Pages

Wednesday, June 2, 2010

ကတုံး ကတုံး


ကတုံး ကတုံး

ကတုံး ကတုံး ဆိုတဲ့ စကားက ခေတ်လူငယ်များရဲ့  နှုတ်ဖျား ရေပန်း စား လာတာတွေ့ ရတယ်။
ဘုန်းကြီးတစ်ပါး အနေနဲ့  ဒီစကားက ဘုန်းကြီး အသုံးနှုန်း က စပြီး လူအများစုထံ သုံးလာကြတာ လို့  ယူဆပါတယ်။ အဲလိုပဲ ပြောလိုက်ချင်တယ်ပေါ့။

ပါဠိလိုကတော့ နိက္ကေသသီသော၊ ခလ္လာဋော၊ မုဏ္ဍော ၊ ဘဏ္ဍု ၊ မုဏ္ဍိကော၊ ( ဘူကဏ္ဍ- အဘိဓာနပ္ပဒီပိကာ) တဲ့။ ပါဠိစကားလုံး ကလည်းများလိုက်တာ လို့  မအောက်မေ့လိုက်နဲ့ ။ မြန်မာ စကားလည်း ပြန်စဉ်းစားကြည့်ပြန်တော့ ကတုံး၊ ချီးပူး ၊ ရွှေဂေါင်းပြောင်၊ ထိပ်ပြောင်၊ ပြောင်ကြီး ၊ စသဖြင့် ပြောလိုက်တာလည်း ကတုံး ရဲ့  ပရိယာယ် စကားများစွာပါပဲ။

ကတုံး ဟာ အမျိုးမျိုးရှိပါတယ်။ အမျိုးမျိုးရှိသလို နေရာအမျိုးမျိုးမှာ အသုံးပြုကြတယ်။ အသုံးပြုခြင်း ရည်ရွယ်ချက်တွေလည်း အမျိုးမျိုး ပါပဲ။

ဟိုး... ငယ်ငယ်တုံးကပေါ့ ။ ရွာမှာ ဇီးပင်တွေ အသီးသီးပြီး လို့  ကုန်သွားပြီဆိုရင် ကတုံး တုံးရတယ်။ ကတုံး တုံးတယ်လို့  အညာဘက်မှာတော့ ပြောကြပါတယ်။ ဇီးပင် ကတုံး ဆိုတဲ့ အသုံး နှုန်းကလည်း အပေါ်က ကိုင်းတွေ ရှင်းလင်းပစ်တာမို့  ခေါင်းနဲ့  တူတာမို့  ကတုံး လို့  ပြောတာ ထင်ပါ ရဲ့ ။ ဇီးပင်ရဲ့  ကတုံး တုံးခြင်းကလည်း လူတွေက လှပ ဖို့  ကို ရည်ရွယ်ရာ မဟုတ်ဘူး။ နုပျိုဖို့ ပါ။ ဇီးခုတ်မှ ပျို - ဆိုတဲ့ စကား အတိုင်းပေါ့။ ပျိုမြစ်ခြင်းကို ပြန်ယူတာဟာ ဇီးသီးများများ သီးဖို့ အဓိက့ ရည်ရွယ် ချက်ပါပဲ။

ပြီးတော့ ရှုပ်နေတဲ့ တောတွေကို ရှင်းပစ်တယ်လို့  သုံးသလို၊ တောကတုံး တုံးမယ်လို့ လည်း ပြောကြပြန်တယ်။ တောကတုံး တုံးတာကတော့ တောထဲမှာ ရှိတဲ့ အကောင်ရှည် အန္တရာယ် ကင်းဝေးဖို့  ဆိုတဲ့ ရည်ရွက်ခြင်းပါပဲ။

ကလေးဘ၀မှာ ရွာဓလေ့ အရ နွေရာသီမှာ ပူပြင်းလွန်းလို့  ကလေးများရဲ့ ဆံပင်ကိုလည်း ယောကျာ်လေး မိန်းခလေး မရွေး ကတုံး တုံးလေ့ ရှိကြတယ်။ ကလေးတွေ ခေါင်း အေးစေဖို့ ပေါ့။

