Pages

Friday, July 16, 2010

ဆုမတောင်းပေမယ့် ရပါတယ်


ဆုမတောင်းပေမယ့် ရပါတယ်



ဘုန်းကြီး။ အားလုံးစုံရင် ကန်တော့ လိုက်ကြရအောင်။

လူများ။ ။သြကာသ သြကာသ သြကာသ...ရရပါလို၏ အရှင်ဘုရား။

ဘုန်းကြီး။ ...ပြည့်ကြပါစေကုန်သတည်း။

လူများ။ ပေးတဲ့ဆုနဲ့  ပြည့်ရပါလို၏ အရှင်ဘုရား။


ပြီးခဲ့တဲ့ ဇူလိုင်လ ၁၀ ရက် ၁၁ရက်နေ့ များမှာ မြန်မာပရိသတ်များများရှိရာ ဖရန့် ဖို့ မြို့ အနီးရှိ မြို့ လေးသို့  ပင့်လျှောက်ချက်အရ ရောက်သွားတယ် ဆိုရင်ပဲ တရားဒေသနာများ ဟောကြားခဲ့ ရပါတယ်။

မြန်မာ ပရိသတ်ချည်းသက်သက်ဆိုတော့ မြန်မာ့ ထုံးစံအတိုင်း သြကာသ ကန်တော့ချိုးလေးနဲ့  ဆုပေးလေးတွေကို စကြပါတယ်။

အဲဒီနောက်မှာမှ တရားဟောမှုကို မစသေးဘဲ လူတွေနဲ့ အတူ တရားထိုင်နည်း သင်ပေးပြီး တရား မိနစ်အနည်းငယ် ထိုင်ခဲ့ပါတယ်။ ပြီးမှ တရားဟောခဲ့ပါတယ်။

ပုံမှန် ဒီမှာ လုပ်နေကျ အခြားလူမျိုးများတွေ ဆိုရင်တော့ နမော တဿ ကစပြီး ငါးပါးသီလပေး ၊ တရားဟောပါတယ်။ ရေစက်ချပါတယ်။ မြန်မာက အခြားဗုဒ္ဓဘာသာနိုင်ငံထက် ထူးခြားတယ်လို့  အရင်တစ်ခါပြောသလိုမျိုးမို့  သြကာသ ကန်တော့ချိုးလေးပါတယ်ပေါ့။

အဲဒီနောက် တကယ်တမ်း ထုံးစံအတိုင်းကတော့ ဘုန်းကြီးက အဟမ်း အဟမ်း ချောင်းဟန့် ပြီး၊ ယနေ့  မြန်မာကောဇာသက္ကရာဇ် ၁၃၇၂ ခု ရက်စွဲကစပြီး အလှူရှင်နာမည်များကို ပြောလေ့ ရှိကြ ပါတယ်။

သို့ သော် အဲဒီ ချောင်းဟန့်တာမျိုး စတာတွေ ကိုယ့်အနေနဲ့ 
တန်ဆာအနေ အားလုံးကို မလုပ်ခဲ့မိပါဘူး။


တရားပွဲ ဖရီးဟောပုံ


ကဲ တရားနာကြရအောင်ဗျာ။ တိုတိုပေါ့။ မသိရင်လည်း ပြန်မေးပေါ့။ အသံနေ အသံထားနဲ့ လည်း ဟောမှာ မဟုတ်ဘူး။ စကားပြောသလို ပြောမှာ။ နားလည်ဖို့  အဓိကပဲနော်။

မှတ်မိအောင်တော့ တရားနာမည် ပေးထားမှပဲ။ ဆုမတောင်းပေမယ့် ရပါတယ်။ ဟုတ်ပြီနော်။ ဆွမ်းအကျိုး ငါးပါးပါပဲဗျာ။ လှူချင်အောင် ဟောမှာတော့ မဟုတ်ဘူး။ လှူတတ်အောင် ဟောမှာပါ။

များသောအားဖြင့် လူတွေက ဆုတောင်းကြတယ်လေ။ ဘာမှ မလုပ်ဘဲလည်း ဆုတောင်းတာ ရှိကြတယ်။ လုပ်ပြီးလည်း ဆုတောင်းကြတယ်။

