတောင် မသိလိုက်တဲ့ သတိ။

သတိ က ဒီ ၅မျိုးထဲ မှာ ဗိုလ်ချုပ်ပဲ။ နေရာတကာ သူပါမှ အဆင်ပြေတာ။စီးပွါးလုပ်မယ် ဆိုလည်း သတိလိုတယ်။ သတိထားရတယ်။ သတိထားရမယ်။ သူတို့  ဘာလို့ ကြီးပွါးကြသလဲ၊ ပညာရေး အောင်မြင်တယ် ဆိုရင်လဲ သူက ဘာလို့  ဒီလောက်တော်ရသလဲ။ သတိထားကြည့်ပေါ့။

သတိမရှိ တာဟာ နမော်နမဲ့ နေခြင်းပါပဲ။ နမော်နမဲ့ နေသူဟာ န- တော့တာပါပဲ။ တရား အားထုတ် လို့  ပေါက်မြောက်သူဟာ သတိမေ့လျော့တယ် ဆိုတာ မရှိတော့ပါဘူး။ လုပ်လိုက်တဲ့ အလုပ်တိုင်း
သတိနဲ့ သွား၊ လာ ၊ စား ၊ သောက်နေထိုင်ပါတယ်။

အဲဒီတော့-သတိထား ပြောသူ၊
သတိထားလုပ်သူတွေရဲ့ အပြောတိုင်း အလုပ်တိုင်းဟာ အမှန်တွေ ချည်း ဖြစ်တော့တာပေါ့။ ဘုရား စကားဟာ ဒါကြောင့်မှန်တာ။ အဲဒါကြောင့် မြတ်စွာဘုရားက သတိအမြဲ ရှိဖို့ သတိပေးတာပေါ့။ ဒါလည်း ဒီလောက်ဆို နဲနဲ သဘောပေါက်ရောပေါ့။

နံပါတ် (၄) သမာဓိ- စိတ်ဝင်စားမှု လို့  ပြောကြရအောင်။
အလုပ်လုပ်တဲ့ နေရာမှာ စိတ်ဝင်စားရှိဖို့  လိုပါတယ်။ စိတ်မ၀င်စားတဲ့ အလုပ်က မတွင်ကျယ်ဘူး။ ပျင်းဖို့  ကောင်းတဲ့ အလုပ်ဟာ စိတ်မ၀င် စားတဲ့ အလုပ်ပါပဲ။ စိတ်ဝင်တစား ရှိတဲ့ အလုပ်က ပျော်စရာ လို့ တောင် မြင်လာတယ်။ လူပင်ပန်း ပေမယ့် စိတ်က မပင်ပန်းဘူးပေါ့။


အလုပ်ကို အဲလို စိတ်ဝင်တစားလုပ်တယ်၊ ဇောက်ချ လုပ်တယ် ဆိုတာ သမာဓိ ကို ပြောတာပါ။ ဒီလိုဆိုတော့ ကိုယ့် အလုပ်လေးကို စိတ်ဝင်တစား လုပ်သူတွေ အောင်မြင်တာပါပဲ။ ကိုယ့်အလုပ် မဟုတ်ဘဲ တောင်လုပ် မြောက်လုပ် နေရာတကာ ဟိုစပ်စပ် ဒီစပ်စပ် ဆိုရင် တော့ ဆရာကြီး တစ်ဆူ ဖြစ်ဖို့ တော့ မလွယ်ဘူးပေါ့။

အလုပ်ကို အောင်မြင်သွားသူတိုင်း အလုပ်ကို ဇောက်ချ လုပ်သွားသူချည်းပါပဲ။ စိတ်ဝင်တစား လုပ် သွား သူချည်းပါပဲ။ စာအလိုကတော့ သမာဓိကို ဈာန် လို့ ဖွင့်ပါတယ်။ ဈာန်ဆိုတာကလည်း စိတ်ဝင် တစား စိတ်အလုပ်ကို လုပ်နေခြင်း တစ်မျိုးပါပဲ။ နားလည်သလို ပြောကြည့်တာ။ ဒီလောက်ပဲ ထားတော့။ ဒါ့ထက်ကျယ်သွားရင် မှတ်မိမှာ မဟုတ်ဘူး။

နံပါတ် ( ၅) ပညာ- နားလည် သဘောပေါက်မှု ၊
အကင်းပါးမှု ။ အကွက်မြင်တာတွေ။ ဇယားချတတ်တာတွေ၊ အလိုက်သိတတ်မှုလည်း ပါဝင်မယ်ပေါ့။ ကြီးပွါးတိုးတက်ချင်ရင် အဲဒီ ပညာ ရဲ့ ဖွင့်ဆိုချက်တွေ လိုက်နာဖို့  လိုပါတယ်။


ပတ်ဝန်းကျင်ကြည့်လိုက်ပါ။ အောင်မြင်သူတိုင်း ဒီအချက်တွေကို ပိုင်ပိုင်နိုင်နိုင် အသုံးချ တတ်ပါ တယ်။ စီးပွါးလုပ်တာချင်း ပင်ပန်းချင်းတာ အတူတူတောင်မှ ပညာသမားက သာသွားတယ်။ အလုပ်လုပ် တာကတော့ နေ့ တစ်ဓူဝ အတူတူ လုပ်ကိုင်ကျရတာပါပဲ ။ ပညာတတ်တဲ့ အသိုင်းဝိုင်း လုပ်ရတာနဲ့ ။ ပညာနည်းသူတို့  လုပ်ရတာ တစ်နေကုန်ချင်းတူမယ်။ ငွေဝင်တာချင်းတာ မတူတာ ပညာကြောင့်ပါ။ သူများထက် ခေါင်းတစ်လုံးသာချင်ရင် ပညာရှိအောင် ဖန်တီးရမယ်။

မြတ်စွာဘုရား ဟောတဲ့ပညာဆိုတာကတော့ ဖြစ်ပျက် မြင်တဲ့ ဉာဏ်ပညာကို ဆိုလိုတာပါ။ အဲဒီ ပညာကို ရဖို့  ဆိုရင်တော့ တရား မှတ်ဖို့  လိုတယ်။ တရားဆိုတာ တရားတာ လို့ သဘောပေါက်ပါ။ တရားတာမှန်သမျှ အပြစ်ကင်းတယ်၊ ကိုယ့်အကျိုး သူ များအကျိုးရှိမယ်။ ပညာရှိများ သဘောကျတဲ့ လုပ်ငန်းဖြစ်တယ်။ အဲဒါတရားပဲ။

ဒီထက်မက ဆက်ကြိုးစားဖို့ ကတော့ အာနပါန ၀င်လေ ထွက်လေ လေးကို သိနေဖို့ ပါဘဲ။ နှာသီးဝကို လေ အသွင်း အထုတ်လေးကို စိတ်က လွတ်မထွက်သွားအောင် လုပ်ဖို့ ပါဘဲ။ အစတော့ ဟိုရောက် ဒီရောက် ရောက်မှာပေါ့။ နောက်တော့ မလွတ်တော့ဘူး။ အလေ့ကျင့်ပါဘဲ။ လိုပါတယ်။ နိုင်ငံခြားမှာ ပိုပြီး stress တွေ များတယ်။ အိပ်ရေးကမ၀တော့ စိတ်ကတိုလွယ်။ စိတ်ကလည်း မကြည်လင်နဲ့  ဖြစ်ကြတာပါ။အဲဒါတွေ မရှိအောင်ကတော့ ကူညီနိုင်မည့်သူက တရားပဲ ရှိတယ်။ ကဲ စမ်းကြည့်ပါ။ စပ်မိလို့  ပြောတာပါ။ တကယ့်ကို လိုမှန်းသိလို့ ပြောတာပါ။

ဘုရားဖြစ်တော်မူတယ် ဆိုတာ တကယ်တမ်း ပညာ ရသွားတာ။ အဆင့်အမြင့်ဆုံး ပညာပေါ့။ ဒါကို သဗ္ဗညုတဉာဏ်လို့  ခေါ်ပါတယ်။ ဉာဏ်နဲ့ ပညာ က အတူတူပါပဲ။ဘုရားရှင် ၄၅ ၀ါပတ်လုံး လူနတ် ဗြဟ္မာ သတ္တ၀ါ အပေါင်း အတွက် အကျိုးရှိအောင် လုပ်သွားနိုင်တာလည်း ဒီပညာပါပဲ။

ပညာ ဆိုတဲ့ နေရာမှာသာမန်သိတဲ့ အသိ တောင် အကျိုးရှိမယ်ဆိုရင် သူများထက်သာတယ် ဆိုရင် ထိုးထွင်း ဖေါက်မြင်တဲ့ အမှန်တိုင်းအသိကတော့ ဘာပြောဖွယ် အထူးလိုမှာလဲ။ သေချာပေါက် အဆ ပေါင်းများ စွာ အကျိုးရှိမှာပါ။ မြေကြီးလက်ခတ်မလွဲပါ။ ကဲ ဒါပညာ လို့ ခေါ်တယ်ဗျား။

ကိုင်း- ငါးပါးလည်း စေ့သွားပြီ။ ဒီငါးပါးသာ ရှိလိုက်စမ်း ပါ။ တကယ့်ကို လောကီ ရေးမှာ ဖြစ်ချင်တာ ဘာမဆို ဖြစ်နိုင်သလို၊ လောကုတ္တရာ ရေးမှာလည်း ဘာမဆို ဖြစ်နိုင်ပါတယ်။

ကဲ တရားသိမ်းကြမယ်။ဆွမ်းစားဖို့ အချိန်လည်းနီးပြီ။ ဤသို့  ဗိုလ် ရှိရင် ဘာမဆို ဖြစ်နိုင်တယ် ဆိုတဲ့
ဗိုလ် (၅) ပါး တရားတော်ကို နာယူပြီးလျှင် မိမိတို့  သန္တာန်ဝယ် ကိုယ်စီကိုယ်ငှ ဗိုလ်တရားများ ရှိအောင်ကြိုးစားနိုင်ကြပါစေကုန်သတည်း။ ကြိုးစားနိုင်ကြပြီးလျှင် မိမိတို့  လိုလားတောင့်တ ထားကြ သည့် အတိုင်း ကိုယ်စီကိုယ်ငှ ပြည့်ဝစေသော ဟူ၍ ပတ္ထနာ အောင်ဆု ပြုလိုက်ကုန်ရာ သတည်း။
သာဓု သာဓု သာဓု

ကဲ ရေစက်ချကြရအောင်...ရေစက်ခွက်ကိုင်ထား၊ လိုက်ဆို ..
အရှင်ဘုရား တပည့်တော်တို့ သည်..... သတည်း။

အမျှ ပေးဝေ လိုက်ကြရအောင်...
အမျှ အမျှ အမျှ ယူတော်မူကြပါ ကုန်လော...(၃)ကြိမ်

သာဓု သာဓု သာဓု(၃)ကြိမ်
အမျှပေးဝေပြီးနောက် သာဓု (၉)ကြိမ် ခေါ် ပြီး တရားဟောမှု ဆိုင်ရာပြီးသွားတယ်။ အဲဒီနောက် ဆွမ်းဘုဉ်း ခဲ့ပါတော့တယ်။

မှတ်ချက်။ ။မြူးနစ်မြို့ ၊ မြန်မာမိသားစုများအား(၂၄၊ ၀၁၊ ၂၀၁၀) နေ့ က နေ့ ဆွမ်း အနုမောဒနာကို
ပြန်လည် တင်ပြခြင်းဖြစ်ပါတယ်။ ဟောတုန်းက ပါဠိများ မရွတ်ခဲ့ပါ။ ခုထည့်လိုက်ခြင်းမှာ မှတ်သား လိုသော ဓမ္မမိတ်ဆွေတို့ ကို ကျမ်းလာအတိုင်း သိရှိစေဖို့  ရည်ရွယ်ကာ ထည့်လိုက်တာပါ။ အဓိပ္ပါယ် ကိုသာ ကိုယ်ဒကာဒကာမ များ နားလည်ဖို့  လိုရင်းဟောလိုက်ပါတယ်။ ဟောရာမှာလည်း ရင်းရင်း နီးနီး စကားပြောဟန်နဲ့ ဘဲ ပြောပါတယ်။ နားမလည်ရင် မေးဖို့ လည်း စကားလမ်း ဖွင့်ပေးထားတယ်။ နာတဲ့သူတွေကလည်း မျက်စိပိတ်ထားတာ မဟုတ်သလို ဟောတဲ့သူကလည်း မျက်စိဖွင့် လျက်သာ ဟောပါတယ်။ နားလည်တယ် ထင်မှ ရှေ့ ဆက်သွားတာပါ။ အတော်အဆင်ပြေတယ်။ နာတဲ့သူရော ဟောတဲ့သူပါ လွတ်လွတ်လပ်လပ်ပါဘဲ။ သူတို့ ကလည်း သဘောပေါက်ကြောင်းပြောတော့ ဟောတဲ့သူကလည်း ကျေနပ်ရပြီပေါ့။



မြတ်ရောင်နီ
(၂၉၊၀၁၊၂၀၁၀)





Tuesday, January 26, 2010

လူ့ ဘောင် ၊ ရဟန်းဘောင်

အဂါရသ္မာ - အနဂါရိယံ
အိမ်ယာတည်ထောင် လူ့ ဘောင်မှသည် အိမ်ယာ မထောင် ရဟန်းဘောင်သစ်ဆီသို့ 

ဒီစကားလေးက ဘုန်းကြီးတော်တော်များများ ပြောကြတယ်။ ဘုန်းကြီး တော်တော်များလည်း ဟောလေ့ ဟောထ ဖြစ်တဲ့ ရဋ္ဌပါလသုတ္တန် ကို နာဘူးကြပါလိမ့်မယ်။ ဒီပါဠိကရင်နီးနေလောက်ပါပီ။ ဒီသုတ္တန်ကို နာမည်ကြီး ဓမ္မ ကထိက မှ မဟုတ်ပါ။ တောတော ရွာရွာ ဘုန်းကြီးများမဖြစ်မနေ အလွတ်ရ ထားရတဲ့ သုတ္တန်ပါ။ မဖြစ်မနေလို ဆိုလိုက်တာကလည်း ရှင်ပြုပွဲ၊ ရဟန်းခံပွဲ ဆိုရင် သာသနာရဲ့ အထက်တန်းကျပုံ။ မြင့်မြတ်ပုံ နဲ့ သာသနာ ရဟန်း တစ်ပါး ဖြစ်ဖို့  မိဘများကို (၇)ရက်ဆက်တိုက် အစာငတ်ခံ ဆန္ဒပြပြီး ရဟန်းပြုခဲ့သူ အကြောင်းပေါ့။ ဒီလောက် အစဖေါ်ပေး ရပြီ။ လုံလောက်ပြီ။

ဘာပြုလို့ သာသနာကို ဟိုရှေးရှေးက စပြီး ယခုထက်တိုင် သဘောပေါက်သူတို့  မြတ်နိုးတန်ဘိုး ထားကြသလဲ။ တကယ်မြင့်မြတ်လို့ ပဲ လို့  အဖြေကို တိုတိုတုတ်တုတ် ထိထိမိမိ နဲ့  ဖြေလိုက်ပါရစေ။

ခုလို ရေးလိုက်တာ အဂါရသ္မာ နဲ့  အနဂါရိယံ ဆိုတဲ့ စကားလုံးလေးကို စေ့စေ့ စပ်စပ် လိုက်စဉ်းစားမိ ခဲ့လို့ ပါ ဘဲ။ မြန်မာက ဘာသာပြန်တာ တွေးကြည့် အိမ်ထောင်မယ်။ ယာထောင်မယ်။ ဒါက လူ့ ဘောင်ရဲ့  အလုပ်ပါ။
ယာထောင် ဆိုတဲ့ စကားကတော့ တောသူတောင်သား ကို ဦးစားပေးပြီး ဘာသာပြန်ကြတာပါ။ မြို့ နေ လူတန်းစားတို့  ယာထောင်ဖို့  စိတ်ကို ကူးမိမယ် မထင်မိဘူး ။ ယာလုပ်တာကိုလည်း သူတို့  စိတ်ဝင်စားမှာ မဟုတ်။ လုပ်လည်း လုပ်နိုင်ဖို့ မလွယ်။ မြို့ မှာလို နေရိပ်ထဲ မဟုတ်တာကိုး။

ပြီးတော့ ဘုရားကလည်း တောမှာ မွေးဖွား၊ တောမှာ ဘုရားဖြစ်။ တောမှာ တရားဦးဟော။တောမှာ ပရိနိဗ္ဗာန် ပြုတယ်။ တောမှာနေတဲ့ ရဟန်းကို အထူးတလည် ခြိးမွမ်းထားတာ တွေ့ ရတယ်။ ဒါကြောင့်မြန်မာဆရာတော် များကလည်း အဋ္ဌကထာ အဖွင့်များနဲ့  အညီ အိမ်ထောင်၊ ယာထောင် ဆိုတာကို အိမ်ယာတည်ထောင် လို့  တွဲသုံးတာ ဖြစ်လောက်ရဲ့ ။

အိမ်ထောင် မှ အိမ်အရောင် တက်စေဖို့ -
အိမ်ထောင် လို့ ဆိုတာမှာလည်း အိမ်ကို အသစ်ထူထောင်တာတာ ဖြစ်နိုင်သလို ၊ အိမ်ထောင်ကျခြင်း လို့ လည်း အဓိပ္ပါယ် ယူမည် ထင်ပါတယ်။ အိမ်ကို အသစ်ထူတာကလည်း အကုန်ကျ မသေး။ ထူထောင်နေသူများကို ရှင်းပြဖွယ်လိုမည်မထင်။ အိမ်ထောင်ကျခြင်း ဆိုတဲ့ စကားလုံးကလည်း ကိုယ့်အတွက် စိတ်ဝင်စားသွားတယ်။ အိမ်ထောင်ကျတာတဲ့။ စဉ်းစားစရာ။ လင်မယားဖြစ် သွားတယ် ။ ဘာလို့  ထောင်ကျသွားတယ်လို့ သုံးတာလဲ။ အလုပ်တွေ ပိုရှုပ်သွားလို့ လေလား၊ သားရေး သမီးရေး တွေ ပိုလာမယ် ဆိုတော့။ ဟုတ်တော့လဲ ဟုတ်သား။ လောကီလူသားပဲ။ မညားကြဘဲ ကိုယ့်ဖာသာ ဒီတိုင်း လူပျိုကြီး အပျိုကြီးသာ နေကြည့်စမ်းပါလား၊ ခုလို ကမ္ဘာမှာ လူဦးရေ တိုးစရာ အကြောင်းကို မရှိဘူး။

ဒီလို လည်း ထင်ပါရဲ့ ။ဗုဒ္ဓဘာသာ ရှုထောင့်ကနေပြီး ရှေးရှေးသူတော်ကောင်းတို့ က အိမ်ကိုထောင်သဖွယ်မြင်မှ လွတ်မြောက်အောင် ကြိုးစားကြစေဖို့  ပြောခဲ့ ဆိုခဲ့လေသလား။ စာတစ်ခုကလည်း ရှိသေးတယ်လေ။ သမ္ဗာဓော ဃရာဝါသော- လူ့ ဘောင်ဟာ ကျဉ်းမြောင်းတယ်-တဲ့။အိမ်ကျယ်ချင်ကျယ်မယ်။ ခြံပါရှိချင်ရှိမယ်။ စိတ်ရှုပ်စရာ တွေများသမို့  ကျဉ်းမြောင်းတာလို့  ဆိုရမယ်ပေါ့။ ဒီစကားနဲ့ များ ဆက်စပ်နေမလားပေါ့။ တွေးကြည့်တာပါ။

ကိုယ့်အနေနဲ့ ကတော ချစ်ကြိုက်သူ နှစ်ဦး ညားတာကို သဘောကျမိပါတယ်။ ချစ်ချစ်ခင်ခင်နဲ တစ်ယောက် လုပ်မည့် ဟာ နှစ်ယောက်အတူ အလုပ်လုပ်တော့ အလုပ်ဖြစ်တာပေါ့။ ပိုပြီး တွင်ကျယ်မှာပေါ့။ အင်း- နောက် တစ်ခု ပြောရရင် အဲလို မောင်တစ်ထမ်း မယ်တစ်ရွက် အဖြစ်မျိုး လက်တွဲမှုမရှိခဲ့ရင် မာတာပိတု ဥပဋ္ဌာန မင်္ဂလာ၊ ပုတ္တဒါရဿ သင်္ဂဟ မင်္ဂလာတွေ ပေါ်လာစရာ အကြောင်းမရှိ။ ဖြစ်လာမှာမဟုတ်တော့ဘူး။ ဘုရားတောင် မင်္ဂလာတရားတော်မှာ ထည့်ဟော ထားတာ မဟုတ်ပါလား။

