Pages

Monday, January 18, 2010

ဂျာမဏီမြေပေါ်က ခြေလှမ်းများ- ၇


စား ၀တ် နေရေး ကျန်းမားရေး
သင်္ကန်း
လောကီလူတို့  ပြောလေ့ပြောထ ရှိတာကတော့ စား-၀တ်-နေရေး-ကျန်းမာရေး ပါ။
မြတ်စွာဘုရား ပညတ်ထားခဲ့တဲ့ ၀ိနည်း ကျင့်ဝတ်မှာ သင်္ကန်း ဆွမ်း ကျောင်း ဆေး-
လို့ ရှိပါတယ်။ အဲ- ဘုရား သားတော်တစ်ပါး ဖြစ်တာဆိုတော့ ၀တ်ရေး ပတ်သက်လို့ 
သင်္ကန်းနဲ့ ဆိုင်ရာ အ၀တ်ကို အစဦးဆုံးပြောပါမယ်။မှတ်စရာ ဗဟုသုတ နဲ့  ကိုယ်တွေ့ 
နေရတဲ့ ကိုယ့်ရဲ့ သင်္ကန်းဖြစ်ပေါ်လာမှုတွေကို ပြောမှာပါ။

မြတ်စွာဘုရား ခွင့်ပြုထားတဲ့ သင်္ကန်း (၉)မျိုး ရှိသည် ဟု ၀ိနည်း မှာလာပါတယ်။
၁။သင်းပိုင်(အောက်အ၀တ်)၊ ၂။ဧကသီ( အပေါ်ဝတ်)၊ဒုကုဋ် သင်္ကန်းကြီး
( နှစ်ထပ်သင်္ကန်းကြီး)၊ဒီသုံးထည်ကို တိစီရိက်လို့  ခေါ်ပါတယ်။
( တိ-သုံး၊ စီဝရံ-သင်္ကန်း။) ၄။အိပ်ယာခင်း၊ ၅။မျက်နှာသုတ်ပုဝါ၊
၆။ပရိက္ခာရအ၀တ်- အခြံအရံအ၀တ်၊ ၇။နိသီဒိုင်-နေရာထိုင်( ထိုင်စရာအခင်း)၊
၈။မိုးရေခံသင်္ကန်း၊ ၉။အမာလွှမ်းသင်္ကန်း( အနာရှိသည့်အခါ ၀တ်တဲ့သင်္ကန်း)၊
ဒီလို ပြောမှဘဲ လူဝတ်ကြောင်လူအများ နားလည်မှာပါ။သံဃာတော်များ အနေနဲ့ 
ကတော့ အတိုချုပ် ဆောင်ပုဒ်ကို အလွတ်ကျက်ထားတာ ကိုရင်လေး ဘ၀ကတည်း
ကပေါ့။ လူအများလည်း သိစေချင်တာမို့  ဒါလေးမှတ်ဖို့ ထည့်ပေးလိုက်တာပါ။
ဆောင်ပုဒ်- သင်း ကိုယ် ဒု အိပ်၊ မျက် ပရိက် နိသိဒ် မိုး အမာ။ တဲ့။ အလွတ်ရသွား
အောင်သုံးခေါက်လောက် ဆိုကြည့်ပါ့လား။

ဂျာမဏီမြေပေါ် စရောက်တဲ့ နေ့ မှာပဲ သင်္ကန်းနဲ့  ကြိုဆိုကြတယ်။ ကိုယ်နေတဲ့
မြို့ က မြန်မာ ဒကာ ဒကာမများပေါ့။ သူတို့ က သင်္ကန်းလာလှူတယ်ပြောရမယ်။
သင်္ကန်းက ဂျာမဏီမှာသာ ၀တ်လို့ ရတဲ့၊ မဖြစ်မနေ ၀တ်ရမည့် သင်္ကန်းပေါ့။
မြန်မာပြည်မှာဆို မြင်ရတာ တစ်မျိုးကြီးပေါ့။ကြားရင်တောင်မှ သဒ္ဓါနုသေးသူတို့ အဖို့ 
တစ်မျိုး စိတ်ကွက်သွားနိုင်တယ်။ ဒါပေမယ့် ဒီမှာ ဆိုရင် သာဓုအကြီးအကျယ်
ခေါ်ထိုက်တဲ့ အလှုပါ။

