Pages

Friday, July 2, 2010

စိတ်ဝမ်းတူ ညီမသို့  ဘလော့ဖွင့် ဆောင်းပါး



စိတ်ဝမ်းတူ ညီမသို့  ဘလော့ဖွင့် ဆောင်းပါး

အမှာစာ

ဓမ္မပီတိ သုခံ သေတိ ၊ ၀ိပ္ပသန္နေန စေတသာ။
အရိယပ္ပဝေဒိတေ ဓမ္မေ ၊ သဒါ ရမတိ ပဏ္ဍိတော။
(ဓမ္မပဒ၊ မဟာကပ္ပိနထေရ ၀တ္ထု ၊)

အထက်ပါ ဓမ္မပဒပါဠိတော်လာ ဘုရားရှင်၏ အဆုံးမကို လေ့လာ နာယူ မှတ်သား ကြည့်မည်ဆိုပါက လူ့ လောက အလယ်၌ အမြဲတမ်း ပျော်ရွှင်စွာနေလိုလျင် တရားမျှမျှ တတ ရှာကြ ဖွေကြခြင်းဖြင့် ချမ်းချမ်း သာသာ နေကြရမည်။ စိတ်ကို ကြည်လင်စွာ ထားရှိပြီး အမှား မရှိအောင် သတိဖြင့် ပြောပြော ဆိုဆို ၊ သွားသွား လာလာ နေထိုင်ကြရမည်။

ထိုကဲ့သို့ နေထိုင်တတ်မှသာလျင် ပညာရှိ သူတော်ကောင်းတို့ အမြဲတမ်း ပျော်ရွှင်စွာ နေကြရ သည် ဟု မှတ်သား နာယူရပါသည်။

ယခု ရေးသားထားသည့် ပျော်ရွှင်ဖွယ်ရာ နေ့ လေးများကလည်း ဘုရားရှင်၏ အဆုံးမ ဖြစ်သည့် နေ့ စဉ် နေ့ စဉ် အမြဲတမ်း ပျော်ရွှင်စွာ နေထိုင်တတ်ဖို့ ရာကို ဦးတည်ကာ အမရပူရမြို့ ၊ ကျမ်းပြု အကျော် မဟာဂန္ဓာရုံကျောင်းတိုက် ဆရာတော်၏ အဆုံးမ ကို မိမိနားလည်သလို ပြန်လည်ကာ အများ နားလည်လွယ်အောင် အကျယ်ချဲ့ ကာ ရေးသားထားပါသည်။


အမြဲတမ်း ပျော်ရွှင်စွာ နေနိုင်ကြပါစေ...
အရှင်တေဇောဘာသ ( မြင်းခြံ )


ပျော်ရွှင်ဖွယ်ရာ နေ့ လေးများ

ကုသိုလ် ဥစ္စာ ၊ ကျန်းခန့် သာ၍ ၊ ပညာ တန်ခိုး ၊ တစ်မျိုးမျိုးမှာ ၊

အကျိုးမထွက် ၊ ထို့ နေ့ တွက် ၊ သက်သက် ၀မ်းနည်းဖွယ်။


( တောင်မြို့ ၊ ကျမ်းပြုအကျော် မဟာဂန္ဓာရုံ ဆရာတော် )


တောင်မြို့  ၊ ကျမ်းပြု အကျော် ဆရာတော်ရဲ့ ကဗျာလေးကို ပျော်ရွှင်ဖွယ်ရာကဗျာ အဖြစ် စာရေးသူ အနေနဲ့ ပြောင်းလိုက်ပါတယ်။


ကုသိုလ် ဥစ္စာ ၊ ကျန်းခန့် သာ၍ ၊ ပညာ တန်ခိုး ၊ တစ်မျိုးမျိုးမှာ ၊

အကျိုးရလတ် ၊ ထိုနေ့ တွက် ၊ သက်သက် ပျော်ရွှင်ဖွယ်။

အရှင်တေဇောဘာသ ( မြင်းခြံ )


ဘ၀ တစ်ခုရယ်လို့  ဖြစ်လာပြီ ဆိုမှတော့ လူတိုင်း ၊ သတ္တ၀ါတိုင်း လှုပ်ရှား ရုန်းကန်ရကြတာပါပဲ။
ရုန်းကန် လှုပ်ရှားပုံခြင်းတော့ မတူကြဘူးပေါ့။