ဆိုတော့ တစ်ခါတစ်လေ ကိုယ်ပြုလုပ်တာကနည်းနည်း ဆုတောင်းတာက အရှင်ဗာကုလလို အသက် ၁၆၀ ကျန်းမာစွာ အသက်ရှည်ပါစေ။ ရှင်သီဝလိလို လာဘ်လာဘ ပေါများပါစေ စသဖြင့် ဆုတောင်းတာ ရှိကြပါတယ်။

အဓိဋ္ဌာန်သဘောကတော့ လုပ်သင့်ပါတယ်။
ဆုမတောင်းပေမယ့်လည်း ရပါတယ်။
ဆိုလိုကတော့ ဒီနေ့  ဆွမ်း ကပ်ကြတယ်ပေါ့နော်။


ဆွမ်းအကျိုး ( ၅ )မျိုး ဆုတောင်းမှ ရတာမဟုတ်ပါဘူး။ ဆုမတောင်းပေမယ့်လည်း ရနိုင်တာပါပဲ။ အခွင့်သင့် သလို အကျိုးက ပေးလာမှာပါ။

ဆွမ်းအကျိုး ၅မျိုး ဆိုတာလည်း သိထားတဲ့အတိုင်းပဲလေ။ မြန်မာပြည် ဆရာတော်ဘုရားများလည်း အမြဲဟောကြားနေတာသိပြီးပဲ မဟုတ်လား။

၁။ အာယု- အသက်ရှည်ခြင်း၊ ၂။ ၀ဏ္ဏ- အဆင်းလှခြင်း။ ၃။ သုခံ- ချမ်းသာခြင်း။ ၄။ ဗလံ- ခွန်အား ကြီးခြင်း၊ ၅။ ပဋိဘာန- ဉာဏ်ပညာ ကြီးခြင်း တို့ ဖြစ်တယ်။

ဘာလို့ ဒီအကျိုး ၅ ပါးက အလှူရှင်တွေမှာ ရလဲ။ အဲဒါ စဉ်းစားကြည့်ရမယ်။ ပေးလှူတာက ဆွမ်းပဲ လေ။ ကိုယ်ပေးတာ ကိုယ်ပြန်ရတယ် ဆိုရင် လူတွေ စားစရာသောက်စရာ ပြန်ရရမှာပေါ့။

ဆွမ်းအကျိုး ၅ပါး ရတယ်လို့  ဘုရားရှင် ဒေသနာကို ပြန်လည် စဉ်းစားကြည့်တော့ အဖြေက ဒီလိုစဉ်းစားမိရဲ့ ။


၁။အလှူခံ သံဃာတော်တို့ ကို ဆွမ်းကပ်လိုက်တော့ ထမင်းအသက် ၇ ရက်ဆိုတဲ့အတိုင်း အသက်ရှည် သွားတယ်။ ဒီလိုဆိုတော့ ဆွမ်းလှူပေမယ့် အသက်လှူရာရောက်တယ်ပေါ့။

၂။တကယ်ဆာလောင်တဲ့ သူရဲ့ မျက်နှာကို ကြည့်လိုက်ပါ။ မျက်နှာက ပုံမှန် အလှ မပေါ်ဘူး။ ဆာလောင်ရင် မျက်နှာက ညိုးနွမ်းတတ်ပြီး အလှပျက်ပါတယ်။ သာမန် လူတွေရဲ့ သာမန် မရင့်ကျက်သေးတဲ့ ရဟန်းငယ် အနေထားကို ပြောတာပါ။


ဘုရားရှင်ကို မာရ်နဲ့ နှောက်ယှက်လို့  ဆွမ်းခံမရတဲ့အခါလည်း အလှမပျက်ပါဘူး။ သိရီဘုန်းတော်နဲ့ ကျက်သရေရှိ တင့်တယ် သပ္ပါယ်တော်မူမြဲပါပဲ။ အာဘဿရာ နတ်များလို ပီတိစားပြီး နေတော်မူ နိုင်ပါတယ်။ ဒါကတော့ ဘုရားမို့  ချွင်းချက်ပေါ့။ ကျန်တဲ့ သူတော်ကောင်းကြီးများလည်း မျက်နှာ တော့ ညှိုးမယ် မထင်ပါဘူး။