အဲ- အပြစ်နဲ့ မိုက်တဲ့ သူတွေကိုလည်း အပြစ်ကြောင့် ကတုံး တုံးခံရတယ်။ အဲဒါ က များသော အား ဖြင့် အကျဉ်းကျတဲ့ နှစ်ကြီး သမားမျိုးပေါ့။ သူတို့  ကျတော့ ဆံပင်ပုံ လှပအောင် ပြင်ဆင်ချိန် မရှိတာရယ်။ ပြင်ဆင်ဖို့  အခြေနေမရှိတာရယ်ကြောင့် ခေါင်းတုံး ခံရပါတယ်။

ခုခေတ်မှသာ မဟုတ်သေးပါ။ ဘုရား လက်ထက်ကလည်း အပြစ်ရှိသူကို ဦးခေါင်းတုံးပြီး စည်တီးကာ ဆိုးဝါးကြောင်း လူများမြင်သာအောင် မြို့ တွေကို လှည့်ပတ်ပြသပါတယ်။ သူ့ ရဲ့ 
မကောင်းမှု သက်သေ အဖြစ်၊ နောင်လူတွေ မကောင်းတာ မလုပ်ရဲအောင် ပြုလုပ်တဲ့ သဘောပါ။

ခုခေတ်မှာတော့ ဘောလုံးသမား တွေလည်း ကတုံး တုံးတာ တွေ့ ရပြန်တယ်။ သူတို့  ဘာလို့  တုံးကြသလဲ ၊ ကိုယ့်အထင်တော့ ခေါင်းက ဆံပင်အပေါက်ကြဲလို့ ၊ မထူးဇာတ် ခင်းတဲ့ အနေနဲ့ ၊ ခေါင်းတုံးတာက ပို အဆင်ပြေတဲ့ အနေထားကြောင့် တုံးကြတယ် ထင်ပါရဲ့ ။( ကိုယ်တိုင် အင်တာ ဗျူးတာမဟုတ်တော့ အထင်နဲ့  ပြောခြင်းပါ)။

ဘောလုံး သမား မဟုတ်ပေမယ့် သာမန် ပြောင်သူတွေလည်း ခဏခဏ ကတုံး တုံးကြတယ်။ ပြောင်မှန်းမသိအောင် ရှိမှာပေါ့။ ကြိုးတိုးကြဲတဲ ဆံပင်ထက် ညီညီညာညာ ပြောင်တာက ပိုလှတယ် ထင်တဲ့ စိတ်ကူးကြောင့် ရှိမှာပေါ့။

ဘုန်းကြီးတွေ လည်း ကတုံး တုံးကို တုံးကြရတယ်၊ ဘာလို့  ကတုံး တုံးကြသလဲ။

ဘယ်ရည်ရွယ်ချက်ကြောင့်လဲ... ကလေးတွေလို ခေါင်းအေးအောင်လို့ လား၊ (မဟုတ်ပါ။ ) ကတုံး လေးက လှလို့ လား၊ ( မဖြစ်နိုင်ပါ)၊ ခေါင်းပြောင်လို့  တုံးတာလား၊ ( မဟုတ်တန်ရာ၊) ကိုရင် ဘ၀မှာ ပြောင်မှ မပြောင်သေးတာ။ တောအုပ်တွေလို အန္တရာယ်ကင်းအောင်လား၊( အန္တရာယ် ကင်းအောင် တော့ ဟုတ်တယ်၊ တောအုပ်လို့  အကောင်ရှည် အန္တရာယ်မျိုးတော့ မဟုတ်ဘူး)၊ အပြစ်နဲ့  မိုက်တဲ့ လူတွေလို အပြစ်ကြောင့် အတုံးခံရတာလား။ ( အင်း.. အဲလို ပုံစံမျိုးပဲ။ ဖြစ်ပုံခြင်းကတော့ မတူဘူး)။