သင်္ကန်းက အရေးကြီး တယ်လေ။ ပထမဆုံး နေရာက ထားတာ ကြည့်ပေတော့။ သင်္ကန်းခွင့်ပြုခြင်းနဲ့  သင်္ကန်း အသုံးပြုတဲ့အခါ မြတ်စွာဘုရား တပည့်သားတွေအတွက် ဆင်ဆင်ခြင်ခြင် ၀တ်ဖို့  ဒီလို ပြောထားပါတယ်။

အဲဒါကတော့ အချမ်းဒဏ်ခံနိုင်ဖို့ ၊ အပူဒဏ်ခံနိုင်ဖို့ ၊ဒဏ် မှတ်၊ ခြင် ၊ ကင်း စတာတွေ
ကိုက်မှာကို ကာကွယ်ဖို့ ၊ နောက်ဆုံးကတော့ ဖုံးထားသင့်တဲ့ အရှက်ကို ဖုံးနိုင်ဖို့ 
ရည်ရွယ်ချက်နဲ့  ခွင့်ပြုတာပါ။

ကိုရင်ဘ၀ ကတည်းက သံဃာတွေများ နေ့ စဉ်ဆင်ဆင်ခြင်ခြင် ရှိဖို့  ဘုရားဝတ်ပြုတဲ့
နေရာ မှာ ပါဠိ ဖြစ်စေ ဆောင်ပုဒ်ဖြစ်စေ ထည့်ဆို ဆင်ခြင်ကြရပါတယ်။ အဲလို
မဆင်ခြင်မိရင် လူအများရဲ့  ယုံကြည်မှု သဒ္ဓါဖြင့် လှုထားတာမို့  အကြွေးနဲ့ 
စာသုံးတယ် လို့  ဆိုပါတယ်။

အကြွေးနဲ့ စားသုံး ဆိုတာဟာ လူများက ဒါပေးရင် ကိုယ်က ဒီလိုဆင်ခြင်မှု
ပြန်ပေးရပါတယ်။ ပေးရမည်ကို လက်တွေ့ မပေးဘဲနေမိလို့  အကြွေးနဲ့ စားတာ လို့ 
စာက ပြောတာပါ။လူတွေ ပိုက်ဆံ လက်ငင်းချက်ချင်း မပေးချေသလိုပဲပေါ့။

မှတ်သားလိုတဲ့ လူများအတွက် ဆောင်ပုဒ်ကို ရေးပေးပါ့မယ်။
ဆောင်ပုဒ်-ချမ်းပူကိုဖျက်၊ ခြင် မှက် လေ နေ၊ ကင်း မြွေ လွဲသုဉ်၊ ဟိရီဂုဏ်ကို
ကုန်စေတတ်စွာ၊ ကိုယ်အင်္ဂါကို၊ လုံပါစေလို၊ ကိုယ်ကိုစံပါယ်၊ ဆင်ပြင်မယ်ဟု၊
စိတ်ဝယ်မမှန်း၊ ဤသင်္ကန်းကို၊ ဖုံးလွှမ်းဝတ်ရုံပါသတည်း။

(ရှေးဆရာတော်ကြီးများ စပ်ဆိုထားတာပါ။)

အ၀တ်စားဟာ အန္တရာယ်ကာကွယ်ဖို့ ၊ အရှက်ကာကွယ်ဖို့ ပါ။ လှပဖို့  မဟုတ်ဘူး
လို့  သံဃာတော်များ အတွက် အကျဉ်းချုပ် မှတ်လို့ ရပါတယ်။

လူများအတွက်လည်း ဒီ သုံးချက်ထဲမှာ ရှေ့ ၂ချက်ကတော့ ဖြစ်သင့်ပါတယ်။ အလှအပဆိုတာကတော့ လောကီလူသားပေမို့  လိုပါလိမ့်မယ်။ အလှကို ဆင်တဲ့အခါ
တော့ အရှက်ကြောက်ကို မကာကွယ်နိုင်ရင်တော့ ဗုဒ္ဓဘာသာ မြန်မာတို့  အဖို့ 
မသင့်တော်ဘူးလို့  မြင်မိပါတယ်။