အစဦးစွာ သတ္တ၀ါလေးတွေကိုပဲ ကြည့် ကြည့်ပါ့လား။ အနီးစပ်ဆုံး မြင်နေရတဲ့ ကြောင်လေးတွေ ဆိုပါစို့ - အမေဖြစ်တဲ့ ကြောင်မကြီးက အစာရှာကျွေးတယ်။ မသေမရှင် ကြွက်လေးတွေ ၊ ပုတ်သင် ညို လေးတွေ စတဲ့ အစာလေးတွေကို သားသမီးကို ခုတ်ကာ ရှာကျွေးမွေးတယ်။ မသေ မရှင် အကောင်လေးတွေ ကို အမြီးလေးကို လှုပ်ကာ လှုပ်ကာနဲ့  သားသမီးကြောင်လေးတွေကို အခုတ် သင်ပေးတယ်။ အခုတ်ပညာရပ်ကိုပေါ့။ ဒီလိုသင်ပေးတာဟာလည်း သူတို့ ဘ၀ သူတို့ ဝမ်းစာအတွက် ရုန်းကန်ခြင်း တစ်မျိုးပါပဲ။

ကျန်းမာရေး မကောင်းတဲ့ အခါလည်း သူတို့  ဖာသာ ဘယ်လို လုပ်ကြရမယ်ဆိုတာ သိကြတာပါပဲ။ သူတို့  အလှလည်း သူတို့  ပြင်ကြ ဆင်ကြ တာပါပဲ။ လျှာလေးတွေနဲ့  ကိုယ့်ဖာသာလျက်သလို သား သမီး တွေကို လည်း လျှာနဲ့ လျက်ပြီး အလှပြင်ကြတာ သဘာဝ ဓမ္မတာ တစ်ခုပါပဲ။ ပြီးတော့ အချင်း ချင်း ပျော်ကြပါးကြ ကစားကြတာပါပဲ။ သတ္တ၀ါတစ်ကောင် အနေနဲ့ လည်း သတ္တ၀ါရဲ့  အပျော်ရှိ ကြ ပါတယ်။ သို့ သော် သူတို့  အပျော်ကား တကယ့် ကောင်းတဲ့ အပျော်ဖြစ်ကြပါသလား။ အပျော်စစ်လို့  ပြောရပါ့မလား ။ သူတို့ သူတို့  အကောင်းအဆိုးကို စဉ်းစားတတ်ကြတာတော့ အများစုက နဲပါတယ်။

( ဘုရားလောင်း ကဲ့သို့ သော အလောင်းတော်ဘ၀ဖြစ်တဲ့ သတ္တ၀ါလေးများ ရှိသေးတာမို့  ယတိပြတ် အကောင်း အဆိုးကို လုံးဝမသိဘူး လို့  မဆိုခြင်း ဖြစ်ပါတယ်။)

လူသားတိုင်းမှန်သမျှ စဉ်းစားဖို့ နဲ့  စဉ်းစားတတ်ဖို့ လိုပါတယ်။ လိုပါလိမ့်မယ်။ လူတွေလည်း နေ့ စဉ် လှုပ်ရှားနေကြပါတယ်။ ဘာတွေ လှုပ်ရှားနေကြပါသလဲ။ လှုပ်ရှားတဲ့ အလုပ်တိုင်းမှာ ပျော်ရွှင်စရာ နေ့ လေး ဖြစ်ဖို့  အတွက် ငါးမျိုးနဲ့  ကိုယ့်ကိုယ်ကို ပြန်လည်ဆန်းစစ်ဖို့ လိုပါတယ်ပေါ့။


ဆန်းစစ်ကြဖို့  အချက် ( ၅ ) ချက်

၁။ ကုသိုလ်ဖြစ်ဖို့ လိုပါတယ်။

ကုသိုလ်ဆိုတာ ဘာလဲ။ အလှူပေါ့။ ဒါက အများသိတဲ့ အသိပါ။ လှူတန်းရင် ကုသိုလ်လို့ ပဲ ပြောကြပါတယ်။ မှန်ပါတယ်။ အတိကျ မပြည့်စုံသေးပါ။ ကုသိုလ်ဆိုတာ အခြေခံ လေးမျိုး ရှိပါတယ်။ ဒါန၊ သီလ၊ သမထ၊ ၀ိပဿနာ ကုသိုလ်တွေ ပေါ့။


ဒါန အလှူတန်းဆိုတာ ပစ္စည်း လည်းရှိ သဒ္ဓါလည်း ရှိမှ ပြုလုပ်ရတာပါ။ ဒါပေမယ့် ပစ္စည်းဆို တာဟာလည်း ဒါန တစ်ခု ဖြစ်ဖို့ ဆိုရင် များများရှိဖို့  မလိုပါဘူး၊ မြတ်စွာဘုရားရှင်က အဂုင်္တ္တရ နိကာယ် ဗြဟ္မဏ၀ဂ်၊ ၀စ္ဆဂေါတ္တသုတ် မှာ မိမိ စားပြီးသား စားကြွင်း စားကျန်တောင်မှ ရေမြောင်းထဲ၊ သို့ မဟုတ် သင့်တော်တဲ့ အမှိုက်ပုံ နေရာမှာ သွန်တဲ့ အခါ ဒါနဖြစ်အောင် ပြုလုပ်လို့ ရပါတယ်တဲ့။ ဟောဒီ အစားကြွင်းလေးတွေ ပိုးမွှားတိရစ္ဆာန်လေးတွေ စားပါစေပေါ့။ ဒါဆိုရင် ဒါနကုသိုလ်ရပြီပဲ။