ခု သာမန်သူတွေ အနေနဲ့ ကတော့ ဆွမ်းဘုဉ်းပြီးတာနဲ့  ပိုပြီး မျက်နှာလှပမယ် လို့  ဆိုလိုပါတယ်။
ဒါကြောင့် အဆင်းကိုလည်း လှူရာရောက်တယ် ဆိုရမှာပေါ့။


၃။ ဆွမ်းကို ဘုဉ်းလိုက်တာ ဗိုက်ကလည်း အဆင်ပြေ ချမ်းသာသွားပါတယ်။ အစာမရှိရင် ဗိုက်က အစာအိမ်၊ လေနာ တွေ ဖြစ်လာနိုင်ပါတယ်။ ဆွမ်းကို ဘုဉ်းလိုက်တာနဲ့  ခန္ဓာကိုယ် ချမ်းသာ သွားတာမို့ လည်း ချမ်းသာကို လှူရာရောက်ပါတယ်။

၎။ နံပါတ်လေးကတော့ ရှင်းပါတယ်။ အစားဘုဉ်းပေးရင် အားရှိတာပေါ့။ အစားမစားရင် အားမပြည့် ဘူးပေါ့။ ဆွမ်းလှူလိုက်တာဟာ အင်တွေ အားတွေ ကို ပေးလှူရာရောက်တယ် လို့ ပြောရမှာပေါ့။


၅။ ပဋိဘာနတဲ့။ ဉာဏ်ပညာ လှူရာရောက်ပုံကတော့ဗျာ။ အစာမရှိရင် စိတ်လေတဲ့ ပုံစံမျိုးတောင် ဖြစ်နိုင်တယ်။ သမာဓိမရဘူး။ သမာဓိမရှိတာနဲ့  ပညာ ဆိုတာ ဖြစ်မလာနိုင်ဘူး။ စာမရှိရင် စာကျက် လို့ လည်း မရနိုင်ဘူးပေါ့။

ဒကာဒကာမတွေလည်း ကျောင်းသားဘ၀ ဖြတ်သန်းလာတာဆိုတော့ သိလောက်ပါပြီ။ ကဲ ဒီလိုဆို တော့ ဉာဏ်ပညာလည်း လှူရာရောက်တယ်ပေါ့နော်။

အားလုံးသိထားတာက ဆွမ်းကပ်ပွဲလို့ သိထားကြတာပါ။ တကယ်တမ်းကတော့ ဆွမ်းကပ်တာတင် မဟုတ်သေးဘူး။ ဒီ ၅ မျိုးကိုပါ ပေးလှူလိုက်တာပါပဲ။

စာမှာရှိပါတယ်။ ကိုယ်စိုက်တဲ့ အပင်ရဲ့  အသီးကို စားသုံးရ၏ တဲ့။ ဒါက ကမ္မသတ္တိ ကို ပြောတာပါ။ ကိုယ်ပေးတာ ကိုယ်ရတယ်လို့ ဆိုလိုတာပါ။


ဒီနေ့  ဒကာတို့  ဒီ ၅ မျိုးကို ပေးတော့ ငါးမျိုးပြန်ရမယ်။ ဒီအကျိုး ခု ဒကာတွေက သိလို့  လှူတာ လား။ မသိလို့ လှူတာလား- ဆိုတာ ကိုယ့်ဖာသာပဲ သိကြမယ်။

သို့ သော် ဥူးဇင်း နားလည်တာက ဒီနေ့  လှူဒါန်းတာက လှူချင်လို့  လှူကြတယ်လို့  မြင်ပါတယ်။ ငါးမျိုး ရချင်လို့ လှူတာပါ လို့ လည်း မလျှောက်ကြပါဘူးလေ။

ဒါပေမယ့် ဆုမတောင်းပေမယ့် ရပါတယ်။

ဘုရားရှင် အလိုကျကတော့
ဒါန ပြုပြု၊ သီလစောင့်စောင့် ၊
ဘာဝနာ ပွါးပွါး၊
နိဗ္ဗာန်ကို ဦးတည်မိဖို့ ပါဘဲ။