ရွှေမြန်မာတို့  ညားခြင်း အခန်းနားကို မင်္ဂလာဆောင်တယ် ပြောထားမဟုတ်လား။ မင်္ဂလာဆိုတာ ကိုကတည်းက ကြီးပွါးခြင်း၊ တိုးတက်ခြင်း လို့  အဓိပ္ပါယ်ရတယ်။ နှစ်ယောက် ပေါင်းမိရင် တိုးတက်တော့မယ်ပေါ့။ နောက်အဓိပ္ပါယ် တစ်မျိုးက မကောင်းတာတွေ မလုပ်ဖြစ်ဖို့ ၊ ကောင်းတာ တွေလုပ်ဖြစ်ဖို့  ဆိုတာလည်း ဖွင့်ဆိုထားပါတယ်။ အဲဒါလည်း မှန်တယ်။ ကိုယ့်ဖာသာ တစ်ယောက်တည်း နေရင် မကောင်းတာလေး အသေးမွှားကိုလည်း လုပ်ဖြစ် မယ်။ မညားသေးဘူး ရည်းစားဖြစ်ပါပြီ ဆိုကတည်းက အရက်မသောက်ရဘူး၊ ဆေးမသုံးရဘူး၊အလောင်း ကစား မလုပ်ရဘူး လို့  ချစ်သူကပြောလိုက်ရင် နားထောင်ရတယ်လေ။ ရည်းစားပြောတော့ တစ်ခဏ ဆိုထားပါရောလား။

အဲ- အဲလိုဆိုတော့ ချစ်သူဘ၀တောင်မှ ချစ်သူကြောင့် မကောင်းတာ မလုပ်ဖြစ်ဘူးဆိုရင် တိုးတက်သွားတာပေါ့။ နောက်တစ်ခု ကြားဘူးသေးတယ်။ ခုခေတ် လူငယ်စာရေးဆရာ ဘုန်းကြီးတစ်ပါး ရေးထားတာ ဖတ်ဖူးရဲ့။ ကောင်မလေး က ကောင်လေးကို တရားထိုင်တဲ့၊ ဥာဏ်စဉ်နာပြီးရင် အဖြေပေးမယ်တဲ့။ ကိုင်း- ကောင်းတာ လေးတွေလည်း တရားအလုပ်ဖြစ် မသွားပေဘူးလား။ ဒါက မိန်းခလေးတွေဘက်က ကောင်လေးတွေကို တိုးတက်စေတာပေါ့။

ကောင်လေးတွေကလည်း မိန်းခလေးတွေရဲ့  အားနဲချက်တွေကို ဒီလိုဘဲ ပြင်ခိုင်းတတ်ပါတယ်။ ငါ က ဒါမကြိုက် ဘူး ဆိုရင် မိန်းခလေး ချက်ချင်း ပြင်ခိုင်းလို့ ရသွားတယ်။ မိန်းခလေးချင်း ကြိုက်သလောက် ပြော၊ နားမထောင်ပေ မယ့် သူ့ ရဲ့ ကောင်လေး မကြိုက်မှာစိုးလို့ ချက်ချင်း ပြင်ရရှာတယ်ပေါ့။ ဒီလိုနည်းနဲ့ အချင်းချင်း တိုးတက် အောင် လုပ်သွားကြတာပါ။

ဒါက အိမ်ထောင် ဆိုတဲ့ဟာကို အိမ်အရောင်တက်အောင် လုပ်တဲ့ နည်းပေါ့။အဲလို မဟုတ်ခဲ့ရင် အိမ်မှောင် မယ်နော်။ အိမ်အရောင်လင်း ရှင်းကြပါစေပေါ့။


အိမ်ယာ မထောင် ရဟန်းဘောင်-
တွေးကြည့်ကြပါ။ အိမ်ယာမထောင်ဘူးဆိုတော့။ တကယ်လား။ အိမ်မထောင်ဘူးဆိုတာ - ဘုန်းကြီးနေ တော့ မြန်မာ အခေါ်ဝေါ် အိမ်မဟုတ်တော့ ကျောင်းဖြစ်သွားတာပေါ့။ ပါဠိက လည်း အဲလို ခွဲခြားထားတာပါပဲ။ဂေဟ၊ ဃရ၊ အဂါရ- အိမ်။ သေနာသန၊ ၀ိဟာရ- ကျောင်း တဲ့။ ထင်ရှားတဲ့ ပါဠိတွေ ပြောတာပါ။ ပါဠိကလည်း အနက် အဓိပ္ပါယ်တူ ပါဠိတွေ အများကြီး ရှိပါတယ်။

ခု အနဂါရိယံ- အိမ်ယာမထောင် ရဟန်းဘောင် လို့  မြန်မာဘာသာပြန်ဆိုတယ်။ စာအလိုကတော့ အိမ်မရှိရာ ဖြစ်တဲ့ ရဟန်းဘ၀ လောက်ပါဘဲ ဘာသာပြန်ရမယ်။ ဒီလိုဆိုတော့ အိမ်ဆိုတာလည်း နေဖို့ ပဲ၊ ကျောင်းဆိုတာ လည်း နေဖို့ ပဲ။ နေစရာမရှိရာ ရဟန်းဘောင်လို့  မဆိုဘူး။

ရဟန်းဖြစ်ပြီးပြီးချင်း သိမ်မထွက်ခင် ဆရာဥပဇ္ဈာယ် များက မှီရာ ၄ပါးဆိုပြီး သွန်သင်ပါတယ်။ ဆွမ်း သင်္ကန်း ကျောင်း ဆေး နဲ့  ပါတ်သက်လို့ ပေါ့။ ဒီနေရာမှာ ကျောင်းနဲ့  ပါတ်သက်လို့ ပြောချင်ပါတယ်။ သစ်ပင်ရှိရင် ကျောင်းပဲ- တဲ့။ ဘုရားကိုယ်တော်တိုင် ဘုရားမဖြစ်မီ သစ်ပင်အောက်တွေ သီတင်းနေထိုင်တော်မူသွားခဲ့တာ မဟုတ်ပါလား။

ကိုယ့်ပုဉ်းကံ ရှိလို့ ၊ ပုဉ်း ကံကြီးလို့  လှုဒါန်းသူရှိရင် ကျောင်းအမျိုးမျိုး ဆောက်လုပ် လှုဒါန်း တာတွေကို လက်ခံ လို့  ရပါတယ်။ ဒီလိုဆိုတော့ ကျောင်းလို့  ဆိုတဲ့ နေရာကို အထူး ကြောင့်ကြဖွယ် မလိုတော့ဘူးပေါ့။ ဒါပေမယ့် ကိုယ့်ဖာသာ ကျောင်းဒါယကာ သီးသန့် မရှိပါပဲ ကျောင်းကြီးကြီး တည်ထောင် တာမျိုးကို ဘုရား ခွင့်မပြုပါဘူး။

ကိုယ့်ဖာသာ ကျောင်းကြီးကြီး တည်ထောင်လို့  ပြောလိုက်တာဟာ ငွေကြေးစုပြီး ကျောင်းဝယ်ခြင်း၊ အလှူခံ ကြမ်းခြင်းများကို ဆိုလိုပါတယ်။ ဒကာ ဒကာမတို့ က အလိုက်တသိ လှူဒါန်းပါက ဘာမှ အပြစ်ပြောဖွယ်မရှိ။ အနာထပိဏ်သူဌေးကျောင်း ၅၄ကုဋေ၊ ၀ိသာခါ ပုဗ္ဗာရုံကျောင်း ၂၇ ကုဋေ အကုန်ကျခံ လှူကြတာကို ကြည့်ပါ။ သူ့ အလိုလို လှူဒါန်းတာမျိုး ဘုရားလက်ထက်ကလည်း ခွင့်ပြုပါတယ်။ ဘုရားကိုယ်တော်တိုင် လက်ခံပါတယ်။

ဒါကို ကိုယ်တိုင်ကျောင်းကြီးကြီးထောင်တယ်လို့ မဆိုသာ။ ဒါကြောင့်လည်း ဘုရားရှင်က ကျောင်းနဲ့ ပါတ်သက်လို့ သံဃာဒိသေသ၊ ဆဋ္ဌမမြောက်နဲ့  သတ္တမမြောက်သိက္ခာပုဒ်ကို အထူးပညတ်တော်မူပါတယ်။ ကျောင်းကြီးကြီး ဆောက်လုပ်တဲ့ ရဟန်းများ အလှူခံကြမ်းမှုကြောင့် ရဟန္တာရှင်မြတ်ကြီး အရှင်မဟာကဿပ ဆွမ်းခံကြွတာ တောင် အဲဒီမြို့ ကလူတွေက ထွက်ပြေးကြလေရဲ့ ။ တံခါးကိုလည်းပိတ်ထားကြ။ မျက်နှာလွဲကြ ဖြစ်ပါရောလား။ ရဟန်းမြင်ရင် ထိတ်လန့် တာပေါ့။ လှူရမှာ များလာတာကို။ မြန်မာပြည် အလှူခံလာခြင်း သည်းခံပါ ဆိုင်းဘုတ် တံခါးဝ ရေးဆွဲ ထားသလို မျိုးလိုပေါ့။ ( အကျယ်ကို လူများအဖို့  ဘုရားဥပဒေတော်ကြီး သို့ မဟုတ် ၀ိနယ ပါရာဇိကပါဠိ မြန်မာပြန် ဖတ်ရှုကြလေကုန်။)

ဒီနေရာမှာ ကျောင်းတည်ထောင်ခြင်းသည် ကျောင်းထောင် မဖြစ်ဖို့  သိလိုရင်းပါ။ ကျောင်းထောင်ဆိုတာ ဒီကျောင်းအတွက်နဲ့  ကျောင်းပြီးအောင် ပထမဦးစွာ ကျောင်းထောင်သည့် ရဟန်းကိုယ်တိုင် လူပင်ပန်း စိတ် ပင်ပန်း မယ်၊ နီးစပ်တဲ့ ဒကာ ဒကာမတွေလည်း မနိုင်ဝန်ပေးပြီး ဒကာဒကာမတွေ ပင်ပန်းမယ်ဆိုရင်အဲဒီကျောင်းက ပြီးလျင်ပြီးသွားပေမယ့် ကျောင်းထောင်လို့ ပင် ဆိုရမည်သာ။

ခုတော့ အနယ်နယ်အရပ်ရပ်မှာ ကျောင်းဒကာမရှိပါဘဲ မတန်တဆ ကျောင်းကြီးများလည်း ဆောက်နေကြပါ တယ်။ အသုံးဝင် အသုံးကျတဲ့ ကျောင်းများကို မတန်မဆ မဆိုလိုပါ။ တစ်ချို့  ကျောင်းများမှာ သံဃာက နည်း နည်း၊ ကျောင်းကြီးက ဟီးနေသည်။ တစ်ခါတရံ မှ အသုံးပြုတဲ့ ကျောင်းမျိုးပေါ့။မတန်တဆ အလှူခံခြင်းမျိုးလည်း ပါဝင်တယ်။

ယာ ထောင်မရှိရာ ရဟန်းဘောင်တဲ့။ တစ်ချို့ တောအရပ်တွေ မှာ ဘုန်းကြီး သိပ်ရှားသွားပြီ။ ရှားသွားတာနဲ့ အမျှ ကိုယ့်ဘုန်းကြီး ကိုယ်ရပ်ရွာမှာ တည်မြဲရေး မနည်းကြိုးပမ်းနေကြတယ်။ အချို့ ရွာလေးက ပေါက်စ ဆိုတော့ မြို့ မှာ နေနေကြတဲ့ တောဘုန်းကြီးတွေက တောကို မပြန်ချင်တော့။ ရွာသားတွေရဲ့  ကျောင်းက လေလုံ မိုးလုံ သာသာလေး ရှိတာ ဆိုတော့ စိတ်မ၀င်စား။ ရွာသားတွေကလည်း ကိုယ်တိုင် မလှူနိုင်တဲ့ အခါ။ ဘုန်းကြီး ယာ ဆိုပြီး လုပ်ကိုင်ပေးကြပါလေရော။ ဘုန်းကြီးကိုယ်တိုင် ဘာမှ လုပ်စရာတော့မလိုပါ။ ရွာသားများ အသီးသီး မျိုးစေ့ကျဲချ၊ ရေလောင်းပေါင်းသင်၊ ပြီးသည်အထိ တာဝန်ယူပြီး လိုအပ်ရာရာကို ကျောင်း အတွက်လှူဒါန်းကြ တာပါ။ ဒါမျိုးကို ယာထောင်တယ်လို့  မဆိုသာ။ နာမည်လောက်သာ ဘုန်းကြီးယာ။

ကိုယ်တိုင်ထွန်ခြင်း ပေါင်းသင်ခြင်းမှ အစစအရာရာ လုပ်မည်ဆိုရင်တော့ ဘုန်းကြီး ယာထောင်ခြင်း လို့ သာဆိုရ ပါမယ်။ ယာထောင်သည့် ဘုန်းကြီး ရှိမရှိ ကိုတော့ ကိုယ့်ဖာသာ စုံစမ်းကြပေါ့။

ဒီဆောင်းပါး ရေးဖြစ်တာက ဒီလိုပါ။ ဟိုတစ်လောလေးက အနဂါရိယံ- အိမ်ထောင်မကျရတဲ့ ရဟန်းဘ၀၊ စိတ်ထောင် တော့ မလွတ်သေး။ ရဟန်းဘ၀ဆိုတာ စိတ်ထောင်က လွတ်ဖို့ ပါဘဲ- လို့  ဂျီထော့မှာ မက်ဆေ့ လည်း တင်ထားခဲ့တယ်။ အဲဒီလို တင်ထားတော့ သူငယ်ချင်း တစ်ပါးက ထောင်ဝင်စာ လာတွေ့ တာ ဆိုပြီး နောက်တောက်တောက်ပြောတယ်။ ပြီးတော့ ဒါမျိုးကတော့ ငါလည်း ကျလိုက်ချင်ရဲ့ တဲ့။ သူထင်တာက ဥရောပနေတာ ကို စိတ်မလွတ်လပ် စိတ်ညစ်နေရတယ် ထင်လို့ လေလား၊ သို့ မဟုတ် ဥရောပမှာ နေတော့ ၀င်ငွေတွေ လျှံနေတယ် မြင်မိလို့ လေလား- ကိုယ့်အတွေးပေါ့။ဒီလိုထင်ခဲ့မယ်ဆိုရင် နှစ်ခုစလုံး တစ်ခြားစီပါ။

နောက်ထပ် သူက ပြောသေးတယ် ။ ဘုန်းကြီး လူထွက်တစ်ယောက်ကို ဘုန်းကြီးတစ်ပါးက ပြောတာ။ မင်းနဲ့ ကွာ လူထွက်ရသလားပေါ့။ လူထွက်ကလည်း ပြောလိုက်တယ်။ တပည့်တော်က သာသနာပြုတာဘုရာ။ကိုယ့်ဘာသာ မသက်ဝင်သေး၊ စိတ်မ၀င်စားသေး-တဲ့ သူကို ဘာသာတရားနားလည်အောင် ကိုယ့်ဘာသာ ဖြစ်အောင် လုပ်ပေး တာတဲ့။

အဲဒါနဲ့  ဘုန်းကြီး က အင်း ဒီလို သာသနာတာတော့ ငါဘဲ ပြုလိုက်ချင်ရဲ့ တဲ့။ ကဲ - လုပ်ပေါက်။ ဒကာ လူထွက် ပြောသလိုပဲ သာသနာဆိုတာ သွန်သင်တာပါ။ အမှောင် ကို မီးမောင်းထိုးပြခြင်းလို့ ပြောရပါမယ် ကိုယ့်ကို ပြော တဲ့ ရဟန်းက သူ့ ဖာသာ ပြောပြီး၊ သဘောကျရှာလေရဲ့ ။ ကိုယ်က လည်း မျောလိုက်ပြီး ရယ်ခဲ့တာပါပဲ။ မရယ်ချင်ဘဲ ရယ်တော့ ရယ်စရာကြီး။

ကိုယ်ရေးထားတဲ့ အကြောင်းက အိမ်ထောင်မကျပေမယ့် ကိုယ့်စိတ်တွေက ဒိဋ္ဌိအမြင်မှ စပြီး ကျန်တဲ့ လောဘ ဒေါသ မောဟတွေ ဟာ သံတိုင်ရဲ့  အတွင်းမှာ နေကြရတာပါ။ ဒါကို ကျော်လွှားချိုးဖျက်ပြီးရင် လွတ်မှာပါ။ ကိုယ်တိုင်ပဲ လွတ်အောင် ရုန်းကြတာပါပဲလေ။ ဘုရားက နည်းလမ်းသာ ပြတာပါ။

တကယ်လို့ သာ သူ့ ဒီလို ပြန်ပြောလိုက်ရင် စိတ်ဆိုးမလား မသိဘူး ။ အရှင်ဘုရားက နှစ်ကြီးသမား - ပါဘုရား။ ဘာလို့ လဲ ဆိုတော့ သူမေးတာက သံတိုင်အတွင်း စကားတွေပဲလေ။ လွတ်မယ့် စကား မဟုတ်ဘူးလေ။ နှစ်တွေ ရှည် လျားမယ့် စကားပဲ။ တပည့်တော် ခုဟာက နေ့ စဉ်လွတ်ဖို့  လုပ်နေ တယ်လို့  ပြောလိုက်ရင် စကားက သူနဲ့  အ၀င်ဂွင်ကျ ဖြစ်ရင်တော်ရဲ့ ။ ပြန်ဆော်တယ်ဖြစ်နေဦးမယ် စိုးမိသေး။ ခတ်မဆိတ်လေးဘဲ နေခဲ့ရတယ်။ စကားဆိုတာ ဟာလည်း သူတစ်ဖက်သား အကျိုးရှိမှ ကောင်းတာပါ။

ကိုယ်တော်ရေ ပြန်မပြောဘူးနော်။ ပြန်ဆော်တယ်- ဖြစ်မစိုးလို့  လူများ ကြားအောင်ပဲ လူကြားထဲ အော်ထည့်လိုက်တာပါ။မကြားချင်ယောင်ဆောင်နေပါ ဘုရား။

ရှင်းလောက်ပြီနော်။ အိမ်ယာတည်ထောင်ခြင်း မထောင်ခြင်းများ ကိုယ့်သိသမျှ ဖြန့် ဝေပေးခြင်း သက်သက်ပါပဲ။
အမြင်ရှင်းသန့် ပါစေ...