ကိုယ့်အိတ်ထဲက ဘာစိုက်ထုတ်စရာလို့ လဲ။ အသိရှိသူက နေရာတကာမှာဒါန ပြုလုပ်လို့ ရနိုင်ပါ တယ်။

သီလ သမထ ဘာဝနာတွေက ပစ္စည်းရှိစရာမလိုပါဘူး။ သီလ ဆိုတာက သဒ္ဓါရှိရင် ဖြစ်နိုင်တဲ့ ကုသိုလ် တွေပါ။ သီလ ဆိုရင်လည်း ၅ပါးသီလကို အဓိက ခိုင်မာအောင် စောင့်ထိန်းနိုင်ရင် လူများ အဖို့  သီလရှိသူ ဖြစ်သွားပါပြီ။ ဒါ့ထက် မြင့်တဲ့ (အာဇီဝက အဋ္ဌက သီလ) ရှစ်ပါး သီလကလည်း ၅ပါးသီလထဲမှာ မုသာဝါဒပြီးရင် ၁။ပိသုဏ ၀ါစာ- ဂုံးပစ် ချောခြင်း၊ အတင်းဖျဉ်းပြောခြင်းမှ ရှောင် ကြဉ်မယ်၊ ၂။ဖရုသ၀ါစာ- ကြမ်းတမ်းတဲ့ စကားပြောခြင်းမှ ရှောင်မယ်၊ ၃။သမ္ဖပ္ပလာပ ၀ါစာ- စကား လေ စကားလွင့် ။ စီးပွါးရေး ကြီးပွါးရေးလည်းမဟုတ်၊ တရားရေး မဟုတ်တဲ့ စကားပြောဆိုမှုမှ ရှောင်မယ်ဆိုရင် (၈)ပါးသီလ တင်းတင်း ဖြည့်ကျင့်လို့  ဖြစ်နိုင်ပါတယ်။


လူများအဖို့  ဥပေါသထ အဋ္ဌသီလ ဖြစ်တဲ့ ဥပုသ် ရှစ်ပါးသီလကတော့ နေ့ စဉ်ဆိုတာ မလွယ် ဘူးပေါ့။ ဘာလို့ လဲဆိုတော့ အလုပ်လုပ်ရတာဆိုတော့ ဆာမယ်။ လူ့ ပတ်ဝန်းကျင်ဆိုတော့ နေ့ စဉ် လိုလို သီချင်းသံကြားရမယ်။ သနပ်ခါးလိမ်း ပန်းပန် စတာတွေ လုပ်ရမယ် စသဖြင့်ပေါ့။ အလှဆိုတာ ကလည်း သာမန်လူသား အနေနဲ့  ပြင်ဆင်ရမယ်လေ။ ဒါကြောင့် အဲဒီ ဥပုသ်သီလ ကိုတော့ အခါကြီး ရက်ကြီးများသာ ပိုပြီး သင့်တော်ဖွယ် ရှိပါတယ်။

ပြီးတော့ သမထကုသိုလ်တဲ့။ နေ့ စဉ် ကိုယ့်အိမ်မှာဖြစ်ဖြစ်၊ ခရီးသွားစဉ်ပဲဖြစ်ဖြစ် အလုပ်လုပ်တဲ့ အချိန်မှဖြစ်ဖြစ် ဘုရားဂုဏ်တော်စတာတေတွ ပွါးများနေမယ်။ ပုတီးစိပ်နေမယ်။ ဒါမှ မဟုတ် ကိုယ် နာဖူးပြီးသား တရားတွေ စိတ်ထဲမှာ မှတ်နေမယ်ဆိုရင် သမထကုသိုလ် ဆိုတာ ဖြစ်နိုင်ပါတယ်။

ဝိပဿနာ ကုသိုလ်ဆိုတာကလည်း ဖြစ်နေတာကို အမှန်တိုင်းသိတာဟာ ၀ိပဿနာတဲ့။ ဖြစ်တဲ့ စိတ်ကို သိပါ။ သိတဲ့ စိတ် ရော ဖြစ်တဲ့စိတ်ပါ နောက်ဆုံး ဘာမှ အမြဲတည်ရှိမနေဘူးဆိုတာ သဘော ပေါက်ရပါမယ်။


အဓိကကတော့ မတရား လောဘ နဲ့ မတရား ဒေါသ မဖြစ်မိဖို့ ပါပဲ။ လုံးဝ လောဘ ဒေါသ မဖြစ်ဖို့ တော့ သာမန် အားထုတ်မှုနဲ့ မလွယ်ဘူးပေါ့။ မတရားလောဘ မတရားဒေါသ ပယ်နိုင်ရင်ကိုပဲ အ တော် ဟုတ်လှပါပြီ။ ဟန်ကျလှပါပြီ။ ဘ၀မှာ နေပျော်ပြီပေါ့။

