Pages

Wednesday, June 9, 2010

မိတ်ဖြစ် ဆွေဖြစ်


မိတ်ဖြစ် ဆွေဖြစ်


မိတ်ဖြစ် ဆွေဖြစ်တဲ့၊ မြန်မာစကားက။ မှန်ပါတယ်။ မိတ်ဆွေကောင်းလျင် ဆွေမျိုးလိုပါပဲ။ ၀ိဿာသာ ပရမာ ဥာတိ - လို့  ဓမ္မပဒ ပါဠိတော်မှာ လာတာကိုး။

မိတ် ဆိုတာလည်း မေတ္တာလေးတွေနဲ့  တစ်ဦးနဲ့ တစ်ဦး ပေါင်းစည်း ဆက်နွယ်နေတာကို မိတ်လို့  သဒ္ဒါကျမ်းများက ဖွင့်ဆိုပါတယ်။

တစ်ဦးနဲ့  တစ်ဦး တကယ်မေတ္တာ ရှိပြီဆိုရင် ကိုယ်အားဖြင့်လည်း ကိုယ်ချင်းစာ၊ ပါးစပ် အပြောကလည်း နှုတ်ချင်းစာ၊ စိတ်ကလည်း စိတ်ချင်း စာနာတာတွေ ရှိကြပါတယ်။

မဇ္ဈိမနိကာယ် စူဠဂေါသိင်္ဂသုတ်မှာ အရှင်အနုရုဒ္ဓါ ၊ အရှင်နန္ဒိယ ၊ အရှင်ကိမိလတို့ ဟာ တောအုပ်ထဲ သုံးပါး နေကြပေမယ့် စိတ်က သူ့ အလို ကိုယ်လိုက်၊ ကိုယ့်အလို သူ အလိုက် ရှေ့ မှာရော နောက်ကွယ်မှာရော ကိုယ် နှုတ် စိတ် သုံးပါးစလုံးဟာ တစ်ထပ်တည်းကျပါတယ်။ သုံးကိုယ် တစ်စိတ် လို့  ခေါ်ရပါမယ်။

ဒီလို စိတ်ထားမျိုးနဲ့ သာ နေပါက ဆယ်ပါးနေလျင် ဆယ်ကိုယ် တစ်စိတ်၊ လူပေါင်း သန်း (၆၀)နေလျင် လူသန်း ( ၆၀) တစ်စိတ်ဖြစ်ပါမယ်။

များသောအားဖြင့် မိတ် မစစ်သူတွေက ရှေ့ မှာ ကောင်းကြောင်းပြော၊ နောက်ကွယ်မှာ အတင်းတုတ် အဖျဉ်းအုပ်တတ်ကြပါတယ်။ ( ကိုယ်တော် -သူရှော် ၊ ကိုယ်ဟုတ် -သူယုတ် ) စကားမျိုး တွေပေါ့။

ဒါကြောင့် မိတ်ဆွေစစ်သူတွေကတော့ တကယ့် အရှင်မြတ်တို့  စိတ်ထားမျိုး ရှိကြပါ တယ်။ ရှိကြရပါမယ်။ အဲလို ဖြစ်မယ်ဆိုရင် မိတ်ဖြစ် ဆွေဖြစ် ဖြစ်ပြီပေါ့။ မိတ်ဖြစ် ဆွေဖြစ်သူကို ဘုရားရှင်က သဘောကျ တော်မူပါတယ်။ သာဓုခေါ်ပါတယ်။

အဲလို ပြုမူပြောဆို နေထိုင်တာမျိုး မဟုတ်ပဲ ခုခေတ် မြန်မာလူငယ်များ စကား လို - မသောက် တတ်သူကို မြှောက်ပေးကာ - ဟေ့ ကိုယ့်လူရေ မိတ်ဖြစ် ဆွေဖြစ် တစ်ခွက်လောက် တွယ်အုံးကွာ။ သောက်တတ်သူကို ဟကောင်ကြီးရ - နောက်ထပ် တစ်ခွက် မိတ်ဖြစ် ဆွေဖြစ် လုပ်အုံးလကွာ- လို့ ပဲ ဖြစ်ဖြစ်၊

ငါက သူနဲ့  စကားပြောနေတာဟာ မိတ်ဖြစ် ဆွေဖြစ်လောက်ပါ၊ ငါ့စိတ်ထဲမှာ သူမရှိပါဘူး လို့ အပေါ်ယံ ပြောသူများ။ ငါ က သူနဲ့  ပေါင်းနေတာ မိတ်ဖြစ် ဆွေဖြစ် ကိုယ့် အလုပ်ဖြစ်ရုံပါ၊ ငါ့ အလုပ် မပျက်ဖို့ ၊ စီးပွါးဖြစ်ဖို့ လို့  ရည်ရွယ်ချက်ရှိကာ ပေါင်းသင်းတတ်သူများ၊

စသဖြင့် စသဖြင့်ပေါ့၊ ကိုယ့်အတွက်ကို လိပ်ပမာ ကိုယ့်ဘက် ယက်လျက် ကြည့်သူများ အတွက် အပေါ်ယံ မိတ်ဖြစ် ဆွေဖြစ် ဖြစ်မှာ သေချာပါတယ်။ မထေရ်ကြီးများလို မိတ်ဖြစ်ဆွေဖြစ် ဖို့ တော့ ဝေးစွာ့။ မဖြစ်မှာ သေချာတယ်။


တကယ် အရေးကြုံလာလျင် ကိုယ်က သူ့ အပေါ် တကယ့် မေတ္တာ အစစ် မဟုတ်ဘဲ ကိုယ့်ဘက် တွေးပြီး မိတ်ဖြစ် ဆွေဖြစ် ပေါင်းသင်း လုပ်ခဲ့တာမို့  မိတ်ကနေပြီး ဆွေမျိုး ဖြစ်မလာနိုင် တာ တော့ ပါဘူး။

မိတ်ကောင်းလျင် ဆွေမျိုး လိုက်မမီဘူး လို့  ဆိုတဲ့ စကားမျိုးဖြစ်နိုင်ဖို့ အတွက် မထေရ်မြတ် သုံးပါး လိုမျိုး ရှေ့ ရော ကွယ်ရာမှာ ရော မေတ္တာ အစစ် ဖြင့် ကိုယ်ချင်းစာ နှုတ်ချင်းစာ စိတ်ချင်းစာနာ ပြီး မိတ်ဖြစ်ဆွေဖြစ် ဖြစ်နိုင်မယ်ဆိုတာကို ဖတ်စရာအဖြစ် မိတ်ဖြစ် ဆွေဖြစ် ရေးတင်လိုက်ပါတယ်။





ခုလောလောဆယ် သင်တန်းမှာ လေ့ကျင့်ခန်းများစွာ ပေးသည့်အတွက် လေ့ကျင့်ခန်းများနဲ့ နပမ်းတွဲ နေရပါတယ်။ ဒါကြောင့်မို့  မိတ်ဖြစ် ဆွေဖြစ် အတိုချုပ် ရေးသားလိုက်ပါတယ်။



မြတ်ရောင်နီ
( ၀၉၊ ၀၆၊၂၀၁၀)
.

No comments:

Post a Comment