ခု ဒီနေ့  လုပ်တဲ့ ဒါန ဆိုပါစို့ ။ ဒီ ၅ မျိုးဟာ ဆုတောင်းစရာလိုသလား၊
စဉ်းစားကြည့်ပေါ့။ ဆုမတောင်းပေမယ့် ရနိင်တာပဲလေ။

ဒီလိုဆိုတော့ နိဗ္ဗာန် ဆိုတဲ့ ပုဒ်ကို စဉ်းစားကြည့်တော့ လိုချင်မှုကင်းတာ နိဗ္ဗာန်ပဲ။
( နိ - ကင်းတာ။ ၀ါန - လိုချင်မှု )။

ကိုယ်တတ်နိင်သလောက် လှူလိုက်တာပဲ ဖြစ်ဖြစ်၊ နာဂစ် မုန်းတိုင်းဖြစ်လို့  ထောက်ပံ့ပေးကမ်းတာပဲ ဖြစ်ဖြစ် ကိုယ့် လှူလိုက် ထောက်ပံ့တဲ့ အပေါ်မှာ လိုချင်မှု မျှော်လင့်ခြင်း ကင်းဖို့ ပါဘဲ။

ငါဒီ အကျိုး ငါးမျိုးရပါစေ။ ပြီးတော့ ငါတို့  လည်း ဒီလိုမဖြစ်ချင်ဘူး၊ ဖြစ်ရင်လည်း ကူညီသူပေါ်ပါစေ လို့ ဆုတောင်းစရာ မလိုပါဘူး။ ကံတရားရဲ့ အလုပ်ပဲမို့  သူ့ ဖာသာ စီမံသွားပါလိမ့်မယ်။

ရှေးရှေး ဆရာတော်ကြီးတွေ ဟောထားကြသလို နိဗ္ဗာန်ကို ဆုတောင်းပြီး လှူကြ။ ဥပမာ ဘာနဲ့ တူသလဲ ဆိုတော့ ရန်ကုန် မှ မန္တလေး ရထားလက်မှတ် ဂိတ်စ ဂိတ်ဆုံး ၀ယ်ထားရင် ဂိတ်ဆုံးစီးလို့ ရတယ်။ ပြီးတော့ လမ်းဆင်းချင်ရင်လည်း ဆင်းလို့ ရတယ် ဆိုသလိုပေါ့။

အဲလိုပဲပေါ့။ နိဗ္ဗာန်ဆိုတဲ့ ဂိတ်ဆုံး လက်မှတ်ဝယ်ထားရင် ကျန်တဲ့ အကျိုးပေးမည့် ဘူတာတွေကို ကျော်ဖြတ်သွားမှာပါပဲ။ ဒါက သိထားဖို့ အရေးကြီးတဲ့ အချက်ပါပဲ။

ကဲ ဒါပဲဗျာ ၅ မျိုးပြည့်ပါပြီ။ ပြီးသွားပါပြီ။ နားလည်လား မသိဘူး။ မေးစရာရှိရင် မေးလို့  ရပါတယ်။ လူကနည်းနည်းလေးဘဲ။ မြန်မာနိုင်ငံလို လူသောင်းချီပြီး ဟောတာမဟုတ်တော့ - တင်ပဘုရား၊ တင်ပဘုရား။ ယောင်ဝါးဝါးနဲ့ နားလည်သလား မလည်သလား တော့ မသိ။ တင်ပါဘုရား လျှောက်စ ရာ မလိုဘူးလေ။


တင်ပါ့ဘုရား၊ ရှင်းပါတယ် ဘုရား ဆိုတဲ့ လူအချို့ ရဲ့  လျှောက်ထားသံအပြီး သတည်း မသတ်ပဲ တရားပွဲ သိမ်းခဲ့ပါတယ်။

ကဲ ဒီနေ့  ဒါန၊ သီလ ၊ ဘာဝနာ စုံသွားပြီ။ ရေစက်ချမယ်ပေါ့။


ရေစက်မချခင် အထူးအနေနဲ့ ပြောရအုံးမယ်။

ဥူးဇင်းနဲ့  ဒကာဒကာမတို့ က ခုမှ သိတာ ။
ဥူးဇင်း တရားလည်း မနာဖူးကြဘူး။
ရေစက်ချလည်း ရှည် မလား၊ တို မလား မသိတော့
ရေစက်ခွက် စိတ်ရောက်နေမယ်။