မဟာသတိပဋ္ဌာန်သုတ်မှာကတော့ လောဘ ဒေါသကို လုံးဝ မဖြစ်အောင် တရား အားထုတ်ဖို့ ဟောတော်မူထားတာပါ။ ကိုယ့်စိတ်လေး လောဘ ဒေါသ မဖြစ်တဲ့ အချိန်ဟာ တရားအားထုတ် နေ တာလို့  ကိုယ့်ကိုယ်ကို သဘောကျပါနေလိုက်ပါ။ သဘောပေါက်လိုက်ပါ။ တရားဘာဝနာအကျယ် သိဖို့ ကတော့ ဆရာတော်များရဲ့ တရားစာအုပ်များဖတ်ပါ။ တရားနာပါ ။ ပိုမို အဆင်ပြေပါလိမ့်မယ်။

ဒါကြောင့်မို့  နေ့ စဉ် ကုသိုလ် လေးမျိုးထဲက ဘယ်ကုသိုလ် ငါရလိုက်သလဲ စဉ်းစားပေါ့။ ပြုလုပ်
ဖြစ်တယ် ဆိုရင်ဝမ်းသာစရာ နေ့ လေး ဖြစ်ပြီပေါ့။

၂။ ဥစ္စာရဖို့  လို့ ပါတယ်။

ဥစ္စာ ဆိုတာ ငွေလို့  ပြောကြမယ်ပေါ့။ ဒါလည်း လူကြီးတွေအဖို့  မှန်ပါလိမ့်မယ်။ ကလေးတွေ အဖို့  ဘယ်က လာပြီး ငွေရလိမ့်မလဲ။ မုန့် ဖိုးလောက်တော့ ရတာပေါ့။ ဥစ္စာ ရတယ်လို့ မဆိုသာ။ ဒီလို ဆိုတော့ လူကြီးတွေ အတွက် ငွေ နေ့ ချင်းဝင်တဲ့ အလုပ်ဖြစ်ဖြစ်၊ တောင်သူ လယ်လုပ် ပြီး အရင်း နီး စိုက်ပြီး လုပ်နေတဲ့ အလုပ်ဖြစ်ဖြစ် ။ မြို့ တွေမှာ ကုမ္ပဏီ၊ ရုံးဝန်းထမ်း အလုပ်မျိုးဖြစ်ဖြစ် အလုပ်လုပ် နေ မယ်၊ ဈေးဆိုင်ဖွင့်ထားသူက ဈေးပုံမှန် ရောင်းကောင်း ကြိုးစားနေမယ် ဆိုရင် ဥစ္စာ နေ့ စဉ်ရ နေ တယ်ပေါ့။

ပြီးတော့ ကလေးများ အဖို့  ငွေရေး ကြေးရေး သုံးနည်း စွဲနည်း သင်ပေးမယ်။ ကလေးများကလည်း ငွေမဖြုန်းပဲ လိမ်မာပါးနပ်စွာ သုံးနေတယ် ဆိုရင် အနီးစပ်ဆုံး ပြောရရင် ကလေးများ အဖို့  ငွေ မဖြုန်း လို့ ဥစ္စာ ရကြတယ်လို့  ဆိုရမှာပေါ့။

ဒီလိုလေးသာကလေးရော လူကြီးပါ ဖြစ်နေမယ်ဆိုရင်လည်း နေကုန်လို့  ပြန်စဉ်းစားတိုင်း ပျော်ရွှင် စရာ နေ့ လေး ဖြစ်မယ်ပေါ့။

၃။ကျန်းမာဖို့ လို့ ပါတယ်။


ကျန်းမာခြင်းသည် လာဘ်တစ်ပါး လို့ အများသိနေတဲ့အတိုင်းပါပဲ။ ဓမ္မပဒ ၊ သုခ၀ဂ် ၊ ပါဠိတော်၊ နဲ့  မဇ္ဈိမနိကာယ် ၊ မာဂဏ္ဍိယသုတ် တို့ မှာတော့ အာရောဂျ ပရမာ လာဘာ။ ကျန်းမာခြင်းဟာ အမြတ် ဆုံးသော လာဘ် လို့ ဆိုထားတာ ဖြစ်တယ်။ မကျန်းမာရင် ရှိတဲ့ ရာထူး ဂုဏ်သိန် စည်းစိမ်တို့ ဟာ ရှိပေမယ့် ကိုယ့်အတွက် အသုံးမ၀င်တော့ဘူးပေါ့။

