Pages

Tuesday, June 22, 2010

စိတ် ရှင်းသန့် စေဖို့ ရာ


စိတ် ရှင်းသန့် စေဖို့ ရာ

စိတ်ရှင်းသန့် စေဖို့ ရာတွေကို သိဖို့ လူတိုင်းလူတိုင်း လိုပါတယ်။ စိတ်ရှင်းသန့် ရင် ရုပ်လည်း သန့် တယ်။ ( လှလာမယ်လို့  မဆိုလိုဘူးနော် )။ စိတ်ကနေပြီး တစ်ဆင့် မျက်နှာကစပြီး တစ်ကိုယ်လုံး အမူရာတွေဟာ ပြောင်းလွဲ သွားနိုင်ပါတယ်။

ဟိုးး... နှစ် ၂၅၀၀ ကျော်က ၊ ဘုရားဖြစ်ပြီးကာစ ဘုရားရှင်ကို ရုပ်အဆင်းကြည်လင်ကြောင်း၊ ရုပ်သန့် နေကြောင်း နဲ့  တရားနည်းလမ်းပြဆရာက ဘယ်သူလဲ စတာ စတာတွေ ဥပက တက္ကဒွန်းက လျှောက်ထားဘူးတယ်။ ဘုရားရှင်က အတွင်းနောက်ကျုတဲ့ ကိလေသာမရှိတော့ဘူး၊ ငါ့မှာ တရားပြ ဆရာမရှိဘူး ၊ အနန္တဇိန ဘုရားလို့ ဖြေကြားတော်မူခဲ့တယ်။

ကိုယ်ရဲ့  အတွင်းမှာ စိတ်မနောက်ကျုရင် အပြင် ရုပ်သန့် တယ် ဆိုတယ် အဆင်းကြည်လင်တယ် ဆိုတဲ့ သဘောလို့  နားလည်မိပါတယ်။

နောက်ပြီး ဘုရားရှင်ရဲ့  လက်ကျာ်တော်ရံ အဂ္ဂသာဝကကြီး အရှင်သာရိပုတ္တရာလည်း ဘုရားရှင်ရဲ့ တပည့် မဖြစ်ခင် တရားရှာစဉ်က ပဉ္စ၀ဂ္ဂီ ၅ဦးထဲက အရှင်အဿဇိ မထေရ်နဲ့ တွေ့ တယ်။ အရှင်အဿဇိ မထေရ်ကို တွေ့ တယ် ဆိုရင်ပဲ ဥာဏ်ပါရမီ ရင့်သန်ကြီးမားသူတို့ ဆိုတော့ ချက်ချင်းပဲ အပေါ်ကလို ရုပ်ကြည်လင်ခြင်းရဲ့  အကြောင်း စတာတွေကို လျှောက်ထားဘူးတယ်။


ပြီးတော့ အရှင်ဘုရား ရရှိထားတဲ့ တရားကိုလည်း ပြန်လည် ဟောကြားဖို့  လျှောက်ထားပါတယ်။ ဥပက ဆိုသူကတော့ ဘုရားရှင်နဲ့ တွေ့ ပေမယ်လို့  ဒီလို မလျှောက်တော့ ဘုရားရှင်လည်း တရားကို ထူးပြီး မဟောခဲ့ပါဘူး။ အဲဒါကြောင့်လည်း သူကတော့ ဘာမှ ဖြစ်မသွားဘူးပေါ့။

အဲ .. အရှင်အဿဇိ မထေရ်က တရားတစ်ပုဒ် တိုတိုကျဉ်းကျဉ်း ဟောလိုက်လို့ အရှင် သာရိပုတ္တရာ ကတော့ သောတာပန်ဖြစ်သွားတယ်။ အဲဒီနောက် တရားရှာဖော်ရှာဖက် အရှင် မောဂ္ဂလ္လာန် ကိုလည်း နှစ်ဦးသား တရား အရင်စတွေ့ သူက ပြောကြေးလို့  ကတိပရောမစ်တွေ ရှိတဲ့အတိုင်း သူငယ်ချင်းထံ ပြန်သွားခဲ့ပါတယ် ။