လိုက်လည်း ဆိုရသေး။ ရေစက်နဲ့  ဘုန်းကြီး ရှေ့ ကဆိုတာ ကိုက်မကိုက်က သတိထားနေရသေး ဆိုတော့ သဘာဝမကျဘူး။ စတိုင်မကျဘူးပေါ့။ ပြီးကျမှဖြစ်ဖြစ် ၊ အစဖြစ်ဖြစ် တစ်ခါတည်းသာ ဝေါခနဲ လောင်းချလိုက်။ အတူတူဘဲ။

ဘာလို့ လည်းဆိုတော့ - ဘုရားလောင်း ဝေဿန္တရာဇာတ်မှာ ဆင်နှာမောင်းကို လက်ကကိုင်ပြီး ဆင်ကို ပုဏ္ဏားတွေလက်ထဲမှာပဲ ရေစက်ချပြီး လှူလိုက်တာ။ သားတော် သမီးတော် လှူခန်းမှာလည်း ဒီတိုင်း ပဲ။ ပြီးတော့ ၀ိနည်းမဟာဝါ ၀ိမတိဋီကာ မှာလည်း ဒီအတိုင်းပဲ ပထမ ရေစက်ချပြီး နောက်မှ လှူတယ် ဆိုတာ တွေ့ ရတယ်။

အလှူခံတဲ့ ပုဂ္ဂိုလ်ရဲ့  လက်မှာလောင်းလည်း တကယ်တော့ ရတာပဲ။
ဒါမှမဟုတ်မြေမှာလောင်းချပေါ့။
ဥူးဇင်း အပြောမဟုတ်ပါဘူး။
တောင်မြို့ မဟာဂန္ဓာရုံ ဆရာတော်ကြီးရဲ့ 
ရတနာ့ဂုဏ်ရည်ကျမ်းမှာ ပြထားပါတယ်။


ကဲ ဒီလောက်ဆို ရှင်းလောက်ပြီ။ ပြီးကျမှဘဲ ရေလောင်းချတာပေါ့လေ။ လိုက်ဆိုကြ၇အောင်။

ဣဒံ နော ပုညံ နိဗ္ဗာနဿ ပစ္စယော ဟောတု။

ဣမံ ပုညဘာဂံ သဗ္ဗသတ္တာနံ ဘာဇေမ။

အရှင်ဘုရား၊ တပည့်တော် တပည့်တော်များသည်...သတည်း။


ကုသိုလ်အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော။ ( သုံးကြိမ် )။

သာဓု သုံးကြိမ် သုံးခါ။ ( ပေါင်း သာဓု ကိုးခါခေါ်သည်)


ဆုမတောင်းပေမယ့် ရပါတယ် ဆိုတဲ့ တရားပွဲကို ရေစက်ချပြီးသိမ်းလိုက်ပါတော့တယ်။


မှတ်ချက်။ ။ရေစက်ချနှင့်ပတ်သက်၍ ဘုရားဟောဒေသနာများမှ ကောက်နှုတ်ကာ

အကျယ်ကို ရတနာ့ဂုဏ်ရည်ကျမ်း စာမျက်နှာ -၂၉၂။ ၃ ။ ၄ တို့ မှာ ရေးထားပါသည်။

မိမိဖတ်မှတ်ထားသည့်အတိုင်း လူအများအား
အကျိုးရှိကာ နားလည်စေရန် အကျဉ်းမျှ ပြောခဲ့ပါတယ်။





မြတ်ရောင်နီ
( ၁၇ ၊ ၀၇ ၊ ၂၀၁၀ )









.

1 comment:

  1. စာရေးကောင်းလိုက်တာ။ ဖတ်ရင်း စားချင်စိတ်တွေ တစ်ဖွားဖွား ပေါ်လာတယ်။ အလှူခံစားတဲ့ဘုန်းကြီး ဆိုတော့လည်း သန်ရာသန်ရာပေါ့လေ။ :)

    ReplyDelete