ဒီလိုဆိုတော့ ကျန်းမာရေးကောင်းအောင် ဘယ်လိုလုပ်ကြမလဲ။ နေ့ စဉ် နေ့ စဉ် ကြုံတွေ့ နေ ရတဲ့ အစားသောက်ကို စားတတ်သောက်တတ်ရမယ်။ အစားမတော်တစ်လုတ်တဲ့။ တစ်ခါတစ်ခါ အစား မှားလို့  ဆေးရုံရောက်တဲ့သူနဲ့ ၊ အဆိပ်ဖြစ်ပြီး သေရတာနဲ့ ဆိုတာတွေကြားဘူးပါလိမ့်မယ်။ အစာ လည်း ဆေး ၊ ဆေးလည်း အစာ ဆိုတာ သတိထားပြီး စားဖို့  သောက်ဖို့  လိုတယ်ပေါ့။

ပြီးတော့ ရေချိုး မိုးချိုးဆင်ခြင်ဖို့ လည်းလိုတယ်။ တစ်ချို့  အပူကြီးကနေ ပြန်လာတာ ရေချိုးပြီး ရောဂါရှာမရပဲ ငယ်ငယ်ရွယ်ရွယ် သေဆုံးသွားတာ ကိုယ်တိုင် ကြားဘူးပါတယ်။


နောက်တစ်ခုကတော့ ကျန်းမာရေး လေ့ကျင့်ခန်း ဆိုတာလည်း လိုအပ်သူတို့  အတွက်တော့ လုပ် သင့် တဲ့ ကျန်းမာရေး တစ်ရပ်ပါ။

ကျန်းမာတာနဲ့ အမျှ ကိုယ်ဖြစ်ချင်တာတွေလည်း ကြိုးစားလို့  ဖြစ်လာနိုင်ပါတယ်။ ကိုယ့်ကိုပြန် စဉ်းစား ကြည့်ပေါ့။ ဒီနေ့ ကျန်းမာရေးနဲ့  ပါတ်သက်လို့  အဆင်ပြေနေတယ် ဆိုရင် ကိုယ့်အတွက် နောက်နေ့ များစွာ ဆက်အလုပ်လုပ်ဖို့  ဖြစ်ပြီပေါ့။ နေမကောင်းမှ ကျန်းမာတဲ့ အရသာကို သိပါတယ်။ ဒါကြောင့် ကျန်းမာအောင် နေပြီး ကျန်းမာနေတာကို ပြန် တွေးလိုက်ရင် ပျော်စရာနေ့ ပဲပေါ့။

၎။ ပညာ ရှိဖို့ လို ပါတယ်။

ပညာဆိုတာ မရှိမဖြစ်လိုအပ်တဲ့ အရာပါ။ ကျောင်းသားများ အဖို့  စာသင် နေမယ်၊ စာကျက် နေမယ်၊ လူငယ် လူလတ် အတွေ ဖို့  အသက်မွေး ၀မ်းကြောင်း အလုပ်သင်နေမယ်ဆိုရင် သူတို့ အတွက် ပျော်ရွှင်ဖွယ် နေ့ ဖြစ်ပြီပေါ့။

ဒါ့ထက် လူကြီးများ လိုအပ်တဲ့ ပညာ ကလည်း အရေးကြီးပါတယ်။ ပညာ မရှိရင် သူများ ပြောသမျှ ယုံလွယ်တတ်ပါတယ်။ ဒါကို မျက်ကန်း ယုံတယ်လို့  ခေါ်ပါတယ်။ ပညာ ဆိုတာ ချင့်ချိန်နိုင်ဖို့  အသိ တစ်ခု ဖြစ်ပါတယ်။ ပညာရှိသွားပြီ ဆိုရင် မြန်မာ ဆိုရိုးစကားမှာ ရှိတဲ့ အတိုင်း ချင့်ချင့်ချိန်ချိန် သုခမိန် တဲ့။ အဲလောက် ပညာ မဟုတ်ရင်တောင်မှ ကိုယ့်အတွက် လူအလိမ်မခံရအောင် သိထားလေ့လာ ထားသင့်ပါတယ်။



ပညာ တတ်တယ် လို့  အများက ထင်သော်လည်း တရားနည်းလမ်း အတိုင်းမဟုတ်ဘဲ အမှား လမ်းလိုက်နေကြ တာဟာ တကယ်တော့ ပညာ တကယ်မတတ်ပဲ ဘွဲ့  ဒီဂရီ တစ်ခုကို ရတာ ဖြစ်တယ် လို့  ပြောရပါလိမ့်မယ်။

ပညာတတ်သူက စိတ်ထဲကကို အမှား အမှန် ဝေဖန်တတ် သူပါ။ ဘွဲ့ မရပေမယ့် ပညာ ဆိုတာ ရှိနိုင်ပါတယ်။ ဘွဲ့ နဲ့ ပညာ တစ်ခါတလေ ဆက်နွယ်နေ ပေမယ့် ဘွဲ့ ရတိုင်း ပညာ မတတ်။ ဘွဲ့  မရ တိုင်းလည်း ပညာ မတတ်ဘူး လို့  ဆိုမရပြန်ပါဘူး။