စင်္ကာပူထုတ် မဂ္ဂဇင်းတစ်ခုမှာ ရုပ်ပြောင်လုပ်ထားတာ တစ်ခုတွေ့ ရတယ်၊
အမေဖြစ်သူက သမီးရယ် စည်းကမ်းရှိတဲ့ စင်္ကာပူမှာ ဘယ်သူဘာလုပ်လိုက်တာလဲတဲ့။
သမီးက ပြောပါတယ်။ အမေ သမီး ကို ဘယ်သူက ဘာမှ မလုပ်ပါဘူး၊ ဒါက ခေတ်ဒီဇိုင်း၊
ခေတ်မီတဲ့ အ၀တ်စားမို့  ပခုံးတစ်ဖက်က အ၀တ် ဘောလီကိုင်းမြင်အောင်ပြထားတာ ဆိုပဲ။

အိုး...ပြနိုင်ရင် ခေတ်မှီတယ် ဆိုတာပါ့လား။အဲလို များ ပြောတာ ရောက်လေမလား
ဟရို့ ။ စင်္ကာပူက ရွှေများကိုသာ ရည်ရွယ်ရင်း မဟုတ်ပါ။အနယ်နယ်မှာရှိတဲ့ ရွှေလေဒီ
လေးများ အားလုံးသိစေဖို့ ပါ။

မြန်မာပြည်မှာ ဒီတိုင်းပဲ အ၀တ်စားကို ၀တ်ရခြင်းရဲ့  ရည်ရွယ်ချက်ပျောက်နေကြတယ်။
စပ်မိလို့ပြောဦးပါဦးမယ်။ တစ်ခါကပေါ့၊စကတ်အကွဲ ခေတ်စားခါကစပေါ့။
ခေတ်အကြောင်း ဥပေက္ခာပြုထားလေတဲ့ ဘုန်းကြီးတစ်ပါး။ ဒကာမလေးက
ကျောင်း ဘုရားပန်းလာလဲရင်း၊ဆွမ်းအိုးပို့ တယ်ဆိုပါစို့ ။ ထိုင်တော့ အမြင်ကမတော်တာ
တွေ့ တော့တာပေါ့။

အမြင်မတော်ဆိုတာ ဒူးအထက်လောက်ထိ စကတ် ကခွဲထားတော့ ပေါင်သားမြင် သွားပုံပေါ်ပါတယ်။ ဟဲ့ ဟဲ့... ဒကာမလေး ...အပ်ချည်မလောက်လို့ လား၊
ဘုန်းဘုန်းမှာ အပ်ချည်ရှိတယ် ယူသွား ယူသွား ဆိုပြီး ထုတ်ပေးသတဲ့။ အော်....
မြန်မာပြည်တွင်း မြန်မာရဲ့  ယဉ်ကျေးလှတဲ့ အဆင်အယဉ်၊ လုံလုံခြုံခြုံ ၊
ရင်ဖုံးအင်္ကျီကို မြင်နေကျ၊ မြင်သားကျနေတော့ ဘုန်းကြီးတွေ ခမျာ ပြောရရှာတာပေါ့။

တစ်ချို့ က ဆောင်ပုဒ်လေး ရေးပြကြ၊တစ်ချို့ ကာတွန်းရေးဆွဲပြ။ စာရေးဆရာတွေက
စာနဲ့ ရေးပြ- ကြပေမယ့် ကျွဲပါးစောင်းတီး၊ နွား ပလာတာကျွေး ဆိုသလိုမျိုး ပြောလိုက်
ရလေမလား။ ပင်ကိုယ်ဓာတ်ခံကောင်း ရှိသူတို့ ကတော့ ပြင်သွားကြတယ်ဆိုတော့
စကားပုံ ရိုင်းရိုင်းကို လည်း မပြောလိုပါဘူးလေ။