မြတ်ရောင်နီ
(၂၆၊၀၁၊၂၀၁၀)




Sunday, January 24, 2010

တရားပွဲ အပြီးမှာ အမှတ်တရ



ဆောင်းပါးထဲ မှာ ပြောခဲ့သည့် အတိုင်း သပ္ပါယ်လှစွာ မြန်မာ ဗုဒ္ဓရုပ်ပွါးတော်။
တဝေ ဝေ ဝေ- မပီကလား ပီကလား အသံထွက်သော ၊
ကြေးစည်မဟုတ်သော ၊ ကြေးစည်သံ အနံ့ အသက်သာ အသံထွက်သော၊
တရားထိုင်ရာဝယ် အချက်ပေးသော ကြေးခွက်။ လိုအပ်ရာရာ ပရိက္ခာရ။
၎င်းတို့ နှင့်အတူ ဥရောပ ဓမ္မကထိက လို့ ပြောလိုက်ရလေ မလား၊
မခန်းနားသော ဓမ္မာသန ၀ယ် ခန်းနားသော တရားတော်များ ဟောကြားအပြီး
တစ်ကိုယ်တော်။ အဲ- တစ်ပါးတည်း အမှတ်တရ မှတ်တမ်း တင် ဓာတ်ပုံ

မြတ်ရောင်နီ
(၂၄၊၀၁၊၂၀၁၀)

အမြတ်ဆုံး အလှူ



ဒကာ ဒကာမများအတွက် ကိုယ်က တရားဟောခြင်း ဓမ္မဒါန။
သူတို့ က ပြန်လည်ကာ တရားပွဲ အပြီး -
တန်ဖိုး ဖြတ် မရကောင်းသော အမြတ်ဆုံး
ဓမ္မဒါန စာအုပ်များကို စာကြည့်တိုက် အတွက် -
လှူဒါန်းခြင်း အမှတ်တရ။(၁၁၊၀၁၊၂၀၁၀)

မြတ်ရောင်နီ
(၂၄၊၀၁၊၂၀၁၀)

တရားပွဲ အပြီးမှာ အမှတ်တရ



ဒါက- ရောက်ခါစက တရားဟောပြီး ဂျာမန် ဗုဒ္ဓဘာသာ အသင်းသူအသင်းသားများနဲ့ 
အမှတ်တရ ရိုက်ခဲ့တဲ့ ပုံပါ။ တစ်ပါးက အတူနေရဟန်း။ နောက်တစ်ပါးက စိတ်ဝင်စား
စရာ။ ကိုရင်မ ပြောမလား၊ မကိုရင် လို့  ပြောမလား။ ထေရ၀ါဒ ကိုရင်(မ) ပေါ့။
မြန်မာနိုင်ငံက အထင်ကရ ဆရာတော်တစ်ပါး ကိုရင်ဝတ်ပေးထားတာပါ။
မြန်မာ ဘုန်းကြီးများ ၀တ်သည့် မြန်မာသင်္ကန်းဝတ် ရုံသုံးစွဲပါတယ်။



( ပြီးခဲ့တဲ့ အပတ်က အာလုံးနဲ့  ဓာတ်ပုံ ထပ်မရိုက်ဖြစ်ခဲ့ပါ။)

မြတ်ရောင်နီ
(၂၄၊၀၁၊၂၀၁၀)

Friday, January 22, 2010

ဂျာမဏီမြေပေါ်က ခြေလှမ်းများ- ၈

တရား ပွဲ အတွေ့ ကြုံ

တစ်နေ့  ကပေါ့။ အတိကျပြောရင် ( ၁၁၊၀၁၊၂၀၁၀)။ DBU ဂျာမန် ဗုဒ္ဓဘာသာ အသင်းသူ အသင်း သား များ က ဦးစီး ဦးဆောင် ပြုလုပ်ကြတဲ့ တရားပွဲပါ။ ကြေငြာထားတဲ့ အတိုင်း မြူးနစ်မြို့ မှာ သတ်မှတ် ထားတဲ့ နာရီ ၊ အတိကျ တရားဟော သွားခဲ့ရပါတယ်။ တရားပွဲ သွားရ တယ် ဆိုတော့
မြန်မာ နိုင်ငံ နာမည်ကြီး ဓမ္မကထိက များလို ကိုယ်ပိုင် ကားနဲ့ လည်းမဟုတ်။ သူတို့  လာပင့်ကြတာ လည်း မဟုတ်။ အသင်းသူ အသင်းသားများမှာ ကားကတော့ အများစု ရှိပါလိမ့်မယ်။ ဒါပေမယ့် ကား နဲ့ ပင့်တာတွေဆိုတာ အလေ့အထ မရှိသေးတော့ လာပင့်တာတွေ အထူးတလည် မရှိဘူး။ ဒီလိုနဲ့  ကိုယ်မှာအသင့် တစ်လအတွက် ယူရို၆၁ယူရို ငွေကြေးပေးရတဲ့ လက်မှတ်နဲ့  သွားခဲ့ရပါတယ်။

ဟိုတရားပွဲ နေရာ ရောက်ပြီဆိုတာလည်း အပေါ့ပါးသွား၊ တီးသောက်ပြီး။ ခင်းထားတဲ့ နေရာမှာ ထိုင်ပြီး နေရာယူပါတယ်။ တော်သေးရဲ့  တရားနာမည့် သူတွေထဲမှာ အချို့ ကလည်း အတော်လေး ဗုဒ္ဓဘာသာနဲ့  ရင်နီးတော့ တီးလောက်တော့ ကပ်ဖေါ်ရတယ်။ တီးဆိုတာကလည်း မြန်မာလိုဆို ရေနွေးကြမ်းပေါ့။ နွားနို့ မပါ၊ သကြားမစွက် ဘလက်တီးသက်သက်ကိုသာ သောက်ခဲ့ရပါတယ်။

တရားပွဲ စမည်ဆိုတာနဲ့  မြန်မာဘုရားဆင်းတုဘက် ကို လှည့်ပြီး သုံးကြိမ် ဘုရားရှိခိုးတယ်။ ဘုရားရှိခိုး ဆိုတာက ထိုင်း ဘုရားဝတ်ပြု ဆိုသလိုမျိုးရဟံ သမ္မာသမ္ဗုဒ္ဓေါ ဘဂ၀ါ၊ ဗုဒ္ဓံ ဘဂ၀န္တံ အဘိဝါဒေမိ - စတာလေးတွေ ဆိုပြီး ဦးချတာ။ ထိုင်းတွေက အရင်ဦးနှင့်တာကိုး။ အရင်သင်ထား နှင့်တာကိုး။ အသင်းသားထဲမှာလည်း ဦးဆောင်တဲ့သူ တစ်ဦးက လူထွက်လေ။ ထိုင်းလူထွက်ဆိုတော့ ထိုင်းဘုရားရှိခိုးပေါ့။ ကိုယ့်အနေနဲ့ ကတော့ ကိုယ့်အလို မဖြည့်ခင် သူတို့  လုပ်နေကျ အပြစ်မရှိတာမို့  သူတို့ နဲ့ အတူ ရောချလိုက်တာပေါ့။ ဘုရားရှိခိုးပါပဲလေ။

အဲလို ဘုရား ရှိခိုးပြီးနောက်မှာတော့။ တရားထိုင်ဖို့  တဝေ ဝေ....ဝေ ကြေးစည် အသံထွက်တဲ့ ကြေးခွက်ကို သုံးကြိမ် ကိုယ်ကခေါက်ပြီး သတိပေးတယ်။ ပြီးတော့ လည်း တစ်ခါပြန်ခေါက်ပေါ့။ တရားထိုင် ၁၅မိနစ်ထိုင်ခဲ့ပါတယ်။ ကိုယ့်စိတ်လည်း ငြိမ်းအေး၊ သူတို့ စိတ်လည်း ငြိမ်းအေးပေါ့။ အားလုံးအတွက် ငြိမ်းသွားပြီဆိုတာနဲ့ နမော တဿ သုံးကြိမ်ရွတ်ပြီး တရားပွဲ ဖွင့်ကြမယ်ဆိုပြီး ဆိုကြပါတယ်။

ပြီးတော့ ရှင်းပြခဲ့တယ်။ မြန်မာပြည်မှာ သင်တန်းကလပ်စ်တွေကိုလည်းဒီလို စကြတယ်။ စာရေးတဲ့ နေရမှာလည်း နမော တဿ စပြီး ရေးကြောင်း ကိုယ့်အကြောင်းကို စုံလင်အောင် ပြောပြခဲ့တယ်။ အဲဒါကြောင့် ကျောင်း ကိုယ်စာသင်ပေးတဲ့ အခါမှာလည်း ဒီလိုဘဲစတယ်။ ဘုရားကို အလေးတယူ အရိုသေပေးတာ ဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။

တရားပွဲ ကို အင်္ဂလိပ်လို ဟောတော့ အားလုံးက နားမလည်။ နားမလည်တာက ကိုယ့်ရဲ့  အသံထွက် ညံ့ဖျဉ်း မှုကြောင့်လည်း ပါပါ လိမ့်မယ်။ သူတို့ ကိုယ်နှိုက်က အချို့  သွားသွားလာလာ အင်္ဂလိပ် လောက် သာ တတ်မယ်ထင်ပါတယ်။ ဘာလို့ လည်း ဆိုတော့ ငါ က အင်္ဂလိပ် မကောင်းဘူး ဆိုပြီး ကိုယ့်ကို ပြောတဲ့ ဂျာမန် တွေလည်း ရှိသကိုး။

ဟောဟိုတုန်းက အတော်လေး ငယ်စဉ်က နိုင်ငံခြားသားလာရင် အင်္ဂလိပ်ကြီး လာပြီလို့ တောင် ထင်နေတာ။ အသားနီ စပ်စပ်ဆို အင်္ဂလိပ်လို့  အကြမ်းဖျဉ်းမှတ်ခဲ့တာ။ နောက်နဲနဲလေး ကြီးလာတော့လည်း (tourist) တိုးရစ်ကြီး လာပြီ။ အင်္ဂလိပ်တတ်မှာပဲလို့ ထင်ပြန်တယ်။ ဒါ့ထက်ကြီးသွားမှဘဲ ရှင်းတော့ တယ်။ နီနီစပ်စပ် တိုးရစ်ကြီးက လည်း အင်္ဂလိပ်မဟုတ်သလို အကုန်အင်္ဂလိပ်လို မတတ်ကြပါဂလားပေါ့။

ဒါပဲ ဗျာ။ အသက်ကြီး တစ် နည်းသာ။ သို့ မဟုတ် အတွေ့ ကြုံက စကားပြောတယ် လို့ ဆိုရမယ်။ နောက်စကားက ပိုမှန်မယ်ထင်ပါတယ်။ အသက်ကြီးတိုင်း အတွေ့ ကြုံက ရှိချင်မှ ရှိမှာလေ။ အင်္ဂလိပ်စာ လုံးဝ မတတ်ဘူးဆိုရင် (tourist) ကိုတောင် တိုးတစ်ကြီး-တိုးတစ်ကြီး ပါတဲ့။ အဲလိုလည်း ပြောတတ်ကြပါတယ်လေ။အဲဒါ ဘယ်သူပြောတာ မှတ်နေလဲ...အဟဲ။ ပြောရမှာရှက်တယ်။
ပြောတော့ပါဘူးလေ.....


ပြောလိုတာက သူတို့  အားလုံး အင်္ဂလိပ်စကား မတတ်ဘူး၊ ပြီးတော့ ကိုယ့်အသံကို သူ တို့ နားမရင့် ကျက်သေးလို့  ပါပဲ။ နားမလည်ဘူးဆိုတော့ အင်္ဂလိပ်ကို ဂျာမန် ဘာသာပြန်ပေးတဲ့ ဒကာ တစ်ယောက်နဲ့  ဟောခဲ့ရပါတယ်။

ဟောတဲ့အခါမှာလည်း ကိုယ်ပြောလိုတဲ့ အရာကို ဘုရားဟော ကျမ်းဂန်လာသည့် အတိုင်း ရှေးဦးစွာ ပြောပါတယ်။ ဟို အရင်ပတ်တွေကတော့ ပါဠိလည်း ရွတ်လိုက် အနက်ပြန်ဆိုလိုက် မြန်မာစတိုင်လို ဟောခဲ့တယ်။ အရင်တစ်ပတ်က ဟောတာက ဓနသုတ် တစ်သုတ်တည်းကို ဦးတည်ပြီး သူတို့ မေးတာလေးတွေ ဖြေလိုက်ပြုလိုက်နဲ့  အချိန်တွေ ကုန်သွားတာပါ။

ဒီတစ်ပါတ်မှာ သဒ္ဓါ တရား နဲ့ ဆိုင်ရာ ပြောဟောတာဆိုတော့ ပါဠိကို လိုအပ်တဲ့ နေရာလောက်မှ ယုံကြည်မှုရှိစေဖို့ အထောက်သာဓက အနေနဲ့  ထည့်ပြောတာပါ။ ဟောတာကကြိုတင်ကြည့်ထားရင် ဖြစ်နိုင်ပါတယ်။ ပြင်ဆင်ဖို့ ဘဲ လိုတယ်။ ပြင်ဆင်တဲ့ နေရာမှာ ကိုယ်ဟောမည့် တရားနဲ့  ပါတ်သက်လို့  စုံလင်အောင် ကြည့်ထားဖို့  လိုတယ်ပေါ့။ ဒါမှလည်း မေးတဲ့ အခါ ကောက်ကာ ငင်ကာ ဖြေနိုင်မှာ။ ကြည့်တဲ့ နေရာမှာ ပထမဦးဆုံး မြန်မာလို နားလည်ထားဖို့ ပါ။ နှလုံးသွင်းထားဖို့ ပါ။နိုင်ငံခြားနေမှ
တော့ သူတို့ နားလည်အောင် အီးဇီး အင်္ဂလိပ် ဆင်းပဲ အင်္ဂလိပ်ပြောလို့ ၊ ရှင်းပြလို့ ရပါတယ်။

သူတို့ က တရားဟောနေစဉ်အတွင်း နားမလည် လက်ထောင်တော့တာ။ သူမေးတာ ကျေနပ်အောင်၊ နားလည်အောင် သိသွားပြီ ဆိုမှ ရှေ့ ဆက်သွားရတာ။ ရှေ့ ဆက်ဟောရတာ။ ကျက်ထားတဲ့ စာဆိုရင်တော့ ပျောက်မှာ သေချာတယ်။ ကိုယ်က ပြင်ပြင်ဆင်ဆင် ကိုယ်ဟောမယ့် အရာကို ပရင့်အသင့်ထုတ်ထားပြီး၊ ယူသွားလို့ သာ။
တစ်ခါတလေ သူတို့ မေးတာနဲ့  ကိုယ်ကြိုတင် ကြည့်ထား တာက တစ်ခြားစီ။ တစ်ခါတလေ ကိုယ် ကျက် ထားတာနဲ့ မတိုးတဲ့ စာမေးပွဲလိုပဲ သူတို့ မေးတာက တစ်ခြား။ ဒါပေမယ့် အောက်စာမေးပွဲတွေ ကျေခဲ့လို့  ပြောရမှာပေါ့ ဖြေနိုင်ခဲ့ပါတယ်။ သူတို့  ကျေနပ်သည် အထိပေါ့။

အဲဒါနဲ့ ပတ်သက်လို့  ဂျာမဏီမြေပေါ်က ခြေလှမ်းများ ၅ မှာလည်း အနည်းကျဉ်း ဒီလိုပဲ ပြောခဲ့ပါတယ်။

တရားပွဲ အပြီးမှာတော့ မြန်မာမူလည်း ဖြစ်သွားအောင် ဣမာယ ဓမ္မာနုဓမ္မပဋိ ပတ္တိယာ ဗုဒ္ဓံ ပူဇေမိ ၊.... ဓမ္မံ ၊ ...သံဃံ ပူဇေမိ ဆိုတာနဲ့ အဒ္ဓါ ဣမာ ပဋိပတ္တိယာ ဇာတိ ဇရာ ဗျာဓိ မရဏာယ ပရိမုစ္စိဿာမိ သူတို့ ကို ရှင်းပြပြီး။ သူတို့ ကို လိုက်ဆိုစေကာ တရားပွဲ သိမ်းခဲ့ ပါတယ်။

နောက်ပြီး ဖရီး ပြောခဲ့သေးတယ်။ အရင်ပတ်က ဗျာ။ သန့် စင်အိမ် သွားရတာ ဒီမှာ သုံးခါ။ ထိုင်း သင်တန်းမှာ သုံးခါ။ အအေးနဲ့  အပူ တွဲသောက်မိလို့  ၀မ်းလျှောလိုက်တာ မပြောပါနဲ့ ။ မဟောခင်က ဆို ဟောမှ ဟောနိုင်ပ မလား ဖြစ်နေတာ။ တရား ဟောပြီးသွားတော့ တကယ်ပျော်သွားတယ်။ ကျောင်းရောက်တဲ့ ထိ ပျော်တယ်။
(မှန်လည်း မှန်၊ ဟုတ်လည်း ဟုတ်၊ အကျိုးလည်း ရှိမယ်ထင်တာ
နဲ့  ပြောထည့်လိုက်တာပါ။)

အစာမရှိပေမယ့်။ အားရှိနေတယ်။ အားပြည့်နေတယ် ပေါ့။ သူတို့ က လည်း ပျော်တယ်။ ကျေးဇူး တင်ပါတယ်ပေါ့။ ဆရာ ဒကာ ကွက်တိ ဖြစ်နေပုံလေးပေါ့။ ကွက်တိ ဖြစ်တာကို အရှိန်က သတ်မရ သေးတာနဲ့ ပီတိဘက္ခာ ဘ၀ိဿာမ၊ ဒေ၀ါ အာဘဿရာ ယထာ ။ ကို ပြောချင်တော့၊ စကား ဆက်လိုက်တယ်။

ဘုရားကို မာရ်နတ် က ဆွမ်းခံတာ မရအောင် လုပ်ဖူးတယ်။အဲလို လုပ်ပြီးမှ။ ဘုရားဆွမ်းရလား ဘာလား ညာလားမာရ်နတ်က မေးတာ။ မာရ် နတ် မင်း ငါ့ကို မရအောင် လုပ်တာ။ ငါသိတယ်ပေါ့ ဘုရားပြောလိုက်တော့ ။ မာရ်နတ်က မဆာဘူးလား။ ထပ်ပြီး ဆွမ်းခံ ၀င်ပါပေါ့။ ဘုရားက မဆာဘူး။ ဓမ္မပီတိကို စားလို့  ချမ်းသာကြောင်း မာရ်နတ်ကို ဘုရားက ရှင်းပြတဲ့ ဟာကို ပြောပြလိုက်သေးတယ်။
ပြီးမှ။

အဲလို ပဲဗျာ ဥူးဇင်းလည်း။ တရားနဲ့ ပျော်ရင် မဆာဘူး။ ဓမ္မ နဲ့ ပျော်တဲ့ အရသာက အစာမရှိဘဲ သြဇာပြည့်ဝတယ်ပေါ့။( ဘုရားနဲ့  နှိုင်းယှဉ်တာမျိုးမဟုတ်ဘဲ သူတို့ နားလည်အောင် ပြောပြ လိုက် ခြင်း သက်သက်လို့  မှတ်စေလိုပါတယ်။ ဆိုလိုရင်းက တရားသတ္တိကို ပြောလိုရင်းပါ)။

တရားပွဲ ပြီးလို့  အပြန်မှာတော့ စာသင်ပေးတဲ့ ဂျာမန် ဆရာမကြီးက ဘူတာရုံ အရောက် ကားနဲ့  လိုက်ပို့  ပေးပါတယ်။တရားဟောတာက အရှိန်မသတ်နိုင်တော့ ဆရာမကြီးကိုတောင် ယာနဒေါ သုခဒေါ ဟောတိ။ ယာဉ်လှူရင် ချမ်းသာမည့် အလှူကိုလှူတာပဲ။ ချမ်းသာကိုလှူရင် ချမ်းသာပြန်ရတယ်ပေါ့။ (သဂါထာဝဂ်၊ဒေ၀တာသံယုတ်၊ ကိံဒဒသုတ် အပိုင်းစလေးကို ရှင်းပြခဲ့သေးတယ်။

မြန်မာမှာဆိုရင် ကားနဲ့  အကြိုအပို လုပ်ကြောင်းနဲ့ ။ ကားမရှိရင် တက်စီကားလှူဒါန်းကြတယ်။ သုခဒေါ လို့ ဆိုထားတာကိုး ။ မြန်မာ မြန်မာ ဆိုတဲ့ အတ္တစွဲကတော့ ဖြစ်သပေါ့။ သိစေချင်တော့ ပြောရတော့တာပဲ။ အနုမောဒနာကို ဆရာမကြီး သဘောကျသွားတယ်။ နားလည်ပါတယ် ဆိုတာလည်း ပြောပါတယ်။

ကဲ ဒါပဲ။ အတွေ့ ကြုံဆိုတာ သူများကို ကြည့်ပြီးလည်း ကိုယ့်မှာဖြစ်လာတဲ့ အခါ အသုံးချရသလို။ ကိုယ့်မတွေ့ ကြုံခင် ကိုယ်သာဆိုရင် ဒီလိုလုပ်မယ် ဆိုတဲ့ အတွေးလေးတွေ ရအောင် ကြိုးစား ထားမယ် ဆိုရင် အခက်ခဲကို လွယ်လွယ်ကူကူ ကျော်လွှားနိုင်မယ်။ ဖြေရှင်းနိုင်မယ်။

အဲဒီရည်ရွယ် ချက်နဲ့ တကယ်တွေ့ ကြုံရတဲ့ အတွေ့ ကြုံ ကို အားပေးဖတ်နေကြတဲ့ သူအားလုံး သိစေချင်တဲ့ ဆန္ဒ သက်သက်နဲ့ ရေးသားနေခြင်းသာ ဖြစ်ပါတော့တယ်။