ခုဆိုလိုနေတဲ့  ပညာ ဆိုတာ- အမှန်ကို ခွဲခြားတတ်တာကို ဆိုလိုတာပါ။ ဘွဲ့ ရ မရ ကို အဓိက ပြောနေခြင်း မဟုတ်ပါဘူး။ ဆိုကြပါစို့ - ဘွဲ့ ရပေမယ့် တစ်ခါ တစ်ခါ အမှားအမှန်မခွဲခြမ်းတတ်တော့ ယုံကြည်မှုတွေက စပြီးလွဲချော်ကာ မှားယွင်းတဲ့ ယုံကြည်မှုတွေ ဖြစ်လာတတ်ပါတယ်။

ကြားဘူးမှာပေါ့ ။ မြို့ တစ်မြို့ မှာ ရေဆွမ်းဆရာတော် ဆိုလား ပဲ။ ဖြစ်နိုင်၏ မဖြစ်နိုင်၏ ဆိုတာ သုံးသပ်ဖို့ လိုတယ်ပေါ့။ အချို့ လူတွေကလည်း ယုံကြည်ကြတာပါပဲ။ အသိ မရှိပဲ ယုံကြည်သွားရင် ကိုယ့်ဘ၀ အတွက် နစ်နာသွားပါတယ်။ ပြာသလောက်ဖွဲမထွက် ၊ နွားဦးချိုကို နို့ ညှစ်သလို ဘာမှ ဖြစ်မလာဘူးဆိုတာ ယုံကြည်သလောက် အကျိုး မဖြစ်ထွန်းဘူးဆိုတာ သိစေချင်တာပါ။

အမှန်အတိုင်း ပြောရင် ပုတ်ခတ်တယ်ထင်မိမှာ စိုးမိသေးပါရဲ ။့ (စေတနာ သက်သက်ရယ်ကြောင့် အရှိအတိုင်း ပြောလိုက်တာပါ)။


ဘုရားရှင် လက်ထက်ကလည်း လူတွေ အထီးကြီးအောင် လုပ်တဲ့ လေစား ကိုယ်တော် ပေါ်ဘူးတယ်။ လေလာရာဘက် ပါးစပ်ဟကာ လေစားပြီး အသက်ရှင်ပါသတဲ့။ ခြေထောက် တစ်ဘက်ကို မြှောက် ထားသေးတယ်။ ခြေနှစ်ဘက်နင်းရင် မြေမခံနိုင်မှာ စိုးလို့ ဆိုဘဲ။ ကိုယ်တော်ဆိုပေမယ့် ဘုန်းကြီး တော့ မဟုတ်ဘူး၊ အ၀တ်မ၀တ်တဲ့ အာဇီဝပါ။

အဲဒီခေတ်က ဘန္တေ တို့  သမဏတို့  ဆိုတာ ဗုဒ္ဓဘာသာမှာသာ ရှိတာမဟုတ်ပါဘူး။ အခြား ဂိုဏ်းဂဏတွေလည်း ရှိပါတယ်၊ သုံးနှုန်းကြပါတယ်။

ဒါပေမယ့် ဘုရားရှင်နဲ့  တွေ့ တော့မှ အဲဒီကိုယ်တော် ကျွတ်သွားတယ်။ အကျွတ်တရား ရသွားပါ တယ်။ ဘုရားရှင် တပည့်ဖြစ်သွားပါတယ်။ ရဟန္တာ ဖြစ်သွားပါတယ်။

တကယ်တမ်း လေစား အာဇီဝက ကတော့ လေ မစားဘဲ လူအလစ် ၊ လူကွယ်ရာမှာ မစင်ကိုသာ စားပါသတဲ့။ ဒါပေမယ့် လေစားတယ် လို့  သူကပြောတာ။ အဲဒီခေတ် အသိနည်းသူတွေကလည်း ယုံကြတာပဲ။ လေစား ပြီး အသက်ရှင်နိုင် မရှင်နိုင် ဆိုတာ ကိုယ်တိုင် ကိုယ်ပိုင်ဉာဏ်နဲ့  မသုံးသပ်ကြပဲ ကိုး။( ဇမ္ဗုကတ္ထေရ ၀တ္ထု၊ ဓမ္မပဒ)

ဒါကြောင့် ပညာ ဆိုတာ ဘွဲ့ ထက် တကယ်ခွဲခွဲခြမ်းခြမ်း နားလည် တတ်သိတဲ့ ပညာ ရှိဖို့ လိုပါတယ်။ ဒါက လူကြီး ခွဲခြမ်းကာ နားလည်ရမည့် ပညာပေါ့။