အရှင်မောဂ္ဂလ္လာန်က အရှင်သာရိပုတ္တရာကို မြင်တယ် ဆိုရင်ဘဲ အူလိုက်သဲလိုက် သူငယ်ချင်းကို မေးပါတယ်။ ဒီနေ့ သူငယ်ချင်း ထူးခြားတယ်။ ကျက်သရေ အပြည့် ရှိနေတယ်။ တရားထူး ရခဲ့ လာ သလားဟ လို့  မေးပါတယ်။

ဟုတ်ပါတယ် လို့  ပြောပြီးနောက် အရှင်မောဂ္ဂလ္လာန်ကို ပြန်လည်ဟောပြရာ တရားထူးရသွား ပါတယ်။ ဆိုလိုတာက စိတ် ရှင်းသန့် တာနဲ့  ချက်ချင်း သိနိုင်ကြောင်းပြောပြတာပါ။

ဒီလိုပဲ ပိဋကထဲမှာ နေရာ အများအပြားမှာတွေ့ ရတယ်။ ဒီနေရာမှာ အနည်းကျဉ်းသက်သေ သာဓကလောက်ဖြစ်ဖို့  ထည့်ပြောလိုက်တာပါ။ အတွင်းစိတ်နဲ့  အပြင်ရုပ် ဆက်စပ်နေတယ် ဆိုတာ သိရုံလောက် ပြောပြချင်တာနဲ့  ထည့်ရေးလိုက်တာပါ။ ရုပ်သန့် လိုသူအတွက် လိုအပ်တယ်ပေါ့နော်။

အဓိက လိုရင်း ပြောချင်တာက စိတ်ရှင်းသန့်စေဖို့ ရာတွေ ပါပဲ။


ပါဠိလို ပြောလိုက်ရင် လူတွေအဖို့  မှတ်မိဖို့  ခက်ခဲတာနဲ့  မြန်မာလို ချောမော လွယ်ကူစွာ ပြန်ပေးလိုက်တာပါ။ ပါဠိလိုကတော့ ပုညကိရိယာ ၀တ္ထု ၁၀ မျိုးပါပဲ။

ပုည ကို သဒ္ဒါကျမ်းက စိတ္တံ ပုနာတိ သောဓေတီတိ ပုညံ တဲ့။ စိတ်ကို ရှင်းသန့် စေကြောင်း သည် ပုည- လို့  ဖွင့်ဆိုပါတယ်။ ကိရိယ- ပြုထိုက်သော ၊ ၀တ္ထု-တည်ရာ ။ အဓိပ္ပါယ်ကို အဖြောင့် ဘာသာ ပြန်လိုက်ပြန်တော့ စိတ်ရှင်းသန့် စေဖိုရာ လို့ ဖြစ်သွားပါတယ်။

စိတ်ရှင်းသန့် စေဖို့ ရာ ဆယ်မျိုးကား-

၁။ဒါန -ပေးကမ်း လှူဒါန်းမှု ၊ ( မရှိ ဆင်းရဲသားကိုပေးကမ်း ၊ မြင့်မြတ်သူကို လှူဒါန်း)
၂။သီလ- ၅ ပါး ၊ ၈ ပါး စသော သီလ ဆောက်တည်မှု
၃။ဘာဝနာ- ကမ္မဋ္ဌာန်း စီးဖြန်းမှု ( သမထနည်း လေးဆယ် နှင့် ၀ိပဿနာ )
၎။အပစာယန- အသက် သိက္ခာ ဂုဏ်ဝါကြီးသူတို့ အား အရိုသေးပေးမှု၊လေးစားမှု ( သီလ )
၅။ဝေယျာဝစ္စ-ကုသိုလ်ရေးကိစ္စမှာ ကိုယ်တိုင် ပါဝင်ဆောင်ရွက်လုပ်အားပေးမှု ( သီလ)
၆။ပတ္တိဒါန- ကိုယ်ပြုသမျှ ကုသိုလ်ကို အမျှပေးဝေမှု ( ဒါန )
၇။ပတ္တာနုမောဒန- သူများပြုသမျှကုသိုလ်ကို သာဓုခေါ်မှု ( ဒါန )
၈။ဓမ္မဿဝန- တရားနာယူမှု။ ( ဘာဝနာ )
( စာအုပ်နှင့် ဘလော့များမှ တရားစာများ ဖတ်ရှုလေ့လာမှု တို့ လည်းပါဝင်ပါသည်။)
၉။ဓမ္မဒေသနာ- ရိုးသားစွာ တရားဟောမှု ( တရားဆောင်းပါးများ ရေးသားဖြန့် ဝေမှု )( ဘာဝနာ )
၁၀။ဒိဋ္ဌုဇုကမ္မ-အယူ အမြင်များ ဖြောင့်မတ်စွာ ယူမှု ။
( ကံ ကံ၏ အကျိုးကို ယုံကြည်မှု )( ဘာဝနာ )တို့  ဖြစ်ပါတယ်။