ကိုယ့်အနေနဲ့ က တော့ အနောက်နိုင်ငံတွေမှာ ပေါင်ပေါ်တာလည်း မပြောပလောက်၊ ဘောလီကိုင်း ပေါ်တာလည်း မထူးဆန်းပါဘူး။ ကိုယ့်ရွှေတွေမှာ သူ့ များယဉ်ကျေးမှုတွေ
အတွင်း မ၀င်စေချင်ဘူးပေါ့။ပြောမယ်ဆိုရင် ပြောစရာတွေက အများကြီးရှိနေတယ်။
ဒါပေမယ့် သိရုံလောက်သာ ပြောပြလိုက်တာပါ။

ကဲ သူတို့  လှုတဲ့ သင်္ကန်းအကြောင်း ဆက်ကြမယ်။ သူတို့ လှူတာကို သင်္ကန်း (၉)
ထည် မှာ ဘယ်အထဲ ထည့်မလဲ ဆိုရင်တော့ ပရိက္ခာရစောဠ- အခြံရံ အ၀တ်
လို့  ပြောရမယ်ပေါ့။ ဘာလို့ လဲ ဆိုတော့ မြန်မာနိုင်ငံမှာ ဆို ခြေအိတ် လက်အိတ်
လှူတဲ့ သဘောမျိုးပါပဲလေ။

ခုဒီမှာ အပေါ် အကျီ င်္ နဲ့ အတွင်းခံ ဘောင်းဘီများပါ။ အရောင်ကလည်း
ဘုန်းကြီးများနဲ့ သင့်တော်တဲ့ အရောင် ပါပဲ။ ပြီးတော့ ဒီအ၀တ်တွေက လည်း ဒီမှာဆို
အအေးဒဏ် ခံနိုင်မယ်ပေါ့။ ကာလဒါန လိုတိုင်းရ လို့ အနုမောဒနာပြုလိုက်
ရလေမလား၊ တကယ်လည်း တရားတော်မှာ ဒီလိုပဲ ရှိတာကို။ အေးတဲ့
ရာသီဥတုဒေသ မှာ အ၀တ်လှူတော့ သူ့ ကာလနဲ့ လျော်ညီတဲ့ ဒါနဲ့ ပဲလေ။

ရောက်တဲ့လက နွေလ၊ မေလ၊ နွေခေါင်ခေါင်ပဲ။ တအားကြီး မချမ်းလှ။ ပူပြင်းတဲ့
အညာမွေးဖွား။ ရွှေညာသား ဒီလောက် အအေးဒဏ်တောင် မခံနိုင်သေး။ ဒေသခံ
ရဟန်းခမျာ နိုင်ငံခြားကိုယ့်ကို ဟီတာ ဖွင့်ပေးရှာတယ်။ တော်တော်အေးလားတဲ့။
မြန်မာနိုင်ငံ ဆောင်းအ၀င်လောက်တော့ အေးတယ် လို့ ပြောလိုက်တယ်။

ဒီ အ၀တ်နဲ့ တင် မလုံလောက်သေး၊ လူတိုင်းလိုလို ကို ပြောရမယ်၊ အပြင်
ထွက်တာနဲ့  ခြေအိတ်စွပ်ကြတယ်၊ နွေရာသီဆို ခြေအိတ်ခပ်ပါးပါးပေါ့။ အတော်လေး အသားကျလာတော့ သိပ်မအေးတော့ဘူး။ နေနိုင်သွားတယ်။ မြန်မာ ဒကာမ
တစ်ယောက် အလည်လာတော့ သူ့ အတွေ့ ကြုံရ ထောပတ် များများစားပေး၊
အအေးဒဏ်ခံနိုင်တယ် တဲ့။ ကိုယ်က ပြောလိုက်ပါတယ်၊ သူတို့ စားသလို
လိုက်စားနိုင်အောင် ကျင့်နေတာပဲလို့ ။ ဒါကတော့ အစားသောက်နဲ့  နွေးအောင် လုပ်တဲ့နည်းလမ်းပေါ့။