ဒီလိုပါ... ဘုန်းကြီးတွေ ကတုံး တုံးခြင်း ရည်ရွယ်ချက်များစွာ

၁။ ဘုရားရှင်ရဲ့  ဥပဒေက ဆံပင် ကတုံး တုံးရမယ် ဆိုတာရယ်၊

၂။ခေါင်းအေး ရုံ သက်သက်မဟုတ်၊ ဆံပင်ကြောင့် အလှပြင်ရမည့် ဒုက္ခတွေ ဝေးရအောင် လို့ ဆိုတာ ရယ်၊ ( ခေါင်းလျှော်ရတာတွေ ကောက်တာ ဖြောင့်တာ တွေ ဆိုတာတွေပေါ့)။

၃။ ခေါင်းပြောင်တာ မပြောင်တာက ဘုန်းကြီး အတွက် အရေးမကြီးတော့ပါ၊
ကြိုးတိုးကြဲတဲ ဆံပင်ကြည့် ကောင်းအောင် ထပ်တလဲလဲ ရိတ်ပေးခြင်းဖြင့် ကြည်ညိုဖွယ် ဖြစ်အောင်ရယ်။

၎။တောအုပ်လို အန္တရာယ်မျိုး မဟုတ်ဘဲ ကိုယ့်ဆံပင် အလှမီပြီး အလှမာန်တက် ၊ အလှရမ္မက် တွေ ကြောင့် သံသရာ က မလွတ်နိုင်တာမို့  သံသရာရဲ့ အန္တရာယ် ကင်းအောင်ရယ်၊

၅။မိုက်တဲ့ သူတွေလိုမျိုး အပြစ်ပေးခံရလို့  တုံးခြင်းမျိုး မဟုတ်ဘဲ ကိုယ့်ဖာသာ ကိုယ့်ရဲ့  အ၀ိဇ္ဇာဆိုတဲ့ အမိုက် အပြစ်ကို မြင်ပြီး ကိုယ်ဆန္ဒ အလျောက် ကတုံးကို ဦးတည်ချက်မှန်စွာ တုံးခြင်း ဖြစ်ပါတယ်။

ဒီလို ဆိုတော့... ဘုန်းကြီးများ ကတုံးတုံးခြင်းရဲ့  ရည်ရွယ်ချက်ကား သံသရာ အစကို မထင် မမြင်ဘဲ မသိမိုက်ခဲ့တဲ့ ဘ၀တွေများပြီမို့  မိုက်ခဲ့တဲ့ အမြင်များလင်းအောင် ရှင်းအောင်
( သံသရာ ၀ဋ်ဆင်းရဲ မှ ကျွတ်လွတ်ဖို့ ) အတိုချုပ် မှတ်ကြစေသောဝ်။




မှတ်ချက်။ ။ အတွေးရှိသည့်အတိုင်း ထိုထို ပါဠိတော်များထဲမှ ဆိုလိုရင်းကို မှီငြမ်းပြီး ခေတ်အနေထားအရ ဆောင်းပါးကို ရေးသားဖန်တီးထားးခြင်း ဖြစ်ပါကြောင်း...။


မြတ်ရောင်နီ
( ၀၂၊ ၀၆၊ ၂၀၁၀)



1 comment:

  1. ကာတွန်းတခုမှာ ကတုံးသုံးမျိုးရှိတဲ့အကြောင်း ဟာသလုပ်ထားတာ သတိရမိပါတယ်ဘုရား။ အဲဒီမှာ အေးကတုံး၊ ဘေးကတုံး နဲ့ --- ကတုံးပါတဲ့။ (နောက်ဆုံးတခုကို ရီစရာ လုပ်ထားတာပါ။ ဒီမှာတော့ နဲနဲရိုင်းမလားလို့ ထည့်မရေးပြတော့ပါဘူး) ... ဦးတင်လျှက်

    ReplyDelete