မှတ်ချက်။ ။အရင်တစ်ပတ်က ဂျာမဏီခြေလှမ်းများ (၇)မှာ သင်္ကန်း အကြောင်း ရေးခဲ့ပါတယ်။ ခု (၈)မှာ တရားပွဲ အတွေ့ ကြုံ ရေးလိုက်ပါတယ်။ စိတ်ထဲရှိတာကို စိတ်ကူးရှိတဲ့ အတိုင်း ရေးသား တာဖြစ်ပါတယ်။ ကျန်တဲ့ ဆွမ်း ကျောင်း ဆေး အကြောင်းများကိုလည်း အလျဉ်းသင့်တဲ့ အခါ ရေးပါဦးမယ်။သဒ္ဓါ-နဲ့  ပါတ်သက်တဲ့ ဟောခဲ့ ပြောခဲ့တာများကိုရောပေါ့။



မြတ်ရောင်နီ
(၂၂၊၀၁၊၂၀၁၀)

Wednesday, January 20, 2010

ကြော်ငြာ စာပါဗျိုး

ဧ၀ံဓမ္မော- ငါ့မှာကြည့်လည်း ဒီလိုပါဘဲ။ ဒီသဘောပဲ။
ဧ၀ံဘာဝီ- ဒီလို ဖြစ်ဦးမှာပါလား။
ဧ၀ံအနတီတော- ဒါကို ကျော်လွှားလို့  မရပါလား။

အဲ ဒီလိုရှိပါတယ်။


ဒါနဲ့  ပါတ်သက်လို့  ရေးချင်စိတ်တွေ တစ်ဖွားဖွား
ဖြစ်နေပေမယ့် ဒါလေးတွေကြောင့်ပါ-

ပျက်တာက အိပ်ရေး၊
ပတ်တာက အအေး။
ဆက်ချင်တာက လက်နှေး။
ဘလော့မတင်ရတော့ စိတ်မအေး။
ဖတ်သူ ရှိလား ကြည့်လိုက်သေး။
ကြော်ငြာလေးတော့ တင်လိုက်သလေး။
နောက်ကျ ရေးမယ် ဟေး...။




ဘာရယ်မဟုတ်ဘူး၊ သင်တန်းမှာ တစ်နေ့ လည်လုံး
အချိန်ပေးရတာနဲ့  စာရေးချိန်မရှိသေးလို့ ပါ။
စိတ်ကူးပေါ်တာ တင်လိုက်တာပါ။
နေ့ စဉ်ရေးနေကျ၊ တင်နေကျ ဘလော့မို့ သာ
တင်လိုက်တာပါ။
ခုမှ ၀င်ကြည့်သူများ ရေးပြီးသား

ကို ဖတ်စေလိုပါတယ်။ ဖတ်ပြီးသူလည်း ထပ်ဖတ်
နိုင်ပါတယ်။စေတနာအပြည့်ထည့်ပြီး
တတ်နိုင်သမျှ ကြိုးစားရေးထားပါတယ်။


မြတ်ရောင်နီ
(၂၀၊၀၁၊၂၀၁၀)


Monday, January 18, 2010

ဂျာမဏီမြေပေါ်က ခြေလှမ်းများ- ၇


စား ၀တ် နေရေး ကျန်းမားရေး
သင်္ကန်း
လောကီလူတို့  ပြောလေ့ပြောထ ရှိတာကတော့ စား-၀တ်-နေရေး-ကျန်းမာရေး ပါ။
မြတ်စွာဘုရား ပညတ်ထားခဲ့တဲ့ ၀ိနည်း ကျင့်ဝတ်မှာ သင်္ကန်း ဆွမ်း ကျောင်း ဆေး-
လို့ ရှိပါတယ်။ အဲ- ဘုရား သားတော်တစ်ပါး ဖြစ်တာဆိုတော့ ၀တ်ရေး ပတ်သက်လို့ 
သင်္ကန်းနဲ့ ဆိုင်ရာ အ၀တ်ကို အစဦးဆုံးပြောပါမယ်။မှတ်စရာ ဗဟုသုတ နဲ့  ကိုယ်တွေ့ 
နေရတဲ့ ကိုယ့်ရဲ့ သင်္ကန်းဖြစ်ပေါ်လာမှုတွေကို ပြောမှာပါ။

မြတ်စွာဘုရား ခွင့်ပြုထားတဲ့ သင်္ကန်း (၉)မျိုး ရှိသည် ဟု ၀ိနည်း မှာလာပါတယ်။
၁။သင်းပိုင်(အောက်အ၀တ်)၊ ၂။ဧကသီ( အပေါ်ဝတ်)၊ဒုကုဋ် သင်္ကန်းကြီး
( နှစ်ထပ်သင်္ကန်းကြီး)၊ဒီသုံးထည်ကို တိစီရိက်လို့  ခေါ်ပါတယ်။
( တိ-သုံး၊ စီဝရံ-သင်္ကန်း။) ၄။အိပ်ယာခင်း၊ ၅။မျက်နှာသုတ်ပုဝါ၊
၆။ပရိက္ခာရအ၀တ်- အခြံအရံအ၀တ်၊ ၇။နိသီဒိုင်-နေရာထိုင်( ထိုင်စရာအခင်း)၊
၈။မိုးရေခံသင်္ကန်း၊ ၉။အမာလွှမ်းသင်္ကန်း( အနာရှိသည့်အခါ ၀တ်တဲ့သင်္ကန်း)၊
ဒီလို ပြောမှဘဲ လူဝတ်ကြောင်လူအများ နားလည်မှာပါ။သံဃာတော်များ အနေနဲ့ 
ကတော့ အတိုချုပ် ဆောင်ပုဒ်ကို အလွတ်ကျက်ထားတာ ကိုရင်လေး ဘ၀ကတည်း
ကပေါ့။ လူအများလည်း သိစေချင်တာမို့  ဒါလေးမှတ်ဖို့ ထည့်ပေးလိုက်တာပါ။
ဆောင်ပုဒ်- သင်း ကိုယ် ဒု အိပ်၊ မျက် ပရိက် နိသိဒ် မိုး အမာ။ တဲ့။ အလွတ်ရသွား
အောင်သုံးခေါက်လောက် ဆိုကြည့်ပါ့လား။

ဂျာမဏီမြေပေါ် စရောက်တဲ့ နေ့ မှာပဲ သင်္ကန်းနဲ့  ကြိုဆိုကြတယ်။ ကိုယ်နေတဲ့
မြို့ က မြန်မာ ဒကာ ဒကာမများပေါ့။ သူတို့ က သင်္ကန်းလာလှူတယ်ပြောရမယ်။
သင်္ကန်းက ဂျာမဏီမှာသာ ၀တ်လို့ ရတဲ့၊ မဖြစ်မနေ ၀တ်ရမည့် သင်္ကန်းပေါ့။
မြန်မာပြည်မှာဆို မြင်ရတာ တစ်မျိုးကြီးပေါ့။ကြားရင်တောင်မှ သဒ္ဓါနုသေးသူတို့ အဖို့ 
တစ်မျိုး စိတ်ကွက်သွားနိုင်တယ်။ ဒါပေမယ့် ဒီမှာ ဆိုရင် သာဓုအကြီးအကျယ်
ခေါ်ထိုက်တဲ့ အလှုပါ။

သင်္ကန်းက အရေးကြီး တယ်လေ။ ပထမဆုံး နေရာက ထားတာ ကြည့်ပေတော့။ သင်္ကန်းခွင့်ပြုခြင်းနဲ့  သင်္ကန်း အသုံးပြုတဲ့အခါ မြတ်စွာဘုရား တပည့်သားတွေအတွက် ဆင်ဆင်ခြင်ခြင် ၀တ်ဖို့  ဒီလို ပြောထားပါတယ်။

အဲဒါကတော့ အချမ်းဒဏ်ခံနိုင်ဖို့ ၊ အပူဒဏ်ခံနိုင်ဖို့ ၊ဒဏ် မှတ်၊ ခြင် ၊ ကင်း စတာတွေ
ကိုက်မှာကို ကာကွယ်ဖို့ ၊ နောက်ဆုံးကတော့ ဖုံးထားသင့်တဲ့ အရှက်ကို ဖုံးနိုင်ဖို့ 
ရည်ရွယ်ချက်နဲ့  ခွင့်ပြုတာပါ။

ကိုရင်ဘ၀ ကတည်းက သံဃာတွေများ နေ့ စဉ်ဆင်ဆင်ခြင်ခြင် ရှိဖို့  ဘုရားဝတ်ပြုတဲ့
နေရာ မှာ ပါဠိ ဖြစ်စေ ဆောင်ပုဒ်ဖြစ်စေ ထည့်ဆို ဆင်ခြင်ကြရပါတယ်။ အဲလို
မဆင်ခြင်မိရင် လူအများရဲ့  ယုံကြည်မှု သဒ္ဓါဖြင့် လှုထားတာမို့  အကြွေးနဲ့ 
စာသုံးတယ် လို့  ဆိုပါတယ်။

အကြွေးနဲ့ စားသုံး ဆိုတာဟာ လူများက ဒါပေးရင် ကိုယ်က ဒီလိုဆင်ခြင်မှု
ပြန်ပေးရပါတယ်။ ပေးရမည်ကို လက်တွေ့ မပေးဘဲနေမိလို့  အကြွေးနဲ့ စားတာ လို့ 
စာက ပြောတာပါ။လူတွေ ပိုက်ဆံ လက်ငင်းချက်ချင်း မပေးချေသလိုပဲပေါ့။

မှတ်သားလိုတဲ့ လူများအတွက် ဆောင်ပုဒ်ကို ရေးပေးပါ့မယ်။
ဆောင်ပုဒ်-ချမ်းပူကိုဖျက်၊ ခြင် မှက် လေ နေ၊ ကင်း မြွေ လွဲသုဉ်၊ ဟိရီဂုဏ်ကို
ကုန်စေတတ်စွာ၊ ကိုယ်အင်္ဂါကို၊ လုံပါစေလို၊ ကိုယ်ကိုစံပါယ်၊ ဆင်ပြင်မယ်ဟု၊
စိတ်ဝယ်မမှန်း၊ ဤသင်္ကန်းကို၊ ဖုံးလွှမ်းဝတ်ရုံပါသတည်း။

(ရှေးဆရာတော်ကြီးများ စပ်ဆိုထားတာပါ။)

အ၀တ်စားဟာ အန္တရာယ်ကာကွယ်ဖို့ ၊ အရှက်ကာကွယ်ဖို့ ပါ။ လှပဖို့  မဟုတ်ဘူး
လို့  သံဃာတော်များ အတွက် အကျဉ်းချုပ် မှတ်လို့ ရပါတယ်။

လူများအတွက်လည်း ဒီ သုံးချက်ထဲမှာ ရှေ့ ၂ချက်ကတော့ ဖြစ်သင့်ပါတယ်။ အလှအပဆိုတာကတော့ လောကီလူသားပေမို့  လိုပါလိမ့်မယ်။ အလှကို ဆင်တဲ့အခါ
တော့ အရှက်ကြောက်ကို မကာကွယ်နိုင်ရင်တော့ ဗုဒ္ဓဘာသာ မြန်မာတို့  အဖို့ 
မသင့်တော်ဘူးလို့  မြင်မိပါတယ်။

စင်္ကာပူထုတ် မဂ္ဂဇင်းတစ်ခုမှာ ရုပ်ပြောင်လုပ်ထားတာ တစ်ခုတွေ့ ရတယ်၊
အမေဖြစ်သူက သမီးရယ် စည်းကမ်းရှိတဲ့ စင်္ကာပူမှာ ဘယ်သူဘာလုပ်လိုက်တာလဲတဲ့။
သမီးက ပြောပါတယ်။ အမေ သမီး ကို ဘယ်သူက ဘာမှ မလုပ်ပါဘူး၊ ဒါက ခေတ်ဒီဇိုင်း၊
ခေတ်မီတဲ့ အ၀တ်စားမို့  ပခုံးတစ်ဖက်က အ၀တ် ဘောလီကိုင်းမြင်အောင်ပြထားတာ ဆိုပဲ။

အိုး...ပြနိုင်ရင် ခေတ်မှီတယ် ဆိုတာပါ့လား။အဲလို များ ပြောတာ ရောက်လေမလား
ဟရို့ ။ စင်္ကာပူက ရွှေများကိုသာ ရည်ရွယ်ရင်း မဟုတ်ပါ။အနယ်နယ်မှာရှိတဲ့ ရွှေလေဒီ
လေးများ အားလုံးသိစေဖို့ ပါ။

မြန်မာပြည်မှာ ဒီတိုင်းပဲ အ၀တ်စားကို ၀တ်ရခြင်းရဲ့  ရည်ရွယ်ချက်ပျောက်နေကြတယ်။
စပ်မိလို့ပြောဦးပါဦးမယ်။ တစ်ခါကပေါ့၊စကတ်အကွဲ ခေတ်စားခါကစပေါ့။
ခေတ်အကြောင်း ဥပေက္ခာပြုထားလေတဲ့ ဘုန်းကြီးတစ်ပါး။ ဒကာမလေးက
ကျောင်း ဘုရားပန်းလာလဲရင်း၊ဆွမ်းအိုးပို့ တယ်ဆိုပါစို့ ။ ထိုင်တော့ အမြင်ကမတော်တာ
တွေ့ တော့တာပေါ့။

အမြင်မတော်ဆိုတာ ဒူးအထက်လောက်ထိ စကတ် ကခွဲထားတော့ ပေါင်သားမြင် သွားပုံပေါ်ပါတယ်။ ဟဲ့ ဟဲ့... ဒကာမလေး ...အပ်ချည်မလောက်လို့ လား၊
ဘုန်းဘုန်းမှာ အပ်ချည်ရှိတယ် ယူသွား ယူသွား ဆိုပြီး ထုတ်ပေးသတဲ့။ အော်....
မြန်မာပြည်တွင်း မြန်မာရဲ့  ယဉ်ကျေးလှတဲ့ အဆင်အယဉ်၊ လုံလုံခြုံခြုံ ၊
ရင်ဖုံးအင်္ကျီကို မြင်နေကျ၊ မြင်သားကျနေတော့ ဘုန်းကြီးတွေ ခမျာ ပြောရရှာတာပေါ့။

တစ်ချို့ က ဆောင်ပုဒ်လေး ရေးပြကြ၊တစ်ချို့ ကာတွန်းရေးဆွဲပြ။ စာရေးဆရာတွေက
စာနဲ့ ရေးပြ- ကြပေမယ့် ကျွဲပါးစောင်းတီး၊ နွား ပလာတာကျွေး ဆိုသလိုမျိုး ပြောလိုက်
ရလေမလား။ ပင်ကိုယ်ဓာတ်ခံကောင်း ရှိသူတို့ ကတော့ ပြင်သွားကြတယ်ဆိုတော့
စကားပုံ ရိုင်းရိုင်းကို လည်း မပြောလိုပါဘူးလေ။

ကိုယ့်အနေနဲ့ က တော့ အနောက်နိုင်ငံတွေမှာ ပေါင်ပေါ်တာလည်း မပြောပလောက်၊ ဘောလီကိုင်း ပေါ်တာလည်း မထူးဆန်းပါဘူး။ ကိုယ့်ရွှေတွေမှာ သူ့ များယဉ်ကျေးမှုတွေ
အတွင်း မ၀င်စေချင်ဘူးပေါ့။ပြောမယ်ဆိုရင် ပြောစရာတွေက အများကြီးရှိနေတယ်။
ဒါပေမယ့် သိရုံလောက်သာ ပြောပြလိုက်တာပါ။

ကဲ သူတို့  လှုတဲ့ သင်္ကန်းအကြောင်း ဆက်ကြမယ်။ သူတို့ လှူတာကို သင်္ကန်း (၉)
ထည် မှာ ဘယ်အထဲ ထည့်မလဲ ဆိုရင်တော့ ပရိက္ခာရစောဠ- အခြံရံ အ၀တ်
လို့  ပြောရမယ်ပေါ့။ ဘာလို့ လဲ ဆိုတော့ မြန်မာနိုင်ငံမှာ ဆို ခြေအိတ် လက်အိတ်
လှူတဲ့ သဘောမျိုးပါပဲလေ။

ခုဒီမှာ အပေါ် အကျီ င်္ နဲ့ အတွင်းခံ ဘောင်းဘီများပါ။ အရောင်ကလည်း
ဘုန်းကြီးများနဲ့ သင့်တော်တဲ့ အရောင် ပါပဲ။ ပြီးတော့ ဒီအ၀တ်တွေက လည်း ဒီမှာဆို
အအေးဒဏ် ခံနိုင်မယ်ပေါ့။ ကာလဒါန လိုတိုင်းရ လို့ အနုမောဒနာပြုလိုက်
ရလေမလား၊ တကယ်လည်း တရားတော်မှာ ဒီလိုပဲ ရှိတာကို။ အေးတဲ့
ရာသီဥတုဒေသ မှာ အ၀တ်လှူတော့ သူ့ ကာလနဲ့ လျော်ညီတဲ့ ဒါနဲ့ ပဲလေ။

ရောက်တဲ့လက နွေလ၊ မေလ၊ နွေခေါင်ခေါင်ပဲ။ တအားကြီး မချမ်းလှ။ ပူပြင်းတဲ့
အညာမွေးဖွား။ ရွှေညာသား ဒီလောက် အအေးဒဏ်တောင် မခံနိုင်သေး။ ဒေသခံ
ရဟန်းခမျာ နိုင်ငံခြားကိုယ့်ကို ဟီတာ ဖွင့်ပေးရှာတယ်။ တော်တော်အေးလားတဲ့။
မြန်မာနိုင်ငံ ဆောင်းအ၀င်လောက်တော့ အေးတယ် လို့ ပြောလိုက်တယ်။

ဒီ အ၀တ်နဲ့ တင် မလုံလောက်သေး၊ လူတိုင်းလိုလို ကို ပြောရမယ်၊ အပြင်
ထွက်တာနဲ့  ခြေအိတ်စွပ်ကြတယ်၊ နွေရာသီဆို ခြေအိတ်ခပ်ပါးပါးပေါ့။ အတော်လေး အသားကျလာတော့ သိပ်မအေးတော့ဘူး။ နေနိုင်သွားတယ်။ မြန်မာ ဒကာမ
တစ်ယောက် အလည်လာတော့ သူ့ အတွေ့ ကြုံရ ထောပတ် များများစားပေး၊
အအေးဒဏ်ခံနိုင်တယ် တဲ့။ ကိုယ်က ပြောလိုက်ပါတယ်၊ သူတို့ စားသလို
လိုက်စားနိုင်အောင် ကျင့်နေတာပဲလို့ ။ ဒါကတော့ အစားသောက်နဲ့  နွေးအောင် လုပ်တဲ့နည်းလမ်းပေါ့။

အဲဒါနဲ့ပဲ အစားက အအေးဒဏ်ခံနိုင်သွားတာလား မပြောတတ်။ အ၀တ်ကလည်း ၀တ်ထားပြီကိုး။ တစ်နေ့ တော့ ကိုယ့်မြို့ မှာ ရှိတဲ့ ဒကာဒကာမအိမ်သွားတော့ ဦးဇင်း မအိုက်ဘူးလားတဲ့၊ ဒီ အ၀တ်က ဆောင်းရာသီ ၀တ်ရမှာတဲ့။ အဲဒီ အ၀တ်က ထူတယ်၊ ပါးတာဝတ်လေ ဘုရားတဲ့။ အော် သူတို့ ကလည်း ရှားရှားပါးပါး ရွှေကိုယ့်ကို မိသားစု
ပမာ ကလေးလေးလို သင်ပေးပါတယ်။ သင်စရာပဲလေ။ အ၀တ်စားက မ၀တ်တာ
နှစ်ပေါင်းက ၂၄နှစ်တင်းတင်း ရှိခဲ့ပြီးပဲ။ ဒါကို ရှေ့ ထားပြီး ၀တ်ရမှာ၊ ဒါက နောက်-တဲ့။
မသိရင်တော့ ကလေးလိုပါပဲ။ ရိုး-တာလည်း ပါတာပေါ့လေ။ မထူးပါဘူး ကိုယ့်ကို
မညှာပဲ ပြောထည့်လိုက်တော့မယ် အ-တာပါ။