အဲဒါနဲ့ပဲ အစားက အအေးဒဏ်ခံနိုင်သွားတာလား မပြောတတ်။ အ၀တ်ကလည်း ၀တ်ထားပြီကိုး။ တစ်နေ့ တော့ ကိုယ့်မြို့ မှာ ရှိတဲ့ ဒကာဒကာမအိမ်သွားတော့ ဦးဇင်း မအိုက်ဘူးလားတဲ့၊ ဒီ အ၀တ်က ဆောင်းရာသီ ၀တ်ရမှာတဲ့။ အဲဒီ အ၀တ်က ထူတယ်၊ ပါးတာဝတ်လေ ဘုရားတဲ့။ အော် သူတို့ ကလည်း ရှားရှားပါးပါး ရွှေကိုယ့်ကို မိသားစု
ပမာ ကလေးလေးလို သင်ပေးပါတယ်။ သင်စရာပဲလေ။ အ၀တ်စားက မ၀တ်တာ
နှစ်ပေါင်းက ၂၄နှစ်တင်းတင်း ရှိခဲ့ပြီးပဲ။ ဒါကို ရှေ့ ထားပြီး ၀တ်ရမှာ၊ ဒါက နောက်-တဲ့။
မသိရင်တော့ ကလေးလိုပါပဲ။ ရိုး-တာလည်း ပါတာပေါ့လေ။ မထူးပါဘူး ကိုယ့်ကို
မညှာပဲ ပြောထည့်လိုက်တော့မယ် အ-တာပါ။

ဒီလိုနဲ့  နွေရာသီ မှာ မြန်မာဒကာဒကာမများက ဒီလို လှူသလို ထိုင်း၊အိန္ဒိယ၊ ဂျာမန်ဒါယကာတွေကလည်း ဂျာမဏီဝတ် သင်္ကန်းများ လာလှူကြပါလေရော။
ဂျာမဏီမှာ ဂျာမဏီသင်္ကန်းပဲ ရှိမှာပဲ ထင်ခဲ့မိလို့  သီရိလင်္ကာ သူငယ်ချင်းတွေက
ဒီ မလာခင် သူတို့ ပါလာတဲ့ သင်္ကန်း တွေကို လှုကြတာ။ အသစ်နှစ်စုံပါလာခဲ့တယ်။

ကိုယ့်အထင်လည်း သင်္ကန်းတော့ အလှူခံ ရရှိမှာ မဟုတ်တော့ဘူး တွက်ထားတာ။
ဘယ်ဟုတ်မလဲ။ ကိုယ်လာမယ် ဆိုတာ သိထားနှင့်ပြီး တာဆိုတော့ မြန်မာမိသားစု
က မြန်မာပြည်က သမီးဝယ်လာတယ်၊ ဥူးဇင်းအတွက် ဒွိစုံ၊ ဂျာမန်ဥူးဇင်းအတွက် နှစ်ထပ်သင်္ကန်းကြီးတဲ့။ကိုယ်ကတွက်လိုက်တယ်၊ ကြိုက်သလောက်ဝတ်၊
မကုန်တော့ဘူးပေါ့။ပူစရာမလိုတော့ဘူး အ၀တ်အတွက်နဲ့ ကတော့။

ဝါကျွတ်ကာလ ရောက်တော့လည်း ကထိန်ခင်းမည့် ဒါယကာတွေက စုပေါင်း
လုပ်ကြတယ်။ ထိုင်းဒါယကာတွေက ထိုင်းသင်္ကန်း၊ မြန်မာ နောက်ထပ် ဒကာမ
တစ်ယောက်က မြန်မာ သင်္ကန်း။

ဒါတင်မကသေးဘူးစင်္ကာပူမှာ နေတဲ့ ဆရာသမား ဥူးဇင်းကလည်း ဥူးတေဇော
သင်္ကန်းလိုရင် မြန်မာသင်္ကန်းကြိုက်လား၊ ထိုင်းသင်္ကန်းကြိုက်လား ပို့ လှူလိုက်မယ်တဲ့။ ရပါတယ်ဘုရား ဒီမှာ သင်္ကန်းများ ပေါနေကြောင်း လျှောက်ထားခဲ့တယ်။ ကျေးဇူး
တင်ကြောင်းကိုသာ ပြောလိုက်ပါတယ်။

