Pages

Sunday, June 27, 2010

နောက်ကောက်မကျစေနဲ့ 


နောက်ကောက် မကျစေနဲ့ 





ခု မှဘဲ လက်ညိုး လက်ခလယ် ရဲရဲဝံ့ဝံ့ ပေါင်းထောင်ရဲတော့တယ်။
ကားပေါ်က လက်မဟုတ်ဘူးနော်။
အဓိပ္ပါယ်သိသွားတာနဲ့ နောက်ကောက်ကျခဲ့တဲ့ လက်နှစ်ချောင်းပုံ

နောက်ကောက် မကျစေနဲ့ 

ဒီနေ့  တနင်္ဂနွေနေ့ ဆိုတော့ သင်တန်းက မသွားရဘူး။ နေ့ စဉ်ဆိုသလို သင်တန်းက တစ်ပတ် ၅ ရက်သွားရတယ်။ စနေနေ့ တောင်မှအနားမနေရ။ ကိုယ်နားမလည်တာကို ဂျာမန် ဆရာမ ကြီး တစ်ဦးထံ ထပ်ပြီး ရှင်းပြဖို့  သွားရသေးတယ်။

ဟိုတုံးကလို တနင်္ဂနွေဆိုတာလည်း အရသာ ထူးမပေါ်လှ။ ဥပုသ်နေ့ ဆိုတာလည်း အရသာ ထူးမရှိလှ။ ကလေးတုံးက ကျောင်းပိတ်တဲ့ စနေ တနင်္ဂနွေမှာ ပျော်တယ်။ ကိုရင်ဘောင် ရောက်လာ တော့ အဖိတ် ဥပုသ်ကို မျှော်တယ်။ အတော်လေးကြီးလာတော့ စနေ တနင်္ဂနွေ မှာ ထူးမပျော်သလို ၊ အဖိတ် ဥပုသ်ကို ထူးလည်း မမျှော်ခဲ့။

ဒီနေ့ လည်း သင်ခန်းစာ လေ့ကျင့်ခန်း လုပ်ဖို့  နားမလည်တာနဲ့  ဂျာမန်ဆရာမကြီး ကို ထပ်မေး ရတယ်။ ဆရာမကြီးက စေတနာ သဘော ကောင်းကောင်းနဲ့  တနင်္ဂနွေမှာ ဖုန်းနဲ့  တစ်နာရီကျော် ကြာကြာ စာသင်ပေးပါတယ်။ အော်...ကျေးဇူးကြီးမားပါ့လားနော်။

အဲလိုနဲ့  လေ့ကျင့်ခန်းတွေ လုပ်ရပါများတော့ နားပါဦးမယ်လေဆိုပြီး အပြင်မြစ်ဘေးသွားတယ်။
လေကောင်းလေသန့် ရှူကာ ပဋ္ဌာန်းသွား ရွတ်မယ်ဆိုပြီး သွားခဲ့တာပါ။

လမ်းမှာ ကားတွေက တ၀ီဝီ နဲ့ ။ အလံက တလူလူ။ ပါးစပ်ကလဲ နှဲလိုဟာကြီး မှုတ်နေလိုက် ကြ တာ။ (အဲဒါကြီး နာမည်မခေါ်တတ် )။ ဘောလုံးပဲသွားမှာလား ၊ ပြန်လာကြတာလားဆိုပြီး တွေးနေ တာ။ ပြီးတော့ အော်... ကိုယ်လည်း သူတို့  သိပ်ပျော်ကြတာပဲလို့  ဒီလောက်ပဲ စိတ်ထဲမှာ ထားခဲ့ တယ်။

မြစ်ဘေးရောက်တော့ ကိုယ်မှန်းထားတဲ့ အတိုင်း မြစ်ရေကလာတဲ့ လေကို အားပါးတရ ရှုရှိုက်ရင်း ပဋ္ဌာန်းကို ရွတ်ဖြစ်ခဲ့တယ်။


ပြီးပြီ ဆိုတာနဲ့  ကျောင်းမှာ ဘုရားဝတ်ပြုရအုံးမယ် ဆိုပြီး ပြန်လာခဲ့ပါတယ်။ လမ်းမှာတွေ့ တဲ့ ကားပေါ်က လူတွေကလက်ထောင်ပြတော့ ခေါင်းလေး တဆတ်ဆတ် လှုပ်ပြခဲ့ပါတယ်။

အဲ...လမ်းခုလတ်မှာ မီးပွိုင့်နီနေတာနဲ့  ကိုယ် ရပ်နေချိန်မှာ ကားက ချိုးကွေ့ လာတယ်။ ကားပေါ်က ၁၄ နှစ် ၁၅ နှစ် အရွယ် မိန်းခလေးက လက်နှစ်ချောင်း ထောင်ပြသွားတယ်။