ဒီလိုနဲ့  နွေရာသီ မှာ မြန်မာဒကာဒကာမများက ဒီလို လှူသလို ထိုင်း၊အိန္ဒိယ၊ ဂျာမန်ဒါယကာတွေကလည်း ဂျာမဏီဝတ် သင်္ကန်းများ လာလှူကြပါလေရော။
ဂျာမဏီမှာ ဂျာမဏီသင်္ကန်းပဲ ရှိမှာပဲ ထင်ခဲ့မိလို့  သီရိလင်္ကာ သူငယ်ချင်းတွေက
ဒီ မလာခင် သူတို့ ပါလာတဲ့ သင်္ကန်း တွေကို လှုကြတာ။ အသစ်နှစ်စုံပါလာခဲ့တယ်။

ကိုယ့်အထင်လည်း သင်္ကန်းတော့ အလှူခံ ရရှိမှာ မဟုတ်တော့ဘူး တွက်ထားတာ။
ဘယ်ဟုတ်မလဲ။ ကိုယ်လာမယ် ဆိုတာ သိထားနှင့်ပြီး တာဆိုတော့ မြန်မာမိသားစု
က မြန်မာပြည်က သမီးဝယ်လာတယ်၊ ဥူးဇင်းအတွက် ဒွိစုံ၊ ဂျာမန်ဥူးဇင်းအတွက် နှစ်ထပ်သင်္ကန်းကြီးတဲ့။ကိုယ်ကတွက်လိုက်တယ်၊ ကြိုက်သလောက်ဝတ်၊
မကုန်တော့ဘူးပေါ့။ပူစရာမလိုတော့ဘူး အ၀တ်အတွက်နဲ့ ကတော့။

ဝါကျွတ်ကာလ ရောက်တော့လည်း ကထိန်ခင်းမည့် ဒါယကာတွေက စုပေါင်း
လုပ်ကြတယ်။ ထိုင်းဒါယကာတွေက ထိုင်းသင်္ကန်း၊ မြန်မာ နောက်ထပ် ဒကာမ
တစ်ယောက်က မြန်မာ သင်္ကန်း။

ဒါတင်မကသေးဘူးစင်္ကာပူမှာ နေတဲ့ ဆရာသမား ဥူးဇင်းကလည်း ဥူးတေဇော
သင်္ကန်းလိုရင် မြန်မာသင်္ကန်းကြိုက်လား၊ ထိုင်းသင်္ကန်းကြိုက်လား ပို့ လှူလိုက်မယ်တဲ့။ ရပါတယ်ဘုရား ဒီမှာ သင်္ကန်းများ ပေါနေကြောင်း လျှောက်ထားခဲ့တယ်။ ကျေးဇူး
တင်ကြောင်းကိုသာ ပြောလိုက်ပါတယ်။

ကထိန်နောက်ပိုင်း ဆောင်းက ၀င်စပြုပြီ၊ ဆောင်းဒဏ်ကို ခံနိုင်ဖို့  ပုံမှန်ရှုးနဲ့ လည်း
မရဘူးတဲ့။ ဒီလောက် အေးမယ် ပုံမှန်ရှုးနဲ့  ရမယ် မရဘူးလည်း သိပ်ထည့်မတွက်ထားမိဘူး။
ကိုယ်မှ မကြုံသေးဘူးတာကို။ တစ်နေ့ တော့ ကျောင်းကို စာကြည့်တိုက် အတွက်
စာရင်းဇယား စနေနေ့ တိုင်း လာပြီး ပြုစုနေတဲ့ ဂျာမန်စုံတွဲက အေးလာပြီ ဆောင်းတွင်းရှုး
ရှိလားတဲ့။ မရှိသေးဘူးလို့  ပြောလိုက်တယ် ဆိုရင်ပဲ ကဲ နောက်တစ်ပတ် ၀ယ်လှုမယ်ပေါ့။
ပြောတဲ့ အတိုင်းပါပဲ။ သူတို့ ပြောထားတဲ့ အချိန် သူတို့ ကိုယ်တိုင် လိုက်ပြီး ( ကပ္ပိပေး ) ၀ယ်ပေးတယ်။ ခြေထောက် အတွက် လုံလောက်သွားပြီလို့  ထင်ထားခဲ့တယ်။

ဒါပေမယ့် အောက်ပိုင်း ကိုယ်အတွက် မလုံလောက်သေးပါလား။ စာသင်ပေးတဲ့
ဆရာမကြီးကလည်း ဆောင်းဝတ်ဘောင်းဘီရှည် အတွင်းခံ လိုမှာပဲ။ ရှိသလားဆိုပြီး
မေးမေးမြန်းမြန်း ပြောပြောဆိုဆိုနဲ့  လှူပါတယ်။

အပေါ်ပိုင်း ဆောင်းကုတ်အကျိ င်္နဲ့  ဘောင်းဘီ ရှည်၊လည်စည်းပုဝါ၊ခေါင်းစွပ်တွေကို
လည်း ထပ်ပြီး ကိုယ်နေတဲ့ မြို့ မှာ ရှိတဲ့ မိသားစုက လှူပြန်ပါရော။ တကယ်တော့
ခေါင်းစွပ်က ထိုင်းဒကာမတွေ လှူထားတာ ရှိပြီးသား။ အရောင်က တစ်မျိုးဖြစ်နေ
လို့ ၊ သင့်တော်အောင် ထပ်လှူကြတာ။

ဒါတင် မကသေးဘူး၊ အွန်လိုင်း ထိုင်းက ဓမ္မညီမဖြစ်သူက ဥူးဇင်း အတွက် ခေါင်းစွပ်
ထိုးထားတယ်၊ပို့ လှူလိုက်မယ်တဲ့။ မပို့ ပါနဲ့  များနေတယ် ပြောအောင်လည်း ခက်သား၊
သူကလည်း ကိုယ့်အတွက် သူ့ စိတ်နဲ့ သူ ရည်မှန်းထိုးတာဆိုတော့။ ပြီးတော့
ပထမဦးဆုံး ထိုးတာပါတဲ့။ အဲလို ဆိုတော့ ဒကာမရေ ကောင်းတယ်၊ ရှိတော့ ရှိပြီးသားပါ၊
ဒကာမ အလှူ လက်ခံသေးတာပေါ့ ဆိုပြီး အလှူခံလိုက်ပါတယ်။ ကိုယ်ကလည်း
အားက နာတတ်တယ် ကိုးဗျား။ စာတိုက်ကနေ လှူပါတယ်။ခုတော့ ခေါင်းစွပ်တစ်လုံးထဲ
စွပ်လို့  အအေးဒဏ်မခံနိုင်တာနဲ့  နှစ်လုံးထပ်စွပ်ရပါလေရောလား။

ပေါ်တဲ့ နေရာအေးတာ ဆိုတော့ လက်ကလည်း လုံခြုံဖို့  လိုသေးတယ်လေ။ အဲဒါကို ထိုင်းဆရာမကလက်အိတ်ရှိလား ဆိုပြီး လှူလို့  အလှူခံခဲ့တယ်။ နောက်တော့ အဲဒီ လက်အိတ်ကလည်း တအားအေးလာတဲ့ ဆောင်းကို အံမတုနိုင်။ တစ်နေ့ တော့
ဂျာမန်ဆရာမကြီးက ဘာလို လဲ၊ ခြေအိတ်အထူရှိလား၊ လက်အိတ်က နွေးလား
မေးပါလေရော။ ခြေအိတ်အထူ ရှိတယ်၊ ရှည်လည်း ရှည်တယ် တစ်နေ့ က မြန်မာ
ဒကာမ တစ်ဦးအိမ် ဆွမ်းစားပင့် လို့  သူလှူလိုက်လို့  ရခဲ့တာ။ နွေးလည်း
နွေးတယ်ပေါ့။ မြန်မာလှူတယ် ဆိုတာလည်း ထည့်ပြောရသေးတယ်။ လက်အိတ်
ကတော့ သိပ်မနွေးဘူး၊ အေးတာပဲလို့  ပြောလိုက်တော့ဒါဆို တစ်နေ့  နေ့ သွားပြီး
ရှာတာပေါ့ ။ နွေးမည့်ဟာတဲ့။

ဒီလို ပြောပြောဆိုဆိုနဲ့ ဘဲ စာသင်ပြီး အချိန်လေး နဲနဲ ရသေးတာနဲ့  လက်အိတ်
သွားရှာမယ် ဆိုပြီး အကောင်းဆုံး အနွေးဆုံး လက်အိတ်ကို လှုလိုက်ပါလေရော။
အကောင်းဆုံး ဆိုတာ ကိုယ့်အပြောမဟုတ်ပါ၊ ဆရာမကလည်း အဲလို မပြောပါ။
ဒီရောက်မှ ဂျာမန်ဥူးဇင်းက ဒါ နွေးလည်း နွေးတယ်၊ ကွာလတီကောင်းတယ်တဲ့။
ဈေးလည်းကြီးတယ်တဲ့။

ကဲ ခု ပြောပြနေတာက တကယ့် သူတို့ ရဲ့  သဒ္ဓါတွေပဲ။ အံ့သြစရာ ကောင်းလှပါတယ်။
ကိုယ်နဲ့  အမျိုးမစပ် ဘဲ သာသနာကို တကယ်ကြည်ညို လှူဒါန်းကြသူတွေပါ။ ကိုယ်ဘာ
လိုနေတယ် ဆိုတာကို သူတို့ က သိနေသလိုပဲ ။ နတ်တွေကများ သွားပြောကြလေသလား-
တောင် ထင်စရာ ကောင်းတယ်။ ပြောလို့ တော့ မရဘူးပေါ့။

တကယ်တော့ သူ တို့ ကိုင်တိုင်ကဘဲ အလိုက်သိမှုတွေ သဒ္ဓါနဲ့ က ဟန်ချက်
ညီနေကျတာဘဲဖြစ်မယ်လို့ အောက်မေ့မိရဲ့ ။ ဒီလိုနဲ့  အတွေးပေါင်းများစွာနဲ့ပေါ့။
ကိုယ်လိုအပ်တာ မှန်သမျှတော့ သူတို့  ဖြည့်လို့  ပြည့်ရပါပီ။

ဒီအကြောင်းတွေကို လည်း သူငယ် ရဟန်းများနဲ့  အဝေးရောက် ကိုယ့်ကို ပူပန် နေမယ့်သူများကိုလည်း သိစေချင်တယ်။ ဘယ်လိုလဲ၊ မိဝေးဖဝေး၊ သူငယ်ချင်းဝေး၊
ဒကာဒကာမ ဝေးဆိုတော့ အဆင်မှ ပြေရဲ့ လား။ ဘယ်လိုနေသလဲ မေးရှာကြသူ-
တွေလည်း သိကြရောပေါ့။

ပြီးတော့ သူငယ်ချင်း ရဟန်းတစ်ချို့ ကလည်း ပြောင်ပြောင်နောက်နောက်
ပြောကြတာလည်း ရှိသေးရဲ့ ။ဥရောပ ရောက်တာဆိုတော့ ကြီးပွါးနေရောပေါ့တဲ့။
တင်ပ။ ကြီးပွါးပါတယ်ဘုရား-ပေါ့။ နောက်ထပ် ထပ်ဆင့်မေးခွန်းက လာပြန်ရော။ ဘယ်လောက်စုမိပြီလဲ။ တင်ပ။ စုမိပါတယ် ဘုရား။ နေ့ စဉ် ဒါတွေ လုပ်တယ်၊
တရားထိုင်တာ၊ ပဋ္ဌာန်းရွတ်တာ၊ စာသင်တာ၊တရားဟောတာ တွေပဲဘုရား။
ကိုယ်က မသိချင်ယောင်ပြီးဖြေတာပဲ။

နောက်တော့ သူက လုပ်အုံးလေ၊လျှံနေရင် - ဆိုတဲ့ စကားက ကိုယ်ပြောတဲ့စကားကို နားမလည်ဟန် ၊မသိလေဟန်။ ဒါပေမယ့် ဘုရား တပည့်တော်က သရေပွဲပါဘုရား။
အဲဒါနဲ့  ပါတ်သက်လို့ ကတော့။ ကိုယ့်အိတ်ထဲက ထွက်စရာ မလိုသလို၊ ကိုယ်အိတ်ထဲမှာ
လည်း မ၀င်တာ တကယ် အမှန်ပါ။

ဟုတ်လို့ လားတဲ့။ကဲကြည့်၊ မလိမ်တတ်တာ ကိုယ်တော်ရေ။ဟုတ်ပါတယ် ဗျာ။
ဒါပေမယ့် လိုအပ်တဲ့ အရာ အားလုံးတော့ ကိုယ့်ဘာမှ ပူပန်စရာ မလို၊ သူ့ အလိုလို ရောက်လာပါတယ်။သူတို့  အလိုက်တသိ လှူကြပါတယ်။လို့  ပြောလိုက်တယ်။

တကယ်တမ်းကြတော့လည်း အလိုတွေထက် လိုအပ်ရာ ပြည့်စုံနေရင်
ပြီးတာပါပဲ။ အလိုဆိုတာကတော့ အလိုမဆုံးဘူးပေါ့။ လိုအပ်ရာ ရနေရင်
ရှိနေရင် ပြည့်စုံပြီပဲ။
အဓိက ကတော့ကိုယ်ရတာလေးနဲ့  ကျေနပ်တာကိုပဲ
ကိုယ်က ပြည့်စုံတာပါပဲ။


အဲဒီလို လေးတွေ ရှင်းပြတော့။ အင်း...ဒါဆိုလည်း မဆိုးပါဘူး။ ဆိုပြီး ညိမ်သွားတယ်။
ကဲ ဒီလို ပြောင်ပြောင်နောက်နောက် သူတွေကိုလည်း ဒီမှာ ဒီလိုရှိပါတယ် သိကြပါ
ပါစေပေါ့။ တကယ်တမ်း သူက ပြောင်ရုံသက်သက်ပါ။ စကား အဖြစ်ပြောကြတာပါ။

ကိုယ်ကသာ သူတို့  တကယ်သိစေချင်လို့  ဒီလို ပြန်ပြောလိုက်တာပါ။ သူငယ်ချင်းရေ
နာမည်မပါဘူး၊ စိတ်မဆိုးနဲ့ နော်။ အများလည်း သိစေအောင် ရေးပါတာပါ ဗျား...။


ဒကာ ဒကာမ တို့ ရဲ့  အလှူကို ခံယူရတာလည်း
သူတို့  ဒါနကို ချီးမြှောက်ရတာမို့ 

သာသနာပြုခြင်း တစ်ရပ် လို့ ပဲ ခံယူလိုက်ပါရစေ။

မြတ်ရောင်နီ
(၁၉၊၀၁၊၂၀၁၀)

ဂျာမဏီမြေပေါ်က ခြေလှမ်းများ- ၆

သင်တန်း နှင့် ထိုင်း လူမျိုးတို့ အကြောင်း တစ်စေ့တစ်စောင်း

ဘာသာစကား ဟာ သာသနာပြုရာမှာ အသုံးဝင်တာကို ပြီးခဲ့တဲ့ ဆောင်းပါးတုန်း က
အတော်အသင့် ပြောခဲ့တယ်။ ဟိုတုန်းက အသုံးဝင်တာ မ၀င်တာ ဒီလောက်ကြီး
လက်တွေ့ မသိခဲ့။ ခုတော့ နဖူးတွေ့ ဒူးတွေ့ တွေ့ ကြပြီဆိုတော့ တကယ့်ကို လိုလာမှန်း
သိလာတယ်။ အဲလို သိလာတာနဲ့ ပဲ- ရောမ-မှာနေ ရောမ-လိုကျင့် ဆိုသလို ဂျာမဏီ
ရောက်နေမှတော့ ဂျာမန်စကား သင်ရတော့မယ်-ဆိုတာ နားလည်လာခဲ့ပါတယ်။
ဒီဆိုရိုးစကားကလည်း မြန်မာတို့ အဖို့ 

နေတတ်ဖို့ သာ ရည်ရွယ်ရင်း မဟုတ်။ သွားတတ်ဖို့ ၊ စားတတ်ဖို့ ၊ ၀တ်တတ်ဖို့ ၊
ပြောတတ်ဖို့ ပါမကျန် အစစ အရာရာ အသုံးပြုရမှာ မဟုတ်ပါလား။

သွားတဲ့အခါလည်း ခပ်သွက်သွက် ရှိရမယ်။ ကိုယ်က တစ်လှမ်းချင်း လူမမာသွား သွားနေ
လို့ က ကိုယ် တစ်ယောက်ထဲ စိတ်ဖောက်နေသူလို ဖြစ်နေမယ်။ သူတို့ သွားသလို
သွားရလိုက်ရတော့တာပဲ။ စားတဲ့ အခါ လည်း ထမင်းစားသည့် လူမျိုး ထမင်းကို
စားရမယ် လို့ ဆိုတာ ထည့်မတွက်ဘဲ။ ပေါင်မုန့် နဲ့ လည်း ပြီးရတာပဲ။ ခေါက်ဆွဲနဲ
့လည်း ပြီးနိုင် ရတာပဲ။ သစ်သီးသစ်ရွက်နဲ့ လည်း ပြီးနိုင်ရတာပဲ။ အ၀တ်ဆိုပြန်တော့
သင်္ကန်းနဲ့  မပြီးတော့။ မလုံလောက်တော့။ ရောမလို ကျင့်ရတာပဲ။ အထဲမှာ အကျီ င်္ဝတ်၊ အပေါ်ကနေပြီး ထပ်လို့ သာ ဘုန်းကြီးမှန်းသိအောင် သင်္ကန်းရုံထားရတာ။

ပြောချင်တာက အဓိက သင်တန်းအကြောင်း၊ ထိုင်းအကြောင်း။ စပ်မိလို့ သာ
ရေးလိုက်တာပါ။ နောက်မှ အဲဒီအကြောင်းသက်သက်ရေးပါဦးမယ်။

ခု ကိုယ်သင်တန်းတက်ရတာက ထိုင်းသင်တန်းမှာ။ ဂျာမန်စကား သွားသင်တာ။
သင်ပေးတာက ထိုင်းဆရာမ။သင်တန်းသားတွေက ထိုင်းကျောင်းသား ကျောင်းသူ။

ဒီသင်တန်းကို တရားဝင် မဖွင့်ခင်ကလည်း THAI ASA ဆိုပြီး ထိုင်းလူမျိုး တို့ အတွက်
သီးသန့် ဖွင့်လှစ်ထားတဲ့ နေရာမှာ သင်ပေးတယ်။သင်တန်း မဖွင့်မီ အားတဲ့ အချိန် ခေါ်ပြီး သင်ပေးတယ်။ အဲ- သင်တဲ့ဆရာသမားက တစ်ယောက်ထဲ မဟုတ်။ အားတဲ့သူ တွေ က သင်ပေးတယ်။မှတ်မှတ်ရရ အဲဒီတုန်းက ဆရာ သုံးယောက်တောင် သင်ခဲ့ရတယ်။
ဆရာတွေက ကျွမ်းကျင် အဆင့်တွေပါပဲ။ နှစ်ပေါင်းများစွာ ဂျာမန်မြေပေါ်
ရောက်ကြသူတွေ။ ဆရာမကြီးဆို ဒီရောက်တာ နစ်သုံးဆယ်ရှိပြီတဲ့။

အဲဒီ THAI ASA ဆိုတာ အိမ်ကျယ်ကျယ် ကြီးတစ်လုံးပဲ။သင်တန်း ဖွင့်ပေးရုံ
သက်သက် မဟုတ်ဘူး။ အကူညီလိုရင်လည်း ထိုင်းလူမျိုးတွေ အချင်းချင်း
ကူညီပေးတဲ့ စင်တာပါ။ သင်တန်းက တကယ်စုံတယ် ။ ကလေးတွေ အတွက်လည်း
သီးသန့်  ဖွင့်ပေးတယ်။သင်တန်း ဈေးနှုန်းကလည်း သိပ်မကြီးလှ။

ကိုယ့်လူမျိုး အချင်းချင်း ရိုင်းပင်းကူညီ ညာတာတဲ့ စိတ်အပြည့်နဲ့  ဖြစ်လောက်တယ်။
ဒီလို ပြောတာ ဒီတစ်ခုကို ကြည့်ပြောတာ မဟုတ်ပါဘူး။သူတို့  ထိုင်းစားသောက်
ဆိုင်တွေမှာလည်း တော်တော်လေး အလုပ် ပိုင်ရှင်ရယ် အလုပ်လုပ်သူရယ် ဆိုတဲ့
သဘော သိပ်မတွေ့ ရ။ ပုထုဇဉ်သဘာဝ ရှိတော့ ရှိပါလိမ့်မယ်။