ကထိန်နောက်ပိုင်း ဆောင်းက ၀င်စပြုပြီ၊ ဆောင်းဒဏ်ကို ခံနိုင်ဖို့  ပုံမှန်ရှုးနဲ့ လည်း
မရဘူးတဲ့။ ဒီလောက် အေးမယ် ပုံမှန်ရှုးနဲ့  ရမယ် မရဘူးလည်း သိပ်ထည့်မတွက်ထားမိဘူး။
ကိုယ်မှ မကြုံသေးဘူးတာကို။ တစ်နေ့ တော့ ကျောင်းကို စာကြည့်တိုက် အတွက်
စာရင်းဇယား စနေနေ့ တိုင်း လာပြီး ပြုစုနေတဲ့ ဂျာမန်စုံတွဲက အေးလာပြီ ဆောင်းတွင်းရှုး
ရှိလားတဲ့။ မရှိသေးဘူးလို့  ပြောလိုက်တယ် ဆိုရင်ပဲ ကဲ နောက်တစ်ပတ် ၀ယ်လှုမယ်ပေါ့။
ပြောတဲ့ အတိုင်းပါပဲ။ သူတို့ ပြောထားတဲ့ အချိန် သူတို့ ကိုယ်တိုင် လိုက်ပြီး ( ကပ္ပိပေး ) ၀ယ်ပေးတယ်။ ခြေထောက် အတွက် လုံလောက်သွားပြီလို့  ထင်ထားခဲ့တယ်။

ဒါပေမယ့် အောက်ပိုင်း ကိုယ်အတွက် မလုံလောက်သေးပါလား။ စာသင်ပေးတဲ့
ဆရာမကြီးကလည်း ဆောင်းဝတ်ဘောင်းဘီရှည် အတွင်းခံ လိုမှာပဲ။ ရှိသလားဆိုပြီး
မေးမေးမြန်းမြန်း ပြောပြောဆိုဆိုနဲ့  လှူပါတယ်။

အပေါ်ပိုင်း ဆောင်းကုတ်အကျိ င်္နဲ့  ဘောင်းဘီ ရှည်၊လည်စည်းပုဝါ၊ခေါင်းစွပ်တွေကို
လည်း ထပ်ပြီး ကိုယ်နေတဲ့ မြို့ မှာ ရှိတဲ့ မိသားစုက လှူပြန်ပါရော။ တကယ်တော့
ခေါင်းစွပ်က ထိုင်းဒကာမတွေ လှူထားတာ ရှိပြီးသား။ အရောင်က တစ်မျိုးဖြစ်နေ
လို့ ၊ သင့်တော်အောင် ထပ်လှူကြတာ။

ဒါတင် မကသေးဘူး၊ အွန်လိုင်း ထိုင်းက ဓမ္မညီမဖြစ်သူက ဥူးဇင်း အတွက် ခေါင်းစွပ်
ထိုးထားတယ်၊ပို့ လှူလိုက်မယ်တဲ့။ မပို့ ပါနဲ့  များနေတယ် ပြောအောင်လည်း ခက်သား၊
သူကလည်း ကိုယ့်အတွက် သူ့ စိတ်နဲ့ သူ ရည်မှန်းထိုးတာဆိုတော့။ ပြီးတော့
ပထမဦးဆုံး ထိုးတာပါတဲ့။ အဲလို ဆိုတော့ ဒကာမရေ ကောင်းတယ်၊ ရှိတော့ ရှိပြီးသားပါ၊
ဒကာမ အလှူ လက်ခံသေးတာပေါ့ ဆိုပြီး အလှူခံလိုက်ပါတယ်။ ကိုယ်ကလည်း
အားက နာတတ်တယ် ကိုးဗျား။ စာတိုက်ကနေ လှူပါတယ်။ခုတော့ ခေါင်းစွပ်တစ်လုံးထဲ
စွပ်လို့  အအေးဒဏ်မခံနိုင်တာနဲ့  နှစ်လုံးထပ်စွပ်ရပါလေရောလား။