လက်နှစ်ချောင်းက လက်ညိုးနဲ့  လက်ခလယ်။ ဟိုးဟိုး......ကလေးဘ၀ က အဲဒီလို နှစ်ချောင်း ပေါ့။ Peace ဆိုပြီး ကောင်းမလေးတွေကို ထောင်ပြရင် ကောင်မလေးတွေက အသေဆဲတာတို့ ။ ဆရာ ၊ မိဘတိုင်တာတို့  လုပ်ကြတယ်။ သူတို့  မကြိုက်ရင်ပေါ့။ သူတို့ ကြိုက်ရင် ပြုံးသွားတာပေါ့။ အဆင် ပြေပြီပေါ့လေ။

အဲဒီတုံးက ရွာက လူကြီးတွေကလည်း မြှောက်မြှောက်ပေးတတ်ကြတယ်။ မင်းအဲဒီ ကောင်မလေးကို လက်နှစ်ချောင်း ပိစ် လုပ်ရဲလားပေါ့။ တစ်ခါတစ်လေ စကားမပြောတတ် ပြောတတ် ကလေးကိုတောင် လက်ထောင်ပြလိုက်ဆိုပြီး သင်ပေးတာကိုမြင်ဘူးတယ်။ ကိုယ်ကိုယ်တိုင်တောင်မှ ကလေးဆိုတော့...အဟဲ။

ကိုယ်ကလည်း အဲဒါကို စိတ်ထဲ စွဲနေခဲ့တာ။ ပိစ် ဆိုတာ ကောင်မလေးနဲ့ အဆင်ပြေတာ လို့ သိထားတာပေါ့။ ခု ဘာကြီးပါလိမ့်။ ဘေးမှာလည်း ကားမောင်းနေတာက သူမိဘတွေပါတယ်။ ငါ့ကို လည်း ပိစ် လုပ်သွားတယ်။ ကိုယ်ကတော့ သူကျေနပ်အောင် စရိုက်စရောလေး ခေါင်းညိတ်မိ လိုက် တယ်။ ခေါင်းကလည်း လွယ်ပါ့။ ခေါင်းက မသိမှ မသိဘဲကိုး။ စိတ်ကသိတာပဲဟာ။ ဟုတ်တယ် နော်။

ဒီလိုနဲ့  ကျောင်းပြန်ရောက်သော်- ဂျာမန်ဥူးဇင်းကို မေးကြည့်တယ်။ လမ်းမှာ ကားပေါ်က ကလေးမလေး ခပ်သေးသေးလေးက လက်နှစ်ချောင်းထောင်ပြသွားတယ် ။ အဲဒါ ဘာလုပ်တာလဲလို့ မေးတော့ အဲဒါ Victory အောင်မြင်ခြင်း အထိမ်းမှတ်တဲ့။ ( ဟိုက် ရှာလဘက် )

အဲ...ဒီလိုဆို ဘောလုံးပွဲ နိုင်လို့ လားမသိဘူးနော် ထပ်မေးလိုက်တော့။ သူကလည်းခုမှဘဲ အင်တာနက်ကနေ သတင်းကြည့်ပြီး ဟုတ်တယ်ဆိုတာကို ပြောပါတယ်။ အော် ... ဂလိုကိုး။

လက်ကလည်း သတိအမျိုးမျိုးထားစရာရှိတယ်။ လက်ညိုးတစ်ချောင်းထဲ ထိုးတာ၊ ထောင်တာက ဒေါသ။ လက်ခလယ် တစ်ချောင်းထဲ ထောင်တာက လောဘ၊ တဏှာ။ သူတို့ နှစ်ချောင်း ပေါင်းလိုက် တော့အောင်ပွဲတဲ့။

ကိုယ်ကလည်း လောက သဘာဝကို တွေးကြည့်တယ်။ သံပုရာသီးကလည်းချဉ်တယ်။ နာနတ်သီး ကလည်း ချဉ်တယ်။ သူတို့ နှစ်မျိုး ပေါင်းလိုက်တော့ အဆင်ပြေသွားတယ်။ ချိုလာတယ်။
ဖြစ်မှ ဖြစ်ရပလေ လောကီ ဓာတ် ၊ သဘာဝ၊ သင်္ကေတတွေ ရယ်။