သင်တန်းဆိုတာကလည်း ထိုင်းဘာသာကို ဂျာမန်လူမျိုး နဲ့  စိတ်ဝင်စား
သူတွေအတွက် သင်ပေးတယ်။ သူတို့ ထိုင်းလူမျိုးတွေကိုလည်း အချင်းချင်း
ဂျာမန်ဘာသာ သင်ပေးတယ်။

သင်တဲ့ ဆရာတွေကလည်း ထိုင်း ဆရာ ရှိသလို ဂျာမန် ဆရာတွေလည်း ရှိတယ်ပေါ့။
သင်တန်းသားတွေက ဆရာကို ရိုသေမှုကတော့ အပြည့်ဝ ရှိတယ်။ ဆရာ ဆရာ နဲ့ 
ပါးစပ်ဖျားက မချဘူး။ကိုယ့်ထက် နေသူက သင်ရင်သင်နေပါစေ။ မလေးမစား
အမူအရာ မတွေ့ ရ။

သူတို့  နားမလည်တောင်မှ တစ်ခါတစ်ခါ ဆရာကွယ်ရာမှာသာ၊ နားမလည်ဘူး-
(လုံဖိ )ဥူးဇင်း ဆိုပြီး ကိုယ့်ကို ပြောတယ်။ ကြောက်ရွံ့ မှုလည်း မရှိဘူး။
ရင်းနီးမှုလည်း ရှိတယ်။

ကိုယ်တို့  ကလေးဘ၀ တုံးက ဆရာဆိုကြောက်လိုက်ရတာ။ မပြောနဲ့ ။
ကျောင်းသားဘ၀က ဆို ဒီဆရာကြီး အရိုက်ကြမ်းတယ်လို့  သိထားရင် ၊
လမ်းတွေ့ ရင်တောင်မှ ဝေးဝေးရှောင်ကာ ထွက်ပြေး ကြတယ်။

ဓာတ်ပုံကိုပဲ ပြန်ကြည့်ပေတော့။ ခု ဒီကျောင်းသားများမတော့ သူငယ်ချင်းတွေ
အချင်းချင်း ဆက်ဆံသလိုမျိုး နေထိုင်တယ်။ ဆရာကို လက်ဆောင်ပေးတာလည်း
ရှိတယ်။ တကယ်တော့ ချစ်ကြောက်ရိုသေပဲ ကောင်းပါတယ်။

ဘုရားဟော ကျမ်းဂန်ထဲက -အင်္ဂုတ္တိုရ်၊ စတုက္က၊ စက္က၀ဂ်၊ သင်္ဂဟသုတ် အလို-
ကြည့်မယ်ဆိုရင် - ဒါန-ပေးကမ်းခြင်း၊ ပေယျဝဇ္ဇ- ချစ်ဖွယ်စကားဆိုခြင်း၊
အတ္ထစရိယ-သူ့ အကျိုးကို လိုလိုလားလားဆောင်ရွက်ခြင်း၊ သမာနတ္တတာ-
စိတ်တူရည်တူထားခြင်း- ဆိုတာတွေ ကို များ သူတို့ မှာ ကိန်းအောင်းနေတယ်
လို့ ယူဆမိပါတယ်။

သင်္ဂဟ၀တ္ထု ဆိုတာ အတည့် ဘာသာပြန်လိုက်ရင် အချင်းချင်း ကူညီရိုင်းပင်းခြင်း၊
စာအလိုက မြှောက်ပင့်ခြင်းပြုနိုင်တဲ့ အရာတွေ၊ သဂြိုဟ်ခြင်းပြုနိုင်တဲ့အရာတွေ-တဲ့။

ဆရာကလည်း သူတို့ နားမလည်တဲ့အခါ ထိုင်းလို ရှင်းပြတာ များလာရင် ၊
ကိုယ့်ကိုယ်လည်း နားမလည်ရင် မေးဖို့  ပြောထားတယ်။ ကိုယ်ကတော့ ပိုကြိုးစားပြီး
လုပ်ရတာပေါ့။ ဂျာမန်လို ရှင်းတဲ့ အခါ အားစိုက်နားထောင်ရတာပေါ့အင်္ဂလိပ် ဂျာမန်
အဘိဓာန် ဆောင်ထားရတယ်။ ဂရုတစ်စိုက် ကိုယ့်ပေါ်မှာလည်း ရှိပါတယ်။ သူတို့ 
ကိုယ်တိုင်ကလည်း သင်တန်းကြေးလည်း လှု၊ ဖျော်ရည်လည်း ကပ်ကြ။ စာအုပ်
စာတမ်းလည်း လှုကြတာကိုး။

ရောက်ခါစကတော့ ကိုယ့်စိတ်ဓာတ် မသိခင်က အခက်ခဲလေး ရှိတယ်။ တစ်ချို့ 
တစ်ချို့ ထိုင်းတွေနဲ့  ဆက်ဆံရာမှာ။ တစ်ချို့ က ကိုယ့်ကို ဘုန်းကြီး လို့ မြင်တယ်။
သံဃာလို့  မြင်တယ်။ တစ်ချို့  က ဗမာ လို့  မြင်ပုံပေါ်တယ်။ ကိုယ့်အထင်ပေါ့။

ဘာလို့  လည်း ဆိုတော့ သိတဲ့ အတိုင်း မြန်မာ နိုင်နဲ့  ထိုင်းဆိုတာက
ဦးအောင်ဇေယျ ခေတ်က ပြဿနာ လေးတွေကိုပေါ့။ အဲဒါကြောင့်
များလားပေါ့။

နောက်တစ်ခုက ထိုင်းတော်တော်များက ဂျာမန်လို ပြောတတ် ဆိုတတ်ကြ
ပေမယ့် အင်္ဂလိပ်လိုကျ သိပ်မကောင်းလှ။ ပြောတတ်ဆိုတတ်ကို မရှိကြ။
ပြောလည်း မပြောရဲကြဘူး။ ဒါကြောင့်လည်း ဖြစ်နိုင်ရဲ့ ။

တစ်နေ့ သားမှာတော့ ကျောင်းမှာ ကိုယ်က တစ်ပါးထဲ ကျောင်းရှိခိုက်။
ဆွမ်းအိုး လာပို့ တဲ့  ထိုင်းဒကာမ နှစ်ယောက်။ သူတို့ က သူ တို့  သူငယ်ချင်းမှာ
ခဏခဏ ပြဿနာတက်နေလို့  အဲဒါပြေပျောက်အောင် ဆွမ်းလာပို့ တာပေါ့။
နာမည်ပြော မေတ္တာပို့ ပေးမယ်ပေါ့။ သူတို့ က အဆောင်ပေးစေ့ချင်တာ။
အေး- ငါ့မှာ အဆောင်မရှိဘူး။ ဘုရားဝတ်ပြု ၊ မေတ္တာပို့ ပေါ့လို့ ။
ဘုရားရှင်သော်မှ တွေ့ ရသေးတာပါပဲ။ လူတိုင်းမှာ ပြဿနာ ဆိုတာ
ရှိတာပဲ။ ပြေလည်အောင် ဘယ်လို ရှင်းမလဲ။ ကိုယ့်ဖာသာလည်း
စဉ်းစားကြပေါ့ ဘာညာ ဘာညာ ရှင်းပြလိုက်ပါတယ်။

ဂျာမန်လိုရော အင်္ဂလိပ်လိုပါ ရောသမမွှေပြောခဲ့ရတယ်။ စာလိုတော့ -
ပကိဏ္ဏက၀ါစာ လုပ်ခဲ့ရတာပေါ့။ ဘာပဲ ဖြစ်ဖြစ် နားလည်သွားတယ်။
အင်္ဂလိပ်လို ပြောတာကိုလည်း အော် ဒါပြောတာပါလားလို့  မှန်းကြည့်ပြီး
နားလည်ခဲ့ရတယ်။ ကျေနပ်စွာနဲ့ ဘဲ ပြန်သွားကြပါတယ်။

ဒါပေမယ့် အထင်သေးလို့ တော့ မရ ။ ဘာလို့ လည်း ဆိုတော့ ဒေါက်တာဘွဲ့ 
ရပြီးထားတဲ့ ထိုင်းတွေကလည်း ရှိနေတယ်။ ပြီးတော့ ခုလက်ရှိမှာလည်း
ထိုင်းကျောင်းသား ကျောင်းသူတွေ ဒေါက်တာဘွဲ့ ကို ကျမ်းပြုစုနေတာတွေ လည်း
ရှိပါတယ်။ ဟို အဝေးမှာ နေတဲ့ကောင်လေး။ စက်ဘီး ၊တစ်ခါတရံ ဘတ်စ်နဲ့ မနက်ခင်း
အရုဏ်ဆွမ်း ဆွမ်းလာကပ်တဲ့ သူဆိုရင် ခပ်ငယ်ငယ်။ သူက ဒေါက်တာ ဘွဲ့  အတွက်လုပ်နေတာတဲ့။အဲလို ကျောင်းသားတွေကျတော့ ကောင်းကောင်း
ပြောတတ်ပြီပေါ့။

အဲ ဒါကတော့ ကိုယ်မြင်သမျှ ကိုယ်သိသမျှ အနည်းအကျဉ်းပြောပြတာပါ။
ဒါ့ထက် သူတို့  ဘာတွေ ဘယ်လို ကျင့်သုံးနေထိုင်တယ် ဆိုတာလည်း ထပ်တိုးတိုးပြီး ပြောပါဦးမယ်။ခုပြောတဲ့ အပိုင်းတွေမှာ အားသာချက်ကို ဦးစားပေး ပြောထားတာပါ။ အားနည်းချက်ကိုတွေလည်း ရှိမှာပါပဲ။ရှိတာပါပဲ။

ဒီနေရာမှာ သူတို့ ရဲ့  အားသာချက်ကို ကိုယ့်ရဲ့  ရွှေတွေ သိစေချင်တယ်လေ။
အဲဒါကိုလည်း သိနေပြီးဖြစ်တဲ့ ငယ်စဉ်က ဖတ်ခဲ့ထားတဲ့ ကျောင်းဖတ်စာအတိုင်း ပါပဲ။
တစ်ရံတစ်ခါမှာ အတုယူစရာမှန်သမျှ ကို တိရစ္ဆာန် ထံသော်မှ ယူသင့်က ယူရမှာ
ဖြစ်ပါတယ်။

ဗျိုင်းဟာ မိထားတဲ့ ငါးကို မစားသေးဘဲ အပေါ်မြှောက်လိုက် ၊နှုတ်သီးက
ဖမ်းလိုက်နဲ့  ဆော့ကစားနေတာကို လူက ကွယ်ရာကနေပြီး လှံကို မြှောက်လိုက်
ပါးစပ်ထဲ မစိုက်အောင် သင်သလို ၊ အတုယူသလိုမျိုး ပေါ့။
ကိုယ့်ရွှေတို့  အချင်းချင်း လှံမစိုက်ကြစေရန် ရည်ရွယ်ရင်း ပါပဲ။

ဘုရားစကားတော်ရဲ့  လိုရင်းက-
မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား-ဆိုထားတာပဲ။
မကောင်းမှုဆိုတာ မကောင်းမှု အကုသိုလ်သာမက မကောင်းတဲ့ အကျင့်အမှန်သမျှ၊
အပြောအဆို၊ မကောင်း တဲ့ အစွဲတို့ ပါ -ပါသလို၊ ကောင်းမှုဆောင် ရာမှာလည်း
ကောင်းမှုကုသိုလ် သာမက ကောင်းတဲ့ အမူအကျင့်၊ အပြောအဆို စတာတွေကို
အတုယူရမှာဖြစ်ပြီး၊ စိတ်ကောင်း နှလုံးကောင်း မွေးကာ ဖြူစင်တဲ့ စိတ်များ ထားနိုင်ရ
ပါမယ်။

ဒါဟာ ဘုရားရှင် အဆူဆူတို့ ရဲ့  အလိုတော်ကျ ဖြစ်ပါတယ် ဆိုတာကို
ဖေါ်ပြရင်း၊ သင်တန်းနဲ့  ထိုင်းလူမျိုးတို့  ကြည့်ပြီး ရရှိလာတဲ့ အတွေ့ ကြုံကို
တစ်ဆင့် တို့  ရွှေများကို ၀င်းသထက် ၀င်းလက်ဖို့ ရာ -
ပွတ်တိုက်သည့်အနေ ရေးသားလိုက်ပါတော့တယ်။

မြတ်ရောင်နီ
(၁၈၊၀၁၊၂၀၁၀)



Sunday, January 17, 2010

ဒီတစ်ခါ ကိုယ့်အလှည့်



ဒီလိုလည်း ရှိဦးမှပေါ့။
သင်တန်းသွားစဉ် လမ်းခုလတ်မှာ-
နိုင်ငံခြားသား ဘုန်းကြီးနဲ့  အတူ
ဓာတ်ပုံတွဲ ရိုက်ချင်ပါတယ်ဆိုလို့ 
အားနာပါးနာ ၊ လျှော့လျှော့ပေါ့ပေါ့
ခွင့်ပြုလိုက် ခြင်းခံရတဲ့ စုံတွဲ။
ဘူတာထဲမှာ အမှတ်တရ။

မြတ်ရောင်နီ
(၁၇၊၀၁၊၂၀၁၀)

မြူးနစ်မြို့ ရဲ့ စာကြည့်တိုက်



ကြီးမားလှပါတဲ့ စာကြည့်တိုက်။
အတွင်းဝင်ကြည့်က စာကြည့်တိုက်နဲ့ မတူ။
စကားပြောခြင်း လုံးဝမတွေ့ ရ။ ရိပ်သာအလား ။
တိတ်ဆိတ်စွာ ကွန်ပျူတာ ကိုယ်စီနဲ့  လေ့လာနေကြတယ်။

မြတ်ရောင်နီ
(၁၇၊၀၁၊၂၀၁၀)

မြူးနစ်မြို့  ရဲ့အထင်ကရ



နိုင်ငံခြားသားတွေ မြူးနစ်မြို့ ရောက်တိုင်း
အထူးတလည် လှည့်ပတ်ကြည့်ရှုသည့် နေရာ။
သင်တန်းသွားစဉ် အမှတ်တရ ရိုက်ထားတာပါ။

မြတ်ရောင်နီ
(၁၇၊၀၁၊၂၀၁၀)

ဂျာမန် ဆရာမကြီး



ရောက်ခါစ မှ စပြီး အားတဲ့ အချိန် အားတဲ့ ရက်များမှာ အားတဲ့နေရာ
စေတနာများစွာနဲ့ စာသင်ပေးတဲ့ ဂျာမန်ဆရာမကြီး၊
EDEN HOTEL WOLFF ၊ မြူးနစ်မြို့ ၊ မှာ အမှတ်တရ။

မြတ်ရောင်နီ
(၁၇၊၀၁၊၂၀၁၀)

သင်တန်း အမှတ်တရ




သင်တန်းဆိုပေမယ့် သူတို့  အားလပ်ချိန်မှာ စားကြသောက်ကြတာ
ပျော်ပျော်ပါးပါး ဆရာမနှင့်အတူ။ ပျော်ပွဲစား ထွက်သည့်အလား။
ကိုယ့်ကျတော့ သူတို့ က ဖျော်ရည်ကပ်ကြတယ်။

မြတ်ရောင်နီ

(၁၇၊၀၁၊၂၀၁၀)

သင်တန်း အမှတ်တရ



ထိုင်းသင်တန်းဝယ် သူငယ်ချင်းများအခေါ် (လုံဖိ )
ဥူးဇင်း နှင့် အတူ အားလပ်ချိန်မှာ အမှတ်တရ ဓာတ်ပုံ

မြတ်ရောင်နီ
(၁၇၊၀၁၊၂၀၁၀)

Saturday, January 16, 2010

ဘာသာ စကား

ဘာသာ စကား
ကာယ၀ိညတ္တိ ၀စီဝိညတ္တိ ၀ိညတ္တိ ရူပံ နာမ။ (အဘိဓမ္မသင်္ဂဟ ပါဠိ)။
မိမိအလိုဆန္ဒကို သူတစ်ပါးအား သိစေနိုင်သော အမူရာထူးကို
"၀ိညတ်" ရုပ်ဟု ခေါ်၏၊ ကာယ၀ိညတ် ဟူသည် ကိုယ်ဖြင့်သိစေတတ်သော
အမူရာထူးတည်း၊ ၀စီဝိညတ်ကား နှုတ်ဖြင့်( စကားဖြင့်) သိစေတတ်သော
အမူရာတည်း။

ချဲ့ ဦးအံ့- လက်ယက်၍ ပြရာ၌ လာစေလိုသည်- ဟု သူတစ်ပါး သိစေ
နိုင်ခြင်းသည် လက်ယက်လိုက်သည်တွင် ပါဝင်သော ကာယ၀ိညတ် ရုပ်၏
အစွမ်းတည်း။လာခဲ့ပါ- ဟု အသံပြုရာ၌ လာစေလိုသည် ဟု သူတစ်ပါးက
သိနိုင်ခြင်းသည် ထိုအသံတွင် ပါဝင်သော ၀စီဝိညတ်ရုပ်၏ အစွမ်းတည်း။
(အခြေပြု သဂြိင်္ုဟ်- စာမျက်နှာ-၃၄၃)

ဒီစကားတွေကို ကြည့်ပါက ကိုယ်တို့ တစ်တွေ လူသားမှန်သမျှ


ဘာသာ စကား ကတော့ လို့ ကို လိုပါလိမ့်
မယ်။လူသားမှန်သမျှ လို့  ပြောလိုက်
ပေမယ့် တိရစ္ဆာန်များလည်း သူ့ ဘာသာ စကား ရှိနေကြသည်သာ။

လူသားမှန်သမျှ အဆင်ပြေအောင် ဘာသာ စကား သင်ရလိမ့်မယ်။ သင်တဲ့နေရာမှာ
လည်း သူ့ ဒေသ သူ့ လူ
မျိုးအလိုက် သင်ရတာပါ။ ကိုယ်နေသည့် နေရာအလိုက်ပေါ့။
ဒီလိုမဟုတ်ရင်လည်း သူ့ ဒေသစကား မဟုတ်
ပေမယ့် အများနားလည်တဲ့
စကားကို သင်ရမှာပင် ဖြစ်တယ်။


ဆိုပါစို့  မြန်မာနိုင်ငံနေရင် မြန်မာစကား တက် ရင် အတော် အဆင်ပြေတယ်။
တိုင်းရင်းသားတွေ စာသင်လာကြပြီ၊ဆိုရင် ၊ စီးပွါးရေး လုပ်ကြပြီ ဆိုရင် မဖြစ်မနေ

သူတို့  မြန်မာစာ သင်ကြတယ်။ သူ့ နေရာမှာသာ နေရင် ဘာမှမသင်ဘဲနေရင် ရတယ်။
အဲလိုပဲ မြန်မာ ဆရာဆရာမတွေ
တိုင်းရင်းသား နယ်တွေ ဆီ သွားရင် သူတို့ 
ဘာသာ စကား သင်ရတယ်။ ဒါမှ စာသင်တဲ့ အခါ လွယ်မယ်။


စီးပွါးရေး လုပ်သွားတဲ့ အခါလည်း ဒီလိုပါပဲ။ ကိုယ့်ဘာသာ တစ်ခု ဆိုဖြစ်နိုင်တယ်
ဆိုတဲ့ အနေထားကတော့ ဘယ်မှာ မသွားဘဲ နေက မသင်လည်း ရတယ်။ နဲနဲလေး
ရွေ့ လိုက်တာနဲ့  အဲဒီဒေသက လူတွေ ရဲ့  စကား
သင်လိုက်ရင် အဆင်ပြေမှုက ပိုမို
သိလာရတယ်။
တစ်ခြား ဘာသာစကားတွေ ပြောမယ်ဆိုရင် ပါးစပ်က ချည်း ပြောရတာ
မဟုတ်ဘူး။ လက်ကော ခြေထောက် ကော ခေါင်းကော လှုပ်လို့  ရတာ နဲ့  သူ့ နေရာနဲ့ 
သူ အံဝင် ဂွင်ကျအောင် ပြောလို့  ရတယ်။