အဲလို ခွဲခြမ်းကာ နားလည်သဘောပေါက်ရပါမယ်၊ အကျိုးအကြောင်း အဆိုးအကောင်း ကို တကယ် သိသင့်ပါတယ်။ ခွဲခွဲခြားခြား သိနေတဲ့ နေ့များဟာလည်း လူကြီးများ အတွက် ပျော်ရွှင်စရာ နေ့ ပဲပေါ့။

၅။ တန်ခိုးရှိဖို့  လို ပါတယ်။

တန်ခိုးရှိသူဟာ ပြုသမျှ အလုပ်တိုင်း အောင်မြင်ပါတယ်။ တန်ခိုးဆိုရင် လူတွေက ထင်မြင်ကြ လိမ့်မယ် ။ ဈာန်တွေ အဘိဉာဏ်တွေ ကိုယ်မမြင်ဖူးတဲ့ ကိုယ်ကြားဘူးတဲ့ တန်ခိုးတွေကို တန်ခိုးလို့ ပဲ့ ထင်ကြပါလိမ့်မယ်။ အဲဒါက အဆင့်မြင့်တန်ခိုးတွေပါ။ အဲဒီ တန်ခိုးရှိဖို့ ဆို သာမန်လူသား အများစုက မလွယ်ဘူးပေါ့။

လူတွေ အဖို့ တန်ခိုး ဆိုတာ အကျင့်စာရိတ္တကောင်းမွန်တာလို့  အခြေခံ အနေနဲ့  ပြောရပါမယ်။ အကျင့်စာရိတ္တ ကောင်းမွန်တာဟာ တန်ခိုးရှိတာပါပဲ။ လူရှိန်တာ။ လူရိုသေတာပေါ့။ အကျင့်စာရိတ္တ ဆိုတာ ဖြည့်ကျင့်ရမည့် ၀တ္တရားတွေပေါ့။ ကျောင်းသား ကျင့်ဝတ်၊ ဆရာကျင့်ဝတ်၊ သားသမီးကျင့် ၀တ် ၊မိဘကျင့်ဝတ်၊ ဆရာ ဒကာ ကျင့်ဝတ် စတာတွေပေါ့။ ကျင့်ဝတ်ကျေပွန်သူဟာလည်း တန်ခိုးရှိ တာပါပဲ။ ကျောင်းသားက ကျောင်းသား ၀တ္တရားကျေ မယ်ဆိုရင် အောင်မြင်မှုထိပ်ဆုံးရောက်မယ် ။ ဒါ တာဝန်ကျေလို့ ရတာပေါ့။

ပြီးတော့ ဆရာ သားသမီး မိဘ ကျင့်ဝတ်တွေလည်း အကျယ် သဘောပေါက်ပြီး နားလည်
နိုင်ပါ တယ်။


လခစားတိုင်း ရာထူးတက်အောင် အလုပ်ကို မှန်မှန်ကန်ကန် သမ္မာအာဇီဝ ကျကျ ကြိုးစား နေတာလည်း တန်ခိုးရှိအောင် လုပ်နေတာပါ။ ရာထူး ဆိုတာ တန်ခိုးပဲ။ ရာထူးရှိလာရင် အဆင့်မြင့် လာတယ်။ လခမြင့်လာတယ်ပေါ့။ လခမြင့်လာတဲ့ ကိုယ်လိုရာလေးတွေ လုပ်နိုင်ပြီပေါ့။ ဒါကြောင့် ရာထူးတိုးအောင် အမှန်အကန် ကြိုးစားနေတာလည်း ပျော်စရာနေ့ ပါ။

အတိုချုံးပြောရရင် စီးပွါးဖြစ်မယ့် အလုပ်လုပ်နေချိန်သည် တန်ခိုး ရှိအောင် လုပ်နေတာ လို့  ပြောရပါ လိမ့်မယ်။ စီးပွါးရေး ကောင်းတာလည်း တန်ခိုးပဲ။

ပြီးတော့ ဗုဒ္ဓတေဇသာ ၊ ဓမ္မတေဇသာ၊ သံဃတေဇသာ - ဆိုတဲ့ ပါဠိက ဘုရား တန်ခိုး၊ တရား တန်ခိုး ၊ သံဃာတန်ခိုး တော်တို့ ကြောင့် ဘာဖြစ်ရပါလို၏ ညာဖြစ်ရပါလို ၏ ဆိုတာ ဆုတောင်း ကြတယ်။ ဆုတောင်းရုံ တောင်းလို့ ကတော့ ပြည့်မှာ မဟုတ်ဘူး။ ဆုတောင်းတာထက် အဲဒီတန်ခိုး တွေ ရှိဖို့  ရတနာသုံးပါးရဲ့  ဂုဏ်တော် တွေကို ပုတီးစိပ်မယ်၊ ပွါးများနေမယ် ဆို ရင် ရတနာသုံးပါး ဂုဏ်တော် များ မိမိ စိတ်မှာ မွှမ်းလိုက်တာနဲ့  ဂုဏ်တော် အစွမ်းတွေက ရှိလာပါမယ်။