အကျဉ်းချုပ် အားဖြင့်တော့-
၁။ ဒါန ၂။ သီလ ၃။ ဘာဝနာ အလုပ်များ လုပ်နေဖို့ ပါပဲ။


စိတ်ရှင်းသန့် စေဖို့ ရာ ဆယ်မျိုး ဆိုသော်လည်း ဆိုင်ရာ အုပ်စုဖွဲ့ က အောက်ပါအတိုင်း သုံးမျိုးသာ ဖြစ်ပါတယ်။
၁။ ဒါန အုပ်စုထဲမှာ နံပါတ် ၆ နှင့် ၇ ထည့်။
၂။ သီလ အုပ်စုထဲမှာ နံပါတ် ၄ နှင့် ၅ ထည့်။
၃။ ဘာဝနာ အုပ်စုထဲမှာ နံပါတ် ၈ ၊ ၉ နှင့် ၁၀ ထည့်ပါ။
( အပေါ်မှာ ကွင်းစ ကွင်းပိတ်ဖြင့်ရှင်းလင်းစွာသိရှိဖို့  ပြခဲ့ပြီးပါပြီ ။)


ဆောင်ပုဒ်မှတ်လိုသော်-
ဆောင်- ၁။ဒါန , သီလ , ဘာဝနာ နှင့်၊ အပစာယနာ, ရိုသေစွာ ဝေယျာဝစ္စဖြင့်။
၂။ပတ္တိဒါန , အမျှပေးဝေ ၊ ခေါ်လေသာဓု ၊ ပတ္တာနုမော ၊
ဟောလေသမျှ , နာယူက,
ဓမ္မဿဝနနှင့်။
၃။ ကိုယ်တိုင်ဟောပြ, ဓမ္မဒေသနာ ၊ ဖြောင့်စွာယူမှု ,
ဒိဋ္ဌုဇုကမ် , ဤဆယ်တန်,
မှတ်ရန် အဆင့်ဆင့်။

( ရတနာ့ ဂုဏ်ရည်ကျမ်း စာမျက်နှာ- ၂၆၈၊၉ ၊ ၂၇၀ )


ဆောင်- ဒါန-သီလာ၊ ဘာဝနာ ၊ သုံးဖြာစဉ်၍ခင်း။

စနှစ်ကိုလယ်။ လယ်နှစ်ကို စ၊ နောက်မှ နောက်ချင်းသွင်း။
(အခြေပြု သင်္ဂြိုဟ် စာမျက်နှာ ( ၂၉၃ ၊ ၂၉၄ ။ )

စိတ် ရှင်းသန့်စေဖို့ ရာ ဆယ်မျိုးကို စုံလင်စွာ ရေးပြီးပါပြီ။ စိတ်ရှင်းသန့်အောင် ကြိုးစား အားထုတ်နိုင်ကြပါစေဟုသာ။



မှတ်ချက် ။ ။ ပုညကိရိယာဝတ္ထု အဖွင့်ကို ရတနာ့ဂုဏ်ကျမ်း၌ အကျယ် ပြဆိုထားပါသည်။
သို့သော် ဤဆောင်းပါးကား မိမိအမြင် အတွေးဖြင့်ရေးထားပါသည်။ ဆရာတော်၏ ကျမ်းစာအဖွင့် ကို သေချာစွာ ဖတ်ရှုပါက ပိုမို ရှင်းလင်းမည် ဖြစ်ပါကြောင်း ပြောကြားအသိပေးလိုက်ပါသည်။


မြတ်ရောင်နီ

( ၂၂ ၊ ၀၆ ၊ ၂၀၁၀ )




1 comment:

  1. ကောင်းလိုက်တာဘုရား၊ မှန်လိုက်တာ၊ တန်ဖိုးရှိတဲ့ စာမျက်နှာလေးပါလား။

    ReplyDelete