ဟိုတစ်ချိန်က တောင်မြို့  နေခဲ့စဉ်က ပေါ့။ နိုင်ငံခြားသား တွေ ကျောင်းထဲ လာတဲ့ အခါ
တစ်ခါ တစ်ခါ နိုင်ငံခြားသား
တွေ အပေါ့ အလေး ကိစ္စ အခက်တွေ့ တတ်ကြတယ်။
အဲဒီအချိန်မှာ ကျောင်းထဲ သံဃာတွေကလည်း ခုလောက် အင်္ဂလိပ်စာက လည်း
ခေတ်မစားသေး၊
ကျိုးတိုးကျဲတဲ တော့ သင်နေကြပါပီ။ ယခုလောက်မပေါများသေး။ ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်ဆိုတ်သူက နဲသေးတာကိုး။အဲ-ဒကာမကြီး
တစ်ယောက်ပေါ့။ သူ က အပေါ့အလေး ကိစ္စသွားဖို့  သန့် စင်အိမ်ကို မေးတာပေါ့။
အနီးနား
ရှိတာက ကိုရင်တွေ၊ ဥူးဇင်းလေးတွေ ဘာပြောတာလဲမသိဘူးပေါ့။
ဒကာမကြီးက တော်တော်လေး ဂိုးချင်
နေပြီ။ သူ့ ဝမ်းတွင်းက ဧည့်သည် ပို့  ချင်နေပြီ။

နောက်ဝစီဝိညတ်နဲ့  ပြော မရတဲ့ အဆုံး ၊ ကာယ၀ိညတ်နဲ့ 
စကတ်ကို မ-ပြ လိုက်တယ်။
ပြီးတော့ ထိုင်တဲ့ အမူရာ လုပ်ပြန်တယ်။ အနီးနားရှိတဲ့ ကိုယ်တော် က
အော..... ဟော ဟိုမှာလို့  ပြလိုက်တော့တယ်။( အိုး ဟိုး ဟိုး.... ရှင်းသွားပါရောလား)။


ဒါကိုပဲ ကြည့်။ ကိုယ်တစ်ခုလုံးက သူများကို နားလည်အောင် လုပ်သွားတာပဲ။
ခါင်းညိတ် ခေါင်းရမ်း ခြင်းနဲ့ လည်း သူဘာပြောတယ်ဆိုတာ သိနိုင်တယ်။
ခေါင်းရမ်းရင် နားမလည်ဘူး။ မလုပ်ဘူး ဆိုတာမျိုး။ ညိတ်တာ
နဲ့  နားလည်တယ်။
ဟုတ်တယ် ဆိုတာမျိုး။ ဒါပေမယ့် ဒီနေရာမှာ ပြောထားချင်တယ်။ ခေါင်းညိတ်
ခေါင်းရမ်း
တာက လည်း တစ်သမတ်တည်း ဒီလို မှတ်လို မရဘူးနော။

သီရိလင်္ကာမှာ နေခဲ့စဉ်ကပေါ့။ သီရိလင်္ကာ ခေါင်းညိတ်တာ ရှားရှားပါးပါးတွေ့ 
ခဲ့တယ်။ သူတို့  ဟုတ်တယ်၊
လုပ်မယ်၊ စားမယ် ဆိုရင်လည်း ခေါင်းက ရမ်းတယ်။
မဟုတ်ဘူး၊မလုပ်ဘူး၊ မစားဘူး- ဆိုလည်း ခေါင်းက
ရမ်းတယ်။ ခေါင်းညိတ်တဲ့
အမူရာ ပျောက်နေတယ်။

ခေါင်းရမ်းချင်းတော့ မတူဘူး။ ခေါင်းသက်သက်ရမ်းတာနဲ့ ၊
မေးလေးနဲ့  ခေါင်းရမ်းတာ
ခွဲသိရတာပေါ့။ တက်စီကား အားလားဗျို့ - မေးလေးလှုပ်ပြီး ပြောတယ်ဆိုရင်

အဆင်ပြေတယ် ။ ပစ်ပစ်ခါခါကြီး ရမ်းရင်တော့ မအားဘူးပေါ့။

အဲဒီလို သိထားတဲ့ကိုယ်။ ဘုရား ဖူးသွားခိုက်၊
ရောက်လာတဲ့ သံဃာအသစ်တွေ
အတူတူ သွားခဲ့ကြတာ။ ကိုယ်က သီရိလင်္ကာ
စကားကို သွားသွားလာလာ
လေးတော့ တတ်တယ်။ ကွေ့ မယ်၊ ရှေ့ တည့်တည့်မောင်းပေါ့။ အဲဒီလိုနဲ့ 

ကားဒရိုင်ဘာဘေးကနေ ပြီး နောက်က သံဃာက ပေါက်တောလို့  ပြောပေးစမ်းပါ
ဆိုရင်လည်း ကားရပ်ဖို့ 
ပြောလိုက်။ ရေဆာတယ် ရေ၀ယ်မလို့  ရပ်ခိုင်းပါဦးဆိုရင်
ပြောလိုက်နဲ့ ။ ဘယ်အချိန် ဒရိုင်ဘာက အတတ်ကောင်း တက်သွားတယ် မသိဘူး။

ဟေ့ ဟိုနားကျ ရပ်မယ်နော။ သံဃာတွေ ရေဆာလို့  ရေးဝယ်
မယ်ပေါ့။ ဒရိုင်ဘာက
ပါးစပ်က မပြောဘဲ ခေါင်းညိတ်လို့  ၀မ်းဒါဖူးလ် ဖြစ်သွားတယ်။ သံဃာတွေလည်း
တ၀ါးဝါးပေါ့။ ဘယ်သူသင်ပေးတာ
လဲ ဆိုတော့ နောက်က ကိုယ်တော်တဲ့။
ကဲ ဒါပဲဗျာ။ ဒရိုင်ဘာပြောတာ နားလည်သွားပြီ။

စကားမပြောတတ်ပဲ အမူရာနဲ့  လှုပ်ရှားသွားတဲ့ ကိုရီယား ဇာတ်ကားလိုပေါ့။
ဒီမှာလည်းတွေ့ တယ်။ အပြင်မှာလည်း တွေ့ ဘူးပါတယ်။ အား အား အား...
အမ်း အမ်း အမ်း... ဆိုပြီး အမူရာနဲ့ သာ ပြောသွားတာ။ နားထောင်တဲ့သူ
နားလည်အောင် ထိ ပြောသွားနိုင်တာပဲ။ ရွှေအ- ဆိုတာလေ။ တို့ ရွှေတို့ က
အ-တာတောင် ရွှေအ - ပါတဲ့ ဗျား။

နောက်တစ်ခုက လူမျိုးတိုင်းလိုလို ကိုယ့်ဘာသာ စကားကို ပြောတတ်တယ်ဆိုရင် သဘောကျတယ် ဆိုတဲ့
အချက်လေးပေါ့။ ရှမ်းကိုရင်လေး ကရင်ကိုရင်လေး မြန်မာ
စကား မပီကလား ပီကလား၊ ယူဆေ့ဂ်ျ တွေကာ မှား
။ ထမင်းစားတာကို မှတ်ထားပြီး။
ရေကိုလည်း စားမယ် ဖြစ်ချင်ဖြစ်။

ကိစ္စမရှိဘူး။ မြန်မာက နားထောင်ရင် ရေ
မစားမှန်း။ ရေသောက်တယ် လို့  သိတယ်။
အဲလို မှားတာကိုပဲ။ ၀ဲတဲတဲ ပြောတာကို ချစ်စရာ လို့  မြင်တတ်တယ်။ အဲ ကိုရင်လေး မြန်မာစကားတတ်တယ်တဲ့။ မှားတာမှန်တာကို မပြောတော့ပါဘူး။ ကိုယ့်
ဘာသာ
စကားကို သူပြောတာကိုး။


အဲလိုဘဲ ဖြစ်လိမ့်မယ် ထင်မိရဲ့ ။ ကိုယ်ကလည်း သီရိလင်္ကာ ရောက်တော့
သီရိလင်္ကာစကား သွားသွားလာလာ ရအောင်။ ဈေးဝယ်တတ်၊ ဈေးဆစ်တတ်အောင်
က သင်ခဲ့သေးတယ်။ ခု ဒီရောက်တော့
ဂျာမန်စကားတဲ့။ ဈေးဝယ် ဈေးဆစ်၊ ဖို့ သာ မဟုတ်တော့ဘူး။ တကယ့်ကို လေ့လာမှ ဖြစ်တော့မှာ ဆိုပြီး
လေ့လာနေရတယ်။

ခု နားလည် သွားတာက ဘာသာစကားက ဘယ်ဘာသာ ကိုပဲ သင်သင်၊ သင်တဲ့ဘာသာကတော့ အသုံးဝင်မယ်
လို့  ယူဆပါတယ်။ အသုံးချမယ့်နေရာကို
ရွေးပြီးတော့လည်း ပိုင်ပိုင်နိုင်နိုင်လေး သင်ယူသင့်တယ်။ ကိုယ်လို မတတ်
တခေါက်
သီရိလင်္ကာ စကားလေးက ဒရိုင်ဘာဘေး နေခွင့်ရပြီး နေရာညွန်ခွင့်ရခဲ့တယ်။

ဒါတင် မကသေး
ဘူး။ ဂျာမဏီမှာ ရှိတဲ့ သီရိလင်္ကာတွေကလည်း သူတို့ လာပြီး
ဆွမ်းကပ်တဲ့ အခါ တစ်လုံးစနှစ်လုံးစ ပြောတတ်တဲ့ သူတို့  စကားလေးကို ဒီ ဟာမူးသရူး
-က သီရိလင်္ကာနေခဲ့တာ။ သီရိလင်္ကာစကားလည်း
တတ်တယ်တဲ့။ ( ဟာမူးသရူး=
ဘုန်းကြီး)။ ကိုယ့်ကိုယ်ကို မတတ်မှန်းသိထားတော့ နေရတာ ခက်ကြပ်ကြပ်။


ခု တစ်ဆင့်တိုးပြီး နှုတ်ဆက်စကား အတိုထွာ ထိုင်းစကားက သင်ထားရသေး။ တမင်္ဂလာတော့ မဟုတ်ဘူး။
ကလပ်စ်မိတ် အားလုံးက ထိုင်း ကျောင်းသား
ကျောင်းသူတွေ။ သင်တန်းဆရာမက ထိုင်း ဆိုတော့။ ဂျာမန်လိုရှင်းလိုက်။ ထိုင်းလို
ရှင်းလိုက်။ထိုင်း
လို ရှင်းရှင်း ပြတာ များတော့။ ဘယ်ဟာက ဘာဆိုလိုတယ် ဆိုတာ သဘောပေါက်လာတယ်။ တစ်လုံးစ နှစ်လုံးစ လည်း သိလာတယ်။ သိလာတဲ့ စကား
လေးတွေကို သူ တို့  ပြန်ပြောပြရင် သူတို့ တစ်တွေက
ပြုံးလို့ ၊ ပျော်လို့ ။ သူတို့ ကလည်း
ကိုယ့်ကို ခေါ်တာက လုံဖိ တဲ့။ အဟဲ- ပရိုးနောင်း သုံးတာပါ။ (လုံဖိ-ဥူးဇင်း)။

သူ့ တို့  ဖာစာ နဲ့  ပြောတာ။ သူ့ တို့ ဖာစာ က မြန်မာလို ဘာသာ၊ ပါဠိလို ဘာသာ
ဖြစ်တယ်။ (ထိုင်းဘာသာ=ဖာစာ ထိုင်း) လို့  ပြောတယ်။ သူ့ တို့ အသံထွက်က
အသံမပြင်းဘူး ဗုဒ္ဓေါ-ကို ဖုတ်ထော-တဲ့။


သာသနာပြုဆိုတဲ့ စာတမ်းအောက်မှာ နေပြီ ဆိုရင် တော့ အင်္ဂလိပ်စာ သက်သက်
ကိုဘဲ သင်ရုံမဟုတ်ဘဲ အခြား
ဘာသာ စကားလည်း လေ့လာသင့်ပါတယ်။

ခု ကိုယ်နဲ့  အတူနေတဲ့ ဘုန်းကြီးနှစ်ပါးက တစ်ပါးက ထိုင်းစကားကို ပိုင်ပိုင်
်နိုင်နိုင်ပြောတတ်သလို၊
တစ်ပါးက တရုတ်နဲ့  ဂျပန်ကို ပိုင်ပိုင်နိုင် ပြောတတ်တယ်။
အင်္ဂလိပ်စကားကို စကားထဲ ထည့်ပြောမနေနဲ ။့အင်္ဂလိပ်စကား က သူတို့ မိခင်စကား
လိုပြောနေကျ ဆိုနေကျတာကိုး။

အင်္ဂလိပ်
ကို ဘာသာစကား တစ်ခု တက်တယ်လို့  ပြောစရာ မလိုဘူး ရယ်လို့ 
ဆရာဘုန်းကြီး တစ်ပါးက ပြောခဲ့ဘူးတ
ယ်။ သိပ်မှန်ပါတယ် ။

ဆိုတော့၊ ထိုင်းဒကာ ဒကာမတွေ လာရင် ဂျာမန်လို တက်ပေမယ့် ထိုင်းလို
ပြောလို့ ရတဲ့ ဘုန်းကြီးကို ပို ပြောချင်မယ်လို့  ယူဆပါတယ်။ ပြောလည်း ပြောတာ
အမြင်ပါ။ ကျောင်းလာကြတာကလည်း လူမျိုးက
စုံတယ်။ တရုတ်နဲ့  ဂျပန်က
တစ်ပါး တာဝန်ယူပေါ့။

ကိုယ်ဖြစ်ဖြစ်မြောက်မြောက် ပြောတတ်တာက ရွှေစကားသာ။
ရွှေလာမှ အသုံးချဖြစ်ရမှာပါ ဂလား။တော်သေးရဲ့  အင်္ဂလိပ်လိုလေး နည်းနည်းပါးပါး
တတ်သမို့  ဟောလို့  ပြောလို့  ဖြစ်နေတာ။သင်လို့  ပြုလို့  ဖြစ်နေတာ။

ခုတော့ သဘောပေါက်သွားပြီ။

ဘာသာစကား တတ်မြောက်လျင် အချင်းချင်းကိုလည်း ကူညီနိုင်မယ်။
ပညာရေး ၊စီးပွါးရေး ၊လူမှုရေး လုပ်နိုင်မယ်။
ဘာသာစကား ကလည်း တရားဖြန့် ဝေပေးတဲ့ နေရာမှာ အသုံးဝင်ပါ့လား...။

ကဲ အားလုံး - ပေါက်ရင်၊ လှုပ်ရှားကြပါစို့ ....။

မြတ်ရောင်နီ
(၁၆၊၀၁၊၂၀၁၀)


Thursday, January 14, 2010

ဖုံးသင့်တာ ဖုံး၊ ဖေါ်သင့်တာဖေါ်

ဖုံးသင့်တာ ဖုံး ၊ ဖေါ်သင့်တာဖေါ်

ဖုံးထားသင့်သော အရာများမှာ-

၁။မာတုဂါမ ခေါ် အမျိုးသမီးများ ဖုံးသင့်တာ ဖုံးထား( မဖွင့်လေ ကောင်းလေ)
၂။ပုဏ္ဏားတွေရဲ့  ဂါထာမန္တရား ဟူးရာပါကျန် ဗေဒင်အဆုံး ဖုံးထား
(မဟောလေကောင်းလေ)
၃။မှားယွင်းသော ဒဿန အတွေးခေါ် မိစ္ဆာအမြင်များဖုံးထား
( ပြောမပြ၊ ရေးမပြလေ ကောင်းလေ)
သို့ မှသာ လိုရာအကျိုး ရွက်ဆောင် နိုင်မည်။( အာဝဟန္တိ)


ဖေါ်သင့်သော အရာများမှာ-

၁။ဖိုးရွှေလမင်း အရောင် ဖြာချင်သလောက်ဖြာ၊လင်းချင်သလောက်လင်း
(ထိန်လေ ကောင်းလေ)
၂။နေမင်း အရောင် ရှိမှ ကောင်းမယ်။( သူ့ အချိန်နဲ့ သူ နေလုံးဝ
မပျောက်လေ ကောင်းလေ)။
၃။မြတ်စွာဘုရား ဟောကြားသည့် တရားတော် ( ပြန့် ပွါးလေ ကောင်းလေ)
သို့ မှသာ လောက တစ်ဝှမ်း သာယာမည်။(၀ိရောစန္တိ)


အကျဉ်းချုပ် မှတ်လိုသော်-
ဆောင်ပုဒ်- မာတုဂါမ ၊ ဗြာဟ္မဏမန္တန်၊ မိစ္ဆာဒိဋ္ဌိ ဖုံးဖိတော်ပြန်။
လ၊ နေ၀န်း နှင့်၊ ဘုရားဟောကျမ်းဂန်၊ဖေါ်ဖွင့်ပြ မှတ်ကြတင့်တယ်မှန်။

အင်္ဂုတ္တရနိကာယ၊ ၃။ကုသိနာရ၀ဂ္ဂ၊၉။ပဋိ စ္ဆန္နသုတ္တ

ဆီလျော်အောင် ဘာသာပြန်ထားပါသည်။
ဥပမာ- ကျမ်းဂန်မှာ လရောင်၊ နေရောင် သည်
ဖွင့်လျင်တင့်တယ်သည်။ ဖုံးလျင်မတင့်တယ် ဟုသာရှိပါသည်။
သိလွယ်စိမ့်သောငှါ ဤသို့  ပြန်ဆိုခြင်း ဖြစ်ပါသည်။

မြတ်ရောင်နီ
(၁၅၊၀၁၊၂၀၁၀)

Wednesday, January 13, 2010

ဂျာမဏီမြေပေါ်က ခြေလှမ်းများ- ၅

ပျော်သလား
အဲဒါပဲ အဖြေမတူပဲ သင့်လျော်သလို ဟိုအကွေ့ ရောက် ဟိုတက်နဲ့  လှော်၊
ဒီ အကွေ့ ရောက်
ဒီတက်နဲ့ လှော်ခတ်ရတာ။ မေးတဲ့သူကလည်း များမှ များပါဘိ။
မေးတဲ့သူတွေက လူ့ အသက်
အရွယ် အမျိုးမျိုးဆိုတော့။ ပြီးတော့ ဘုန်းတော်ကြီး ။
ဘုန်းတော်လေး တွေကလည်း မေးတော့
လူ့ အရွယ်အလိုက် ဘုန်းကြီးအရွယ် လိုက် ဖြေရတော့တာပေါ့။

လူကြီး ဆိုရင် ဟုတ်ကဲ့ ဗျာ၊ ဒကာကြီး၊ ဒကာမကြီးပေါ့။ ပျော်ပါတယ် ပေါ့။
လူငယ် အရွယ်ဆိုရင်တော့- အော်... ခွဲခွါ ပြီးနေကြရတာ တစ်ခါတစ်ခါ

ကိုယ့်ဒကာ၊ ဒကာမမရှိတော့ ဘယ်ပျော်လိမ့်မတုံး တွယ်ရသေးတယ်။ တကယ်လည်း
ဟုတ်တယ် ။ လူစိမ်းကိုလူကျက်ဖြစ်အောင် လုပ်နေရတာကိုး။ လူကြီးတွေကျ ဒီလိုပြော
လိုက်
လို့ ရှိရင် မကောင်းလို့ သာ။ ပျော်ပါတယ် ဆိုပြီး ရပ်ထားလိုက်ရတာ။ အော်-
ပျော်ပါတယ်
ပြောရင် သူတို့ ကသာ တွေ့ ချင်ပြောချင် ဆိုချင်ကြတာပေါ့။ တို့  ဥူးဇင်း
-ကတော့ မေ့လိုက်တာ
ရှိဦးမယ်။ ပျော်တယ်တဲ့။အဲလို အတွေးရောက်ဦးမယ်။ အရစ်
လည်း မတက်ပါစေနဲ့ ဆိုပြီး
ကိုယ့်လုပ်စရာကို ငဲ့ကာ ဒီလို အချိုသတ် အခါးရပ်ခဲ့ရတာ
လည်း ရှိသေးတယ်။