ပေါ်တဲ့ နေရာအေးတာ ဆိုတော့ လက်ကလည်း လုံခြုံဖို့  လိုသေးတယ်လေ။ အဲဒါကို ထိုင်းဆရာမကလက်အိတ်ရှိလား ဆိုပြီး လှူလို့  အလှူခံခဲ့တယ်။ နောက်တော့ အဲဒီ လက်အိတ်ကလည်း တအားအေးလာတဲ့ ဆောင်းကို အံမတုနိုင်။ တစ်နေ့ တော့
ဂျာမန်ဆရာမကြီးက ဘာလို လဲ၊ ခြေအိတ်အထူရှိလား၊ လက်အိတ်က နွေးလား
မေးပါလေရော။ ခြေအိတ်အထူ ရှိတယ်၊ ရှည်လည်း ရှည်တယ် တစ်နေ့ က မြန်မာ
ဒကာမ တစ်ဦးအိမ် ဆွမ်းစားပင့် လို့  သူလှူလိုက်လို့  ရခဲ့တာ။ နွေးလည်း
နွေးတယ်ပေါ့။ မြန်မာလှူတယ် ဆိုတာလည်း ထည့်ပြောရသေးတယ်။ လက်အိတ်
ကတော့ သိပ်မနွေးဘူး၊ အေးတာပဲလို့  ပြောလိုက်တော့ဒါဆို တစ်နေ့  နေ့ သွားပြီး
ရှာတာပေါ့ ။ နွေးမည့်ဟာတဲ့။

ဒီလို ပြောပြောဆိုဆိုနဲ့ ဘဲ စာသင်ပြီး အချိန်လေး နဲနဲ ရသေးတာနဲ့  လက်အိတ်
သွားရှာမယ် ဆိုပြီး အကောင်းဆုံး အနွေးဆုံး လက်အိတ်ကို လှုလိုက်ပါလေရော။
အကောင်းဆုံး ဆိုတာ ကိုယ့်အပြောမဟုတ်ပါ၊ ဆရာမကလည်း အဲလို မပြောပါ။
ဒီရောက်မှ ဂျာမန်ဥူးဇင်းက ဒါ နွေးလည်း နွေးတယ်၊ ကွာလတီကောင်းတယ်တဲ့။
ဈေးလည်းကြီးတယ်တဲ့။

ကဲ ခု ပြောပြနေတာက တကယ့် သူတို့ ရဲ့  သဒ္ဓါတွေပဲ။ အံ့သြစရာ ကောင်းလှပါတယ်။
ကိုယ်နဲ့  အမျိုးမစပ် ဘဲ သာသနာကို တကယ်ကြည်ညို လှူဒါန်းကြသူတွေပါ။ ကိုယ်ဘာ
လိုနေတယ် ဆိုတာကို သူတို့ က သိနေသလိုပဲ ။ နတ်တွေကများ သွားပြောကြလေသလား-
တောင် ထင်စရာ ကောင်းတယ်။ ပြောလို့ တော့ မရဘူးပေါ့။

တကယ်တော့ သူ တို့ ကိုင်တိုင်ကဘဲ အလိုက်သိမှုတွေ သဒ္ဓါနဲ့ က ဟန်ချက်
ညီနေကျတာဘဲဖြစ်မယ်လို့ အောက်မေ့မိရဲ့ ။ ဒီလိုနဲ့  အတွေးပေါင်းများစွာနဲ့ပေါ့။
ကိုယ်လိုအပ်တာ မှန်သမျှတော့ သူတို့  ဖြည့်လို့  ပြည့်ရပါပီ။

ဒီအကြောင်းတွေကို လည်း သူငယ် ရဟန်းများနဲ့  အဝေးရောက် ကိုယ့်ကို ပူပန် နေမယ့်သူများကိုလည်း သိစေချင်တယ်။ ဘယ်လိုလဲ၊ မိဝေးဖဝေး၊ သူငယ်ချင်းဝေး၊
ဒကာဒကာမ ဝေးဆိုတော့ အဆင်မှ ပြေရဲ့ လား။ ဘယ်လိုနေသလဲ မေးရှာကြသူ-
တွေလည်း သိကြရောပေါ့။