လောကုတ္တရာနယ်မှာတော့ လောဘ ၊ ဒေါသ ပေါင်းဖြစ်တဲ့သူက နာပြီသာမှတ်။ အောက်ပြည်ကနေ ပြီး ခေါင်းကိုဖေါ်နိုင်မှာ မဟုတ်ဘူး။ လောဘ တစ်ခု ထဲအားသန်သူတောင်မှ ဒုက္ခအများကြီး ရောက်ရ တာကြည့်ပေတော့။ ဒေါသ များပါ ပေါင်းလိုက်ရင်တော့ အမြဲတမ်း ဒုက္ခရောက်ပြီပေါ့။

ဒီလိုနဲ့  ဘုမသိ ဘမသိဘဲ ၊ ခေါင်းညိတ်ပြကာ ဗဟုသုတ အသိတွေ နောက်ကောက်ကျ သွားပါတယ်။ အော်... တယ်တော်တဲ့ ငါပါ..ကလား...။

သုတ္တန် အတော်များများနေရာမှာ-
ဘုရားရှင်ရဲ့  အလိုတော်ကျကတော့ နောက်ကောက် မကျစေဖို့ 
ခဏခဏ ဆိုဆုံးထားတော်မူတာ ရှိပါ တယ်။


ကတံ ဝေါ တံ မယာ ၊ ဈာယထ ဘိက္ခဝေ ၊ မာ ပမာဒတ္ထ ။
မာ ပစ္ဆာ ၀ိပ္ပဋိသာရိနော အဟုဝတ္ထ။ အယံ ဝေါ အမှာကံ အနုသာသနီ။
( မူလပဏ္ဏာသ၊ ဥပရိပဏ္ဏာသ ၊ မဟာဝဂ္ဂပါဠိ သံယုတ် ...စသည်)

ငါ ဘုရားရှင်က ပြုသင့် ပြုထိုက် ၊ ဟောသင့် ဟောသင့်ထိုက်တာတွေ ပြုပြီး ၊ ဟောပြီးပြီ။
စူးစူးစိုက်စိုက် အလုပ်လုပ်ကြ။ မေ့လျော့ပေါ့ဆ မနေကြနဲ့ ။ နောက်မှ ၀မ်းနည်းပက်လက် မဖြစ်စေ ကျနဲ့ ။ ( နောက်ကောက် မကျစေကျနဲ့ လို့ ဆိုလိုတာပေါ့ ။)ဒါဟာ ငါဘုရားရဲ့  သွန်သင် လမ်းညွန်ချက် ပါပဲ- တဲ့။

ဘာတွေ ဘုရားရှင် ပြောဟောတော်မူခဲ့ပါသလဲ။

၁။အလုပ်တစ်ခု မလုပ်ခင် လုပ်ဆဲ လုပ်ပြီးနောက် စိတ်ဆင်းရဲစေသည့် အကုသိုလ် ရှောင်ဖို့ ၊
၂။အလုပ်တစ်ခု မလုပ်ခင် လုပ်ဆဲ လုပ်ပြီးနောက် စိတ်ချမ်းသာစေသည့် ကုသိုလ် ပြုလုပ်ဖို့ ၊
၃။အလုပ်လုပ်နေတိုင်း စိတ်လေးတွေ အမြဲတမ်း ငြိမ်းစေသည့် သမထ ဘာဝနာ ပွါးများဖို့  ။

အကျဉ်းအနေအားဖြင့် ဟောတော်မူခဲ့တယ်။ ဒါကို အကျယ် ချဲ့ ပြောရင် ပိဋကတ်သုံးပုံပါပဲ။

အချိန်ရှိပါသေးတယ်။ အချိန်ရှိနေသရွေ့  အသိလေးနဲ့  ကြိုးစားရင် နောက်ကောက် မကျသေး ပါဘူး။ လောကီလည်း မဖျဉ်းစေနဲ့ ၊ ဓမ္မလည်း မယွင်းစေနဲ့  ဆိုတဲ့ ဆရာတော်ကြီးများရဲ့  အဆိုဆုံးမ အတိုင်း လိုအပ်တဲ့ အသိများ နောက်ကောက် မကျစေရန် ရည်ရွယ်ကာ ရေးသား တင်ပြလိုက်ပါ တယ်။

နောက်ကောက် ၊ နောက်ကောက် ၊
နောက်ကောက်

မကျ သူများ ဖြစ်ကြပါစေသောဝ်..


မှတ်ချက် ။ ။ ခုလောလောဆယ် ကိုယ်တွေ့ ကြုံနေတဲ့
အကြောင်းရာတွေကို
ဆောင်းပါးတွေ အဖြစ် ရေးလိုက်ခြင်းပါ။



မြတ်ရောင်နီ
( ၂၇ ၊ ၀၆ ၊ ၂၀၁၀ )



No comments:

Post a Comment