ဘုန်းကြီး ဆိုရင်လည်း ကိုယ့်ထက် ကြီးသူဆိုရင်တော့ တင်ပ။ ပျော်ပါတယ် ဘုရားပေါ့။
ငယ်တဲ့သူ ဖြစ်ဖြစ် ရွယ်တူသူ ရဟန်း အချင်းချင်း ဆို ပြောချလိုက်တာပဲ- စဉ်းစားကြည့်
ပေါ့
ကိုယ်တော်ရာ ။ဘုန်းကြီး ဘ၀ ဘာပျော်စရာ ရှိလို့ လဲ လို့  ခပ်တည်တည်နဲ့  ပြောလိုက်
တာ။
သူတို့  ဆိုလိုတာကတော့ ပျော်သလားဆိုတာ ကိုယ့်ကို သနားလို့  မေးကြတာပဲ လို့ 
ယူဆမိပါတယ်။ တစ်ပါးတည်းနေရင် ပျင်းစရာချည်းလို့  တွက်မိလို့  ဖြစ်တန်ကောင်းရဲ့ ။
နေရတာက ဒေသခံ ဘုန်းကြီးတစ်ပါး နဲ့  နိုင်ငံခြားသား၊ ရွှေနိုင်ငံသား ကိုယ်။ ရွှေနိုင်ငံက
နိုင်ငံခြားသား ခင်မျာ တစ်ပါးတည်း ရွှေ စကား ပြောချင်လို့ မှ ပြောစရာ မရှိတဲ့ အဖြစ်။
ကိုယ်နေတဲ့ မြို့ မှာမှ မြန်မာမိသားစုက တစ်စုသာရှိတယ်။ တစ်ပတ်တစ်ခါ ဆွမ်းခံလို့ 
နှုတ်ဆက်တာလေးဘဲ ရှိတယ်။ တော်သေးရဲ့  နှစ်ပတ်တစ်ခါ သွားပြီး စကားပြောဖြစ်တယ်။
စကား သက်သက် သွားပြောတာတော့ မဟုတ်။ ကိုယ်သင်မယ့် စာကို သွားဖတ်ပြတယ်။
ဒကာက ပြင်ပေးတယ်။ သင်ပေးတယ် ။ လိုအပ်ရင် ဖြည့်စွက်ပေးတယ်။ ဒီလိုနဲ့ 
စာသင်ချိန်က
နဲနဲ စကား ပြောချိန်က များများ ပြောခွင့်ရခဲ့တယ်။

တခါတခါတော့ အွန်လိုင်း တွေ့ တဲ့ သူကို အားလား လို့  မေးပြီး စကားပြောချင်စိတ်တွေ
မထိန်းနိုင်ရင် ပြောတော့တာပဲ။ ဒီလိုနဲ့ လေးနဲ့ လည်း ပျော်သွားတာပါပဲ။

နောက်တစ်ခုကတော့ ကိုယ့်ရဲ့  အသိမိတ်ဆွေတို့ ကို ပြောပြရတယ်လေ။ ကိုယ်တော်ရေ-
ပျင်းကို ပျင်းချိန်မရပါဘူး။ အလုပ်မရှိရင်တော့ တကယ် ပျင်းစရာ တော်တော့်ကို
ကောင်းမှာ
ဘုရား။ ပစ္စည်းဝတ္ထုတွေ တိုးတက် ပေါများတယ် ဆိုပေမယ့် စိတ်က
နွေးထွေးမှုလိုတယ် လေ ဗျာ။


ခု တပည့်တော် အလုပ်တွေကို ရွတ်ပြမယ်ဘုရား-ဆိုပြီး ပြောပြရတယ်။ အဲလို

မပြောမချင်းတော့ သူတို့ က ဘာတွေ လုပ်နေတာလဲဟ၊ ဘာတွေ ရှုပ်နေတာလဲ
အလုပ်က။
ခဏခဏ မေးကြတယ်လေ။ သူတို့ ကလည်း ချစ်ကြတာကိုး၊ ရစ်ကြ
တာပေါ့။ သူငယ်ချင်း
ရဟန်းတော်တွေကို ပြောတာပါ။

ကဲ ကိုယ်တော်ရေ မပျင်းရင် နားထောင်ဗျာ- တပည့်တော် လုပ်ရတာကတော့
ပထမ ဆုံး
ဆွမ်းခံ လှည့်ရတာ၊ ဆွမ်း ဒကာ အတိအကျ က တစ်ပတ်မှ သုံးရက်ရှိတာ၊
ကျန်တဲ့နေ့ ကတော့
ဥရောပရဲ့  ဝေရဥ္ဇာ ဘဲ ဗျား။ အစာရအံ့လော မရအံ့လော- ဟု တွေးနေရသေးတယ်။ ဒါဆို ကိုယ်တော် က တကယ် အစာရှာတာလားကွာ၊
ဟုတ်ပမလား ၊ ယုံချင်မှယုံမယ်။ အစားက
ပေါပါတယ်။ ကိုယ်တော်ရေ။
ဖောင်စီးရင်း ရေငတ်တယ်- ဆိုတဲ့ ရွှေစကားပုံ လို ပေါ့။
မြင်တော့ မြင်နေရတယ်၊
မကြင်ရတာ ကိုယ်တော်ရေ။ ဗီယိုထဲ အစားတွေက ရှိပါရဲ့ ။
မနက်ခင်း အရုဏ်ဆွမ်း
လာကပ်မည့် သူမရှိတဲ့ အခါ ဒီလိုပဲ မစားမသောက် ပဲ နေရတယ်။
အရုဏ်ဆွမ်း ၉-
နာရီမှ ဘုဉ်းနာရီလောက်မှ ဘုဉ်းရတာလည်း ရှိသေးတယ်။တစ်ခါတရံပေါ့လေ။


ဆွမ်းခံတာက ဖိတ်ထားတဲ့ သုံးရက်ကသာ သေချာပေါက်အိမ်မို့  သွားယူလိုက်ရင်
ရတာ
ဆိုတော့ စိတ်အေးလက်အေးပဲ။ နို့ မို့ ရင် တော့ ဟိုပတ်သွား ဒီပတ်သွား။
ဆွမ်းရပ်စရာ
်ဆိုတာကလည်း မုံ့ ဆိုင်ပဲ ရှိတာ။ အပြင်ဘက်ကနေပြီး သုံးမိနစ်လောက်
ရပ်တာပေါ့။
မြန်မာနိုင်ငံမှာ ဆိုဘယ်ရပ်ရဲမလဲ။ ရှက်စရာကောင်းတယ် လို့  တွက်မိတာ-
ကိုး ဘုရား။


ခုတော့ မထူးတော့ ပါဘူးလေ၊ ဘုန်းကြီး လုပ်မှတော့ ဒီအလုပ်ကို ရဲရဲ တင်းတင်း
လျှောက်
ရတော့တာပေါ့။ မုံ့ ဆိုင်ကို သွားရတယ် ဆိုရတာလည်း တံခါးဖွင့်ထားတဲ့
အိမ်မှ မရှိတာပဲ။
တော်ပါသေးရဲ့  ထိုင်းတွေက အနီးဝန်ကျင်မှာ များတော့ ၀ိသာခါလို ဒကာမတစ်ယောက်လဲ ရှိသေးတယ်။ သူကတော့ ဘယ်နေ့ ရယ် မဟုတ်ဘူး၊
မပြတ်မပြတ်လာတယ်
ဆိုပါတော့။ ပြီးတော့ အခြားထိုင်းတွေကလည်း မွေးနေ့ 
ဆိုပြီး ပို့ လိုက်၊ နှစ်လည်ဆွမ်း ဆိုပြီး
ပို့ လိုက်။ ခုတော့ အနီးနားမြို့ မှာနေတဲ့
ရွှေတွေက ဆွမ်းစားပင့်နေပြီ ကိုယ်တော်ရေ။ နေ့ ဆွမ်း
မစားရတဲ့ နေ့ တော့ မရှိပါဘူး
ကိုယ်တော်။ ဒါပေမယ့် ဆွမ်းပေါင်း ဘုဉ်းနေရတယ်။
ကောက်ညှင်းပေါင်း ပဲ ကြားဖူးမယ်
ထင်တယ်။ ပြီးတော့ ဟင်းပေါင်းကြားဘူးမယ် ထင်တယ်။
ဆွမ်းပေါင်းဆိုတာ ထမင်းပေါင်း မဟုတ်ဘူး။

ဒီလို ကိုယ်တော်ရေ ။ အရင်နေ့ က ဆွမ်း များလို့  ပိုရင် ချန်ထားတယ်၊ နောက်နေ့ ကျ
ဒကာ
ဒကာမတွေ က ရေခဲသေတ္တာထဲက ဆွမ်း ပြန်ကပ်တယ် ၊ ဆွမ်းခံမရတဲ့ ရက်ဆိုရင်
အဲဒါကို ပေါင်းပြီး
တွယ်ရတာ။

လုံးဝမကျန်ဘူးဆိုရင်တော့ ကူချိုင်း လို့ ခေါ်တဲ့ကူပွန်နဲ့ ဆိုင်သွားယူလိုက်တာပါ။ ဆိုင်က
လူတွေ
ကို သပိတ်ထည့် လောင်းထည့်လိုက်လို့ ပြောတာပေါ့။ ကိုယ့်အနေနဲ့  ကပ်တယ်လို့ 
ယူဆပြီး
သူတို့ ကတော့ ကပ်တာ မကပ်တာ ဘယ်သိမလဲ ဘုရား။ စပ်မိလို့  ပြောရအုံးမယ်
သိလား ။


မှတ်မှတ်ရရ ဂျာမန်ဒကာမကြီးက ဆွမ်းခံတယ်ဆိုတာ အင်တာနက်က ဖတ်ထားပုံ
ပေါ်တယ်။
သူက ဂျာမန်လို ပြောတာ။ အကင်းပါးဖို့  ကိုလိုသေးတယ် သိလား၊
ကိုယ်ကလည်း ဘယ်ရမလဲ ဒီဒကာမ ဆွမ်းလောင်းချင်လို့  ရစ်နေတာပဲပေါ့။

ကိုယ်က တတ်သလောက်လေးနဲ ဆွမ်းခံတာ ဂျာမန်လို ပြောထည့်လိုက်တာပေါ့
ကိုယ်တော်ရာ။
သူ က ပိုက်ဆံ ထုတ်ပြီး လှူမလို့ ။

ငါက အစားရှာနေတာ ပြောလိုက်မှ။ကဲ မုန့် ဆိုင်သွားမယ် ဆိုပြီး ခေါ်သွားတာလေ။
နောက်မှ ထပ်ပြောမယ် ဆွမ်းခံ အတွေ့ ကြုံတွေ ရှိသေးတယ် သိလား။
ဒါက လုပ်ငန်းတစ်ရပ် ကိုယ်တော်ရေ။

ပြီးကျတော့ ကိုယ်တော်ရာ နှစ်ပတ်တစ်ခါ သင်တန်း ပို့ ချတယ်လေ။ အစ သင်ခါစ
ကတော့
စောစောစီးစီး ကြိုတင် ပြင်ဆင်ရတာပေါ့။ အင်္ဂလိပ်လိုမှ စာသင် မပေးဘူးတာကို
ဘုရား။
ခုတော့ လူတွေက လည်း ရင်းနီးနေတော့ ကိုယ်ပြောတာလည်း သူတို့ 
သိကုန်ပြီ နားလည်ကုန်ပြီ ဆိုတော့
အားမစိုက်ရတော့ဘူးပေါ့။
ဒါက သင်တန်းအတွက်ပေါ့။


ပြီးတော့လေ ကိုယ်တော်ရေ တရားက တစ်လတစ်ကြိမ် ဟောရတယ်လေ။
အဲဒါက
မြို့ ကြီးကို သွားသွားဟောရတာ ဆိုတော့ သူ့ အတွက်လည်း ဘယ်လို
ဟောရမယ် ၊
ဘာသင့်တော်တယ် ဆိုတာ ရွေးရသေးတယ်။ ရှာရသေးတယ်။
ဓမ္မကထိက ဖြစ်မှန်းမသိ
ဖြစ်သွားသေး။ ဒီတာဝန်ကလည်း မသေးဘူး ကိုယ်တော်ရေ။
ဟောရုံ ပြီးတာမဟုတ်ဘူး။


သူတို့ က တရားဟော တဲ့မှာလည်း မရှင်း တာနဲ့ ။ လက်ထောင်ပြီး ထမေး
တော့တာ။
ပြိးသွားလို့ ရှိရင်လည်း အားမရသေးရင် ထပ်မေးတာ ဆိုတော့
ဆက်စပ်ရာ ကြိုတင်စဉ်းစား
ထားရတယ်လေ။ တစ်ခါတလေ ကိုယ်ကျက်ထားတာနဲ့ 
မတိုးတဲ့ စာမေးပွဲလိုပဲ သူတို့ 
မေးတာက တစ်ခြား။ ဒါပေမယ့် ကိုယ်တော်ရေ -
အောက်စာမေးပွဲတွေ ကျေခဲ့လို့ 
ပြောရမှာပေါ့ ဖြေနိုင်ခဲ့ပါတယ်။

နားမညီးသေးရင် ထပ် ပြောဦးမယ် နော်။ ပြီးတော့ ကိုယ်နေတဲ့ နိုင်ငံရဲ့  စကားက
လည်း
အရေးပါသမို့ ဂျာမန်ဘာသာက သင်ယူရသေးတယ်၊ သင်ရတာက တစ်ပတ်
လေးရက်။
နေ့ ခင်း တစ်နာရီခွဲကနေပြီး ညနေငါးနာရီခွဲထိ။ အရောက်ကြိုတင်သွား
ရမယ့် အချိန်
၊ ပြန်လာမည့် အချိန်တွေပါ ထည့် တွက်ရင် အချိန်က တစ်နေ့ လည် လုံး
ကို မအားတော့တာ။


ဟော- ပြန်ရောက်ပြီဆိုတာနဲ့  နှစ်ပတ်တစ်ခါ အင်္ဂါနေ့ ဆိုရင် ကိုယ်ကသင်တန်း
ပို့ ချတယ်။
၇နာရီကနေ ၉နာရီထိ။
သင်တန်း ပို့ ချစရာ မရှိလို့  ကတော့ ၁၅မိနစ် နာရီဝက် နားပြီး ၇နာရီခွဲကနေ
၈နာရီထိ
ဘုရားဝတ်ပြုတယ်။ လူလာရင် ဘုရားဝတ်တက်တဲ့ စာအုပ်နဲ့ အတူရွတ်တယ်။
လူမလာတဲ့ အခါ
တစ်ပါးတည်း ပရိတ် ၁၁ သုတ်ရွတ်တယ်။ ပြီးတော့ တရားထိုင်တယ် တစ်နာရီ။

ပြီးမှ အီးမေး အပို့ အယူပေါ့။ ဟိုကြည့် ဒီကြည့် အင်တာနက်ကို ကြည့် စာဖတ်၊
နားထောင် ပေါ့။ အဲဒါတော့ ပုံမှန်မရှိဘူးပေါ့။ မနက်ခင်း ရောက်ပြန်တော့လည်း ၅နာရီ
အိပ်ယာထ၊ ပဋ္ဌာန်းရွတ်၊ တရားထိုင် တစ်နာရီပေါ့။ ပဋ္ဌာန်းကတော့ ကိုယ်တော်ရေ
တစ်နေ့ 
သုံးခေါက်ကို မဖြစ်၊ ဖြစ်အောင် ရွတ်တာ။ ဒါတင်မကသေးဘူး။ သင်တန်းဆို
တာက
၎ ရက်သင်တန်းက ထိုင်းကလပ်စ်မှာ။ ကလပ်စ် မဟုတ်ဘဲ ဂျာမန်ဆရာမကြီးက
ခေါ်တဲ့ ရက် ၊
ခေါ်တဲ့ အချိန် သွားရသေးတယ်။တစ်ပတ် တစ်ရက် အနားရဆုံး ရက်ကတော့
စနေနေ့ 
ပဲ ဘုရား။ ခု နှစ်သစ်ကူးချိန်မို့ ဟောလီဒေး မို့  တော်တော် နားခွင့်ရတာ
ကိုယ်တော်ရေ။


ကဲ...ဗျာ ပျော်သလား မေးဦးလေ။ အလုပ်ရှိတာ ကို ပြောပြတာပါဗျာ။ စကားက
ပြောချင်
စိတ်များပြီးနားထောင်တဲ့သူတောင် မောသွားလား မသိဘူး။ ကြားထဲမှာ ရတဲ့ အချိန်လေးမှာ မေးအပို့ အယူလုပ်နေရတာ ရှိသေး။ ချက်တင်းက ထိုင်သေးတယ်။

ကဲ-ကိုယ်လူရေ ဒီလောက်ဆို ပျော်သလား မေးတဲ့ ကိုယ့်လူ အတွက် လုံလောက်ပြီ လို့ 
ထင်တယ်နော်။

တေဇော လေပေါ တယ် မထင်နဲ့ ။ တကယ်တော့ ပေါတာပါပဲ။ ကိုယ်တော် သိအောင်
ပြောချင်လို့ ပါနော်။ တကယ်ကျေးဇူးတင်တယ် သိလား၊ နားထောင်ပေးတာကို။ ခုပြောကောင်း
ဆိုကောင်းတယ်ဗျာ။ ဒါပေမယ့် ဘုရားဝတ်ပြုချိန်က ရောက်နေပြီမို့  ဘုရားခန်း
သွားလိုက်အုံးမယ်နော။

အင်း အင်း..လို့  လိုက်နေရှာတဲ့ သူငယ်ချင်းကတော့ သာဓုပါ ဗျာ သာဓု-ပါတဲ့ ။တင်ပ။
ဒီလိုပဲ သူတော်ကောင်းတွေက ကောင်းတာလေး ပြောလိုက်ရင် သာဓုခေါ်တတ်ကြပါတယ်။
ကိုယ်တော်လိုပေါ့နော်။ တပည့်တော် ရေးထားတဲ့ ဘုရားရှင်ရဲ့ သာဓု -သံ နမူနာ
ကြည့်ပေါ့ ဘုရား ဆိုပြီး ပြောတာဆိုတာ ရပ်ခဲ့တယ်။ ကိုယ့်နောက်ပါမည့် ကိုယ်ပိုင်
အလုပ်လေးကို ဆက်လုပ်ဖို့  သွားခဲ့တယ်။ ဒီလိုနဲ့  ကိုယ်လုပ်တဲ့ အလုပ်ကို သူငယ်ချင်းကို
ရေရွတ်ပြလိုက်ရင်း တစ်ခြား မေးတဲ့ သူများလည်း အစုံအလင် သိသွားကြပြီပေါ့။

ဟို အဖော်မွန် သီချင်းတောင် အမှတ်ရသွားတယ်-၀ါသနာဆိုတော့ အခက်သား။
(တစ်ကိုင်းထဲ နားတဲ့ ငှက်ကလေးတွေ...သိပ်ပျော်မှာပဲလေ... ပျော်မှာပေါ့ မော်မှာပေါ့........
ဘဲလေ။) ဆိုတာမျိုးပေါ့။
ကိုယ်လည်း ပျော်နေရတာပေါ့ ။ ကိုယ့်မှာလည်း ကိုယ့်အလုပ်နဲ့ ပဲလေ....။

ခုတော့ အားနာလို့  မမေးတဲ့သူများလည်း သိရအောင် ပျော်ရဲ့ လား ဆိုတဲ့ ခေါင်းစဉ်နဲ့  -
ဖြေပေးပါတယ် ဘုရား။
ဖြေပေးပါတယ် ဗျိုး......

တကယ့် ပြောပြခဲ့တဲ့ တကယ့်လုပ်ရပ်တွေပါပဲ။ အချင်းချင်းဆိုတော့
ပြောချင်တာကို ပွင့်ပွင့်လင်းလင်းလေးတွေ ပြောဖြစ်ရဲ့ ။ တချို့ ကျတော့
လည်း သူတို့  အင်တာနက် အသုံးပြုတဲ့ အချိန်နဲ့  ကိုယ်ထိုင်တဲ့ အချိန်က
ခြားနားလေတော့ မသိကြ။ အကြာကြီးလည်း ပြောချိန်မရတာနဲ့ 
ခု အများသိစေချင်နဲ့  ဆန္ဒနဲ့  ပြန်လည်ပြီး စာလိုလို စကားပြောလိုလို
ရေးသားဖေါ်ပြလိုက်တာပါ။

မြတ်ရောင်နီ

(၁၄၊၀၁၊၂၀၁၀)