ပြီးတော့ သူငယ်ချင်း ရဟန်းတစ်ချို့ ကလည်း ပြောင်ပြောင်နောက်နောက်
ပြောကြတာလည်း ရှိသေးရဲ့ ။ဥရောပ ရောက်တာဆိုတော့ ကြီးပွါးနေရောပေါ့တဲ့။
တင်ပ။ ကြီးပွါးပါတယ်ဘုရား-ပေါ့။ နောက်ထပ် ထပ်ဆင့်မေးခွန်းက လာပြန်ရော။ ဘယ်လောက်စုမိပြီလဲ။ တင်ပ။ စုမိပါတယ် ဘုရား။ နေ့ စဉ် ဒါတွေ လုပ်တယ်၊
တရားထိုင်တာ၊ ပဋ္ဌာန်းရွတ်တာ၊ စာသင်တာ၊တရားဟောတာ တွေပဲဘုရား။
ကိုယ်က မသိချင်ယောင်ပြီးဖြေတာပဲ။

နောက်တော့ သူက လုပ်အုံးလေ၊လျှံနေရင် - ဆိုတဲ့ စကားက ကိုယ်ပြောတဲ့စကားကို နားမလည်ဟန် ၊မသိလေဟန်။ ဒါပေမယ့် ဘုရား တပည့်တော်က သရေပွဲပါဘုရား။
အဲဒါနဲ့  ပါတ်သက်လို့ ကတော့။ ကိုယ့်အိတ်ထဲက ထွက်စရာ မလိုသလို၊ ကိုယ်အိတ်ထဲမှာ
လည်း မ၀င်တာ တကယ် အမှန်ပါ။

ဟုတ်လို့ လားတဲ့။ကဲကြည့်၊ မလိမ်တတ်တာ ကိုယ်တော်ရေ။ဟုတ်ပါတယ် ဗျာ။
ဒါပေမယ့် လိုအပ်တဲ့ အရာ အားလုံးတော့ ကိုယ့်ဘာမှ ပူပန်စရာ မလို၊ သူ့ အလိုလို ရောက်လာပါတယ်။သူတို့  အလိုက်တသိ လှူကြပါတယ်။လို့  ပြောလိုက်တယ်။

တကယ်တမ်းကြတော့လည်း အလိုတွေထက် လိုအပ်ရာ ပြည့်စုံနေရင်
ပြီးတာပါပဲ။ အလိုဆိုတာကတော့ အလိုမဆုံးဘူးပေါ့။ လိုအပ်ရာ ရနေရင်
ရှိနေရင် ပြည့်စုံပြီပဲ။
အဓိက ကတော့ကိုယ်ရတာလေးနဲ့  ကျေနပ်တာကိုပဲ
ကိုယ်က ပြည့်စုံတာပါပဲ။


အဲဒီလို လေးတွေ ရှင်းပြတော့။ အင်း...ဒါဆိုလည်း မဆိုးပါဘူး။ ဆိုပြီး ညိမ်သွားတယ်။
ကဲ ဒီလို ပြောင်ပြောင်နောက်နောက် သူတွေကိုလည်း ဒီမှာ ဒီလိုရှိပါတယ် သိကြပါ
ပါစေပေါ့။ တကယ်တမ်း သူက ပြောင်ရုံသက်သက်ပါ။ စကား အဖြစ်ပြောကြတာပါ။

ကိုယ်ကသာ သူတို့  တကယ်သိစေချင်လို့  ဒီလို ပြန်ပြောလိုက်တာပါ။ သူငယ်ချင်းရေ
နာမည်မပါဘူး၊ စိတ်မဆိုးနဲ့ နော်။ အများလည်း သိစေအောင် ရေးပါတာပါ ဗျား...။


ဒကာ ဒကာမ တို့ ရဲ့  အလှူကို ခံယူရတာလည်း
သူတို့  ဒါနကို ချီးမြှောက်ရတာမို့ 

သာသနာပြုခြင်း တစ်ရပ် လို့ ပဲ ခံယူလိုက်ပါရစေ။

မြတ်ရောင်နီ
(၁၉၊၀၁၊၂၀၁၀)

No comments:

Post a Comment