ပြီးတော့ သီလတေဇသာ ဆိုတာ ကိုလည်း ပါဠိမှာ သုံးထားတာ တွေ့ တယ်။ သီလ ဆိုတာ ကျင့်ဝတ်ကျေပွန်တာလည်း သီလပါပဲ။ စာရိတ္တသီလခေါ်ပါတယ်။ ဖြည့်ကျင့်ရတဲ့ သီလပါ။ ၅ပါးသီလ ၈ ပါးသီလ စောင့်တာက ၀ါရိတ္တ သီလ လို့ ခေါ်ပါတယ်။ ရှောင်ကြဉ်ရတဲ့ သီလပေါ့။ ဒါဆိုရင် သီလရှိ အောင်နေ မယ်၊ ရာထူးတွေတိုးအောင် ကြိုးစားမယ်၊ စီးပွါးဖြစ်မည့် အလုပ်လုပ်နေတယ် ဆိုရင် တန်ခိုး ရှိပြီမို့ ပျော်ရွှင်စရာ နေ့ လည်း ဖြစ်ပြီပေါ့။ အဲလို ဖြစ်အောင် ကြိုးစားတဲ့ နေ့ တွေဟာ ပျော်ရွှင် စရာ နေ့တွေပဲပေါ့။

( တကယ်တမ်း စဉ်းစားကြည့်ရင်လည်း ပထမတစ်ခုနဲ့  နောက်ဆုံးတစ်ခုက အထူး ဆက်စပ်နေ ပါတယ်။ ဒါန သီလ သမထ ၀ိပဿနာ တွေ ပြုကျင့်နေတာလည်း ကိုယ့်ကိုယ်ကို စိတ် တန်ခိုးရှိ စေ တာပါပဲ မဟုတ်လား။ စဉ်းစားကြည့်ပေါ့။ အလှူအတန်း အပေးအကမ်း ရက်ရောသူ လူထဲ အရှိန်အ၀ါ ရှိပြီးသား။ သီလရှိသူ၊ တရားရှိသူလည်း ဒီအတိုင်းပါပဲနော် ။)


ဒါကြောင့်မို့  ပျော်ရွှင်စရာ နေ့ လေးများ ဖြစ်ဖို့ ဆိုရင် ၅မျိုးစလုံး တစ်ပြိုင်နက် မဖြစ်နိုင်တောင်မှ တစ်ခုခု ဖြစ်နေရင် ကိုယ့်ကိုယ် ကျေနပ် နှစ်သက် နိုင်ပါတယ်။

နေ့ စဉ် နေ့ စဉ်လည်း ကိုယ့်ဖာသာ ပျော်ရွှင်စရာ နေ့ လေး ဖြစ် မဖြစ် စဉ်းစားပြီး ပျော်ရွှင်စရာ အလုပ်များ ကြိုးစား နိုင်ပါစေလို့  ရည်ရွယ်ကာ ရေးသားလိုက်ပါတော့ တယ်။






ပျော်ရွှင်ဖွယ်ရာ နေ့ လေးများ ကိုယ်စီ ပြုကျင့်နိုင်ကြပါစေ...


အရှင်တေဇောဘာသ ( မြင်းခြံ )


မှတ်ချက်။ ။ စိတ်ဝမ်းတူညီမ ဆိုသည်မှာ စိတ်ဝမ်းမကွဲသော၊ စိတ်ချင်းတူသော၊
ညီမအရင်းပမာ
ချစ်ခင်ပါသော၊ အမေ့ ၀မ်းချင်း ကွဲသော ညီမဖြစ်သူကို ဆိုလိုသည်။

သူမ၏ (၀၃၊ ၀၇ ၊ ၂၀၁၀) ၃၅မြောက် မွေးနေ့  မင်္ဂလာမှာ စာအုပ်ထုတ်ဝေပြီး ဓမ္မဒါန အလှူလုပ်
လိုသဖြင့် အကို ဖြစ်သူ ဥူးဇင်း ထံမှ ဆောင်းပါး လက်ဆောင် ရေးပေးပါရန် မြတ်မြတ်နိုးနိုး လျှောက် ထား ပြောကြားလေသောကြောင့် ညီမဖြစ်သူနှင့်တကွ နယ်သူနယ်သား အားလုံး ဖတ်ရှုစေရန် ရည် ရွယ်ကာ ရေးပေးလိုက်ပါသည်။

ယခုသော်ကား...
ဘလော့ဂ်မှာ အများ လည်း ဖတ်ရှုနိုင် မှတ်သားနိုင်စေရန် အတွက် ဖေါ်ပြလိုက်ပါ သတည်း။

မြတ်ရောင်နီ
( ၀၃၊ ၀၇၊၂၀၁၀ )

No comments:

Post a Comment